အဆင့်ချိုးဖျက်ရန် မတတ်နိုင်သည်လား
Vol. 174 Ch. 2492
ဝိညာဥ်တောင်ထိပ်ရှိ ကပ်ဘေးတိမ်တိုက်များသည် တဖြေးဖြေး ပျောက်ကွယ်သွား၏။ ဗုဒ္ဓအလင်းရောင်တို့က ဝိညာဥ်တောင်တန်းကို လွှမ်းခြုံလာသည်နှင့် အရာအားလုံးက ပုံမှန်အဖြစ်ပြောင်းလဲသွားပြီး ယခင်က မည်သည့်အရာမှ မဖြစ်ပျက်ခဲ့သလို ထင်မှတ်ရသည်။
ဗုဒ္ဓကျင့်ကြံသူတို့ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသည်။ ယနေ့အဖြစ်အပျက်က သူတို့အတွက်ပင် အတော်လေး ပုံမှန်မဟုတ်ဟု ယူဆနိုင်သည်။ ဤနေရာသို့ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ရန် ရောက်လာခဲ့သော မည်သည့် အပြင်လူမှ မရှိခဲ့ဖူးပေ။
ရီဖူရှင်းက ရှေးဟောင်းတောင်တန်းပေါ်၌ ထိုင်ရန် ဟွာဂျီယူအား ခေါ်ဆောင်လာသည်။ မဟာလမ်းစဥ် အသက်စွမ်းအားတို့က သူမကို လွှမ်းခြုံထားကာ သူမ၏ ခံနိုင်ရည်ကို ပြန်လည် တိုးပွားလာစေပြီး သူမ ခန္ဓာကိုယ်ကို လျင်မြန်စွာ သက်သာလာစေ၏။ ဟွာဂျီယူသည် ခြေချိတ်ထိုင်ကာ သူမ၏ ကျင့်ကြံဆင့်ကို ထိန်းညှိနေသည်။ နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ခြင်းက သူမ၏ ဝိညာဥ်စွမ်းအင် အမြောက်အမြား ကုန်ဆုံးသွားစေ၏။ ယခင်က အင်ပါယာရှီ နတ်ဘုရားကပ်ဘေးကို ရင်ဆိုင်စဥ် လိပ်နက်ကြီးက သူ၏ စွမ်းအားများကို အစွမ်းကုန် အသုံးချ၍ သူ့ကိုယ်သူ စတေးခံကာ ကူညီပေးခဲ့သည်။
ထို့ပြင် အဆုံးသတ်၌ ဟွာဂျီယူက ဝိညာဥ်လမ်းစဥ်စွမ်းအားဖြင့် သူမ၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်ခံခဲ့ရ၏။ ထိုတိုက်ခိုက်မှုက မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ခန့်မှန်းရန် မခက်ခဲပေ။ ၎င်းက ဓားလမ်းစဥ်စွမ်းအားထက် ပို၍ပင် အန္တရာယ်များ၏။
မျက်မမြင်ထျယ်နှင့် ချန်ယိတို့က တိတ်ဆိတ်စွာ ထွက်ခွာသွားသလို ဖန်းစွင်နှင့် အခြားလူများလည်း ထွက်ခွာသွားသည်။ မည်သူကမှ ဟွာဂျီယူနှင့် ရီဖူရှင်းတို့ ကျင့်ကြံနေသည်ကို မနှောက်ယှက်ချင်လိုကြပေ။
ဟွာဂျီယူသည် မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နေသည်ကို မြင်ပြီးနောက် သူတို့အားလုံးက ဝန်ထုပ်ဝန်ပိုး မဖြစ်မိစေရန် ကြိုးစားသင့်သည်ဟု ခံစားကြရ၏။
သူတို့အပြင် ရွှေတောင်ပံငှက်ကြီးကလည်း စိတ်အားထက်သန်စွာ ကျင့်ကြံသည်။ သူသည် ယခင်က မော့ထျန်းမဟာအကြီးအကဲ၏ တပည့် ဖြစ်ဖူးသော်လည်း ဝိညာဥ်တောင်တန်း၌ ကျင့်ကြံရန် အခွင့်အရေး မည်သည့်အခါကမှ မရဖူးပေ။ ဤသည်က သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သည့်အတွက် သူက ဤအခွင့်အရေးကို အကောင်းဆုံး အသုံးချရန် ကြိုးစားနေပြီး ဗုဒ္ဓအရှင်များက ဝိညာဥ်တောင်တန်းပေါ်၌ ဗုဒ္ဓကျမ်းစာများ သင်ကြားပို့ချပေးနေသည်အား နားထောင်ရန်ပင် သွားရောက်သည်။
ဝိညာဥ်တောင်တန်းက ဗုဒ္ဓအားလုံးအရှင်သခင်၏ ကျင့်ကြံသည့်နေရာဖြစ်ပြီး အခြားသော ဗုဒ္ဓကျင့်ကြံသူများ လမ်းစဥ်ရှာဖွေရာနေရာလည်း ဖြစ်သည်။ သက်ဆိုင်ရာနယ်မြေများမှ ထိပ်သီးဗုဒ္ဓကျင့်ကြံသူများအပြင် ဝိညာဥ်တောင်တန်း၌ ကျင့်ကြံနေသော ဗုဒ္ဓအကြီးအကဲများလက်အောက်၌ လေ့လာသင်ယူနေသည့် အခြားသော ဗုဒ္ဓကျင့်ကြံသူများလည်း အများအပြား ရှိသည်။ ရွှေတောင်ပံငှက်ကြီး မော့ယွင်ကျီကလည်း ထိုဗုဒ္ဓကျင့်ကြံသူများ၏ သင်ခန်းစာကို မကြာခဏ သွားရောက်နားထောင်၏။
အချိန်များကုန်ဆုံးလာပြီး ရီဖူရှင်းတို့အဖွဲ့က ဆက်လက်၍ အပြင်းအထန် ကြိုးစားကာ ဝိညာဥ်တောင်တန်းပေါ်၌ ကျင့်ကြံနေကြသည်။ သူတို့ တစ်ယောက်ချင်းစီ၏ ကျင့်ကြံဆင့်များက တစ်နေ့ထက်တစ်နေ့ တိုးမြင့်လာ၏။
နှစ်ပေါင်းအတော်ကြာပြီးနောက် ချန်ယိက သူ၏ မဟာလမ်းစဥ်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့ပြီး ရန်ဟောင်အဆင့်ကိုးသို့ ရောက်ရှိသွားကာ သူ့စွမ်းအားများက တိုးတက်လာသည်။ မျက်မမြင်ထျယ်သည်ပင် သူ့ကို တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။ ထိုနှစ်ယောက်သည် ဝိညာဥ်တောင်တန်းပေါ်၌ အချင်းချင်း ယှဥ်ပြိုင်ခဲ့ကြပြီး မျက်မမြင်ထျယ်မှာ ကြယ်ကောင်းကင်ကျင့်ကြံရေးနယ်မြေ၌ အင်ပါယာကြယ်၏ အမွေအနှစ်ကို ဆက်ခံခဲ့ရသော်လည်း သူက ချန်ယိကို ယှဥ်နိုင်စွမ်းမရှိချေ။
အဆုံးမှာတော့ ချန်ယိက အလင်းနန်းတော်မှ အမွေအနှစ်ကို လက်ခံရရှိခဲ့သူ ဖြစ်သည်။ ထို့ပြင် သူသည် အလင်းနတ်ခန္ဓာကို ပိုင်ဆိုင်ထားပြီး အလွန် ထူးချွန်သည့် အလားအလာနှင့် မွေးဖွားလာသူ ဖြစ်သည်။
ယခင် တုန်းဟွာနယ်မြေ၌ ချန်ယိသည် ရီဖူရှင်းနှင့် ယှဉ်ပြိုင်ဖူး၏။ ယခု သူသည် ယခင်ကထက် ပို၍ အစွမ်းထက်လာပြီဖြစ်ကာ နှစ်ဦးသားစွမ်းရည်မှာ မည်သူသာသည်ကို ခွဲခြားရန် ခက်ခဲလာ၏။
အခြားတစ်ဖက်တွင် နှစ်အနည်းငယ်ကြာပြီးနောက်၌ ရီဖူရှင်းသည် အခက်အခဲတချို့ ကြုံနေရ၏။ သူ၏ ကျင့်ကြံခြင်းမှာ အဆင့်ရှစ်ရန်ဟောင်၌ တစ်ဆို့နေခဲ့ပြီး အဆင့်တက်နိုင်ခြင်း မရှိပေ။ ထိုသို့ဖြစ်နေသည့်အကြောင်းပြချက်ကိုလည်း သူ ရှာမရပေ။
ဤတစ်ကြိမ်၌ ဝိညာဥ်တောင်တန်းပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် ရဟန်းများစွာ ထိုင်နေကြသည်။ သူတို့အားလုံးသည် ထိုင်ဖုံပေါ်တွင် ထိုင်ကာ တိတ်ဆိတ်စွာ နားထောင်နေကြ၏။ ဗုဒ္ဓရုပ်ပွားတော် အောက်တွင် ဗုဒ္ဓအရှင်တစ်ပါးက ဗုဒ္ဓကျမ်းစာတို့အကြောင်း ဟောပြောပို့ချနေသည်။
ထိုဗုဒ္ဓအရှင်သည် ဝိညာဥ်တောင်တန်းမှ ဗုဒ္ဓတစ်ပါးဖြစ်ပြီး ဗုဒ္ဓအယူဝါဒတို့ကို နက်ရှိုင်းစွာနားလည်သဘောပေါက်ထားသည်။ ရီဖူရှင်းသည် ဝိညာဥ်တောင်တန်းပေါ်၌ ဗုဒ္ဓကျင့်ကြံသူတော်တော်များများနှင့် သိကျွမ်းလာခဲ့ပြီး သူသည်လည်း အောက်တွင် ထိုင်ကာ သင်ခန်းစာများကို နားထောင်နေသည်။
အချိန်တချို့ကြာပြီးနောက် သင်ခန်းစာအဆုံးသတ်သွားသောအခါ ဗုဒ္ဓကျင့်ကြံသူများစွာက ကျမ်းစာနှင့် ပတ်သတ်၍ မေးခွန်းများစတင်မေးမြန်းလာကြပြီး ဗုဒ္ဓအရှင်ကလည်း တစ်ယောက်ချင်းစီ၏ သံသယများကို ကူညီဖြေရှင်းပေးခဲ့သည်။
မေးစရာ မည်သည့်မေးခွန်းမှ မရှိတော့သည့်အခါမှသာ ဗုဒ္ဓကျင့်ကြံသူများက လူစုခွဲလိုက်ကြသည်။ သို့သော် ရီဖူရှင်းက နေရာ၌သာ တိတ်ဆိတ်စွာ ထိုင်နေခဲ့ပြီး ထွက်သွားခြင်းမရှိသေးပေ။
"ဒကာလေးရီ ဘာကိစ္စရှိလို့လဲ။"
ထိုဗုဒ္ဓအရှင်က ပြုံလျက် ရီဖူရှင်းကို မေးသည်။ သူသည် ဝိညာဥ်တောင်တန်းမှ ဗာဂျရာဗုဒ္ဓအရှင်ဖြစ်ပြီး ဗုဒ္ဓကျမ်းဂန်တို့ကို အနက်ရှိုင်းဆုံး နားလည်ထားသည်။ သူက ရီဖူရှင်း သင်ယူကျင့်ကြံခဲ့သော ဗုဒ္ဓမန္တာန်ကိုလည်း ကျွမ်းကျင်သည်။
"တပည့်တော် အကြံဉာဏ်အချို့တောင်းစရာရှိလို့ပါ ဗုဒ္ဓအရှင်။"
ရီဖူရှင်းက ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါ။"
ဗာဂျရာဗုဒ္ဓအရှင်က ပြုံးလျှက် ပြောလိုက်သည်။
"ဗုဒ္ဓကျင့်ကြံသူတွေက သူတို့ရဲ့ သန့်စင်တဲ့ ဗုဒ္ဓခန္ဓာကိုယ်နဲ့ နတ်ဝင်ရိုးဖွဲ့စည်းနိုင်တယ်ဆိုတာ တကယ်ပဲလား။"
ရီဖူရှင်းက မေးလိုက်သည်။
"ဟုတ်တယ်.. တကယ်ပဲ။"
ဗာဂျရာဗုဒ္ဓအရှင်က ခေါင်းညိတ်လိုက်သည်။
"ဗုဒ္ဓရဲ့ သန့်စင်တဲ့ ခန္ဓာတချို့က မဟာလမ်းစဥ် နတ်ဝင်ရိုးပဲ။ ကွာခြားချက်မရှိဘူး။ ဗုဒ္ဓ သန့်စင်ခန္ဓာရဲ့ အင်အားက သူတို့ နတ်ဝင်ရိုးရဲ့ ခွန်အားပဲ။"
"ဗုဒ္ဓသန့်စင်ခန္ဓာကိုယ်တွေရဲ့ အဆင့်က နတ်ဝင်ရိုးတွေရဲ့အဆင့်နဲ့ ဗုဒ္ဓကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေတာလား။"
ရီဖူရှင်းက ပြောလိုက်သည်။
"အင်း..."
ဗာဂျရာဗုဒ္ဓအရှင်က ခေါင်းညိတ်လိုက်သည်။ သူသည် ရီဖူရှင်း၏ရည်ရွယ်ချက်ကို နားမလည်ပေ။
"ဗုဒ္ဓသန့်စင်ခန္ဓာကိုယ်ကို ဗုဒ္ဓလမ်းစဥ် အဆင့်ကိုးထိ ကျင့်ကြံနိုင်ခဲ့ပေမယ့် သူတို့ရဲ့ တကယ့် ကျင့်ကြံခြင်းကျတော့ နောက်ကျကျန်နေခဲ့တဲ့ ဗုဒ္ဓကျင့်ကြံသူ တစ်ယောက်ယောက်များ ရှိဖူးလား။"
ရီဖူရှင်းက ဆက်မေးလိုက်သည်။
ဗာဂျရာဗုဒ္ဓအရှင်က ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး။ မင်းကိုယ်တိုင်က ကျင့်ကြံသူတစ်ယောက် ဖြစ်တာကြောင့် တစ်စုံတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မဟာလမ်းစဥ်နတ်ဝင်ရိုးအဆင့်က တိုက်ရိုက်အချိုးကျတာ နားလည်မှာပေါ့။ ဘယ်သူ့ရဲ့ မဟာလမ်းစဥ် နတ်ဝင်ရိုးမဆို အဆင့်ကိုးကို ရောက်တာနဲ့ သူ့ရဲ့ ကျင့်ကြံဆင့်ကလည်း အဆင့်ကိုးကို အတူတူ ရောက်သွားမှာပဲ။"
"ခြွင်းချက်ရှိလား။"
ရီဖူရှင်းက မေးလိုက်သည်။
"ခြွင်းချက်မရှိဘူး။"
ဗာဂျရာဗုဒ္ဓအရှင်က ခေါင်းယမ်းလိုက်သည်။
"တပည့်တော်ရဲ့ မေးခွန်းကို ဖြေပေးတဲ့အတွက် ဗုဒ္ဓအရှင်ကို ကျေးဇူးတင်ပါတယ်။"
ရီဖူရှင်းက လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ပြန်ရန် ခွင့်တောင်းလိုက်ကာ လှည့်ထွက်သွားပြီး ခြေလှမ်းအနည်းငယ် လျှောက်၍ လေထဲ၌ ပျောက်ကွယ်သွားသည်။ သူက တစ်နေရာရာသို့ ကူးပြောင်းရောက်ရှိသွားပုံရ၏။
နောက်တခဏတွင် သူကျင့်ကြံသည့်နေရာဖြစ်သော ရှေးဟောင်းတောင်ထွတ်သို့ တိုက်ရိုက်ရောက်ရှိလာသည်။
"ဘယ်လိုလဲ။"
ဟွာဂျီယူက သူ့ထံလျှောက်လာကာ မေးလိုက်သည်။
ရီဖူရှင်းက ခေါင်းကိုယမ်းကာ ပြောလိုက်၏။
"ဗုဒ္ဓအရှင်လည်း မသိဘူးထင်တယ်။ ခဏလောက်တော့ စောင့်ကြည့်ရမယ်ထင်တယ်။"
"အင်း။"
ဟွာဂျီယူက ခေါင်းညိတ်လိုက်သည်။
"အရင် ကျင့်ကြံလိုက်ဦးမယ်။"
ရီဖူရှင်းက ပြောလိုက်သည်။ ထို့နောက် သူက မျက်လုံးများကို မှိတ်ကာ တင်ပျဥ်ခွေထိုင်လိုက်ပြီး သူ၏ စိတ်အာရုံကို သက်စောင့်ဟော်နန်းအတွင်း ပို့လွှတ်လိုက်သည်။
သက်စောင့်ဟော်နန်းအတွင်း၌ အမှီအခိုကင်းသည့် လောကတစ်ခု ဖြစ်ပေါ်နေပုံရသည်။ ကမ္ဘာ့သစ်ပင်က ညင်သာစွာ ယိမ်းနွဲ့နေပြီး အမျိုးမျိုးသော မဟာလမ်းစဥ်စွမ်းအားတို့က ၎င်းကို ဝန်းရံနေ၏။ နေမင်းနှင့် လမင်းတို့က ကောင်းကင်တွင် ရှိနေပြီး နတ်ဘုရားကြယ်များကလည်း ခမ်းနားထည်ဝါစွာ တောက်ပနေခဲ့သည်။ ၎င်းက စစ်မှန်သည့် လောကတစ်ခုနှင့် တူဖြစ်သည်။
ရီဖူရှင်း၏ နတ်အာရုံနှင့် ဖွဲ့စည်းထားသည့် ပုံရိပ်က နတ်သစ်ပင်ရှေ့၌ ထိုင်နေသည်။ အတွေးတစ်ချက်နှင့် မဟာလမ်းစဥ်စွမ်းအားတို့က စတင်ဖွဲ့စည်းလာကာ မဟာလမ်းစဥ် နတ်ဝင်ရိုးအဖြစ် ပြောင်းလဲသွား၏။ နတ်ဆင်နတ်ဝင်ရိုး ထွက်ပေါ်လာသည့်အခါ ၎င်းမှ ကြီးမားသည့် မဟာလမ်းစဥ်အရှိန်အဝါတို့ကို စတင် ထုတ်လွှတ်လာ၏။
ထို့နောက် ကု့ချင်းနတ်ဝင်ရိုးလည်း ပေါ်ပေါက်လာကာ သူ့နောက်တွင် ဗုဒ္ဓလမ်းစဥ်၏ ကြီးမားသော ဗုဒ္ဓသန့်စင်ခန္ဓာကိုယ် ဖွဲ့တည်လာ၏။ အားလုံးသော မဟာလမ်းစဥ်အရှိန်အဝါတို့က အလွန် အစွမ်းထက်လှသည်။ ၎င်းတို့အားလုံးက အဆင့်ကိုးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ဝိညာဥ်တောင်တန်းတွင် နှစ်များစွာ ကျင့်ကြံပြီးနောက် သူ၏ မဟာလမ်းစဥ်က ပြီးပြည့်စုံကာ မဟာလမ်းစဥ်နတ်ဝင်ရိုးများက အဆက်မပြတ် တိုးတက်လာသည်။ ယခု ထိုနတ်ဝင်ရိုးများအားလုံးက တစ်ခုပြီးတစ်ခု အဆင့်ကိုးသို့ ရောက်ရှိလာပြီး သူသည်လည်း အဆင့်ကိုးရန်ဟောင်အဆင့်ကို ဝင်ရောက်သင့်နေပြီ ဖြစ်သည်။ သို့သော်လည်း သူသည် အဆင့်တက်မည့် လက္ခဏာမရှိသေးဘဲ အဆင့်ရှစ်၌သာ ဆက်လက်ရှိနေ၏။
ကျင့်ကြံခြင်းအဆင့်များ၏ အမျိုးအစားတို့ကို အခြေခံ၍ ဗာဂျရာဗုဒ္ဓအရှင်ပြောသည့်အတိုင်း နတ်ဝင်ရိုးက အဆင့်ကိုးသို့ ရောက်လာပြီးနောက် ထိုကျင့်ကြံသူသည်လည်း အဆင့်ကိုးသို့ ရောက်ရှိရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူက အဆင့်ကိုးကျင့်ကြံသူတစ်ယောက်ဟု ဆုံးဖြတ်ရပေလိမ့်မည်။ သို့သော် သူက အဆင့်ရှစ်ကို ဖြတ်ကျော်သွားနိုင်ကြောင်း မခံစားမိခဲ့ပေ။ အထူးသဖြင့် သူ၏ မဟာလမ်းစဥ်အရှိန်အဝါကို ထုတ်လွှတ်သောအခါ ဟွာဂျီယူသည်လည်း ထိုအဆင့်၌သာ ရှိနေသေးကြောင်း ခံစားမိ၏။
၎င်းက သာမန်အသိအမြင်တို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ကျင့်ကြံခြင်းစည်းမျဥ်းများနှင့်လည်း မကိုက်ညီပေ။ တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့် ရှင်းပြချက်မှာ အဆင့်ကိုးသို့ ချိုးဖျက်ဝင်ရောက်သွားနိုင်သည့် ထိုနတ်ဝင်ရိုးများ အားလုံးက သက်စောင့်ဝိညာဥ်မှ ဖွဲ့စည်းရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ထိုသက်စောင့်ဝိညာဥ်များသည် အစကတည်းက အရေးကြီးခြင်းမရှိဘဲ ကမ္ဘာ့သစ်ပင်ပေါ် မူတည်ကာ ပေါ်ပေါက်လာခြင်းသာ ဖြစ်သည်။
ကမ္ဘာ့သစ်ပင်ကိုသာ သူ၏မူလဝိညာဥ်အဖြစ် အမှန်တကယ် သတ်မှတ်နိုင်၏။ နတ်ဝင်ရိုးက ၎င်းတစ်ခုတည်းဟုပင် သတ်မှတ်နိုင်သည်။
သို့ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်က ၎င်းနှင့် ဆက်စပ်နေသည်လား။
ရီဖူရှင်းက မျက်လုံးများကို မှိတ်လိုက်ပြီး ကျင့်ကြံခြင်းတွင် အပြည့်အဝ အာရုံစိုက်ကာ မဟာလမ်းစဥ်ကို လေ့လာနေသည်။ ယခုတွင် ကန့်သတ်ချက်ကို မချိုးဖျက်ရသေးသည့် တစ်ခုတည်းသော နတ်ဝင်ရိုးမှာ ကမ္ဘာ့သစ်ပင်မှ ဖွဲ့စည်းထားသည့် နယ်နိမိတ်ဝင်ရိုးသာ ဖြစ်သည်။
သူ အဆင့်ရှစ်မှနေ၍ အဆင့်တက်ရန် အခွင့်အရေး မရနိုင်သေးခြင်းမှာ ထိုအကြောင်းရင်းကြောင့် ဖြစ်နိုင်၏။
သို့သော် သူ၏ မဟာလမ်းစဥ်စွမ်းအားတို့အားလုံးက အဆင့်ကိုးခွန်အားကို ပိုင်ဆိုင်နေပြီဖြစ်ကာ ၎င်းတို့အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်သော်လည်း သူက မည်သည့်အတွက်ကြောင့် နောက်တစ်အဆင့်ကို တက်နိုင်ခြင်းမရှိရသနည်း။
၎င်းက သူ အဖြေရှာမရနိုင်သော အပိုင်းပင် ဖြစ်သည်။