အခန်း (၂၃၇)
Vol. 17 Ch. 237
Translated by Hein Htet.
ဌာနေပြန် ဓားတစ်လက်
အခန်း (၂၃၇) {(စာစဉ် ၁၇ - အပိုင်း(၂)}
ချန်းပင်အန်းက တည်းခိုရာအခန်း၏ ပင်မခန်းမဆောင်သို့ ပြန်ရောက်လာသည့်အခါ ချိုးရှီကတော့ စားပွဲပေါ်တွင် မှောက်၍ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ချွန်းရွှေကတော့ သူမ၏ဘေး၌ တိတ်ဆိတ်စွာ ထိုင်နေရင်း စာကြည့်ခန်းဘက်သို့ အပြုံးနှင့် ငေးမောကြည့်ရှုနေခဲ့၏။ ချန်းပင်အန်းကို မြင်လိုက်ရသည့်အခါ သူမသည် ကပျာကယာပင် ညီမဖြစ်သူ၏ ပုခုံးကို လှမ်းပုတ်လိုက်သည်။
သို့သော် ချန်းပင်အန်းက လက်ကာပြပြီး ကိစ္စမရှိကြောင်း အမူအရာပြလိုက်၏။ ချွန်းရွှေက ခဏကြာ စဉ်းစားနေပြီးနောက် ညီမဖြစ်သူ၏ ပုခုံးကိုပုတ်၍ နှိုးလိုက်လေသည်။ သတိဝင်လာသော ချိုးရှီက ဧည့်သည်၏ရှေ့တွင် အနေအထိုင် မတတ်သည့်ပုံမျိုး မပေါ်စေရန် သူမ၏ပါးစပ်ကို အလောတကြီး သုတ်လိုက်၏။
ခွန် လှေပေါ်ရှိ စည်းမျဉ်းစည်းကမ်းများက တာ့လီအင်ပါယာ မြောက်ပိုင်းတောင် နတ်ဘုရားနှင့် မိတ်ဆွေဖြစ်သူအပေါ် အလွန် သက်ညှာကောင်း သက်ညှာနိုင်သော်လည်း လှေပေါ်မှ အခိုင်းအစေ မိန်းကလေးနှစ်ဦးဖြစ်သည့် သူမနှင့် အစ်မဖြစ်သူတို့အပေါ်တွင်မူ အခမ်းအနားတောင်က လုံးဝညှာတာလိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက စားပွဲတွင် ဝင်ထိုင်လိုက်ပြီး အပြာရောင်ကြွေပန်းကန်ပြားထဲမှ မြစိမ်းရောင်အသီးတစ်လုံးကို လှမ်းယူလိုက်သည်။ ထိုအသီးက မမှည့်သေးသော ရှောက်သီးတစ်လုံးနှင့် တူသော်လည်း အခွံခွာပြီးနောက် စားကြည့်လိုက်လျှင် အထူးပင် လန်းဆန်းကာ ချိုမြိန်လှ၏။ အသီးတစ်လုံး စားပြီးနောက် သူက နောက်ထပ်နှစ်လုံး ထပ်ယူကာ ညီအစ်မနှစ်ယောက်ထံ ကမ်းပေးလိုက်သည်။
ချွန်းရွှေက လက်မခံလိုသည့်အတွက် ငြင်းဆန်ရန် ပြင်လိုက်၏။ ထို့ကြောင့် ချိုးရှီမှာလည်း မတတ်သာသည့်အဆုံး လိုက်လံငြင်းဆန်ရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ချန်းပင်အန်းက ထိုအသီးများကို သူမတို့ရှေ့၌ အတင်းချပေးလိုက်သည့် အတွက် ညီအစ်မနှစ်ယောက်လည်း ဆက်၍ ငြင်းဆန်မနေတော့ပေ။ အထူးသဖြင့် ထိုအသီးများက ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်ရှိ လတ်ဆတ်မြက်ပင်တောင်မှ ထွက်ရှိသော ရှားပါးသစ်သီးများ ဖြစ်နေသောကြောင့် ဖြစ်၏။ ထိုအသီးတစ်လုံးကို စားသုံးလိုက်ခြင်းက (၁၀) ရက်တာမျှ အားသွန်ခွန်စိုက် ကျင့်ကြံခြင်းနှင့် ညီမျှသော စွမ်းအင်ပမာဏကို ရရှိစေနိုင်သည်။
ကျင့်ကြံခြင်းလမ်းစဉ်တွင် ဖြတ်လမ်း မရှိချေ။ ထိုစကားက ပါရမီရှင်များကို မကြာခဏ ပြောလေ့ရှိသော စကားဖြစ်သည်။ ရည်ရွယ်ချက်ကလည်း သူတို့ကို မာန်မာန ထောင်လွှားခြင်း မရှိစေရန်နှင့် စိတ်မလောရန် သတိပေးခြင်းသာ ဖြစ်၏။ သူတို့က မြေကြီးပေါ်တွင် ခိုင်ခိုင်မာမာနှင့် ရပ်တည်လျှောက်လှမ်းနိုင်မှသာ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော် ကျင့်ကြံခြင်းလမ်းစဉ်၌ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော ဖြတ်လမ်းများ ရှိနေကြောင်း ထင်ရှား၏။ ထိုအရာက တစ်ကိုယ်တော် ကျင့်ကြံသူများ၊ အိမ်ရာမဲ့ ကျင့်ကြံသူများနှင့် ပါရမီမရှိသော ပြင်ပဂိုဏ်းသားများ လက်ခံထားကြသည့် အမှန်တရား ဖြစ်သည်။ ငွေကြေးလုံလောက်စွာ ရှိနေသရွေ့ စားသောက်နေခြင်းကပင် ကျင့်ကြံခြင်းတစ်မျိုး ဖြစ်လာနိုင်သည်။ အကယ်၍ နောက်ခံအင်အား တောင့်တင်းပြီး ပါရမီကောင်းမွန်သည့်အပြင် စွမ်းအင်များ ပြည့်နှက်နေသော နယ်မြေ၌ နေထိုင်နိုင်ပါက အိပ်စက်ခြင်းကပင်လျှင် ကျင့်ကြံခြင်း ဖြစ်လာနိုင်ပေသည်။
ဥပမာအားဖြင့် ချွန်းရွှေနှင့် ချိုးရှီတို့က သူတို့ ပင်ပင်ပန်းပန်း ရှာဖွေထားသော ငွေကြေးများကို အထူးသစ်သီး ကဲ့သို့သော စွမ်းအင်သစ်သီးများ သို့မဟုတ် အလားတူအာနိသင်ရှိသော အဆင့်နိမ့် ဆေးလုံးများ ဝယ်ယူရာတွင်သာ သုံးစွဲနိုင်ကြသည်။ ဤအရာများကို စားသုံးလိုက်ရတိုင်း သူတို့မှာ နှမြောတသ ဖြစ်ခဲ့ကြရ၏။ အကယ်၍ သူတို့ကသာ မျှော်လင့်ချက်ကို မြင့်မြင့်ထားပြီး ကျင့်ကြံမှု အားလပ်သည့်အချိန်များတွင် သေချာစဉ်းစားကြည့်မည်ဆိုပါက နှစ်အနည်းငယ်မျှ ကြိုးစားလိုက်ပြီး စုဆောင်းထားသမျှ ငွေအားလုံးကို ပုံအော၍ အင်မော်တယ်ပစ္စည်း တစ်ခု ဝယ်ကောင်း ဝယ်နိုင်ပါလိမ့်မည်။
ထိုပစ္စည်းက တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးမည့် အင်မော်တယ်ပစ္စည်း မျိုးတော့ သေချာပေါက် ဖြစ်လိမ့်မည် မဟုတ်ပေ။ ပထမအချက်ကတော့ ထိုကဲ့သို့သော အင်မော်တယ်ပစ္စည်းမျိုးကို သူတို့ တတ်နိုင်မည်မဟုတ်။ ဒုတိယအချက်မှာ ထိုကဲ့သို့ ပစ္စည်းမျိုးကို ဝယ်ယူခြင်းက သူတို့အတွက်တော့ အဓိပ္ပာယ်မရှိသော လုပ်ရပ်သာ ဖြစ်နေပါလိမ့်မည်။ ထိုအစား သူတို့က မသန့်စင်သော ချီစွမ်းအင်များကို တစ်ကြိမ်လျှင် နည်းနည်းဆီ သန့်စင်ပေးနိုင်မည့် ပစ္စည်းများကိုသာ ဝယ်ယူကြလိမ့်မည်ဖြစ်၏။
ပါရမီရှိသော ချီကျင့်ကြံသူများက အသက်တစ်ရှိုက်စာအတွင်း တောင်ထိပ်သို့ ပျံတက်နိုင်ကြပြီး ရံဖန်ရံခါဆိုသလို အဆင့်များ တက်လှမ်းနိုင်ကြသည်။ ထိုအရာက အခြားသူများ အားကျရုံသာ တတ်နိုင်သည့်အရာဖြစ်၏။ ချွန်းရွှေ နှင့် ချိုးရှီ ကဲ့သို့သော ကျင့်ကြံသူများမှာမူ တစ်ကြိမ်လျှင် ခြေတစ်လှမ်းချင်းသာ တက်လှမ်းနိုင်ပြီး သူတစ်ပါး၏ ပါရမီကို အားကျရုံသာ ရှိတော့သည်။ အံ့သြတကြီး ရေရွတ်ပြီးသည်နှင့် သူတို့က ခေါင်းငုံ့ကာ ဆက်လက်၍ ပင်ပင်ပန်းပန်း ကြိုးစားကြရပြန်သည်။
အဆင့်မြင့် ကျင့်ကြံသူများ၏ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းများကို မြင်တွေ့ပြီးသွားသည့်အချိန်တွင် မည်သူကရော ကြွယ်ဝချမ်းသာသည့် သာမန်လူသားဘဝ သို့မဟုတ် သာမန်အိမ်ရှင်မဘဝမျိုး၌ နေထိုင်လိုကြတော့မည်နည်း။
အမှန်တကယ်တွင်လည်း စိတ်ပျက်အားလျော့နေသော ချီကျင့်ကြံသူအချို့က တောင်ပေါ်မှ စွန့်ခွာသွားတတ်ကြသည်။ ထိုသူများအနက် အချို့မှာ လူ့လောက၌ အောင်မြင်ပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်ခံစားနိုင်ကြ၏။ နန်းတွင်းမှ ထိပ်တန်းပညာရှိအမတ်ကြီးများကဲ့သို့ပင် ဖြစ်ကြသည်။ တောင်ပေါ်၌ သာမန်အဆင့်အတန်းမျိုးဖြင့် နေထိုင်ရသည်နှင့် ယှဉ်လျှင် လူ့လောက၌ နေထိုင်ခြင်းက ပိုမိုသက်တောင့်သက်သာရှိပြီး စိတ်လက်ပေါ့ပါးစရာ ကောင်းပေလိမ့်မည်။
ဥပမာအားဖြင့်ပြောရလျှင် အချို့သော တိုင်းပြည်မှ နန်းတွင်းအရာရှိများက ထိုသူတို့ကို ကမ်းလှမ်းခေါ်ယူကာ တောင်တန်းရေမြေ သာယာလှပသော နယ်မြေကောင်းတစ်ခုကို ပေးသနား၍ နယ်စားအဖြစ် ခန့်ထားကောင်း ခန့်ထားပေလိမ့်မည်။ မဟုတ်လျှင်လည်း သူတို့က သူဌေးသူကြွယ်များ၏ နေအိမ်များကို စောင့်ရှောက်ပေးရင်း ဂုဏ်သရေရှိ ဧည့်သည်အကြီးအကဲ ရာထူးကို ခံစားနိုင်ကြသည်မှာလည်း ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်၏။
သို့သော် အဆုံးတွင်တော့ အပြင်ပန်းအားဖြင့် မြင့်မြတ်သည်ဟု ထင်ရသော ထိုချီကျင့်ကြံသူများက တောင်ပေါ်တွင် မအောင်မြင်ခဲ့ကြသူများသာ ဖြစ်လေသည်။ သဘောတရားအရ ကြည့်လိုက်လျှင် သူတို့က နန်းတွင်းစာမေးပွဲ ကျရှုံးပြီးနောက် တောတောင်များထဲသို့ ထွက်ပြေးပုန်းအောင်းသွားသော စာသင်သားများနှင့် ခြားနားခြင်း မရှိပေ။
ချွန်းရွှေက နွေဦးသစ်သီးကို ဖြည်းညင်းစွာ ကိုက်စားနေရင်း အနည်းငယ် တွေးနေမိ၏။ သူမ၏အမူအရာက ယဉ်ကျေးသိမ်မွေ့သော အထက်တန်းလွှာ မိန်းမပျိုများနှင့် နှိုင်းယှဉ်လိုက်လျှင်ပင် နိမ့်ကျနေခြင်း မရှိလှချေ။ ထိုအချက်က သူမ၏ညီမဖြစ်သူ ချိုးရှီနှင့် ကွာခြားလှ၏။
ချိုးရှီမှာမူ ထိုအခွင့်အရေးကို အရမယူလိုက်လျှင် နှမြောစရာ ဖြစ်လိမ့်မည်ဟု စဉ်းစား၍ နွေဦးသစ်သီးကို ပျော်ရွှင်စွာ စားသောက်နေလေသည်။ မည်သို့ပင်ဆိုစေကာမူ လူမိုက်များသာ ထိုကဲ့သို့သော အခွင့်ကောင်းကို ငြင်းပယ်ကြလိမ့်မည် မဟုတ်ပါလော။
ချန်းပင်အန်းက ပထမဆုံး စားပြီးသွားသည့်အချိန်တွင် ချိုးရှီက သူ၏ရှောက်ခွံများကို မျှော်လင့်တကြီး မျက်လုံးများဖြင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူက ပြန်မေးလိုက်လေသည်။
"ဒီအသီးခွံကလည်း အသုံးဝင်လို့လား…"
"သခင်လေးချန်း…
ဟင်းချက်တဲ့အချိန် ဒီအသီးခွံ နည်းနည်းလောက် ထည့်ချက်လိုက်ရင် ဟင်းက တော်တော်လေး မွှေးကြိုင်သွားတာလေ…"
ချိုးရှီက ပေါ့ပေါ့ပါးပါးပင် ပြန်လည်ဖြေကြားလိုက်သည်။
ချန်းပင်အန်း၏ မျက်လုံးများ အရောင်လက်တောက်သွား၏။
“ဒါကို ငါ သဘောကျတယ်။ ငါက ဟင်းချက်တဲ့နေရာမှာ တော်တော်လေး လက်ရာကောင်းတယ်။ တာ့ဆွေတိုင်းပြည်ကို ခရီးသွားတုန်းက ကုန်ကြမ်းပစ္စည်း မလုံလောက်လို့သာ လက်စွမ်းမပြနိုင်ခဲ့တာ။ မဟုတ်ရင် လီပေါင်ဖျင်တို့တွေ ဟိုလက်ထောက်အမတ်အိုကြီးအိမ်က အစားအသောက်တွေကို အဲဒီလောက်တောင် သတိရနေကြမှာ မဟုတ်ဘူး။ တကယ်တမ်းကျတော့ ငါ့လက်ရာ ငါးဟင်းရည် ချက်ကျွေးတာတောင် သူတို့က အားမလိုအားမရ ဖြစ်နေခဲ့ကြသေးတာ…”
ချန်းပင်အန်းက ပြုံးလိုက်ပြီး နောက်ထပ်နွေဦးသစ်သီး နှစ်လုံးကို ထပ်ယူကာ ချွန်းရွှေနှင့် ချိုးရှီတို့ထံ ပေးလိုက်သည်။
"ရော့... ဒီအသီးတွေ စားလိုက်ကြဦး။ အခွံတွေကိုတော့ ငါ့အတွက် ချန်ထားပေးဖို့ မမေ့နဲ့နော်…"
ချွန်းရွှေ နှင့် ချိုးရှီ တို့က နားမလည်နိုင်စွာဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့ကလည်း ဤအခြေအနေကို ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။ ခွန် လှေ၏ အထူးအခန်းတွင် တည်းခိုနေသော ဤလူငယ်လေးက ကိုယ်တိုင်ချက်ပြုတ်စားသောက်ရသည်ကို နှစ်သက်လောက်အောင်ပင် အပျော်အပါးမက်သူတစ်ယောက် ဖြစ်နေခြင်းပေလော။
လူကြီးလူကောင်းများက မီးဖိုချောင်နှင့် ဝေးရာတွင် နေသင့်သည်ဟု ကွန်ဖြူးရှပ်ပညာရှင်ကြီးများက တပည့်များအား လေးနက်စွာ သင်ကြားခဲ့သော်လည်း ဤလူငယ်လေးကမူ ထိုအချက်ကိုပါ လျစ်လျူရှုတော့မည်လော။
သို့သော် ချန်းပင်အန်းက သူတပါး၏ အကြည့်များကို ဂရုမစိုက်ပေ။ သူသည် အသီးခွံ(၃)ပုံကိုယူ၍ သူ၏အင်္ကျီလက်ကြားထဲသို့ ထည့်လိုက်သည်။ သူ၏ ရတနာဖြစ်သော ဆယ့်ငါး ထဲသို့ ထည့်ရန် မရဲသေးချေ။ ထို့နောက် သူက ညီအစ်မနှစ်ယောက်ကို အမြန်စားသောက်ကြရန် တိုက်တွန်းလိုက်သည်။
သူတို့၏ ဧည့်သည်ကိုယ်တိုင်ကပင် ထိုကဲ့သို့ အားနာစရာမလိုသည့်ပုံစံ ဖြစ်နေသည့်အတွက် ချွန်းရွှေတို့ကလည်း နွေဦးသစ်သီးကို စားရာ၌ အားနာနေခြင်း မရှိတော့ပေ။ သူမ၏ညီမဖြစ်သူ ချိုးရှီ ဆိုလျှင်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ချန်းပင်အန်းက ပြုံးရုံလေး ပြုံးလိုက်မိသည်။ ချွန်းရွှေ၏ ရင်ထဲတွင်တော့ ရုတ်တရက် နွေးထွေးမှုကို ခံစားလိုက်ရ၏။
“ဪ... ဒီလိုပါလား…”
လက်တွေ့တွင် ချန်းပင်အန်း ဟူသည်မှာ နွေဦးလေညင်းကဲ့သို့ ရင်ထဲကို နွေးထွေးစေသော သဘောကောင်းသည့် လူငယ်လေးတစ်ဦး ဖြစ်နေပေသည်။
နောက်ဆုံးတွင် ချန်းပင်အန်းက အင်္ကျီလက်ကြားထဲ၌ အသီးခွံများ ထည့်လျက် အိပ်စက်ရန် သူ့အခန်းဆီသို့ ပြန်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ညီအစ်မနှစ်ယောက်ကလည်း စာကြည့်ခန်းဘေးရှိ ဘေးခန်းဆောင်ငယ်တစ်ခု၌ အနားယူကြသည်။ အကယ်၍ ချန်းပင်အန်းက သူတို့ကို ခေါ်လိုပါက ကုတင်ဘေးရှိ ငွေခေါင်းလောင်းလေးကို လှုပ်လိုက်ရုံသာ ဖြစ်၏။
ထို့ပြင် ထိုခေါင်းလောင်းက သာမန်ခေါင်းလောင်းမျိုး မဟုတ်ဘဲ အခန်းအတွင်း၌ မသန့်စင်သော အငွေ့အသက် သို့မဟုတ် မကောင်းသော အငွေ့အသက်များ ရှိနေသည်ကို အာရုံခံမိပါက အလိုအလျောက် မြည်လာမည့် ထူးခြားသော ခေါင်းလောင်းတစ်မျိုး ဖြစ်သည်။
အခန်းတွင်းသို့ ရောက်ပြီးမှသာ ချန်းပင်အန်းက နတ်ဆိုးသိမ်းသွင်းဓား နှင့် မိစ္ဆာဖယ်ရှားဓား ထည့်ထားသော ဓားအိမ်ကို သူ၏ကျောပြင်ပေါ်မှ ဖယ်ရှားလိုက်၏။ သူက ထိုဓားကို နံရံနှင့် ပိုနီးသော ကုတင်ဘေးဘက်တွင် မှီ၍ ထောင်ထားလိုက်သည်။ ထိုသို့လုပ်လိုက်ပြီးနောက် သူက သက်တောင့်သက်သာ ဖြစ်နေသဖြင့် အသားမကျသော ကုတင်ပေါ်တွင် ခြေဆန့်၍ လှဲလိုက်၏။ သို့သော် သူ၏လက်တစ်ဖက်ကမူ ဓားအိမ်ပေါ်၌ ရှိနေဆဲပင် ဖြစ်သည်။
ထို့နောက် ချန်းပင်အန်းက အဘိုးကြီးယန် သင်ကြားပေးခဲ့သော အသက်ရှူနည်းစနစ်ကို အသုံးပြု၍ သူ၏အသက်ရှူနှုန်းကို တည်ငြိမ်အောင် သတိဖြင့် ထိန်းညှိလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူ၏ ဓားအားဖြည့်ဘူးသီးခြောက်ထဲရှိ ဓားပျံနှစ်လက်ဖြစ်သော ပထမ နှင့် ဆယ့်ငါး တို့ဆီတွင် ဉာဏ်ရည် နှင့် သိစိတ်တို့ ရှိနေကြပြီး ဖြစ်ကြသည်။ ချန်းပင်အန်း နှစ်ခြိုက်စွာ အိပ်ပျော်သွားလျှင်ပင် သူတို့၏သခင် အန္တရာယ်နှင့် ကြုံတွေ့လာပါက ထိုဓားပျံများက ရန်သူများကို အလိုအလျောက် တိုက်ခိုက်ပေးနိုင်စွမ်း ရှိကြ၏။ သို့သော် ချန်းပင်အန်းကလည်း ပေါ့ပေါ့ဆဆ သဘောထား၍ နှစ်ခြိုက်စွာ အိပ်စက်ရဲခြင်း မရှိချေ။
ထိုကဲ့သို့ အခြေအနေဖြင့် သူက သတိဖြင့် အိပ်စက်ခဲ့ရာ နောက်တစ်နေ့ အရုဏ်တက်ချိန်သို့ ရောက်ရှိလာခဲ့သည်။ ချွန်းရွှေက တိတ်ဆိတ်စွာ နိုးလာပြီး အဝတ်အစား လဲလှယ်ကာ သူမ၏အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ချန်းပင်အန်းလည်း ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်သည်။
အမှန်အတိုင်း ပြောရလျှင်တော့ ချန်းပင်အန်းက ချွန်းရွှေနှင့် ချိုးရှီတို့၏ ခြေသံကွာခြားမှုကို သတိထားမိသည်မှာ ကြာပြီ ဖြစ်သည်။ ပြင်ပလောကသို့ ခရီးသွားလာရာတွင် ပိုမို၍သတိထားခြင်းက မည်သည့်အချိန်မျှ အမှားဖြစ်လိမ့်မည် မဟုတ်ပေ။
ချွန်းရွှေက ချန်းပင်အန်း၏ အခန်းတံခါးကို ခေါက်၍ မနှိုးဘဲ အခြားအခန်းများကို သန့်ရှင်းရေး လုပ်နေလေသည်။ ချိုးရှီ နိုးလာပြီး လမ်းလျှောက်နေမှသာ ချန်းပင်အန်းက သူ၏ မတ်တပ်ကျင့်စဉ် လေ့ကျင့်ခြင်းကို အဆုံးသတ်လိုက်၏။ သူက မြက်ဖိနပ်ကို စီးပြီး မတ်တတ်ရပ်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းပြီးသည်နှင့် ကုတင်ဘေးသို့ ချက်ချင်း ပြန်လျှောက်သွားလိုက်၏။ ထို့နောက် တံခါးကိုဖွင့်၍ အပြင်သို့ ထွက်လာသည့်အခါ သူ၏ခြေသံများက ယခင်ကထက် ပို၍ လေးလံနေလေသည်။
ယနေ့ ချွန်းရွှေက အဝတ်အစား နောက်တစ်မျိုး လဲလှယ်ဝတ်ဆင်ထားပြီး ချန်းပင်အန်းကို မြင်လိုက်သည်နှင့် အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ ထိုသို့လုပ်ဆောင်လိုက်စဉ် သူမ၏ဝတ်စုံက ပြည့်ဖြိုးလှပသော ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပေါ်လွင်သွားစေခဲ့ပြီး တင်းကျပ်စွာ ပွေ့ဖက်ထားသကဲ့သို့ ဖြစ်နေသဖြင့် ချန်းပင်အန်းလည်း ခဏတာ အနေခက်သွားခဲ့ရသည်။
သူ့မျက်နှာက အနည်းငယ် နီရဲသွားခဲ့၏။ သူ၏အသားအရေက ညိုနေသည့် အတွက်ကြောင့်သာ မျက်နှာနီနေသည်ကို ဖုံးကွယ်ထားနိုင်ခဲ့သည်မှာ ကံကောင်းသွားသည်။ သို့သော် သူ့စိတ်ထဲတွင် မရိုးသားသော အတွေးများ ရှိနေခြင်း မဟုတ်ဘဲ ချွန်းရွှေ၏ ဝတ်စုံက အလွန်လှပသည်ဟုသာ ခံစားမိခြင်းသာ ဖြစ်၏။ ထိုဝတ်စုံကို ပိုးဖဲသား သို့မဟုတ် အခြားအလားတူ အရာတစ်ခုခုဖြင့် ပြုလုပ်ထားဟန် တူသည်။ သို့သော် ထိုဝတ်စုံက သူမ၏ ခန္ဓာကိုယ်အလှကို လိုသည်ထက်ပို၍ ဖော်ပြနေသယောင် ထင်ရ၏။
ထိုအချိန်တွင် ချန်းပင်အန်း၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ချမှတ်လိုက်သည်။ နောင်တစ်ချိန် မိန်းမရလာပါက အပြင်ထွက်သည့်အခါ ဤကဲ့သို့ လုံးဝ ဝတ်ဆင်ခွင့်ပြုမည် မဟုတ်ပေ။
နံနက်စာ စားချိန်ရောက်ပြီဖြစ်၍ ချွန်းရွှေက ချိုးရှီကို မီးဖိုချောင်မှ စားစရာများ သွားယူခိုင်းလိုက်သည်။ ထိုအချိန်တွင် သူမက ချန်းပင်အန်းအား ယနေ့ အပြင်ထွက်မထွက် မေးမြန်းလိုက်၏။ တစ်ချိန်တည်းမှာပင် လှေပေါ်ရှိ အထင်ကရနေရာများနှင့် အပန်းဖြေစရာ နေရာများကို ရှင်းပြပေးနေသည်။
သို့သော် သူမ သတိထားမိ၍ ဖြစ်စေ၊ သတိမထားမိဘဲ ဖြစ်စေ ကုန်းမြေကြီးများအကြား သွားလာတတ်သော လှေတိုင်း လိုလိုတွင် ရှိတတ်သည့် ပြည့်တန်ဆာအိမ်များနှင့် အရွယ်ရောက်သူများအတွက် သီးသန့်ပြင်ဆင်ပေးထားသော အပျော်အပါးနေရာများ အကြောင်းကိုမူ ထည့်သွင်းပြောပြခဲ့ခြင်း မရှိပေ။
ထို့ပြင် သူမက ဆိုင်အမျိုးမျိုး၊ စားသောက်ဆိုင်များနှင့် လောင်းကစားဝိုင်းများ အကြောင်းကိုလည်း ရှင်းပြခဲ့၏။ လက်နက်ဆိုင်များနှင့် ဓားပျံများကို အသုံးပြု၍ စာပို့ပေးသော စာပို့စခန်းများ အကြောင်းကို မိတ်ဆက်ပေးခဲ့ပြီး ခွန် လှေပေါ်ရှိ အခြားသောအကြောင်းအရာ အစုံအလင်ကိုလည်း ပြောပြခဲ့သည်။ လှေက သေးငယ်သော်လည်း လိုအပ်သမျှ အရာအားလုံး ပြည့်စုံစွာ ရှိနေ၏။
ချန်းပင်အန်းက အတော်လေး အထင်ကြီးသွားခဲ့သည်။ ခွန် လှေက သူ၏ ဇာတိမြို့ငယ်လေးထက် နိမ့်ကျနေခြင်း မရှိပေ။
ချန်းပင်အန်းက ညီအစ်မနှစ်ယောက်နှင့်အတူ နံနက်စာ စားသောက်ပြီးနောက် အခန်းအပြင် မထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအစား သူက လက်သီးသိုင်း လေ့ကျင့်ခြင်းမှ အနားယူလိုသည့်အခါတိုင်း စာကြည့်ခန်းထဲတွင် စာဖတ်နေမည်ဟုသာ စိတ်ကူးလိုက်သည်။
ချွန်းရွှေ နှင့် ချိုးရှီ တို့ကလည်း ထိုကိစ္စကို ကန့်ကွက်ကြခြင်း မရှိပေ။ သို့သော် ချိုးရှီမှာမူ စိတ်ပျက်အားလျော့သလို ခံစားနေရ၏။ အမှန်အတိုင်းပြောရလျှင် သူတို့တာဝန်ယူထားရသော ဧည့်သည်များက ခွန် လှေပေါ်ရှိ ပစ္စည်းများကို ဝယ်ယူပါက သူတို့အတွက် အကျိုးအမြတ်ရရှိမည်ဖြစ်သည်။ တစ်ချိန်တုန်းကဆိုလျှင် အစေခံ မိန်းကလေးတစ်ယောက်က တစ်ညတည်းနှင့် ချမ်းသာကြွယ်ဝသွားခဲ့သော အဖြစ်အပျက်တစ်ခုပင် ရှိခဲ့ဖူးသည်။
သူမ ပြုစုစောင့်ရှောက်ပေးရသော ဧည့်သည်က အဆင့်နိမ့်အခန်းတွင် တည်းခိုသူသာ ဖြစ်သော်လည်း သူမက အကောင်းဆုံး ပြုစုစောင့်ရှောက်ပေးခဲ့ပြီး အသေးစိတ်ကအစ ဂရုစိုက်ပေးခဲ့သည်။ ဧည့်သည်က အဆင့်နိမ့်အခန်းတွင် နေထိုင်သော်လည်း သူမ၏တာဝန်ကို လစ်ဟင်းခဲ့ခြင်း မရှိပေ။
နောက်ဆုံးတွင်တော့ သာမန်ဟု ထင်ရသော ထိုလူငယ်လေးက ထိပ်တန်း အင်မော်တယ်ကလန်တစ်ခု၏ တစ်ဦးတည်းသော သားဖြစ်နေပြီး လောကတခွင် လှည့်လည်သွားလာကာ လေ့ကျင့်နေသူဖြစ်ကြောင်း သိလိုက်ရသည်။ လှေပေါ်မှ မဆင်းမီအချိန်တွင် သူက ဆိုင်တန်းများတစ်လျှောက် လျှောက်သွားရာ၌ ထိုမိန်းကလေးကိုပါ ခေါ်ဆောင်သွားခဲ့ပြီး ဆိုင်ထဲသို့ပင် ဝင်မကြည့်ဘဲ အတွင်းရှိ ပစ္စည်းအားလုံးကို ဝယ်ယူခဲ့သည်။
အမှန်တကယ်တွင်လည်း အဆင့်မြင့် ခွန် လှေပေါ်ရှိ ဆိုင်တစ်ဆိုင်လုံးမှ ကုန်ပစ္စည်းများကို ဝယ်ယူရာတွင် သူက မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။ ထို့ကြောင့် အကျိုးဆောင်ခတစ်ခုတည်းနှင့်ပင် အလွန်ချမ်းသာသွားခဲ့လေသည်။
ထိုအရာကလည်း မရေရာသော ဘဝ၏ သဘောတရား ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် မည်သည့်နေရာတွင်မဆို အခွင့်အရေးက ပေါ်လာဦးမည်သာ ဖြစ်၏။
ချန်းပင်အန်းကတော့ ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး တစ်နေ့နှင့်တစ်နေ့ ထူးခြားမှုမရှိသော ပုံစံဖြင့်သာ နေ့ရက်များကို ဆက်လက်ဖြတ်သန်းနေခဲ့သည်။ ချွန်းရွှေက ထိုကိစ္စကို ဂရုမစိုက်သော်လည်း ချိုးရှီမှာမူ အနည်းငယ် ငြီးငွေ့လာသည်။ ထိုသခင်လေးချန်းက လုံးဝ စိတ်ဝင်စားစရာ မကောင်းပေ။
သူလုပ်သမျှအရာများက ရှုခင်းကြည့်စင်မြင့်ပေါ်တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ခြင်းနှင့် ထူးဆန်းသော လက်သီးသိုင်းကွက်များ လေ့ကျင့်ခြင်းသာ ဖြစ်သည်။ သူ၏လှုပ်ရှားမှုများမှာ ပေါ့ပါးပြီး နှေးကွေးလွန်းလှသည်။ တောင့်တင်းသန်မာသည့် အရှိန်အဝါမျိုး လုံးဝ မတွေ့ရချေ။ အမှန်တကယ်လည်း သူ လေ့ကျင့်နေသည်ကို ကြည့်နေရင်း ချိုးရှီ မှာ အိပ်ငိုက်လာမိသည်။
ထို့ပြင် သူက ရှုခင်းကြည့်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်၍ တိမ်ပင်လယ်ကြီးကို ငေးမောကြည့်နေတတ်သေးသည်။ နေထွက်ချိန်ဖြစ်စေ၊ နေဝင်ချိန်ဖြစ်စေ သူက မလှုပ်မယှက် ရှိနေတတ်ပြီး တစ်ခါတစ်ရံတွင် နှစ်နာရီကြာသည်အထိ အနည်းးငယ်လေးပင် မလှုပ်ဘဲ ရပ်နေနိုင်သည်။
အလွန်ဆုံး သူ လုပ်တတ်သည်မှာ စာကြည့်ခန်းထဲသို့ ဝင်၍ စာဖတ်ခြင်း သို့မဟုတ် လက်ရေးလေ့ကျင့်ခြင်းသာ ဖြစ်သည်။ အစပိုင်းတွင် ချိုးရှီက သူ့အတွက် မင်သွေးပေးလေ့ ရှိသေးသည်။ သို့သော် မာဆတ်ဆတ် ဖြစ်နေသော သူ့လက်ရေးကို အချိန်အတော်ကြာ မြင်တွေ့ခဲ့ရပြီးနောက် သူမက ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။
သို့သော် သူမ၏ အစ်မဖြစ်သူကမူ လူငယ်လေး၏ အနားတွင် ဆက်လက် ရှိနေပေးခဲ့သည်။ မတ်တပ်ရပ်ရသည်မှာ ညောင်းလာသည့်အခါ သူမက စားပွဲနှင့် မလှမ်းမကမ်းရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်ကာ အနားယူလေ့ ရှိ၏။ ထို့ကြောင့် ချိုးရှီက သူမ၏ အစ်မဖြစ်သူကို စနောက်တတ်၏။ စာသင်သားလေး စာကျက်နေသည်ကို မိန်းမလှလေးက အဖော်ပြုပေးနေခြင်း ဖြစ်သည်ဟု ပြောဆိုတတ်သည်။
ဇာတ်လမ်းများထဲတွင်သာ ဆိုပါက မကြာမီအချိန်တွင် ထိုနှစ်ဦးက ချစ်ကြိုက်သွားကြပြီး ခဏအကြာတွင် ကုတင်ပေါ်၌ တစ်သားတည်း ဖြစ်သွားကြလိမ့်မည်ဟု ဆိုပေလိမ့်မည်။ ချွန်းရွှေကတော့ စိတ်ဆိုးသယောင် ဟန်ဆောင်ပြီး ရယ်ကာမောကာဖြင့် ညီမဖြစ်သူ၏ ခါးကို နာကျင်အောင် ဆွဲလိမ်တတ်သည်။
နေ့စဉ်စားသောက်သည့်အချိန်တိုင်း ချန်းပင်အန်းက ခွန် လှေ ဖြတ်သန်း ပျံသန်းနေသော တိုင်းပြည်များအကြောင်း ညီအစ်မနှစ်ယောက်ကို မေးမြန်းလေ့ရှိသည်။ ထိုတိုင်းပြည်များ၏ ဓလေ့ထုံးတမ်းများကိုလည်း ပြောပြခိုင်းတတ်၏။ သူတို့အသေးစိတ် ရှင်းပြသည်များကို နားထောင်ပြီးနောက် အရှေ့ပိုင်းကုန်းမြေကြီးက လူသားကမ္ဘာကြီးထဲရှိ ကုန်းမြေကြီး(၉)ထဲတွင် အသေးငယ်ဆုံး ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် ချန်းပင်အန်း၏ မျက်လုံးထဲတွင်တော့ ဤကုန်းမြေကြီးပေါ်၌ ရှိနေသော တိုင်းပြည် အရေအတွက်က များပြားလှသည်ဟု ခံစားမိနေဆဲပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နန်းတွင်းမျိုးနွယ်များ၏ မျိုးရိုးနာမည်များကပင် 'မျိုးရိုးနာမည် (၁၀၀)' စာအုပ်ထဲရှိ စာလုံးတိုင်းကို အသုံးပြုနိုင်လောက်အောင် များပြားသောကြောင့် ဖြစ်၏။
တောင်ပိုင်းစမ်းချောင်း တိုင်းပြည်က အရှေ့ပိုင်းကုန်းမြေကြီး၏ အလယ်ပိုင်းဒေသတွင် တည်ရှိပြီး ကွန်ဖြူးရှပ်ကျောင်းတော် (၇၂) ခုထဲမှ တစ်ခုဖြစ်သော ကန်ကြည့်ကျောင်းတော်နှင့် မဝေးလှပေ။
ညီအစ်မနှစ်ယောက်က ကွန်ဖြူးရှပ်ကျောင်းတော်များနှင့် သင်ကြားရေးများအကြောင်း ပြောပြသည့်အခါ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ချောက်ကမ်းပါးကျောင်းတော်နှင့် ကန်ကြည့်ကျောင်းတော်ဟူ၍ ဘာကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်(၂)ခုသာ ရှိရသနည်းဟု ချန်းပင်အန်းက မေးကြည့်လိုက်သည်။ သူက ထိုကိစ္စကို အတော်လေး သိချင်နေမိ၏။
ချိုးရှီက ဗိုက်ကိုနှိပ်ကာ တဟားဟား ရယ်လိုက်သည်။ သူမက အတော်လေး သဘောကျနေပုံရ၏။ သူမသည် ရိုးအသော လူငယ်လေးကို လက်ညှိုးထိုးကာ ရှင်းပြလိုက်သည်။
"အရှေ့ပိုင်းကုန်းမြေကြီးက အရမ်းသေးလွန်းလို့လေ။ ကျွန်မတို့ ပြည့်စုံကျူပင် ကုန်းမြေကြီး မှာဆိုရင် ကွန်ဖြူးရှပ်ကျောင်းတော်(၆) ခုတောင် ရှိတာ။ အလယ်မြေနတ်ဘုရား ကုန်းမြေကြီးဆိုရင် ပိုတောင်များသေးတယ်…"
ချွန်းရွှေက ညီမဖြစ်သူကို တိတ်တဆိတ် မျက်စောင်းထိုးလိုက်သော်လည်း ချိုးရှီ မှာမူ ရယ်မောနေခြင်းကို မရပ်နိုင်ဘဲ ပြောလိုက်သည်။
"ဒါပေမဲ့ သခင်လေးချန်း မေးတာက တကယ် ရယ်စရာကောင်းတယ်…"
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းကတော့ ခေါင်းကိုသာ ကုတ်နေမိလေ၏။ အပြင်ဘက်တွင် လူသားကမ္ဘာကြီးက ထိုမျှကြီးမားခြင်းပေလော။
တစ်နေ့တွင် ချန်းပင်အန်းက ရှုခင်းကြည့်စင်မြင့်ပေါ်၌ လမ်းလျှောက်ကျင့်စဉ် လေ့ကျင့်ခြင်း ပြီးဆုံးသွားပြီးနောက် ကောင်းကင်ပေါ်ရှိ ရွေ့လျားနေသော တိမ်တိုက်များကို မျှော်လင့်ချက်ကင်းမဲ့စွာ ငေးမောကြည့်ရှုနေမိသည်။ ထိုသို့ ကြည့်နေစဉ်အချိန်တွင် ကျောပေါ်၌ သစ်သားဓား လွယ်ထားသော လူငယ် တာအိုသခင်လေးကို ရုတ်တရက် ပြန်တွေ့လိုက်ရ၏။
ချွန်းရွှေက ချန်းပင်အန်း အနားသို့ လျှောက်လာပြီး ဘေးချင်းယှဉ်၍ ရပ်လိုက်သည်။ သူ ကြည့်နေသည့် နေရာသို့ လိုက်ကြည့်နေရင်း သူမက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်၏။
"သူ ဝတ်ထားတဲ့ ဝတ်ရုံကို ကြည့်ရတာတော့ အလယ်မြေနတ်ဘုရား ကုန်းမြေ ၊ လုံဟူတောင်က ကျန်းကလန် တာအိုသခင်တစ်ယောက် ဖြစ်မယ်ထင်တယ်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူဟာ ပြင်ပဂိုဏ်းသားတစ်ယောက် ဖြစ်လောက်တယ် မဟုတ်ရင် သူ ဒီလို ပုံစံမျိုး ဝတ်ထားမှာ မဟုတ်ဘူး…"
မူလက ချွန်းရွှေ ပြောချင်နေသည်မှာ "မဟုတ်ရင် သူက ဒီလောက်တောင် ဆင်းရဲနွမ်းပါးပြီး နုံချာတဲ့ပုံ ပေါက်နေမှာ မဟုတ်ဘူး" ဟူ၍ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင်တော့ သူမက ထိုစကားများကို ထုတ်မပြောဖြစ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူမက အထူးအခန်းတွင် တည်းခိုနေသော သခင်လေးချန်းနှင့် (၁၀)ရက်ကြာမျှ ထိတွေ့ဆက်ဆံခဲ့သည့်အတွက် အမှန်အတိုင်း ဝန်ခံရလျှင် သူကိုယ်တိုင်ကလည်း အတော်လေး ဆင်းရဲနွမ်းပါးပြီး စေ့စပ်လွန်းသူတစ်ဦး ဖြစ်ပုံရသောကြောင့် ဖြစ်သည်။ အမှန်တကယ်လည်း ချန်းပင်အန်းက ဆင်းရဲသော မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း ချွန်းရွှေ အတပ်ပြောရဲသည်။ သူက အထောက်အထားကို ဖုံးကွယ်၍ လှည့်လည်ခရီးသွားလာနေသော သူဌေးသူကြွယ်အသိုင်းအဝိုင်းမှ မျိုးဆက်တစ်ယောက် မဟုတ်သည်မှာ သေချာလှသည်။
အကြောင်းအရင်းကတော့ ဂုဏ်သရေရှိခြင်းနှင့် ကြွယ်ဝချမ်းသာခြင်း၏ အရှိန်အဝါ ဟူသည်မှာ နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်မှသာ ဖြစ်တည်လာနိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် ချန်းပင်အန်း ကိုယ်တိုင်ကလည်း လူချမ်းသာတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရန် ကြိုးစားခဲ့ခြင်း မရှိပေ။
ချွန်းရွှေက ရင့်ကျက်တည်ငြိမ်သော အစေခံ မိန်းကလေးတစ်ယောက်ဖြစ်သည့်အတွက် သူမ၏ခံစားချက်များက မျက်နှာပေါ်တွင် ပေါ်မနေခဲ့ပေ။ သို့သော် သူမ၏ ရင်ထဲတွင်တော့ ဖော်ပြရန် ခက်ခဲသော စိတ်ပျက်အားလျော့မှုကို အနည်းငယ် ခံစားနေရသည်မှာ အမှန်ပင်ဖြစ်သည်။
သူမက အပြုံးနှင့် ဆက်လက် ပြောဆိုလိုက်၏။
"တောင်ပေါ်မှာရော တောင်အောက်မှာပါ လူသားကမ္ဘာကြီးတစ်ခုလုံး ပျံ့နှံ့နေတဲ့ နာမည်ကြီး ဆိုရိုးစကားတစ်ခွန်း ရှိတယ်။ ‘နတ်ဆိုးတွေနဲ့ မိစ္ဆာတွေ ဒုက္ခပေးတဲ့ နေရာတိုင်းမှာ ကျန်းကလန်က ကောင်းကင်သခင်တွေ ရှိစမြဲပဲတဲ့..’ "
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။ တိုက်ဆိုင်စွာပင် ထိုအချိန်၌ ကျောပေါ်တွင် သစ်သားဓား လွယ်ထားပြီး စိတ်ဓာတ်ကျနေသည့်ပုံစံနှင့် လူငယ်တာအိုသခင်ကလည်း လှည့်ကြည့်လာခဲ့သည်။
သူက မြင့်မားသည့် အဆောက်အဦးပေါ်သို့ မော့ကြည့်လိုက်ရာ ကျင့်စဉ်အဆင့် နိမ့်သော ထိုလူငယ်တာအိုသခင်က သစ်သားဓား လွယ်ထားသော လူငယ်လေးနှင့် သူ့ဘေးတွင် ရပ်နေသော အစေခံ မိန်းမလှလေးတို့ကို ဝေဝါးစွာ လှမ်းမြင်လိုက်ရလေသည်။ ထို့ကြောင့် လူငယ်တာအိုသခင်က အနည်းငယ် စိတ်အားငယ်ပြီး စိတ်ဓာတ်ကျမိသွားလေတော့သည်။