← Chapters

သူတော်စင်ကျန်းချန် ပြန်လာပြီ

Vol. 174 Ch. 2488

သူတော်စင်ကျန်းချန် ပြန်လာပြီ

Vol. 174 Ch. 2488

လိပ်ပြာတောင်ကုန်းပေါ်တွင် ဗုဒ္ဓအလင်းတောက်ပနေ၏။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်အေးချမ်းနေသည်။ ထိုနေရာတစ်ခုလုံးသည် မြင့်မြတ်သောနေရာတစ်ခုကဲ့သို့ အလင်းများတောက်ပနေ၏။

တလက်လက်တောက်ပနေသော ရောင်စုံအလင်းသည် လိပ်ပြာတောင်ကုန်း၏တောင်ထွတ်တစ်ခု‌ပေါ်သို့ ဖြာကျနေသည်။ ငွေဖြူရောင်ဆံပင်နှင့် လူငယ်တစ်ဦးသည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံနေ၏။ သူ့နောက်တွင်လည်း လူနှစ်ယောက်သည် တိတ်တဆိတ်ထိုင်ကာ ကျင့်ကြံနေ၏။ သူတို့နှစ်ဦးလုံးသည် မိန်းမလှလေးများဖြစ်ကာ ဗုဒ္ဓအလင်းအောက်တွင် ပို၍ပင် ကြော့ရှင်းနေ၏။

ထိုမိန်းမပျိုနှစ်ဦးထဲမှ တစ်ဦးသည် ဗုဒ္ဓအလင်းရောင်ခြည်များအောက်တွင် ရှိနေ၏။ သူမသည် လွန်စွာလှပသော ဗောဓိသတ္တတစ်ပါးကဲ့သို့ပင်။ သူမသည် လွန်စွာသန့်စင်သောအရှိန်အဝါကို ထုတ်လွှတ်ထားသည်။ အခြားမိန်းမပျိုသည်လည်း အခြားလောကမှနတ်ဘုရားမတစ်ပါးအလား ထူးခြားသော ရောင်ဝါများ ခြုံလွှမ်းထား၏။

ထိုမိန်းမပျိုနှစ်ဦးမှာ ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့ ဖြစ်သည်။ ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းတွင် ဆက်၍ကျင့်ကြံမည်ဖြစ်ရာ သူသည် အနောက်ကောင်းကင်သို့သွား၍ ဟွာဂျီယူနှင့် အခြားသူများကို သွားရောက် ခေါ်ယူခဲ့၏။ ယခုတွင် ဟွာဂျီယူ၊ ချန်ယိနှင့် အခြားသူများသည် လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံနေပြီဖြစ်သည်။

ယနေ့တွင် သူတို့သည် လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံခဲ့သည်မှာ သုံးနှစ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပြီးခဲ့သောသုံးနှစ်အတွင်းတွင် ဟွာဂျီယူနှင့်အခြားသူများသည် ဗုဒ္ဓကျမ်းစာများကို ဖတ်ရှုခဲ့ကြ၏။ သူတို့သည် ဗုဒ္ဓလမ်းစဉ်နှင့် ဗုဒ္ဓတန်ခိုးများကို အထူးတလေ ကျင့်ကြံခြင်းမဟုတ်သော်လည်း အတတ်ပညာအားလုံးသည် အချင်းချင်း ဆက်စပ်နေကြသည် မဟုတ်ပါလော။ ထို့ပြင် ဗုဒ္ဓကျမ်းစာများသည် အလွန်လေးနက်၏။ တစ်ခါတရံ သူတို့ ဉာဏ်အလင်းပွင့်သောအခါ ယခင် နားမလည်သောအရာများမှာ ရှင်းလင်းစွာ နားလည်လာခဲ့သည်။

ထို့ကြောင့် သုံးနှစ်ကာလသည် သူတို့အတွက် လွန်စွာအကျိုးရှိသည်။

အမြန်ဆုံးတိုးတက်ခဲ့သူမှာ ဟွာချင်းချင်းဖြစ်၏။ သူမ၏အတိတ်ဘဝတွင် သူမသည် ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံရာတွင် အဖော်ပြုပေးခဲ့သော ဗုဒ္ဓမီးအိမ်တစ်လုံးဖြစ်သည် မဟုတ်ပေလော။ ဗုဒ္ဓအားလုံးအရှင်သည် ဗုဒ္ဓမီးအိမ်အနီးတွင် ဗုဒ္ဓကျမ်းစာအများအပြား နေ့စဉ်နေ့တိုင်း ရွတ်ဆို၏။ ထို့ကြောင့် ချင်းသန်းသည် သူမ၏အတိတ်ဘဝတွင် ဉာဏ်အလင်းပွင့်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူမ၏အတိတ်ဘဝမှ မှတ်ဉာဏ်များကို ပြန်ရလာပြီဖြစ်ရာ ဗုဒ္ဓများသည် သူမကို မဟာဗုဒ္ဓတစ်ပါးအဖြစ် ကင်ပွန်းတပ်ခဲ့သည်။ သူမ၏ကျင့်ကြံခြင်းသည် တစ်နေ့ထက်တစ်နေ့ ခုန်ပျံတိုးတက်လာသည်။

အခြားတစ်နေရာတွင် မျက်မမြင်ထျယ်သည် ဗုဒ္ဓအလင်းများစီးဆင်းရာမှ ဖြစ်ပေါ်လာသည်ဟုထင်ရသော ရွှေရောင်ရေတံခွန်‌အောက်တွင် ကျင့်ကြံနေသည်။ ထိုအခိုက်တွင် သူ့အနီးတွင် ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာ၏။ မျက်မမြင်ထျယ်သည် တစ်စုံတစ်ခုကို အာရုံရလိုက်သကဲ့သို့ မျက်ခုံးပင့်လိုက်သည်။ သူက ထွက်ပေါ်လာသူဘက်သို့ မျက်နှာမူလိုက်၏။ သို့သော် တဒင်္ဂအတွင်းမှာပင် သူသည် ထိုဘက်တွင် မည်သည့်အရာကိုမှ အာရုံမခံမိတော့ပေ။

သူက အာရုံထွေပြားခြင်းပေလော။ မျက်မမြင်ထျယ်က တွေးလိုက်သည်။ သူသည် ထူးဆန်းသည့်တစ်စုံတစ်ရာကို ခံစားမိလိုက်သည်။ သူ၏အာရုံက မမှားနိုင်ပေ။

အခြားတစ်နေရာ၌ စေတီတော်တစ်ခုအောက်တွင် ပုံရိပ်အချို့သည် ထိုင်ကာ ကျင့်ကြံနေကြ၏။ ထိုလူငယ်များမှာ ဖန်းစွင်တို့အုပ်စုဖြစ်သည်။

ထိုအခိုက်တွင် သူတို့နောက်၌ ပုံရိပ်တစ်ခုပေါ်လာသည်။ သူတို့လေးဦးသည် ထိုပုံရိပ်ကို လုံးလုံးမမြင်ကြပေ။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းတွင်သာ အာရုံနစ်ဝင်နေကြသည်။ လျင်မြန်စွာပင် ထိုပုံရိပ်သည် ထပ်မံပျောက်ကွယ်သွားပြီး ရီဖူရှင်းထိုင်နေရာတွင် ပေါ်လာသည်။ ၎င်းသည် သူ၏ကိုယ်ပိုင်ပုံရိပ်ယောင်ဖြစ်၏။ ထိုအခိုက်၌ သူ၏ပုံရိပ်ယောင်သည် ထိုနေရာတွင် တိတ်တဆိတ်ထိုင်နေသော သူ၏မူလခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစပ်သွားသည်။ သူသည် ထိုနေရာမှတစ်လှမ်းမှ မခွာဘဲ ထိုင်ကာကျင့်ကြံနေခဲ့သကဲ့သို့ပင်။

ပတ်ဝန်းကျင်တွင် မည်သူတစ်ဦးမှ အာကာသမဟာလမ်းစဉ်စွမ်းအား၌ ပြောင်းလဲမှုများဖြစ်သွားသည်ကို မသိလိုက်ကြချေ။

ရီဖူရှင်းနောက်တွင် ထိုင်နေသော ဟွာချင်းချင်းသည် သူ့ကို တစ်ချက်ကြည့်၏။ သူမ၏အကြည့်တွင် အပြုံးသဲ့သဲ့ပါသည်။ ထိုအချိန်တွင် ရီဖူရှင်းသည်လည်း မျက်လုံးဖွင့်လိုက်၏။ သူသည် ဝိညာဉ်တောင်ကုန်းအောက်ရှိ ရှုခင်းကို ငုံ့ကြည့်လိုက်ပြီး ရေရွတ်လိုက်သည်။

“မျှော်လင့်ထားသလိုပဲ ဗုဒ္ဓရောင်ဝါခြေလှမ်းက ဆန်းကြယ်တာပဲ။ ဒီပညာဟာ ဘာခြေရာလက်ရာမှ မကျန်ဘဲ သွားလာနိုင်တယ်။ ငါ့ထက် ကျင့်ကြံဆင့်နိမ့်တဲ့သူတွေဆိုရင် ငါရောက်လာတာတောင် သတိမထားမိဘူး။ ငါသာ သူတို့ကိုတိုက်ခိုက်မယ်ဆိုရင် သူတို့ သေချာပေါက် အန္တရာယ်နဲ့ကြုံမှာပဲ”

ဟွာချင်းချင်းပြန်ပြောလိုက်၏။

“ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးစလုံးက ဆန်းကြယ်တာပဲ။ နင်သာ ပိုမြင့်တဲ့ကျင့်ကြံခြင်းအဆင့်ကို ရောက်သွားရင် နင့်ရဲ့ဗုဒ္ဓရောင်ဝါခြေလှမ်းကလည်း ပိုပြီးစွမ်းအားကြီးလာမှာပဲ။ အဲအချိန်ကျရင် လောကထဲမှာ နင်ကြိုက်တဲ့နေရာကို သွားလို့ရတယ်။ ကောင်းကင်နဲ့မြေကြီးက နင့်ကိုချည်နှောင်ထားနိုင်မှာ မဟုတ်တော့ဘူး”

“အခု နင် ဘယ်ကိုသွားခဲ့တာလဲ”

ဟွာဂျီယူက စိတ်ဝင်တစားမေးသည်။ သူမတို့၏မျက်လုံးများထဲတွင် ရီဖူရှင်းသည် ရုတ်ခြည်းပျောက်၍ ရုတ်ခြည်းပြန်ပေါ်လာ၏။ သူသည် မည်သည့်အခါကမှ ထွက်မသွားခဲ့သကဲ့သို့ပင်။ သို့သော် ရီဖူရှင်းသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံနေခြင်းဖြစ်ပြီး တစ်နေရာရာသို့ ရုတ်ခြည်းရောက်သွားခြင်းဖြစ်ကြောင်း သူမတို့နားလည်သည်။

“ငါ နေရာအများကြီး သွားခဲ့တယ်”

ရီဖူရှင်းက ဟွာဂျီယူနှင့် ဟွာချင်းချင်းတို့ဘက်သို့ လှည့်ကာ ပြန်ပြောသည်။

ဟွာဂျီယူ ၏ လှပသောမျက်ဝန်းများထဲတွင် အံ့အားသင့်သောအရိပ်အယောင်တစ်ခု ပေါ်လာသည်။ ရီဖူရှင်းသည် တဒင်္ဂအတွင်းမှာပင် နေရာအများကြီးသို့ သွားနိုင်လေသလော။

ထိုကဲ့သို့သောအရှိန်သည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်၏။ အာကာသမဟာလမ်းစဉ်ကို ကျင့်ကြံသူသည်ပင် ထိုကဲ့သို့ မသွားလာနိုင်ချေ။

ထိုအခိုက်တွင် သူတို့ရှိနေရာတွင် လူရိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။ ထိုလူသည် ယွီမူပင်။

ယွီမူသည်လည်း ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံသဖြင့် ခြေရာလက်ရာမကျန်ဘဲ သွားလာနိုင်၏။ အာကာမဟာလမ်းစဉ်စွမ်းအား လက္ခဏာမပေါ်ဘဲနှင့် သူသည် ထိုနေရာသို့ ရုတ်ခြည်းရောက်လာသည်။

“ကိုယ်တော်...”

ရီဖူရှင်းသည် ထရပ်ကာ အနည်းငယ်ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

“ဒကာလေးရီ...”

ယွီမူကလည်း ပြန်၍ နှုတ်ဆက်သည်။

“ကိုယ်တော့်ဆီမှာ ဒကာလေးကို သတင်းပေးစရာတစ်ခုရှိတယ်။ အနောက်ကောင်းကင်မှာတုန်းက ဒကာလေးက ကျန်းချန်ဘုံကျောင်းနဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး သူတော်စင်ကျန်းချန်က အဲအဖြစ်အပျက်ပြီးတော့ ပျောက်ဆုံးသွားခဲ့တယ်မလား။ မကြာသေးခင်တုန်းက သူတော်စင်ကျန်းချန် ကျန်းချန်ဘုံကျောင်းကို ပြန်ရောက်လာတယ်။ ဒကာလေးက ဝိညာဉ်တောင်ကုန်းမှာ ကျင့်ကြံနေတယ်ဆိုတာ သူသတင်းရသွားပြီ... သူအခုဒီကိုလာနေပြီ။ သူမကြာခင်ရောက်လာလိမ့်မယ်လို့ ကိုယ်တော်ထင်တယ်”

“ဒီတော့ သူမသေခဲ့ဘူးပေါ့”

ရီဖူရှင်း ရေရွတ်လိုက်၏။ ထိုသို့ဖြစ်မည်ကို သူမျှော်လင့်ထားပြီးဖြစ်သည်။ သူသည် သူတော်စင်ကျန်းချန်ကို မသတ်နိုင်ခဲ့သော်လည်း အပြင်းအထန်ဒဏ်ရာရသွားအောင်တော့ လုပ်ခဲ့သည်။ သူတော်စင်ကျန်းချန်သည် ယခုမှ ကျန်းချန်ဘုံကျောင်းကို ပြန်ရောက်လာခြင်းဖြစ်ရာ သူ ဒဏ်ရာပျောက်သွားသည်မှာ မကြာလောက်သေးပေ။

ယခုတွင် ရီဖူရှင်းသည် လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံနေ၏။ ဤနေရာတွင် သိပ်အခြေမကျသေးသော်လည်း သူ အနောက်ကောင်းကင်မှ ထွက်လာသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူတော်စင်ကျန်းချန်သည် သူ့ကိုရှာရန် လိပ်ပြာတောင်ကုန်းသို့ အမှန်ပင် လာနေပေပြီ။ သူ၏ရန်ငြိုးသည် မည်မျှနက်ရှိုင်းကြောင်း သိနိုင်၏။

ထိုစဉ်က တိုက်ပွဲအတွင်း၌ ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူအများစုသည် အသတ်ခံလိုက်ရသည်။ သူတော်စင်ကျန်းချန်သည်သာ ပြင်းထန်သောဒဏ်ရာများနှင့် လွတ်မြောက်သွား၏။

ကျန်းချန်ဘုံကျောင်းသည် ယခင်ကကဲ့သို့ ဩဇာမရှိတော့ပေ။ ထို့ကြောင့် သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကို ရန်ငြိုးကြီးကြီးမားမား ထားနေခြင်းဖြစ်သည်။ ထိုရန်ငြိုးကို ဖြေရှင်းရန် လိုအပ်နေပေပြီ။

သူတော်စင်ကျန်းချန်သည် မူလက ‌ဗုဒ္ဓဂိုဏ်းမှဖြစ်သည်။ သူ့အနေဖြင့် လိပ်ပြာတောင်ကုန်းသို့ လာခြင်းသည် မထူးဆန်းပေ။

“ဒကာလေးရီ စိုးရိမ်စရာမလိုပါဘူး။ လိပ်ပြာတောင်ကုန်းပေါ်မှာ သူတောင်စင်ကျန်းချန် ဒကာလေးကို ဘာမှမလုပ်နိုင်ပါဘူး”

ယွီမူသည် ရီဖူရှင်းကို နှစ်သိမ့်လိုက်သည်။ ရီဖူရှင်းသည်လည်း ထိုအကြောင်းကို နားလည်၏။ သူသည် ဗုဒ္ဓအားလုံးအရှင်ကိုယ်တိုင် လက်ခံထားသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဗုဒ္ဓအားလုံးအရှင်သည် သူ့ကို လိပ်ပြာတောင်ကုန်းတွင် ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးထဲမှ တစ်မျိုးကို ကျင့်ကြံခိုင်းထား၏။ ထိုအခြေအနေအောက်တွင် သူတော်စင်ကျန်းချန်သည် ရီဖူရှင်းကို သတ်ရန် လိပ်ပြာတောင်ကုန်းသို့ လာခဲ့လျှင် ဗုဒ္ဓအားလုံးအရှင်သည် သူ့ကိုမည်သို့အပြစ်ပေးမည်နည်း။

နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာသည်။ ဤအကြိမ်ရောက်လာသူကား ဒုက္ခသမာဓိမထေရ်ပင်။ သူရောက်လာသောအခါ လက်အုပ်ချီ၍ ဟွာချင်းချင်းကို ဦးညွှတ်ကာ ပြောလိုက်သည်။

“နှုတ်ခွန်းဆက်ပါတယ် ဗုဒ္ဓအရှင်”

လိပ်ပြာတောင်ကုန်းပေါ်မှ ကျင့်ကြံသူများသည် ဟွာချင်းချင်းကို ရိုသေလေးစားစွာဆက်ဆံနေကြဆဲဖြစ်သည်။ ဗုဒ္ဓအားလုံးအရှင်နောက်သို့ နှစ်ပေါင်းများစွာလိုက်ခဲ့သည့် ဒုက္ခသမာဓိမထေရ်ပင် ဟွာချင်းချင်းကို လေးလေးစားစား ဆက်ဆံ၏။ ဟွာချင်းချင်းသည် ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံရာတွင် အသင်္ချေပေါင်းများစွာ အဖော်ပြုပေးခဲ့သော ဗုဒ္ဓမီးအိမ်တစ်လုံးဖြစ်ဖြစ်သည်။

“နှုတ်ခွန်းဆက်ပါတယ် ကိုယ်တော်ဒုက္ခသမာဓိ”

ဟွာချင်းချင်းသည်လည်း ဦးညွှတ်၍ ပြန်နှုတ်ဆက်၏။ ရီဖူရှင်းသည်လည်း သူ့ကိုနှုတ်ဆက်လိုက်၏။ ဒုက္ခသမာဓိသည် ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။

“သူတော်စင်ကျန်းချန်က သမုဒ္ဒရာကိုတောင် ဖြတ်နေပြီ။ သူမကြာခင် လိပ်ပြာတောင်ကုန်းကို ရောက်လာတော့မယ်။ ဒါပေမဲ့ ဒကာလေးရီ အေးအေးဆေးဆေး ကျင့်ကြံပါ။ လိပ်ပြာတောင်ကုန်းပေါ်မှာ ဒကာလေးရီ ဘာမှဖြစ်မှာမဟုတ်ပါဘူး”

“ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်တော်”

ရီဖူရှင်း ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်၏။ ကိုယ်တော်ဒုက္ခသမာဓိသည် သူစိတ်အေးစေရန် လာရောက်ပြောခြင်းဖြစ်ရပေမည်။ သူတော်စင်ကျန်းချန်သည်ပင် လိပ်ပြာတောင်ကုန်းပေါ်တွင် ထင်သလို မပြုမူနိုင်ပေ။

All Chapters