ကပ်ဘေး
Vol. 174 Ch. 2491
သို့သော် ယခုတွင် ရီဖူရှင်းသည် နောက်တစ်ဆင့်ကိုတက်ရန် မတွေးနိုင်သေးပေ။ သူက အနည်းငယ် စိုးရိမ်နေ၏။
ဟွာဂျီယူ ကောင်းကင်ကပ်ဘေးနှင့်ရင်ဆိုင်ရခြင်းမှာ ကောင်းသောကိစ္စဖြစ်သော်လည်း ထိုသို့ရင်ဆိုင်ရခြင်းသည် အမှန်တကယ် နောက်တစ်ဆင့်သို့ တက်သွားခြင်းမဟုတ်ပေ။ လက်ရှိကောင်းကင်စည်းမျဉ်းသည် ချို့ယွင်းချက်ကင်းသောမဟာလမ်းစဉ်ရှိသည့် ရန်ဟောင်အဆင့်ကျင့်ကြံသူများကို ဆက်၍အဆင့်တက်ခွင့်မပေးပေ။ ထို့ကြောင့် သူတို့သည့် အဆင့်တက်ရန် ကြိုးစားသည့်အခါ စည်းမျဉ်း၏အပြစ်ဒဏ်ကပ်ဘေးကို ရင်ဆိုင်ရ၏။ ၎င်းသည် အလွန်အန္တရာယ်များသည်။
ချို့ယွင်းချက်ကင်းသောမဟာလမ်းစဉ်များ မရှိသည့် ကျင့်ကြံသူများ အဆင့်တက်သောအခါတွင်သာ နောက်တစ်ဆင့်သို့ အမှန်တကယ်တက်လှမ်းခြင်းဟု ဆိုနိုင်သည်။ သူတို့သည် ကောင်းကင်စည်းမျဉ်းနှင့် ပေါင်းစည်းသွားပြီး အင်ပါယာအတုများဟုပင် ခေါ်နိုင်၏။ သို့သော် အမှန်တွင် သူတို့သည် မဟာအင်ပါယာများထက် များစွာအဆင့်နိမ့်သေးသည်။
မဟာအင်ပါယာအဆင့်ကျင့်ကြံသူများသည် ရှေးခေတ်ကနတ်ဘုရားများနှင့် ဆင်တူ၏။ အင်ပါယာအတုများသည် သူတို့နှင့် မယှဉ်နိုင်ပေ။ သာမန်အင်ပါယာအတုများသည် ချို့ယွင်းချက်ကင်းသောမဟာလမ်းစဉ်ရှိသည့် ရန်ဟောင်အဆင့်ကိုးကျင့်ကြံသူတစ်ဦးကိုပင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရ၏။
ယခင်က မူလဘုံ ကပ်ဘေးများနှင့် ကြုံခဲ့ချိန်တွင် ရန်ဟောင်အဆင့်ကိုးရှိသူအများအပြားသည် ကောင်းကင်ဒေသသို့ ဆင်းလာကြသည်။ မူလဘုံမှ အရှင်ထိုက်ရွှမ်ကဲ့သို့သောအဆင့်ရှိသည့် သူများပင် မည်သို့မှမတတ်နိုင်ခဲ့ပေ။ သူတို့စွမ်းအားအဆင့်၏ ကွာခြားမှုသည် ထင်ရှား၏။
ရီဖူရှင်းသည် အင်ပါယာရှီ နတ်လိပ်ကျွန်းပေါ်တွင် ကောင်းကင်ကပ်ဘေးနှင့်ရင်ဆိုင်ခဲ့သည်ကို တွေ့မြင်ဖူးသည်။ ထိုစဉ်က အင်ပါယာရှီ၏စွမ်းရည်ဖြင့်ပင် ကပ်ဘေး၏စွမ်းအားကို ရင်ဆိုင်ရန် ခက်ခဲ၏။ အထူးသဖြင့် နောက်ဆုံးတွင် ထွက်ပေါ်လာသည့် စည်းမျဉ်းဓားသည် အင်ပါယာရှီကို သေလုနီးပါး ဖြစ်စေ၏။ နတ်လိပ်ကျွန်းမှ လိပ်နက်သည် တမဟုတ်ချင်းပေါ်လာပြီး ထိုကြောက်မက်ဖွယ်ဓားချက်ကို အင်ပါယာရှီအစားခံပေးခဲ့သည်။ ထို့ကြောင့်သာ အင်ပါယာရှီသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်သည်။
သို့သော် ဟွာဂျီယူသည် ကွဲပြားသည်။ ရီဖူရှင်း၏အမြင်တွင် ဟွာဂျီယူသည် အတိတ်က အင်ပါယာရှီထက် အားမနည်းပေ။ သူမသည် မဟာအင်ပါယာတစ်ပါး၏ ဆက်ခံသူဖြစ်သည်။ ထို့ပြင် သူမသည် သူမရရှိထားသော သင်ကြားမှုများကို နက်နက်ရှိုင်းရှိုင်း နားလည်၏။ လိပ်ပြာတောင်ကုန်းတွင်ရှိစဉ်ကာလ၌လည်း ဂျီယူသည် များစွာ တိုးတက်လာခဲ့သည်။ သူမ၏ဗုဒ္ဓဓမ္မများအပေါ်နားလည်မှုသည် သူမ၏ကျင့်ကြံခြင်းတွင် များစွာ အထောက်အကူပေး၏။
အထက်ပါအကြောင်းများကြောင့် ဟွာဂျီယူသည် သူမ၏လက်ရှိအဆင့်မှ အတားအဆီးများကို ကျော်လွှားနိုင်ဖို့များသည်။
ထို့ကြောင့် ရီဖူရှင်းသည် သူမအတွက် များစွာ စိုးရိမ်ကြောင့်ကျခြင်းမရှိချေ။ ဟွာဂျီယူသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို အောင်အောင်မြင်မြင်ကျော်လွှားနိုင်လိမ့်မည်ဟု သူ၏နှလုံးသားထဲက ယုံကြည်သည်။ ထိုဖြစ်စဉ်တွင် အန္တရာယ်အနည်းငယ်ကို ရင်ဆိုင်ကျော်ဖြတ်ရုံမျှသာဖြစ်သည်။
တဖြည်းဖြည်းဖြင့် လိပ်ပြာတောင်ကုန်းအထက်ရှိ ကောင်းကင်တွင် ကြောက်မက်ဖွယ်နိမိတ်များ ဖြစ်ပေါ်လာ၏။ ကပ်ဘေးအလင်းများ စုဝေးလာပြီး လှည့်လည်မြည်ဟည်းလာသည်။ ထိုအလင်းများသည် လိပ်ပြာတောင်ကုန်းအထက်တွင် ရစ်သိုင်းနေသည့် ဗုဒ္ဓအလင်းများကို ဖောက်ထွင်းသွား၏။ ဗုဒ္ဓများပေါ်ပေါက်လာပြီး ကောင်းကင်နှင့်မြေကြီးတွင် ဗုဒ္ဓတရားသံများ ပဲ့တင်ထပ်နေ၏။ ထို့နောက် ဗုဒ္ဓအလင်းသည် လိပ်ပြာတောင်ကုန်းကို လွှမ်းခြုံသွားပြီး တောင်တစ်ခုလုံးကို ရွှေရောင်တလက်လက်တောက်ပနေသောအလွှာဖြင့် ကာရံလိုက်သည်။ ထိုသို့လုပ်လိုက်ခြင်းမှာ ကောင်းကင်ကပ်ဘေးကြောင့် လိပ်ပြာတောင်ကုန်းမထိခိုက်စေရန်ဖြစ်သည်။ မဟုတ်လျှင် ကောင်းကင်ကပ်ဘေး၏အောက်တွင် လိပ်ပြာတောင်ကုန်းသည် အနည်းနှင့်အများ ထိခိုက်ပျက်စီးပေလိမ့်မည်။
ဟွာဂျီယူသည် မုန်တိုင်းအလယ်တွင် ရပ်နေ၏။ သူမတစ်ကိုယ်လုံးသည် တောက်ပနေကာ နတ်ဘုရားမတစ်ပါးကဲ့သို့ လှပနေသည်။ စုဝေးနေသော ကပ်ဘေးအလင်းများသည် အာကာပြင်ကို ဖောက်ထွင်းလာပြီး လောကအဆုံးသတ်နေ့အလား ငြိမ်းချမ်းသည့် မြင့်မြတ်သောလိပ်ပြာတောင်ကုန်းကို လွှမ်းခြုံလာသည်။ လိပ်ပြာတောင်ကုန်းကို အကာအရံစွမ်းအားက လွှမ်းခြုံထားသော်လည်း ပြင်းထန်သောထစ်ချုန်းသံများ၏တုန်ခါမှုကိုမူ ခံစားနေရ၏။
“ဗုဒ္ဓတန်ခိုးကို မကျင့်ကြံထားတဲ့ ကျင့်ကြံသူတစ်ယောက်က လိပ်ပြာတောင်ကုန်းမှာ ကောင်းကင်ကပ်ဘေးခံရတယ်ဆိုတာ မမျှော်လင့်ထားတဲ့ကိစ္စပဲ... ဒါက စိတ်ဝင်စားစရာကောင်းသားပဲ”
ဗုဒ္ဓတစ်ပါးက ပြုံးလျက် မှတ်ချက်ချသည်။
“ဟုတ်တယ်... ဒီလိုမျိုးကြုံရတာ ဒါပထမဆုံးပဲ”
ဗုဒ္ဓတစ်ပါးက ပြန်ပြော၏။
ထိုအခိုက်တွင် ဟွာဂျီယူပတ်ပတ်လည်တွင် နတ်ဓားအများအပြား ပေါ်ပေါက်လာသည်။ နတ်ဓားများအားလုံးသည် သူမကို အရှိန်အဟုန်ပြင်းစွာ လှည့်ပတ်ဝန်းရံနေသည်။ ၎င်းတို့သည် သူမကိုဗဟိုပြု၍ အဆုံးမဲ့နယ်မြေတစ်ခုကို ဖန်တီး၏။
ကပ်ဘေးအလင်းများ ကျဆင်းလာသည်။ ကပ်ဘေးသည် ဟွာဂျီယူအပေါ်သို့ ကျရောက်လာပေပြီ။
ဟွာဂျီယူသည် ကောင်းကင်သို့ တစ်ချက်မော့ကြည့်လိုက်၏။ သူမက တစ်စိုးတစ်စိမျှ မကြောက်ပေ။ သူမက အထက်သို့ လက်ညှိုးညွှန်လိုက်လျင် ရုတ်ခြည်းပင် မရေမတွင်နိုင်အောင်များပြားသော နတ်ဓားများသည် ကောင်းကင်ထက်သို့ပျံတက်သွားပြီး ကပ်ဘေးနှင့် ထိပ်တိုက် ထိခတ်သွားသည်။ ကပ်ဘေးအလင်းအများစု ပျောက်ကွယ်သွား၏။ သို့သော် ထပ်မံ၍ သူမအပေါ်သို့ ကပ်ဘေးအလင်းကွန်ရက်တစ်ခု ကျဆင်းလာပေသေးသည်။
ရှေးဟောင်းတောင်ထွတ်ပေါ်တွင် ရီဖူရှင်းနှင့် အခြားသူများသည် အနည်းငယ်စိတ်လှုပ်ရှားနေကြ၏။ လင်ကလေးသည် သူမရှေ့ရှိ ပုံရိပ်ကို ကြည်လင်သောမျက်ဝန်းများဖြင့် ငေးကြည့်ကာ အသက်ရှူရန်ပင် မေ့နေသည်။ သူမစိတ်ထဲတွင် ဆုတောင်းနေမိ၏။
“ဆရာကတော်က သေချာပေါက်အဆင်ပြေမှာပါ”
“မစိုးရိမ်ပါနဲ့... လိပ်ပြာတောင်ကုန်းပေါ်မှာ မဟာဗုဒ္ဓတွေအများကြီးရှိပါတယ်။ တကယ်လို့ တစ်ခုခုဖြစ်လာရင် သူတို့က မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ထိပ်တိုက်ရင်ဆိုင်နိုင်ပါတယ်”
ဟွာချင်းချင်းက ရီဖူရှင်းကို နူးညံ့စွာပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်၏။ ကပ်ဘေးသည် စွမ်းအားကြီးသော်လည်း ၎င်းသည် စွမ်းအားပုံစံတစ်ခုပင် ဖြစ်သည်။ အစစ်အမှန်ထိပ်သီးများသည် ကပ်ဘေး၏စွမ်းအားကို ဝင်ရောက်ဟန့်တားနိုင်သည်။
သို့သော် ထိုသို့ဝင်တားရသည့် အခြေအနေသို့ ရောက်ခဲ့လျှင် ဟွာဂျီယူ၏ကျင့်ကြံခြင်းသည်လည်း ပြီးပြည့်စုံသောအနေအထားရှိမည်မဟုတ်ရာ ရီဖူရှင်းက ထိုသို့ဖြစ်လာရန် မလိုလားပေ။
အထက်ကောင်းကင်တွင် ကပ်ဘေးအလင်းများသည် မိုင်သောင်းချီပြန့်ကားနေ၏။ ထိုကြောက်မက်ဖွယ်ဖြစ်စဉ်သည် လူများကို ရင်တုန်သွားစေသည်။ ရီဖူရှင်းသည် သူ၏လက်ရှိအဆင့်ဖြင့်ပင် အနည်းငယ် တုန်လှုပ်မိသည်။ ထိုကဒ်ဘေးကို သူရင်ဆိုင်ရလျှင်ပင် လွယ်ကူမည်မဟုတ်ဟု ခံစားမိသည်။
ကောင်းကင်သည် တုန်ခါသွားပြီး ကပ်ဘေးစွမ်းအားများသည် အဆက်မပြတ်ကျဆင်းနေသည်။ ဟွာဂျီယူ၏အဝတ်အစားများ တဖြပ်ဖြပ်ခတ်နေပြီး သူမ၏ ရှည်လျားသော ပိတုန်းရောင်ကေသာသည်လည်း လေထဲတွင် အဆက်မပြတ် ဝေ့ဝဲနေသည်။ သူမသည် ကပ်ဘေးစွမ်းအားများ၏တိုက်စားမှုကို တောင့်ခံနေရာ သူမ၏ခန္ဓာကိုယ်သည် နတ်ခန္ဓာတစ်ခုကဲ့သို့ ထင်နေရသည်။
အချိန်များကုန်ဆုံးသွားသော်လည်း ကပ်ဘေးစွမ်းအားများသည် အားနည်းလာသည့်လက္ခဏာမပြသေးပေ။
ဝုန်း...
ကောင်းကင်ပေါ်တွင် ပို၍ပင်ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု စုဝေးလာသည်။ ရီဖူရှင်းသည် ထိုအရှိန်အဝါကို ရင်းနှီးသကဲ့သို့ ခံစားရသည်။ ထိုအရှိန်အဝါသည် ယခင်က အင်ပါယာရှီခံခဲ့ရသည့် နောက်ဆုံးတိုက်ခိုက်မှုနှင့် ဆင်တူသည်။
ကောင်းကင်စည်းမျဉ်းသည် ၎င်း၏အပြစ်ဒဏ်ကို ဆောင်ကျဉ်းလာခဲ့ခြင်းပင်။ ယခင်က အင်ပါယာရှီသည် စည်းမျဉ်းဓားကို ခံခဲ့ရ၏။ ၎င်းသည် လွန်စွာကြောက်မက်ဖွယ်ကောင်းသော အပြစ်ဒဏ်ဖြစ်သည်။
ဟွာဂျီယူသည် မည်သည့်အရာကို ရင်ဆိုင်ရမည်နည်း။
ကျင့်ကြံသူတစ်ဦးချင်းစီသည် ကွဲပြားသော စည်းမျဉ်းစွမ်းအားကို ရင်ဆိုင်ရ၏။ စည်းမျဉ်းဓားသည် တိုက်ခိုက်မှုစွမ်အားကောင်းသော ကပ်ဘေးစည်းမျဉ်းတစ်ခုဖြစ်သည်။ ဟွာဂျီယူသည် မည်ကဲ့သို့စွမ်းအားမျိုးကို ရင်ဆိုင်ရမည်နည်း။
ရီဖူရှင်းသည် အထက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထိုနေရာတွင် အဆုံးမဲ့ကပ်ဘေးအလင်းများ စုဝေးနေကြပြီး ၎င်းတို့အထက်တွင် မျက်နှာတစ်ခု မှုန်ဝါးဝါးပေါ်ပေါက်လာသည်။ ထိုမျက်နှာသည် အမျိုးသမီးတစ်ဦး၏မျက်နှာပင်။ ၎င်းသည် ထည်ဝါ၍ အရှိန်အဝါကြီးဖြစ်သည်။ ၎င်းသည် အဆုံးမဲ့ဩဇာဖြင့် ပြည့်နှက်နေ၏။
အထက်ကောင်းကင်တွင် အံ့အားသင့်ဖွယ် စိတ်ဝိညာဉ်စွမ်းအားမုန်တိုင်းတစ်ခု ပေါ်ပေါက်လာသည်။ ရီဖူရှင်းနှင့်အခြားသူများသည် သူတို့၏စိတ်ဝိညာဉ်များကို ခြိမ်းခြောက်နေသည့် အားကောင်းသောအန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
“အဲဒါက လောကစည်းမျဉ်းအသိသညာပဲ။ ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ...”
ဗုဒ္ဓတစ်ပါးသည် ကောင်းကင်ထက်ရှိ မုန်တိုင်းကြားတွင် ဖြစ်ပေါ်လာသော မျက်နှာကိုကြည့်ကာ မှတ်ချက်ပြုလိုက်သည်။
အခြားဗုဒ္ဓတစ်ပါးက ထပ်၍ မှတ်ချက်ချလိုက်၏။
“ဒီတိုက်ခိုက်မှုက တော်တော်လေးအန္တရာယ်များတယ်။ ဒါပေမဲ့ သူ ကပ်ဘေးကိုရင်ဆိုင်နေတုန်း လောကစည်းမျဉ်းအသိသညာပေါ်လာပုံထောက်ရင် သူ့ရဲ့စိတ်စွမ်းရည်တွေက တော်တော်လေးစွမ်းအားကြီးတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီဒကာမလေးက အထင်ကြီးစရာကောင်းတာပဲ”
ဂျိန်း...
အသံခပ်အုပ်အုပ်တစ်ခုကို ကြားလိုက်ရသည်။ ထိုအခိုက်တွင် လောကတစ်ခုလုံးသည် တိတ်ဆိတ်သွားသကဲ့သို့ပင်။ လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံသူအများအပြားသည် သူတို့၏ခေါင်းများ ပေါက်ကွဲထွက်သွားတော့မလို ခံစားလိုက်ရ၏။ သူတို့၏စိတ်စွမ်းအားသည် ယိုယွင်းလာပြီး သူတို့၏စိတ်ဝိညာဉ်သည် ပျက်စီးတော့မတတ်ဖြစ်နေသည်။ အထူးသဖြင့် ဖန်းစွင်တို့လူငယ်အုပ်စုကဲ့သို့ ကျင့်ကြံခြင်းအဆင့်နိမ့်သူများသည် ထိုသို့ပို၍ခံစားနေရသည်။ သူတို့သည် စူးရှသည့်နာကျင်မှုကို ခံစားနေရသဖြင့် ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိကိုင်ထားကြရ၏။
ထိုစွမ်းအားသည် သူတို့ကို တိုက်ခိုက်နေခြင်းပင်မဟုတ်ချေ။
ရီဖူရှင်းသည်လည်း ကြောက်မက်ဖွယ်စွမ်းအားကြီးသော တိုက်ခိုက်မှုကို အာရုံခံခဲ့မိသည်။ ထို့ကြောင့် သူ့အတွေးများ တဒင်္ဂမျှတုံ့ဆိုင်းသွားသည်။
သို့သော် စက္ကန့်ဝက်အတွင်းမှာပင် အရာအားလုံး အဆုံးသတ်သွားသကဲ့သို့ပင်။ သူအသိစိတ်ပြန်ကပ်လာသောအခါ ဟွာဂျီယူသည် အနည်းငယ်တုန်တုန်ယင်ယင်နှင့် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ဟန်ချက်ပျက်နေပုံပင်။
သူ၏ပုံရိပ်သည် ပျောက်သွားပြီး ရုတ်ခြည်းပင် ဟွာဂျီယူ၏နောက်တွင် ပေါ်လာကာ သူမကို ဖမ်းလိုက်သည်။
ဟွာဂျီယူသည် အနည်းငယ်အားနည်းနေပုံပေါ်ပြီး ရီဖူရှင်းကို မှီထားသည်။ သို့သော် သူမသည် ပြုံးနေ၏။ သူမခေါင်းမော့ကာ ရီဖူရှင်းကိုကြည့်လျက် ပြောလိုက်သည်။
“ဒါက ပထမကပ်ဘေးပဲ”
သူမသာ ဒုတိယကပ်ဘေးကို ခံပြီးသွားလျှင် ရီဖူရှင်းကို ကာကွယ်ရန် လုံလောက်နိုင်ပေပြီ။
ရီဖူရှင်း၏ရန်သူအများစုသည် ပထမကပ်ဘေးကို ဖြတ်ကျော်ပြီးခဲ့ကျသူများဖြစ်သည်။
“အင်း...”
ရီဖူရှင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါက ပထမကပ်ဘေးပဲ”
သူ၏မျက်ဝန်းများသည် နူးညံ့မှုနှင့် တောက်ပနေသည်။ ဟွာဂျီယူသည် ကြိုးစားပမ်းစားကျင့်ကြံခဲ့ကြောင်း သူသိဖြစ်သည်။ သူမထိုသို့လုပ်ခဲ့ခြင်းမှာ သူ့အတွက်ဖြစ်သည်။
ရီဖူရှင်းကိုယ်တိုင်လည်း နောက်တစ်ဆင့်သို့ မြန်နိုင်သမျှမြန်မြန် တက်လှမ်းရပေမည်။