အခန်း (၂၄၂)
Vol. 17 Ch. 242
Translated by Hein Htet.
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၄၂) {စာစဉ် ၁၇ - အပိုင်း(၇)}
လုံချွမ်တိုင်းပြည်ထဲရှိ မြို့ငယ်လေးထဲတွင် ကြာပန်းဆံထိုးတစ်ခု ဝတ်ဆင်ထားသော လူငယ်တာအိုသခင်လေးက အသုံးမပြုတော့သည့် စာသင်ကျောင်း အဟောင်းတစ်ခုထဲတွင် ရှိနေသော စာရေးစားပွဲခုံတစ်ခု၏ နောက်တွင် ထိုင်နေခဲ့သည်။ သူက နှစ်ပေါင်း ၆၀ တိတိ ချီကျင့်ချွန် ရပ်နေခဲ့သော နေရာကို စိုက်ကြည့်နေခဲ့၏။ သူက စာရေးစားပွဲ၏ မျက်နှာပြင်ပေါ်တွင် လက်ချောင်းလေးများကို သတိလက်လွတ် ရှေ့နောက် လှုပ်ရှားမိနေခဲ့သည်။
သတိပြန်ဝင်လာသည့် အချိန်တွင် လုချန်းက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လေထဲသို့ ဆုပ်ကိုင်သည့် အမူအရာမျိုး လုပ်ဆောင်လိုက်သည်။ သူက ခွန်လှေကြီးပေါ်မှ ဟယ်ရှောင်လျန့်ကို သူဘေးနားသို့ ဆွဲခေါ်လိုက်ခြင်း ဖြစ်၏။
ဟယ်ရှောင်လျန့်ကဲ့သို့ ရွှေဆေးလုံးအဆင့် ချီကျင့်ကြံသူတစ်ယောက်ကပင် ထိုမျှအလွန်ဝေးကွာသော နေရာမှ ရောက်ရှိလာရသည့် အချိန်တွင် မူးဝေသွားသလို ခံစားနေရသေးသည်။ သူမက ခဏကြာ မိန်းမောနေခဲ့ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့၏။
သူမ၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်သည်။ ထို့နောက် သူမက အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီး နောက်ကို ခြေလှမ်း ၃ လှမ်းဆုတ်၍ ဒူးထောက်လိုက်၏။ သူမက အရိုအသေပေးပြီး ပြောလိုက်သည်။
"တပည့် ဟယ်ရှောင်လျန့်က ဆရာ့ကို အရိုအသေပေးပါတယ်..."
သူမကဲ့သို့ ကုန်းမြေကြီးတစ်ခု၏ တာအိုလမ်းစဉ် ကျောက်စိမ်းမိန်းမပျိုတစ်ယောက်က တာအိုလမ်းစဉ် ဂိုဏ်းခွဲသခင်တစ်ယောက်၏ လက်ရင်းတပည့်တစ်ယောက် ဖြစ်ခွင့်ရသည်မှာ အလွန်ကြီးမားသော ကံကောင်းမှုကြီးတစ်ခု ဖြစ်သည်။
လုချန်းက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဟယ်ရှောင်လျန့်ကို မတ်တပ်ရပ်ရန် အချက်ပြပြီး ပြောလိုက်သည်။
"ငါ့တပည့်တစ်ယောက်ဆိုမှတော့ ဒီလို အသေးအဖွဲ ကိစ္စတွေကို ကြည့်နေဖို့ မလိုဘူး။ ဒါက အတွေးနဲ့ သိနိုင်တဲ့ အရာတစ်ခုပဲ။ မင်းက အခု ငါ ပြောတဲ့စကားတွေကို ယုံချင်မှလည်း ယုံလိမ့်မယ်။ ဒါပေမဲ့ မင်းက တခြား ဆရာတူ အစ်ကို အစ်မ (၅)ယောက်ကို တွေ့တဲ့အချိန်ကျရင်တော့ တဖြည်းဖြည်း နားလည်သွားလိမ့်မယ်။ မဟာတာအိုလမ်းစဉ်ရဲ့ အပြင်ဘက်မှာ အရာအားလုံးကတော့ အပေါ်ယံပါပဲ.."
လုချန်းက လူသားကမ္ဘာကြီးထဲတွင် မွေးဖွားလာခဲ့သော်လည်း အထက်ကောင်းကင်ကမ္ဘာကြီးထဲတွင် ကြီးပြင်းလာခဲ့ရခြင်း ဖြစ်သည်။ သူက ကွန်ဖြူးရှပ်လမ်းစဉ် စည်းမျဉ်းများ၊ ဓလေ့ထုံးစံများကို စိတ်ဝင်စားမှု မရှိသလို တာအိုလမ်းစဉ် စည်းမျဉ်းများကိုလည်း ဂရုမစိုက်ခဲ့ပေ။
အထက်ကမ္ဘာသို့ မတက်လှမ်းရသေးခင် အချိန်တွင်ပင် သူကတော့ လူမှုရေးရာ ပညတ်ချက်များအပေါ် အနည်းငယ်သာ လိုက်နာဆောင်ရွက်သည်။ ထို့ကြောင့်လည်း သူက အပူအပင်ကင်းမဲ့သော ဘဝမျိုးနှင့် နေထိုင်ခဲ့ပြီး သူ၏စာပေပညာကလည်း လွတ်လပ်ပေါ့ပါးသော သဘာဝဆန်မှုနှင့် နာမည်ကျော်ကြားသည်။
အမှားသေးသေးလေးကိုပင် အသေးစိတ် ပြင်ဆင်တတ်သော သူ၏ ဆရာတူ အစ်ကို (၁)၊ အရာအားလုံးကို အလွန်ဂရုစိုက်ပြီး စနစ်တကျ ဆောင်ရွက်တတ်သော သူ၏ ဆရာတူ အစ်ကို (၂) တို့နှင့် နှိုင်းယှဉ်လိုက်မည် ဆိုလျှင် သူတို့၏ ဆရာနှင့် ရင်ဆိုင်ရသည့်အချိန်၌ပင် လုချန်းက စည်းမျဉ်းများကို လုံးဝလိုက်မနာခဲ့ပေ။
ထိုကိစ္စကြောင့် သူ၏ဆရာတူ အစ်ကို (၁) နှင့် အစ်ကို (၂) တို့က သူ့ကို ဆူပူကြိမ်းမောင်းပြီး ရိုက်နှက်ခဲ့သည်။ သို့သော် သူကတော့ အစစ်အမှန်ပုံစံအတိုင်းသာ နေထိုင်ခဲ့၏။ သို့သော် သူ့ဆရာကတော့ သူ၏သဘာဝကြောင့် အပြစ်တင်ခဲ့ခြင်း မရှိပေ။
ဟယ်ရှောင်လျန့်က အတော်လေးကို တင်းကျပ်ပြီး ကြောက်လန့်နေကြောင်း ခံစားနေရသည်ဟု လုချန်းက မြင်နေရသည်။ သူက အပြုံးနှင့် မေးလိုက်၏။
"မင်းက ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။ မင်းက ဖြစ်ခဲ့တဲ့ အရာတွေကို ကြောက်လန့်နေသေးတာလား။ ငါက မင်းရဲ့ ပတ်ပတ်လည်မှာ ထောင်ချောက်တွေ ဆက်တိုက် ဆင်ထားမယ်လို့ တွေးနေတာလား။ ဒါကြောင့် မင်းက ငါပြောသမျှ လုပ်သမျှ အရာအားလုံးကို အသေးစိတ် စဉ်းစားဖို့ လိုအပ်တယ်လို့ ခံစားမိနေတာလား…”
“တကယ်လို့ ဒါကသာ မင်းရဲ့ အတွေးဆိုရင်တော့ မင်းက မှားနေပြီ။ အလွန်အကျွံ လုပ်ဆောင်မှုကလည်း လိုက်ရောညီထွေ မရှိတဲ့ အမှားတစ်ခုပဲ…”
“မင်းက ငါ့ရဲ့ စမ်းသပ်မှု (၃) ခုကို ဖြတ်ကျော်အောင်မြင်ပြီး ငါ့ရဲ့ လက်ရင်းတပည့် တစ်ယောက် ဖြစ်လာတယ်။ ပထမဆုံးအရာကတော့ မင်းက ငါ့ရဲ့တွက်ချက်မှုတွေကို ခွဲခြမ်းစိတ်ဖြာပြီး မင်းရဲ့နှလုံးသားထဲကို ချက်ချင်း ကြည့်ရှုနိုင်တယ်။ ပြီးတော့ မင်းနဲ့ ချန်းပင်အန်းကို ကောင်းကင်ဘုံက တွဲဖက်ပေးထားတဲ့ စုံတွဲတွေဆိုတဲ့ ပုံရိပ်ယောင်ကို ဖယ်ရှားပြီး အစစ်အမှန် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားနိုင်တယ်။ ဒါကြောင့် မင်းက အမှန်တရားကို ဖမ်းဆုပ်နိုင်ခဲ့တာ…”
“ဒါကြောင့် မင်းတို့နှစ်ယောက်ကို လျော့တိလျော့ရဲ ကံကြမ္မာနဲ့ပဲ ချည်နှောင်ထားတယ်ဆိုတဲ့ အမှန်တရားကို မင်းက နားလည်သွားခဲ့တယ်။ ဒီစမ်းသပ်မှုကို အောင်မြင်ပြီးမှပဲ မင်းက ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ အာမခံချက်ရှိလာလိမ့်မယ်…”
“အဲဒီကုန်းမြေကြီးပေါ်မှာ ဓားသမားတွေ ပြည့်နှက်နေပြီး အရာအားလုံးကို ဓားတစ်ချောင်းရဲ့ထက်မြက်မှု၊ ဒါမှမဟုတ် လက်သီးတစ်ဖက်ရဲ့ မာကျောမှုနဲ့ပဲ ဆုံးဖြတ်နိုင်တယ်။ မင်းက အဲဒီမှာ ကြီးမားတဲ့ ပြဿနာကြီးတွေကို တဖြည်းဖြည်း ကြုံလာရလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ဘဝတစ်လျှောက်လုံး အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်လာခဲ့တာ။ တကယ်လို့ အဲဒီပြဿနာတွေကြောင့် မင်းရဲ့ စိတ်အခြေအနေကသာ သက်ရောက်ခံလိုက်ရမယ် ဆိုရင် မင်းရဲ့ စိတ်ပိုင်းဆိုင်ရာက လုံးဝကို ပျက်စီးသွားရလိမ့်မယ်။ တကယ်လို့ အဲဒီလို ဖြစ်သွားမယ်ဆိုရင် ငါ့မှာ ရွေးချယ်ခွင့် မရှိတော့ဘဲ မင်းကို လက်လွှတ်လိုက်ရလိမ့်မယ်…"
လုချန်းက အပြုံးနှင့် ဆက်ပြောလိုက်သည်။
"ရှဲ့ရှစ်က တာ့လီအင်ပါယာကနေ လူ (၃) ယောက် တောင်းဆိုခဲ့တယ်။ အခု လီကျိရှန်ကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် မာခူရွှမ်က ငါ့ရဲ့ဆရာတူ အစ်ကို (၂) ရွေးချယ်လိုက်တဲ့ ကံအကောင်းဆုံး ကလေးတစ်ယောက်ပဲ။ သူတို့နှစ်ယောက်ရဲ့ ကြားထဲမှာ ကွာဟမှုက တော်တော်လေး ကြီးနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ အကျင့်စရိုက်တွေက တော်တော်လေးကို တူတယ်။ ဒါကြောင့်လည်း သူက ရွေးချယ်ခဲ့တာပဲ…”
“တခြားလျှို့ဝှက်ထားတဲ့ အခြေအနေတွေကတော့ တာအိုလမ်းစဉ် စည်းမျဉ်းတွေ၊ အငယ်တွေနဲ့ အကြီးတွေကို ထိန်းချုပ်ထားတဲ့ တာအိုလမ်းစဉ် စည်းမျဉ်းတွေအရ တစ်ယောက်နဲ့ တစ်ယောက် တွက်ချက်ကြည့်လို့ မရနိုင်ဘူး။ ဒါကြောင့် ငါလည်း သိဖို့ နည်းလမ်းမရှိဘူး။ မင်းကတော့ မင်းရဲ့တာအိုနှလုံးသားနဲ့ မင်းရဲ့ ကျင့်ကြံမှု အတွေ့အကြုံတွေက ငါ့ရဲ့အတွေ့အကြုံတွေနဲ့ တော်တော်လေးကို တူညီနေတဲ့အတွက် ငါက ရွေးချယ်ခဲ့တာ..”
“မင်းက ပုံရိပ်ယောင်တွေကို ဖြတ်ကျော်ပြီး ကိုယ့်ကိုယ်ကိုယ် ရှာတွေ့ခဲ့တယ်။ အခြေအနေက မင်း ထင်ထားသလို ရှုပ်ထွေးမနေဘူး။ ငါက မင်းကို အတွေးအခေါ် (၁၀၀)ကျောင်းတွေနဲ့ တခြားအရာတွေ အချင်းချင်း တိုက်ခိုက်နေတဲ့ တိုက်ပွဲကြားထဲမှာ တာအိုလမ်းစဉ်အတွက် တစ်ခုခု လုပ်ဆောင်ပေးဖို့ ကြားခံနယ်တစ်ခု၊ ဒါမှမဟုတ် ရုပ်သေးတစ်ခုအဖြစ် လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တာ မဟုတ်ဘူး။ အဲဒီအစား ငါက မင်းရဲ့ ပုံစံကို ရိုးရိုးရှင်းရှင်းပဲ သဘောကျတာ။ ဒါကြောင့် မင်းကို ငါ့တပည့်အဖြစ် ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်တာ…”
“ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲမှာရှိတဲ့ အဘိုးကြီးတွေက ငါ့ရဲ့လှုပ်ရှားမှုတိုင်းကို အနီးကပ် စောင့်မကြည့်ဘဲ ငါ့ကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပေးလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား…”
“ငါ့ရဲ့ ရည်ရွယ်ချက်တွေ၊ အစီအစဉ်တွေက လုံးဝကို ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်လိုပဲ။ မင်းက ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး အဆုံးထိ အသက်ရှင်နိုင်မလား ဆိုတာကတော့ မင်းအပေါ်ပဲ မူတည်လိမ့်မယ်။ ငါကအထက်ကောင်းကင်ကမ္ဘာကြီးကို ပြန်သွားပြီးသွားရင် ငါ့ရဲ့တပည့်တွေကို ရှာဖွေဖို့အတွက်နဲ့ ထွက်လာမှာ မဟုတ်ဘူး…”
“ကွန်ဖြူးရှပ် သူတော်စင်တွေက တမင်ရည်ရွယ်ချက်ရှိရှိ မင်းကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားမှာ မဟုတ်ဘူး။ ပြီးတော့ မင်းဆီမှာ အလယ်မြေ နတ်ဘုရားကုန်းမြေကြီးမှာ လှည့်ပတ်သွားလာနေတဲ့ ဆရာတူ အစ်ကိုတစ်ယောက်နဲ့ ဓားချီမဟာတံတိုင်းမှာ လေ့ကျင့်နေတဲ့ ဆရာတူ အစ်မတစ်ယောက်လည်း ရှိသေးတယ်။ တကယ်လို့ တစ်ခုခုဖြစ်လာရင် မင်းက သူတို့ကို အကူအညီတောင်းလို့ရတယ်…”
“အခု မင်းက ငါ့ရဲ့ တပည့်တစ်ယောက် ဖြစ်သွားပြီ။ ဒီတော့ မင်းမှာလည်း အဆင့်အတန်းနဲ့ လိုက်ဖက်တဲ့ အရာတချို့ ရှိရလိမ့်မယ်။ မင်းက ငါ့ကို ဂုဏ်ယူအောင် လုပ်ရလိမ့်မယ်။ ဒါပေမဲ့ ဘာမှ မစိုးရိမ်ပါနဲ့။ ငါက နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်းမှာရှိတဲ့ မင်းရဲ့ အရင်ဆရာလိုတော့ မဟုတ်ဘူး။ ငါကတော့ မင်းကို ငါနဲ့အတူ နှစ်မွှာ ကျင့်စဉ်ကျင့်ကြံမှု လုပ်ဆောင်ဖို့ တွန်းအားပေးနေမဲ့လူမျိုး မဟုတ်ဘူး.."
ဟယ်ရှောင်လျန့်က ယခင်တုန်းကကဲ့သို့ လှပသော တာအိုမိန်းမပျိုတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမက မဟာတာအိုလမ်းစဉ်၏ အပြင်ဘက်တွင် ရှိနေသော အရာအားလုံးကို အလေးမထားတော့ပေ။ သူမက စိတ်ထဲတွင် အချိန်တော်တော်ကြာ ရှိနေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ကျွန်မတို့ရဲ့တာအိုလမ်းစဉ် သင်ကြားမှုတွေကို ပြည့်ပြည့်ဝဝ ထိန်းချုပ်ထားနိုင်တဲ့ အထက်ကောင်းကင်ကမ္ဘာကြီးထဲမှာ ကွန်ဖြူးရှပ် သူတော်စင်တွေရော တိတ်တဆိတ် ထိန်းချုပ်နိုင်တဲ့ အရာမျိုးတွေ ရှိလား…"
လုချန်းက ချက်ချင်းပင် အားရပါးရ ရယ်မောလိုက်သည်။
"ရှိတာပေါ့။ အဲဒါက နေရာတိုင်းမှာ အတူတူပဲ။ လူတိုင်းက အရမ်းကို အလုပ်များနေတာ။ မာခူရွှမ်၊ ဝေ့ကျင်းနဲ့ စုန့်ချန်ကျင့်တို့က ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ပါရမီရှင်တွေ ကြားထဲမှာ အပေါ်ယံ သဘောကျရုံလောက်လို့ပဲ မင်းက မတွေးနဲ့။ တကယ်လို့ မင်းက အဲဒီလို တွေးလိုက်မိပြီ ဆိုရင်တော့ မင်းက အလယ်မြေ နတ်ဘုရားကုန်းမြေကြီးကို အမှန်တကယ် သွားလည်သင့်တယ်။ အဲဒီလို နေရာတွေမှာ ပိုပြီးတော့ အစွမ်းထက်တဲ့ ပါရမီရှင်တွေ ရှိနေသေးပါလား ဆိုတာကို မင်းက နားလည်လာရလိမ့်မယ်…"
ဟယ်ရှောင်လျန့်က အနီးနားတွင် ရှိနေသော စာရေးစားပွဲခုံတစ်ခု၏ နောက်တွင် ထိုင်နေခဲ့သည်။ သူမက လုချန်း၏ မျက်လုံးထဲကို တည့်တည့် စိုက်ကြည့်လိုက်၏။ သူ ပြောသည့် စကားများကို ကြားလိုက်ရပြီးနောက် သူမက တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား အနည်းငယ် မျက်မှောင်ကြုတ်နေမိခဲ့သည်။
"သင်ကြားမှု (၃) သွယ်က အချင်းချင်း ပြဿနာဖြစ်နေမယ့်အစား ကိုယ်ရဲ့ပိုင်နက်ထဲမှာပဲ အဖွဲ့အစည်းတွေကို တိုးတက်ခွင့်ပေးဖို့ ဘာလို့ သဘောတူညီမှု မလုပ်ရတာလဲ ဆိုတာကို မင်း စဉ်းစားနေတာ မဟုတ်လား…"
လုချန်းက ရယ်ချင်နေသော အမူအရာနှင့် မေးလိုက်သည်။
ဟယ်ရှောင်လျန့်က ခေါင်းညိတ် တုံ့ပြန်လိုက်၏။ ထိုအရာက သူမစဉ်းစားနေသည့် အရာနှင့် တစ်ထပ်တည်း ဖြစ်သည်။
“ဘာလို့လဲဆိုတော့ ပိုင်နက် နယ်မြေတွေ အားလုံးက ငါတို့ရဲ့ ဘိုးဘေးတွေ အသက်ကို စတေးပြီး ရယူထားတဲ့ ရှေးဟောင်းတိုက်ပွဲကွင်းပြင်တွေ ဖြစ်နေလို့ပဲ…"
လုချန်းက ရှင်းပြလိုက်သည်။
"ငါတို့ အုပ်စိုးထားတဲ့ နယ်မြေတွေက ငါတို့အပေါ် ပစ်မှတ်ထားလာမှာကို ငါတို့က ကြောက်ကြတယ်။ တကယ်လို့ ငါတို့က ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားဖို့ ရွေးချယ်လိုက်မယ်ဆိုရင်၊ ဒါမှမဟုတ် ငါတို့ရဲ့အပြုအမူတွေက ငါတို့ရဲ့အောက်မှာ ရှိတဲ့သူတွေကို သူတို့ရဲ့ မဟာတာအိုလမ်းစဉ် လိုက်စားမှုကြောင့် ကန့်သတ်ထားတယ်လို့ ခံစားမိအောင် လုပ်လိုက်မိတယ် ဆိုရင်တော့ နောက်ဆုံးရလဒ်က လက်ရှိကမ္ဘာကြီးထဲမှာ မြင်နေရတဲ့ အရာမျိုး ဖြစ်လာမှာပဲ…"
လုချန်းက မြို့ထဲတွင် ရှိနေသော အင်မော်တယ်အုတ်ဂူ ရှိရာကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။
"ကမ္ဘာကြီးတွေက ဆက်ပြီးတော့ တည်ရှိနေတယ်။ ဒါပေမဲ့ အဲဒီကမ္ဘာကြီးတွေရဲ့ အုပ်ချုပ်သူတွေကတော့ မြေကြီးထဲမှာ အရိုးစုတွေအဖြစ်ပဲ ပြောင်းလဲသွားပြီ…"
ဟယ်ရှောင်လျန့်၏ မျက်လုံးထဲတွင် နားလည်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ တချို့အရာများက အလွန်ဝေးကွာပြီး နားလည်ရန် အလွန်ခက်ခဲသည်။ ထိုကဲ့သို့သော အရာမျိုးကို သိနေသည့် သူများကတော့ ထိုကိစ္စများနှင့် ပတ်သက်၍ တခြားသူများကို ပြောပြတတ်ကြ၏။ သို့မဟုတ် မှတ်တမ်းများထဲတွင် ရေးချထားတတ်သည်။ ထို့ကြောင့်လည်း သူတို့၏ ဆက်ခံသူများက ပို၍ ထင်ထင်ရှားရှား နားလည်လာနိုင်၏။
ဤကမ္ဘာကြီးထဲတွင် အလွန်များပြားသော အတွေးအခေါ်ယူဆချက်များစွာ ရှိနေပြီး စိတ်ကူးယဉ်ပညာရှင်များ ဖန်တီးထားသည့် စိတ်ကူးယဉ် ထင်မြင်ချက်မျိုးစုံလည်း ရှိနေသည်။ အလွန်အမင်းကို တွေးခေါ်နိုင်ပြီး ခံစားနိုင်စွမ်း မြင့်မားသည့် စာသင်သားများ၊ သူတို့သိထားသည်ထက် ပို၍ဗဟုသုတ ပြည့်စုံသော သမိုင်းပညာရှင်များလည်း ရှိနေသေး၏။
မှားယွင်းနေသည့် အချက်အလက်များစွာက ဆက်တိုက် ပြန့်နှံ့နေသည့်အတွက် အကယ်၍ အမှန်တရား တချို့တဝက် အပေါ်ယံ၌ ထွက်ပေါ်လာမည် ဆိုလျှင်ပင် သူတို့က လျင်မြန်စွာ နစ်မြုပ်သွားရပါလိမ့်မည်။ အဆုံးတွင်တော့ အမှန်တရား ဟူသည်မှာ မမှန်ကန်သည့်အရာများကြားထဲတွင် ပျောက်ကွယ်သွားရပြီး စိတ်ကူးယဉ်အဖြစ် ပြောင်းလဲသွားခဲ့ရသည်။
လုချန်းက အပြုံးနှင့် ဆက်ပြောလိုက်၏။
"အင်း ငါက လမ်းချော်သွားပြီ။ အဓိကအချက်ကိုပဲ ပြန်သွားကြစို့။ မင်းရဲ့ ဒုတိယ စမ်းသပ်မှုကတော့ မင်းက ပြည့်စုံကျူပင် ကုန်းမြေကြီးကို သွားတဲ့ ခရီးစဉ်အတောအတွင်း ကောင်းကင်သခင်ရှဲ့ရှစ်ကို အားကိုးရမှာလား၊ အားမကိုးရဘူးလား ဒါမှမဟုတ် မင်းက အဲဒီမှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်နိုင်စွမ်း ရှိမရှိ ဆိုတာ ငါကိုယ်တိုင် ဆုံးဖြတ်ပေးမဲ့အရာတစ်ခုပဲ…”
“ဒါကြောင့်လည်း ငါက မင်းအတွက် ထောင်ချောက်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားပြီး မင်းက မှန်ကန်တဲ့ ထင်မြင်ချက် (၂) ခုလုံးကို မျက်ကွယ်ပြုအောင်လို့ မှားယွင်းတဲ့ ယုံကြည်ချက်တစ်ခု ဖြစ်လာအောင် လုပ်ဆောင်ပေးလိုက်တာ။ အဲဒီအချိန်မှာ မင်းက မှန်ကန်မှု မရှိဆုံး အရာတစ်ခုကို ရွေးချယ်နေရင်း မင်းရဲ့ မဟာတာအိုလမ်းစဉ် ပြီးပြည့်စုံနိုင်တဲ့ အခွင့်အရေးကို လွဲချော်သွားအောင် ငါက လုပ်ခဲ့တယ်။ ရလဒ်အနေနဲ့ မင်းက မင်းရဲ့ကိုယ်ပိုင်သုံးသပ်ချက်နဲ့ တာအိုနှလုံးသားကိုတောင် စပြီးတော့ သံသယဝင်လာခဲ့တယ်…"
"ကျွန်မက စိတ်ထဲမှာ ကျန်ရှိနေတဲ့ ကြည်လင်မှုလေး နည်းနည်းကြောင့်သာ ဒီစမ်းသပ်မှုကို အောင်မြင်နိုင်ခဲ့တာပါ…"
ဟယ်ရှောင်လျန့်က ပွင့်ပွင့်လင်းလင်းသာ ပြန်ဖြေလိုက်သည်။
လုချန်းက အပြုံးနှင့် ပြောလိုက်၏။
"ဒီအချက်အရ ပြောရမယ်ဆိုရင်တော့ ငါက မင်းနဲ့ ချန်းပင်အန်း တို့ကို ဘာလို့ ကံကြမ္မာအရ ဆက်သွယ်ပေးလိုက်တယ် ဆိုတဲ့ နောက်ဆုံးအချက်ကို ရှင်းပြပေးနိုင်တယ်။ နောက်ဆုံး စမ်းသပ်မှုကို အရင်ဆုံး ပြောကြတာပေါ့…”
“ဒီတစ်ခုကတော့ နည်းနည်းလေး ပိုပြီးတော့ ရှုပ်ထွေးတယ်။ ဘာလို့လဲဆိုတော့ အပိုင်းတွေ အများကြီး ရှိနေလို့ပဲ။ 'ချစ်ခြင်း' ဆိုတဲ့ ဝေါဟာရက မတူညီတဲ့ အဓိပ္ပာယ်တွေ အများကြီး ခွဲထွက်နိုင်တယ်။ ယောကျ်ားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့ ကြားထဲမှာ ချစ်ခြင်းမေတ္တာတစ်ခုက အလွယ်တကူ ဖြစ်ပေါ်လာနိုင်တယ်…”
“ဒါကြောင့် ငါက မင်း ကိုယ်တိုင် သတိမထားမိစေဘဲ မင်းရဲ့နှလုံးသားထဲမှာ မေတ္တာမျိုးစေ့လေးတစ်ခု စိုက်ပေးခဲ့တယ်။ အဲဒီမျိုးစေ့ကို 'ကံကြမ္မာ' ဆိုတဲ့ ရေနဲ့ လောင်းပေးလိုက်တဲ့ အချိန်တိုင်း အဲဒီအရာက အပင်ပေါက်လာပြီး လျင်လျင်မြန်မြန် ကြီးထွားလာနိုင်တယ်။ ဒီလိုကိစ္စရပ်တွေကို အရှိန်အဟုန် မြှင့်တဲ့ ဒီနည်းလမ်းက ကောင်းတာထက် ဆိုးတဲ့အရာကိုပဲ ပိုပြီးတော့ ဖြစ်လာစေနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ အခြေအနေမှာတော့ တော်တော်လေးကို ပြီးပြည့်စုံတယ်။ ပြီးတော့ အကြံပေးမထားတဲ့ နည်းလမ်းတွေက ငါသုံးလိုက်တဲ့ အချိန်မှာ ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်လေ…”
“နတ်ဘုရား အမိန့်ပြန်တမ်းဂိုဏ်းထဲမှာ မင်းကို ငယ်ငယ်လေးကတည်းက ပြုစုပျိုးထောင်ပေးခဲ့တဲ့ မင်းရဲ့အရင်ဆရာနဲ့ ပတ်သက်လာရင်၊ ပြီးတော့ ပါရမီရှင် ဝေ့ကျင်း နဲ့ ပတ်သက်လာရင် မင်းက အဲဒီစမ်းသပ်မှု ၂ ခုလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်။ မင်းက ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းထားနိုင်ပြီး နည်းနည်းလေးတောင် တုန်လှုပ်သွားတာမျိုး မရှိဘူး။ ဒါပေမဲ့ နောက်ဆုံးစမ်းသပ်မှုက ချန်းပင်အန်း အနေနဲ့ ရောက်လာတဲ့ အချိန်မှာတော့ ငါက မင်းအတွက် ပိုပြီးတော့ ခက်ခဲလာအောင် ကိစ္စရပ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးပေးဖို့ ဆုံးဖြတ်လိုက်တယ်…”
“ငါက မင်းတို့နှစ်ယောက်ရဲ့ ကြားထဲမှာ ခက်ခဲတဲ့ အခြေအနေတစ်ရပ် ဖန်တီးဖို့အတွက် တံတားတစ်ခု တည်ဆောက်ပေးခဲ့တယ်။ တကယ်လို့ မင်းကသာ မင်းရဲ့လွတ်လပ်တဲ့ စိတ်ဆန္ဒကို စွန့်လွှတ်ပြီး ငါက 'ဂိုဏ်းခွဲသခင်' ဆိုတဲ့ အဆင့်အတန်းကို ကြောက်ပြီး ငါ မင်းအတွက် ရွေးချယ်ပေးခဲ့တဲ့ လမ်းကြောင်းကို လျှောက်လှမ်းဖို့ ရွေးချယ်လိုက်မယ်ဆိုရင် ငါက မင်းကို ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်မှာ ဂိုဏ်းတစ်ခု တည်ထောင်ဖို့ ခွင့်ပြုဦးမှာပဲ။ ဒါပေမဲ့ ငါ့ တပည့်အဖြစ်တော့ သေချာပေါက် လက်ခံမှာ မဟုတ်တော့ဘူး။ သင့်တော်တဲ့ တပည့်တစ်ယောက် ရှာဖွေတာက အရမ်းကို ခက်ခဲတဲ့ ကိစ္စတစ်ခုပဲ…"
ဆက်ပြောနေရင်း လုချန်း၏ အပြုံးများက ပျောက်ကွယ်သွားခဲ့သည်။
"တကယ်လို့ မင်းက ငါ့တပည့် ဖြစ်ချင်တယ် ဆိုရင်တော့ မင်းက ငါ့ထက် ပိုပြီးတော့ ရည်မှန်းချက် ကြီးရမယ့်အပြင် ငါ့ထက်ပိုပြီး မြင့်မားတဲ့ အဆင့်မျိုးအထိ ရောက်အောင် ကြိုးစားရလိမ့်မယ်။ ငါ့မျက်လုံးထဲမှာတော့ မင်းက မင်းရဲ့အသိဉာဏ်ကို ပြောင်းလဲသွားစေနိုင်တဲ့အရာနဲ့ မှန်ကန်တဲ့ လမ်းကြောင်းကနေ သွေဖယ်သွားစေနိုင်တဲ့ အရာမျိုး မတွေ့ဘူး…”
“အသိဉာဏ်ဆိုတာက ရှေ့ကနေ လျှောက်လှမ်းသွားတဲ့ သူတွေ ရေးသားထားတဲ့ စည်းမျဉ်းတစ်ခု သက်သက်ပဲ။ မှန်ကန်တဲ့ လမ်းကြောင်းဆိုတာကတော့ ငါတို့ရဲ့ ဘိုးဘေးတွေ ဖောက်ထားခဲ့တဲ့ လမ်းကြောင်းတစ်ခု သက်သက်ပဲ။ အဲဒီအရာတွေ မှန်မမှန် ဆိုတာကတော့ မင်းကိုယ်တိုင် သွားပြီး မကြည့်သင့်ဘူးလား…”
ထိုစကားကို ကြားလိုက်ရသည့်အခါ အထီးကျန်ဆန်ပြီး သီးသန့်နေတတ်သော ဟယ်ရှောင်လျန့်ကဲ့သို့ လူတစ်ယောက်ကပင် အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ သူမက မတ်တပ်ရပ်လိုက်ပြီး လုချန်းကို တလေးတစား ဦးညွှတ်ပြီး ပြောလိုက်သည်။
"တစ်နေ့နေ့မှာ ကျွန်မက ဆရာ ရပ်နေတဲ့ နေရာကို ရောက်နိုင်ပြီး ဆရာနဲ့အတူ ဘေးချင်းယှဉ်ပြီး ထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်…"
"ဒါကတော့ တော်တော်လေး ခက်လိမ့်မယ်…"
လုချန်းက ရယ်လိုက်မိသည်။
ဟယ်ရှောင်လျန့်က ပြန်ထိုင်ပြီး မေးလိုက်၏။
"ဆရာ... နောက်ဆုံးစမ်းသပ်မှုအကြောင်းမပြောခင် ရှေ့မှာ ပြောခဲ့တဲ့ စကားက ဘာကို ဆိုလိုချင်တာလဲ…"
"ကျွန်မရဲ့ကံကြမ္မာကို ချန်းပင်အန်း နဲ့ ချည်နှောင်လိုက်တဲ့ နောက်ကွယ်မှာ ပိုပြီး နက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိနေသေးတာလား…"
လုချန်းက ခေါင်းညိတ်ပြလိုက်သည်။
"သေချာပေါက် ရှိတာပေါ့။ တကယ်လို့ မင်းက ဟယ်ရှောင်လျန့် မဟုတ်သလို၊ သူကလည်း ချန်းပင်အန်း မဟုတ်ရင်တော့ မင်းတို့က သာမန် စုံတွဲတစ်တွဲပဲ ဖြစ်လိမ့်မယ်။ ငါက မင်းတို့နှစ်ယောက်ရဲ့ ကြားထဲမှာ အောင်သွယ်လုပ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်သလိုပဲ ဖြစ်သွားမှာပေါ့။ ချီကျင့်ချွန်က ချန်းပင်အန်းရဲ့ ပုခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုးတစ်ခု တင်ပေးဖို့အတွက် အောင်သွယ်အဖြစ် လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ နှလုံးသားက တစ်နေ့နေ့မှာ တောင်တန်းတွေရဲ့ အလေးချိန်ကိုတောင် သယ်ဆောင်နိုင်လောက်တဲ့ အခြေအနေထိ လေ့ကျင့်ပေးဖို့ သူက မျှော်လင့်နေခဲ့တာ…”
“မင်းနဲ့ ချန်းပင်အန်းတို့ကတော့ တစ်ယောက်ကို တစ်ယောက် အချင်းချင်း ပြန်မြင်နေရတဲ့ မှန်တစ်စုံလိုပဲ။ ချန်းပင်အန်းက မင်းရဲ့ ကံကြမ္မာတွေကို ခွဲဝေယူလိုက်ပြီး မင်းကတော့ သူ့ကို အသုံးချပြီး 'ချစ်ခြင်းမေတ္တာ' ဆိုတဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်တဲ့ ပြဿနာမျိုး မဟုတ်ဘူး။ ချန်းပင်အန်းရဲ့ အကျင့်စရိုက်နဲ့ ပတ်သက်ပြီး ပြောရရင် ငါက ဒီကမ္ဘာကြီးထဲမှာ ထူးဆန်းပြီး ခေါင်းမာတဲ့ လူပေါင်းများစွာကို မြင်ခဲ့ဖူးတယ်။ သူကတော့ အဲဒီလို မထူးဆန်းသလို ထူးခြားမှုလည်း မရှိဘူး။ ဒါပေမဲ့ သူ့ရဲ့အကျင့်စရိုက်က မင်းနဲ့ အရမ်းတူပြီး ကွဲပြားနေတယ်…”
“မင်းတို့နှစ်ယောက်ရဲ့ ကြားထဲမှာ သေချာပေါက် ပတ်သက်မှုတစ်ခု ရှိနိုင်တယ်။ ဒါကြောင့် မင်းတို့ ပထမဆုံး တွေ့လိုက်ရတဲ့အချိန်မှာပဲ မင်းတို့နှစ်ယောက်ကို ကံကြမ္မာက လျော့တိလျော့ရဲ ချည်နှောင်လိုက်ပြီ ဆိုတာ မင်းက ပြောနိုင်တာပေါ့။ အမှန်အတိုင်း ပြောရရင် မင်းတို့ရဲ့ကံကြမ္မာချည်နှောင်မှုက အဲဒီလောက် မလျော့ရဲဘူး။ မင်းရဲ့ကျင့်စဉ်အဆင့်က ကန့်သတ်ထားတဲ့အတွက် အဲဒီချည်နှောင်မှုရဲ့ အစစ်အမှန် နက်ရှိုင်းမှုကို မမြင်နိုင်သေးတာ…”
“ဒါက နောက်ထပ် စမ်းသပ်မှုလား ဆရာ…"
ဟယ်ရှောင်လျန့်က တိတ်တဆိတ် မေးလိုက်သည်။
လုချန်းက အားရပါးရ ရယ်လိုက်၏။
"မင်းက ငါ့တပည့် ဖြစ်နေမှတော့ ငါက ဘာလို့ ထပ်ပြီး စမ်းသပ်ရဦးမှာလဲ။ မင်းက ငါနဲ့ တန်းတူ ရပ်နိုင်ဖို့ တာအိုဘိုးဘေးကိုယ်တိုင်ရဲ့ လက်ရင်းတပည့်တစ်ယောက် မဖြစ်မချင်း မကျေနပ်နိုင်သေးဘူးလား…"
ဟယ်ရှောင်လျန့်၏ မျက်လုံးများက ကြည်လင်နေပြီး သူမက ခေါင်းခါပြီး အပြုံးနှင့် တုံ့ပြန်လိုက်သည်။
"ကျွန်မက အဲဒီလို ရည်ရွယ်တာ မဟုတ်ပါဘူး…"
"ငါက မင်းရဲ့ဆရာ ဖြစ်နေမှတော့ တပည့်အသစ်ကို လက်ဆောင်ပေးသင့်တာပေါ့။ ဒါက အသေးအဖွဲ လက်ဆောင်တစ်ခုတော့ မဟုတ်ဘူး။ အဲဒါက ငါ ဒီကို မလာခင် မင်းရဲ့ ဆရာဘိုးဘိုးဆီကနေ ရယူထားခဲ့တဲ့ တာအိုအနည်းငယ်ပါပဲ…"
လုချန်းက အပြုံးနှင့် ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ဟယ်ရှောင်လျန့်က အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ယခုလေးမှ သူမက သူမကိုယ်တိုင်နှင့် ချန်းပင်အန်း၏ ကြားထဲတွင် ရှိနေသော တံတားကို ဖြတ်တောက်ပစ်ခဲ့ခြင်း ဖြစ်သည်။ ကြည့်ရသည်မှာ သူမက ကံကောင်းမှုများနှင့် ပြည့်နှက်နေသော ဟယ်ရှောင်လျန့်အဖြစ် ပြန်ရောက်သွားပုံရ၏။
လုချန်းက သူမ၏အတွေးများကို သိနေပုံရသည်။ သူက အားရပါးရ ရယ်ပြီး ပြောလိုက်၏။
"အချိန်ကို ဆန့်ကျင်ပြီး ငါနဲ့အတူ ခရီးတစ်ခု သွားရအောင်…"
လီကျူးသုခဘုံလေးထဲတွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းရည်မျိုးစုံကို ကန့်သတ်ထားသည်ကိုပင် လောကကြီး၏ စည်းမျဉ်းများထဲမှ မလွတ်မြောက်နိုင်သော အရာများ ရှိနေသေးသည်။ ဥပမာအားဖြင့် ပြောရလျှင် ဥတုရာသီများ ဖြစ်ပေါ်လာမှု၊ မွေးဖွားခြင်း၊ ကြီးပြင်းလာခြင်း၊ နာမကျန်းမှုနှင့် သေဆုံးခြင်း ဟူသည့် ဖြစ်စဉ်များ ဖြစ်သည်။
လုချန်း၏ အစွမ်းနှင့် သူက ထိုစက်ဝန်းများကို ဟယ်ရှောင်လျန့် မြင်အောင် ပြသနိုင်စွမ်း ရှိသည်။ ဟယ်ရှောင်လျန့်က ကျောင်းငယ်လေးထဲတွင်သာ ရှိနေသေး၏။ သို့သော် သူမက ဤကမ္ဘာကြီးထဲမှ ယာယီ ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး သူမကြည့်နေသော မြင်ကွင်းများ အားလုံးက ပတ်ပတ်လည်တွင် နောက်ပြန်လည်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက သူမ လျှောက်လှမ်းချင်ခဲ့သော လမ်းကြောင်း အတိအကျလည်း ဖြစ်၏။
လုချန်းက အပြုံးနှင့် ပြောလိုက်သည်။
"ငါ့နောက်ကနေ လိုက်ခဲ့။ ငါက လူနှစ်ယောက်နဲ့ တွေ့ဖို့ မင်းကို တစ်နေရာဆီ ခေါ်သွားမယ်…"
သူတို့နှစ်ယောက်က ကလေးငယ်များ ကျယ်လောင်စွာ စာဖတ်နေသော စာသင်ကျောင်းလေး၏ နောက်ဘက်ကို ထွက်လာကြသည်။ အချိန်နောက်ပြန် ရောက်နေသော်လည်း သူတို့၏ရွတ်ဖတ်သံက ကျယ်လောင်စွာ ကြားနေရသေးသည်။ သူတို့က ရွတ်ဖတ်နေသည့် စာအုပ်များကို အမှန်တကယ် သေချာ မှတ်သားနေပုံရ၏။
ကလေးငယ်များ၏ ရုပ်ရည်နှင့် အသံကို ရှင်းရှင်းလင်းလင်း မြင်နိုင် ကြားနိုင်သေးသည်။ သို့သော် ကန့်သတ်ချက်တချို့ သို့မဟုတ် တာအိုဘိုးဘေးနှင့် ချီကျင့်ချွန်၏ အပေးအယူ တချို့ကြောင့် သူ့ကိုတော့ စာသင်ခန်းထဲတွင် မမြင်ရပေ။ သူက လုံးဝမရှိခဲ့ဖူးသလို ဖြစ်နေပြီး သူ၏တည်ရှိမှုက အချိန်မြစ်ကြီးထဲမှ လုံးဝကို ပျောက်ကွယ်နေခဲ့၏။
လုချန်းက လမ်းကြားငယ်လေးများစွာကို ဖြတ်ကျော်သွားခဲ့ပြီး ဟယ်ရှောင်လျန့်က သူ့နောက်မှ ကပ်လိုက်လာခဲ့သည်။ အကယ်၍ သူမကသာ အနောက်ဘက်၌ ကျန်နေခဲ့မည်ဆိုလျှင် သူ့ကို နောက်တစ်ကြိမ် ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။ အဆုံးတွင်တော့ လုချန်းက ရပ်လိုက်ပြီး ဟယ်ရှောင်လျန့်ကို စောင့်နေရန် ပြောခဲ့၏။ သူမက ချက်ချင်းပင် မလှုပ်ရဲဘဲ ရပ်နေခဲ့ရသည်။
လုချန်းက သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည့် အချိန်တွင် အချိန်စီးဆင်းမှုက မှန်ကန်သော ဦးတည်ချက်သို့ ပြန်ရောက်သွားခဲ့ပြီး အရာအားလုံးက ပြန်ကောင်းသွားခဲ့၏။ ထို့နောက် လုချန်းက သူမကို အနားတွင် ရှိနေသော ဆိုင်တစ်ဆိုင် ဆီသို့ ခေါ်သွားခဲ့သည်။ သူက ဘာကြောင့် သူမကို ဤနေရာသို့ ခေါ်လာခဲ့ကြောင်း ဟယ်ရှောင်လျန့်လည်း နားမလည်ခဲ့ပေ။
ဤလမ်းထဲရှိ ဈေးဆိုင်ငယ်လေးတွင် တစ်စုံတစ်ခု ရှိနေခြင်းလောဟု သူမက စဉ်းစားမိနေခဲ့၏။ ဆိုင်ပိုင်ရှင်က သိုသိုသိပ်သိပ် နေတတ်ပြီး ရိုးသားပုံရသည့်သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်သည်။ သူက တုတ်ထိုးသကြားလုံးများကို ရောင်းချနေသူတစ်ယောက် ဖြစ်၏။
ခဏကြာပြီးနောက် ဟယ်ရှောင်လျန့်က ဆိုင်အနားကို ဖြည်းညင်းစွာ ချဉ်းကပ်လာသော ပိန်ပိန်ပါးပါး ကလေးငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူက သူမ၏ဘေးတွင် ရပ်လိုက်ပြီး တုတ်ထိုးသကြားလုံးဆိုင်ကို တစ်ချက်ကြည့်၍ တံတွေးမျိုချလိုက်မိ၏။ ဆိုင်သိမ်းချိန်တွင် ကလေးငယ်က ထွက်ခွာသွားခဲ့၏။ သူက အနည်းငယ် ညစ်ပတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။
လုချန်းက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ရာ တစ်ရက်ဟူသော အချိန်က ချက်ချင်း ကုန်ဆုံးသွားခဲ့သည်။တုတ်ထိုးသကြားလုံးဆိုင်က တစ်ရက်ပြီးတစ်ရက် ဆက်လက်လည်ပတ်ပြီး ကလေးငယ်ကလည်း အကြိမ်ကြိမ်ဖြတ်သွားနေခဲ့သည်။ သူက တောင်တန်းထဲတွင် ဆေးပင်ခူးရာမှပြန်လာသည့်အချိန် သို့မဟုတ် စမ်းချောင်းထဲတွင် ငါးဖမ်းရာမှ ပြန်လာသည့်အချိန် သို့မဟုတ် အိမ်နီးချင်းများအတွက် ရေခပ်ပေးရာမှ ပြန်လာသည့်အချိန်တိုင်း ထိုဆိုင်လေးကို ဖြတ်သွားခဲ့သည်။
တစ်နေ့တွင်တော့ ကလေးငယ်က တောင်တန်းပေါ်တွင် ပုံမှန်အတိုင်း ဆေးပင်များကို ခူးရန် နောက်ကျောတွင် ခြင်းတောင်းကို သယ်လာခဲ့သည်။ သို့သော် ရွှံ့ပုလင်းလမ်းကြား၏ဝင်ပေါက်ကို ရောက်သည့်အချိန်တွင် သူ့ခြေလှမ်းများက ရုတ်တရက် ရပ်သွားခဲ့၏။ သူ နောက်ဆုံးတစ်ခေါက် ဆေးပင်ခူးခဲ့သည့်အချိန်တွင် ကံကောင်းပြီး တန်ဖိုးရှိသည့် ဆေးပင်အနည်းငယ် ရခဲ့သည်။ ရှားရှားပါးပါးအနေဖြင့် သူ့အိမ်ထဲရှိ ဆန်အိုးထဲတွင်လည်း တစ်ဝက်ခန့် ပြည့်နေခဲ့သည့်အတွက် အနည်းဆုံး နောက်ထပ် (၁၀)ရက်ခန့် စားစရာကို စိတ်ပူနေရန် မလိုအပ်တော့ချေ။
ထိုအရာခေါင်းထဲတွင် ပေါ်လာပြီး မည်းမှောင်နေသည့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ အလွန်ပြင်းထန်သော မုန်တိုင်းတစ်ခု ရောက်လာတော့မည်ဟု သူက သူ့ကိုယ်သူ ပြောနေပုံရ၏။ အကယ်၍ သူက ဆေးပင်ရှာရန် တောင်ပေါ်သို့ သွားလျှင်ပင် ပြန်လာရနိုင်ချေများသည်။
ထို့ကြောင့် ကလေးငယ်က သူ့အိမ်သို့ပြန်ပြီး နောက်ကျောမှ ခြင်းတောင်းကို ဖြုတ်၍ ခြံဝန်းနံရံအခြေမှ အိုးငယ်လေးတစ်လုံးကို တူးထုတ်လိုက်သည်။ သူက အိုးလေးထဲမှနေ၍ ကြေးပြားလေးများစွာကို နှိုက်ယူလိုက်ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှနေ၍ တုတ်ထိုးသကြားလုံးဆိုင်ဆီကို လျှင်မြန်စွာ ပြေးထွက်လာခဲ့သည်။
သို့သော် သူက ဆိုင်နှင့် နီးလာလေလေ သူ့ခြေလှမ်းများက ပို၍ လေးလံလာလေလေဖြစ်လာ၏။သူက တဖြည်းဖြည်း ပို၍ နှေးကွေးလာခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ဆိုင်နှင့် အတော်လေး ဝေးနေသေးသော်လည်း အလွန်ရှုပ်ထွေးနေသည့်အမူအရာနှင့် ခြေလှမ်းကို ရပ်လိုက်သည်။ သူက ကြေးပြားလေးများကို ပို၍ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိ၏။
အဆုံးတွင်တော့ ကလေးငယ်က ရှေ့ကို ခြေလှမ်းအနည်းငယ် ထပ်လျှောက်သွားခဲ့သေးသည်။ ထို့နောက် သူက ထိုင်ချလိုက်ပြီး နီရဲနေသည့် တုတ်ထိုးသကြားလုံးများကို မှင်တက်မိနေသည့်အမူအရာနှင့် စိုက်ကြည့်နေခဲ့၏။
လုချန်းနှင့် ဟယ်ရှောင်လျန့်တိုပက သူ့ဘေးတွင် ရပ်နေကြသည်။ လုချန်းက အပြုံးနှင့် မေးလိုက်၏။
"တကယ်လို့ မင်းသာ သူ့နေရာမှာဆိုရင် အခုချိန် သူဘာတွေ စဉ်းစားနေမယ်လို့ ထင်လဲ…"
"တကယ်လို့ ကျွန်မသာ တုတ်ထိုးသကြားလုံးကို စားနိုင်ပြီး ပိုက်ဆံမပေးရရင် ကောင်းမှာပဲလို့ တွေးနေမှာပဲ…"
ဟယ်ရှောင်လျန့်က စဉ်းစားမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
လုချန်းက ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်၏။
"ဆက်ပြီး စောင့်ကြည့်နေ…"
ဈေးရောင်းနေစဉ် အတောအတွင်း တုတ်ထိုးသကြားလုံး ဆိုင်ပိုင်ရှင်က သူ့ဆိုင်ကို အမြဲဖြတ်သွားနေသော ကောင်လေးကို သတိထားမိပုံရသည်။ သို့သော် ထိုကောင်လေးက တုတ်ထိုးသကြားလုံးတစ်ချောင်း ဝယ်ရန် လုံးဝတတ်နိုင်ပုံ မရချေ။
ပထမတွင်တော့ ဆိုင်ရှင်က သူ့ထိုင်ခုံတွင် တိတ်တဆိတ် ထိုင်နေခဲ့၏။ သို့သော် အဆုံးတွင်တော့ သူက ထိုကလေးကို သနားလာပုံရသည်။ သူက မတ်တပ်ရပ်လိုက်ပြီး ထိုကလေးကို အပြုံးနှင့် လက်ယပ်ခေါ်လိုက်၏။
"ဒီနေ့ ငါက ဆိုင်သိမ်းတော့မှာ။ ဒီလက်ကျန် တုတ်ထိုးသကြားလုံးတွေကိုလည်း မရောင်းတော့ဘူး။ တကယ်လို့ မင်း တစ်ချောင်း လိုချင်တယ်ဆိုရင် ငါ မင်းကို အလကားပေးမယ်…"
ဆိုင်ပိုင်ရှင်က ရင်းရင်းနှီးနှီး ပြုံးပြပြီး ပြောလိုက်သည်။
သူက တုတ်ထိုးသကြားလုံး တစ်ခုကို ဆွဲထုတ်ပြီး ကလေးငယ်ကို ပေးလိုက်၏။
"လာလေ... ယူလိုက်ပါ"
သို့သော် ကလေးငယ်ကတော့ နေရာမှ အလျင်အမြန် ထလိုက်ပြီး အပြုံးနှင့် ခေါင်းခါပြ၍ အဝေးကို ထွက်ပြေးသွားခဲ့သည်။
ထိုအရာကို မြင်သည့်အချိန်တွင် ဟယ်ရှောင်လျန့်က အနည်းငယ် နားမလည်နိုင် ဖြစ်သွားခဲ့၏။ အကယ်၍ ထိုအရာကသာ ငယ်ရွယ်သော ချန်းပင်အန်း ဆိုလျှင် ထိုဆုံးဖြတ်ချက်က ထူးဆန်းသည်ဟု သူမက တွေးမိတော့မည် မဟုတ်ချေ။
လုချန်းက တုတ်ထိုးသကြားလုံးဆိုင်ရှင်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဒီလူက သာမန်လူသားတွေကြားထဲမှာ နာမည်မကျော်ကြားတဲ့ အလယ်မြေ နတ်ဘုရားကုန်းမြေကြီးက သဘာဝပညာရှင်တစ်ယောက်ပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင်တော့ သူ့တစ်ယောက်တည်းကတောင် သဘာဝပညာရှင် လုကလန် တစ်ခုလုံးကို ရင်ဆိုင်နိုင်တဲ့ အစွမ်းမျိုး ပိုင်ဆိုင်ထားတယ်။ သူက အရမ်းကို ထူးဆန်းပြီး ထူးခြားတဲ့ လူတစ်ယောက်ပဲ။ ငါ့ရဲ့ ဆရာတူ အစ်ကို (၁) ကတောင် သူ့ရဲ့ အတွေးတွေ၊ ရည်ရွယ်ချက်တွေကို နားမလည်နိုင်ဘူး…"
ထိုစကားကို ကြားသည့်အခါ ဟယ်ရှောင်လျန့်က ပို၍ပင် ရှုပ်ထွေးသွားမိခဲ့သည်။
"ဘာလို့ ငါ မင်းကို ဒီနေရာ ခေါ်လာလဲဆိုတာ ပြမယ်…"
လုချန်းက အပြုံးနှင့် ပြောလိုက်သည်။ ထို့နောက် သူက လက်တစ်ဖက်ကို ရှေ့သို့ ထုတ်လိုက်ပြီး လေထဲတွင် ချန်းပင်အန်းကို ဖန်တီးလိုက်သည်။ ထိုကလေးငယ်က ပြေးလာပြီး တုတ်ထိုးသကြားလုံးကို အခမဲ့ လက်ခံလိုက်၏။ ထို့နောက် ဝမ်းမြောက်ဝမ်းသာ အမူအရာနှင့် ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်သွားခဲ့သည်။
တုတ်ထိုးသကြားလုံးကို စားခဲ့ရပြီးနောက် သူက ထိုအရသာကို မမေ့နိုင်ခဲ့ချေ။ ရက်အနည်းငယ် ကြာပြီးနောက် သူက ဆိုင်ကိုသွားပြီး နောက်ထပ် တုတ်ထိုးသကြားလုံးတစ်ခု အခမဲ့သွားယူခဲ့ပြန်သည်။ အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိမှုက သူ့ရင်ထဲတွင် ကပ်ညိလာခဲ့၏။ သူက အမြဲလိုလို တုတ်ထိုးသကြားလုံး ဆိုင်အကြောင်းသာ စဉ်းစားနေပြီး ပုံမှန်လုပ်နေကျဖြစ်သော တောင်တန်းပေါ်တွင် ဆေးပင်ခူးသည့်အလုပ်ကိုပင် သိပ်မလုပ်တော့ချေ။
ထိုစိတ်ဓာတ်က တစ်ရက်ပြီး တစ်ရက် တစ်နှစ်ပြီးတစ်နှစ် စွဲမြဲလာခဲ့၏။ ထိုအရာကြောင့် သူက လူဆိုးတစ်ယောက် ဖြစ်သွားသည်ဟု မဆိုနိုင်သော်လည်း သူက ဟယ်ရှောင်လျန့်နှင့် စိမ်းပြာကမ်းပါးပေါ်တွင် ပထမဆုံး တွေ့ခဲ့သည့် ချန်းပင်အန်းနှင့် မတူတော့ချေ။
ထို့နောက် သူတို့က အချိန်ကို ထိုနေရာသို့ ပြန်ရစ်လိုက်ပြီး လုချန်းက နောက်ထပ် ချန်းပင်အန်းတစ်ယောက်ကို ဖန်တီးလိုက်သည်။ ယခုတစ်ကြိမ်တော့ သူက တုတ်ထိုးသကြားလုံးကို အခမဲ့လက်ခံခဲ့ခြင်း မရှိတော့ချေ။ သူက ငွေပေး၍ ဝယ်ခဲ့၏။ ထို့နောက် သူက ငွေရှာခြင်းကို စွဲလမ်းလာခဲ့သည်။
တဖြည်းဖြည်းနှင့် သူက တုတ်ထိုးသကြားလုံးများကို ရိုးလာပြီး အဆာပြေမုန့်များကိြ သဘောကျလာပြန်သည်။ မူလမြင်ကွင်းကဲ့သို့ ထိုကလေးက တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ဆက်လက်ကြီးပြင်းလာခဲ့သော်လည်း ဟယ်ရှောင်လျန့်၏မျက်လုံးထဲတွင် ထိုချန်းပင်အန်းကလည်း အတော်လေး အဆင်မပြေသေးချေ။
လုချိန်းက လက်ကို တစ်ကြိမ်ပြီး တစ်ကြိမ် မြှောက်နေပြီး ဟယ်ရှောင်လျန့်က ချန်းပင်အန်း တစ်ယောက်ပြီး တစ်ယောက် တွေ့ခဲ့ရသည်။ သူတို့က မတူညီသော ဆုံးဖြတ်ချက်အနည်းငယ်လေးနှင့် မတူညီသော ပြောင်းလဲမှုများ ဖြစ်လာခဲ့ကြသည်။
အဆုံးတွင်တော့ ဟယ်ရှောင်လျန့်က တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
လုချန်းက အပြုံးနှင့် ပြောလိုက်သည်။
“ပြန်သွားကြစို့…”
သူတို့နှစ်ယောက်က စာသင်ကျောင်းလေးဆီကို ပြန်လာခဲ့ကြသည်။
အချိန်ကို နောက်ပြန်သွားခဲ့သော ထိုခရီးစဉ်က သစ်ခါးပင် သစ်ရွက်တစ်ရွက်ရရန် ချန်းပင်အန်းကို ရှေးဟောင်းသစ်ခါးပင်ကြီးဆီသို့ ချီကျင့်ချွန်ကိုယ်တိုင် ခေါ်လာခဲ့သည့် အချိန်ကကဲ့သို့ ဖြစ်သည်။
လုချန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ရှေ့မှ ဦးဆောင်သွားနေရင်း မေးလိုက်သည်။
“ငါ မင်းကို ဘာသိစေချင်တာလဲဆိုတာ အဖြေရှာလို့ရပြီလား…”
“ကိုယ့်ရဲ့စိတ်ရင်းကို မပြောင်းဘဲ အစစ်အမှန်အတိုင်း ရှိနေမှသာ ကိုယ်တိုင် အစစ်အမှန် ဖြစ်နိုင်လိမ့်မယ်…”
ဟယ်ရှောင်လျန့်က တိတ်တဆိတ် ပြန်ဖြေလိုက်သည်။
လုချန်းက ခေါင်းညိတ်ပြလိုက်ပြီး တုံ့ပြန်ခဲ့ခြင်း မရှိချေ။
“ငါက မှားသွားတာများလား..၊ ငါက အမြင်ကျဉ်းနေတာလား…”
လုချန်းက ပြန်လှည့်လာပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“မမှားပါဘူး။ လုံးဝမမှားဘူး။ မင်းက မှန်ကန်တဲ့အဖြေကို ရခဲ့တယ်။ တစ်ခုတည်းသော ပြဿနာကတော့ မင်းရဲ့ဆရာက အရမ်းအစွမ်းထက်တယ်ဆိုတာကို မင်းသိနေလို့ပဲ…”
………………..
လုချန်းက ဟယ်ရှောင်လျန့်နှင့်အတူ အချိန်ခရီးသွားနေစဉ် မီးခိုးရောင်ဝတ်စုံနှင့် ကွန်ဖြူးရှပ်စာသင်သားတစ်ယောက်က သူ့အခန်းထဲတွင် ထိုင်နေခဲ့သည်။ နေ့ခင်းပိုင်းတွင် ကျောင်းသားများ ပျောက်ကွယ်နေပြီး စာသင်သားက ကျားထိုးစာအုပ်အတိုင်း ကျားစေ့လေးများကို ကိုယ်တိုင် နေရာချနေခဲ့၏။
သူ့မျက်နှာက ေ၀ဝါးမှုမရှိသလို မထင်မရှားလည်း မဟုတ်သည့်အတွက် သူ့ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်သည်။ လုချန်းနှင့် ဟယ်ရှောင်လျန့်တို့ အပြင်ဘက်မှ ဖြတ်သွားသည့်အချိန်တွင် ချီကျင့်ချွန်က ကျားစေ့တစ်ခုကို ကောက်ယူလိုက်ပြီး တစ်ယောက်တည်းပြုံး၍ ရေရွတ်လိုက်သည်။
“ဘာမှလည်း မဟုတ်ပါလား…”