ထူးခြားသည့်ရတနာပစ္စည်း
Vol. 114 Ch. 1591
မိုးခြိမ်းသံများ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်လာသည်။
လျှပ်စီးအလင်းတန်းများ တောက်ပလာပြီး မဟာဉာဏ်အလင်းဗောဓိသတ္တကို ဝါးမြိုပစ်လိုက်ရုံသာမက ခေါင်းကိုးလုံးပိုးကောင်ဆီသို့ပါ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ထို့ကြောင့် ခေါင်းကိုးလုံးပိုးကောင်မှာ ရန်ကျောက်ကဲကို တိုက်ခိုက်နေခြင်းအား ခဏရပ်ပြီး ရှောင်တိမ်းလိုက်ရသည်။
သို့သော်လည်း မဟာဉာဏ်အလင်းဗောဓိသတ္တကတော့ အလျင်စလို မရှိပေ။
သူက ရန်ကျောက်ကဲလက်ထဲမှ နတ်ဘုရားသတ်ဖြတ်ဓားကို စူးစိုက်ကြည့်ရင်း တစ်စုံတစ်ခု စဉ်းစားနေဟန် ရှိ၏။
နတ်ဘုရားသတ်ဖြတ်ဓားထက်တွင် စီးဆင်းနေသည့် အစိမ်းရောင်အလင်းတန်းများက ကမ္ဘာပျက်ကိန်းဆိုက်တော့မည့်အလား ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်မှုဖြင့် ပြည့်နက်နေပြီး လောကနိယာမအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ထိုဓားက ရန်သူများကို ကြောက်ရွံ့တုန်လှုပ်စေနိုင်သည့်တိုင် ကျင့်ကြံခြင်းအဆင့်ပိုမိုမြင့်မားသူများ၏ စိတ်အာရုံကိုလည်း စွဲဆောင်နိုင်စွမ်း ရှိနေသည်။
“တာအိုအဓိပတိတစ်ပါး သတိပြုမိသွားပြီ...”
တောင်ပိုင်းချန်စန်းဧကရာဇ်၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့အားလုံး ဘာဖြစ်သွားသည်ကို ချက်ချင်း ရိပ်မိလိုက်ကြသည်။
တာအိုအဓိပတိကိုယ်တိုင် ရောက်ရှိလာခြင်း မရှိသေးသော်လည်း သူ၏ အာရုံစိုက်မှုကတော့ ဤနေရာဆီသို့ ရောက်ရှိလာပေပြီ။
တောင်ပိုင်းချန်စန်းဧကရာဇ်၏ မိုးကြိုးစွမ်းအားက မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့ ပြင်ပသို့ သတင်းပို့ခြင်းကို ပိတ်ဆို့ထားနိုင်သော်လည်း တာအိုအဓိပတိတစ်ပါး စတင်လှုပ်ရှားလာပြီဆိုလျှင်တော့ သူတို့အတွက် ပုန်းစရာနေရာ မရှိတော့ပေ။
ဤသို့သော အခြေအနေတွင် တောင်ပိုင်းချန်စန်းဧကရာဇ်အနေဖြင့် အမြန်ဆုံး ဆုတ်ခွာရန်သာ ရှိတော့သည်။
ရန်ကျောက်ကဲမှာလည်း နတ်ဘုရားသတ်ဖြတ်ဓားကို ဆက်လက်အသုံးပြုရန် မစွမ်းသာတော့ပေ။
ထိုဓားက အစွမ်းထက် မှော်ဝင်ပစ္စည်းဖြစ်သော်လည်း လက်ရှိ ဓားပိုင်ရှင် ရန်ကျောက်ကဲမှာ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။
သို့ပေသိ လက်ရှိအခြေအနေက ထူးခြားလေသည်။
မည်သည့်တာအိုအဓိပတိက စည်းကမ်းဖောက်ဖျက်ပြီး ဝင်ရောက်စွက်ဖက်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။
ရန်ကျောက်ကဲနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့အုပ်စုက ရန်သူများကို ဖိအားပေး တွန်းလှန်လိုက်ပြီး လက်ရှိနေရာမှ ချက်ချင်းဆုတ်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအခါ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့က ခံစစ်မှ တိုက်စစ်သို့ ချက်ချင်းပြောင်းလဲလိုက်ကြသည်။
ယခု ခေါင်းကိုးလုံးပိုးကောင်၏ ဒေါသများ ငြိမ်သက်သွားပေပြီ။
စိတ်အေးအေးထားပြီးနောက် သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ စစ်ကူများရောက်မလာခင်အထိ ရန်ကျောက်ကဲတို့အုပ်စုကို ဆွဲထားနိုင်ရန် ဖြစ်သည်။
တူညီသောအဆင့်ရှိသည့် ကျင့်ကြံသူများကြားတွင် တစ်ဖက်က အပြင်းအထန် ဆုတ်ခွာရန်ကြိုးစားပါက လွတ်မြောက်ရန် အခွင့်အရေးများသည်။
သို့သော် တစ်ယောက်နှင့်တစ်ယောက် ဆုတ်ခွာပုံနည်းလမ်းချင်းတော့ မတူညီကြပေ။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကဲ့သို့ အရှိန်အဟုန်မျိုးမရှိဘဲ ရန်ကျောက်ကဲနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့အတွက် အလွယ်တကူဆုတ်ခွာရန် မဖြစ်နိုင်ပေ။
အထူးသဖြင့် မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့က ကြားဖြတ်နှောင့်ယှက်နေချိန်တွင် ပို၍ခက်ခဲသည်။
အချိန်အနည်းငယ်ကြာသွားပြီး ရန်သူ့ဘက်မှ စစ်ကူများရောက်လာပါက သူတို့အတွက် လွတ်မြောက်ရန် မသေချာတော့ပေ။
မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့ကလည်း ဤအချက်ကို ကောင်းကောင်းသိကြသည်။
ထို့ကြောင့်ပင် သူတို့က ရန်ကျောက်ကဲနှင့် နတ်ဘုရားသတ်ဖြတ်ဓားကို အဓိကထားပြီး အချိန်ဆွဲတိုက်ခိုက်နေကြခြင်း ဖြစ်၏။
သို့သော် ထိုခဏမှာပင် မိုးကြိုးအရံအတား ပေါက်ကွဲပျက်ဆီးသွားပြီး အတွင်းဘက်မှ ထူထပ်အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများနှင့် ခေါင်းကိုးလုံးပိုးကောင်၏ လေပြင်းမုန်တိုင်းတို့မှာ ထူထဲသော မြေဝါရောင်အလင်းတန်းများနှင့် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
သူတို့နှစ်ယောက်လုံး မျက်မှောင်ကျုံ့လိုက်ပြီး တပြိုင်တည်း ရေရွတ်လိုက်ကြသည်။
"မြေကမ္ဘာဘုရင်မ...."
အဆုံးမရှိသော မြေသားထုကြီးက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားပြီး ရန်ကျောက်ကဲတို့အုပ်စုအား လိုက်လံတိုက်ခိုက်နေသည့် ရန်သူများကို ပိတ်ဆို့ထားလိုက်သည်။
ထိုအချိန် တောင်ပိုင်းချန်စန်းဧကရာဇ်ဘက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာပြန်သည်။
လျှပ်စီးကြောင်းများက မြေသားထုအပေါ်သို့ ကျရောက်သွားပြီး မရေမတွက်နိုင်အောင်များပြားသည့် သစ်ပင်ကြီးများ မြေဆီလွှာထက် လျှင်မြန်စွာ ပေါက်ရောက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆုံးမရှိ ဗလာနယ်ထဲ၌ ဧရာမသစ်တောကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
သစ်တောကြီးက စကြာဝဠာ ဗလာနယ်တစ်ခုလုံး ပြည့်နက်သွးတော့မည့်အလား ထင်မှတ်ရသည်။ သစ်ပင်တိုင်းက မယုံနိုင်စရာကောင်းအောင် မြင့်လားလွန်းပြီး မိုးကောင်းကင်ကို ထောက်မထားသော ကောင်းကင်ထောက်တိုင်များနှင့်ပင် ဆင်တူသည်။
ဝေဆာသောသစ်ကိုင်းသစ်ခက်များက ပင့်ကူမျှင်များပမာ ယှက်နွယ်လျှက် ခေါင်းကိုးလုံးပိုးကောင်နှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့အား အထဲတွင် ပိတ်လှောင်ထားလိုက်သည်။
သို့သော် တစ်ခဏအတွင်းမှာပင် ခေါင်းကိုးလုံးပိုးကောင်၏ ပြင်းထန်သော လေပြင်းမုန်တိုင်းများက ထက်မြက်သောဓားသွားများပမာ သစ်ကိုင်းသစ်ခက်များကို အပိုင်းပိုင်းခုတ်ဖြတ်ပစ်လိုက်သည်။
မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများသည်လည်း သစ်ပင်များကြားမှ ထိုးဖောက်ထွက်သွားပြီး တောအုပ်ကြီးတစ်ခုလုံးကို တွန်းထုတ်ပစ်လိုက်သည်။
မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့မှာ ထိုအချုပ်အနှောင်ထဲမှ အလွယ်တကူပင် ရုန်းထွက်နိုင်ခဲ့ကြသည်။
သို့ပေသိ ရန်ကျောက်ကဲနှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့အုပ်စုကတော့ သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
ဘယာကင်းဝေးဗောဓိသတ္တက နားကလော်ကိုယ်တော်၏ ရုပ်အလောင်းကို ပွေ့ချီထားသည်။
သူ့ဘေးနားမှာတော့ ရွှေခန္ဓာ၏ အလင်းရောင်များ မှေးမှိန်စပြုနေပြီဖြစ်သော အိတ်ကိုယ်တော် မတ်တတ်ရပ်နေသည်။
သူတို့အားလုံး သက်ပြင်းများ လေးပင်စွာချလိုက်မိသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ကတော့ စိတ်ရှုပ်ထွေးနေဟန်ရှိပြီး မျက်နှာအမူအရာကလည်း အလွန်ပင် ခက်ထန်နေသည်။
ခေါင်းကိုးလုံးပိုးကောင်ကတော့ လူသားပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်ပြီး သူ၏မျက်နှာအမူအရာက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ထက်ပင် ပို၍ဆိုးရွားနေသည်။
သူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
"မြေကမ္ဘာဘုရင်မ..."
မဟာဉာဏ်အလင်းဗောဓိသတ္တ၏ မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။
သို့သော်လည်း နားကလော်ကိုယ်တော်၏ ရုပ်အလောင်းကို တွေ့မြင်လိုက်ချိန်မှာတော့ သူ၏ မျက်နှာထက် ဝမ်းနည်းပူဆွေးမှုများ ထင်ပဟပ်လာသည်။
ထိုအချိန်...
ဝေဝါးသည့်ပုံရိပ်များက သူတို့ဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေလေသည်။
ခဏအကြာမှာတော့ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့က ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် မဟာနတ်မိစ္ဆာတန်ခိုးရှင်များစွာကိုခေါ်ဆောင် ရောက်ရှိလာကြသည်။
မဟာဉာဏ်အလင်းဗောဓိသတ္တက...
"မြေကမ္ဘာဘုရင်မက ဝင်ကူသွားတယ် ၊ အဲဒါကြောင့် ငါတို့ သူတို့ကို အချိန်ဆွဲမထားလိုက်နိုင်ဘူး”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ဖြစ်၏။
သူက တိုးလျသည့်လေသံဖြင့်...
"အင်း... မြေကမ္ဘာဘုရင်မ ပွဲထဲဝင်လာပြီဆိုတော့... ရွှမ်တုကိုယ်တော်ရော ဒီကိစ္စမှာ ပါဝင်နေဦးမလား မသိဘူး”
သူက ဆက်ပြောလိုက်သည်။
“အရင်တစ်ခေါက်က ကျောက်စိမ်းဝိညာဉ်နန်းတော် ပေါ်လာတယ် ၊ အခု အပြာရောင်ခရီးရှည်နန်းတော်များ ပေါ်လာနိုင်မလား”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အေးစက်သည့်လေသံဖြင့်...
"ဒီအခွင့်အရေးကိုသုံးပြီး အပြာရောင်ခရီးရှည်နန်းတော်ကို ရှာမလို့လား"
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အတန်ကြာ စဉ်းစားပြီးမှ...
"စန့်ချင်အဆက်အနွယ်ရဲ့ ရတနာပစ္စည်းတွေအကြောင်း ပြောရမယ်ဆိုရင်... တခြားဟာတွေထက် ထူးခြားတဲ့ပစ္စည်းတစ်ခု ရှိနေတယ်”
ထိုရတနာပစ္စည်းက အငြင်းပွားစရာများစွာရှိနေသာ်လည်း သူ၏အစွမ်းသတ္တိက နတ်ဘုရားသုတ်သင်အစီအရင်နှင့်ပင် ယှဉ်နိုင်လေသည်။
၎င်းမှာ 'ဝိညာဉ်ခြောက်ဖြာအလံရှည်' ပင် ဖြစ်၏။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလတွင် စန့်ချင်အရှင်သခင် လင်ပေါင်ထျန်းကျွင်းက နတ်ဘုရားသုတ်သင်အစီအရင်ကို ဆုံးရှုံးသွားပြီးနောက် ၊ နောက်ထပ်ရတနာပစ္စည်းတစ်ခုကို ထပ်မံသန့်စင်ခဲ့သည်။
ထိုရတနာပစ္စည်းကို 'ဝိညာဉ်ခြောက်ဖြာအလံရှည်' ဟု အမည်ပေးခဲ့သည်။
ယွမ်စီထျန်းကျွင်း၊ တောက်တယ်ထျန်းကျွင်း၊ လမ်းပြဗုဒ္ဓ ၊ တာအိုဆရာကျူးထီနှင့် အခြားနှစ်ဦး၏ အမည်များကို ထိုအလံရှည်ထက်တွင် ရေးထိုးထားခဲ့သည်။
ထိုသူများအားလုံးက ထိုစဉ်အချိန်ကဖြစ်ပွားခဲ့သော စစ်ပွဲတွင် အဓိကကျသော ပုဂ္ဂိုလ်ကြီးများ ဖြစ်၏။
အသင်္ချေနတ်ဘုရားအစီအရင် ပျက်စီးသွားပြီးနောက် အခြားတာအိုအဓိပတိများ၏ ဝိုင်းရံပိတ်ဆို့မှုကို ရင်ဆိုင်ရချိန်တွင် လင်ပေါင်ထျန်းကျွင်းက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို အသုံးပြုရန် ရဉ်ရွယ်ခဲ့သည်။
သို့ပေသိ ဝိညာဉ်ခြောက်ဖြာအလံရှည်ကို စောင့်ရှောက်ရန် တာဝန်ပေးခံရသော နားရွက်ရှည်တင်ကွမ်းနတ်ဘုရားက ဆရာဖြစ်သူ၏အမိန့်ကို ဖီဆန်ကာ ရှုပ်ထွေးနေသော အခြေအနေများကြားတွင် ထိုအလံရှည်ကို ဝှက်ထားခဲ့သဖြင့် စစ်ပွဲတွင် အသုံးမပြုနိုင်ခဲ့ပေ။
အသင်္ချေနတ်ဘုရားအစီအရင်တိုက်ပွဲ ပြီးဆုံးသွားချိန်တွင် နားရွက်ရှည်တင်ကွမ်းနတ်ဘုရားက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို ယူဆောင်ပြီး အခြားသော တာအိုအဓိပတိများကို သွားရောက်တွေ့ဆုံခဲ့သည်။
ဝိညာဉ်ခြောက်ဖြာအလံရှည်ပေါ်ရှိ အမည်ခြောက်ခုအနက်၊ ထိုရတနာ၏ စွမ်းအားကို မခံနိုင်သောသူ နှစ်ဦးပင် ရှိနေခဲ့သည်။
ထို့ကြောင့် အခြားသော တာအိုအဓိပတိများက သူတို့၏နာမည်များကို အလံပေါ်မှ ပယ်ဖျက်လိုက်ကြသည်။
ကျန်ရှိသည့် တာအိုအဓိပတိ (၄)ပါးကတော့ သူတို့၏တန်ခိုးစွမ်းအားကိုအသုံးပြုကာ ဝိညာဉ်ခြောက်ဖြာအလံရှည်၏ တိုက်ခိုက်မှုကို ခုခံခဲ့ကြသော်လည်း အဆုံးသတ်တွင် မည်သည့်ထိခိုက်မှုမှမရှိဘဲ ဘေးကင်းခဲ့ကြသဖြင့် ဝေခွဲမရသည့်အခြေအနေဖြင့် ကြုံတွေ့ခဲ့ရသည်။
ဝိညာဉ်ခြောက်ဖြာအလံရှည်၏ စွမ်းအားများ ကုန်ခမ်းသွားပြီးနောက် တောက်တယ်ထျန်းကျွင်းက ထိုအလံကို သိမ်းဆည်းကိုင်ဆောင်ထားခဲ့သည်။
စန်းချင်း(၃)ပါး အတူတကွ လောကကိုကျော်လွန်သွားပြီးနောက် ဝိညာဉ်ခြောက်ဖြာအလံရှည်ကို စန့်ချင်အဆက်အနွယ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် ပြန်လည်ထားရှိခဲ့သည်။
အပြာရောင်ခရီးရှည်နန်းတော် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီးနောက် ဝိညာဉ်ခြောက်ဖြာအလံရှည် ရှိနေသေးသည်လား ၊ မရှိတော့ဘူးလားဆိုသည်က အဖြေမရှိသော ပဟေဠိတစ်ခု ဖြစ်လာခဲ့သည်။
ဤရတနာပစ္စည်းက အလွန်ပင် ထူးခြားဆန်းကြယ်သည်။
လင်ပေါင်ထျန်းကျွင်းက အခြေအနေအရပ်ရပ်ကို သူ့ဘက်သို့ အသာစီးရရှိရန်နှင့် အခြားသော တာအိုအဓိပတိများကို ရင်ဆိုင်ရန် ဤပစ္စည်းကို သန့်စင်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းမှာတော့ သူ၏မျှော်လင့်ချက်များက လက်တွေ့မကျကြောင်း သက်သေပြခဲ့ပြီး အလံရှည်နှင့်ပတ်သက်၍ ငြင်းခုံစရာများစွာ ကျန်ရှိနေခဲ့သည်။
ဥပမာ - အလံရှည်ထက်မှ အမည်နှစ်ခုကို ပယ်ဖျက်လိုက်သည်နှင့် ထိုအလံရှည်၏ မူလစွမ်းအားက ပြီးပြည့်စုံခြင်း ရှိပါသေးသလား။
သို့မဟုတ် လင်ပေါင်ထျန်းကျွင်း ခန့်မှန်းထားသလောက် စွမ်းအားမျိုးကို ပိုင်ဆိုင်နိုင်ပါဦးမည်လား။
ထို့ပြင် နားရွက်ရှည်တင်ကွမ်းနတ်ဘုရားက ဝိညာဉ်ခြောက်ဖြာအလံရှည်ကို ဝှေ့ယမ်းအသုံးပြုခြင်းက လင်ပေါင်ထျန်းကျွင်းကိုယ်တိုင် ဝှေ့ယမ်းခြင်းနှင့် သက်ရောက်မှုခြင်း တူညီနိုင်ပါမည်လား။
နောက်တစ်ချက်မှာ လင်ပေါင်ထျန်းကျွင်းက ဤအလံရှည်ကို အဘယ့်ကြောင့် ကိုယ်တိုင်အသုံးမပြုဘဲ နားရွက်ရှည်တင်ကွမ်းနတ်ဘုရားထံသို့ လွှဲပြောင်းပေးခဲ့သနည်းဆိုသည်မှာလည်း အငြင်းပွားစရာ ဖြစ်ခဲ့သည်။
ဝိညာဉ်ခြောက်ဖြာအလံရှည်၏ တန်ခိုးစွမ်းအားမှာ ရှေးခေတ်ကာလတစ်လျှောက်လုံးတွင် လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ တည်ရှိနေခဲ့သည်။
သို့ပေသိ ဤရတနာပစ္စည်းက အမှန်တကယ် ထူးခြားသည်ကိုတော့ ငြင်းမရနိုင်ပေ။
မည်မျှထူးခြားသနည်းဆိုပါမူ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသူများသည်ပင် ဤရတနာပစ္စည်းကို အာရုံစိုက်သွားအောင် သွေးဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် ရန်သူ့အင်အားများ ပြန့်ကျဲသွားချိန် ရန်ကျောက်ကဲတို့အုပ်စုက နတ်ဘုရားအဆုံးသတ်ဓားရှိရာသို့ အဆင်ပြေစွာ အာရုံစိုက်နိုင်ခဲ့၏။
ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည်ထက်ဆာလျှင် ဝိညာဉ်ခြောက်ဖြာအလံရှည်က ပိုပြီး လူအများစိတ်ဝင်စားနိုင်ခြေ များပြားသည်မှာ အမှန်ပင်ဖြစ်၏။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က…
“အပြာရောင်ခရီးရှည်နန်းတော်လည်း ကျောက်စိမ်းဝိညာဉ်နန်းတော်လိုပဲ မဟုတ်ဘူးလား ၊ အထဲမှာ ဘာမှမရှိလောက်တော့ဘူးလေ”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...
“အဲဒီကိစ္စကို ကျုပ်တို့ထက်ပိုသိတဲ့သူတစ်ယောက် ရှိတယ်လေ”
သူက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားမဟာနတ်မိစ္ဆာများဘက်သို့ လှည့်ကြည့်လိုက်သည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူ၏ဘေးနားရှိ နတ်မိစ္ဆာမျိုးနွယ် သူတော်စင်ငယ်တစ်ဦးအား အမိန့်ပေးလိုက်သည်။
“အလယ်ပိုင်းသုခဘုံကိုဆက်သွယ်ပြီး တင်ကွမ်းပျော်ရွှင်ခြင်းဗုဒ္ဓကို မေးမြန်းကြည့်လိုက်စမ်း”
***
(ဝိညာဉ်ခြောက်ဖြာအလံရှည်ဆိုတာက လင်ပေါင်ထျန်းကျွင်း ကိုယ်တိုင်တီထွင်ခဲ့တဲ့ ရတနာပစ္စည်းဖြစ်ပြီး အလံရှည်ပေါ်မှာ နာမည်(၆)ခုရေးသားပြီး အလံကိုဝှေ့ယမ်းလိုက်မယ်ဆိုရင် အလံပေါ်မှာရေးထားတဲ့ နာမည်ပိုင်ရှင်တွေအားလုံး သွေးအန်ပြီးသေဆုံးရတယ်လို့ အဆိုရှိပါတယ် __ ဘာသာပြန်သူ)