ဗုဒ္ဓကို ရှာဖွေခြင်း
Vol. 174 Ch. 2489
လိပ်ပြာတောင်ကုန်းပေါ်တွင် ဗုဒ္ဓများ ရုတ်တရက် ရောက်လာကြ၏။ အနောက်ကောင်းကင်တွင် လိပ်ပြာတောင်ကုန်းသည် ဗုဒ္ဓလမ်းစဉ်ကို ရှာဖွေသူများအတွက် မြင့်မြတ်နေရာဖြစ်သည်။ ဗုဒ္ဓတစ်ပါးစီသည် သူတို့၏ကိုယ်ပိုင်ကျင့်ကြံခြင်းကျောင်းတော်များရှိကြ၏။ ထို့ပြင် သူတို့အကုန်လုံးသည် လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံခြင်းမဟုတ်ပေ။
သို့သော် ဗုဒ္ဓများ၏ ကျင့်ကြံခြင်းကျောင်းတော်များသည် လိပ်ပြာတောင်ကုန်းနှင့် ဆက်စပ်နေကြပြီး လိပ်ပြာတောင်ကုန်းသို့ အလွယ်တကူ လာရောက်နိုင်ကြ၏။ သို့သော် ထိုအခွင့်အရေးသည် အဆင့်အတန်းမြင့်မားသည့် ဗုဒ္ဓများအတွက်သာဖြစ်သည်။
ဤအကြိမ်တွင် ဗုဒ္ဓများ လိပ်ပြာတောင်ကုန်းသို့ ရောက်လာရခြင်းမှာ သတင်းအချို့ကြောင့်ဖြစ်၏။ သူတော်စင်ကျန်းချန်သည် အသက်ရှင်နေပြီး ကျန်းချန်ဘုံကျောင်းသို့ ပြန်ရောက်လာခဲ့သည်။ ယခုတွင် သူသည် ရီဖူရှင်းနှင့် စာရင်းရှင်းရန်အတွက် လိပ်ပြာတောင်ကုန်းသို့ လာနေ၏။
သူတို့ရရှိထားသော သတင်းများအရ ထိုစဉ်ကတိုက်ပွဲတွင် သူတော်စင်ကျန်းချန်သည် သူ၏လက်အောက်ငယ်သားများကို ဦးဆောင်၍ ရီဖူရှင်းကို လိုက်ဖမ်းခဲ့သော်လည်း ထိုလူများမှာ ရီဖူရှင်း၏လက်ချက်ဖြင့် သေသွားကြသည်။ ကျန်းချန်ဘုံကျောင်းမှ ကျင့်ကြံသူအများစုသေဆုံးသွားပြီး သူတော်စင်ကျန်းချန်တစ်ဦးတည်းသာ ဒဏ်ရာအပြင်းအထန်ဖြင့် လွတ်မြောက်သွား၏။ သူသည် လူမြင်ကွင်းမှ နှစ်ပေါင်းများစွာ ပျောက်နေခဲ့ပြီး မကြာသေးခင်ကမှ ကျန်းချန်ဘုံကျောင်းသို့ ပြန်ရောက်လာသည်။
သူတော်စင်ကျန်းချန်၏ဒဏ်ရာများသည် ယခုအထိ အပြည့်အဝပြန်မကောင်းသေးဟု ခန့်မှန်းနိုင်သည်။ ဒဏ်ရာအနည်းငယ် သေချာပေါက်ကျန်ပေဦးမည်။
သို့သော် ထိုကဲ့သို့ ဆိုးဝါးသည့်အခြေအနေကို ကြုံတွေ့ခဲ့ရလျှင်လည်း မည်သူမှ လက်စားမချေဘဲ အေးအေးဆေးဆေး ထိုင်မနေနိုင်ပေ။
ထို့ကြောင့် ဗုဒ္ဓများသည် လိပ်ပြာတောင်ကုန်းသို့ ကြို၍လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် ထိုရန်ငြိုးမည်သို့ အဆုံးသတ်သွားမည်ကို စိတ်ဝင်စားကြ၏။
ရီဖူရှင်းတို့အုပ်စုအတွက်ကား များစွာ အပြောင်းအလဲမရှိချေ။ မကြာခင်မှာပင် လိပ်ပြာတောင်ကုန်းမှာ သက်ဝင်စည်ကားလာ၏။ သူတော်စင်ကျန်းချန် ရောက်ရှိလာပေပြီ။
ရှေးဟောင်းရွှေတောင်ထွတ်ပေါ်ရှိ ရီဖူရှင်းသည် သူ့အပေါ်သို့ နတ်အာရုံများစွာ ကျရောက်လာကြောင်း အာရုံခံမိ၏။ ဗုဒ္ဓများသည် သူ့ကိုကြည့်ရှုနေကြောင်း သိသာထင်ရှားသည်။ တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှနေ၍ လွန်စွာကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်လာပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မြင့်မြတ်သောနယ်မြေဖြစ်သည့် လိပ်ပြာတောင်ကုန်းပေါ်တွင် အားကောင်းသောရန်ငြိုးတစ်ခု ပေါ်ပေါက်လာပြီး ပတ်ဝန်းကျင်၏တည်ငြိမ်အေးချမ်းမှုကို အနည်းငယ်နှောင့်ယှက်သွားသည်။
လိပ်ပြာတောင်ကုန်းသည် ဗုဒ္ဓလောကတွင် မြင့်မြတ်သောနေရာတစ်ခုဖြစ်သည်။ သာမန်လူများအနေဖြင့် ဤနေရာတွင် စိတ်လိုက်မာန်ပါမလုပ်ရဲပေ။ သို့သော် သူတော်စင်ကျန်းချန်သည် မူလက ဗုဒ္ဓဂိုဏ်းတစ်ခုမှဖြစ်သည်။ သူ၏အဆင့်အတန်းသည် မနိမ့်ကျပေ။ ထို့ကြောင့် သူသည် ထိုသို့ ပြုမူရဲ၏။
ခေတ္တမျှကြာပြီးနောက် ရီဖူရှင်းတို့အုပ်စုသည် သူတို့ရှေ့တွင် ပေါ်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။
သူတော်စင်ကျန်းချန်သည် ရှေးဟောင်းရွှေတောင်ထွတ်ရှေ့တွင် ရပ်နေသည်။ သူ၏အကြည့်များက ရီဖူရှင်းပေါ်တွင်သာ ကျရောက်နေ၏။ သူ့မျက်ဝန်းများထဲတွင် ရေခဲတမျှအေးစက်သော အကြည့်များရှိနေ၏။ သူ့မျက်ဝန်းအတွင်းရှိ သတ်ဖြတ်လိုသောအရိပ်အယောင်များသည် နေ့ခင်းအလား ရှင်းလင်းသည်။
သို့သော် ရီဖူရှင်း၏ရှေ့မလှမ်းမကမ်းတွင် ကိုယ်တော်တစ်ပါးရပ်နေသည်။ ထိုကိုယ်တော်ကား ဒုက္ခသမာဓိမထေရ်ပင်။ ရီဖူရှင်း၏ဘေးတွင် ဟွာချင်းချင်းသည်လည်း တိတ်တဆိတ်ရပ်နေ၏။
ယခုတွင် ဗုဒ္ဓဂိုဏ်းများအကြားတွင် ဟွာချင်းချင်း၏အဆင့်သည် မြင့်သည်ဟု ဆိုနိုင်သည်။ ဗုဒ္ဓအရှင်အဆင့်ကျင့်ကြံသူများပင် သူမကို ဗုဒ္ဓဟု ခေါ်ဝေါ်ကြရ၏။
“နှုတ်ခွန်းဆက်ပါတယ် ကိုယ်တော်ဒုက္ခသမာဓိ”
သူတော်စင်ကျန်းချန်သည် ခေါင်းအနည်းငယ်ညိတ်၍ ဒုက္ခသမာဓိကို နှုတ်ဆက်လိုက်သည်။ သူသည် မာနကြီးသူဖြစ်သော်လည်း ဗုဒ္ဓအားလုံးအရှင်၏အလုပ်အကြွေးပြုသူကိုမူ ရိုသေလေးစားရ၏။ သူသည် အနည်းငယ်ပင် စည်းမကျော်ဝံ့ပေ။
“နှုတ်ခွန်းဆက်ပါတယ် သူတော်စင်ကျန်းချန်”
ဒုက္ခသမာဓိကသည် မာနတစ်ရွေးသားပင် မပါဘဲ ပြန်နှုတ်ဆက်၏။
“ကိုယ်တော်ဒုက္ခသမာဓိ... ဒီလူက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျန်းချန်ဘုံကျောင်းကလူတွေအများကြီးကို သတ်ခဲ့တာပါ။ ကျန်းချန်ဘုံကျောင်းရဲ့ လက်ထောက်အရှင်တောင် သူ့လက်ချက်နဲ့ သေသွားရပါတယ်။ ကျန်းချန်ဘုံကျောင်းက အဆုံးအရှုံးအများကြီးခံခဲ့ရပြီး ကျွန်တော်တောင် လက်မတင်လေး အသက်ရှင်ခဲ့ရတာပါ”
သူတော်စင်ကျန်းချန်ပြောလိုက်သည်။
“နောက်တော့... ဒီလူဟာ ဗုဒ္ဓမီးအိမ်ကနေပြီး ဗုဒ္ဓအဖြစ်ပြန်ဝင်စားခဲ့တဲ့ လူတစ်ယောက်ကိုမှီခိုပြီး လိပ်ပြာတောင်ကုန်းပေါ်မှာ ကျင့်ကြံနေတယ်လို့ ကြားခဲ့ရပါတယ်။ အဲဒါကြောင့် ကျုပ် ဒီကိုလာကြည့်တာပါ။ အာရုံခြောက်ပါးကောင်းကင်မှာ မုန်တိုင်းထန်အောင်လုပ်သွားပြီး လူအများကြီးကို သတ်ပစ်ခဲ့တဲ့သူက ဘယ်လိုများ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံနိုင်မှာလဲဆိုတာ ကျွန်တော် မြင်ချင်လို့ပါ ”
“သူတော်စင်ကျန်းချန်... ဒကာကြီးရဲ့ ဒေါသကိုဖြေဖျောက်လိုက်ပါ”
ဒုက္ခသမာဓိသည် လက်အုပ်ချီ၍ သူတော်စင်ကျန်းချန်ကို ဦးညွှတ်ကာ ပြောလိုက်သည်။
“အရင်တုန်းကဖြစ်ခဲ့တာတွေက အကြောင်း၊ အကျိုးကြောင့်ပါပဲ။ သူတော်စင်ကျန်းချန်... ဒကာကြီးက ကိုယ်တိုင်စိုက်ပျိုးခဲ့တာပါ။ အဲတော့ ကိုယ်စိုက်ပျိုးတာ ကိုယ်ရိတ်သိမ်းခဲ့ရတာပါ။ အခု ဒကာကြီးဒီကို ရောက်နေပြီဆိုတော့ ဒကာကြီးရဲ့ရင်ထဲမှာရှိနေတဲ့ ရန်လိုမှုတွေပျောက်သွားအောင် လိပ်ပြာတောင်ကုန်းမှာ အချိန်တစ်ခုလောက်အထိ ဗုဒ္ဓဓမ္မကို ကျင့်ကြံလိုက်ပါ။ ဒီနည်းနဲ့ ဒကာကြီးရဲ့ စွဲလမ်းမှုကို ချေချွတ်နိုင်ပါလိမ့်မယ်”
ဒုက္ခသမာဓိဆက်ပြောလိုက်၏။
“ဒကာလေးရီအတွက်ကတော့ သူလိပ်ပြာတောင်ကုန်းမှာ ကျင့်ကြံဖို့ ဗုဒ္ဓအားလုံးအရှင်က စီစဉ်ပေးခဲ့တာပါ။ ဘာလို့လည်းဆိုတော့ ဒီဒကာလေးရီက ဗုဒ္ဓလမ်းစဉ်နဲ့ရေစက်ပါလို့ပါပဲ”
ဒုက္ခသမာဓိသည် ရီဖူရှင်း လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံနေခြင်းမှာ ဗုဒ္ဓအားလုံးအရှင်စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း တိုက်ရိုက်ပြောလိုက်၏။ ဗုဒ္ဓအားလုံးအရှင်သည် ဗုဒ္ဓလောကတွင် ဦးသျှောင်ဖြစ်သည်။ အနောက်ကောင်းကင်တွင်ဖြစ်ပျက်နေသမျှသည် သူ့မျက်စိအောက်မှ မလွတ်နိုင်ပေ။ သူသည် ယခင်က မည်သည့်အရာများဖြစ်ခဲ့ကြောင်း သိမြင်၏။ ဒုက္ခသမာဓိသည် ဆက်၍ပြောရန် မလိုတော့ပေ။ သူတော်စင်ကျန်းချန်းသည် အခြေအနေကို ဖတ်နိုင်သည်။
သူတော်စင်ကျန်းချန်သည် ဒုက္ခသမာဓိဆိုလိုသည်ကို နားလည်၏။ ဒုက္ခသမာဓိဆိုလိုသည်မှာ ရီဖူရှင်းသည် မည်သည့်အမှားမှမလုပ်ထားသဖြင့် သူတော်စင်ကျန်းချန်သာ ဗုဒ္ဓကျမ်းစာများကို လေ့လာရင်း ကိုယ့်လုပ်ရပ်ကို ကိုယ့်ဘာသာပြန်ဆင်ခြင်သင့်သည်ဟူ၍ ဖြစ်သည်။
သူသည် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း သူ၏ကိုယ်ပိုင်အင်အားကို ထူထောင်ရန်သာ အတွေးများနေခဲ့သည်။ သူနှင့် ဗုဒ္ဓဂိုဏ်းများအကြားမှ ဆက်ဆံရေးသည် သိပ်မရင်းနှီးပေ။ သို့သော် သူ၏အစ်ကိုကြီးသည် ထိပ်သီးဗုဒ္ဓအရှင်တစ်ပါးဖြစ်သော ထုံချန်းဗုဒ္ဓအရှင်ဖြစ်သည်။
“ကောင်းပါပြီ... ဗုဒ္ဓအားလုံးအရှင်စီစဉ်တာဆိုတော့လည်း ကျွန်တော် ဘာမှလုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ လိပ်ပြာတောင်ကုန်းနဲ့အဝေးမှာတော့ ဒီရန်ငြိုးရှိနေသေးတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ကျွန်တော် ဗုဒ္ဓအားလုံးအရှင်ကို ခွင့်လွှတ်ဖို့ ကြိုပြီးတောင်းပန်ပါတယ်”
သူတော်စင်ကျန်းချန်က ပြောလိုက်သည်။ သူ၏လေသံသည် လုံးဝမယဉ်ကျေးပေ။ ဗုဒ္ဓဂိုဏ်းများသည် အခြားလောကများရှိ ဂိုဏ်းများနှင့် ကွဲပြားသည်။ အခြားလောကများတွင် လက်အောက်ငယ်သားများသည် မဟာအင်ပါယာအဆင့်ကျင့်ကြံသူများကို နာခံရသည်။ သူတို့သည် သူတို့ထက်စွမ်းအားကြီးသူများကို မခန့်လေးစားမလုပ်ရဲကြပေ။
သို့သော် ဗုဒ္ဓအားလုံးအရှင်သည် သနားကရုဏာကြီးမားပြီး လောကီအရေးများတွင် ဝင်ရောက်မစွက်ဖက်ပေ။ အရာအားလုံးသည် စည်းမျဉ်းဥပဒေနှင့် ကံတရားပေါ်တွင်သာ မူတည်သည်။ သူသည် မည်သည့်အရာကိုမှ ဖိအားပေးမည်မဟုတ်သလို ဖြစ်ပျက်နေသည်များကိုလည်း ဝင်ရောက်နှောင့်ယှက်မည်မဟုတ်ပေ။
လိပ်ပြာတောင်ကုန်းအပြင်၌ ဗုဒ္ဓအားလုံးအရှင်သည် လောကီရေးရာများတွင် ဝင်ပါမည်မဟုတ်ချေ။
ထို့ပြင် ဗုဒ္ဓလောက၏ စည်းမျဉ်းဥပဒေထုတ်သူများသည် ရီဖူရှင်းအပေါ် သက်ညှာမည်မဟုတ်ပေ။
“ကျန်းချန်... မင်းက စည်းကျော်နေတာပဲ”
အသံတစ်ခုထွက်ပေါ်လာသည်။ သူတော်စင်ကျန်းချန်သည် နောက်လှည့်ကြည့်လိုက်ရာ ဗုဒ္ဓတစ်ပါးပေါ်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူကား ထုံချန်းဗုဒ္ဓအရှင်ပင်။
ထုံချန်းဗုဒ္ဓအရှင်၊ သူတော်စင်ကျန်းချန်နှင့် စဦးသမာဓိအရှင်တို့သည် ဆရာတစ်ဦးတည်းအောက်တွင် သင်ကြားခဲ့ကြ၏။ ယခင်က သူတို့သည် ရှေးဟောင်းဗုဒ္ဓတစ်ပါးလက်အောက်တွင် ကျင့်ကြံခဲ့ကြသည်။ သို့သော် သူတို့သည် ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး သိပ်မရင်းနှီးပေ။ ထုံချန်းဗုဒ္ဓအရှင်သည် လွန်စွာအဆင့်အတန်းမြင့်သည်။ သူတော်စင်ကျန်းချန်ဖြစ်စေ၊ စဦးသမာဓိအရှင်ဖြစ်စေ သူ၏အာရုံစိုက်မှုခံရရန် မထိုက်တန်ပေ။
မည်သို့ပင်ဆိုစေကာမူ ထုံချန်းဗုဒ္ဓအရှင်သည်လည်း ရီဖူရှင်းကို အမြင်မကြည်ပေ။ သူတို့သည် တစ်ဂိုဏ်းတည်းသားများ မဟုတ်ပေလော။ စဦးသမာဓိအရှင်သည် ရီဖူရှင်း၏သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ကျန်းချန်သည်လည်း သေလုနီးပါးဖြစ်ခဲ့သည်။
“ကျွန်တော့်ကို ခွင့်လွှတ်ပါ အစ်ကိုကြီး”
သူတော်စင်ကျန်းချန်သည် ထုံချန်းဗုဒ္ဓအရှင်ကို ဦးညွှတ်၍ ပြောလိုက်သည်။ သူသည် လွန်စွာယဉ်ကျေးပုံပေါ်သည်။ သူတို့သည် သာမန်ညီအစ်ကိုများနှင့် မတူပေ။
တုန်းချန်းဗုဒ္ဓအရှင်သည် သူ့ကိုတစ်ချက်ကြည့်၍ ပြောလိုက်သည်။
“မင်း ဒီကိုဘာလို့လာခဲ့တာလဲဆိုတာ ငါသိပါတယ်။ မင်းက ဒဏ်ရာတွေတောင် မရှင်းမပျောက်သေးဘူးပဲ။ မင်းက ကြောင်မျက်ရှင်သန့်စင်လောကကို သွားချင်လို့မလား”
“အစ်ကိုကြီး... ကျွန်တော့်ကို ကူညီပေးပါ”
သူတော်စင်ကျန်းချန်က ဦးညွှတ်၍ ပြန်ပြောလိုက်သည်။ ထုံချန်းဗုဒ္ဓအရှင်သည် အခြားသူများ၏စိတ်ကိုဖတ်နိုင်ရာ ဤကိစ္စကို သူ မသိအောင် လျှို့ဝှက်မထားနိုင်ပေ။
ကြောင်မျက်ရှင်သန့်စင်လောကသည် ဗုဒ္ဓလောကတွင် သီးခြားတည်ရှိနေသော လောကတစ်ခုဖြစ်၏။ ကြောင်မျက်ရှင်သန့်စင်လောက၏ဆရာသခင်သည် သမားတော်ဗုဒ္ဓအရှင်ဟုခေါ်သည့် ရှေးဟောင်းဗုဒ္ဓတစ်ပါးဖြစ်သည်။
သမားတော်ဗုဒ္ဓအရှင်သည် အထွတ်အမြတ်ဗုဒ္ဓတစ်ပါးဖြစ်သည်။ ဗုဒ္ဓအားလုံးအရှင်သည်ပင် သူ့ကိုအလွန်ယဉ်ကျေးစွာ ဆက်ဆံရသည်။ သူသည် ဗုဒ္ဓလောက၏ အစစ်အမှန်အမွေအနှစ်တစ်ခုဟု ဆိုနိုင်၏။ သူသည် လူမြင်ကွင်းတွင် ပေါ်လာခဲပြီး ဗုဒ္ဓအားလုံးအရှင်ပွဲတော်သို့ပင် မတက်ရောက်ပေ။ ပွဲတော်သို့ သူ၏တပည့်အနည်းငယ်သာ ရောက်လာသည်။
သူတော်စင်ကျန်းချန်၏ကျင့်ကြံခြင်းသည် စွမ်းအားကြီးကာ ဗုဒ္ဓလောကတွင် အဆင့်အတန်းမြင့်သော်လည်း ကြောင်မျက်ရှင်သန့်စင်လောကသည် သူ့စိတ်ကြိုက်သွားနိုင်သော နေရာတစ်ခုမဟုတ်ပေ။ သူသည် ထိုလောကသို့ရောက်နိုင်ရန် ထုံချန်းဗုဒ္ဓအရှင်၏အကူအညီလိုအပ်သည်။
လိပ်ပြာတောင်ကုန်းပေါ်တွင် ကြောင်မျက်ရှင်သန့်စင်လောကသို့ သွားသည့်လမ်းကြောင်းတစ်ခုရှိသည်။
“သူက ဒဏ်ရာတွေပြန်မကောင်းသေးလို့ သမားတော်ဗုဒ္ဓအရှင်နဲ့ တွေ့ချင်နေတာပဲ”
ဟွာချင်းချင်းသည် ရီဖူရှင်းကို အတွေးပို့လွှတ်၍ ပြောလိုက်သည်။ ပြီးခဲ့သောနှစ်ပိုင်းအတွင်း၌ ရီဖူရှင်းသည် ဗုဒ္ဓလောကအတွင်းရှိ ထိပ်သီးများကို ပို၍နားလည်လာခဲ့သည်။ သမားတော်ဗုဒ္ဓအရှင်သည် ဒဏ္ဍာရီဆန်သည့်ဗုဒ္ဓတစ်ပါးဖြစ်ပြီး ရှေးဟောင်းဗုဒ္ဓအစစ်အမှန်တစ်ပါးဖြစ်သည်။
ယခုအခြေအနေအရ သူတော်စင်ကျန်းချန်သည် ယခင်ကရခဲ့သည့် ဒဏ်ရာများအရှင်းမပျောက်သေးပုံပင်။ ထို့ကြောင့် သူသည် ကြောင်မျက်ရှင်သန့်စင်လောကသို့သွားကာ သမားတော်ဗုဒ္ဓအရှင်ထံမှ ကုသမှုကို ခံယူလို၏။
“ကောင်းပြီ... ငါမင်းကို ကူညီပါမယ်။ ဒါပေမဲ့ သမားတော်ဗုဒ္ဓအရှင်က မင်းကို ကုပေးချင်လား၊ ကုမပေးချင်ဘူးလားဆိုတာကတော့ မင်းရဲ့ကံတရားအပေါ်မှာပဲ မူတည်တယ်”
ထုံချန်းဗုဒ္ဓအရှင်က သာမန်လေသံဖြင့် ပြောသည်။
“အစ်ကိုကြီးရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်”
သူတော်စင်ကျန်းချန်က ဦးညွှတ်၍ ပြန်ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့...”
ထုံချန်းဗုဒ္ဓအရှင်က ညွှန်ကြားလိုက်၏။ သူတော်စင်ကျန်းချန်သည် ရှေ့သို့လျှောက်ကာ သူ့နောက်သို့ လိုက်သွားသည်။ သူထွက်မသွားခင်တွင် နောက်လှည့်ကာ ရီဖူရှင်းကို တစ်ချက်ကြည့်သွားရန် မမေ့ခဲ့ပေ။ သူသည် အတွေးပို့လွှတ်၍ ပြောလိုက်၏။
“အခုမင်းဆီမှာ နတ်ခန္ဓာမရှိတော့ဘူးဆိုတော့ မင်း လိပ်ပြာတောင်ကုန်းပေါ်မှာ ဗုဒ္ဓဓမ္မကို ကျင့်ကြံထားရင်တောင် မင်းဘာများတတ်နိုင်မှာလဲ။ မင်း အနောက်ကောင်းကင်ကနေ အသက်ရှင်လျှက် ထွက်သွားနိုင်ပါစေလို့ ဆုသာတောင်းနေပေတော့”