← Chapters

အခန်း (၂၄၁)

Vol. 17 Ch. 241

အခန်း (၂၄၁)

Vol. 17 Ch. 241

Translated by Hein Htet.

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၂၄၁) {စာစဉ် ၁၇ - အပိုင်း(၆)}

လူတိုင်းက ကျန့်ယန်တောင်နှင့် လေမိုးကြိုးဥယျာဉ်တို့၏ တိုက်ပွဲကြောင့် အာရုံလွဲနေသည်မှာ ကျေးဇူးတင်စရာ ကောင်းလှသည်။ ကြည့်ရသည်မှာ အလွန်အစွမ်းထက်သော ဂိုဏ်းနှစ်ခု၏ သဲထိတ်ရင်ဖို တိုက်ပွဲကသာ အလွန်ရှုပ်ထွေးသော အချစ်ဇာတ်လမ်းတစ်ပုဒ်ထက် ပို၍ ဆွဲဆောင်မှုရှိပုံရသည်။

ဟယ်ရှောင်လျန့်က မီးသစ်ကြားသီးတစ်လုံး စားပြီးသည့်အချိန်အထိ ချန်ပင်းအန်းက ကြည့်နေခဲ့သည်။ သို့သော် သူမကတော့ စကားပြောမည့် ရည်ရွယ်ချက် ရှိပုံမရသေးပေ။ ထို့ကြောင့် သူက အသံတိုးတိုးနှင့် မေးလိုက်ရ၏။

"အင်မော်တယ်ဟယ်..

ကျွန်တော်နဲ့ ဘာကိစ္စများ ပြောစရာရှိလို့လဲ…"

နောက်ဆုံး ထိုစကားကို ကြားသည့်အခါ ဟယ်ရှောင်လျန့်က သူမ၏အတွေးများကို စုစည်းလိုက်ရသည်။ သို့သော် သူမက စကားတစ်ခွန်းမျှ မပြောသေးပေ။ ထိုအစား သူမက ချန်ပင်းအန်းကို သေချာစိုက်ကြည့်နေခဲ့၏။

လီကျူးသုခဘုံထဲရှိ စိမ်းပြာကမ်းပါးပေါ်၌ သူတို့ ပထမဆုံး တွေ့ခဲ့ရသည့်အချိန်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူက အနည်းငယ် ပို၍ အရပ်ရှည်လာပြီး အသားအရေက အနည်းငယ် ပို၍သင့်တင့်လာသည်။ သူ့မျက်လုံးထဲတွင် မီးပွားလေးတစ်ခု ရှိနေသလို ထင်မှတ်ရ၏။

သူမ ထွက်မလာခင် တာအိုလမ်းစဉ် ဂိုဏ်းခွဲသခင်များထဲမှ တစ်ဦးဖြစ်သော လုချန်းက ဟယ်ရှောင်လျန့်ကို စကားတစ်ခွန်း တည့်တည့်ပြောဆိုခဲ့သည်။ ဟယ်ရှောင်လျန့်က ချန်ပင်းအန်းကို ပြောခဲ့သည့်အရာများအပြင် ထုတ်ဖော်ပြောပြ၍မရသော လျှို့ဝှက်ချက်များစွာလည်း ရှိနေသေးသည်။

ဥပမာအနေနှင့် ပြောရလျှင် ထိုအချိန်၌ လုချန်းက ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော ချန်ပင်းအန်း၏ အိမ်နီးချင်းအိမ်ထဲတွင် ရှိနေခဲ့သည်။ သူက မီးဖိုရှေ့တွင် ရှိနေသော ခုံပုလေးတစ်လုံးပေါ်တွင် ထိုင်ပြီး လက်ထဲတွင်တော့ မီးပြောင်းတစ်ခုကို ကိုင်ထား၏။ သူက ဧည့်သည်တစ်ယောက် ဖြစ်သော်လည်း မဖြစ်မနေ ဟင်းချက်နေခဲ့ရသည်။

ထိုအချိန်တွင် ကျစ်ကွေးကတော့ ခြံဝင်းထဲတွင် နေပူစာလှုံနေပြီး မီးဖိုချောင်ထဲတွင် ရှိနေသော လုချန်းကို မြန်မြန်ချက်ပြုတ်ရန် တိုက်တွန်းနေခဲ့သည်။

ထိုအချိန်တွင် ဟယ်ရှောင်လျန့်က လုချန်း၏အနားတွင် ထိုင်နေသည်။ သူ၏ အစစ်အမှန် အဆင့်အတန်းကို သိရှိသွားခဲ့သည်ကိုပင် သူမကတော့ တည်ငြိမ်အေးချမ်းနေသေး၏။ သူမ၏ ပုံစံက အတော်လေးကို အံ့ဩစရာ ကောင်းလှသည်။

ထိုအချိန်၌ လုချန်း၏ မျက်နှာပေါ်တွင် မီးခိုးများ ပေနေသော်လည်း သူက စိတ်ပျက်လက်ပျက် ဖြစ်နေသည့် အသံနှင့် ပြောခဲ့သည်။

"ချီကျင့်ချွန်က အောင်သွယ်တော်တစ်ယောက် လုပ်ဖို့ ဆန္ဒရှိနေပြီး ငါ့ကို ပဋိပက္ခကြီးတွေ ကြားထဲမှာ ချန်ထားခဲ့တယ်။ အခု ငါက ဒီအခွင့်အရေးကို ပြန်ပေးရမယ့် အချိန်ရောက်ပြီ။ ငါက အောင်သွယ်လုပ်ပေးဖို့ အချိန်ကျပြီ။ ဘယ်သူက အပေါ်ကို ရောက်မလဲ ကြည့်ကြသေးတာပေါ့…"

ထိုစကားကို ပြောနေသည့်အချိန်တွင် သူ့မျက်နှာပေါ်၌ မချိုမချဉ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သို့သော် ဟယ်ရှောင်လျန့်ကတော့ လုံးဝကို လှုပ်ရှားသွားခြင်းမရှိဘဲ စိတ်ပိုင်းဆိုင်ရာအရရော၊ ပြင်ပသွင်ပြင်ကပါ ပြောင်းလဲမှု မရှိသည့်အတွက် လုချန်းက ပို၍စိတ်ပျက်သွားခဲ့ရသည်။

သူမ၏ အကျင့်စရိုက်က သူ၏ ဆရာတူအစ်ကို (၁) နှင့် အတော်လေးကို တူညီနေသည်။ အကယ်၍ သူမကသာ သူ၏ဆရာတူအစ်ကို (၂) ကဲ့သို့ ဖြစ်နေမည်ဆိုလျှင် ပို၍စိတ်ဝင်စားစရာ ကောင်းမည် ဖြစ်၏။ သို့သော် တစ်ချိန်တည်းတွင် ထိုအရာကြောင့် သူမက အတော်လေး ရင်ဆိုင်ရခက်ပြီး နာကျင်စရာ ကောင်းလှသည်။

နောက်ထပ် ဥပမာတစ်ခုကတော့ တရုတ်ဇီးသီးပွင့် လမ်းကြားထဲမှ ထွက်လာသော လူငယ်လေးတစ်ယောက် ဖြစ်သည့် မာခူရွှမ် ဖြစ်သည်။ လုချန်းက သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် စောင့်ဆိုင်းနေသည့်အချိန်တွင် ဟယ်ရှောင်လျန့်ကို တည့်တည့်သာ ပြောခဲ့၏။

ချန်ပင်းအန်း သူတို့နှစ်ယောက်ကို ပေးခဲ့သော မြွေကျောက်တုံးလေးများက မြစ်တစ်ခု၏ ကမ်းပါးများကဲ့သို့ ဖြစ်နေပြီး ဆေးအညွှန်းစာရွက်ထဲတွင် ပါဝင်နေသော စာသားများကတော့ တံတားတစ်စင်းကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် လုချန်းဟူသော စကားလုံး ရိုက်နှိပ်ထားသည့် တံဆိပ် ဖြစ်၏။

ထိုအရာက လုချန်း အချိန်ကြာမြင့်စွာ စီစဉ်ထားခဲ့ရသောအရာတစ်ခုဖြစ်ပြီး နောက်ကွယ်တွင် မကောင်းသည့် ရည်ရွယ်ချက်များတော့ မရှိချေ။ တစ်ဖက်တွင်တော့ လုချန်းက မြို့ငယ်လေးထဲမှ ထွက်ခွာလာပြီးနောက် ချန်ပင်းအန်းကို ကူညီပေးခဲ့ခြင်း ဖြစ်သည်။

အတိတ်တွင်တော့ သူ၏အသက်ကြွေထည် ပျက်စီးသွားခဲ့ရသည့် အချက်ကြောင့် သူက အခွင့်အရေးများကို တစ်ခုပြီးတစ်ခု လွဲချော်ခဲ့ရပြီး သူ၏ကြံ့ခိုင်သန်စွမ်းမှုနှင့် အရေးပါသော ကျားစေ့လေးတစ်စေ့ ဖြစ်နေသည့် အဆင့်အတန်းကြောင့်သာ အသက်ရှင် နေနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ဘဝအစောပိုင်းတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများကို ခံနိုင်ရည်ရှိခဲ့ပြီးနောက် သူက ကောင်းကင်တာအိုဆီမှ ပြန်လည်ပေးဆပ်မှုအချို့ကို လက်ခံရရှိခဲ့သည်။ ထိုအရာကလည်း သူ့ကံကြမ္မာ အပြောင်းအလဲ၏ နောက်ကွယ်တွင် ရှိနေသော အဓိကအချက်များထဲမှ တစ်ခုဖြစ်သည်။

နောက်ကွယ်တွင် ရှိနေသော အဓိကအကြောင်းပြချက်ကတော့ တခြားလူမဟုတ်ဘဲ လုချန်း ဖြစ်သည်။ ချီကျင့်ချွန်းက ထိုအရာကို သိနေခဲ့၏။ သို့သော် သူကတော့ ပုံမှန်အတိုင်း သွားရန်သာ ဆန္ဒရှိနေခဲ့သည်။

ချန်ပင်းအန်း၏ ကံကြမ္မာက တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်ကြောင်း သူက ယုံကြည်ချက် ရှိနေခဲ့၏။ ချန်ပင်းအန်းက ရပ်တည်နိုင်မည့် ကလေးတစ်ယောက် ဖြစ်သည်ဟု သူက မြင်နေခဲ့သည်။ ထို့ကြောင့် ချန်ပင်းအန်းက တဖြည်းဖြည်း တိုးတက်ကြီးပြင်းလာမှာကို သူက ဝမ်းမြောက်ဝမ်းသာ မြင်ချင်နေခဲ့သည်။ ချန်ပင်းအန်း ကိုယ်တိုင်ကလည်း ထိုအရာများ အားလုံးကို အကောင်းဆုံး လုပ်ဆောင်နေခဲ့၏။

တံတား တည်ဆောက်ပြီးသွားခဲ့ပြီးနောက် ချန်ပင်းအန်းနှင့် ဟယ်ရှောင်လျန့်တို့၏ ကြားထဲတွင် အလွန်ထူးခြားသော ဆက်သွယ်မှုတစ်ခု ရှိလာခဲ့သည်။ သူတို့၏ ကံကောင်းမှု၊ ကံဆိုးမှုများကလည်း အချင်းချင်း ပေါင်းစပ် ဆက်နွယ်လာခဲ့ကြ၏။ ထို့ကြောင့် ဟယ်ရှောင်လျန့်၏ကံကောင်းမှု တစ်ဝက်ကို ချန်ပင်းအန်းဆီသို့ ခွဲပေးလိုက်သည်ဟု ပြောမည်ဆိုလျှင်လည်း မှားယွင်းနေခြင်းတော့ မဟုတ်ချေ။

သာမန်လူတစ်ယောက်က အလွန်ကြီးမားသော ကံကောင်းမှုကြီးတစ်ခုကို ကြုံတွေ့ရမည်ဆိုလျှင် သေဆုံးသွားနိုင်ခြေ များသည်။ အကယ်၍ သူတို့လျှောက်လှမ်းနေသော လမ်းကြောင်းက စာရွက်တစ်ရွက်ကဲ့သို့ ပါးလွှာနေမည်ဆိုလျှင် မိုးရေစက်တစ်စက်ကပင် ထိုအရာကို ထိုးဖောက်သွားနိုင်သည့်အတွက် မိုးသည်းထန်စွာ ရွာသွန်းမှုကတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။

အကယ်၍ လူတစ်ယောက်ကသာ ဖုလုလမ်းကြားတွင် ရှိနေသော အပြာရောင် ကျောက်ပြားလမ်းကဲ့သို့ တောင့်တင်းခိုင်မာသည့် လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေရမည်ဆိုလျှင် ၊ အကယ်၍ သူတို့ကသာ အလွန်လောဘကြီးပြီး သူတို့ဆီသို့ ရောက်လာသော ကံကောင်းမှုတိုင်းကို အလွန်အကျွံ ရယူရန် ကြိုးစားနေမည်ဆိုလျှင် သူတို့က မလွဲမသွေ ကျရှုံးလာနိုင်သည်။

အကယ်၍ လူတစ်ယောက်ကသာ စဉ်းစားဆင်ခြင်မှု မရှိဘဲ လောဘလွှမ်းမိုးသွားမည်ဆိုလျှင် အလွန်ကြီးမားသော ကံကောင်းမှုကြီးဟူသည်မှာ အကြွင်းမဲ့ ပျက်စီးခြင်းကိုသာ ဦးတည်သွားစေနိုင်၏။

လုချန်းက ချန်ပင်းအန်းအပေါ် မကောင်းသည့် ရည်ရွယ်ချက်မျိုး မရှိချေ။ သို့သော် တစ်ချိန်တည်းတွင် ချန်ပင်းအန်းက အလွန်ကြီးမားသော ကံကောင်းမှုကြီးကြောင့် ပျက်စီးသွားခြင်း ရှိမရှိကိုလည်း လုံးဝ ဂရုမစိုက်ပေ။ ကြည့်ရသည်မှာ ချီကျင့်ချွန်းက လူမှားပြီး ရွေးချယ်ခဲ့ပုံရ၏။

ဂိုဏ်းခွဲသခင် ပြောပြခဲ့သော ထိုလျှို့ဝှက်ချက်များကို ကြားလိုက်ရသည့် တခဏတွင် အလွန်တည်ငြိမ်အေးချမ်းခဲ့သော ဟယ်ရှောင်လျန့်၏ စိတ်အခြေအနေက စတင်ယိမ်းယိုင်လာခဲ့၏။ ထိုအရာက မှန်ပေါ်တွင် အက်ကြောင်းလေးများ ပေါ်လာသကဲ့သို့ ဖြစ်နေသည်။

သူမက ဘဝတစ်လျှောက်လုံး အလွန်ကြီးမားသော ကံကောင်းမှုကြီးများနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူမက ချောက်ကမ်းပါးတစ်ခု၏ အစွန်ကို ရောက်နေသလို ဖြစ်နေခဲ့၏။ သူမ၏ နောက်ထပ် ခြေလှမ်းက မဟာတာအိုလမ်းစဉ်ကို လျှောက်လှမ်းရမည့် အခက်အခဲကို ဆန့်ကျင်ပြီး တက်လှမ်းနိုင်ခြင်း ရှိမရှိ ဆုံးဖြတ်ရမည် ဖြစ်သည်။ မဟုတ်လျှင် သူမက ချောက်ကမ်းပါးပေါ်မှ ပြုတ်ကျသွားနိုင်ပြီး အောက်တွင် ရှိနေသော ကျောက်တုံးများကြားထဲတွင် သေဆုံးသွားနိုင်သည်။

ထို့ပြင် အကယ်၍ သူမက မှန်ကန်သော ရွေးချယ်မှု လုပ်ဆောင်နိုင်မည်ဆိုလျှင်ပင် သူမ၏ကျင့်ကြံမှုအရှိန်ကတော့ မူလတုန်းကကဲ့သို့ လျင်မြန်နေလိမ့်မည် မဟုတ်ချေ။ လက်ရှိအချိန်တွင် အရာအားလုံးက သူမ၏လမ်းကြောင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်၏။ ထိုအရာက သူမ၏ဘဝတွင် အဆိုးရွားဆုံး အခိုက်အတန့်တစ်ခုလည်း ဖြစ်သည်။

အထူးသဖြင့် သူမ၏ကံကြမ္မာက သူမ၏လက်ထဲမှ လုံးဝကို လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပြီး သူမက ကျားစေ့လေးတစ်စေ့အဖြစ် ပြောင်းလဲသွားရသော ခံစားချက်က အတော်လေးကို ဆိုးရွားလာသည်။ သူမက အစွမ်းထက်သော လူအချို့ ထိန်းချုပ်နေသည့် ရုပ်သေးတစ်ရုပ် ဖြစ်လာရန် လေ့ကျင့်နေခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ ထိန်းချုပ်နေသည့်သူက အထက်ကောင်းကင်ကမ္ဘာ၏ ဂိုဏ်းခွဲသခင် လုချန်း ဖြစ်နေလျှင်ပင် သူမက ထိုအတွက် လေ့ကျင့်နေခြင်း မဟုတ်ချေ။

မူလတုန်းက ဥပမာနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင်တော့ ထိုအရာက ဟယ်ရှောင်လျန့်ကို ပို၍ပင် ပျောက်ဆုံးပြီး စိတ်ဓာတ်ကျသွားသလို ခံစားရစေနိုင်သည်။ သူမက အသက် (၁၄) နှစ်အရွယ်တွင် သူမ၏အတိတ်ကို အောင်အောင်မြင်မြင် ဖြတ်တောက်နိုင်ခဲ့သည့် အချိန်ကတည်းက စတင်ပြီး သူမကို ကြည့်နေသည့် ဆရာဖြစ်သူ၏ မျက်လုံးများက တစ်စုံတစ်ခု ပြောင်းလဲလာကြောင်း ဟယ်ရှောင်လျန့်က သတိထားမိခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ သူ့မျက်လုံးထဲတွင် အငယ်တစ်ယောက်ကို စေတနာထားနေသည့် အကြီးအကဲတစ်ယောက်နှင့် မတူတော့ဘဲ အတော်လေး မသက်မသာ ခံစားလာရကြောင်း စတင်နားလည်လာခဲ့၏။ ထိုအစား ထိုမျက်လုံးများက မိန်းကလေးတစ်ယောက်ကို သဘောကျနေသော ယောကျ်ားတစ်ယောက်၏ တဏှာရမ္မက်များ ပြည့်နှက်နေခဲ့သည်။

ထိုအချိန်တွင် ချီကျန်းကတော့ တံခါးပိတ်လေ့ကျင့်သည့် အခြေအနေသာ ရှိနေသေး၏။ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းထဲတွင် ရှိနေသော လူတိုင်းကလည်း အလွန်စိုးရိမ်နေခဲ့ကြသည်။ သူမက လီကျူးသုခဘုံသို့ မသွားခင် သူမ၏ဆရာက သူ၏ ရည်ရွယ်ချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောပြခဲ့သည်။ သူမက သူ့ကို တာအိုလက်တွဲဖော်တစ်ယောက် ဖြစ်လာစေချင်ကြောင်း ပြောခဲ့သည်။

သူက သူမအတွက်နှင့် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ ထွက်သွားရန် ဆန္ဒရှိကြောင်းပင် ကြေညာခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့က လွတ်လပ်ပေါ့ပါးပြီး အနှောင်အဖွဲ့ကင်းသော အချစ်ငှက်လေးများ ဖြစ်လာနိုင်၏။ သူတို့က တခြားသူများ၏ ထင်မြင်ချက်များကို ဂရုစိုက်စရာ မလိုတော့ပေ။

အကယ်၍ ဟယ်ရှောင်လျန့်က ထိုကဲ့သို့ ဘဝမျိုးကို မနေချင်လျှင် သူက တာအိုလက်တွဲဖော်အဖြစ် တိတ်တဆိတ် နေပေးနိုင်ပြီး သူတို့က အပေါ်ယံတွင် ဆရာတပည့်အဖြစ် ဆက်လက်ဟန်ဆောင်၍ ရနိုင်သည်။

သူ ပိုင်ဆိုင်ထားသော မပြည့်စုံသည့် နှစ်မွှာကျင့်စဉ်က သူတို့နှစ်ယောက်လုံးကို အထက်ဘုံ(၅)ဆင့်သို့ ရောက်ရှိရန် ကူညီပေးနိုင်သည်ဟုလည်း ကတိပေးခဲ့သေးသည်။ ဟယ်ရှောင်လျန့်ကတော့ ထိုအရာကို လက်မခံခဲ့ပေ။ အကယ်၍ သူမ၏ဆရာက သူမကို အောင်မြင်မြင် သိမ်းသွင်းနိုင်သည်ဟူသော ယုံကြည်ချက် မရှိခြင်းကြောင့်သာ မဟုတ်လျှင် သူက သူမကို အတင်းအကျပ် သိမ်းပိုက်ပြီးလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်လည်း သူမက လီကျူးသုခဘုံသို့ ခရီးရှည်ကြီးတစ်ခု သွားလာခဲ့ခြင်း ဖြစ်သည်။

ဟယ်ရှောင်လျန့်ကတော့ သူမကိုယ်တိုင်၏ အစွမ်းကို သုံးပြီး တောင်ထိပ်ပေါ်မှ မြင်ကွင်းအချို့ကို သွားရောက်ကြည့်ရှုချင်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် သူမက နှစ်မွှာကျင့်ကြံမှုနှင့် ပတ်သက်သော မကောင်းသည့် ထင်မြင်ချက်များကို အမှန်တကယ် ဂရုမစိုက်သလို ဆရာနှင့် တပည့်ကြားရှိ ဆိုးရွားသော ပတ်သက်မှုများ အကြောင်းကိုလည်း ဂရုမစိုက်ပေ။ သူမ၏မျက်လုံးထဲတွင် ရှိနေသော အရာကတော့ မဟာတာအိုလမ်းစဉ်သာ ဖြစ်သည်။

မဟာတာအိုလမ်းစဉ်၏ ထိပ်တန်းနှစ်မွှာကျင့်စဉ် ၊ လျှို့ဝှက်ကျင့်စဉ်များက သာမန်လူများ နားလည်နိုင်သည့် တဏှာရမ္မက်များ ပြည့်နှက်နေသည့် အရာမျိုး မဟုတ်ချေ။ နှစ်မွှာကျင့်စဉ် ဟူသည်မှာ မှားယွင်းသော လမ်းစဉ်တစ်ခုဟု သတ်မှတ်နိုင်သည်။ ထိုအရာက မကောင်းသော အမျိုးအစားတစ်ခု ဖြစ်ပြီး ကျင့်ကြံသူများအတွက်တော့ ထိုကဲ့သို့သော ကျင့်ကြံမှုများက အထက်ဘုံ(၅)ဆင့်ကို တိုက်ရိုက်တက်လှမ်းသွားအောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိချေ။ ထို့သို့ဆိုရာတွင် အကျိုးသက်ရောက်မှုကတော့ အတော်လေး များနေသေးသည်။

သူမ တာ့လီအင်ပါယာမှ ပြန်ရောက်လာသည့်အချိန်တွင်တော့ သူမ၏ဆရာက စိတ်ထားကောင်းသော အကြီးအကဲတစ်ယောက်အဖြစ် ဟန်ဆောင်မှုများ ကွာကျသွားခဲ့သည်။ သူက သူမကို သိမ်းပိုက်ရန်အတွက် ခြိမ်းခြောက်မှု၊ သွေးဆောင်ဖြားယောင်းမှု၊ အန္တရာယ်ပေးမှု စသည့်နည်းလမ်းမျိုးစုံကို စတင်အသုံးပြုလာခဲ့၏။

ဟယ်ရှောင်လျန့်က ကြုံလာရသည့် အရာအားလုံးကို ရင်ဆိုင်နိုင်ခဲ့ပြီး သူမကို သိမ်းပိုက်လိုသော ဆရာဖြစ်သူ၏ ကြိုးစားမှုများ အားလုံးကို တည်ငြိမ်စွာ ဖြေရှင်းနိုင်ခဲ့သည်။ သို့သော် စိတ်ထဲတွင်တော့ သူမက သူ့အတွက် အနည်းငယ် ဝမ်းနည်းနေမိခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ ရွေးချယ်ခဲ့သော မဟာတာအိုလမ်းစဉ်က အလွန်ကျဉ်းမြောင်းပြီး သေးငယ်နေခြင်းကြောင့် ဖြစ်သည်။

သူမက ထိုကျဉ်းမြောင်းသော လမ်းမပေါ်တွင် သူနှင့်အတူ လျှောက်လှမ်းလိုခြင်း မရှိချေ။ ထိုအရာက သူမကို ကျေနပ်စေနိုင်သည့် မြင်ကွင်းတစ်ခု ဖြစ်လာရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ထို့နောက် ဖုန်းရွှယ်ကျောင်းဆောင်မှ ဓားအင်မော်တယ် ဝေ့ကျင်းက တောင်ပိုင်းစမ်းချောင်း တိုင်းပြည်သို့ ရောက်လာခဲ့သည်။ ထိုအရာက သူမ ခေါ်လိုက်သည့် မဟာမိတ်တစ်ယောက် ဖြစ်မည်ဟု ဟယ်ရှောင်လျန့်၏ ဆရာဖြစ်သူက မှားယွင်းယူဆခဲ့မိသည်။ ရလဒ်အနေနှင့် သူက ပို၍ပင် ထိန်းချုပ်သွားခဲ့၏။

သို့သော် သူ ဝမ်းသာပျော်ရွှင်သွားခဲ့ရသည်မှာ ဟယ်ရှောင်လျန့်က ဝေ့ကျင်းကိုလည်း ငြင်းပယ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက မြည်းနောက်ကျောပေါ်တွင် ထိုင်ပြီး အသည်းကွဲပြီး အရက်မူးနေသည့် ပုံစံနှင့် ထွက်ခွာသွားခဲ့ရ၏။

သူကတော့ သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်သည်ဟု ခံစားခဲ့ရသည်။ သို့သော် သူ့လမ်းကြောင်းတွင် ပို၍ကြီးမားသော အတားအဆီးများ ရှိနေလိမ့်မည်ဟု သူလည်း မသိခဲ့ချေ။

သူနှင့် ဝါစဉ်အရ တူညီနေသော လူငယ်တာအိုသခင်လေးက ဟယ်ရှောင်လျန့်ကို ကာကွယ်ပေးနေခဲ့သည်။ သူက မြင့်မားသော ကျင့်ကြံမှုအဆင့် မရှိသည်ကိုပင် ကာကွယ်ပေးရန် သတ္တိ ရှိနေခဲ့သေး၏။ သူက ဟယ်ရှောင်လျန့်၏ ဆရာဖြစ်သူနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီး တစ်ဖက်လူကို အခက်တွေ့အောင် လုပ်ခဲ့သည့်အတွက် အခြေအနေက အတော်လေးကို ခက်ခဲသွားခဲ့ရ၏။ သူက နောက်ဆုတ်ရမည်လော၊ သို့မဟုတ် ရှေ့ဆက်တိုးရမည်လော ဝေခွဲမရ ဖြစ်လာခဲ့သည်။

သို့သော် နောက်တစ်ကြိမ် ကောင်းကင်ဘုံက သူ့အတွက် စဉ်းစားပေးလိုက်ပုံရ၏။ ထိုလူငယ်တာအိုသခင်က အလယ်မြေနတ်ဘုရား ကုန်းမြေကြီးသို့ သွားရမည် ဖြစ်သည်။ ထိုမျှ အလျင်စလို သွားရပြီးနောက် သူက ထွက်မသွားခင် ဟယ်ရှောင်လျန့်နှင့် သီးသန့် စကားပြောဆိုခဲ့သည်။

အပြင်လူများ အားလုံးက ထိုကိစ္စကို စိတ်ဝင်စားနေပြီး သူမက ဆရာဦးလေးဖြစ်သူ၏ နောက်ကို လိုက်ရန် နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ ထွက်သွားသည်ဟု အများစုက တွေးနေကြသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူမက နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ လုံးဝ ထွက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထိုသို့ဆိုလျှင် သူမ၏ဆရာအတွက် နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်သလို ဖြစ်နေ၏။

သို့သော် ဂိုဏ်းချုပ် ချီကျန်းကတော့ သူမ၏လုပ်ရပ်များနှင့် ပတ်သက်ပြီး သည်းခံနိုင်ခဲ့သည်။ သူက ဟယ်ရှောင်လျန့်ကို ဂိုဏ်း၏သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့ခြင်း မရှိပေ။ နတ်ဘုရားအမိန့်ပြန်တမ်းဂိုဏ်းမှ အကြီးအကဲများ အားလုံးက သူမ၏လုပ်ရပ်ကြောင့် ဒေါသထွက်နေကြ၏။ သူတို့၏ ဂိုဏ်းက နှလုံးသားကင်းမဲ့သော သစ္စာဖောက်တစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့သလို ခံစားနေရသော်လည်း ဂိုဏ်းချုပ်၏ အမိန့်ကို မလွန်ဆန်နိုင်ကြပေ။ ထို့ကြောင့် သူတို့က လက်လျှော့လိုက်ကြရ၏။

ဟယ်ရှောင်လျန့်၏ ဆရာဖြစ်သူကသာ ဆက်လက်စုံစမ်းနေခဲ့သော်လည်း သူက ထိုအရာကို လုပ်ဆောင်ရန် သတ္တိ မရှိခဲ့ပေ။ ထိုအချိန်တွင် ဟယ်ရှောင်လျန့်က လုချန်းနှင့်အတူ တာ့လီအင်ပါယာသို့ ခရီးသွားနေပြီ ဖြစ်သည်။ သူမ၏ ဆရာဖြစ်သူက သူမကို ဖြောင်းဖြရန် ဆက်လက်လိုက်လာနေကြောင်း သူမက ကြားခဲ့ရ၏။

သို့သော် ချီကျန်းက သူမ၏ဆရာဖြစ်သူကို အတင်းအကျပ် တားဆီးခဲ့ကြောင်းလည်း သူမက သိနေခဲ့၏။ သူတို့က တိုက်ပွဲပင် ဖြစ်ခဲ့ပြီး သူမ၏ ဆရာဖြစ်သူက အိမ်သို့ ပြန်သွားခဲ့ရသည်။ သူ၏မဟာတာအိုလမ်းစဉ်က နောက်ဆုံး ခြေထောက်ပေါ်တွင် ရပ်နေသလို ဖြစ်နေပြီး သူမ မရှိလျှင် လုံးဝ ပြိုလဲသွားရပါလိမ့်မည်။

အလွန်ခေါင်းမာသော သူ့အကျင့်စရိုက်အရ သူက တိုက်ခိုက်မှုမရှိဘဲ လက်လျှော့ရန် လုံးဝ မဖြစ်နိုင်ပေ။ သို့သော် သူမ၏နောက်ကွယ်တွင် ရပ်နေသူက လုချန်း ဖြစ်နေပြီး ချီကျန်းကဲ့သို့ ပညာရှင်တစ်ယောက်ကိုပင် အစေခံကဲ့သို့ အမိန့်ပေးနိုင်သော လူတစ်ယောက် ဖြစ်နေသည့်အတွက် သူ လုပ်ဆောင်ခဲ့သည့် အရာအားလုံးက အကျိုးမဲ့ ဖြစ်သွားရပါလိမ့်မည်။

ဟယ်ရှောင်လျန့်၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ပေါ်လာခဲ့၏။ သူမက တိတ်ဆိတ်နေပြီး ချန်ပင်းအန်း၏ မေးခွန်းကို ပြန်ဖြေရန် တွန့်ဆုတ်နေမိခဲ့သည်။ ထို့ကြောင့် သူလည်း သူမကို တိတ်တဆိတ်သာ စောင့်နေခဲ့ရ၏။

ရုတ်တရက်ဆိုသလို ဟယ်ရှောင်လျန့်၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး သူမက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ သူမ၏ရင်ထဲတွင် ရှိနေသော အဖုအထစ်တစ်ခု ပြေလျော့သွားသလို ဖြစ်နေခဲ့၏။

လုချန်းက မည်မျှပင် ကောက်ကျစ်ပြီး ဉာဏ်များစေကာမူ သူလည်း စည်းမျဉ်းများအတိုင်း လုပ်ဆောင်နေရသေးသည်။

“နောက်ဆုံးတော့လည်း ငါတို့ရဲ့ကံကြမ္မာကို ကောင်းကင်ဘုံက သတ်မှတ်ပေးလိုက်တာပဲလေ..”

သို့သော် သူမ၏ မျက်လုံးထဲတွင် ရှိနေသော အလင်းရောင်များက ချက်ချင်း မှေးမှိန်သွားခဲ့ပြန်သည်။ သူမက ချန်ပင်းအန်းနှင့် ပထမဆုံး တွေ့ခဲ့ရသည့် အချိန်ကို ပြန်လည်စဉ်းစားနေမိသေး၏။ ထိုအချိန်တွင် သူတို့နှစ်ယောက်ကို ကံကြမ္မာတစ်ခုနှင့် ဆက်သွယ်လိုက်ပြီ ဖြစ်ကြောင်း သူမက သတိထားမိခဲ့သော်လည်း လျော့တိလျော့ရဲသာ ဖြစ်သည်။

ထိုအရာက သူမ လေ့လာလိုက်စားသော မဟာတာအိုလမ်းစဉ်၏ အစစ်အမှန် ရည်ရွယ်ချက် ဖြစ်သည်။ ထို့ကြောင့်လည်း ယခု သူမက ကံကြမ္မာနှင့် ပတ်သက်ပြီး အစိုးရိမ်ကြီး နေရခြင်း ဖြစ်၏။ သူတို့ကို ကောင်းကင်ဘုံက အမှန်တကယ် တွဲဖက်ပေးလိုက်ခြင်း ဟုတ်မဟုတ် စဉ်းစားနေမိပြန်သည်။ ထိုအရာက လုချန်း၏ အစီအစဉ် တစ်စိတ်တစ်ဒေသ ဖြစ်နေသေး၏။

ထိုအချိန်တွင် သူမ၏နှလုံးသားထဲမှနေ၍ ပျင်းတိပျင်းတွဲ အသံတစ်ခု ထွက်ပေါ်လာပြီး သူမ၏ သံသယများကို အတည်ပြုပေးလိုက်သည်။

"မင်း စဉ်းစားတာ မှန်တယ်။ မင်း ကိုယ်တိုင် ဒီကောက်ချက်ချနိုင်ပြီဆိုမှတော့ မင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်တဲ့ ဖြစ်စဉ်မှာ မှန်ကန်တဲ့ အဖြေကို ရောက်နေပြီလို့ ပြောလို့ရတယ်။ ဒါနဲ့ဆိုရင် မင်းရဲ့စိတ်အခြေအနေထဲမှာ ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ အက်ကြောင်းတွေကလည်း လုံးဝကို ပြင်ဆင်ပြီးသွားပြီ…”

“တကယ်လို့ နောက်ပိုင်းမှာ မင်းက ထိုးနှက်ချက် ကြီးကြီးမားမား ရင်ဆိုင်ရမယ်ဆိုရင်တောင် မင်းရဲ့စိတ်ပိုင်းဆိုင်ရာကတော့ ဒီတစ်ကြိမ်လို လုံးဝ ပျက်စီးသွားတော့မှာ မဟုတ်ဘူး။ အခု မင်းက ဒီအတားအဆီးကို ဖြတ်ကျော်နိုင်သွားပြီ။ မင်းက ပြည့်စုံတဲ့ ကျူပင်ကုန်းမြေကြီးကို သွားနိုင်ပြီ…”

“ငါ မင်းကို တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ငါက ဒီစကားကို ခိုးပြီး နားထောင်နေတာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် ဒီမတိုင်ခင်ကတည်းက ငါက မင်းရဲ့ နှလုံးသားရေကန်ထဲမှာ မျိုးစေ့တစ်ခု စိုက်ပျိုးပေးခဲ့တယ်။ မင်းက မှန်ကန်တဲ့ အဖြေကို စဉ်းစားမိပြီဆိုတာနဲ့ အဲ့ဒါက ငါ့ကို ချက်ချင်း အသိပေးလိမ့်မယ်…”

“အခု အဲဒီအရာတွေကို ဘေးဖယ်ထားလိုက်ဦး။ ငါ့မှာ မင်းအတွက် နောက်ဆုံး မေးခွန်းတစ်ခု ရှိတယ်။ မင်းက ချန်းပင်အန်းကို ဘာလုပ်မှာလဲ။ အမှန်အတိုင်း ပြောရရင် ဒါက နည်းနည်းလေးတော့ ဝေဝါးနေတယ်။ ဒါက ငါ့ရဲ့ပုံစံအမှန်နဲ့လည်း မတူဘူး။ မင်း ဖြေသင့်တဲ့ မေးခွန်းကတော့ မင်းက ရင်ဘတ်ကို လက်နဲ့ဖိပြီး ဒီကောင်လေးကို ရှင်းပစ်သင့်မသင့် မင်းရဲ့မသိစိတ်ကို ပြန်မေးသင့်တာ။ မင်းတို့နှစ်ယောက်က ကံကြမ္မာနဲ့ ဆက်သွယ်ထားပြီဆိုတာ ရှင်းနေပြီ…”

“ဒါပေမဲ့ အဲဒီဆက်သွယ်မှုက မင်းအပေါ် ကောင်းမလား ဆိုးမလားဆိုတာကတော့ မင်းလည်း သေချာမသိဘူး။ မင်းက ဒီနေရာမှာ သူ့ကို သတ်လိုက်မှာလား။ ဒါဆိုရင် မင်းရဲ့ မဟာတာအိုလမ်းစဉ် အုတ်မြစ်ကို မတည်မငြိမ် ဖြစ်အောင် လုပ်နိုင်တဲ့ နှလုံးသားထဲက အနာဂတ် အဖုအထစ်တွေကို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်သွားပြီ…"

ဟယ်ရှောင်လျန့်က ချန်ပင်းအန်းကို စိုက်ကြည့်နေရင်း သူမ၏ပါးနှစ်ဖက်က နီရဲလာခဲ့သည်။ မျက်လုံးများကလည်း အနည်းငယ် အေးစက်လာ၏။

ချန်ပင်းအန်းက သူမကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရေခဲတွင်းနက်တစ်ခုထဲသို့ ကျသွားသလို ခံစားလိုက်ရ၏။ ထိုအရာကို သတိထားမိသည်နှင့် သူ၏ ဓားအားဖြည့်ဘူးသီးခြောက်ထဲတွင် ရှိနေသော ပထမ နှင့် ဆယ့်ငါး တို့က အဆင်သင့် ပြင်ထားကြသည်။

“ငါက သူ့ကို သတ်လိုက်သင့်လား...”

သူမက မည်သည့်အရာကို လုပ်စေကာမူ ထိုအရာက လုချန်း၏ အစီအစဉ် တစ်စိတ်တစ်ဒေသ ဖြစ်နေသေးသည်။ ပထမအကြိမ်တွင် ဟယ်ရှောင်လျန့်က ထိုအတားအဆီးကို ကိုယ်တိုင် ဖြတ်ကျော်ခဲ့ရသည်။ ယခုတစ်ကြိမ်တော့ သူမက ဂိုဏ်းခွဲသခင် ကိုယ်တိုင် ဖန်တီးထားသော အတားအဆီးကို ဖြတ်ကျော်ရတော့မည် ဖြစ်၏။

လုချန်းက သူမကို တွန်းအား ပေးနေသည်မှာ သူမကို သေတွင်းထဲသို့ တွန်းပို့နေခြင်းနှင့် ခြားနားမှု မရှိချေ။ သူက ဟယ်ရှောင်လျန့်အပေါ် မျှော်လင့်ချက် မြင့်မြင့်ထားပြီး သူမကို စမ်းသပ်ချင်နေခဲ့သည်။ ထို့ကြောင့် သူမက ကျရှုံး၍ မရနိုင်ပေ။

ဒုတိယတစ်ကြိမ်အဖြစ် ဟယ်ရှောင်လျန့်က ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်သည့် ဖြစ်စဉ်ကို ရောက်ရှိနေခဲ့၏။ သူမ၏မျက်လုံးထဲတွင် ရှိနေသော အေးစက်မှုများက တဖြည်းဖြည်းနှင့် ဆွဲဆောင်မှု ရှိလာပြီး သူမ၏ပါးနှစ်ဖက်ကလည်း နီရဲလာသည်။ ထိုအရာက သူမအတွက်တော့ ထူးဆန်းပြီး ပုံမှန်မဟုတ်သော အခြေအနေ တစ်ရပ်လည်း ဖြစ်သည်။ တစ်ချိန်တည်းတွင် သူမ၏ စိတ်အခြေအနေက လှိုင်းလုံးများကဲ့သို့ ပြင်းပြင်းထန်ထန် လှုပ်ရှားနေပြီး အတော်လေးကို နာကျင်နေခဲ့ရသည်။

ချန်ပင်းအန်းကတော့ တိတ်ဆိတ်နေဆဲသာ ဖြစ်၏။ သူက အလွန်ထူးဆန်းစွာ ပြုမူနေသော ဟယ်ရှောင်လျန့်ကို သေချာစိုက်ကြည့်နေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ထိုအရာက သူ့ကို ဆွဲဆောင်ရန် ဟယ်ရှောင်လျန့်၏ပုံစံ ပြောင်းလဲထားသော မြေခွေးနတ်ဆိုးတစ်ကောင် ဟုတ်မဟုတ်ပင် စတင်စဉ်းစားနေမိခဲ့သည်။

မဟုတ်လျှင် ဘာကြောင့် သူမက ယခုလို ဖြစ်နေရသနည်း။ ထို့ပြင် လက်ရှိအချိန်တွင် သူက သေခြင်းရှင်ခြင်း ကြားထဲ၌ ခက်ခဲစွာ လျှောက်လှမ်းနေရသည်ဟု သူ့မသိစိတ်က ပြောပြနေသည်။

ဟယ်ရှောင်လျန့်က စားပွဲခုံအစွန်းကို လက်နှစ်ဖက်နှင့် သတိလက်လွတ် ဆုပ်ကိုင်ထားမိပြီး သူမ၏နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။

ထိုအချိန်တွင် သူမ၏နှလုံးသားထဲမှနေ၍ သက်ပြင်းချသံတိုးတိုး ပေါ်လာခဲ့ပြီး သူမ၏ စိတ်အခြေအနေ အခက်အခဲကို ဖယ်ရှားပေးလိုက်သည်။

"ဟယ်ရှောင်လျန့်...

ငါက မင်းကို အဖြေတစ်ခု ပေးပြီးသွားပြီ။ မင်းက မင်းရဲ့မဟာတာအိုလမ်းစဉ်ကြောင့် မျက်စိကန်းသွားသလို ဖြစ်ပြီး အဲဒီအရာကို မမြင်နိုင်ခဲ့တာ။ တကယ်လို့ မင်းက ဆန္ဒရှိရင် သူ့ကို သတ်ပစ်နိုင်တယ်။ ငါ မင်းကို မတားဘူး။ မင်းက သူ့အသက်ကို ချမ်းသာပေးဖို့ ရွေးချယ်လို့လည်း ရတယ်။ ငါက မင်းကို ဆန့်ကျင်ဘက်လုပ်ဖို့ တွန်းအားပေးနေမှာ မဟုတ်ဘူး…”

“ဘယ်နည်းလမ်းနဲ့ပဲဖြစ်ဖြစ် မင်းက ဒီစမ်းသပ်မှုကို ကျော်ဖြတ်နိုင်တယ်။ ဒါပေမဲ့ မင်းက ဒီလိုပုံစံမျိုး ကိုယ့်ကိုယ်ကိုယ် ချောင်ပိတ်မိတဲ့အထိ တွန်းအားပေးနေပြီး ဆုံးဖြတ်ချက် နှစ်ခုလုံးက အဆင်ပြေတယ်လို့ မထင်ဘူး။ မင်းက အဆိုးဆုံး ဖြစ်နိုင်ခြေကိုတောင် စဉ်းစားနေမိသေးတယ်။ မင်းက ချန်ပင်းအန်းကို သတ်ပစ်လိုက်မယ်။ ပြီးမှ သူ့ကို လက်ထပ်လိုက်မယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် မင်းက မင်းတို့နှစ်ယောက်ရဲ့ကြားထဲမှာ ရှိတဲ့ ကံကြမ္မာကို ဖြတ်တောက်နိုင်မယ့်အပြင် သိစိတ်ကိုလည်း ရှင်းရှင်းလင်းလင်း ထိန်းသိမ်းနိုင်ဦးမယ်။ ဒါပေမဲ့ ဒါက တော်တော်လေးကို ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တစ်ခုပဲ…”

“ဒီလို ရူးမိုက်ပြီး မကောင်းတဲ့ လုပ်ရပ်မျိုးက မင်း လိုချင်တဲ့ အဆင့်ထိ ရောက်အောင် လုပ်ပေးနိုင်ပါ့မလား။ ဘာကြောင့် ချန်ပင်းအန်းက အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ရပေမဲ့ ဒီနေ့ထိ အသက်ရှင်နေရတာလဲဆိုတာ မင်း စဉ်းစားခဲ့ဖူးလား။ မင်းကတော့ ထူးခြားတဲ့ ပါရမီတွေ ပိုင်ဆိုင်ထားပြီး ကံကောင်းမှုကြီးတွေ ရှိနေတာတောင် မင်းရဲ့ လမ်းကြောင်းပေါ်က အလွယ်ကူဆုံး အတားအဆီးကို မကျော်လွှားနိုင်ဘူးလာ.."

ရုတ်တရက်ဆိုသလို ဟယ်ရှောင်လျန့်က ရှုံးနိမ့်သွားသည့် အမူအရာနှင့် ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့သည်။ သူမက စားပွဲခုံပေါ်သို့ မျက်နှာ မှောက်ထားခဲ့၏။ သူမ၏ မျက်နှာက အလွန်နီရဲနေပြီး သူမက မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများနှင့် ချန်ပင်းအန်းကို စိုက်ကြည့်နေခဲ့သည်။

သူမ၏ မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားချက်နှင့် မပြတ်သားသော ခံစားချက်တစ်ခု ရောယှက်နေခဲ့၏။ သို့သော် သူမ၏သတ်ဖြတ်ချင်စိတ်များ အားလုံးကတော့ ပျောက်ကွယ်သွားခဲ့သည်။

ချန်ပင်းအန်းကတော့ ထိုပြောင်းလဲမှုကို လုံးဝ နားမလည်နိုင်တော့ပေ

“ဘာတွေဖြစ်နေတာလဲ... ငါလည်း ဘာမှမလုပ်ခဲ့ပါဘူး။ ငါက ဓားအားဖြည့်ဘူးသီးခြောက်ထဲမှာ ရှိတဲ့ ဓားပျံတွေကိုတောင် မသုံးရသေးဘူး…”

ထို့ပြင် ဟယ်ရှောင်လျန့်ကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်၌ သူက ပထမနှင့် ဆယ့်ငါး တို့ကို ထုတ်ပြီး နတ်ဆိုးသိမ်းသွင်းခြင်း နှင့် မိစ္ဆာရှင်းလင်းခြင်းတို့၏ အကူအညီ ယူလိုက်မည်ဆိုလျှင်ပင် သူမကို ရင်ဆိုင်ရန် မဖြစ်နိုင်သေးပေ။ သူမကို အနိုင်ရရန်တော့ လုံးဝ မဖြစ်နိုင်ချေ။

အချိန်အနည်းငယ် ကြာပြီးမှသာ ဟယ်ရှောင်လျန့်က သတိပြန်ဝင်လာခဲ့၏။ နီရဲနေသော သူမ၏ ပါးနှစ်ဖက်ပေါ်ရှိ မျက်ရည်များက ပျောက်ကွယ်သွားပြီး သူမက ပြန်လည်တည်ငြိမ်လာခဲ့သည်။ သူမက မတ်တပ်ရပ်လိုက်ပြီး ချန်းပင်အန်းကို ပြုံးပြလိုက်၏။ နောက်ဆုံးတွင်တော့ သူမက ပထမဆုံးအကြိမ် ချန်းပင်အန်းနှင့် တွေ့ခဲ့ရသည့် ကောင်းကင်မိန်းမပျိုပုံစံ ပြန်ဖြစ်သွားခဲ့သည်။

သူမက ဆုံးဖြတ်ချက် ပြတ်သားသော အသံဖြင့် ပြောလိုက်၏။

"ချန်းပင်အန်း...

နင်သေတဲ့နေ့က နင် ငါ့ယောကျ်ား ဖြစ်လာမယ့်နေ့ပဲ…"

အဆုံးတွင်တော့ သူမက သူမ၏မူလဆုံးဖြတ်ချက် တစ်ဝက်ကို လိုက်နာရန် ဆုံးဖြတ်လိုက်၏။ သူမက ချန်းပင်အန်းကို သတ်ပစ်ရမည့်အစား သူတို့နှစ်ယောက်၏ ရေစက်နှင့် ကံကြမ္မာကိုသာ ဆက်လက်နက်ရှိုင်းလာစေရန် ရွေးချယ်ခဲ့သည်။

ဟယ်ရှောင်လျန့်၏ နှလုံးသားထဲတွင် လုချန်း၏ အသံကို နောက်တစ်ကြိမ် ကြားလိုက်ရပြန်သည်။ သူက လက်ခံသော အသံဖြင့် ကြေညာလိုက်ခြင်း ဖြစ်၏။

"ဟယ်ရှောင်လျန့်...

အခုအချိန်ကစပြီး မင်းက ငါ့ရဲ့(၆)ယောက်မြောက် လက်ရင်းတပည့် ဖြစ်သွားပြီ။ မင်းကို ပြည့်စုံ ကျူပင်ကုန်းမြေကြီးပေါ်မှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ခွင့်ပေးတယ်…"

ထိုအချိန်တွင် ချန်းပင်အန်းကတော့ လုံးဝကို မှင်တက်မိနေခဲ့သည်။ သူက မနေနိုင်တော့ဘဲ ပြန်မေးလိုက်၏။

"ဘာပြောလိုက်တာလဲ အင်မော်တယ်ဟယ်.. ကျွန်တော် နားကြားမှားတာလား။ ကျွန်တော့်ကို ပြန်ပြောလို့ ရမလား…”

‘ငါသေသွားပြီးရင် သူ့ရဲ့ ယောကျ်ားဖြစ်လာမှာလား... ဘယ်လိုစကားတွေ ပြောနေတာလဲ…’

ဟယ်ရှောင်လျန့်က ပြဿနာ ဖန်တီးလိုသော မြေခွေးနတ်ဆိုးတစ်ကောင် ရုပ်ဖျက်ထားသည်ဟု ချန်းပင်အန်းက ပို၍ပင် သံသယဝင်လာမိ၏။

ဟယ်ရှောင်လျန့်ကတော့ အနည်းငယ် စိတ်ဓာတ်ကျသွားပြီး ရှက်ရွံ့သွားခဲ့သည်။ သူမက ချန်းပင်အန်းကို မကျေနပသည့် အမူအရာနှင့် တစ်ချက်စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ ထွက်ခွာသွားခဲ့၏။

သူမ ထွက်ခွာသွားသည့်အချိန်တွင် ချန်းပင်အန်းကတော့ ထိုင်ခုံပေါ်၌ မျက်မှောင်ကြုတ်၍ ထိုင်နေမိခဲ့သည်။

All Chapters