နတ်ဘုရားသုတ်သင်အစီအရင်ကိုသိမ်းပိုက်ခြင်း
Vol. 114 Ch. 1601
တာအိုသခင် ‘လုယာ’ ထုတ်ယူလိုက်သော ကောက်ရိုးရုပ်နှင့် မြားကိုမြင်သည်နှင့် ပတ်ဝန်းကျင်မှ လူအားလုံး အံ့အားသင့်သွားကြသည်။
ခဏမျှ ငေးကြောင်သွားကြပြီးမှ မျက်မှောင်ကျုံ့လိုက်ကြပြီး မချိတင်ကဲဖြင့် ရေရွတ်လိုက်ကြသည်။
“ဒါ... ဒါက ... မြားခုနစ်စင်းကျိန်စာ မဟုတ်လား”
“ဘုရားရေ... ဒီပညာကိုသုံးဖို့ (၂၁)ရက်တိတိ ပူဇော်ပသမှုတွေ ပြုလုပ်ရမှာ မဟုတ်ဘူးလား”
“မြားခုနစ်စင်းကျိန်စာ” ဆိုသည်က သမိုင်းထဲတွင် ခဏမျှသာ ပေါ်ထွက်ခဲ့ဖူးသော်လည်း ရက်စက်ကြမ်းကြုတ်မှုတွင် အထွတ်ထိပ်ပညာရပ်အဖြစ် ကျော်ကြားပေသည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် တာအိုသခင် ‘လုယာ’ က ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံး၏ မူလပိုင်ရှင်ဖြစ်သူ စန့်ချင်အဆက်အနွယ် ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သော ကျောက်ကုန်းမင်ကိုသတ်ဖြတ်ရန် ဤပညာရပ်ကို အသုံးပြုခဲ့ဖူးသည်။
ကျောက်ကုန်းမင် မည်မျှပင် တန်ခိုးစွမ်းအားကြီးမားပါစေ ၊ မည်မျှအစွမ်းထက်သော ရတနာပစ္စည်းများကို ပိုင်ဆိုင်ထားပါစေ ၊ ဤ “မြားခုနစ်စင်းကျိန်စာ” ကိုတော့ ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤပညာရပ် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။
ထူးခြားချက်တစ်ခုမှာ ထိုပညာရပ်ကို တစ်ခေတ်တွင် တစ်ခါသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။
ရှေးခေတ်ကာလ ကုန်လွန်သွားပြီးနောက် တာအိုသခင် ‘လုယာ’ က ဤပညာရပ်ကို အလယ်ခေတ်တစ်လျှောက်လုံးတွင် ထုတ်ဖော်အသုံးပြုခဲ့ခြင်း မရှိပေ။
သို့သော် ကျောက်ကုန်းမင် ခံလိုက်ရသည့် သာဓကရှိနေသဖြင့် လူတိုင်းက ထိုရက်စက်ယုတ်မာသော ပညာရပ်ကို အမြဲတမ်း သတိထားစောင့်ကြည့်နေခဲ့ကြသည်။
ယနေ့ ခေတ်သစ်သို့ ရောက်ရှိချိန်အထိ ဤသတ်ဖြတ်ခြင်းပညာရပ်က တာအိုသခင်’လုယာ’ လက်ထဲတွင် ရှိနေခဲ့ပြီး တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့ပေပြီ။
အစကတည်းက ရန်ကျောက်ကဲတို့အုပ်စုက ဤပညာရပ်ကို အတော်လေး စိုးရိမ်ခဲ့ကြသည်။
သို့သော် ‘မြားခုနစ်စင်းကျိန်စာ’ တွင် များစွာသော ကန့်သတ်ချက်များရှိနေသဖြင့် စိတ်အလိုရှိတိုင်း အလွယ်တကူ သုံးစွဲ၍မရနိုင်ပေ။
ထို့ပြင် ဤထိပ်တန်းပညာရပ်က ကြိုတင်သတိပေးချက်မရှိဘဲ ရုတ်ချည်းတိုက်ခိုက်နိုင်စွမ်းလည်း မရှိပေ။
ဤအတတ်ကို အသုံးပြုရန်အတွက် ယာဇ်ပလ္လင်တစ်ခုတည်ဆောက်ရပြီး တာအိုနက္ခတ်ခြေလှမ်းကို အဆက်မပြတ်နင်းလျှောက်လျှက် ဝတ်ပြုပူဇော်ရသည်။
တစ်နေ့(၃)ကြိမ်နှုန်းဖြင့် (၂၁)ရက်တိုင်တိုင် ပူဇော်ဝတ်ပြုပြီးမှသာ ဤပညာရပ်၏အစွမ်းက ပြသပေသည်။
ထိုရက်များအတွင်း ကျိန်စာတိုက်ခံရသည်မှာ စိတ်ဝိညာဉ် မတည်မငြိမ် ဖြစ်လာတတ်သည်။ အမြဲတမ်း ငိုက်မျည်းထိုင်းမှိုင်းနေတတ်ပြီး ဒေါသထွက်လွယ်ကာ စိတ်တည်ငြိမ်မှု လုံးဝရှာမရတော့ပေ။
ရန်ကျောက်ကဲတို့အုပ်စုရော ဗုဒ္ဓဘာသာကိုယ်တော်များရော ထိုကဲ့သို့သော ရှေ့ပြေးနိမိတ်များကို စိုးစဉ်းမျှ ခံစားခဲ့ရခြင်း မရှိပေ။
ထို့ကြောင့် တာအိုသခင်’လုယာ’ ‘မြားခုနစ်စင်းကျိန်စာ’ အသုံးပြုလိမ့်မည်ဟု မည်သူမှ မထင်မှတ်ခဲ့ခြင်း ဖြစ်၏။
လူတိုင်းက တာအိုသခင် ‘လုယာ’ ၏ အခြားရတနာတစ်ခုဖြစ်သော “နတ်ဘုရားသတ်ဖြတ်ဓားပျံ” ကိုသာ အာရုံစိုက်နေခဲ့ကြသည်။
ယန်ကျန်းသည်ပင် ထိုဓားထွက်ပေါ်လာမည့်အချိန်ကို အတော်လေး သတိထားကာ စောင့်ကြည့်နေခဲ့ပေသည်။
ရွှမ်တုကိုယ်တော်သည်လည်း တိုက်ပွဲထဲမဝင်သေးဘဲ ‘ဖုရှီဗျပ်စောင်း’ ကိုကိုင်လျှက် ဘေးမှကြည့်နေသည်ထင်ရသော်လည်း တကယ်တမ်းတွင် ထိုဓားပျံထွက်ပေါ်လာမည့်အချိန်ကို တိတ်တဆိတ် အကဲခတ်နေခြင်း ဖြစ်၏။
ယန်ကျန်း၏ ‘ယင်ယန်နက်ရှိုင်းပညာရပ်’ က မဟာမာရူယိကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည့်တိုင် အစွမ်းထက်လှသည်။
သို့သော် သူ့ဘဝတွင် အကြောက်ရဆုံးအရာတစ်ခု ရှိ၏။
ထိုအရာကား တာအိုသခင်’လုယာ’ ၏ “နတ်ဘုရားသတ်ဖြတ်ဓားပျံ” ပင် ဖြစ်သည်။
သူ့တွင် ထိုဓားပျံကို တန်ပြန်တိုက်ခိုက်နိုင်သော နည်းလမ်းအချို့ရှိသည့်တိုင် ရာနှုန်းပြည့်အောင်မြင်မည်ဟု ယုံကြည်ချက်မရှိပေ။
ထို့ကြောင့် တစ်ချိန်လုံး သတိထားနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတော့ လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ တာအိုသခင် ‘လုယာ’ က နတ်ဘုရားသတ်ဖြတ်ဓားပျံအစား မြားခုနစ်စင်းကျိန်စာကို ထုတ်သုံးလိုက်ခြင်းသာပင်။
ပို၍ ထိတ်လန့်စရာကောင်းသည်မှာ တာအိုသခင် ‘လုယာ’ က ယာဇ်ပလ္လင်ကိုပင် တည်ဆောက်ခြင်းမရှိဘဲ မြားတံကို ကောက်ရိုးရုပ်ဆီသို့ တိုက်ရိုက်ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
မြားတံက ကောက်ရိုးရုပ်၏ နဖူးတည့်တည့်သို့စိုက်ဝင်သွားပြီး ကောက်ရိုးရုပ်၏နဖူးထက်မှ သွေးများစီးကျလာသည်။
တစ်ချိန်တည်းမှာပင်...
“အား.....”
နတ်ဘုရားသုတ်သင်အစီအရင်အတွင်းမှ စူးရှသည့် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ လှည့်ကြည့်လိုက်တော့ ဝူတန့်မယ်တော် မြေပြင်ထက်တွင်လဲကျနေပြီး သူမ၏နဖူးမှ သွေးများပန်းထွက်နေသည်ကို တွေ့လိုက်ရသည်။
ဝူတန့်မယ်တော်က ကောင်းကင်နတ်ဘုရားရုပ်ခန္ဓာ ပိုင်ဆိုင်ထားပြီး ထာဝရအသက်ရှင်သန်နိုင်သူဖြစ်သည့်တိုင် ယခုတော့ မြားခုနစ်စင်းကျိန်စာထိမှန်ပြီး အားနည်းလွန်းသာ သာမန်အမျိုးသမီးတစ်ယောက်ပမာ ဖြစ်နေရှာသည်။
စန့်ချင်အဆက်အနွယ်၏ အရှိန်အဝါကြီးမားသူဖြစ်သော ဝူတန့်မယ်တော်မှာ မြေပြင်ထက် အားအင်ချိနဲ့စွာ လဲကျနေပြီး သူမ၏စွမ်းအားရောင်ဝါများမှာလည်း မှေးမှိန်လျှက် မကြာခင် အသက်ဓာတ်စွမ်းအားများ ပျောက်ကွယ်တော့မည့်ပမာ ဖြစ်နေသည်။
နတ်ဘုရားသုတ်သင်အစီအရင်နှင့် မြစ်ဝါကိုးကွေ့အစီအရင်တို့ ထိပ်တိုက်ရင်ဆိုင်နေဆဲအချိန်ဖြစ်သောကြောင့်သာ ဝူတန့်မယ်တော် ချက်ချင်း သေဆုံးမသွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန် သူမဘေးနားတွင် ပျံဝဲနေသည့် နတ်ဘုရားအဆုံးသတ်ဓားနှင့် ချင်းဖိန်ဓားတို့ အနည်းငယ် တုန်ခါသွားကြသည်။
ဓားများ အောက်ဘက်သို့ ပြုတ်ကျမသွားသော်လည်း နတ်ဘုရားအဆုံးသတ်ဓားတွင်ရှိနေသည့် အစိမ်းရောင်အလင်းတန်းများက လုံးဝ သန့်စင်သွားခြင်း မရှိသေးပေ။
ရန်ကျောက်ကဲတို့အုပ်စု အတော်လေး တုန်လှုပ်သွားကြသည်။
မြားခုနစ်စင်းကျိန်စာက ဝူတန့်မယ်တော်ကို ထိမှန်သွားပြီဖြစ်ရာ ကျန်ရှိသူများအားလုံး ဘေးကင်းသွားသည်မှာ သေချာသလောက်ရှိသည်။
အကြောင်းမှာ တာအိုသခင်’လုယာ’ အနေဖြင့် ဤလျှို့ဝှက်ပညာကို တစ်ခေတ်တွင် တစ်ခါသာ အသုံးပြုနိုင်သည် မဟုတ်ပါလား။
သို့သော် ထိုလူအိုကြီးတွင် အခြားသောအကြံအစည်များစွာ ရှိနေနိုင်သေးသည်။
သူတို့တွေးထင်ထားသည့်တိုင်းပင်... မှောင်မိုက်ညစ်နွမ်းနေသည့် မြစ်ရေပြင်ထဲတွင် မိစ္ဆာချီများ အလုံးအရင်းနှင့် မြင့်တက်ထွက်ပေါ်လာသည်။
ရွှေရောင်နှုတ်ခမ်းမွှေးနှင့် နဂါးခေါင်းအသွင်ရှိသော ဧရာမငါးကြီးတစ်ကောင် ရေပြင်ထက်တွင်ပေါ်ထွက်လာပြီး နတ်ဘုရားသုတ်သင်အစီအရင်နားသို့ ရောက်ရှိလာသည်။
ထို့နောက် နဂါးခေါင်းငါးကြီး၏ခန္ဓာကိုယ် ရုတ်တရက်တုန်ခါသွားပြီး ခါးတွင်ပိုးခါးပတ်တစ်ခုပတ်ထားကာ အနက်ရောင်ဝတ်ဆင်ထားသော လူတစ်ယောက်အသွင် ပြောင်းလဲသွားသည်။
ထိုသူက နှုတ်ခမ်းမွှေးရှည်ရှည် ၊ အသားညိုညိုရှိသော တာအိုဆရာတစ်ယောက် ဖြစ်၏။
ထိုတာအိုဆရာက သူ၏ဓားကိုဆွဲကိုင်လျှက် နတ်ဘုရားသုတ်သင်အစီအရင်ထဲသို့ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။
“တိမ်မြူမှောင်မိုက်နတ်ဘုရား...”
ဝူတန့်မယ်တော် တိုးလျသည့်လေသံဖြင့် ရေရွတ်လိုက်သည်။
သူက ခြင်္သေ့နတ်ဘုရား ၊ ဆင်နတ်ဘုရား နှင့် ရွှေရောင်အလင်းနတ်ဘုရားတို့ကဲ့သို့ပင် ရှေးခေတ်ကာလကတည်းက ဉာဏ်အလင်းပွင့်ခဲ့သည့် မဟာနတ်မိစ္ဆာတစ်ပါး ဖြစ်သည်။
သူတို့အားလုံးက လင်ပေါင်ထျန်းကျွင်း၏ တပည့်ရင်းများလည်း ဖြစ်ကြ၏။
နောက်ပိုင်း နတ်ဘုရားများစစ်ပွဲကာလတွင် တိမ်မြူမှောင်မိုက်နတ်ဘုရားမှာ အနောက်ဘက် ဗုဒ္ဓဘာသာနယ်မြေမှ ဒုတိယဘိုးဘိုးဖြစ်သော တာအိုဆရာ’ကျူးထီ’ ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထို့နောက် ဗုဒ္ဓဘာသာကျင့်ကြံသူများကြား တိုက်ပွဲအပြီးမှာမှ ပြန်လည်လွတ်မြောက်လာပြီး ချန်စန်းရှင်းဟိုင်သို့ ဝင်ရောက်ခဲ့သည်။
ယခင်က နတ်မိစ္ဆာများနှင့် အနောက်ဘက်သူတော်စင်ဘုံတို့ တိုက်ခိုက်စဉ် တိမ်မြူမှောင်မိုက်နတ်ဘုရားက တစ်ခါမှ ထွက်ပေါ်မလာသဖြင့် သူ ရှိနေသေးကြောင်း မည်သူမှ မသိကြပေ။
ယခု သူ ထွက်ပေါ်လာချိန်မှာတော့ နတ်ဘုရားသုတ်သင်အစီအရင်ရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့ပေပြီ။
“ဝူတန့်မယ်တော်... မင်းက မဟာကပ်ဘေးကြီးကနေ မနည်းအသက်ရှင်အောင် ရုန်းထွက်လာရတဲ့သူဆိုတော့ ခဏလောက် အနားယူလိုက်ဖို့ကောင်းတယ် ၊ မဟုတ်ရင်... ငါက အရင်သံယောဇဉ်ကိုထည့်မတွက်ဘဲ မင်းကို သတ်ပစ်ရလိမ့်မယ်”
စကားဆုံးသွားသည်နှင့် တိမ်မြူမှောင်မိုက်နတ်ဘုရားက ကျုံးဝါးသံတစ်ချက်ပြုလိုက်ပြီး အစီအရင်ထဲသို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်သည်။
သူ၏ပါးစပ်မှ အင်းသင်္ကေတများထွက်ပေါ်လာပြီး အစီအရင်နှင့် တစ်သားတည်းပေါင်းစပ်သွားသည်။
တိမ်မြူမှောင်မိုက်နတ်ဘုရား နတ်ဘုရားသုတ်သင်အစီအရင်၏ လျှို့ဝှက်ချက်များကို အသေးစိတ်မသိသော်လည်း ၎င်းနှင့်ဆက်နွယ်နေသည့် အတတ်ပညာအချို့ကို သိကျွမ်းပုံရသည်။
နောက်တစ်ချက်မှာ လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများအပြင် ငရဲကိုးထပ်သည်လည်း ကျန်းပုရွှီး၏ရုပ်အလောင်းကြောင့် နတ်ဘုရားသုတ်သင်အစီအရင်၏ လျှို့ဝှက်ချက်များကို သိရှိထားသည်။
ချန်စန်းရှင်းဟိုင်အနေဖြင့် ငရဲကိုးထပ်နှင့် အပေးအယူလုပ်ခဲ့ခြင်းလည်း ဖြစ်နိုင်၏။
လက်ရှိမှာတော့ တိမ်မြူမှောင်မိုက်နတ်ဘုရားက ထိုအခွင့်အရေးကို အသုံးချပြီး အစီအရင်ထိန်းချုပ်ခွင့်ကို လုယူရန် ကြိုးပမ်းနေသည်။
တာအိုသခင် ‘လုယာ’ က ဝူတန့်မယ်တော်ကို မြားခုနစ်စင်းကျိန်စာဖြင့်တိုက်ခိုက်ခြင်းမှာ တိမ်မြူမှောင်မိုက်နတ်ဘုရားအတွက် ဤအခွင့်အရေးကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် တိမ်မြူမှောင်မိုက်နတ်ဘုရား အစီအရင်အတွင်းသို့ မဝင်ရောက်နိုင်ခင်မှာပင် သူ၏နောက်ကျောဘက်မှ နားကွဲလုမတတ် ဟိန်းဟောက်ကျုံးဝါးသံကြီး ထွက်ပေါ်လာသည်။
သူ၏စွမ်းအားရောင်ဝါထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်သော မိစ္ဆာချီများထွက်ပေါ်လာပြီး ရွှေရောင်မိစ္ဆာချီ တိမ်တိုက်ကြီးအဖြစ် အသွင်ပြောင်းသွားသည်။
ထိုတိမ်တိုက်များထဲမှ ယွမ်ဟုန်ထက်ပင် ပိုမိုကြီးမားသော နတ်မိစ္ဆာမျောက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာသည်။
“ချီထျန်းမဟာသူတော်စင်...”
တိမ်မြူမှောင်မိုက်နတ်ဘုရားက ခြင်္သေ့နတ်ဘုရားနှင့် ဆင်နတ်ဘုရားတို့ထက် ပို၍ အစွမ်းထက်သော်လည်း ယခုတော့ ထိတ်လန့်လွန်းသဖြင့် ဆံပင်များပင်ထောင်လုမတတ် ဖြစ်သွားသည်။
ထိုအချိန် တာအိုသခင်’လုယာ’ က တည်ငြိမ်သည့်လေသံဖြင့်...
“အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ မရှိလည်း... ငါက မင်းကိုစောင့်နေတာကွ”
ထို့နောက် သူက လက်ဖဝါးကိုလှန်လိုက်ရာ သူ့လက်ထဲတွင် ဘူးသီးခြောက်တစ်လုံး ထွက်ပေါ်လာသည်။
ထိုဘူးသီးခြောက်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ပေ(၃၀) ခန့်အထိ မြင့်တက်သွားသည်။
ထိုအလင်းတန်းထဲတွင် အရှည်(၇)လက်မခွဲခန့်ရှိပြီး မျက်ခုံး ၊ မျက်လုံးနှင့် အတောင်ပံတစ်စုံပါရှိသည့် ပစ္စည်းတစ်ခု ရှိနေသည်။
ထိုပစ္စည်း၏ မျက်လုံးများထဲမှ ဖြူစင်သည့်အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ရွှေရောင်မိစ္ဆာချီ တိမ်တိုက်ကြီးထဲမှ နတ်မိစ္ဆာမျောက်ဝံကြီးဆီသို့ ဝိုင်းပတ်ကျရောက်သွားသည်။
ရွှေရောင်မိစ္ဆာချီတိမ်တိုက်ထဲမှ ထွက်ပေါ်လာရန်ဟန်ပြင်နေသော နတ်မိစ္ဆာမျောက်ဝံကြီးမှာ ထို ဖြူစင်သောအလင်းတန်းများဖြင့် ဟန့်တားခံလိုက်ရပြီး စိတ်အာရုံသည်လည်း အကြီးအကျယ် ကမောက်ကမ ဖြစ်သွားသည်။
ထို့နောက် အလင်းရောင်တစ်ချက် တောက်ပသွားပြီး ဧရာမနတ်မိစ္ဆာမျောက်ဝံကြီးမှာ မူလ မဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။
ဟုတ်ပေ၏။
တာအိုသခင်’လုယာ’ ၏ ဘူးသီးခြောက်ထဲမှ ထွက်ပေါ်လာသည့်အရာသည်ကား လူတိုင်း ထိတ်လန့်တုန်လှုပ်ရသော ‘နတ်ဘုရားသတ်ဖြတ်ဓားပျံ’ ပင် ဖြစ်ပေသည်။
ယန်ကျန်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ရှေ့သို့တက်ကာ တိမ်မြူမှောင်မိုက်နတ်ဘုရားကိုတားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် တာအိုသခင် ‘လုယာ’ က နတ်ဘုရားသတ်ဖြတ်ဓားပျံဖြင့် မျောက်ဝံကြီးကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။
သူက မဟာသူတော်စင်၏ ရွှေခန္ဓာများကို ဝိုင်းပတ်ထားသည့် ဖြူစင်သည့်အလင်းတန်းများကို ပြန်လည်ရုတ်သိမ်းကာ ဓားပျံကို ဘူးသီးခြောက်ထဲသို့ ပြန်ထည့်လိုက်သည်။
ထို့နောက် သူက ယန်ကျန်းကို မတိုက်ခိုက်ဘဲ ဖန်းယွင်ရှန်းဆီသို့ဦးတည်ပြီး နောက်ထပ်တိုက်ကွက်တစ်ခု ထုတ်ဖော်လိုက်သည်။
ဖန်းယွင်ရှန်းမှာ တာအိုသခင်’လုယာ’ ၏ တိုက်ကွက်ကို ရှောင်လွှဲရန်မဖြစ်နိုင်သဖြင့် ၊ လူတစ်ယောက်၏ စိတ်အာရုံကို အေးခဲရပ်တန့်သွားစေနိုင်သော ထိုဖြူစင်သည့်အလင်းတန်းကို ‘အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်’ စွမ်းအားဖြင့်သာ ခုခံကာကွယ်လိုက်ရသည်။
ဖန်းယွင်ရှန်း ထိုသို့ခုခံလိုက်ရသဖြင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်မှာ ထိန်းချုပ်ခံထားရခြင်းမှ လွတ်မြောက်သွားပြီး အတောင်ပံများခတ်လျှက် ယန်ကျန်းကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
ယန်ကျန်းက သုံးဖက်ချွန်နှစ်ဖက်သွားဓားကို အလျားလိုက်ဝှေ့ယမ်းပြီး မဟာဂဠုန်၏တိုက်ကွက်ကို ခုခံလိုက်သည်။
သို့သော် တာအိုသခင် ‘လုယာ’ ၏ ဘူးသီးခြောက်ထဲမှ ဖြူစင်သည့်အလင်းတန်းများက ယန်ကျန်းဆီသို့ ရုတ်တရက် ဝင်ရောက်လာ၏။
ဤနာမည်ကြီးလူသတ်လက်နက်က လက်ရှိတိုက်ပွဲတွင် သွေးစွန်းအောင်မလုပ်သေးသော်လည်း ရန်သူများကို အချိန်ဆွဲဟန့်တားရာတွင် အလွန်ပင် ထိရောက်လှသည်။
ယန်ကျန်းက သူ၏ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် တစ်သားတည်းဖြစ်အောင် တဖန်ပြန်လည်အသွင်ပြောင်းလိုက်သည်။
သူ၏စိတ်အာရုံထဲတွင် ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လင်းလက်သွားပြီး ရွှေရောင်ကြာပန်းတစ်ပွင့် ထွက်ပေါ်လာသည်။
ထိုရွှေရောင်ကြာပန်းက ယိမ်းနွဲ့လှုပ်ရှားသွားပြီး နတ်ဘုရားသတ်ဖြတ်ဓားပျံ၏ အေးခဲစေသောစွမ်းအားကို ဟန့်တားပေးလိုက်သည်။
ထိုရွှေရောင်ကြာပန်းဆီမှ ‘ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်’ ၏ အငွေ့အသက်ကို မရေမရာ အာရုံခံစားနေရသည်။
ယန်ကျန်း၏စိတ်အာရုံမှာ နတ်ဘုရားသတ်ဖြတ်ဓားပျံကြောင့် အေးခဲမသွားသော်လည်း ဖြူစင်သည့်အလင်းတန်းများ၏ ဝိုင်းပတ်မှုကိုခံလိုက်ရသဖြင့် သူ၏တုံ့ပြန်နိုင်စွမ်း သိသိသာသာ နှေးကွေးသွားရသည်။
လမ်းမှန်တာအိုဝါဒ ကျင့်ကြံသူများအနေဖြင့် တိမ်မြူနက်မှောင်နတ်ဘုရားကိုတားဆီးရန် မတတ်နိုင်တော့သဖြင့် ထိုနတ်ဘုရားမှာ နတ်ဘုရားသုတ်သင်အစီအရင်ထဲသို့ အတင်းအကျပ်ပင် ဝင်ရောက်လာလေတော့၏။