အခန်း (၂၄၀)
Vol. 17 Ch. 240
Translated by Hein Htet.
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၄၀) {စာစဉ် ၁၇ - အပိုင်း(၅)}
ကျောက်စိမ်းပြားလေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း လူငယ် တာအိုသခင်၏ လက်ဖဝါးနှစ်ဖက်က ချွေးများ စိုရွှဲနေခဲ့သည်။ သူက လူအုပ်ကြီးထဲမှ အတင်းအကျပ် တိုးထွက်နေသည့်အတွက် ကြိမ်းမောင်းဆဲဆိုသံများကို ကြားနေရ၏။
ထိုအချိန်၌ အနားတွင် ရှိနေသော အခမ်းအနားတောင် အစောင့်က လူအုပ်ကြီးထဲမှ အတင်းတိုးထွက်လာသော လူငယ်လေးကို လျင်မြန်စွာ သတိထားမိသွားခဲ့သည်။ သူက ခပ်တည်တည် အမူအရာနှင့် လူငယ် တာအိုသခင်၏ အနားသို့ ချဉ်းကပ်လာ၏။
သူက လူငယ် တာအိုသခင်လေးကို ပြစ်တင်ကြိမ်းမောင်းတော့မည့် အချိန်တွင် တာအိုသခင်လေးက အလွန်လှပသော ကျောက်စိမ်းပြားလေးကို ပြလိုက်သည်။ သူက အဆင့်မြင့် အခန်းတွင် နေထိုင်သော ဧည့်သည်တစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြု တံဆိပ်ပြားလည်း ဖြစ်နေ၏။
အစောင့်၏ မျက်နှာပေါ်တွင် ချက်ချင်း အပြုံးတစ်ခု ပေါ်လာပြီး မေးလိုက်သည်။
"မိတ်ဆွေက အခန်း(၃)မှာ နေတဲ့ အထူးဧည့်သည်တော်လား…"
အစောင့်က ထိုမေးခွန်းကို မေးလိုက်သည်မှာ သူက လှေပေါ်တွင် ရှိနေသော အခမ်းအနားတောင်၏ အဆင့်မြင့်အခန်းများထဲရှိ ဧည့်သည်အားလုံး၏ မျက်နှာကို ရင်းနှီးနေခြင်းကြောင့် ဖြစ်သည်။
လူငယ် တာအိုသခင်လေးက အားတင်းပြီး ရှင်းပြလိုက်၏။
"ကျွန်တော့်ရဲ့ နာမည်က ကျန်းရှန်လို့ ခေါ်တယ်။ ကျွန်တော်က ခရီးသွား တာအိုသခင် တစ်ယောက်ပါ။ ကျွန်တော်က လုံဟုတောင် ကျန်းကလန် ဂိုဏ်းခွဲတစ်ခုကပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဂိုဏ်းခွဲက လုံဟုတောင်ရဲ့ မျိုးရိုးစဉ်ဆက် မှတ်တမ်းထဲမှာတော့ တရားဝင် စာရင်းမရှိဘူး။ အခန်း(၃)မှာနေတဲ့ ဧည့်သည် ချန်းပင်အန်းက ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ပါ။ ကျွန်တော်က တခြားကိစ္စတစ်ခု ရှိနေလို့ နောက်ကျမှ ရောက်လာခဲ့တာ။ ကျွန်တော်က ချွန်းရွှေနဲ့ ချိုးရှီ တို့ကို လာရှာတာ…"
သူ၏ရည်ရွယ်ချက်ကို ပြောပြလိုက်သည့်အချိန်တွင် လူငယ် တာအိုသခင်လေးက သူ၏ ဆုံးဖြတ်ချက်အတွက် ချက်ချင်းပင် နောင်တရသွားခဲ့သည်။ သူက အတော်လေးကို မဆင်မခြင် လုပ်ဆောင်မိခဲ့သည်ဟု ခံစားမိနေခဲ့၏။ သူက အကျိုးဆက်ကို မသိဘဲ ကျောက်စိမ်းပြားကို လက်မခံသင့်ပေ။
သူက ခံစားချက်များကို ထိန်းသိမ်းတတ်သော လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူက တချို့ကိစ္စများကို စဉ်းစားနေသည့်အချိန်တွင် ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ် ချောင်ထဲသို့ ရောက်သွားစေတတ်သည်။ ယခု အခြေအနေကလည်း အလားတူသာ ဖြစ်၏။ သူက မည်သည့်အရာကို လုပ်ရမည်ဖြစ်ကြောင်း လုံးဝ မသိတော့ပေ။
သူက ဘဝတစ်လျှောက်လုံး ပြဿနာတိုင်းကို ရှောင်ပြေးနေသည့် အားနည်းချက်ကြီးတစ်ခု ရှိနေသလို ခံစားခဲ့ရသည်။ သူက လေ့ကျင့်ရာတွင် ဖြစ်စေ၊ နတ်ဆိုးများ မိစ္ဆာများကို သတ်ဖြတ်ရာတွင် ဖြစ်စေ အတူတူသာ ဖြစ်၏။
လူငယ် တာအိုသခင်လေးက သူ၏ ဆုံးဖြတ်ချက်ကို ရုတ်သိမ်းတော့မည့် အချိန်တွင် အစောင့်၏ မျက်နှာက ပို၍ပင် ပြုံးလာပြီး သူက ဘေးသို့ ဖယ်ပေးလိုက်သည်။ သူက လူငယ် တာအိုသခင်လေးကို အတွင်းထဲသို့ ဝင်ခွင့်ပေးလိုက်၏။ တစ်ချိန်တည်းတွင် အစောင့်က တလေးတစား ပြောလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပါ အင်မော်တယ်ကျန်း…"
အခြေအနေကို သိလိုက်ရပြီးနောက် ချွန်းရွှေက သူမ၏ထိုင်ခုံမှ ထပေးလိုက်သည်။ ထို့ပြင် နောက်ထပ် ထိုင်ခုံ တစ်ခုကိုလည်း တောင်းဆိုလိုက်၏။
လူငယ်တာအိုသခင်လေးက ထိုင်လိုက်မိသည့် အချိန်တွင်ပင် သူက အိမ်မက် မက်နေသလို ခံစားနေရသေးသည်။ ချွန်းရွှေက ယခုမှ ထိုင်ခုံမှ ထပေးလိုက်ခြင်း ဖြစ်သည့်အတွက် ထိုင်ခုံပေါ်တွင် အနွေးဓာတ် အနည်းငယ် ကျန်နေသေးသည်။ ထို့ကြောင့် လူငယ် တာအိုသခင်လေးက အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသလို ခံစားလိုက်ရ၏။
အစတွင်တော့ သူက အတော်လေးကို ရှက်ရွံ့နေခဲ့ပြီး မျက်နှာလေးက နီရဲနေသည်။ သူက အနည်းငယ် နေရာပြောင်းလိုက်ပြီး ထိုင်ခုံ၏ အစွန်းတွင် ထိုင်လိုက်၏။ အကယ်၍ ထိုသို့ မလုပ်လျှင် ချွန်းရွှေကို သိက္ခာကျအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မည်။
ထိုအရာကို မြင်သည့်အခါ ချိုးရှီကတော့ အလွန်ရယ်ချင်နေခဲ့၏။ ချန်းပင်အန်းက ထိုဆင်းရဲနွမ်းပါးသော တာအိုသခင်လေးနှင့် မည်သို့ အသိအကျွမ်း ဖြစ်သွားကြောင်း ချိုးရှီက စဉ်းစားနေခဲ့သည်။ သို့သော် သူမက လူငယ် တာအိုသခင်လေး၏ ဘေးသို့ ယူလာသော ထိုင်ခုံအသစ်ပေါ်တွင် ထိုင်နေရင်း သူမ၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိချေ။
ပင်မကျင့်ကြံရေး ဂိုဏ်းကြီးတစ်ခုမှ အစေခံမလေးတစ်ယောက် ဖြစ်သည့်အတွက် စောင့်ကြည့်လေ့လာခြင်းက သူတို့ မဖြစ်မနေ တတ်ကျွမ်းရသည့် စွမ်းရည်တစ်ခု ဖြစ်သည်။ လူငယ် တာအိုသခင်လေး၏ မသက်မသာ ခံစားချက်များကလည်း သူမ၏ အာရုံစိုက်မှုကို ရှောင်လွှဲနိုင်ခြင်း မရှိခဲ့ပေ။ သူမ၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။
ဘာကြောင့်မှန်း မသိသော်လည်း သူမက လူငယ် တာအိုသခင်လေးနှင့် သူမ အလုပ်အကျွေးပြုနေရသော ဧည့်သည် ချန်းပင်အန်း တို့နှစ်ယောက်ကို စတင် နှိုင်းယှဉ် ကြည့်နေမိခဲ့သည်။ သူတို့နှစ်ယောက်လုံးက ဆင်းရဲနွမ်းပါးသော နောက်ခံမှ ရောက်လာခြင်း ဖြစ်ပြီး ဤလှေပေါ်တွင် ခရီးရှည်ကြီးတစ်ခု သွားလာနေကြခြင်း ဖြစ်သည်။
သူတို့နှစ်ယောက်လုံးက ပထမဆုံး အကြိမ်တွင် ထိုကဲ့သို့ ခမ်းနားထည်ဝါသည့် အခြေအနေမျိုးနှင့် မနေတတ်ကြပေ။ သို့သော် သူတို့နှစ်ယောက်ထဲတွင် ချန်းပင်အန်းက ပို၍ငယ်ရွယ်သလို ပို၍တည်ငြိမ်သည်။ သူက လူငယ် တာအိုသခင်လေးကဲ့သို့ တစ်ကိုယ်လုံး တင်းမာနေခြင်းမရှိဘဲ မသက်မသာ ခံစားမှုမျိုး မရှိခဲ့ပေ။
လူငယ် တာအိုသခင်လေးက အတော်လေးကို မသက်မသာ ခံစားနေရသည့် အချိန်တွင် သူ့ဆီ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ သူက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ကျောက်စိမ်းပြားကို ချွန်းရွှေဆီသို့ ပေးလိုက်သည်။
"ဒါက ချန်းပင်အန်းရဲ့ ကျောက်စိမ်းပြားပါ။ ကျေးဇူးပြုပြီး သူ့ကို ပြန်ပေးလိုက်ပါ…"
တံဆိပ်ပြားကို လက်ခံရမည့်အစား ချွန်းရွှေက သိမ်မွေ့ညင်သာသော အသံနှင့် ပြန်ဖြေလိုက်သည်။
"သခင်လေးချန်းက မကြာခင် ပြန်လာလိမ့်မယ်။ ဒါကြောင့် အင်မော်တယ်ကျန်း ကိုယ်တိုင်ပဲ သူ့ကို ပေးလိုက်ပါ…"
အလွန်လှပသော ချွန်းရွှေ၏ မျက်လုံးလေးများကို ထိုမျှအနီးကပ် ကြည့်နေရသည့် အချိန်တွင် လူငယ်တာအိုသခင်၏ မျက်နှာလေးက အနည်းငယ် နီရဲသွားပြီး ကျောက်စိမ်းပြားလေးကို စိုးထိတ်စွာ သိမ်းဆည်းလိုက်သည်။ သူ့ပုံစံကအင်မော်တယ် တစ်ယောက်၏ အခြေအနေနှင့် လုံးဝကိုက်ညီနေခြင်း မရှိချေ။
လူငယ် တာအိုသခင်လေးက အလွန် ရေဆာနေသော်လည်း သူ တွေ့ရသည်မှာ ရေနွေးမရှိဘဲ လက်ဖက်ခြောက် ပန်းကန်ပြားတစ်ခုသာ ဖြစ်သည်။ သူက အလွန်ရှက်ရွံ့နေသော်လည်း သူ့အတွက် ရေနွေးကြမ်း ကျိုပေးရန် တောင်းဆိုရဲခြင်း မရှိပေ။ ထို့ကြောင့် သူက တိတ်တဆိတ်သာ ခံစားနေခဲ့ရ၏။
ထိုတစ်ချိန်လုံး ချိုးရှီကတော့ လူငယ် တာအိုသခင်လေးကို ကြည့်ပြီး အလွန်ရယ်ချင်နေခဲ့၏။ သူမက ရယ်ချင်နေသော အမူအရာနှင့် ပြန့်နေသော လက်ဖက်ခြောက် တစ်ရွက်ကို ပါးစပ်ထဲသို့ ထည့်ပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။
"အင်မော်တယ်ကျန်း...
ဒီလက်ဖက်ခြောက်တွေက တိုက်ရိုက် ဝါးစားလို့ ရတယ်။ ရေနွေးနဲ့ ကျိုစရာ မလိုဘူး…"
ချွန်းရွှေက အနည်းငယ် လှုပ်ရှားသွားသော်လည်း တခြားလူများ၏ ရှေ့တွင် ရိုင်းပြသည့်အတွက် သူမ၏ညီမဖြစ်သူကို ဆူပူကြိမ်းမောင်းခဲ့ခြင်း မရှိချေ။ အကယ်၍ လူငယ် တာအိုသခင်လေးကသာ စိတ်ခံစားချက် ပြင်းထန်သူတစ်ယောက် ဆိုလျှင် သူက ထိုအပြုအမူလေးအတွက် ချိုးရှီအပေါ် အငြိုးအတေး ထားနိုင်သည။ သို့သော် လူငယ် တာအိုသခင်လေးက အလွန် သိမ်မွေ့ညင်သာသူတစ်ယောက် ဖြစ်၏။
သူ၏ ပါးနှစ်ဖက်က ပို၍ပင် နီရဲလာပြီး သူက လက်ဖက်ခြောက် အရွက်ကလေး အနည်းငယ်ကို လက်ချောင်းလေးများနှင့် ညှပ်ယူ၍ ပါးစပ်ထဲသို့ ထည့်ကာ ညင်သာစွာ ဝါးစားလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူ့မျက်နှာက ရှုံ့မဲ့လာခဲ့၏။ သူ့ပုံစံက ချဉ်စုတ်နေသော စပျစ်သီးတစ်လုံး သို့မဟုတ် ခါးသက်နေသော ဆေးတစ်ခွက်ကို ပထမဆုံး သောက်လိုက်ရသည့် ကလေးငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူကတော့ အရသာကြောင့် တစ်ကိုယ်လုံးပင် တုန်ယင်သွားမိခဲ့၏။
ချိုးရှီက ရယ်ချင်စိတ်ကို ဖုံးကွယ်ရန် ပါးစပ်ကို လက်နှင့် အုပ်လိုက်သည်။ သူမကတော့ ထို လူငယ်တာအိုသခင်လေးကို ကြည့်ပြီး အတော်လေးကို ပျော်ရွှင်နေခဲ့ရ၏။
ချွန်းရွှေက အနည်းငယ် တည်ငြိမ်နေခဲ့သည်။ ထိုလက်ဖက်ခြောက်ရွက်များကို ကောက်ယူသည့် သူ၏အပြုအမူမှတဆင့် ထိုလူငယ် တာအိုသခင်လေးက သူနှင့် ပတ်သက်သော အကြောင်းအရာ တချို့ကို မထင်မှတ်ဘဲ ဖော်ထုတ်မိခဲ့သည်။ သူက လက်ဖက်ခြောက်ရွက်များကို လက်ညှိုးနှင့် လက်ခလယ်သုံး၍ ညှပ်ယူခဲ့ခြင်းဖြစ်ပြီး တစ်ခုက အပေါ်တွင်ဖြစ်၍ တစ်ခုကတော့ အောက်တွင် ဖြစ်သည်။ ထိုအရာက ကျားစေ့များကို ကောက်ယူသည့် ပုံစံနှင့် တစ်ထပ်တည်း ဖြစ်၏။ ထို့ကြောင့် သူက မကြာခဏ ကျားကစားတတ်သည့် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသာနေသည်။
အကယ်၍ သူကသာ ဆင်းရဲနွမ်းပါးသော ကလန်တစ်ခုမှ အောက်ခြေ ချီကျင့်ကြံသူတစ်ယောက်သာ ဆိုလျှင် သူက ကျားကွက်ခုံတစ်ခုကို မြင်တွေ့ရန် အခွင့်အရေးပင် မရှိနိုင်ပေ။ မည်သို့ဖြစ်စေကာမူ ဂီတတူရိယာများ တီးခတ်ခြင်း၊ လက်ရေးလှပညာနှင့် ပန်းချီဆွဲခြင်း ဟူသည်မှာ ချမ်းသာကြွယ်ဝသူများအတွက် ဖျော်ဖြေရေးသက်သက်ဖြစ်ပြီး အချိန်ဖြုန်းသည့် အရာတစ်ခုအဖြစ်သာ သတ်မှတ်ထားခြင်း ဖြစ်သည်။
ထို့ပြင် ကျားကစားခြင်းက အလွန်အမင်းကို အကုန်အကျများပြီး သူတို့၏ ကစားကွက် ပြည့်စုံစေရန်အတွက် အချိန်နှင့် ကြိုးစားအားထုတ်မှုက ကန့်သတ်ချက် မရှိချေ။ ထို့ကြောင့် အောက်ဘုံ (၅)ဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်က ငယ်ငယ်လေးကတည်းက လေ့ကျင့်သင်ကြားမှု မရှိဘဲ ကျားကစားခြင်းကဲ့သို့ အရာတစ်ခုကို စိတ်ဝင်စားရန် လုံးဝမဖြစ်နိုင်ပေ။
မည်သို့ဖြစ်စေကာမူ ကျားထိုးရန် အသုံးပြုရသော အချိန်နှင့် စွမ်းအင်များက ကျင့်ကြံခြင်းမှ ဖဲ့ပေးလိုက်ရခြင်း ဖြစ်သည့်အတွက် ထိုအရာက အလွန် မြင့်မားသော အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရခြင်း ဖြစ်သည်။
ချွန်းရွှေကတော့ ထိုကဲ့သို့ တိကျသော အချက်အလက်လေးများကို လေ့လာနေရင်း အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု တွေးမိခဲ့သည်။
ချန်းပင်အန်းက ဆင်းရဲနွမ်းပါးသော လူငယ်လေးတစ်ယောက် ဖြစ်သည်။ သို့သော် သူက နေ့စဉ်နေ့တိုင်း လှေကြီး၏ ရှုခင်းကြည့် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ပြီး တိမ်တိုက်များကို ကြည့်၍ လက်သီးသိုင်း လေ့ကျင့်နေခဲ့သည်။
တစ်ဖက်တွင် ရှက်ရွံ့နေသော တာအိုသခင်လေးကတော့ အလွန်အမင်းကို ပညာရှိသော ကလန်တစ်ခုမှ ရောက်လာခြင်း ဖြစ်ပုံရသည်။ သူက လူသားကမ္ဘာကြီးထဲတွင် အဆင့်အတန်းတစ်ခု ပိုင်ဆိုင်ထားနိုင်သည်။ သို့သော် အင်မော်တယ် ကမ္ဘာကြီးထဲတွင်တော့ သူက ခွန် လှေ၏ ကုန်းပတ်ပေါ်တွင် လှည့်ပတ်သွားလာနေသည့် လူတစ်ယောက်သာ ဖြစ်၏။
ထိုအချိန်တွင် ချွန်းရွှေက ရှေ့ဘက်၌ ထိုင်နေသော လူကြီး ချီထားသည့် ကလေးငယ်ကို သတိထားမိခဲ့သည်။ ထိုကလေးငယ်က သူမကို ပြန်လှည့်ပြီး ပြုံးပြနေသည့်အတွက် သူမကလည်း ယဉ်ကျေးသမှုဖြင့် ပြန်လည်ပြုံးပြလိုက်သည်။ တစ်ချိန်တည်းတွင် သူမက တစ်ယောက်တည်း တွေးမိခဲ့၏။ လောကကြီးထဲတွင် အရေးအကြီးဆုံး စမ်းသပ်မှုကတော့ မွေးဖွားလာရသည့် အခိုက်အတန့် ဖြစ်ကြောင်း တွေးမိခဲ့သည်။
ထိုကလေးငယ်ကတော့ ချွန်းရွှေ၏ အလှကို သဘောကျနေပြီး သူမကို သူ၏ အစေခံအဖြစ် ဝယ်ချင်နေခဲ့သည်။ ထိုသို့ဆိုလျှင် ဆောင်းရာသီ၌ စာမျက်နှာများကို လှန်ရသည့်အတွက် လက်နှစ်ဖက် အေးစက်လာသည့် အချိန်တိုင်း သူမကို နွေးထွေးအောင် လုပ်ခိုင်း၍ ရနိုင်၏။
ကလေးငယ်က သူ့အမေ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူ့အမေက တခြားလူများ၏အပေါ် အလွန်အေးစက်ပြီး မောက်မာသော်လည်း သူမ၏သားကိုတော့ အလွန်အလိုလိုက်ပြီး ချစ်မြတ်နိုးပုံရသည်။ သူမက ခေါင်းငုံ့ပြီး ကလေးပြောသည့် စကားကို နားထောင်နေခဲ့၏။ သူက ဖြစ်ချင်နေသည့်အရာကို သူ့အမေကို ပြောလိုက်သည်။
အမျိုးသမီးက ချွန်းရွှေကို အေးစက်စက် အမူအရာနှင့် ပြန်လှည့်ကြည့်လိုက်၏။ ထို့နောက် သူမ၏သားကို ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"သူ့ရဲ့ ပါရမီက အရမ်းနိမ့်လွန်းတယ်။ တကယ်လို့ အမေတို့က သူ့ကို ဒီလောကကြီးထဲမှာရှိတဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ အားလုံး ပေးလိုက်မယ်ဆိုရင်တောင် သူက အလယ်ဘုံ (၅) ဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဘာမှမစိုးရိမ်ပါနဲ့၊ အမေတို့က နဂါးအိုမြို့မှာ လှေပေါ်ကနေ ဆင်းလိုက်တာနဲ့ ဝိညာဉ်လိုဏ်ဂူအဆင့် မိန်းကလေးတစ်ယောက်ကို သားရဲ့ အစေခံအဖြစ် ရှာပေးမယ်…"
ထိုစကားက စော်ကားလိုက်သော စကား ဖြစ်သည်။ သို့သော် ကလေးငယ်က သူ့အမေကို ယုံကြည်နေသည့်အပြင် အနားပတ်ဝန်းကျင်၌ ရှိနေသော မည်သူကမျှ အလယ်ဘုံ (၅) ဆင့်ရှိ အစေခံတစ်ယောက် ရှာဖွေပေးခြင်းကို ထူးဆန်းသည်ဟု မသတ်မှတ်ကြပေ။
အမျိုးသမီးက သူမ၏ အသံကို တိုးတိုးလေး ပြောဆိုနေခြင်း မဟုတ်သည့်အတွက် ချွန်းရွှေ၏ မျက်နှာလေးက ချက်ချင်းပင် ဖြူဖပ်ဖြူလျှော် ဖြစ်သွားခဲ့၏။ သူမကအလယ်ဘုံ (၅) ဆင့်ကို ရောက်ရန် မျှော်လင့်ချက် မရှိကြောင်း ထိုအမျိုးသမီးက ကြေညာလိုက်ခြင်း ဖြစ်သည့်အတွက် သူမက စိတ်ဓာတ်ကျသွားခဲ့သည်။
ရုတ်တရက် ဆိုသလို အမျိုးသမီးက ချိုးရှီကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"ဒီကလေးမလေးကတော့ နည်းနည်း အရည်အချင်း ရှိသေးတယ်။ ဒါပေမဲ့ သူက ဟိုတစ်ယောက်လို ကြည့်ပျော်ရှုပျော် မရှိဘူး။ သူ့ကိုရော သဘောကျလား သားလေး။ တကယ်လို့ သားလေး သဘောကျတယ် ဆိုရင်တော့ အမေက အခမ်းအနားတောင်ကနေ သူ့ကို ဝယ်ပေးနိုင်တယ်.."
ကောင်လေးက ချိုးရှီကို လှည့်ကြည့်လိုက်ပြီး အထင်သေးသည့် အမူအရာနှင့် ပြောလိုက်၏။
"သား သူ့ကို လုံးဝ သဘောမကျဘူး။ သူ့ခန္ဓာကိုယ်က ဝါးခြမ်းပြားလို ပိန်ပိန်ပါးပါးနဲ့ အမေ့လိုပဲ…"
အမှန်တကယ်လည်း ထိုအမျိုးသမီးက အလွန်အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး ဖြစ်သည်။ သူမကတော့ သားဖြစ်သူ၏ စကားကြောင့် ဒေါသထွက်သွားခြင်း မရှိချေ။ ထိုအစား သူ ခေါင်းကို လက်နှင့်ပုတ်ပြီး အားရပါးရ ရယ်လိုက်၏။ သူမ၏ ရယ်သံက ညအခါ ကျီးကန်းတစ်ကောင် အော်မည်နေသကဲ့သို့ ကြောက်စရာ ကောင်းလှသည်။
ချိုးရှီကတော့ သူတို့နှစ်ယောက် ဆွေးနွေးနေသည့် အရာကြောင့် အလွန်ဒေါသထွက်နေပြီး ချွန်းရွှေကတော့ ခေါင်းငုံ့ပြီး ဒူးနှစ်ဖက်ကို လက်နှင့် ပိုက်ထားခဲ့သည်။ သူမက လက်ပိုက်ထားသည်မှာ အလွန်တင်းကျပ်နေသည့်အတွက် လက်ခုံပေါ်မှ အကြောများကိုပင် တွေ့နေရ၏။
…………….
ချန်းပင်အန်းက ထိုတာအိုမိန်းမပျိုနှင့် ပတ်သက်ပြီး အလွန်ကောင်းမွန်သော ခံစားချက်တစ်ခု ရှိနေသော်လည်း သူက ဓားအားဖြည့် ဘူးသီးခြောက်ထဲတွင် ရှိနေသော ပထမနှင့်ဆယ့်ငါး တို့ကို ဆက်သွယ်ရန် ဆုံးဖြတ်ထားခဲ့သေးသည်။ သူတို့ဆီမှ တုံ့ပြန်မှုရမှသာ သူလည်း စိတ်အေးသွားခဲ့၏။ ထိုအရာက သူ ပိုင်ဆိုင်ခဲ့ရသော လက်ဆောင်တစ်ခု ဖြစ်သည့်အတွက် ထောင်ချောက်တစ်ခု မဟုတ်ရန် ဂရုစိုက်ရမည် ဖြစ်သည်။
အဘိုးကြီးယောင်အသက်ရှင်နေစဉ် သူ အရက်သောက်သည့် အချိန်တိုင်း သူ့တပည့်များ အားလုံးကို လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ကူးယဉ်ဆန်သော ဇာတ်လမ်းများအကြောင်း ပြောပြတတ်သည်။ ထိုဇာတ်လမ်းများ ပြောပြသည့် အချိန်တိုင်း လျှိုုရှန်းယန် ကိုယ်တိုင်ကပင် ဝမ်းမြောက်ဝမ်းသာ နားထောင်တတ်၏။ တခြားတပည့်များ အားလုံးကတော့ ပြစ်တောက်ပြစ်တောက်ဆူပူကြိမ်းမောင်းတတ်သော အဘိုးကြီးယောင်ဆီမှ ထိုကဲ့သို့ ဇာတ်လမ်းမျိုး ကြားနေရသည်ကို ပိုပြီး ကျေနပ်ကြသည်။ ထို့ကြောင့် သူ မည်သည့်အရာ ပြောနေသည်ကို အမှန်တကယ် ဂရုမစိုက်ကြပေ။
လူတိုင်းတွင် သူတို့၏ကိုယ်ပိုင်ကံကြမ္မာများ ရှိကြ၏။ တချို့ကတော့ ဖုလုလမ်းကြားနှင့် မက်မွန်ရွက် လမ်းကြားထဲတွင် ကျောက်ပြားခင်းထားသော လမ်းမပေါ်၌ လမ်းလျှောက်ရန် ကံ ပါလာကြသည်။ နှင်းမုန်တိုင်းများ ကျနေသော အချိန်မျိုးတွင်ပင် ထိုလမ်းကြားများကတော့ အလွယ်တကူ လမ်းလျှောက်၍ ရနိုင်သေး၏။
တစ်ဖက်တွင်တော့ တချို့က လမ်းကြားငယ်လေးများကဲ့သို့ ရွှံ့များပြည့်နေသော လမ်းမပေါ်တွင် လျှောက်လှမ်းရန် ကံကြမ္မာ ရှိလာကြသည်။ သူတို့က အနည်းငယ် မိုးရွာလိုက်ရုံနှင့် ရွှံ့များ ပေပွပြီး ချော်လဲသွားနိုင်သည်။ ပို၍ကံဆိုးသူများကတော့ စာရွက်များပေါ်တွင် လမ်းလျှောက်နေရသလို ဖြစ်နိုင်ပြီး အနည်းငယ် သတိမထားမိရုံနှင့် ဘဝပျက်စီးသွားနိုင်သည်။ ကံကောင်းမှုများကပင် သူတို့အတွက်တော့ ကျိန်စာများ အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ ထိုအရာမျိုးက ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲလှသည်။
ချန်းပင်အန်းက အဘိုးကြီးယောင်၏ ပုံပြင်ဇာတ်လမ်းများ အားလုံးကို တခြားတပည့်များ အားလုံး၏ အဝေးဆုံးတွင် ထိုင်ပြီး သေချာမှတ်သားခဲ့သည်။ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ ချန်းပင်အန်းက အဘိုးကြီးယောင် မသင်ပေးချင်ဆုံး တပည့် တစ်ယောက်ဖြစ်သော်လည်း သူကသာ အဘိုးကြီးယောင်၏ စကားလုံးတိုင်းကို မှတ်သားထားတတ်သည့် တပည့်လည်း ဖြစ်နေခဲ့သည်။
လူဆိုးများက ကောင်းမွန်သည့် ကိစ္စများ လုပ်ဆောင်သည်မှာ အလွန်ရှားပါးသည်။ ထိုအရာများက တသမတ်တည်း တွက်ချက်၍တော့ မရနိုင်ပေ။ သို့သော် အကယ်၍ လူတစ်ယောက်ကသာ မကောင်းသောကိစ္စများ လုပ်နေသည့် လူကောင်းတစ်ယောက်ကို ကြုံတွေ့ရမည် ဆိုလျှင် အတော်လေးကို ကံဆိုးသွားပါလိမ့်မည်။
ယခုတစ်ကြိမ် တွေ့ဆုံမှုက ကြောက်စရာကောင်းသော ထောင်ချောက်တစ်ခု ဖြစ်မလာရန် ချန်းပင်အန်းက မျှော်လင့်နေခဲ့၏။ အကယ်၍ သူကသာ ရှောင်လွှဲ၍ မရနိုင်သော ထောင်ချောက်တစ်ခုထဲသို့ ရောက်သွားရမည်ဆိုလျှင် ဖြစ်နိုင်ခြေ အများဆုံးကတော့ သူ့နောက်ကျောတွင် သယ်ဆောင်လာသော သစ်သားဓားအိမ်ထဲမှ ဓားကြောင့်သာ ဖြစ်နိုင်သည်။
ဝေ့ပို၊ ရွမ်ချုံ နှင့် အဘိုးကြီးယန်တို့ အားလုံးက ထိုဓားကို ဖုံးကွယ်ရန်အတွက် အကောင်းဆုံး ကြိုးစားပေးထားခဲ့ကြသော်လည်း တစ်နည်းနည်းနှင့် တစ်စုံတစ်ယောက်က ရှာတွေ့သွားနိုင်သေးသည်။
ချန်းပင်အန်းက လှေကားပေါ်သို့ ဖြည်းညင်းစွာ တက်သွားပြီး ခန်းမထဲသို့ ဝင်လာခဲ့သည်။ သို့သော် နတ်ဘုရား အမိန့်ပြန်တမ်း ဂိုဏ်းမှ တာအိုမိန်းမပျိုကိုတော့ မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သူက ပတ်ပတ်လည်ကို ခဏကြာ လှည့်ကြည့်နေပြီး နောက်ဆုံးတွင်တော့ သူမက စာကြည့်ခန်းနားရှိ စားပွဲခုံဘေးတွင် မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရ၏။
သူမက ထူးခြားသော တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ခေါင်းပေါ်တွင် ပုံမှန် ဝတ်ဆင်နေကျဖြစ်သော ငါးမြီး ဆံထိုးနေရာတွင်တော့ ကြာပန်းပွင့် ဆံထိုးလေးတစ်ခု အစားထိုး ဝင်ရောက်လာခဲ့သည်။
တာအိုလမ်းစဉ်တွင် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းက အလွန်ထူးဆန်းသော တည်ရှိမှုတစ်ခု ဖြစ်သည်။ သူတို့ဆီတွင် သင်ကြားမှု (၃)သွယ်၏ အလွန်ရှုပ်ထွေးသော မျိုးဆက်များ ရှိနေပြီး အတော်လေးကို ရှုပ်ထွေး၏။
ဟယ်ရှောင်လျန့်က စားပွဲပေါ်သို့ လက်တစ်ဖက် တင်လိုက်ပြီး သူမ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။
"ချန်းပင်အန်း...
ငါက ဂိုဏ်းခွဲသခင်လု……"
သူမက ဂိုဏ်းခွဲသခင်လု ဟူသော စကားကို ပါးစပ်ထဲမှ ထွက်လုနီးပါး ဖြစ်သော်လည်း ချက်ချင်းပင် ထိန်းချုပ်၍ ဆက်ပြောလိုက်သည်။
"လုချန်းရဲ့ တောင်းဆိုမှုနဲ့ ရောက်လာတာ...။ ရွှံ့ပုလင်းလမ်းကြားထဲကို တစ်ကြိမ် ရောက်လာခဲ့ဖူးတဲ့ တာအိုသခင် လုချန်းရဲ့ တောင်းဆိုမှုနဲ့ ရောက်လာတာလေ။ အခု သူက မြို့ငယ်လေးထဲမှာ ရှိတယ်...။ ဒါပေမဲ့ သူက နင့်ကို လာတွေ့ဖို့တော့ အချိန်ကောင်း မဟုတ်သေးဘူး.။ သူက နင့်ဆီကနေ ဆေးအညွှန်း စာရွက်ကို ပြန်ယူပေးဖို့ ငါ့ကို တောင်းဆိုခဲ့တယ်..။ အောက်ဆုံးမှာ သူ့ရဲ့ တံဆိပ်တုံး ထုထားတဲ့ ဆေးအညွှန်းစာရွက်လေ။ အဲဒါအပြင် သူက နင့်ဆီကို မြွေကျောက်တုံး ပြန်ပေးလိုက်ဖို့လည်း ငါ့ကို တောင်းဆိုခဲ့တယ်..”
“အခုကစပြီး နင်နဲ့ လုချန်းက အချင်းချင်း အကြွေးတင်နေတာမျိုး မရှိတော့ဘူး..။ နင်က ပုံမှန်အတိုင်းပဲ ဆက်ပြီး အသက်ရှင်နေနိုင်ပြီ.။ နင်က ပုံမှန်အတိုင်းပဲ ဆက်ပြီးတော့ နေထိုင်လို့ ရပြီ..။ တကယ်လို့ နင်တို့နှစ်ယောက်က တစ်နေ့နေ့မှာ နောက်တစ်ကြိမ် တွေ့ခွင့်ရမယ်ဆိုရင်တော့ သူက နင်နဲ့အတူ အရက်သောက်ချင်သေးတယ်လို့ ပြောလိုက်သေးတယ်…"
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အတော်လေးကို စိတ်အေးသွားသလို ခံစားလိုက်ရသည်။ ထိုအရာက ရွမ်ချုံ ထုဆစ်ခဲ့သော ဓားကြောင့် မဟုတ်ချေ။ ထိုအစား သူ့အတွက် သီးသန့် ရောက်လာခြင်းသာ ဖြစ်၏။
ဟယ်ရှောင်လျန့်က အပြုံးနှင့် ဆက်ပြောလိုက်သည်။
"နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သူ နင့်ကို ဂရုစိုက်ဖို့ မှာလိုက်တယ်..။ ပြီးတော့ တောင်ပိုင်း စမ်းချောင်းတိုင်းပြည် ရောက်ရင် လှေပေါ်ကနေ ဆင်းဖို့ ပြောလိုက်တယ်…."
"ငါ နားလည်ပြီ…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
ဟယ်ရှောင်လျန့်က ခန်းမကြီးထဲတွင် ရှိနေသော စားပွဲခုံကို လက်ညှိုးထိုးပြလိုက်ပြီး သူတို့နှစ်ယောက်က တစ်ဖက်တစ်ချက်တွင် ထိုင်လိုက်ကြသည်။
ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူမက ပျက်စီးသွားသော တိုင်းပြည်တစ်ခု၏ တော်ဝင်ကျောက်စိမ်းတံဆိပ်တစ်ခုကို ထုတ်လိုက်သည်။ ထိုအရာက အလွန် ထူးခြားသော ပုံသဏ္ဍာန်ရှိပြီး အဆင့်အတန်းမြင့်မားသည့် ကျောက်စိမ်းမှ ဖန်တီးထားခြင်း ဖြစ်၏။ ထိုအရာက လေဟာနယ်ရတနာတစ်ခု ဖြစ်သည့်အတွက် အိတ်ဆောင်ရတနာတစ်ခုထက်ပင် ပို၍ရှားပါးပြီး ပို၍တန်ဖိုးရှိသည်။
ချွေးချန်းဆီတွင် ထိုကဲ့သို့ ရတနာတစ်ခု ပိုင်ဆိုင်ထား၏။ ထိုအရာက 'ချွေးတုံရှန်း' နှင့် ရင်ဆိုင်ရန် တိုက်ပွဲထဲ၌ အသုံးပြုခဲ့သော ရတနာများစွာထဲမှ တစ်ခုလည်း ဖြစ်၏။
ထို့နောက် ဟယ်ရှောင်လျန့်က လက်တစ်ဖက်ကို မြှောက်လိုက်ရာ လေထဲတွင် ရှေးဟောင်းမင်ကျောက်တုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုမင်ကျောက်တုံးက ကျောက်စိမ်းတံဆိပ်တုံး၏ အပေါ်ဘက်တွင် ပျံဝဲနေခဲ့၏။
ချက်ချင်းဆိုသလိုပင် နောက်ထပ်ရှေးဟောင်းကျောက်စိမ်း စာအုပ်တစ်အုပ် ထွက်လာခဲ့သည်။ ထိုစာအုပ်ထဲမှနေ၍ ကြာပန်းရွက်လေးတစ်ရွက် လွင့်မျောလာခဲ့သည်။ နောက်ဆုံးတွင်တော့ ကြာပန်းရွက်ရှိနေသော အိတ်ဆောင်ရတနာထဲမှနေ၍ မြွေကျောက်တုံးလေးတစ်ခု ထွက်လာခဲ့သည်။
ထိုအရာက လုချန်းကို ပေးရန် ဟယ်ရှောင်လျန့်ဆီမှတစ်ဆင့် ချန်းပင်အန်း ပေးလိုက်သော မြွေကျောက်တုံးလေး ဖြစ်သည်။ သူမက လေဟာနယ်ရတနာတစ်ခုနှင့် အိတ်ဆောင်ရတနာ(၃)ခုကို ထုတ်လိုက်ပြီး သူမ၏ကြွယ်ဝချမ်းသာမှုကို ပြသနေသည်။ လောကကြီးထဲတွင် ရှိနေသော အဆင့် (၁၀ )ချီကျင့်ကြံသူတိုင်းက ထိုကဲ့သို့ အရာမျိုးကို မြင်တွေ့လိုက်ရရုံနှင့် အတော်လေးကို အံ့သြသွားနိုင်သည်။ သို့သော် ထိုကံကောင်းမှုများ အားလုံးက ဟယ်ရှောင်လျန့်၏ လက်ထဲသို့ ရောက်သွားခဲ့ရ၏။
ဟယ်ရှောင်လျန့်က ကြာရွက်၊ ကျောက်စိမ်းစာအုပ်၊ ရှေးဟောင်းမင်ကျောက်တုံးနှင့် ကျောက်စိမ်းတံဆိပ်တုံးတို့ကို သိမ်းလိုက်သည်။ ထို့နောက် မြွေကျောက်တုံးလေးကို ချန်းပင်အန်းဆီသို့ ညင်သာစွာ တွန်းပို့ပေးလိုက်၏။
ချန်းပင်အန်းက မြွေကျောက်တုံးလေးကို လက်မခံရဲကြောင်း မြင်လိုက်ရသည့် အချိန်တွင် သူမက အပြုံးနှင့် ပြောလိုက်သည်။
"လုချန်းက ဒီမြွေကျောက်တုံးမှာ ဘာမှလုပ်မထားဘူး ဆိုတာ သေချာတယ်.။ သူက ငါတို့ ဘာပြောတယ် ဘာလုပ်တယ် ဆိုတာကို စောင့်ကြည့်ဖို့လည်း ဘာအစွမ်းမှ မသုံးဘူးလို့ ကတိပေးထားတယ်.။ သူက ဒီကတိကို ကိုယ်တိုင်ပေးခဲ့တာဆိုတော့ နင်က စိတ်ချလို့ရတယ်…"
ထိုစကားကို ကြားပြီးမှသာ ချန်းပင်အန်းက ဆေးအညွှန်းစာရွက်ကို ထုတ်ရန် ဆယ့်ငါး ကို ဆွဲထုတ်လိုက်သည်။ ထိုအရာက ရွှံ့ပုလင်းလမ်းကြားထဲတွင် လုချန်း သူ့ကို ပေးခဲ့သော အရာလည်း ဖြစ်၏။
ထိုအရာကို ဟယ်ရှောင်လျန့်က ထူးခြားသော အစွမ်းတစ်ခုကို သုံးပြီး သူမ၏ ကြာရွက် အိတ်ဆောင်ရတနာထဲသို့ သိမ်းလိုက်သည်။ ထိုအရာများ အားလုံးကို လုပ်ဆောင်လိုက်ပြီးနောက် ဟယ်ရှောင်လျန့်၏ အမူအရာက ပို၍ပင် ပေါ့ပါးသွားပုံရ၏။
သူမက 'မီးသစ်ကြားသီး' ဟု ခေါ်သော ဝိညာဉ်သစ်သီးတစ်လုံးကိုပင် စားနေခဲ့သည်။ သူမက ထိုသို့ စားနေရင်း အပြုံးနှင့် ပြောလိုက်၏။
"ကောင်းပြီ...။ အခုတော့ အလုပ်ကိစ္စတွေ အားလုံး ပြီးသွားပြီ..။ အခု ငါတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဆွေးနွေးဖို့ အချိန်ကျပြီ..။ ဘာမှ မစိုးရိမ်နဲ့ ချန်းပင်အန်း…"
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။ သူက စိတ်မလှုပ်ရှားဘဲ မည်သို့ နေနိုင်မည်နည်း။
“ငါက နတ်ဘုရား အမိန့်ပြန်တမ်း ဂိုဏ်းကနေ ထွက်လာပြီဆိုတာ နင် ကြားပြီးပြီလား…"
ဟယ်ရှောင်လျန့်က မေးလိုက်သည်။
ချန်းပင်အန်းက ခေါင်းခါပြလိုက်၏။
"ကြည့်ရတာ ငါက လုံလောက်အောင် နာမည်မကျော်သေးဘူး ထင်တယ်…"
ဟယ်ရှောင်လျန့်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သည့် အမူအရာနှင့် ရယ်လိုက်သည်။ ထို့နောက် သူမက စကားပြောရန် အလျင်လိုနေခြင်း မရှိဘဲ စိတ်လှုပ်ရှားနေသော အမူအရာနှင့် မီးသစ်ကြားသီးကို ဆက်လက် စားသုံးနေခဲ့၏။
ထိုသစ်သီးက အအေးဒဏ်ကို ကာကွယ်ပေးနိုင်သည်။ သို့သော် မီးသစ်ကြားသီးထဲတွင် ပါဝင်နေသော စွမ်းအင်များကတော့ 'နွေဦးသစ်သီး' ကို နှိုင်းယှဉ်နိုင်ခြင်း မရှိချေ။ ထို့ကြောင့် ထိုအရာက အလွန် ဈေးကြီးနေခြင်းလည်း မရှိချေ။ ထိုအရာက ဆောင်းရာသီတွင် ဧည့်သည်များ အဆာပြေ စားသုံးရန် ထားသော သာမန်သစ်သီးတစ်ခုသာ ဖြစ်သည်။
သို့သော် သစ်သီးပန်းကန်ထဲတွင် နွေဦးသစ်သီးများနှင့် မီးသစ်ကြားသီး အနည်းငယ်သာ ရှိသည်။ အကယ်၍ ချန်းပင်အန်းကသာ ထိုသစ်သီးနှစ်မျိုး၏ ဈေးနှုန်း ကွာခြားချက်အကြောင်း ချွန်းရွှေနှင့် ချိုးရှီတို့ကို မမေးခဲ့လျှင် သူက မီးသစ်ကြားသီးကို ပို၍ဈေးကြီး၊ ပို၍တန်ဖိုးရှိသည်ဟု မှားယွင်း ယူဆမိပါလိမ့်မည်။ အမှန်အတိုင်း ပြောရလျှင် ထိုအရာက အခမ်းအနားတောင်၏ ကြွယ်ဝချမ်းသာမှုနှင့် သဘောထားကို ပြသနေခြင်းလည်း ဖြစ်၏။
ဟယ်ရှောင်လျန့်က လွတ်လပ်ပေါ့ပါးသော အမူအရာနှင့် သူမ၏ မီးသစ်ကြားသီးကို စားနေသည့်အချိန်တွင် ချန်းပင်အန်းကတော့ မသက်မသာ ဖြစ်နေသော အမူအရာနှင့် ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ သူကတော့ သူမ၏ရည်ရွယ်ချက်ကို သေချာ မသိရသေးပေ။
သူမက အရှေ့ပိုင်းကုန်းမြေကြီး၏ တာအိုလမ်းစဉ် ကျောက်စိမ်းမိန်းမပျိုတစ်ယောက် ဖြစ်သည်။ သို့သော် ဘာကြောင့်မှန်း မသိဘဲ သူမက နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်းမှ ထွက်ခွာရန် ရုတ်တရက် ကြေညာခဲ့သည်။ ထိုအရာက သူမ၏ ဆရာဦးလေးဖြစ်သူအပေါ် သူမ၏စွဲလမ်းမှုကြောင့်ဟု တချို့က ပြောခဲ့ကြ၏။
ဆရာဦးလေးဖြစ်သူကတော့ အလယ်မြေ နတ်ဘုရားကုန်းမြေကြီးကို သွားပြီး နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်း၏ အထက်တွင် ရှိနေသော တာအိုလမ်းစဉ်ဂိုဏ်းကို လွှဲပြောင်းယူရမည် ဖြစ်သည်။ ထိုထင်မြင်ချက်ကြောင့် သူမက ဆရာဦးလေးဖြစ်သူအပေါ် သူမ၏ မေတ္တာတရားကို ဖိနှိပ်နိုင်ခြင်းမရှိဟု လူအများက တွက်ချက်ထားကြသည်။ သူမက သူမ၏ဂိုဏ်း၊ သူမ၏ဆရာနှင့် သူမ၏ မဟာတာအိုလမ်းစဉ်ကိုပင် ချနင်းပြီး သူ့နောက်ကို လိုက်ရန် ဆုံးဖြတ်လိုက်သည်ဟု တွေးတောနေကြသည်။
ဟယ်ရှောင်လျန့်ကို ကျောက်စိမ်းမိန်းမပျို ရာထူးမှ ဖယ်ရှားလိုက်သည့် အချိန်တွင် သူမ၏နေရာ၌ အစားထိုးရန် အသစ်တစ်ယောက် ပေါ်လာရသည်။ သို့သော် ထိုကျောက်စိမ်းမိန်းမပျို အသစ်ကတော့ နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်း အစား 'ဆောင်းဦးရေဂိုဏ်း' မှနာမည်မထင်ရှားသော တာအိုမိန်းမပျိုတစ်ယောက် ဖြစ်သည်။
ထို့ကြောင့် ဟယ်ရှောင်လျန့်၏ အပြုအမူများက ကုန်းမြေကြီးတစ်ခုလုံးတွင် ရှိနေသော တာအိုလမ်းစဉ်ပညာရှင်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ပြီး နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်းက ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျို နှစ်ခုလုံး ပိုင်ဆိုင်သည်ဟူသော ဂုဏ်ပုဒ်ကို ဆုံးရှုံးလိုက်ရသည်။
ဟယ်ရှောင်လျန့်၏ဆရာကပင် သူမ၏ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်သွားခဲ့ပြီး ချီကျန်းကို ဟယ်ရှောင်လျန့်၏ နောက်သို့ မလိုက်ရန် အတော်လေး တားဆီးထားခဲ့ရသည်။ ဟယ်ရှောင်လျန့်၏ ဆရာက သူမအပေါ် အလွန် မျှော်လင့်ထားပြီး သမီးတစ်ယောက်ကဲ့သို့ ပြုစုပျိုးထောင်ခဲ့ကြောင်း လူတိုင်းက သိနေခဲ့သည်။ ထိုအရာက နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်းထဲတွင် ရှိနေသော လူတိုင်း သတိထားမိသည့် အရာတစ်ခုလည်း ဖြစ်၏။ ထိုအတွက်ကြောင့်လည်း သူမ၏ လုပ်ရပ်ကြောင့် ဆရာဖြစ်သူက အလွန် ဝမ်းနည်းခဲ့ရခြင်း ဖြစ်သည်။
သို့သော် တစ်ချိန်တည်းတွင် ထင်မြင်ချက်တချို့လည်း ရှိလာခဲ့၏။ ဟယ်ရှောင်လျန့်က ကုန်းမြေကြီးတစ်ခုလုံးတွင် ကံအကောင်းဆုံး ကျင့်ကြံသူတစ်ယောက် မဟုတ်ပေလော။ ထိုသို့ဆိုလျှင် သူမက ဘာကြောင့် ယခုလို အခြေအနေမျိုးနှင့် အဆုံးသတ်ခဲ့ရသနည်း။ သူမက ပို၍ ကြီးမားသော အခွင့်အရေးတစ်ခုကို ရရှိသွားခြင်းပေလော။ ထိုအရာက သူမ၏ ဆရာနှင့် သူမ၏ ဂိုဏ်းကိုပင် စွန့်ပစ်နိုင်လောက်အောင် ပို၍ ကြီးကျယ်နေခြင်းပေလော။
ပြဿနာကတော့ တာအိုလမ်းစဉ် စည်းမျဉ်းများက အလွန်အမင်းကို တင်းကျပ်သည်။ ကွန်ဖြူးရှပ် လမ်းစဉ်ကျောင်းတော်များနှင့် စာသင်ခန်းများထက် နိမ့်ကျနေခြင်း မရှိပေ။ အကယ်၍ သူမက အလယ်မြေ နတ်ဘုရား ကုန်းမြေကြီးတွင် ရှိနေသော နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်း၏ အထက်မှ ဂိုဏ်းသို့ သွားမည်ဆိုလျှင်ပင် သူမကိုယ်တိုင် ဖန်တီးခဲ့သော ဆိုးရွားလှသည့် ဂုဏ်သတင်းနှင့် သူမ၏ဆရာဦးလေးဖြစ်သူ၏ အနားတွင် အမှန်တကယ် နေထိုင်နိုင်မည်လော။