တစ်သားတည်းရပ်တည်
Vol. 114 Ch. 1602
တိမ်မြူမှောင်မိုက်နတ်ဘုရား အစီအရင်ထဲ ဝင်ရောက်တော့မည်ကိုတွေ့သည်နှင့် ရွှမ်တုကိုယ်တော် မျက်မှောင်ကျုံ့လိုက်သည်။
သူ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ကြယ်စင်မြစ်တစ်ခုလုံးအားလွှမ်းခြုံထားသော ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းမှာပင် မြစ်ရေပြင်ထက်တွင် တိတ်ဆိတ်စွာစီးမျောနေသည့် အစိမ်းရောင်ကြာပန်းသည်လည်း စတင်ပွင့်အာလာလေသည်။
ထိုအချိန်...
“ထောက်...”
ဖုရှီဗျပ်စောင်းမှ စောင်းကြိုးပြတ်သံတစ်သံ ထပ်မံထွက်ပေါ်လာသည်။
ဗျပ်စောင်း၏ တတိယမြောက်စောင်းကြိုး ထပ်မံပြတ်တောက်သွားခြင်း ဖြစ်၏။
အလင်းတန်းများ လှည့်ပတ်စီးဆင်းသွားပြီး အသစ်စက်စက် ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်တစ်ခု ထပ်မံပေါ်ပေါက်လာကာ ကြယ်စင်မြစ်ပတ်ဝန်းကျင်တစ်ခွင်သို့ ပြန်လည်လွှမ်းခြုံသွားသည်။
ဖုရှိဗျပ်စောင်းက သူတို့အတွက် အနည်းငယ် အချိန်ဆွဲပေးနိုင်သော်လည်း ထိုဗျပ်စောင်းအိုကြီးထက်တွင် စောင်းကြိုးတစ်ချောင်းသာလျှင် ကျန်ရှိတော့သည်။
စစ်မြေပြင်တိုက်ပွဲသည်လည်း တစ်စတစ်စ ပိုမိုပြင်းထန်လာသည်။
တာအိုသခင်’လုယာ’ က လက်ထဲမှ ဘူးသီးခြောက်ကို အဆက်မပြတ်လှည့်ပတ်ရင်း နတ်ဘုရားသတ်ဖြတ်ဓားပျံကို ဘူးသီးခြောက်ထဲသို့ ပြန်လည်ရုတ်သိမ်းလိုက်သည်။
သို့သော် တစ်ဖက်လူ၏ စိတ်အာရုံကို ထုံကျဉ်ရပ်တန့်သွားစေသည့် သူ၏ ကြီးမားသော တန်ခိုးစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
ဖြူစင်သောအလင်းတန်းများက ယန်ကျန်း၏ခန္ဓာကိုယ်ထက်မှ ဝဲပျံသွားပြီး ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုအား ထပ်မံလွှမ်းခြုံသွားပြန်ရာ မဟာသူတော်စင်မှာ ငိုက်မြည်းသွားသည့်အလား အသိစိတ်များ ဝေဝါးသွားရပြန်သည်။
ဖန်းယွင်ရှန်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။
သူက ဗလာနယ်ထဲတွင် ဆက်လက်ပုန်းကွယ်မနေတော့ဘဲ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားပြီး တာအိုသခင်’လုယာ’ ၏ နတ်ဘုရားသတ်ဖြတ်ဘူးသီးခြောက်အား ဓားဖြင့် တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်၏။
"ဝုန်း..."
ဘူးသီးခြောက်ထဲမှထွက်ပေါ်လာသော ဖြူစင်သည့်အလင်းတန်းများနှင့် ဖန်းယွင်ရှန်း၏ နက်မှောင်သော ဓားအလင်းတန်းများ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
အနက်ရောင်ဓားအလင်းတန်းများ၏ စွမ်းအားက များစွာသာလွန်နသဖြင့် ဖြူစင်သောအလင်းတန်းများ တုန်ခါသွားရသည်။
နတ်ဘုရားသတ်ဖြတ်ဓားပျံကို ကိုင်တွယ်ရာတွင် ဖန်းယွင်ရှန်းက ယန်ကျန်းထက်ပင် ပိုမိုကျွမ်းကျင်သေး၏။
အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်ဓား၏ ခြိမ်းခြောက်မှုအောက်တွင် ဖြူစင်သောဓားအလင်းတန်းများမှာ ကွဲအက်ပျက်ဆီးလုနီးပါး ဖြစ်သွားရသည်။
သို့သော် ထိုခဏမှာပင် အလွန်တရာ ထွားကျိုင်းသန်မာသော မျောက်ဖြူကြီးတစ်ကောင်က ဖန်းယွင်ရှန်းဆီသို့ ဝင်ရောက်လာပြီး သူမကို ပိတ်ဆို့တားဆီးလိုက်လေသည်။
ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းများက အလွန်တရာ ရက်စက်ကြမ်းတမ်းသည်မှန်သော်လည်း ထိုအဖြူရောင် မျောက်အိုကြီးကလည်း အညတရတစ်ယောက် မဟုတ်ပေ။
ယခင်က ယန်ကျန်းနှင့် တိုက်ခိုက်စဉ် ယန်ကျန်းက သူ့ထက်သာသောကြောင့်သာ ယွမ်ဟုန်တစ်ယောက် အရှက်ရဖွယ် ရှုံးနိမ့်သွားရခြင်း ဖြစ်သည်။
သို့သော် ယန်ကျန်းမဟုတ်သည့် အခြားသူများနှင့် ရင်ဆိုင်ရမည်ဆိုပါက ယွမ်ဟုန်က အံ့မခန်း အသွင်ပြောင်းအတတ်နှင့် အတိုင်းအဆမရှိသော ခွန်အားကို အစွမ်းကုန် ထုတ်ဖော်နိုင်စွမ်း ရှိသည်။
နတ်မိစ္ဆာမျိုးနွယ်များကြားမှာပင် သူ့ကို ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက်အဖြစ် သတ်မှတ်ထားသည် မဟုတ်လား။
သူနှင့် ဖန်းယွင်ရှန်း၏တိုက်ပွဲတွင် မည်သူ အနိုင်ရမည်ကို ချက်ချင်းမသိနိုင်သေးသော်လည်း ၊ မျောက်ဖြူကြီးက သူမကို တာအိုသခင်’လုယာ’ အနားသို့ မချဉ်းကပ်နိုင်အောင် တားဆီးထားသည်။
တစ်ဖက်မှာတော့ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ယန်ကျန်းကို ထိန်းချုပ်ထားသည်။
သူ့အနေဖြင့် ယန်ကျန်းကို အနိုင်ယူနိုင်မည်မဟုတ်သော်လည်း ယန်ကျန်းက တစ်ဖက်တွင် ဗုဒ္ဓဘာသာကျွမ်းကျင်သူများ၏ ဖိအားကိုပါ ရင်ဆိုင်နေရသည်။
တာအိုသခင်’လုယာ’ က တိုက်ပွဲတွင် ကိုယ်တိုင်ဝင်ရောက် တိုက်ခိုက်ခြင်းထက် စစ်မြေပြင်ကို အကဲခတ်စောင့်ကြည့်ပြီး နတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများ အခွင့်အရေးရရှိစေရန် စီစဉ်ညွှန်ကြားပေးနေသည်။
နတ်ဘုရားသတ်ဖြတ်ဓားပျံက စစ်မြေပြင်တစ်ခုလုံးတွင် ပျံဝဲနေပြီး ရန်သူအားလုံးကို ခြိမ်းခြောက်လျှက် ရှိသည်။
ဗုဒ္ဓဘာသာ ကျင့်ကြံသူများသည်ပင် ချွင်းချက်မရှိဘဲ ထို ထိတ်လန့်ဖွယ်ရာ ဖြူစင်သောဓားအလင်းတန်းများကို သတိထားနေကြရသည်။
ထိုအခြေအနေကိုမြင်တော့ စောမင်ကျန့် မျက်မှောင်ကျုံ့သွားရသည်။
သို့တိုင် သူ့ရှေ့တွင်ရှိနေသော မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အလွယ်တကူ ဖြတ်ကျော်နိုင်ခြင်း မရှိသေးပေ။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက တာအိုသခင်’လုယာ’ ကို နှိမ်နင်းရန်အတွက် သူနှင့် သေချာပေါက် ပူးပေါင်းမည် မဟုတ်ပေ။
ထိုရှေးဟောင်းဗုဒ္ဓက သူ့ကို တာအိုသခင်’လုယာ’ ထံ အာရုံလွှဲထားပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို တစ်ယောက်တည်းလက်ဝါးကြီးအုပ်ရန် ကြိုးပမ်းမည် ဖြစ်သည်။
ယန်ကျန်းက နတ်ဘုရားသတ်ဖြတ်ဓားပျံကို တန်ပြန်တိုက်ခိုက်ရန် အာမခံထားသော်လည်း ၊ သူ့အား တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားရန်သူများက ဝိုင်းဝန်းနှောင့်ယှက်နေသဖြင့် တာအိုသခင်’လုယာ’ နှင့် တိုက်ရိုက်ရင်ဆိုင်ရန် အခွင့်မသာ ဖြစ်နေရသည်။
တစ်ဖက်မှာတော့ တာအိုသခင်’လုယာ’ က သူ ထိန်းချုပ်ထားသည့် တိုက်တိုင်းအောင်ဗုဒ္ဓ ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသောဗုဒ္ဓဘာသာ ကိုယ်တော်များကို ပြန်လွှတ်ပေးရန် ရည်ရွယ်နေသည်။
သာမန်အခြေအနေတွင်ဆိုလျှင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်သည်လည်း ဤဗုဒ္ဓဘာသာကျင့်ကြံသူများကို ဟန့်တားထားမည် ဖြစ်သည်။
အကြောင်းမှာ နတ်မိစ္ဆာမျိုးနှင့် ဗုဒ္ဓဘာသာကျင့်ကြံသူများက နတ်ဘုရားသုတ်သင်အစီအရင် ရရှိရန်အတွက် အပြိုင်အဆိုင် တိုက်ခိုက်နေကြသောကြောင့်ပင်။
သို့ပေသိ အဓိကပြဿနာမှာ တိုက်တိုင်းအောင်ဗုဒ္ဓနှင့် အခြားသူများနောက်ကွယ်တွင် ကြာပန်းစိမ်းအလံ ရှိနေခြင်း ဖြစ်သည်။
ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ ယန်ကျန်းဖန်ဆင်းထားသည့် ကြီးမားသော ဗုဒ္ဓကိုယ်ပွားကြီးမှ ထုတ်လွှတ်ထားသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများမှလွဲပြီး အခြား မည်သည့်အရာကိုမှ အရေးမစိုက်ဘဲ နတ်ဘုရားသုတ်သင်အစီအရင်ဆီသို့ တည့်တည့်မတ်မတ် အာရုံစိုက်ချီတက်နိုင်စွမ်း ရှိကြသည်။
သူတို့အနေဖြင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် အခြားရန်သူများကို လျစ်လျူရှုထားနိုင်၏။
တာအိုသခင်’လုယာ’ ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံပင်လျှင် သူတို့ကို တားဆီးနိုင်မည်မဟုတ်သော အနေအထား ဖြစ်သည်။
သူတို့အားလုံးသာ နတ်ဘုရားသုတ်သင်အစီအရင်ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားပါက အကျိုးဆက်မှာ တိမ်မြူမှောင်မိုက်နတ်ဘုရားတစ်ယောက်တည်းရှိနေခြင်းထက် ပိုမိုဆိုးရွားသွားပေလိမ့်မည်။
ထို့ကြောင့် ယန်ကျန်းက ဗုဒ္ဓဘာသာကိုယ်တော်များကို ဖိနှိပ်ထားရင်း တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကိုပါ တန်ပြန်တိုက်ခိုက်လျှက် လုယာ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံကိုပါ သတိထားနေရသည်။
တာအိုသခင်’လုယာ’ က စစ်မြေပြင်ကို စတင်ထိန်းချုပ်ထားနိုင်ပြီဟု ထင်မှတ်ရစဉ်မှာပင် ကြယ်စင်မြစ်တစ်ခုလုံး တုန်ခါသွားလေသည်။
ဗလာနယ်ထဲတွင် ကြယ်စင်ရောင်အလင်းတန်း(၆)ခု တောက်ပလာပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာသည်။
ထို့နောက် တောင်ပိုင်းချန်စန်းဧကရာဇ် ဆောင်းထားသည့် သရဖူမျိုးကိုဆောင်းထားပြီး တာအိုဝတ်စုံဝတ်ဆင်ထားကာ တည်ကြည်ပြတ်သားသော မျက်နှာထားပိုင်ရှင် လူရွယ်တစ်ယောက် ထွက်ပေါ်လာသည်။
ထိုသူကိုမြင်လိုက်ရသည့်တိုင် တောင်ပိုင်းချန်စန်းဧကရာဇ်၏မျက်နှာက လုံးဝ အံ့အားသင့်သွားခြင်းမရှိပေ။
သူက...
“မင်း ရောက်လာပြီလား...”
တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် လက်ရည်တူယှဉ်ပြိုင်နေသည့် စန္ဒကူးဗုဒ္ဓက သက်ပြင်းတစ်ချက်ချလိုက်ပြီး...
“မြောက်ပိုင်းကြယ်စင်ဧကရာဇ်... မင်းရောက်လာပြီပဲ”
စစ်မြေပြင်တွင်ရှိနေသော ထိပ်တန်း တာအိုကျင့်ကြံသူများ ၊ ဗုဒ္ဓဘာသာကျွမ်းကျင်သူများနှင့် နတ်မိစ္ဆာများအားလုံး ထိုသူ မည်သူဖြစ်ကြောင်း သိရှိကြသည်ပင်။
ထိုသူက မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်၏ ဧကရာဇ်(၄)ပါးထဲမှ တစ်ပါးဖြစ်ပြီး တောင်ပိုင်းချန်စန်းဧကရာဇ် ၊ မြေကမ္ဘာမယ်တော်တို့ကဲ့သို့ပင် နာမည်ကျော်ကြားသော “မြောက်ပိုင်းကြယ်စင် အထက်ပိုင်းနန်းတော်ကောင်းကင်ဘုံ အုပ်စိုးရှင်ဧကရာဇ်” ပင် ဖြစ်လေသည်။
မဟာကပ်ဘေးကြီးမှ လွတ်မြောက်လာခဲ့သူများထဲတွင် လက်ချိုးရေတွက်၍ရသော တာအိုဝါဒ ကောင်းကင်ဘုံအရှင်များထဲမှတစ်ပါးလည်း ဖြစ်သည်။
ယုံကြည်ချက်ခြင်း မတူညီသဖြင့် သူက တောင်ပိုင်းချန်စန်းဧကရာဇ်၊ ဝူတန့်မယ်တော်တို့နှင့် လမ်းခွဲကာ သီးသန့်လမ်းစဉ်တစ်ခုကို လျှောက်လှမ်းခဲ့သူဖြစ်သည်။
ရန်ကျောက်ကဲ အမတခုံရုံးသို့ သွားရောက်သောင်းကျန်းခဲ့ပြီးနောက် အမတခုံရုံးက အနောက်ဘက်သူတော်စင်ဘုံ၏ အကူအညီဖြင့် တာအိုစကြာဝဠာမှ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာကို လက်တုံ့ပြန်ကျူးကျော်ခဲ့ကြသည်။
ထိုအချိန်မှစပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နေရာမှာမှ ခြေရာခံ၍ မရတော့ပေ။
ယနေ့တိုက်ပွဲတွင် သိုးလွိနန်းတော်တွင်နေထိုင်သည့် ရွှမ်တုကိုယ်တော်အပါအဝင် လမ်းမှန်တာအိုဝါဒ၏ ထိပ်တန်းကျွမ်းကျင်သူများအားလုံးနီးပါး ရောက်ရှိနေကြသည်။
သို့သော် မြောက်ပိုင်းကြယ်စင်ဧကရာဇ်ရောက်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။
ယခုတော့ ဤကောင်းကင်ဘုံအရှင်က အမှန်တကယ်ပင် ရောက်ရှိလာခဲ့သည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို တွေ့မြင်သည်နှင့် တာအိုသခင်’လုယာ’ မျက်မှောင်ကျုံ့လိုက်မိသည်။
သူက မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ တန်ခိုးစွမ်းအားကို ကြောက်ရွံ့သည်မဟုတ်ပေ။ သို့သော် ထိုဧကရာဇ်ထံတွင် သူ ဘယ်သောအခါမှ မေ့ပျောက်နိုင်မည်မဟုတ်သော အရာတစ်ခု ရှိပေသည်။
ထိုအရာက မြောက်ပိုင်းကြယ်စင်ဧကရာဇ် ပိုင်ဆိုင်ထားသည့် ရတနာပင် ဖြစ်၏။
တည်ထောင်သူဘိုးဘေး “ယွမ်စီထျန်းကျွင်း” ၏ ရတနာပစ္စည်းဖြစ်သော “ကျောက်စိမ်းကျိုင်းတံ” ပင် ဖြစ်ပေသည်။
ဝူတန့်မယ်တော်က ချင်းဖိန်ဓား၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သကဲ့သို့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း ကျောက်စိမ်းကျိုင်းတံကို အပြည့်အဝ အသုံးချနိုင်ခြင်းမရှိပေ။
သို့တိုင် တာအိုသခင်’လုယာ’ အအတွက်တော့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲပင်။
“တိုက်...”
မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ရောက်ရောက်ချင်းပင် အချိန်မဆွဲဘဲ ချက်ချင်း တိုက်ခိုက်လိုက်သည်.
ခရမ်းရောင် ၊ အဖြူရောင်နှင့် ရွှေရောင်တို့ ရောယှက်တောက်ပနေသော ကျောက်စိမ်းကျိုင်းတံက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာအိုသခင်’လုယာ’ ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
တာအိုသခင်’လုယာ’ ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုအလင်းတန်းက သူ့ကိုပစ်မှတ်ထားခြင်း မဟုတ်ခဲ့ပေ။
သူ့လက်ထဲမှ ဘူးသီးခြောက်ကိုသာ ပစ်မှတ်ထားခြင်း ဖြစ်၏။
ကျောက်စိမ်းကျိုင်းတံမှ ထွက်ပေါ်လာသည့်အလင်းတန်းများက ဘူးသီးခြောက်အဝကို အတိအကျပင် ပိတ်ဆို့လိုက်သည်။
တောက်ပဖြူစင်သည့်အလင်းတန်းများ ရုတ်ချည်းပင် ပြတ်တောက်သွားပြီး ဘူးသီးခြောက်မှာ တာအိုသခင်’လုယာ’ ၏ လက်ထဲမှ လွတ်ထွက်ကာ မှောင်မိုက်သည့် ကြယ်စင်မြစ်ရေပြင်ထဲသို့ နစ်မြုပ်လွင့်ပါးသွားတော့သည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကျောက်စိမ်းကျိုင်းတံက တာအိုသခင်’လုယာ’ ၏ နတ်ဘုရားသတ်ဖြတ်ဓားပျံကို ချက်ချင်းပင် ရိုက်ထုတ်ပစ်လိုက်သည်။
ယခင်ကဆိုလျှင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အမတခုံရုံးနှင့် ထိပ်တိုက်တွေ့ခြင်းကို ရှောင်ခဲ့ရုံသာမက အဖြူရောင်ကြာပန်းသုခဘုံ၏ရန်ကိုပင် ကာကွယ်ပေးခဲ့သူဖြစ်သည်။
ယခု နတ်မိစ္ဆာမျိုးနွယ်မှ တာအိုသခင်’လုယာ’ ကို တိုက်ခိုက်လိုက်သည့်အခါ လူတိုင်းစိတ်ထဲ သံသယများဝင်လာကြသည်။
ထို့နောက်မှာတော့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က စန္ဒကူးဗုဒ္ဓကို ဝင်ရောက်တိုက်ခိုက်လိုက်ရာ တောင်ပိုင်းချန်စန်းဧကရာဇ်မှာ တိမ်မြူမှောင်မိုက်နတ်ဘုရားကို ဟန့်တားရန် အခွင့်အရေး ရသွားတော့သည်။
လက်ရှိမှာတော့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က မည်သည့်ဘက်မှရပ်တည်ကြောင်း ရှင်းလင်းသွားပေပြီ။
နတ်ဘုရားသတ်ဖြတ်ဘူးသီးခြောက်၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် ယန်ကျန်းနှင့် အခြားသူများ အင်တိုက်အားတိုက် ပြန်လည်ထိုးစစ်ဆင်လာနိုင်ကြသည်။
အခြေအနေက ပြောင်းလဲသွားပြီဖြစ်ရာ တာအိုသခင်’လုယာ’ မှာ ရွေးချယ်စရာမရှိတော့ဘဲ ကိုယ်တိုင်ကိုယ်ကျ စစ်မြေပြင်သို့ ဝင်ရောက်တိုက်ခိုက်ရပေပြီ။
သို့သော် ကြုံးဝါးသံတစ်သံက သူ့ကို ဆီးကြိုနေပေ၏။
“လုယာ...”
မဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုလုံးက တပြိုင်တည်း ဟိန်းဟောက်လိုက်ကြသည်။
နတ်ဘုရားသုတ်သင်အစီအရင်ထဲမှာပင် ရန်ကျောက်ကဲက စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု အတတ်ပညာကို စိုးရိမ်စိတ်ကင်းမဲ့စွာဖြင့် အစွမ်းကုန် ထုတ်ဖော်လိုက်သည်။
သူက နက်ရှိုင်းချီစွမ်းအား(၃)ခုကို ထုတ်လွှတ်လိုက်ရာ မဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
မိုးကုတ်စက်ဝိုင်းတစ်ခုလုံး အလင်းတန်းများဖြာထွက်သွားပြီး အလွန်တရာ ကြီးမားသော မျောက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။