← Chapters

အသက်တစ်ရာပြည့်ပြီ

Vol. 174 Ch. 2490

အသက်တစ်ရာပြည့်ပြီ

Vol. 174 Ch. 2490

ရီဖူရှင်းသည် သူတော်စင်ကျန်းချန် ထွက်ခွာသွားသည်ကို ကြည့်နေ၏။ သူထွက်ခွာသွားပြီးနောက် ရီဖူရှင်းပြောသည်။

“သူတော်စင်ကျန်းချန် လိပ်ပြာတောင်ကုန်းကိုလာခဲ့တာ ငါက အဓိကအကြောင်းမဟုတ်တဲ့ပုံပဲ”

ဗုဒ္ဓများသည်လည်း ထိုအကြောင်းကို သိကြ၏။ သူတော်စင်ကျန်းချန် လိပ်ပြာတောင်ကုန်းသို့ လာခဲ့သည်မှာ သမားတော်ဗုဒ္ဓအရှင်နှင့် တွေ့ဆုံရန်ဖြစ်သည်။ သူ၏ဒဏ်ရာများသည် ပြင်းထန်ပုံရ၏။ သူ၏ကျင့်ကြံခြင်းဖြင့် သူ့ဘာသာ ပြန်ကောင်းအောင် ကုနိုင်ပုံမပေါ်။ ထို့ကြောင့် သူသည် သမား‌တော်ဗုဒ္ဓအရှင်၏အကူအညီကို လိုအပ်သည်။

“ဘာပဲဖြစ်ဖြစ် မင်း ဂရုတော့စိုက်ရမယ်”

ချန်ယိသည် ရီဖူရှင်းဘေးသို့ လျှောက်သွား၍ ပြောလိုက်သည်။ ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ သူတော်စင်ကျန်းချန်၏ခြိမ်းခြောက်မှုကို သူ့နားထဲတွင် ကြား‌ယောင်နေဆဲဖြစ်သည်။ သူတော်စင်ကျန်းချန် လိပ်ပြာတောင်ကုန်းသို့ လာခဲ့သည့် အဓိကရည်ရွယ်ချက်သည် ကုသမှုကို ရှာရန်ဖြစ်ပြီး သူ၏ဒုတိယရည်ရွယ်ချက်သည် ရီဖူရှင်းနှင့်စာရင်းရှင်းရန် ဖြစ်သည်။

သူတော်စင်ကျန်းချန်တွင်သာ အခွင့်အရေးရှိခဲ့လျှင် သူသည် ရီဖူရှင်းကို အလွတ်ပေးမည်မဟုတ်ပေ။

သူတို့အကြားမှ ရန်ငြိုးသည် အနောက်ကောင်းကင်တွင်သာ အကြုံးဝင်သည်မဟုတ်ပေ။ ရီဖူရှင်း ကောင်းကင်ဒေသသို့ ပြန်သွားလျှင်ပင် သူတော်စင်ကျန်းချန်သည် သူ့ကိုအလွှတ်ပေးမည်မဟုတ်ပေ။ နတ်ခန္ဓာမရှိလျှင် ရီဖူရှင်းသည် သူတော်စင်ကျန်းချန်အား မယှဉ်နိုင်ပေ။

“လိပ်ပြာ‌တောင်ကုန်းက တိတ်တဆိတ်ကျင့်ကြံဖို့ နေရာပါ။ ကျေးဇူးပြုပြီးတော့ အားလုံးပဲ ကိုယ့်ရဲ့ကျင့်ကြံရာကျောင်းတော်ကို ပြန်ပေးကြပါ”

ဒုက္ခသမာဓိသည် ရှေးဟောင်းတောင်ထွတ်ရှေ့သို့ လျှောက်သွားပြီး အဝေးသို့ဦးညွှတ်ကာ လက်အုပ်ချီ၍ ပြောလိုက်သည်။

သူ့ရှေ့တွင် မည်သူမှမရှိသော်လည်း အမှန်တွင် ဗုဒ္ဓများသည် သူရှိရာနေရာသို့ ကြည့်နေခြင်းပင်။ သူသည် ဗုဒ္ဓများကို ပြန်သွားရန် တောင်းဆိုနေ၏။

မကြာမီမှာပင် ဗုဒ္ဓများသည် သူတို့၏အရှိန်အဝါများကို ပြန်ရုတ်သိမ်းလိုက်ကြသည်။ ပြဿနာသည် အလွယ်တကူ ပြေလည်သွားကြောင်းကို တွေ့လိုက်ရသောအခါ သူတို့သည် ထိုနေရာတွင် ဆက်နေရန် မလိုအပ်တော့ပေ။ သူတို့အားလုံးသည် တစ်ပါးပြီးတစ်ပါး ထွက်သွားကြသည်။

“ဒကာလေးရီ... ဒကာလေး အေးအေးလူလူ ဆက်ပြီးကျင့်ကြံပါတော့”

ဒုက္ခသမာဓိသည် ရီဖူရှင်းဘက်သို့လှည့်ကာ ပြောလိုက်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ကိုယ်တော်”

ရီဖူရှင်းသည် ဒုက္ခသမာဓိကို ပြန်ဦးညွှတ်လိုက်သည်။ ဒုက္ခသမာဓိနှင့် ယွီမူတို့သည် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။

ချန်ယိက ရီဖူရှင်းဘေးသို့ လျှောက်လာပြီး မေးလိုက်၏။

“မင်း အခုဘာလုပ်ဖို့ စီစဉ်ထားလဲ”

ရီဖူရှင်းသည် သူတော်စင်ကျန်းချန်၏ပစ်မှတ်ထားခြင်းကို ခံနေရပေပြီ။ သူသာ အနောက်ကောင်းကင်တွင်ဆက်နေပါက အချိန်ပြည့်သတိကပ်နေရန်လို၏။ သူသာ ယခုအခွင့်အရေးကို အသုံးချ၍ ထွက်သွားခဲ့လျှင် သူတော်စင်ကျန်းချန် ဒဏ်ရာမသက်သာလာသေးခင်တွင် ကောင်းကင်ဒေသကို ပြန်နိုင်မည့် အခွင့်အရေးရှိပေလိမ့်မည်။

ရီဖူရှင်း ပြန်ဖြေလိုက်၏။

“သူတော်စင်ကျန်းချန်က ငါ့ကိုသတ်ချင်မှာတော့ သူဒီအခွင့်အရေးကို အလွယ်တကူလက်လွတ်ခံမှာ မဟုတ်ဘူး။ ငါထွက်သွားရင်လည်း သူနောက်ယောင်ခံလိုက်လာဦးမှာပဲ”

ရီဖူရှင်းသာ ကောင်းကင်ဒေသသို့ပြန်သွားပါက သူ့ကိုသတ်ရန် အနောက်ကောင်းကင်မှာလောက် လွယ်ကူတော့မည်မဟုတ်ကြောင်း သူတော်စင်ကျန်းချန်လည်းသိသည်။

အကယ်၍ ရီဖူရှင်းသာ သူတော်စင်ကျန်းချန်နေရာတွင်ဆိုလျှင် ရီဖူရှင်းကို နောက်ယောင်ခံလိုက်ရန် စီစဉ်ထားပေမည်။

“ဒီတော့ မင်းရဲ့အစီအစဉ်က အနောက်ကောင်းကင်မှာ ဆက်ပြီးကျင့်ကြံနေဖို့လား”

ချန်ယိက ဆက်၍မေးလိုက်သည်။

“အင်း...”

ရီဖူရှင်းက ခေါင်းညိတ်၏။

ပထမဆုံး သူ ရန်ဟောင်အဆင့်ကိုးသို့ ရောက်အောင်လုပ်ရပေမည်။ သူ ကောင်းကင်ဒေသသို့ ပြန်သွားလျှင်လည်း သူ၏အဓိကရည်ရွယ်ချက်သည် ဆက်၍ကျင့်ကြံရန်သာဖြစ်သည်။ သူ့အတွက် လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံနိုင်ခြင်းသည် ရှားပါးအခွင့်အရေးပင်။

သူသည် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျင့်ကြံသည့်အပြင် သူ၏ရည်ရွယ်ချက်သည် ရန်ဟောင်နောက်ဆုံးအဆင့်သို့ ရောက်ရန်ဖြစ်သည်။ ထိုနည်းဖြင့် သူကောင်းကင်ဒေသသို့ ပြန်သွားပါက သူစိတ်ကြိုက်ပြုမူနိုင်မည်ဖြစ်ပြီး အခြားသူများကို စိတ်ပူနေရန်လိုတော့မည်မဟုတ်ပေ။

“ကောင်းပြီ”

ချန်ယိက ခေါင်းညိတ်သည်။ လိပ်ပြာတောင်ကုန်းသည် အမှန်ပင် ကျင့်ကြံရန်သင့်တော်သောနေရာဖြစ်သည်။

သူတို့ဆုံးဖြတ်ချက် ချပြီးသွားသောအခါ သူတို့အုပ်စုသည် ထိုနေရာ၌ပင် ဆက်လက်ကျင့်ကြံကြ၏။ အေးချမ်းသောတောင်သည် သူတို့ကို အချိန်ကာလကို မေ့လျော့နေစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရီဖူရှင်းသည် အသက်တစ်ရာပြည့်သွား၏။

ရီဖူရှင်းသည် ရှေးဟောင်းတောင်ထွတ်ပေါ်တွင် ရွှေရောင်တိမ်ပင်လယ်ကို ငေးကြည့်နေသည်။ ဟွာဂျီယူသည် သူ့ဘေးတွင်ထိုင်ကာ သူ့ကိုတိတ်တဆိတ်အဖော်ပြုပေးနေ၏။

“အသက်တစ်ရာတောင်ရှိသွားပြီပဲ”

ဟွာဂျီယူက ပြုံးသည်။ သူမတို့နှစ်ဦးစလုံးသည် သက်တူရွယ်တူဖြစ်သည်။ ယခုတွင် သူမတို့သည် အသက်တစ်ရာပြည့်ခဲ့ပြီဖြစ်သည်။

“နှစ်တစ်ရာက လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားတာပဲ”

ရီဖူရှင်းက သက်ပြင်းချသည်။ သူသည် သူတို့ ချင်းကျူမြို့မှ ချင်းကျူကျောင်းတော်တွင် တွေ့ခဲ့သည့်အချိန်ကို ပြန်အမှတ်ရ၏။ ထိုအချိန်သည် ဆယ်စုနှစ်များစွာကြာခဲ့ပြီဆိုသည်မှာ အိပ်မက်တစ်ခုအလားထင်မှတ်ရသည်။

“ငါတို့လည်း ဒီကြားကာလမှ အများကြီး ပြောင်းလဲသွားခဲ့တာပဲလေ”

ဟွာဂျီယူက ပြုံးလျှက် ပြောသည်။ သူတို့ငယ်ရွယ်စဉ်က ချင်းကျူမြို့အတွင်း အတူကုန်ဆုံးခဲ့သောအချိန်များသည် လွန်စွာပျော်စရာကောင်း၏။ လက်ရှိတွင် အရာအားလုံးသည် ထိုအချိန်ကနှင့် မတူတော့ပေ။

သူတို့သည် သူတို့၏အသက်တစ်ရာပြည့်တွင် အနောက်ကောင်းကင်၏မြင့်မြတ်သောနယ်မြေဖြစ်သည့် လိပ်ပြာ‌တောင်ကုန်းတွင် ကုန်ဆုံးရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။

“ဘာဖြစ်ဖြစ် ငါတို့အတူတူ ဆက်ရှိနေသေးတာပဲလေ”

ရီဖူရှင်းက ဟွာဂျီယူကိုပွေ့ဖက်၍ တီးတိုးပြောသည်။ သူတို့သိကျွမ်းခဲ့သည့် အချိန်မှစ၍ သူတို့ကွဲကွာနေသောအချိန်သည် သူတို့အတူတကွရှိနေသောအချိန်ထက် ပိုများသည်။ ကံအားလျော်စွာ သူတို့သည် အမြဲတမ်း ရင်ဘတ်ချင်း နီးကပ်ခဲ့ကြ၏။

သူတို့သည် ထာဝရအတူတကွ ဆက်ရှိနေမည်ဖြစ်သည်။

“အင်း…”

ဟွာဂျီယူက အသာအယာခေါင်းညိတ်သည်။ သူမသည် ရီဖူရှင်း၏ရင်ခွင်အတွင်းသို့ ခေါင်းဝှေ့လိုက်ပြီး သူမ၏မျက်လုံးများကို မှိတ်လိုက်သည်။ ထိုအခိုက်တွင် ဂျီယူသည် အိပ်ပျော်နေသည့်အလား တိတ်ဆိတ်ငြိမ်သက်နေ၏။

ရီဖူရှင်းသည် သူ့ရင်ခွင်ထဲရှိ ဂျီယူ၏မျက်နှာလေးကို တစ်ချက်ကြည့်ကာ ရွှေရောင်တိမ်ပင်လယ်သို့ ဆက်၍ငေးကြည့်သည်။ ထိုအခိုက်အတန့်သည် အိပ်မက်တစ်ခုကဲ့သို့ လှပနေသည်။

သူစတင်ကျင့်ကြံခဲ့သည့် ပထမနှစ်တစ်ရာအတွင်း၌ သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်တော့ပေမည်။ နောက်နှစ်တစ်ရာတွင် သူသည် ကျင့်ကြံခြင်း၏အထွတ်အထိပ်အဆင့်ရောက်ရန် ရည်ရွယ်ထား၏။

သူလည်း မျက်လုံးမှိတ်လိုက်ပြီး ထိုအခိုက်အတန့်၏ အေးချမ်းတိတ်ဆိတ်မှုကို ခံစားလိုက်၏။

ထိုအေးချမ်းသည့်မြင်ကွင်းကို အဝေးမှကြည့်နေသော ဟွာချင်းချင်း၏လှပသောအကြည့်များထဲတွင် အပြုံးသဲ့သဲ့ပါဝင်သည်။ သူမက နောက်လှည့်လိုက်ပြီး သူတို့ကို မနှောင့်ယှက်တော့ပေ။ ဟွာချင်းချင်းက တစ်နေရာကို လှမ်းကြည့်လျှင် ဖန်းစွင်တို့အုပ်စု ချောင်းကြည့်နေသည်မြင်၏။ သူတို့သည် ဟွာချင်းချင်းက သူတို့ကိုပြုံးကြည့်နေသည်ကို မြင်လိုက်သောအခါ အလျင်အမြန် ထွက်သွားကြ၏။

ရီဖူရှင်းနှင့်ဟွာဂျီယူတို့ အတူတူ အေးချမ်းစွာရှိနေသည်ကို မည်သူမှ မနှောင့်ယှက်ကြပေ။ သူတို့သည် ရခဲလှသည့် ငြိမ်းအေးမှုကို ထိုနှစ်ယောက်အတူတကွခံစားနေသည်ကို အဝေးမှသာ ကြည့်ရှုခဲ့ကြ၏။ ရွှေရောင်တိမ်ပင်လယ်သည် ဗုဒ္ဓအလင်းများဖြင့် တောက်ပနေသည်။ တိမ်များသည် အဆက်မပြတ်ရွေ့လျားနေ၏။ သက်တန့်ရောင်အလင်းလှိုင်းသည် ရီဖူရှင်းနှင့်ဟွာဂျီယူတို့အပေါ် ဖြာကျနေသည်။ ထိုမြင်ကွင်းသည် ပန်းချီကားတစ်ချပ်အလားထင်မှတ်ရ၏။ ဤနည်းဖြင့် သူတို့သည် ထိုပုံစံအတိုင်း အချိန်များစွာ ကြာမြင့်လာခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက် ဟွာချင်းချင်း၊ ချန်ယိနှင့် အခြားသူများသည် ရီဖူရှင်းတို့နှစ်ဦးကို အဝေးမှကြည့်နေကြ၏။ တစ်စုံတစ်ယောက်က လေသံတိုးတိုးဖြင့် မေး၏။

“ဘာတွေဖြစ်နေကြတာလဲ”

“သူတို့က သဘာဝနှင့်တစ်သားတည်းဖြစ်နေတာ။ သူတို့က ကောင်းကင်နဲ့မြေကြီးနဲ့ ပေါင်းစည်းသွားတာပ်”

ဟွာချင်းချင်းက နူးညံ့စွာ ရှင်းပြသည်။

“အဲဒါက ဈန်ဝင်စားရင် ဖြစ်တဲ့ပုံစံပဲ။ ကျင့်ကြံသူတစ်ယောက်က အဲဒီ အခြေအနေကိုရောက်သွားပြီဆိုရင် ဉာဏ်အလင်းပွင့်ဖို့ ပိုလွယ်တယ်။ ဒါက သူတို့အတွက် ကံကောင်းခြင်းပဲ”

“အင်း...”

ချန်ယိက သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။ တိမ်တိုက်များသည် အဆက်မပြတ်ရွေ့လျားနေရာ တိမ်ပင်လယ်တွင် ပြောင်းလဲမှုများ ပိုများပြားလာသည်။ ကောင်းကင်ထက်တွင် မဟာလမ်းစဉ်အရှိန်အဝါတစ်ခု စီးဆင်းနေကြောင်း သူတို့ခပ်ရေးရေးအာရုံခံနိုင်သည်။ ထို့ကြောင့် ချန်ယိနှင့်ဟွာချင်းချင်းတို့သည် အံ့အားသင့်သွားကြ၏။

ထိုအရာသည် ထူးခြားလက္ခဏာတစ်ခုပင်။ မည်သူသည် နောက်တစ်ဆင့်သို့ တက်တော့မည်နည်း။

ရီဖူရှင်းလော၊ သို့မဟုတ် ဟွာဂျီယူလော။

လိပ်ပြာတောင်ကုန်းအထက်တွင် လေတဟူးဟူးတိုက်ခိုက်နေပြီး တိမ်တိုက်များလှည့်ပတ်နေကြသည်။ လေထုထဲတွင် ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု စီးဆင်းနေ၏။ ရွှေရောင်ဗုဒ္ဓအလင်းများ ဖြာကျလာပြီး မိုးချုန်းသံခပ်အုပ်အုပ်များကို ကြားနေရသည်။ အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းပြီး လူများ၏နှလုံးသားများကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေသည်။

“ဒါက ကောင်းကင်ကပ်ဘေးပဲ”

ချန်ယိက ရေရွတ်လိုက်၏။ သူ့မျက်လုံးများထဲတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု လက်သွားသည်။

အဆင့်တက်‌တော့မည့်သူသည် ဟွာဂျီယူ ဖြစ်သည်။

အကယ်၍ ရီဖူရှင်းသာ အဆင့်တက်ခဲ့ပါက သူသည် ရန်ဟောင်အဆင့်ကိုးသို့သာ တက်သွားမည်ဖြစ်သည်။ မည်သည့် ကောင်းကင်ကပ်ဘေးမှ ပါမည်မဟုတ်ပေ။

ဟွာဂျီယူအဆင့်တက်မှသာ မဟာလမ်းစဉ်၏ကောင်းကင်ကပ်ဘေးကို ခံရမည်ဖြစ်သည်။

ရီဖူရှင်းသည် တစ်စုံတစ်ခုကို အာရုံရလိုက်၏။ သူသည် မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်များ ဖြတ်သန်းသွားသည်။ သူ့ရင်ခွင်ထဲရှိ ဟွာဂျီယူသည်လည်း မျက်လုံးဖွင့်လိုက်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ ပြုံးလိုက်ကြ၏။ ထို့နောက် သူမသည် သူ၏ရင်ခွင်အတွင်းမှ ထွက်လိုက်သည်။ မည်သည့်အရာဖြစ်လာတော့မည်ကို သူတို့နှစ်ဦးစလုံးသိကြောင်း ထင်ရှားသည်။

ဂျီယူသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ခံရမည့် ပထမဆုံးသူဖြစ်လိမ့်မည်ဟု သူမထင်ခဲ့ပေ။ သို့သော် ဟွာဂျီယူ၏အတွေ့အကြုံများနှင့် ကံကြမ္မာတို့ကို ပြန်စဉ်းစားမိသောအခါ သူမ၏အဆင့်တက်ခြင်းသည် သဘာဝကျသည်ဟု သူခံစားလိုက်ရသည်။ ဟွာဂျီယူသည် သူနှင့်ယှဉ်လျှင် မဟာအင်ပါယာများ၏သင်ကြားမှုများကို ပို၍နက်နက်ရှိုင်းရှိုင်း နားလည်သည်။ ယခင်က ကောင်းကင်ဒေသတွင် သူမက သူ့ဘေးသို့ပြန်ရောက်လာကတည်းက ဂျီယူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ဟွာဂျီယူသည် ရှေ့သို့ထွက်ရပ်လိုက်ပြီး တိမ်ပင်လယ်ဆီသို့ လျှောက်သွားလိုက်၏။

“ဂရုစိုက်နော်...”

ရီဖူရှင်းက နူးညံ့စွာသတိပေးလိုက်သည်။ သူသည် အင်ပါယာရှီ ကောင်းကင်ကပ်ဘေးခံသည်ကို မြင်ခဲ့ဖူးသည်။ ထိုဖြစ်စဉ်သည် အန္တရာယ်ကြီး၏။

“အင်း...”

ဟွာဂျီယူသည် သိမ်မွေ့စွာ ပြုံးသည်။ သူမသည် စိတ်ပူပုံမပေါ်။

ချန်ယိနှင့်ဟွာချင်းချင်းတို့သည်လည်း သူတို့အနားသို့ သွားလိုက်ကြသည်။ မျက်မမြင်ထျယ်၊ ဖန်းစွင်နှင့် အခြားသူများသည်လည်း သူတို့အနားသို့ရောက်လာကြသည်။ သူတို့အားလုံးသည် ဟွာဂျီယူ တိမ်ပင်လယ်ဆီသို့ လျှောက်သွားနေသည်ကို ကြည့်နေကြ၏။

မရေမတွက်နိုင်သောလူများသည် ကောင်းကင်ကပ်ဘေးကိုရင်ဆိုင်ကာ နောက်တစ်ဆင့်သို့တက်နိုင်ရန် တစ်ဘဝလုံးကြိုးစားခဲ့ကြရသည်။ သို့သော် သူတို့သည် သူတို့၏ရည်မှန်းချက်ပန်းတိုင်ကို မရရှိနိုင်သေးပေ။ ဟွာဂျီယူသည် ဉာဏ်အလင်းပွင့်သွားပြီး ကောင်းကင်ကပ်ဘေးနှင့်ရင်ဆိုင်ခဲ့ရလိမ့်မည်ဟု မည်သူတွေးခဲ့မိမည်နည်း။

“မင်းက ဘာလို့နောက်တစ်ဆင့်ကို မတက်သေးတာလဲ”

ချန်ယိက ရီဖူရှင်းကို မေးလိုက်သည်။

“ဟုတ်တယ်... ဆရာကတော်တောင် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ရင်ဆိုင်နေရပြီ။ ဆရာက အခုထိ နောက်တစ်ဆင့်မတက်‌သေးဘူး”

ဖန်းစွင်က ပြုံးလျှက် ပြောလိုက်၏။ သူသည် သူ၏ဆရာကို စ‌နောက်နေခြင်းပင်။

ရီဖူရှင်းအတွေးနယ်ချဲ့နေမိသည်။ ဤမတိုင်ခင် သူ ဈန်ဝင်စားသည့်အခြေအနေတွင် ရှိနေစဉ်၌ လျှို့ဝှက်ဆန်းကြယ်သောနယ်မြေတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။ သူ၏လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် သူသည် နောက်တစ်ဆင့်သို့ တက်နိုင်မည်ဖြစ်သည်။ သို့သော် သူနောက်တစ်ဆင့်သို့မတက်နိုင်ရန် အတားအဆီးတစ်စုံတစ်ခုနှင့် ကြုံခဲ့ပုံရသည်။ ယခုအထိ သူသည် ထိုပြဿနာ၏အရင်းအမြစ်ကို မသိသေးပေ။

All Chapters