← Chapters

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်

Vol. 3 Ch. 269

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်

Vol. 3 Ch. 269

နတ်ဘုရား အဘွားအို၏ နဂါးပုံရိပ် တန်ခိုး စွမ်းအားသည် ဆန်းလျန်ဆီသို့ လျင်မြန်လွန်းသည့် အရှိန်ဖြင့် ဝင်ရောက် လာလေသည်။ ဆန်းလျန်ကို အပိုင်းပိုင်း ဖြတ်ပစ်ရန် အဆင်သင့် ဖြစ်နေလေပြီ။

ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်များမှာ အသက်ပင် မရှူနိုင်ကြတော့ပေ။

ဆန်းလျန်ကဲ့သို့ အရည်အချင်းရှိသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက် အသက်ဆုံးရှုံး ရမည်ကို သူတို့က နှမြောတသ ဖြစ်သွားမိကြလေသည်။

ဆန်းလျန်က သူတို့ဂိုဏ်းကို တိုက်ခိုက်ခဲ့သည့် ရန်သူတစ်ဦး ဖြစ်သည့်တိုင် ကမ္ဘာပေါ်တွင် ဆန်းလျန်လောက် ဆွဲဆောင်မှု ရှိသည့် လူမျိုးကို သူတို့ဘဝတွင် မတွေ့ဖူးခဲ့ကြပေ။

ဆန်းလျန်၏ ပတ်ဝန်းကျင်တွင်တော့ အချိန်က ရုတ်တရက် နှေးကွေး သွားလေသည်။

ဆန်းလျန်၏ နှလုံးသားမှာ သန့်စင်နေပြီး ပြင်ပမှ လေထုမှာ အလွှာလိုက် ကွာကျနေသည်ကို တွေ့မြင် နေရလေသည်။ လေထုကို ထိုးဖောက်လာသည့် နဂါး ပုံရိပ် စွမ်းအားမှာ သူ၏ စိတ်အာရုံတွင် အနှေးပြကွက် တစ်ခုအလား ထင်ရှားနေလေသည်။

သေခြင်း ရှင်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဆန်းလျန်၏ နှလုံးသားထဲမှ ကျောက်စိမ်း ကျိုင်းတံ ကိုင်ထားသည့် နတ်ဘုရားသည် ထွက်ပေါ် လာလေသည်။

ဆန်းလျန်ပင် ဖြစ်သည့်တိုင် ဆန်းလျန်၏ ပုံသဏ္ဌာန်က ပြောင်းလဲ သွားလေသည်။

ဆယ်ကျော်သက် အရွယ် လူငယ်လေး သဏ္ဌာန် ပျောက်ကွယ်သွားပြီး အသက်နှစ်ဆယ် အရွယ် လူတစ်ယောက် အဖြစ် ပြောင်းလဲ သွားလေသည်။ ဆန်းလျန်၏ သိမ်မွေ့သည့် ပိန်ပိန်သွယ်သွယ် ကိုယ်နေဟန် ပျောက်ကွယ်သွားပြီး ယေကျ်ားပီသပြီး သန်မာသည့် လူတစ်ယောက် အသွင် ပြောင်းလဲ သွားလေသည်။

သူ၏ မျက်ဝန်းများထဲတွင် တိုက်ပွဲကို အနိုင်ယူတော့မည့် အရိပ်အငွေ့များ ထင်ဟပ် နေလေသည်။ သူ့လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်း ကျိုင်းတံမှ ငြိမ်းချမ်းခြင်း တရားများကို ထုတ်လွှတ် ပေးနေသည်။

သူ၏ အခြားလက် တစ်ဖက်တွင် ပုတီးတစ်ကုံးကို ကိုင်ထားလေသည်။ သို့သော် ထိုပုတီး၏ ပုံသဏ္ဌာန်မှာ မှုံဝါးနေသည့် အတွက် ဆန်းလျန် သေသေချာချာ မြင်ရခြင်းမရှိပေ။

ကျောက်စိမ်း ကျိုင်းတံကိုင်ထားသည့် နတ်ဘုရား သဏ္ဌာန်နှင့် အတူ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်သည် ဆန်းလျန်၏ ဝိညာဉ်အတွင်းမှ ထွက်ပေါ် လာလေသည်။ ဓားဝိညာဉ်သည် ဆန်းလျန်၏ နှလုံးသွေး အရောင်ဖြစ်သည့် သွေးနီရောင် ထင်ဟပ် နေလေသည်။ ဓားဝိညာဉ်မှာ ဆရာဘိုးဘိုး ယွမ်ချင်း၏ မှတ်ဉာဏ်များထဲမှ ဆန်းလျန် ရယူခဲ့သည့် အသူရာ ချောက်ကိုးထပ်ရှိ သွေးပင်လယ်ထဲမှ ဓားကဲ့သို့ သတ်ဖြတ်လိုသည့် အငွေ့အသက် များဖြင့် ပြည့်နှက်နေလေသည်။

နတ်ဘုရား အဘွားအိုထံမှ နဂါးပုံရိပ် စွမ်းအားသည် ဆန်းလျန်ထံသို့ ရောက်ရှိ လာလေသည်။

တစ်ချိန်တည်းမှာပင် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်သည် တိတ်ဆိတ်စွာ ထွက်ပေါ်လာပြီး ဆန်းလျန်ကို ကာကွယ် ပေးထား လိုက်လေသည်။

ဓားသွားမှာ သွေးနီရောင် တောက်ပနေပြီး ကောင်းကင် တစ်ခွင်လုံး သွေးနီရောင် လွှမ်းသွားလေသည်။

နတ်ဘုရား အဘွားအိုထံမှ တုန်လှုပ်စွာဖြင့် အော်ဟစ်သည့် အသံ ထွက်ပေါ်လာသည်။

“ဗီဇဝိညာဉ် မရဏဓား”

ဓားဝိညာဉ်မှာ အရိပ်တစ်ခုမျှသာ ဖြစ်သည့်တိုင် သူမ၏ စိတ်နှင့် ဝိညာဉ်ကို ထိခိုက် စေလေသည်။

နတ်ဘုရား အဘွားအို၏ ရင်ထဲတွင် ကြောက်စိတ်များ တဖွားဖွား ပေါ်ထွက်လာလေသည်။

ထိုသွေးနီရောင် ဓားအလင်းတန်းမှာ မရေမတွက် နိုင်သည့် နတ်မိစ္ဆာများနှင့် နတ်ဘုရားများကို သတ်ဖြတ် ပစ်တော့မည့် အလား ဓားခြိမ်းသံကြီး ထွက်ပေါ်လာလေသည်။

ရှေးယခင် အချိန်ကတည်းကပင် တန်ခိုးစွမ်းအား ကြီးမားသည့် နတ်ဘုရား များစွာသည် ထိုဓားဝိညာဉ် အောက်တွင် ကျရှုံး ခဲ့ရသည်ချည်းပင် ဖြစ်လေသည်။

ဆန်းလျန်ဆီမှ ထွက်ပေါ်လာသည့် ဓားဝိညာဉ်မှာ လောက တစ်ခွင်ကို ဖျက်ဆီး ပစ်နိုင်သည့် အထိ စွမ်းအားကြီးမားခြင်း မရှိသေးပါ။ သို့သော် နတ်ဘုရား အဘွားအို၏ စိတ်နှင့် ဝိညာဉ်ကိုတော့ အမှန်တကယ်ပင် ထိခိုက် စေခဲ့လေသည်။

အဘွားအိုမှာ နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်ပြီးသည့် နောက်ပိုင်း ပထမဆုံး အကြိမ် ကြောက်လန့်ခြင်းကို ခံစား လိုက်ရလေသည်။

ထိုအချိန်မှာပင် ဆန်းလျန်၏ မျက်ဝန်းများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်များမှာ သွေးများ ကျဆင်းလာလေသည်။ သို့သော် သွေးရောင်မှာ အနီရောင် မဟုတ်ဘဲ ငွေရောင် တောက်ပ နေလေသည်။

ဆန်းလျန်၏ တန်ခိုးစွမ်းအား အရင်းအမြစ် ဖြစ်တည်ရာ ရွှေပြဒါး အမြုတေမှ ထွက်လာသည့် သွေးများ ဖြစ်သည့်အတွက် ပြဒါးရောင် တောက်ပနေခြင်း ဖြစ်လေသည်။

ထိုအချက်မှာ ထူးဆန်းသည့် အချက် မဟုတ်ပေ။ အဆင့်မြင့် ကျင့်ကြံသူများ၏ သွေးထဲတွင် ပြဒါးစွမ်းအားများ ပါဝင်နေမြဲ ဖြစ်လေသည်။ ဆန်းလျန်၏ လူသား ခန္ဓာကိုယ်မှာ နတ်ဘုရား တစ်ပါးအဖြစ် ပြောင်းလဲ ထားသည့်အတွက် ထိုသို့သော သွေးများ ကျဆင်းလာရခြင်း ဖြစ်လေသည်။

တာအို ကျင့်စဉ် ကျမ်းစာအုပ် တစ်အုပ်တွင် “စွမ်းအားနှင့် သွေးသည် ပြဒါးနှင့် ပေါင်းစပ်သွားသည်” ဟု ရေးသား ထားဖူးလေသည်။

ထိုသို့ ပြဒါးရောင် သွေးများ ထွက်လာရခြင်းမှာ ဆန်းလျန်၏ ခန္ဓာကိုယ်မှာ ခံနိုင်ရည်ကို ကျော်လွန် သွားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်က ပြဒါးရောင် သွေးများကို နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ် အတွင်းသို့ စီးဝင် စေလိုက်သည်။

ထို့နောက် နတ်ဘုရား အဘွားအိုကို ဓားဝိညာဉ်ဖြင့် ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက် လိုက်လေသည်။ နတ်ဘုရား အဘွားအိုမှာ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်အတွင်း ပိတ်မိ နေလေတော့သည်။

ထိုအချိန်မှာပင် ဆန်းလျန်သည် အရိပ်တစ်ရိပ် အဖြစ် ထိုက်စု နတ်ဘုရား ဂိုဏ်းမှ ပျောက်ကွယ် သွားလေတော့သည်။

သွေးနီရောင် တောက်ပနေသည့် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ် အရိပ်ထဲတွင် နတ်ဘုရား အဘွားအိုမှာ ပိတ်မိ နေလေသည်။

နန်းတော် သခင်မနှင့် နန်းဆောင် သခင်မသုံးယောက် မှလည်း အဘွားအို၏ အခြေအနေကို ကြည့်ရင်း ကြက်သေ သေနေကြလေသည်။ ဆယ်စက္ကန့်မျှ ကြာသည့် အခါတွင်တော့ နတ်ဘုရား အဘွားအိုသည် နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ် အရိပ်အတွင်းမှ ထွက်ပေါ် လာလေသည်။ သူမ၏ အင်္ကျီလက်များမှာ ဓားချက်များဖြင့် စုတ်ပြဲ နေလေသည်။ သူမ၏ နဂါးတောင်ဝှေးမှ နဂါးခေါင်းတွင်လည်း ဓားချက်ပေါင်း များစွာကို ထင်ရှားလျက် ရှိလေသည်။

နတ်ဘုရား အဘွားအိုမှာ စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။

သူမသည် ဒေါသ အလွန်အမင်း ထွက်နေပြီး ကြောက်လည်း ကြောက်ရွံ့နေလေသည်။

သို့သော် ဆန်းလျန်၏ ဓားဝိညာဉ်မှာ ဟန်ပြ သက်သက်သာ ဖြစ်ပြီး သူမကို အမှန်တကယ် သေစေနိုင်ခြင်း မရှိသည်ကို သဘောပေါက် သွားသည်နှင့် သူမက အလင်းတန်း တစ်ခု ဖန်ဆင်းပြီး ဆန်းလျန် နောက်သို့ လိုက်သွားလေသည်။

သူမက ထိုက်စု နတ်ဘုရား ဂိုဏ်းအပြင် အထိ ထွက်ကာ ဆန်းလျန်ကို ရှာဖွေလေသည်။ သို့သော် ဆန်းလျန်မှာ မျက်ချေပြတ် သွားပြီ ဖြစ်လေသည်။ ဆန်းလျန်က နတ်ဘုရားများပင် ခြေရာ မခံနိုင်သည့် ထုန်ထျန်း တန်ခိုးစွမ်းအားကို အသုံးပြုကာ တိတ်တဆိတ် ထွက်ခွာသွားပြီ ဖြစ်လေသည်။

သူမ ထိုက်စုနတ်ဘုရား ဂိုဏ်းသို့ ပြန်ရောက် လာသည့် အခါတွင်တော့ ထျန်းမုန့်နတ်သမီးက တပည့်များကို မကြောက်လန့်ရန် နှစ်သိမ့်နေလေသည်။ သူမ၏ ပုံစံက အလွန်တည်ငြိမ် နေလေသည်။

ထျန်းမုန့် နတ်သမီး၏ တည်ငြိမ်နေသည့် ပုံစံကိုကြည့်ပြီး နတ်ဘုရား အဘွားအိုမှာ စိတ်တို သွားရလေသည်။ ယခု ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုလုံး၏ အရင်းအမြစ်မှာ ထျန်းမုန့် နတ်သမီးကြောင့် ဖြစ်ရခြင်း ဖြစ်လေသည်။ လူပြန်ဝင်စားသည့် ယွမ်ကျွင်း ဧကရီကို ဆန်းလျန်၏ လက်ထဲမှ ခေါ်လာ ကတည်းက ပြဿနာက စခြင်း ဖြစ်လေသည်။

သို့တိုင်အောင် သူမက တည်ငြိမ် နေနိုင်အား သေးသည်။

“ထျန်းမုန့်၊ နင့်တပည့်က နှလုံးသား စည်းချက် ကျင့်စဉ်ကို ကျင့်ကြံနေတာ မဟုတ်လား၊ နင်သူ့ကို ခြေရာခံလို့ မရဘူးလား၊ သူတို့ ဘယ်မှာလဲ ခုပဲ ငါ့ကိုပြောပြစမ်း”

အဘွားအိုက စိတ်ဆိုး မာန်ဆိုးဖြင့် ပြောလိုက်သည်။

ထျန်းမုန့် နတ်သမီးက အဘွားအိုကို ယဉ်ယဉ် ကျေးကျေးပင် ဂါရဝ ပြုလိုက်ပြီး…

“ဆရာဒေါ်လေး၊ စိတ်မဆိုးပါနဲ့၊ အဲဒီလူငယ်က ကျွန်မနဲ့ ရော့ရှီကြားက ကျင့်စဉ်လမ်း ဆက်နွှယ်မှုကို နည်းလမ်း တစ်ခုသုံးပြီး ဖြတ်တောက် ထားတယ်၊ ဒါပေမဲ့ သူဘယ်သူလဲ ဆိုတာ ကျွန်မတို့ သိနေတာပဲ၊ လင်ထိုင် တာအိုပြိုင်ပွဲ ရောက်ဖို့ ဆယ်နှစ် လိုသေးတယ်၊ အဲဒီကျ သူနဲ့ ထပ်တွေ့ကြတာပေါ့”

သူမက ပြောလိုက်လေသည်။

“ဟွန့် နင်က နန်းတော် သခင်မပဲလေ ၊ နင့်စကား အတိုင်းပဲပေါ့”

နတ်ဘုရား အဘွားအိုက အေးစက်စွာဖြင့် ပြန်ပြော လိုက်လေသည်။

ထို့နောက် သူမသည် အင်္ကျီလက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ထျန်းမုန့် နတ်သမီးရှေ့မှ ပျောက်ကွယ် သွားလေသည်။

ထျန်းမုန့် နတ်သမီးမှာ နတ်ဘုရား တစ်ပါးအဆင့်သို့ တက်ရောက်နိုင်ခြင်း မရှိသေးသည့်တိုင် သူမက ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လေသည်။ နတ်ဘုရား အဘွားအိုများ အနေဖြင့် သူမကို မကြိုက်ကြသည့်တိုင် ဆန့်ကျင်လိုခြင်း မရှိကြပေ။

ထျန်းမုန့်နတ်သမီးသည် အနည်းငယ် စိတ်ပြေ သွားပြီ ဖြစ်လေသည်။

ဆန်းလျန်က သူမနှင့် ရှီကြားတွင် ဆက်သွယ်နေသည့် နှလုံးသား စည်းချက် တန်ခိုးစွမ်းအားကို ဖြတ်တောက် ထားလေသည်။

သို့သော် နှလုံးသား စည်းချက် ကျင့်စဉ်သည် ရော့ရှီ၏ ခန္ဓာကိုယ်ထဲတွင် အမြစ် တွယ်နေပြီ ဖြစ်လေသည်။ ရော့ရှီက ကျင့်စဉ်ကို ဆက်ပြီး မကျင့်ကြံလျှင်တောင်မှ အမြစ် တွယ်နေသည့် ကျင့်စဉ်က သူ့အလုပ်သူ ဆက်လုပ်သွားမည် ဖြစ်လေသည်။ တဖြည်းဖြည်းနှင့် ကျင့်စဉ် စွမ်းအားသည် ရော့ရှီနှင့် ဆက်စပ်နေသည့် ယွမ်ကျွင်း ဧကရီ၏ နတ်ဘုရား ဉာဏ်စဉ် ပျောက်ကွယ်သည် အထိ နေရာယူသွားမည် ဖြစ်လေသည်။

သူမ အလုပ်က ပြီးခဲ့ပြီ ဖြစ်သည်။

ဆန်းလျန် လုပ်နိုင်လျှင် ရော့ရှီကျင့်စဉ်လမ်း အဆင့်တက်ခြင်း နှောင့်နှေးရန်သာ လုပ်နိုင်မည် ဖြစ်လေသည်။

သို့သော် သူမက ဆန်းလျန်ကို အလွန် မကျေမနပ် ဖြစ်နေပြီ ဖြစ်လေသည်။ ထို့ကြောင့် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းနှင့် ပူးပေါင်းရန် ဆုံးဖြတ် လိုက်လေသည်။

ချက်ချင်းပင် သူမ၏ တပည့်တစ်ယောက်ကို ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ တပည့် တစ်ယောက်နှင့် လက်ဆက် ပေးရန် စီစဉ် လိုက်လေတော့သည်။

တောတောင် အထပ်ထပ်နှင့် မြစ်ချောင်း အသွယ်သွယ်ကို ဖြတ်ကျော် လာပြီးသည့်နောက် ဆန်းလျန်သည် တောင်တစ်တောင်ပေါ်တွင် ရပ်တန့်လိုက်လေသည်။

ဆန်းလျန်က ရော့ရှီလေး၏ ကိုယ်ပေါ်တွင် အင်းစက္ကူသုံးခု ကပ်ထား ပေးလိုက်သည်။ သူမကို ထိုက်စု နတ်ဘုရားဂိုဏ်းမှ ကယ်ထုတ် လာနိုင်ခဲ့သည့်တိုင် သူမကို ကာကွယ် ပေးထားရန် လိုအပ်နေသေးသည်။

ရော့ရှီမှာ အရပ် အလွန်ရှည်လာပြီး သူမ၏ အရပ်သည် ဆန်းလျန်၏ ရင်ပတ်နားသို့ပင် ရောက်လု နီးနေပြီ ဖြစ်လေသည်။

သူမသည် သူမ၏ မိခင်ဖြစ်သူ ဆန်းရော့ရှီနှင့် အလွန် ဆင်တူလေသည်။ သို့သော် သေသေချာချာ ကြည့်မည် ဆိုလျှင် သူမက ဆန်းလျန်နှင့် ပိုပြီး ရုပ်ချင်း ဆင်လေသည်။

ရော့ရှီလေးကို ပြန်တွေ့ရသည့် အတွက် ဝမ်းသာခြင်းနှင့် အတူ အမည် မဖော်နိုင်သည့် ခံစားချက်များ ဆန်းလျန်၏ ရင်ထဲတွင် ပြည့်နှက်နေလေသည်။ လောကတွင် သွေးသား ရင်းချာ  တစ်ယောက် ရှိနေသေးခြင်းက အထီးကျန်သည့် ခံစားချက်ကို သက်သာ စေလေသည်။

စကားဖြင့်ပင် ပြောမပြ နိုင်လောက်အောင် နက်ရှိုင်းသည့် သံယောဇဉ် ကြိုးသည် သူ့ရင်ထဲတွင် တစ်ရစ်ချင်း ချည်နှောင် နေလေသည်။

ရုတ်တရက် ဆန်းလျန်ရင်ထဲမှ စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရပြီး ရင်ပတ်ကို ဖိရင်း လဲကျ သွားရလေသည်။

“ကိုကို …အဲ ဦးဦး ၊ ဘာဖြစ်လို့လဲ”

ရော့ရှီက မေးလိုက်သည်။

ဆန်းလျန်၏နှလုံးသားဗဟိုချက်နေရာတွင် ဒဏ်ရာရထားလေသည်။ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို ထုတ်ဖော် အသုံးပြုလိုက်သည့် အတွက် ထိုသို့ ဒဏ်ရာ ရသွားခြင်း ဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် ဓားဝိညာဉ်သည် သူ၏ ဝိညာဉ်ထဲတွင် တိတ်တဆိတ် တည်ရှိ နေသည်ကိုလည်း ခံစား လိုက်ရလေသည်။

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်၊ စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်နှင့် ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားတို့ အကြောင်းကို ဆန်းလျန် ဆက်စပ် စဉ်းစား ကြည့်နေမိသည်။

ကျောက်စိမ်း ကျိုင်းတံ ကိုင်ဆောင် ထားသည့် နတ်ဘုရားမှာ အရင်ဘဝက သူသိခဲ့သည့် ဒဏ္ဍာရီထဲမှ "ထုန်ထျန်း ကျောက်ကျူနတ်မင်း" များလားဟု ဆန်းလျန် စဉ်းစားနေမိလေသည်။

နတ်ဘုရားများမှာ နာမည်ပေါင်း များစွာ ရှိကြလေသည်။

"ထုန်ထျန်း ကျောက်ကျူနတ်မင်း" ဆိုသည်မှာ ဆန်းလျန် လာခဲ့သည့် ခေတ်ပေါ်ကမ္ဘာမြေမှ ထိုနတ်မင်းကို ခေါ်သည့် နာမည် ဖြစ်လေသည်။

နတ်ဘုရားများ အကြောင်း ရေးသားထားသည့် စာအုပ်များ ထဲတွင်တော့ ထိုနတ်မင်းမှာ မြေ၊ ရေ၊ လေ၊ မီး ဓာတ်ကြီး လေးပါးကို ပြောင်းလဲ ပစ်နိုင်သည့် ကြောက်မက်ဖွယ်ရာ နတ်မင်းတစ်ပါး ဖြစ်လေသည်။

လောကကြီး တစ်ခုလုံးကိုပင် ပြောင်းလဲ ပစ်နိုင်စွမ်း ရှိလေသည်။ တာအို ဆရာသခင်ကြီးပင်လျှင် ထိုနတ်မင်းနှင့် ယှဉ်ပြိုင် နိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့သော နတ်မင်း တစ်ပါးသည် သူ၏ ကျင့်စဉ်လမ်းတွင် ပါဝင် ပတ်သက်နေခြင်းမှာ ကောင်းသည့် လက္ခဏာမှ ဟုတ်ပါ့မလားဟု ဆန်းလျန် သံသယ ဝင်မိလေသည်။

ဆန်းလျန်၏ အရင်ဘဝတုန်းက နေထိုင်ခဲ့သည့် ခေတ်ပေးကမ္ဘာတွင် ဗုဒ္ဓ ဘုရားလည်း ပွင့်ခဲ့သလို ထုန်ထျန်း ကျောက်ကျူ နတ်မင်းလည်း ပေါ်ထွက်ခဲ့လေသည်။

ထို့ပြင် ယခု သူရောက်ရှိ နေသည့် လောကမှ ဗုဒ္ဓ စာပေများမှာလည်း သူနေထိုင်ခဲ့သည့် ခေတ်ပေါ် ကမ္ဘာမှ ဗုဒ္ဓစာပေများနှင့် အတူတူပင် ဖြစ်လေသည်။ ထို့ကြောင့် ယခင် သူနေထိုင်ခဲ့သည့် ကမ္ဘာမြေနှင့် ယခု သူရောက်ရှိ နေသည့် ကမ္ဘာသည် ဆက်စပ်မှု ရှိနေနိုင်လေသည်။

ထို့ပြင် သူယခင် နေထိုင်ခဲ့သည့် လောကနှင့် ယခုလောကသည် များစွာ ဆင်တူလေသည်။

ကဗျာ စာပေများလည်း ဆင်တူလေသည်။ လင်ချုန်းရှောင် ပြောပြခဲ့သည့် ဇာတ်လမ်းထဲမှ ချင်းရွှမ် နတ်တံခါး တစ်နေရာတွင် ရေးသား ထားခဲ့သည့် ကဗျာမှာလည်း ယခင် ခေတ်ပေါ် ကမ္ဘာတွင် သူနေထိုင်စဉ်က ကြားဖူးသည့် ကဗျာတစ်ပုဒ် ဖြစ်လေသည်။

သို့သော် လင်ချုန်းရှောင် ပြောပြခဲ့သည့် ကဗျာ ရေးသားထားသည့် နေရာကို ချင်းရွှမ် နတ်တံခါးတွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း မရှိပေ။ ထို့ပြင် ချင်းရွှမ် နတ်တံခါးတွင် ရေးသားထားသည့် စာပေပေါင်း များစွာတွင်လည်း ထိုကဗျာကို တွေ့မိခြင်း မရှိပေ။ သို့သော် လင်ချုန်းရှောင်ကလည်း သူ့ကို လိမ်ပြောမည့် သူမျိုး မဟုတ်ပေ။

ဆန်းလျန်၏ဘဝတွင် ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်တိုင်း၊ ဖြစ်ရပ်တိုင်းသည် တိုက်ဆိုင်မှု မဟုတ် ဆိုသည့် အချက်ကို စတင် သဘောပေါက်စ ပြုလာလေသည်။

အတွေးတွင် ခဏတာမျှ နစ်မြောနေမိသည့် အတွက် ဆန်းလျန်၏ နှလုံးသား ဗဟိုချက်မှ စူးရှသည့် နာကျင်မှုမှာလည်း အနည်းငယ် သက်သာ သွားလေသည်။

“ဘာမှ မဖြစ်ပါဘူးကွယ်…”

ဆန်းလျန်က ရော့ရှီလေး၏ အမေးကို ပြန်ဖြေ လိုက်မိလေသည်။

***

All Chapters