အခန်း (၂၃၆)
Vol. 17 Ch. 236
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၃၆) {စာစဉ် ၁၇ - အပိုင်း(၁)}
အိုက်လျန်က အလျင်စလို ရောက်လာခဲ့ပြီး အလျင်စလို ထွက်ခွာသွားခဲ့သည်။ သို့သော် သူ့ကို တစ်စုံတစ်ယောက်က လက်သီးနှင့် ထိုးလိုက်သည်ကို မြင်လိုက်ရပြီးနောက် ချန်းပင်အန်းက ပြိုင်ဘက်ကင်း အိုက်လျန်အပေါ် ရိုသေလေးစားမှု လျော့ကျသွားခြင်း မရှိသည့်အပြင် ယခု အိုက်လျန်က ပို၍ပင် ချောမောခန့်ညားပြီး အဆင်ပြေသည်ဟု ခံစားမိခဲ့သည်။
ထိုသို့ဆိုရာတွင် ချန်းပင်အန်းက အနည်းငယ် စိတ်ပျက်သွားမိသေး၏။ ယနေ့ထိ အိုက်လျန် ဓားထုတ်သည်ကို သူလည်း မမြင်ရသေးပေ။
ချန်းပင်အန်းက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ့ခါးမှနေ၍ ဓားအားဖြည့် ဘူးသီးခြောက် ကျန်းဟူကို ဖြုတ်လိုက်သည်။ အရက်တစ်ငုံ သောက်လိုက်ပြီးနောက် သူက ခံစားချက်များ ပြည့်နှက်နေသော အမူအရာနှင့် တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်မိ၏။
"လက်သီးချက် တစ်သန်း ထိုးပြီးသွားရင် ငါက ဓားသိုင်းလေ့ကျင့်ဖို့အတွက် အာရုံစိုက်ဖို့ လိုနေပြီ…"
အရက်ဘူးကို ခါးတွင် ပြန်ချည်နှောင်လိုက်ပြီးနောက် ချန်းပင်အန်းက ယခင်တုန်းကကဲ့သို့ သတိထားနေခြင်း မရှိတော့ပေ။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး သူက မတ်တပ်ရပ်ကျင့်စဉ်ကို ပွင့်ပွင့်လင်းလင်း စတင်လေ့ကျင့်နေခဲ့သည်။
ဓားပျံများကို စီးပြီး မြို့ငယ်လေးပေါ်တွင် ပျံသန်းသွားသော ဓားအင်မော်တယ်များ ရှိခဲ့ဖူးသည်။ သူတို့က ကောင်းကင်ကြီးပေါ်တွင် ပျံသန်းနေခဲ့ကြပြီး တိမ်တိုက်များ ကြားထဲတွင် ပြင်းထန်သော လေလှိုင်းများကို အန်တု၍ သွားလာနေခဲ့ကြ၏။ သူတို့က ဒီရေလှိုင်းများကဲ့သို့ ဖြစ်နေသည်ကို ကြည့်နေခဲ့ရသည်။
ကမ္ဘာမြေကြီးကို ရွေ့လျားစေနိုင်ပြီး တောင်တန်းများကို လှုပ်ရှားသွားစေနိုင်သည့် လက်သီးချက်များ ရှိနေသော မျိုးနွယ်ခေါင်းဆောင်ချွေးလည်း ရှိနေသည်။ လူကိုယ်တိုင် ရောက်မလာခင် ဓားက ရောက်လာပြီး ကမ္ဘာမြေတစ်ခွင်လုံးတွင် အလွန်တောက်ပသော အလင်းတန်းတစ်ခု ထုတ်ပေးနိုင်သော ဖုန်းရွှယ်ကျောင်းဆောင်မှ ဝေ့ကျင်းလည်း ရှိနေသေးသည်။
အကယ်၍ အလွန်လှပပြီး အောင်မြင်နေသော အကြောင်းအရာများကို တခြားသူများအား ပြသလိုက်မည်ဆိုလျှင်တော့ သူတို့၏ အားကျမှုကို ခံစားနိုင်ပြီး ပြန်လည်အတုယူရန် ကြိုးစားနိုင်ကြသည်။ လူတစ်ယောက်က အောင်မြင်နိုင်ခြင်း ရှိမရှိကတော့ လုံလောက်သော ကြိုးစားအားထုတ်မှု ရှိမရှိအပေါ်သာ မူတည်နိုင်ပါလိမ့်မည်။ ထိုအရာက အလွန်ရိုးရှင်းသော သဘောတရားတစ်ခုလည်း ဖြစ်၏။
အလွန်ပြင်းထန်သော လှုပ်ရှားမှုကြီးကြောင့် ခွန် လှေပေါ်တွင် ရှိနေသော လူပေါင်းများစွာက အလွန်ကြောက်လန့်ပြီး မသက်မသာ ခံစားခဲ့ကြရသည်။ ထို့ကြောင့် ချန်းပင်အန်းက ရှုခင်းကြည့် စင်မြင့်ပေါ်မှ ပြန်မလာသေးသော်လည်း ချွန်းရွှေက မတော်တဆမှု တစ်ခုခု ဖြစ်နေမှာကို ကြောက်ရွံ့စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် သူမက အထူးဧည့်သည်အပေါ် အပြစ်ပြုမိနိုင်သည့် အန္တရာယ်ကို သတိထားမိသော်လည်း စွန့်စားပြီး စာကြည့်ခန်းထဲမှ ထွက်၍ ရှုခင်းကြည့်စင်မြင့်ဆီသို့ လျှောက်လာခဲ့သည်။ ဤနေရာကို ရောက်လာပြီးနောက် တာ့လီအင်ပါယာ မြောက်ပိုင်းတောင် နတ်ဘုရား၏ မိတ်ဆွေဟုခေါ်သော ကျင့်ကြံသူကတော့ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။ ချွန်းရွှေက စိတ်ထဲတွင် အနည်းငယ် စဉ်းစားနေမိ၏။ ထိုလူက အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ထူးခြားလှသည်။
ချန်းပင်အန်း လေ့ကျင့်နေသည်ကို မြင်သည့်အချိန်တွင် သူမက စကားတစ်ခွန်းမျှ မပြောဘဲ တိတ်တဆိတ် လှည့်ထွက်သွားခဲ့၏။ တစ်ချိန်တည်းတွင် သူမက ခန်းမကြီးဆီသို့ ပြန်သွားသည့်အချိန်တွင် တိတ်တိတ်ဆိတ်ဆိတ်သာ လမ်းလျှောက်လာခဲ့သည်။
ချီကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံမှု သို့မဟုတ် သိုင်းပညာရှင်တစ်ယောက်၏ ကျင့်ကြံမှုကို နှောင့်ယှက်လိုက်ခြင်းက တောင်တန်းထဲမှ လူတစ်ယောက်အတွက်ဖြစ်စေ၊ တောင်တန်းအပြင်မှ လူတစ်ယောက်အတွက် ဖြစ်စေ အလွန်ကြီးလေးသော အပြစ်ကြီးတစ်ခု ဖြစ်သည်။
အစွမ်းထက်သော ချီကျင့်ကြံသူများ တံခါးပိတ် လေ့ကျင့်သည့် အချိန်မျိုးတွင် အင်အားစုတစ်ခုလုံးအတွက် အလွန်အရေးပါသော အရာတစ်ခု ဖြစ်လာကြသည်။ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ခန့်တွင် အခမ်းအနားတောင်က ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန်ကြီးမားသည့် ပြဿနာတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
အဆင့်(၉) လူငယ်အကြီးအကဲ တစ်ယောက်က အဆင့်(၁၀)ကို တက်လှမ်းရန်အတွက် တံခါးပိတ် လေ့ကျင့်နေခဲ့၏။ ထိုအချိန်တွင် အခမ်းအနားတောင်၏ ပေါ့လျော့မှုကြောင့် ရန်သူတစ်ယောက်က ကျူးကျော်ဝင်ရောက်လာခဲ့သည်။ ထိုအရာကလည်း ရန်သူ၏ ကြောက်စရာကောင်းသော စွမ်းအားကြောင့်ဟု ပြောနိုင်၏။
မည်သို့ဖြစ်စေကာမူ ထိုအကြီးအကဲ၏ မဟာတာအိုအုတ်မြစ်က ဖျက်ဆီးခံလိုက်ရပြီး သူက ဘဝတစ်လျှောက်လုံး ရွှေဆေးလုံးနယ်ပယ်အဆင့်တွင်သာ ဆက်လက် ရှိနေတော့သည်။ ထိုကိစ္စဖြစ်ပြီး သိပ်မကြာခင် အကြီးအကဲ၏ စိတ်အခြေအနေက တဖြည်းဖြည်း ပျက်စီးသွားခဲ့ပြီး လုံးဝကို ဒုက္ခိတအဖြစ် ပြောင်းလဲသွားခဲ့၏။
ပထမတွင်တော့ သူက အခမ်းအနားတောင်ထဲတွင် အလွန်အံ့ဩစရာကောင်းသော အောင်မြင်ကျော်ကြားမှုမျိုး ရှိနေသည်။ ထိုအဖြစ်အပျက် ပြီးဆုံးသွားခဲ့ပြီးနောက် သူက အတော်လေးကို ကြမ်းတမ်းခက်ထန်ပြီး ရက်စက်လာခဲ့၏။ သူက ကိုယ်လုပ်တော်များ၊ အစေခံများကို ဒေါသတကြီး သတ်ဖြတ်ခဲ့ပြီး အဝေးမြင်နယ်ပယ်အဆင့် တပည့်တစ်ယောက်ကိုပင် ဒုက္ခိတဖြစ်သွားအောင် လုပ်ဆောင်၍ ထိုသူ၏သက်ရှည်တံတားကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့သည်။
အဆုံးတွင်တော့ ထိုအကြီးအကဲကို သားသမီးအဖြစ် သဘောထားခဲ့သော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက သူ့ကို ကိုယ်တိုင်ဖိနှိပ်ပြီး တောင်အနောက်ဘက်ရှိ အကျဉ်းထောင်ထဲ၌ ပိတ်လှောင်ထားခဲ့ရသည်။ ထို့နောက် နှစ်ပေါင်း(၁၀၀)နီးပါးခန့် တောင်ပေါ်မှ ထွက်မလာသော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက အံ့သြစရာကောင်းသည့် ဆုံးဖြတ်ချက်တစ်ခု ချခဲ့သည်။
သူမက အခမ်းအနားတောင်၏ ဘိုးဘေးခန်းမဆီသို့ သွားခဲ့ပြီး တည်ထောင်သူ ဘိုးဘေး၏ ဓားကို ယူဆောင်ခဲ့သည်။ ထို့နောက် သူမက တောင်တန်းထဲမှ ထွက်သွားခဲ့ပြီး သူမတို့ရန်သူ၏ ဂိုဏ်းထဲသို့ ဝင်ရောက်၍ လူငယ်အကြီးအကဲ၏ ဘဝကို ဖျက်ဆီးခဲ့သော ကျင့်ကြံသူကို ကိုယ်တိုင်သုတ်သင်ခဲ့သည်။ သူမက အားရပါးရ ရယ်ခဲ့ပြီးမှ အခမ်းအနားတောင်ကို ပြန်ရောက်လာခဲ့၏။ သို့သော် ပြန်ရောက်လာပြီး တစ်နှစ်အတွင်း သူမက ရုတ်တရက် သေဆုံးသွားခဲ့ရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး အခမ်းအနားတောင်မှ တပည့်များအားလုံးက တိတ်တဆိတ်သာ ဆွေးနွေးရဲကြ၏။ လက်တုံ့ပြန်ခဲ့သော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ ဆုံးဖြတ်ချက်က ထိုက်တန်ခြင်း ရှိမရှိ သူတို့လည်း နားမလည်နိုင်တော့ပေ။
သို့သော် အခမ်းအနားတောင်၏ အပြင်ဘက်တွင် ရှိနေသော အင်မော်တယ်ဂိုဏ်းများ၊ ကလန်များကတော့ ရဲစွမ်းသတ္တိရှိပြီး သူရဲကောင်းဆန်သော စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ၏ လုပ်ရပ်ကို လေးစားချီးကျူးနေကြသည်။ သူမက အခမ်းအနားတောင် တည်ထောင်သူ ဘိုးဘေး၏ အစွမ်းအစနှင့် သတ္တိများကို ပြသခဲ့သည်ဟုပင် ခံစားမိခဲ့ကြ၏။ ထို့ကြောင့် ဂိုဏ်းဟူသော ဂုဏ်ပုဒ် ဆုံးရှုံးသွားခဲ့ရသည့် အခမ်းအနားတောင်အပေါ် ထိုအင်မော်တယ်ဂိုဏ်းများ၊ ကလန်များက ကောင်းမွန်သော သဘောထားများ ပြသလာခဲ့သည်။
ကြီးကြပ်သူမာက ခွန် လှေပေါ်တွင် ရှိနေသော အထူးအခန်းများနှင့် ပတ်သက်သည့် ကိစ္စအရပ်ရပ်ကို တာဝန်ယူရသည်။ သူက လက်ချောင်းလေးများတွင် ရောင်စုံကျောက်စိမ်းလက်စွပ်များ ဝတ်ဆင်ထားသော ခပ်ဝဝ အဘိုးအိုတစ်ယောက် ဖြစ်သည်။
သူက အထူးအခန်းများ အားလုံးကို လှည့်လည်သွားလာပြီး ပြင်းထန်သော လှုပ်ရှားမှုက ရန်သူ၏ တိုက်ခိုက်မှုကြောင့် မဟုတ်ကြောင်း အထူးဧည့်သည်များကို ကိုယ်တိုင်ကိုယ်ကျ ရှင်းပြနေခဲ့သည်။ ထိုအစား ခွန် လှေကြီးက နှစ်ပေါင်း(၁၀၀)တွင် တစ်ကြိမ်သာ ကြုံရသည့် ကိစ္စတစ်ခုကို ရိုးရှင်းစွာ ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်ဟု ရှင်းပြခဲ့သည်။ တခြားအခန်းတွင် ရှိနေသော ဧည့်သည်များကိုတော့ အခမ်းအနားတောင်က အချိန်ဖြုန်းပြီး ရှင်းပြနေခဲ့ခြင်း မရှိချေ။
ချိုးရှီက တံခါးကို ဖွင့်လိုက်သည်။ ချန်းပင်အန်းက ရှုခင်းကြည့် စင်မြင့်ပေါ်တွင် လေ့ကျင့်နေကြောင်း ကြီးကြပ်သူမာကြားသည့်အချိန်တွင် သူက ပြုံးပြလိုက်ပြီး ထိုသတင်းစကားပြောရန်သာ သူမကို မှာကြားခဲ့သည်။
ကြီးကြပ်သူမာက ထွက်မသွားသေးခင် မိန်းမပျို၏ ပိန်ပိန်သွယ်သွယ် ပုခုံးလေးကို ကျော်၍ ခန္ဓာကိုယ် အချိုးအစားလှပသော ချွန်းရွှေကို စိုက်ကြည့်လိုက်သည်။ သူမက စားပွဲခုံ၏ဘေးတွင် ရပ်နေသည့်အချိန်၌ ထင်ထင်ရှားရှားနှင့် ကျက်သရေရှိနေပြီး ရှေ့ဘက်မှ ကြည့်နေရုံနှင့်ပင် ခန္ဓာကိုယ်နောက်ပိုင်း၏ လှပသော ကောက်ကြောင်းများကို မြင်နေရသေးသည်။
အဘိုးအိုက မျက်လုံးကို တစ်ဖက်သို့ လွှဲပြီး စနောက်သလို ပြောလိုက်၏။
"ချိုးရှီ...
နင်က များများစားဖို့ လိုတယ်။ ဒီလောက် ပိန်နေတာက နင့်လို မိန်းကလေးတွေအတွက် မကောင်းဘူး။ တကယ်လို့ နင် မတတ်နိုင်ဘူး ဆိုရင်လည်း ဘာမှမစိုးရိမ်နဲ့။ အစ်ကိုကြီးမာက နင့်အတွက်ငွေစိုက်ထားပေးနိုင်ပါတယ်။ ဘာမှအားနာမနေနဲ့။ တကယ်လို့ လိုအပ်တာရှိရင် ပြောသာပြောလိုက်... နားလည်လား…"
ချိုးရှီက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ တံခါးကို ပိတ်လိုက်ပြီးနောက် သူမ၏ အစ်မဖြစ်သူ အနားတွင် ထိုင်လိုက်ပြီး မျက်ခုံးပင့်၍ ဗျစ်တောက်ဗျစ်တောက် ပြောဆိုလိုက်သည်။
"တဏှာရူးကြီး...
သူ ကြည့်နေတဲ့ အကြည့်နဲ့တင် ရွံစရာကောင်းတယ်။ တော်တော်လေး စိတ်ပျက်စရာပဲ…"
"အစ်ကိုကြီးမာ... ဟုတ်လား။ အစ်မ... ကျွန်မက သူ့ကို မျက်လုံးကန်းသွားအောင် လက်သီးနဲ့ ထိုးပစ်ချင်တယ်….”
“နင့်မှာ ရုပ်လှလှလေး ရှိနေတာနဲ့ပဲ တခြားသူတွေက နင့်ကို တစ်စက္ကန့်လေးတောင် ကြည့်လို့မရနိုင်ဘူးလား။ တော်တော်လေး ဒေါသကြီးတာပဲ။ နင်က အင်မော်တယ်ဂိုဏ်းက ကောင်းကင်မိန်းမပျို တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာလား…"
ချွန်းရွှေက သိမ်မွေ့ညင်သာသော အသံနှင့် စနောက်၍ ပြောလိုက်သည်။
"မိန်းကလေးက အဝါရောင်စပါးနှံစံအိမ်က ကောင်းကင်မိန်းမပျို လျှိုနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေများလား။ ဒီအစေခံမလေးကို ကျေးဇူးပြုပြီး သူနဲ့ မိတ်ဆက်ပေးလို့ရမလား…"
ထိုစကားကို ကြားသည့်အခါ ချိုးရှီက မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
"အစ်မကြီး...
ဘာလို့ ကျွန်မကို ဒီလိုမျိုး စနောက်နေရတာလဲ…"
"တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်က ဟောဒီသခင်လေးက တော်တော်လေး အဆင်ပြေတဲ့ လူတစ်ယောက်ပဲ…."
ချွန်းရွှေက ရုတ်တရက် ပြောလိုက်သည်။
ချိုးရှီက ကြည်လင်နေသော မျက်လုံးလေးများကို လှုပ်ရှားပြီး ပြောလိုက်၏။
"ဘာလဲ။ အစ်မက သူ့ကို ပေးဆပ်လိုက်ဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ကလေးတစ်ယောက်ပဲ ရှိသေးတယ်။ အစ်မက သူ့လို လူတစ်ယောက်ကို ဘယ်လိုဖြစ်ပြီး သဘောကျနေရတာလဲ…”
“နင်..နင် ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာလဲ…"
ချွန်းရွှေက စိတ်ပျက်လက်ပျက် အမူအရာနှင့် ပြောလိုက်သည်။
ချိုးရှီက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။
"ကျွန်မ သိပါတယ်... သိပါတယ်။ အစ်မက အခမ်းအနားတောင်က အင်မော်တယ်ဟန်ကို သဘောကျနေတာလေ။ သူက တောင်ထိပ်သခင်ရဲ့ လက်ရင်းတပည့် တစ်ယောက်ပဲ။ ပြီးတော့ အရမ်းကို ပါရမီရှိပြီး အရမ်းလည်း ချောတယ်။ အရေးကြီးဆုံးအရာကတော့ သူက တွေ့သမျှ လူတိုင်းကို ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံတာပဲ…”
“သူက လေ့ကျင့်ဖို့ တောင်ပေါ်ကနေ ဆင်းသွားတဲ့ ခရီးစဉ်(၂)ခုအတွင်းမှာလည်း တော်တော်လေး နာမည်ကျော်ကြားခဲ့တယ်။ (၃)နှစ် တစ်ကြိမ် ကျင်းပတဲ့ အခမ်းအနားတောင်ရဲ့ ပွဲကို တက်ခဲ့တဲ့ အချိန်တုန်းကလည်း သူနဲ့ တခြားတစ်ယောက် တိုက်ခိုက်နေတာကို ကျွန်မတို့ အဝေးကနေ ကြည့်နေခဲ့ရတယ်။ အဲဒီအချိန် အစ်မရဲ့မျက်လုံးတွေက ပျော်ကျလာတော့မယ့် နှင်းပွင့်လေးတွေလိုပဲ…"
ချွန်းရွှေက ရှေ့ကို အနည်းငယ် ကိုင်းလိုက်ရာ သူမ၏ ရင်ဘတ်က အနည်းငယ် ရှေ့သို့ ထွက်လာပြီး စားပွဲအစွန်းပေါ်သို့ ဖိထားသလို ဖြစ်နေခဲ့သည်။ သူမက ညီမဖြစ်သူ၏ နဖူးကို ညင်သာစွာ ရိုက်လိုက်၏။
"နင်က အဆင့်(၂)ကို ရောက်နေပြီ။ ငါလည်း အဆင့်(၂)ပဲ ရှိသေးတယ်။ ငါတို့နှစ်ယောက် အဆင့်တွေ ပေါင်းလိုက်မယ်ဆိုရင်တောင် သူ့ထက် အဆင့်နိမ့်နေသေးတယ်။ သူက လွန်ခဲ့တဲ့ (၃)နှစ်ကတည်းက အဝေးမြင်အဆင့်ကို ရောက်နေပြီ။ ငါတို့ ဒီတစ်ကြိမ် ပြန်ရောက်တဲ့အချိန်ကျရင် သူက နဂါးတံခါးနယ်ပယ်ကိုတောင် ရောက်နေလောက်ပြီ…"
ချိုးရှီက အပြုံးနှင့် အစ်မဖြစ်သူ၏ လက်ကို ကိုင်လိုက်၏။ သူမက ကြီးကြပ်သူမာ၏ ပုံစံအတိုင်း အသံကို တုပ၍ စနောက်လိုက်သည်။
"မိန်းကလေးချွန်းရွှေ...
မင်းရဲ့လက်ကလေးတွေက တော်တော်လေးကို ဖြူဖပ်ဖြူလျော် ဖြစ်နေတာပဲ။ မင်းရဲ့ရုပ်ရည်လေးကတော့ တော်တော်လေးကို လှတယ်။ အခြား ကောင်းကင်မိန်းမပျိုတွေရဲ့ လက်တွေကတောင် တစ်နှစ်ပတ်လုံး အိမ်အလုပ် လုပ်နေရမယ်ဆိုရင် မင်းလောက် လှမှာမဟုတ်လောက်ဘူး…"
ညီမဖြစ်သူက လက်တစ်ဖက်ကို ကိုင်ထားသည့်အတွက် ချွန်းရွှေက တခြားလက်တစ်ဖက်ကို မြှောက်ပြီး သူမ၏ပါးစပ်ကို အတင်းကျပ်ပိတ်၍ တိုးတိုးလေး ရယ်လိုက်မိသည်။
ကျင့်ကြံမှုလမ်းကြောင်းက ခက်ခဲ၏။ သို့သော် လူတစ်ယောက်ကို ပြုံးပျော်စေနိုင်သော ပျော်ရွှင်စရာ ကိစ္စရပ်များလည်း အမြဲလိုလို ရှိနေတတ်သည်။ ဥပမာအနေနှင့် ပြောရလျှင် ထိုညီအမနှစ်ယောက်က အချင်းချင်း အားကိုးနေကြရ၏။ သူတို့က ငယ်ငယ်လေးကတည်းက အတော်လေး အေးချမ်းသည့် ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရသည်။ သူတို့ အားလပ်သည့်အချိန်တိုင်း သူတို့က အဆင့်မြင့်သော လူပေါင်းများစွာနှင့် ကိစ္စရပ်ပေါင်းများစွာ အကြောင်းကိုပင် တိတ်တဆိတ် စဉ်းစားကြည့်နိုင်ကြသည်။
ချန်းပင်အန်းက လေ့ကျင့်မှု ပြီးဆုံးသွားပြီး ခန်းမဆီသို့ ဦးတည်နေသော စြင်္ကံတံခါးဆီသို့ လျှောက်လာခဲ့သည်။ သို့သော် ထိုအရာကို မြင်လိုက်ရပြီးနောက် သူက ရှုခင်းကြည့် စင်မြင့်ဆီသို့ တိတ်တဆိတ် ပြန်လှည့်သွားခဲ့၏။ ထိုကဲ့သို့ ချိုသာသော အခိုက်အတန့်ကို သူလည်း အနှောင့်အယှက် မပေးချင်ခဲ့ပေ။ သူ၏ လှုပ်ရှားမှုက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့်အတွက် ညီအစ်မနှစ်ယောက်က သူ ရှိနေသည်ကိုပင် လုံးဝ သတိမထားမိခဲ့ကြပေ။
ချန်းပင်အန်းက ရှုခင်းကြည့် စင်မြင့်ပေါ်တွင် လမ်းလျှောက်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။ သူက လက်သီးချက် တစ်သန်း လေ့ကျင့်ရန် ကိုယ့်ကိုယ်ကိုယ် ရည်မှန်းချက်တစ်ခု ထားခဲ့သည်။ ထိုအရာက လက်သီးချက်တိုင်းကို ရေတွက်၍ ရနိုင်ခြင်းတော့ မဟုတ်ချေ။
ထိုအစား သူက လမ်းလျှောက်ကျင့်စဉ် ခြေလှမ်း(၆)လှမ်း ပြီးဆုံးပြီးမှသာ တစ်ကြိမ် ရေတွက်၍ ရနိုင်သည်။ အကယ်၍ သူက အချိန်ကို အလေးထားမည်ဆိုလျှင်ပင် ရက်အနည်းငယ်အတွင်း လက်သီးချက် တစ်သန်း ပြီးဆုံးသွားလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူက နေ့စဉ် နေ့တိုင်း အချိန်(၁၂) နာရီတိတိ မရပ်မနား လေ့ကျင့်နေမည်ဆိုလျှင်ပင် ကျောက်စက်ပန်းဆွဲတောင်သို့ မရောက်ခင် လက်သီးချက် တစ်သန်း ပြည့်မှတ်ကို ရောက်ရန် လုံးဝ မဖြစ်နိုင်ခြင်းပေ။
ထို့ကြောင့် ချန်းပင်အန်းက အလေးမဲ့မနေရဲပေ။ ထို့ပြင် အလျင်လို အနှေးဖြစ် ဟူသည့် စကားပုံတစ်ခုကလည်း စာအုပ်ထဲတွင် ရှိနေသည်။ ယခုတော့ ချန်းပင်အန်းက လမ်းလျှောက်ကျင့်စဉ် လုပ်ဆောင်လေ့ကျင့်မှုကို အတော်လေး ကျွမ်းကျင်နေပြီဖြစ်သည်။ သူက တခြားကိစ္စများအကြောင်းကို စဉ်းစားနေမည် ဆိုလျှင်ပင် လက်သီးချက်များကို သုံးပြီး ခန္ဓာကိုယ်နှင့် စိတ်ကို အသုံးချ၍ ရနေသေးသည်။
လက်သီးသိုင်း လေ့ကျင့်ခြင်းက စာဖတ်ခြင်းကဲ့သို့ ဖြစ်၏။ စာအုပ်တစ်အုပ်၏ အဓိပ္ပာယ်က အကြိမ်ပေါင်းများစွာ ဖတ်ပြီးမှသာ ရှင်းရှင်းလင်းလင်း သိလာနိုင်သည်။ လူတစ်ယောက်၏ လက်ရေးကလည်း စာအုပ်ပေါင်းများစွာကို ဖတ်နေမည်ဆိုလျှင် နတ်ဘုရားများ၏ အကူအညီ ပေးသကဲ့သို့ ဖြစ်လာနိုင်၏။ စာအုပ်ထဲတွင် သူတော်စင်များ ရေးသားထားသည့် စည်းမျဉ်းနိယာမများက လိမ်ညာခဲ့ခြင်း မရှိချေ။
ခဏကြာ အနားယူခဲ့ပြီးနောက် ချန်းပင်အန်းက လက်ရန်းပေါ်တွင် လက်နှစ်ဖက်ကို တင်ပြီး အဝေးကို ငေးကြည့်နေခဲ့သည်။ နေလုံးကြီးက အနောက်ဘက်သို့ ကျဆင်းသွားပြီး တိမ်တိုက်ပင်လယ်ကြီးပေါ်တွင် ရွှေရောင်လွှမ်းခြုံထားသလို ဖြစ်လာခဲ့၏။ ရွှေရောင်အလင်းတန်းများက တလက်လက် တောက်ပနေပြီး တိမ်တိုက်များပေါ်တွင် အလွန်လှပနေသည်။ ထိုအရာက ကြည့်ရှုနေသူတိုင်းကို စိတ်လက်ပေါ့ပါးသွားစေနိုင်သော မြင်ကွင်းတစ်ခု ဖြစ်၏။
ညီအစ်မနှစ်ယောက်က အခန်းကို လှည့်ပတ်ပြသခဲ့သည့်အချိန်တွင် တိမ်တိုက်ပင်လယ်ကြီးက ချန်းပင်အန်း၏ မျက်လုံးထဲတွင်တော့ ဧရာမ ဝါဂွမ်းပြင်ကြီးတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ထို့ပြင် ခွန် လှေကြီးကတော့ ဝါဂွမ်းနှစ်ခုကြားထဲတွင် သွားလာနေသလို ထင်မှတ်ရ၏။ ထို့ကြောင့် ကောင်းကင်ကြီးက အပိတ်ဖြစ်နေပြီး ကမ္ဘာမြေကြီးကလည်း အပိတ်ဖြစ်နေသည်ဟု ထင်မှတ်ရသည်။
သူ့အခန်းက အမြင့်ဆုံးဖြစ်ပြီး တခြားသော အဆင့်မြင့် အခန်းများက သူ့ထက်ပို၍ နိမ့်ကြသည်။ ထိုအခန်းများ၏ ရှုခင်းကြည့် စင်မြင့်ပေါ်တွင် ချီကျင့်ကြံသူတချို့ ရပ်နေကြပြီး အနီရောင် နေဝင်ဆည်းဆာ တိမ်တိုက်များကို ကြည့်ရှု ခံစားနေကြ၏။ ခပ်မြင့်မြင့် အဆောင်အဦး၏ အပြင်ဘက်တွင် ကြံ့ခိုင်သော လက်ရန်းများ ရှိနေပြီး လူအနည်းငယ်က လမ်းလျှောက်နေကြသည်။ ကလေးငယ်များကတော့ သူတို့မိဘ ၊ အကြီးအကဲများ၏ မျက်စိအောက်တွင် ပြေးလွှားဆော့ကစားနေကြ၏။
ချန်းပင်အန်း၏ မျက်လုံးထဲတွင် လူတစ်ယောက်၏ နောက်ကျောကို မြင်လိုက်ရသည်။ သူက ထိုလူ၏ နောက်ကျောတွင် ကန့်လန့်ဖြတ် လွယ်ထားသော အိတ်တစ်ခုကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ ထိုအိတ်၏ အောက်ဘက်တွင်တော့ သစ်သားဓားတစ်ချောင်း ရှိနေသည်။ ထိုလူက တွန့်ကြေနေသော တာအိုဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး ခေါင်းတွင် သစ်သားဆံထိုးတစ်ခု ရှိနေသည်။
ထိုလူငယ်က သူ့ဘက်သို့ ဖြည်းညင်းစွာ လှည့်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။ သူက မျက်လုံးနေထိုးခြင်းကို ကာကွယ်ရန် လက်တစ်ဖက် မြှောက်လိုက်ပြီး သူ၏ အမူအရာက အနည်းငယ် တွေဝေနေပုံရသည်။
ခွန်လှေကြီး၏ နောက်ကျောဘက်တွင် ကာကွယ်ထားသော သဏ္ဌာန်မဲ့ အကာအကွယ်တစ်ခု ရှိနေသော်လည်း သိမ်မွေ့ညင်သာသည့် လေပြည်လေညင်းလေးများကတော့ ဖြတ်သန်းတိုက်ခတ်နိုင်သေးသည်။ လူငယ်တာအိုသခင်၏ နှုတ်ခမ်းများက ခြောက်ကပ်ပြီး အက်ကွဲနေသည်။ ဖြတ်သန်းတိုက်ခတ်လာသော လေပြည်လေညင်းလေးက သူ၏ နားထင်မွှေးများကို လေထဲသို့ ညင်သာစွာ မြှောက်သွားစေ၏။ သူ့နောက်ကျောတွင် သစ်သားဓားတစ်ချောင်းကို ကန့်လန့်ဖြတ် လွယ်ထားသည်။
ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးက အဆင့်မြင့်အခန်းထဲတွင် နေထိုင်နေပြီး တခြားသူများအားလုံး၏ အပေါ်ဘက်ရှိ ရှုခင်းကြည့် စင်မြင့်ပေါ်တွင် ရပ်နေသည်။ သူက အစေခံများနှင့် စကားပြောနေသည့်အချိန်တွင် သူတို့က အထက်ဘုံ(၅)ဆင့်မှ အင်မော်တယ်များအကြောင်းကို ပြောနေကြ၏။
သူတို့၏ အောက်ဘက်တွင်တော့ လူသားကမ္ဘာကြီးထဲရှိ အသေးဆုံးကုန်းမြေကြီးကဲ့သို့ ဖြစ်နေသည်။ ထိုအရာက အင်အားစုအသီးသီးမှ ချီကျင့်ကြံသူများနှင့် တူညီနေပြီး အထူးသဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများ၊ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ကတော့ သေသည့်အချိန်ထိ အထက်ဘုံ(၅)ဆင့်ဟူသော နာမည်ကိုပင် လုံးဝ မသိကြပေ။
ထိုအချိန်တွင် လူမသိသူမသိ နေရာတစ်ခုမှ လူငယ်တာအိုသခင်လေးကတော့ ခွန်လှေကြီး၏ အနိမ့်ဆုံးအဆင့်တွင် ရှိနေသော လက်ရန်းရှေ့တွင် တိတ်တဆိတ် ရပ်နေခဲ့သည်။ သူက သိမ်းဆည်းထားသော လက်ကျန်ငွေများကို ရေတွက်ကြည့်နေခဲ့၏။ သူက တောင်ပိုင်းစမ်းချောင်းတိုင်းပြည်သို့ သွားရန်အတွက် ခွန် လှေကို ဆက်လက်စီးရန်အတွက် ငွေကြေးလုံလောက်ခြင်း ရှိမရှိ စဉ်းစားနေပုံရသည်။
ချန်းပင်အန်းက နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လက်သီးသိုင်းပညာကို ဆက်လက်လေ့ကျင့်နေခဲ့သည်။ သူ၏လှုပ်ရှားမှုများက သဘာဝကျနေပြီး လက်သီးဆန္ဒများက ရိုးရှင်းသော်လည်း တည်ငြိမ်သည်။
ချန်းပင်အန်းက ညမှောင်သွားသည့်အချိန်ထိ ရှုခင်းကြည့် စင်မြင့်ပေါ်တွင် လမ်းလျှောက်ကျင့်စဉ်ကို ဆက်လက်လေ့ကျင့်နေခဲ့၏။ ထိုအချိန်တွင် ကောင်းကင်ပေါ်၌ လမင်းကြီးက တောက်ပလာပြီး ကြယ်များကလည်း တဖြတ်ဖြတ် လင်းလက်လာခဲ့လေသည်။