အခန်း (၂၃၈)
Vol. 17 Ch. 238
Translated by Hein Htet.
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၃၈) {စာစဉ် ၁၇ -အပိုင်း(၃)}
ချန်းပင်အန်းက အထူးဧည့်သည် ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသော်လည်း လက်တွေ့တွင်မူ သူက ဂုဏ်သတင်း ကြီးမားသူ သို့မဟုတ် ကြွယ်ဝချမ်းသာသူ တစ်ဦး လုံးဝမဟုတ်ပေ။ ထို့ကြောင့် သူက အစေခံ ဖြစ်သော ညီအစ်မနှစ်ယောက်၏ ပြုစုစောင့်ရှောက်ပေးမှုကို အမှန်တကယ် မလိုအပ်ပေ။ ထို့ကြောင့် ချိုးရှီကတော့ အထူးအခန်း၏ အပြင်ဘက်တွင် ဖြစ်ပျက်နေသော ကိစ္စများဆီသို့ အာရုံပြောင်းသွားခဲ့သည်။
သူမက သတင်းစုံစမ်းသူ တစ်ယောက်ကဲ့သို့ ခွန်လှေပေါ်ရှိ စိတ်ဝင်စားဖွယ်ရာ လူများနှင့် အဖြစ်အပျက်များကို ချန်းပင်အန်းဆီသို့ နေ့စဉ်နေ့တိုင်း လာရောက်ပြောပြလေ့ရှိသည်။ သူ နားထောင်ချင်စိတ်ရှိမရှိကို သူမက ဂရုမစိုက်သလို တာ့လီအင်ပါယာမှ ဆင်းရဲနွမ်းပါးသည့် လူငယ်လေးကလည်း သဘောထားကြီးပြီး အနေအေးသူ ဖြစ်နေသောကြောင့် ကိစ္စမရှိလှပေ။
မိန်းမပျိုလေးက အတင်းအဖျင်းကိစ္စများကို ဆက်လက်ပြောဆိုနေခဲ့သည်။ လောင်းကစားဝိုင်းရှိ ကျောက်မျက်ရတနာ လောင်းကစားပွဲတစ်ခုတွင် လူတစ်ယောက်က အလွန်ရှားပါးပြီး လှပသော ကျောက်စိမ်းတုံးတစ်တုံးကို ကံကောင်းထောက်မစွာ ရရှိသွားကြောင်း သူမက ပြောပြခဲ့၏။ ထိုကျောက်စိမ်းတုံးတွင် ရှားပါးသော ကျောက်စိမ်းအဆီအနှစ်များ ပါရှိနေပြီး ထုတ်ယူလိုက်သောအခါ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်ဟု ဆို၏။ ထိုအရာက အနိမ့်ဆုံး နှင်းပွင့်ကျောက်စိမ်း (၃)သောင်းခန့် တန်ကြေးရှိသဖြင့် ထိုလူက တစ်ခဏချင်း ကြီးပွားသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆရာလျှို ပိုင်ဆိုင်သော လက်နက်ဆိုင်သို့ ချမ်းသာသော ဧည့်သည်(၂)ယောက် ရောက်လာကြသည်။ သူတို့နှစ်ယောက်စလုံးက ဝိညာဉ်လက်နက်တစ်ခုတည်းကို သဘောကျသွားကြရာမှ အချင်းချင်း ဒေါသထွက်ကာ အပြိုင်အဆိုင် ဈေးပေးကြသည်။ ဈေးနှုန်းကို အကြိမ်ကြိမ် မြှင့်တင်ကမ်းလှမ်းကြပြီး နောက်ဆုံးတွင်တော့ တာ့လီအင်ပါယာ ထီးသစ်ပင်တောင်မှ ရောက်လာသော ဧည့်သည်က ပိုမိုများပြားသော ပမာဏကို ပေးကာ အနိုင်ရသွားခဲ့သည်။
ပထမတွင် ကောင်းကင်စိန်ခေါ် ရောင်ခြယ်လှံ၏ ဈေးနှုန်းမှာ နှင်းပွင့်ကျောက်စိမ်း (၈)ထောင်သာ ရှိသော်လည်း နောက်ဆုံးတွင် ထိုဧည့်သည်က နှင်းပွင့်ကျောက်စိမ်း (၂)သောင်း နီးပါး အကုန်ကျခံကာ ဝယ်ယူသွားခဲ့သည်။ ချိုးရှီက ထိုအဖြစ်အပျက်ကို အလွန် အားကျနေမိ၏။ အမှန်တကယ်တွင်တော့ ထိုမျှ လက်ဖွာသောလူ မည်သည့်နေရာတွင် ရှိပါဦးမည်နည်း။ သူ့ငွေများကို လေထဲက ရလာခြင်းပေလော။
တရုတ်ဇီးသီးပွင့် စားသောက်ဆိုင် တွင်လည်း လူတစ်ယောက်က အရက်မူးပြီး ရမ်းကားခဲ့သေးသည်။ သူက မိန်းကလေးတစ်ဦး၏ နာမည်ကို ရင်ကွဲမတတ် အော်ခေါ်ကာ ဝမ်းနည်းပက်လက် ငိုကြွေးနေခဲ့၏။ သူ့ကြောင့် ဘေးပတ်ဝန်းကျင်မှ ဧည့်သည်များအားလုံး အတော်လေး စိတ်အနှောင့်အယှက် ဖြစ်လာကြသဖြင့် နောက်ဆုံးတွင်တော့ တရုတ်ဇီးသီးပွင့် စားသောက်ဆိုင် ကြီးကြပ်သူက ထိုလူကို ဆွဲထုတ်သွားပြီး ကောင်းကောင်းကြီး ပညာပေးလိုက်လေသည်။
သို့သော် နှစ်ရက်အကြာတွင် ထိုလူက အရက်ဆိုင်သို့ ပြန်ရောက်လာပြန်သည်။ ယခုတစ်ကြိမ်တော့ သူက ပြဿနာမရှာရဲတော့ဘဲ ဆိုင်အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်၍ မုန့်ခြောက်များကို ဝါးစားနေ၏။ သူက ချစ်ခင်စွဲလမ်းရသော မိန်းကလေး၏ အခန်းကို ငေးမောကြည့်နေရင်း တွေဝေငေးငိုင်နေလေသည်။ သူ၏မျက်နှာပေါ်မှ မျက်ရည်များနှင့် နှပ်ရည်များ စီးကျလာနေသည့်အတွက် သူ စားနေသော မုန့်ခြောက်များနှင့်ပေါင်းကာ ပြီးပြည့်စုံသော အရသာများ ဖြစ်သွားကြလေတော့သည်။
အမှန်အတိုင်းပြောရလျှင်တော့ အဆင့်(၄) ကျင့်ကြံသူတစ်ယောက် ဖြစ်သော ထိုလူငယ်က ကြာဖြူပန်းလေးတစ်ပွင့်ကဲ့သို့ လှပသော ကချေသည်မိန်းမပျို တစ်ယောက်အပေါ် သူ ပိုင်ဆိုင်သော ငွေအားလုံးကို ပုံအောသုံးစွဲခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် (၂)လတာ ကာလအတွင်း သူက ငွေကြေးအားလုံးကို သူမအတွက် သုံးစွဲခဲ့ပြီး သူတို့နှစ်ယောက်ကလည်း အလွန်ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ထိုအရာက ပြောပလောက်စရာ ကိစ္စတော့မဟုတ်ပေ။
သို့သော် ထိုလူငယ်ကျင့်ကြံသူက သူမကို အရူးအမူး စွဲလမ်းချစ်ခင်နေသော်လည်း ထိုကချေသည်၏ လက်ဖျားကိုပင် မထိဖူးသေး ဟူသော ကောလာဟလ သတင်းများ ထွက်ပေါ်နေသည်။ ထိုအချက်ကို ကြည့်ရလျှင် သူက အမှန်တကယ်ပင် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ဖြောင့်မတ်မှန်ကန်သူ တစ်ယောက်ဖြစ်နေ၏။
ချိုးရှီက ထိုကဲ့သို့ ထူးဆန်းသော ကိစ္စရပ်များအကြောင်းကို မရပ်မနား ပြောဆိုနေပြီး ဇာတ်လမ်းများကို ပိုမိုချဲ့ကား၍ စိတ်ဝင်စားစရာကောင်းအောင် သူမ၏ ကိုယ်ပိုင်အတွေးအမြင်များကို ထည့်သွင်းပြောပြရန်လည်း မမေ့လျော့ခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင်တော့ သူမ၏ဇာတ်လမ်းများက ပုံပြောကောင်းသူများ၏ ဇာတ်လမ်းများထက်ပင် ပိုမိုဆန်းကြယ်နေသေးသည်။ သို့သော် ချန်းပင်အန်းကတော့ ထိုအရာများကို ဇာတ်လမ်းများအဖြစ်သာ သဘောထားလိုက်သည်။
လက်ရှိအချိန်တွင် ချန်းပင်အန်း စိတ်ဝင်စားသည်မှာ လှေပေါ်တွင် ဖြစ်ပျက်နေသော လူများနှင့် ကိစ္စရပ်များအကြောင်း မဟုတ်ချေ။ ထိုအစား သူ စိတ်ဝင်စားနေသည်မှာ သူတို့၏ အောက်ဘက်ရှိ လောကကြီး အကြောင်းသာ ဖြစ်၏။
တစ်ညတွင် ခွန်လှေက ပြင်းထန်သော လေလှိုင်းတိုက်ခတ်မှုများနှင့် ကောင်းကင်တွင် လေထု မငြိမ်မသက်မှုများ ကြုံတွေ့ရသောကြောင့် အောက်ဘက်သို့ နှိမ့်ချ၍ ပျံသန်းခဲ့ရသည်။ ထို့ကြောင့် သူတို့၏ အောက်ဘက်ရှိ တိုင်းပြည်တစ်ခုထဲတွင် တောက်လောင်နေသော မီးတောက်မီးလျှံကြီးများကို ချန်းပင်အန်း တွေ့လိုက်ရသည်။ မီးခိုးလုံးများက လယ်ကွင်းပြင်ထဲမှ ထိုးထွက်နေသော သစ်ပင်များသဖွယ် လေထဲသို့ တလူလူ လွင့်တက်နေကြ၏။
ချွန်းရွှေက အရှေ့ပိုင်းကုန်းမြေကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများကို အတော်လေး ကျွမ်းကျင်နှံ့စပ်သူ ဖြစ်သည်။ စာကြည့်ခန်းထဲရှိ မြေပုံတစ်ခုကို ရှာဖွေကြည့်ရှုလိုက်ပြီးနောက် သူတို့၏ အောက်ဘက်တွင် ဖြစ်ပျက်နေသော အခြေအနေနှင့် ပတ်သက်၍ မြန်မြန်ဆန်ဆန် ဖြေကြားပေးနိုင်ခဲ့၏။ လက်ရှိအချိန်တွင် ထိုအရာက မျိုးဆက်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့ကြသည့် တိုင်းပြည်ကြီးနှစ်ခု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် သွေးစွန်းသော တိုက်ပွဲကြီးတစ်ခု ဖြစ်နေလေသည်။
ရာစုနှစ်ပေါင်းများစွာ စစ်ခင်းခဲ့ကြပြီးနောက် နောက်ဆုံးတွင် တိုင်းပြည်နှစ်ခုစလုံးက သူတို့တိုင်းပြည်၏ အင်အားအလုံးအရင်းကို သုံးကာ အနိုင်အရှုံး ဆုံးဖြတ်ရန် ရည်ရွယ်ချက်ဖြင့် အစွမ်းကုန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က တိုက်ပွဲမြေပြင်များဆီသို့ ချီကျင့်ကြံသူ အများအပြား စေလွှတ်ထားကြသည်။
ထိုတိုက်ပွဲက တိုင်းပြည်နှစ်ခုစလုံးကို အထိနာအောင် နာကျင်စေမည်မှာ မလွဲမသွေ ဖြစ်သည်။ ထို့ကြောင့် အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ ကန်ကြည့်ကျောင်းတော်၏ မြောက်ဘက်ပိုင်းကို ကြည့်လိုက်လျှင် တာ့ဆွေတိုင်းပြည်မှလွဲ၍ မည်သည့်တိုင်းပြည်ကမျှ တာ့လီအင်ပါယာမှ အရိုင်းအစိုင်းများကို ယှဉ်နိုင်စွမ်း မရှိတော့ချေ။
ချွန်းရွှေက သေဆုံးခြင်းနှင့် ဆင်းရဲဒုက္ခများ ပြည့်နှက်နေသော မြေပြင်ကြီးကို ငုံ့ကြည့်နေရင်း သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။
"စစ်ပွဲသာ ဒီထက်ပိုပြီးပြင်းထန်လာရင် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ရှေးဟောင်းတိုက်ပွဲမြေပြင် အသစ်တစ်ခု ထပ်တိုးလာနိုင်တယ်။ နောက်ထပ် ဆယ်စုနှစ် နည်းနည်းလောက်ကြာလို့ ဒီနေရာက အငွေ့အသက်တွေ တည်ငြိမ်သွားတဲ့အခါ စစ်တောင်တန်း ဒါမှမဟုတ် ဖုန်းရွှယ်ကျောင်းဆောင်က ပညာရှင်တွေ ဒီနေရာကို ရောက်လာပြီး စစ်ကျောင်းဂိုဏ်းအတွက် နယ်မြေအသစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ကြလိမ့်မယ်…"
ချန်းပင်အန်းလည်း အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ တစ်ခါတစ်ရံ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်ကို မြင်တွေ့နေရသည်။ တစ်ချိန်တည်းမှာပင် ခွန်လှေပေါ်မှ ကြည့်လိုက်လျှင် လက်သည်းခွံ အရွယ်အစားလောက်သာ ရှိမည့် ရွှေရောင်၊ ငွေရောင် ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော ရဲမက်များကိုလည်း မြင်တွေ့ရသည်။ လက်ရှိအချိန်တွင် သူတို့က မြေကြီးအက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာသော ဧရာမသားရဲကြီးများနှင့် တိုက်ခိုက်နေကြခြင်း ဖြစ်၏။
ထိုအရာက ချီကျင့်ကြံသူများ အချင်းချင်း တိုက်ခိုက်နေကြပြီး ဆန်းကြယ်သော စွမ်းရည်များဖြင့် အကူအညီများ ဆင့်ခေါ်နေခြင်း ဖြစ်မည်ဟု ချန်းပင်အန်းက ခန့်မှန်းလိုက်သည်။ ထို့ပြင် သူက အခြားသော မြင်ကွင်းများကြောင့်လည်း မှင်တက်သွားမိခဲ့သည်။
အင်မော်တယ် ကြိုးကြာငှက်အုပ်တစ်အုပ်က အသံကုန် အော်မြည်နေရင်း ကောင်းကင်ယံသို့ ဖြည်းညင်းစွာ ပျံတက်လာကြသည်။ သူတို့က တိမ်ပင်လယ်ကို ဖြတ်သန်းပြီး တောင်ပံများကို ခတ်၍ ပိုမိုမြင့်မားသော တိမ်တိုက်များဆီသို့ ပျံသန်းသွားကြရာ ရွေ့လျားနေသော ပန်းချီကားတစ်ချပ်ပမာ ထင်မှတ်ရသည်။
ငန်းတစ်အုပ်ကတော့ တောင်ဘက်သို့ ပျံသန်းသွားကြပြီး လျှပ်စီးများနှင့် မိုးကြိုးများ ပြည့်နှက်နေသော တိမ်တိုက်မဲကြီးတစ်ခုလည်း ရှိနေ၏။ ချီကျင့်ကြံသူများက ထိုတိမ်တိုက်အပြင်ဘက်တွင် ပျံသန်းနေကြပြီး အထူးဖန်တီးထားသော လက်နက်များကို သုံး၍ အတွင်းထဲမှ လျှပ်စီးများကို ထုတ်ယူနေကြသည်။
ထို့ပြင် ခွန်လှေထက် အဆပေါင်းများစွာ ပိုမြန်သော စိမ်းပြာရောင် ဇာမဏီငှက်များ စီးနင်းထားသည့် ချီကျင့်ကြံသူများကိုလည်း တွေ့ရသည်။ သူတို့၏ ပတ်ပတ်လည်တွင် အလင်းရောင်များ ပြည့်နှက်နေပြီး တရိပ်ရိပ်နှင့် ပျောက်ကွယ်သွားကြ၏။
ခွန်လှေပေါ်တွင် ဓားပျံများကို အသုံးပြု၍ စာပို့ပေးသော စာပို့ဆိုင်တစ်ဆိုင် ရှိကြောင်း ချန်းပင်အန်း သိခဲ့ရသည်။ ထိုအရာ၏ လုပ်ဆောင်ပုံက လူသားကမ္ဘာကြီးထဲရှိ စာပို့စခန်းများနှင့် အတူတူပင် ဖြစ်၏။ ထို့ကြောင့် သူက စာနှစ်စောင် ရေးသားပြီး စာပို့စခန်းသို့ သွားရောက်ပို့ဆောင်ပေးရန် ချိုးရှီကို အကူအညီ တောင်းလိုက်သည်။
စာထဲတွင် လျှို့ဝှက်ချက်များ မပါရှိဘဲ အဓိကအားဖြင့် သူ ဘေးကင်းကြောင်း အားလုံးကို အသိပေးလိုခြင်းသာ ဖြစ်၏။ ထို့ပြင် ချိုးရှီဆီမှ ကြားသိခဲ့ရသော ထူးဆန်းပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ဇာတ်လမ်းအချို့ကိုလည်း ထည့်သွင်းရေးသားထားသည်။ ထို့ကြောင့် အခြားသူများ ဖတ်မိလျှင်လည်း ကိစ္စမရှိပေ။
သို့သော် ထိုစာများကို ပို့ဆောင်ခမှာ အတော်လေး ဈေးကြီးလှသည်။ တာ့လီအင်ပါယာ လုံချွမ်စီရင်စုသို့ စာတစ်စောင်ပို့လျှင် တောင်ပေါ်ရှိ အင်မော်တယ်များ သုံးစွဲသော ငွေကြေး ဖြစ်သည့် နှင်းပွင့်ကျောက်စိမ်း (၁၀) ပြား ကျသင့်မည် ဖြစ်သည်။ တာ့ဆွေတိုင်းပြည်ရှိ ချောက်ကမ်းပါးကျောင်းတော်သို့ ပို့ဆောင်လျှင်တော့ ပို၍ပင် ဈေးများပြီး နှင်းပွင့်ကျောက်စိမ်းအပြား (၂၀) တိတိ ကျသင့်မည် ဖြစ်၏။
လူတိုင်းအတွက် စာတစ်စောင်ဆီ မရေးဘဲ စာနှစ်စောင်တည်းသာ ရေးရသည်မှာ ဈေးနှုန်းကြောင့် ချန်းပင်အန်း ကိုယ်တိုင်လန့်သွားသောကြောင့် ဖြစ်သည်။ စာတစ်စောင်ကို တာ့လီအင်ပါယာရှိ ဝေ့ပိုဆီသို့ ပို့ပေးပြီး ကျန်တစ်စောင်ကို တာ့ဆွေတိုင်းပြည် ချောက်ကမ်းပါးကျောင်းတော်ရှိ လီပေါင်ဖျင်ထံသို့ ပေးပို့လိုက်သည်။ သူတို့နှစ်ဦးမှတဆင့် အခြားသူများကို သူ၏သတင်းစကား ပါးလိုက်ခြင်း ဖြစ်၏။
ယခုအချိန်တွင် ချန်းပင်အန်းက ရှုခင်းကြည့်စင်မြင့်ပေါ်၌ ရပ်နေပြီး ချွန်းရွှေ၏ လမ်းညွှန်မှုကြောင့် လှေ လက်ရန်းအနီးရှိ အဆောက်အအုံငယ်တစ်ခုထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာသော အလင်းတန်းများကို တွေ့လိုက်ရသည်။ ထိုအလင်းတန်းများက သိမ်မွေ့ပြီး လျင်မြန်လွန်းသဖြင့် သတိပြုမိရန် အတော်လေး ခက်ခဲလှ၏။
ချွန်းရွှေက အပြုံးနှင့် ရှင်းပြလိုက်သည်။
"အရာရာတိုင်းမှာ ကိုယ်ပိုင်လိုအပ်ချက်နဲ့ လိုအပ်တဲ့ ပတ်ဝန်းကျင်ဆိုတာ ရှိတတ်ပါတယ်။ စာပို့ဖို့ သုံးတဲ့ ဓားပျံတွေလည်း အတူတူပါပဲ။ ဓားပျံတွေကို လွှတ်တင်ဖို့ အသင့်တော်ဆုံး အမြင့်ပေတစ်ခု လိုအပ်ပြီး အဲဒီအမြင့်မှာဆိုရင် လေထုရဲ့ခုခံမှုအားက အနည်းဆုံးပဲ။ ဒါကြောင့် ချီကျင့်ကြံသူတချို့က ဒီအမြင့်ပေမှာ အထူးလမ်းကြောင်းတွေ ဖွင့်ပေးပြီး အသက်မွေးဝမ်းကျောင်း လုပ်ကြတယ်…"
"ဓားပျံတွေကို ကောင်းကင်ပေါ် လွှတ်တင်လိုက်တဲ့အချိန် သူတို့သွားမယ့် နေရာကို ရောက်ဖို့အတွက် ဒီလမ်းကြောင်းကျဉ်းကျဉ်းလေးတွေထဲကို ဝင်ပြီး ပျံသန်းကြရတယ်။ အင်အားကြီးဂိုဏ်းတွေက တပည့်တွေအားလုံး ဒီစည်းမျဉ်းကို သိကြပါတယ်။ ဒါကြောင့် ခရီးသွားဖို့ ကောင်းကင်ပေါ် ပျံတက်တဲ့အခါ ဒီလမ်းကြောင်းတွေကို မနှောင့်ယှက်မိအောင် အတတ်နိုင်ဆုံး ရှောင်ရှားကြတယ်…"
ထိုအချိန်တွင် ချိုးရှီက စာကြည့်ခန်းထဲသို့ ရောက်လာပြီး ရှုခင်းကြည့်စင်မြင့်ဆီသို့ ထွက်ပေါက်ဖြစ်သည့် တံခါးဘောင်ကို မှီ၍ ရယ်ကာမောကာ ပြောဆိုလိုက်သည်။
"ဒါပေမဲ့ မသိနားမလည်တဲ့ ကျင့်ကြံသူ အရိုင်းအစိုင်းတွေ၊ ငတုံးငအတွေလည်း ရှိတတ်တာပဲလေ။ ပျံသန်းတတ်ခါစ အပင်ပန်းခံပြီး ကောင်းကင်ပေါ် ပျံတက်လာကာမှ ဒီလမ်းကြောင်းတွေထဲ ခေါင်းနဲ့ဝင်တိုးမိတဲ့ လူတွေပေါ့။ ကံကောင်းရင်တော့ ကိုယ်တွေ လက်တွေ ပွန်းပဲ့ရုံလောက် ဖြစ်မယ်။ ကံဆိုးရင်တော့ မျက်လုံးအဖောက်ခံရတာတို့၊ လည်ပင်းအလှီးခံရတာတို့ ဖြစ်သွားနိုင်တယ်။ ဒီလောက်မြင့်တဲ့ နေရာကနေ ပြုတ်ကျရင်တော့ မြေကြီးပေါ် ပြားပြီး ချက်ချင်း သေသွားမှာပဲ။ အသားပုံကြီးပဲ ကျန်ခဲ့မှာ သနားစရာပါပဲ…"
ချန်းပင်အန်းကတော့ အတွေ့အကြုံမရှိသူ ဖြစ်သည့်အတွက် မေးခွန်းတစ်ခု မေးလိုက်သည်။
"အဲဒီ စာပို့တဲ့ ဓားပျံတွေကို အပျင်းပြေသက်သက်မဲ့ လိုက်တားဆီးနေတဲ့ လူတွေရော ရှိလား…"
ချိုးရှီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ရှိတာပေါ့..။ ချီကျင့်ကြံသူတွေကြားထဲမှာလည်း ဦးနှောက်မရှိတဲ့သူတွေ အများကြီးပဲလေ။ ဒါပေမဲ့ ဒီဓားပျံသွားတဲ့ လမ်းကြောင်းကျဉ်းလေးတွေကို ပုံမှန်အားဖြင့် တိမ်တိုက်လမ်းကြောင်းလို့ ခေါ်ကြတယ်။ ဒီလမ်းကြောင်းတွေကို အထူးစောင့်ကြပ်ပေးတဲ့ တိမ်တိုက်လမ်းကြောင်း ချီကျင့်ကြံသူတွေလည်း ရှိတယ်။ သူတို့က ဒါနဲ့ပဲ အသက်မွေးကြတာဆိုတော့ ဓားပျံတွေကို လာနှောင့်ယှက်မယ့် လူပိန်းတွေ လာပါစေလို့ပဲ မျှော်လင့်နေကြတာပေါ့…"
"ဒီဓားပျံတွေက သိပ်တန်ဖိုးမရှိပေမဲ့ လာနှောင့်ယှက်တဲ့ ချီကျင့်ကြံသူတွေကို ဖမ်းမိရင်တော့ လျော်ကြေးငွေ အများကြီး တောင်းလို့ ရတယ်လေ။ ပြဿနာရှာတဲ့သူက ဆင်းရဲနေရင် တိမ်တိုက်လမ်းကြောင်းစောင့် ချီကျင့်ကြံသူတွေက သူ နေထိုင်တဲ့ တိုင်းပြည်ဆီကနေ လျော်ကြေး တောင်းကြလိမ့်မယ်။ တကယ်လို့ ပိုက်ဆံမရှိတဲ့အပြင် ဘယ်တိုင်းပြည်မှာမှလည်း စာရင်းမရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်နေရင်တော့ တိမ်တိုက်လမ်းကြောင်းစောင့် ချီကျင့်ကြံသူတွေအနေနဲ့ ကံဆိုးတယ်လို့ပဲ သတ်မှတ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့အတွက်တော့ သိပ်နစ်နာတာ မဟုတ်ပါဘူး…"
ချိုးရှီ၏ မျက်နှာပေါ်တွင် အားကျသော အရိပ်အယောင်များ ပေါ်လာပြီး သူမက ဆက်ပြောလိုက်သည်။
"တိမ်တိုက်လမ်းကြောင်းတွေကို စောင့်ကြပ်ျတဲ့ ချီကျင့်ကြံသူတွေက အရမ်း ချမ်းသာကြတယ်။ တိုက်ကြီးတွေကို ဖြတ်သန်းသွားတဲ့ လှေတွေ စီးတိုင်း သူတို့က အနည်းဆုံး အလယ်အလတ်အဆင့် အခန်းတွေမှာပဲ တည်းခိုကြတာ.."
ချွန်းရွှေက နွေးထွေးသိမ်မွေ့သော အသံဖြင့် ဖြည့်စွက်၍ ပြောလိုက်သည်။
"တကယ်တမ်းပြောရရင်တော့ နှစ်ထောင်ချီ တည်ရှိခဲ့တဲ့ အင်အားကြီး အင်မော်တယ်ဂိုဏ်းတွေနဲ့ ကလန်တွေကတော့ သတင်းစကားပို့ဖို့အတွက် ဓားပျံတွေကို သုံးလေ့မရှိကြပါဘူး။ လောကကြီးထဲမှာ ဆန်းကြယ်တဲ့ လျှို့ဝှက်နည်းလမ်းတွေ အများကြီး ရှိတယ်။ ဒီနည်းလမ်းတွေက အဝေးကြီးမှာ ရှိနေတဲ့ လူတွေ အချင်းချင်း မျက်နှာချင်းဆိုင် စကားပြောနေသလိုမျိုး ဖြစ်အောင် လုပ်ပေးနိုင်တယ်…"
"ဥပမာပြရရင် ချိတ်ဆက်ထားတဲ့ ပန်းပင်တစ်မျိုး ရှိတယ်။ တစ်ယောက်ယောက်က သူ့ရဲ့ပန်းပင်လေးကို အထူးနည်းလမ်းနဲ့ နှိပ်နယ်ပေးပြီး စကားပြောလိုက်ရင် တခြားတစ်နေရာမှာ ချိတ်ဆက်ထားတဲ့ ပန်းပင်လေးက အလိုလို တုန်ခါလာပြီး ဟိုဘက်က ပြောတဲ့စကားကို ဒီဘက်က လူဆီ ပြန်ပြောပြပေးနိုင်တယ်…"
ချန်းပင်အန်းကတော့ အလွန်အံ့သြနေသည့်အတွက် ပါးစပ်အဟောင်းသား ဖြစ်နေ၏။
ချိုးရှီက စိတ်ဝင်တစား နားထောင်နေသော ချန်းပင်အန်းကို ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်မိသည်။
“ဒီလိုဆင်းရဲနွမ်းပါးတဲ့ ကောင်လေးက တာ့လီအင်ပါယာ မြောက်ပိုင်းတောင် နတ်ဘုရားနဲ့ ဘယ်လိုဖြစ်ပြီး ရင်းနှီးကျွမ်းဝင်နေရတာလဲ။ သူ ဘယ်လောက်တောင် ကံကောင်းခဲ့လို့လဲ…”
ကံကောင်းသွားသည်မှာ ချန်းပင်အန်းက ဆင်းရဲသည်မှလွဲ၍ အခြားအပြစ်ပြောစရာ မရှိပေ။ သူက ဗဟုသုတ မပြည့်စုံသော်လည်း မသေချာသည့်အရာ ရှိလာလျှင် မေးမြန်းလေ့ ရှိသည်။ သူက မည်သည့်အချိန်တွင်မျှ တတ်သယောင် ဟန်မဆောင်ခဲ့ပေ။
ထို့ကြောင့် စိတ်သဘောထား ဖြူစင်ရိုးသားသော ချိုးရှီ က သူ့ကို လူကောင်းတစ်ယောက်ဟု ခံစားမိခြင်း ဖြစ်သည်။ အကယ်၍သာ သူက ဆင်းရဲလျက်နှင့် ကြွားဝါတတ်သူ၊ မသိနားမလည်ဘဲ တတ်ယောင်ကား လုပ်တတ်သူ ဖြစ်ခဲ့ပါက အမှန်တကယ် သနားစရာကောင်းပြီး ရွံရှာဖွယ် ဖြစ်နေပါလိမ့်မည်။
အချိန်ကြာမြင့်စွာ စကားပြောခဲ့ကြပြီးနောက် ညီအစ်မနှစ်ယောက်က သူတို့၏ ဇာတိဖြစ်သော ပြည့်စုံကျူပင် ကုန်းမြေကြီး အကြောင်းကို ပြောဆိုလာကြမည်မှာ အသေအချာပင် ဖြစ်သည်။ ပြည့်စုံကျူပင် ကုန်းမြေကြီးတွင် ဓားကျင့်ကြံသူ အများအပြား ရှိနေကြပြီး ထိုနေရာရှိ ကျင့်ကြံသူအားလုံးထဲတွင် သူတို့၏ အရေအတွက်က ရာခိုင်နှုန်းအများဆုံး ဖြစ်သည်မှာ သံသယဝင်စရာ မလိုအပ်ပေ။
ဓားကျင့်ကြံသူများက အဖျက်စွမ်းအား ကြီးမားသော စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည့်အတွက် သူတို့ထဲမှ အများစုက မောက်မာရိုင်းစိုင်းပြီး သြဇာလွှမ်းမိုးလိုသူများ ဖြစ်ကြသည်မှာ သဘာဝကျသည်။ သူတို့က မည်မျှအထိ မောက်မာကြသနည်း။ ထိုအချက်ကို ကောင်းကောင်း သက်သေပြရန် ရိုးရှင်းသော ဥပမာတစ်ခု ရှိသည်။
တောင်ပိုင်းဝဲကတော့ ကုန်းမြေကြီးက တောင်ဘက်တွင် တည်ရှိပြီး အရှေ့ပိုင်းကုန်းမြေကြီးက အရှေ့ဘက်တွင် တည်ရှိသည်။ ထို့ကြောင့် ထိုကုန်းမြေကြီးနှစ်ခုကို တောင်ပိုင်းဝဲကတော့ နှင့် အရှေ့ပိုင်းဟု ရိုးရှင်းစွာ ခေါ်ဆိုလေ့ရှိကြ၏။
ပြည့်စုံကျူပင် ကုန်းမြေကြီးက လူသားကမ္ဘာကြီး၏ အရှေ့မြောက်ပိုင်းတွင် ရှိနေသည်မှာ သိသာထင်ရှားသော်လည်း သူတို့ကိုမြောက်ပိုင်း ပြည့်စုံကျူပင် ကုန်းမြေကြီးဟုသာ ခေါ်ဆိုရန် အတင်းအကျပ် တောင်းဆိုကြသည်။ ရလဒ်အနေဖြင့် မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိနေသော သန့်စင်ဖြူ ကုန်းမြေကြီးကိုတော့ သန့်စင်ဖြူ ကုန်းမြေကြီး ဟုသာ အမည်တွင်တော့သည်။ သူတို့၏ နာမည်ရှေ့တွင် မြောက်ပိုင်းဟူသော ဂုဏ်ပုဒ်ကို ဖြုတ်ပစ်လိုက်ရ၏။
နူးညံ့သိမ်မွေ့သော ချွန်းရွှေက ပြည့်စုံကျူပင် ကုန်းမြေကြီး အကြောင်း ပြောပြနေသည့်အချိန်တွင် သူမ၏ လေသံထဲ၌ ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပါဝင်နေသည်။ သို့သော် သူမကိုယ်တိုင်ကမူ ထိုအချက်ကို သတိမထားမိပေ။
ချိုးရှီကတော့ ဂုဏ်ယူဝင့်ကြွားမှုကို ပိုမိုပေါ်လွင်စွာ ပြသလေ့ရှိပြီး ပြည့်စုံကျူပင် ကုန်းမြေကြီးက မည်မျှကြီးကျယ်ခမ်းနားကြောင်းနှင့် အရှေ့ပိုင်းကုန်းမြေကြီးက သာမန်ဆန်ကြောင်း ပြောဆိုရသည်ကို သဘောကျသည်။ ထိုသို့ပြောနေချိန်တွင် သူမ၏မျက်လုံးများက တောက်ပနေပြီး အလင်းရောင်များ လက်နေသည့်အတွက် မာန်တက်နေသော ငှက်မလေး တစ်ကောင်နှင့်ပင် တူနေတော့၏။
တစ်နေ့တွင် ချန်းပင်အန်းက သူ၏ကောင်းကင်အဆင့် အခန်းထဲမှ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ချွန်းရွှေက အနည်းငယ် ဝမ်းသာသွားပြီး ချိုးရှီကတော့ ဝမ်းသာလွန်းသဖြင့် အကြိမ်ကြိမ် ခုန်ပေါက်နေပြီးမှ သခင်လေးခန်းကို ဦးညွှတ်၍ ကျေးဇူးတင် စကားပြောလိုက်သည်။ ထိုအပြုအမူကြောင့် ချန်းပင်အန်းကပင် သူတို့ကို အနည်းငယ် အားနာသွားမိလေသည်။
သူ အခန်းထဲမှ ထွက်ရန် ဆုံးဖြတ်လိုက်ရခြင်းမှာ ချိုးရှီ သယ်ဆောင်လာသော သတင်းတစ်ခုကြောင့် ဖြစ်သည်။ ယနေ့ညတွင် အခမ်းအနားတောင် ဘိုးဘေးများ လက်ဆင့်ကမ်း အမွေပေးခဲ့သော ပန်းနှင့်ငှက် ပန်းချီကား ကို ခွန်လှေ၏ ဦးပိုင်းတွင် ပြသမည်ဟု ဆိုသည်။ ထိုပန်းချီကားက ကီလိုမီတာ သောင်းချီဝေးကွာသော နေရာများမှ မြင်ကွင်းများကို ကြည့်ရှုနိုင်မည် ဖြစ်၏။
ချန်းပင်အန်းကတော့ ထိုကိစ္စကို အလွန်အမင်း အံ့သြနေခြင်း မရှိလှပေ။ အထူးသဖြင့် လေမုန်တိုင်းထန်ပြီး နှင်းကျနေသော ညတစ်ညတွင် အပြာရောင်ဝတ် လူငယ်လေးက ရေတစ်ခွက် ယူလာခဲ့ဖူးသည်။ ထိုရေခွက်ထဲတွင် နတ်သမီးစုကျားက ဓားပျံစီးပြီး ပျံသန်းနေသည့်ပုံကို ထင်ရှားစွာ တွေ့ခဲ့ရဖူးသည် မဟုတ်ပေလော။
ထို့ကြောင့် ချန်းပင်အန်း သွားရောက်ကြည့်ရှုသည်မှာ ထိုရတနာပစ္စည်းကို စိတ်ဝင်စား၍ မဟုတ်ချေ။ ထိုအစား ပန်းချီကားပေါ်တွင် ပြသမည့် အဖြစ်အပျက်က သူနှင့် သက်ဆိုင်နေသောကြောင့် မဖြစ်မနေ သွားရောက်ကြည့်ရှုရခြင်း ဖြစ်သည်။
ကျန့်ယန်တောင် နှင့် လေမိုးကြိုးဥယျာဉ်တို့က သူသေကိုယ်သေ တိုက်ပွဲတစ်ခု တိုက်ခိုက်ကြတော့မည် ဖြစ်သည်။ ထိုသတင်းက ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ပြီး ယခင်က မည်သည့်သတိပေးချက်မျှ မရှိခဲ့ပေ။ ထိုအရာကြောင့် အရှေ့ပိုင်းကုန်းမြေကြီး တစ်ခုလုံး အံ့အားသင့်သွားကြရသည်။
ထို့ပြင် သတင်းအချက်အလက် အနည်းငယ်သာ ထွက်ပေါ်လာသော်လည်း ထိုသတင်းက လူတိုင်းကို ကျောချမ်းသွားအောင် လုပ်နိုင်နေသည်။ အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ ထိပ်တန်း ဓားကျင့်ကြံရေး အင်အားစုကြီး နှစ်ခုက တစ်ဖက်လျှင် ဓားကျင့်ကြံသူ (၃)ယောက်ဆီ ရွေးချယ်ကြမည်ဖြစ်၏။ သက်ကြီးပိုင်း တစ်ယောက်၊ လူလတ်ပိုင်း တစ်ယောက်နှင့် လူငယ်ပိုင်း တစ်ယောက်တို့ ဖြစ်ကြသည်။
လူငယ် ဓားကျင့်ကြံသူများက သေသည်အထိ တိုက်ခိုက်ရမည် မဟုတ်ဘဲ အနိုင်အရှုံး ပေါ်သည်အထိသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ လူလတ်ပိုင်း ဓားကျင့်ကြံသူများကတော့ သေသည်အထိ တိုက်ခိုက်ခြင်း သို့မဟုတ် အနိုင်အရှုံး ပေါ်သည်အထိ ယှဉ်ပြိုင်ခြင်းဟူသော လမ်း(၂)ခုထဲမှ တစ်လမ်းကို ရွေးချယ်နိုင်သည်။ ထိုအရာက ဓားကျင့်ကြံသူ နှစ်ယောက်၏ ဆန္ဒအပေါ်တွင် မူတည်သည်။
သို့သော် အရှေ့ပိုင်းကုန်းမြေကြီးထဲရှိ လူတိုင်း သိထားသည်မှာ ထိုအင်အားစုကြီး (၂)ခုမှ ဓားကျင့်ကြံသူများက ပြင်ပလောကတွင် တွေ့ဆုံမိကြတိုင်း သူသေကိုယ်သေ တိုက်ခိုက်တတ်ကြသည်ဟူသော အချက်ပင် ဖြစ်သည်။ ထိုတိုက်ပွဲက သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာ သို့မဟုတ် အရှက်တရားနှင့် သက်ဆိုင်နေသော အရေးကြီးတိုက်ပွဲဖြစ်သဖြင့် ကျန့်ယန်တောင် နှင့် လေမိုးကြိုးဥယျာဉ် မှ ဓားအင်မော်တယ်များကလည်း သူတို့၏ဒေါသကြောင့် သေသည်အထိ တိုက်ခိုက်ကြရန် ပို၍ဖြစ်နိုင်သည်။
သက်ကြီးပိုင်း ဓားကျင့်ကြံသူများအတွက်မူ ရွေးချယ်စရာတစ်ခုသာ ရှိသည်။ သေသည်အထိ တိုက်ခိုက်ကြရန်သာ ဖြစ်၏။
သတ်ဖြတ်ချင်စိတ်များက လေထုထဲတွင် ပျံ့နှံ့နေသည်။ ဓားများကို ဓားအိမ်မှ မထုတ်ရသေးသော်လည်း လူတိုင်းက သွေးညှီနံ့ကို ကြိုရနေသကဲ့သို့ ခံစားနေကြရ၏။ ကျန့်ယန်တောင်မှ ရွေးချယ်လိုက်သော လူငယ်ဓားကျင့်ကြံသူက အဆင့်မြင့် ဓားအားဖြည့်ဘူးသီးခြောက် ပိုင်ဆိုင်ထားသော ပါရမီရှင် နတ်သမီး စုကျား ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လေမိုးကြိုးဥယျာဉ်က နာမည်မကြီးသော တိုက်ရိုက်တပည့် တစ်ယောက်ကို ရွေးချယ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူက လူမသိသူမသိ လူငယ်တစ်ယောက်ဟုပင် ပြောနိုင်၏။ သူက ဂိုဏ်းတူညီလေး ဖြစ်သော လျှိုပါ့ချောင်လောက်ပင် နာမည်မကြီးပေ။ သို့သော် ကုန်းမြေကြီးတစ်ခုလုံးက စောင့်ကြည့်နေမည့် အထွဋ်အထိပ် တိုက်ပွဲဖြစ်ေလေမိုးကြိုးဥယျာဉ်က ပေါ့ပေါ့တန်တန် လုပ်ဆောင်လိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက သူ၏အစေခံ မိန်းကလေးများကို ခေါ်ဆောင်ပြီး အောက်ထပ်သို့ ဆင်း၍ ခွန်လှေ၏ ဦးပိုင်းသို့ လျှောက်သွားလိုက်သည်။ အခမ်းအနားတောင် ဘိုးဘေးများ လက်ဆင့်ကမ်း အမွေပေးခဲ့သော ပန်းပွင့်နှင့်ငှက်ပန်းချီကို သက်ဝင်လှုပ်ရှားနေပြီး အရောင်အသွေး စုံလင်သော ငှက်ပုံများဖြင့် အလှဆင်ထားသည်။ ပန်းချီဆွဲထားသော ထိုငှက်များက ပန်းချီကားအတွင်း၌ ပျံသန်းနေကြပြီး ကြည်လင်ပြတ်သားသော အသံများဖြင့် တေးသီနေကြ၏။
လှေဦးပိုင်း အမြင့်တွင် ပန်းချီကားကို အပြည့် ဖြန့်ချလိုက်သည့်အခါ အလျား (၁၅)မီတာနှင့် အမြင့် (၆) မီတာခန့် ရှိသည်။ အနီးကပ်ကြည့်လျှင် အလွန်ကြီးမားပြီး ချီကျင့်ကြံသူများ၏ အခန်းထဲမှနေ၍ ကြည့်လျှင်လည်း မြင်တွေ့နိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ ကြည့်ရခြင်းမှာ အားရကျေနပ်စရာ မကောင်းနိုင်တော့ချေ။
ထို့ပြင် ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှုများက လျှပ်စီးကြောင်းပမာ လျင်မြန်လှပြီး ဆံချည်မျှင်ပမာလေးသာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့၏ဓားလမ်းစဉ်တွင် ပါဝင်နေသော နက်နဲသိမ်မွေ့သည့် ဓားဆန္ဒများက မျက်စိတစ်မှိတ် အချိန်လေးအတွင်း၌သာ ရှိနိုင်သည်။ ထို့ကြောင့် ထိုတိုက်ပွဲများကို အနီးကပ်ကြည့်ရှုခြင်းက အကောင်းဆုံးရွေးချယ်မှု ဖြစ်ပေသည်။
ထို့ကြောင့် ဧည့်သည်များအတွက် နေရာများကိုလည်း အတန်းအစား အမျိုးမျိုး ခွဲခြားပေးးထားသည်။ သီးသန့် အဆောက်အဦး(၃)ခုမှ ဧည့်သည်များကို ရှေ့ဆုံးတန်းတွင် နေရာချထားပေး၏။ သူတို့အတွက် သစ်သီးများနှင့် မုန့်ပဲသရေစာများ ပြင်ဆင်ထားပေးထားသည့်အပြင် မိစ္ဆာဂိုဏ်းအချို့မှ မွေးမြူလေ့ကျင့်ပေးထားသော အစေခံ မိန်းမလှလေးများနှင့် မက်မွန်ရွက်စားသောက်ဆိုင်မှ အဆင့်မြင့်ဆုံး ပြည့်တန်ဆာများကိုပါ စီစဉ်ပေးထားသည်။ သို့သော် ထိုလူများက ထိုအရာများကို သဘောကျမကျ ဟူသည်မှာ သူတို့၏သဘောသာ ဖြစ်သည်။
သူတို့၏နောက်ဘက်တွင် ချန်းပင်အန်းကဲ့သို့ အထူးတန်းအခန်းများမှ ဧည့်သည်များ နေရာယူထားကြသည်။ ထိုဧည့်သည်များက ဆန္ဒရှိလျှင် သူတို့၏အခိုင်းအစေများကို အဖော် ခေါ်လာနိုင်သည်။ တစ်ယောက်တည်း လာရောက်ချင်လျှင်လည်း ရနိုင်၏။
ခွန်လှေက ခွင့်ပြုချက်မရှိဘဲ မှော်အစွမ်း အသုံးပြုခြင်းကို တားမြစ်ထားသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျင့်ကြံသူများက ကောင်းကင်တွင် ပျံဝဲ၍ တိုက်ပွဲများကို ကြည့်ရှုရခြင်းမှာ အမြင်မတင့်တယ်လှပေ။ လူတိုင်းကသာ နေရာကောင်းကောင်း ရချင်စိတ်ဖြင့် လုပ်ဆောင်ကြလျှင် အခြေအနေများ ရှုပ်ထွေးသွားနိုင်ပြီး ပဋိပက္ခများပင် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ခွန်လှေက လေထုကို ထိန်းချုပ်ပြီး ပျံသန်းခြင်းကို တင်းကြပ်စွာ တားမြစ်ထားသည်။ ထိုစည်းမျဉ်းကို ညှိနှိုင်း၍ မရနိုင်ပေ။
ထိုစည်းမျဉ်းများကြောင့် လူအများစုက ထိုင်ခုံများနှင့် ခုံပုလေးများကို သယ်ဆောင်လာကြရာ ပြဇာတ်တစ်ခု ကြည့်ရန် စုဝေးနေကြသော သာမန်အရပ်သားများနှင့်ပင် တူနေလေသည်။
ချွန်းရွှေနှင့်ချိုးရှီ တို့က ငယ်ရွယ်ကြသေးသော်လည်း ထိုကဲ့သို့သော ပွဲလမ်းသဘင်များနှင့် ကိစ္စရပ်များကို အလွန်ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ ထို့ပြင် သူတို့အတွက် လမ်းရှင်းပေးသော အစောင့်များလည်း ရှိနေသည့်အတွက် သတ်မှတ်ထားသော နေရာသို့ ချောချောမွေ့မွေ့ အဆင်ပြေပြေ ရောက်ရှိသွားကြသည်။ ထိုနေရာက အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်၏။
ထို့ကြောင့် မြက်ဖိနပ်စီးထားသော လူငယ်လေးက ချက်ချင်းဆိုသလိုပင် စူးစမ်းလိုသော မျက်လုံးများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ သူက ချမ်းသာသော မျိုးနွယ်စုမှ ဆင်းသက်လာပြီး ဆင်းရဲသားတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေထိုင်ရသည်ကို သဘောကျသည့် ထူးထူးဆန်းဆန်း စိတ်နေသဘောထားရှိသူ တစ်ယောက်များ ဖြစ်နေမည်လော။
မဟုတ်လျှင် ဘာကြောင့် သူက မြက်ဖိနပ်ကို စီးထားရသနည်း။ သူက အပြင်ထွက်ပြီး မြက်နှုတ်ရန် စိတ်ကူးထားခြင်းပေလော။ သို့မဟုတ် လယ်ကွင်းထဲသွားပြီး လယ်စိုက်ရန် စဉ်းစားနေခြင်းပေလော။