← Chapters

အခန်း (၂၄၃)

Vol. 17 Ch. 243

အခန်း (၂၄၃)

Vol. 17 Ch. 243

Translated by Hein Htet.

ဌာနေပြန် ဓားတစ်လက်

အပိုင်း (၂၄၃) {စာစဉ် ၁၇ - အပိုင်း(၈)}

ချန်းပင်အန်း လှေကားပေါ်မှ ပြန်ဆင်းလာပြီး ထိုင်ခုံသို့ ပြန်ရောက်လာသည့် အချိန်တွင်တော့ အရေးကြီးသော တိုက်ပွဲနှစ်ခုကို လွဲချော်သွားခဲ့ပြီ ဖြစ်သည်။ ချန်းပင်အန်းကို မြင်သည့်အချိန်တွင် အနီးနား ထိုင်ခုံတွင် ထိုင်နေသော တာအိုသခင် ကျန်းရှန်က နေရာမှ အလျင်အမြန် ထလိုက်ပြီး ကျေးဇူးတင်သည့် အမူအရာနှင့် ဦးညွှတ်လိုက်၏။ ထို့နောက် သူက ကျောက်စိမ်းပြားကို ချန်းပင်အန်းဆီသို့ ပေးပြီး သူ့နေရာသို့ ပြန်သွားထိုင်ခဲ့သည်။

ကမ္ဘာမကြေ ရန်သူများ၏ အနီးကပ်တိုက်ပွဲကို လေမိုးကြိုးဥယျာဉ် သို့မဟုတ် ကျန့်ယန်တောင်ပေါ်၌ ကျင်းပခြင်း မဟုတ်ပေ။ ထိုအစား သူတို့၏ တိုက်ပွဲကွင်းပြင်က ဖုန်းရွှယ်ကျောင်းဆောင် နတ်ဘုရားစင်မြင့်ပေါ်တွင် ဖြစ်နေသည်။ စစ်ကျောင်းသူတော်စင်များ၏ အထွတ်အမြတ် နယ်မြေဖြစ်သည့် ဖုန်းရွှယ်ကျောင်းဆောင်က စစ်တောင်တန်းထက် ပို၍ စွမ်းအားကြီးမားပြီး သိုသိုသိပ်သိပ် နေထိုင်တတ်သဖြင့် ရင်းနှီးဖော်ရွေသည့် အခြေအနေမျိုး ရှိသည်။

ခရီးရှည်ကြီးများ ထွက်ခွာသွားလာတတ်သော ထိုဂိုဏ်းမှ တပည့်များက တိုက်ပွဲကွင်းပြင်များထဲသို့ သွားရမည့်အစား လေ့လာရန်၊ လေ့ကျင့်ရန် ရည်ရွယ်ချက်မျိုးနှင့် သွားလာကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဖုန်းရွှယ်ကျောင်းဆောင်က ဂိုဏ်းနှစ်ခုလုံးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေပြီး မည်သည့်အဖွဲ့ကိုမျှ ဘက်လိုက်မှု မရှိချေ။

ဖုန်းရွှယ်ကျောင်းဆောင်က နတ်ဘုရားစင်မြင့်ကို ရွေးချယ်ရသည့် အကြောင်းအရင်းများထဲမှ တစ်ခုကတော့ ထိုနေရာက အလွန်မြင့်မားသော တောင်ထိပ်တစ်ခုပေါ်တွင် တည်ရှိနေခြင်းဖြစ်ပြီး အနီးနားတွင် မှင်သက်ရှုမောဖွယ်ရာ မြင်ကွင်းများနှင့် အလွန်ကျယ်ပြန့်သော မိုးကုတ်စက်ဝိုင်းကိုပင် မြင်တွေ့နိုင်သည်။ ပြောရမည်ဆိုလျှင် နတ်ဘုရားစင်မြင့်က ဖုန်းရွှယ်ကျောင်းဆောင် တစ်ခုလုံးတွင် မြင်ကွင်းအလှဆုံး နေရာတစ်ခုလည်း ဖြစ်၏။

ထို့ပြင် နတ်ဘုရားစင်မြင့်၌ တပည့်အလွန်နည်းပါးပြီး ဝေ့ကျင်းတစ်ယောက်တည်းသာ ထူးချွန်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝေ့ကျင်း ဆရာနှင့် ပတ်သက်သည့် အကြောင်းပြချက်များကြောင့် သူကလည်း ဂိုဏ်းနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေး မရှိခဲ့ပေ။ ထို့ကြောင့် ဖုန်းရွှယ်ကျောင်းဆောင်က ထိုအခွင့်အရေးကို အရယူပြီး နတ်ဘုရားစင်မြင့်မှ ပညာရှင်များကို အဆင့်အတန်းတစ်ခု ပေးရန် မျှော်လင့်နေခဲ့ခြင်း ဖြစ်၏။

ချိုးရှီဆီမှ ပထမတိုက်ပွဲနှစ်ခု၏ ရလဒ်ကို ကြားလိုက်ရသည့်အခါ ချန်းပင်အန်းက အံ့သြသွားခဲ့သည်။ လေမိုးကြိုးဥယျာဉ်က တိုက်ပွဲနှစ်ခုလုံးကို ရှုံးနိမ့်သွားခဲ့ပြီး ထိုတိုက်ပွဲအတောအတွင်း နာမည်ကျော်ကြားပြီး အစွမ်းထက်သည့် ဓားသမားနှစ်ယောက်ကို ဆုံးရှုံးခဲ့ရ၏။ သူတို့နှစ်ယောက်လုံးက ကျန့်ယန်တောင်မှ ပြိုင်ဘက်များ၏ လက်ထဲတွင် သေဆုံးသွားခဲ့ရသည်။

ဒုတိယတိုက်ပွဲတွင်တော့ တိုက်ခိုက်သူ နှစ်ယောက်စလုံး သေဆုံးသွားခဲ့သော်လည်း ကျန့်ယန်တောင်မှ ကျင့်ကြံသူကတော့ လေမိုးကြိုးဥယျာဉ်မှ ပြိုင်ဘက်ထက် အနည်းငယ်ပို၍ အချိန်ကြာမြင့်စွာ အသက်ရှင်နိုင်ခဲ့သည်။ ထို့ကြောင့် စည်းမျဉ်းစည်းကမ်းများအရ ဖုန်းရွှယ်ကျောင်းဆောင်က ကျန့်ယန်တောင်ကို အနိုင်ပေးခဲ့ခြင်း ဖြစ်၏။

နတ်ဘုရားစင်မြင့်က အလွန်ကျယ်ပြန့်လွန်းလှသော်လည်း တိုက်ပွဲကို လာရောက်ကြည့်ရှုသည့်လူ များများစားစား မရှိချေ။ နတ်ဘုရားစင်မြင့်၏ အရှေ့မြောက်ထောင့်တွင်တော့ အဆောက်အဦး အနိမ့်အမြင့်များစွာ ရှိနေပြီး အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် လုံလောက်သည့် အဆင့်အတန်းနှင့် ကျင့်စဉ်အဆင့် ရှိနေသော ချီကျင့်ကြံသူများကသာ ထိုအဆောက်အဦးငယ်လေးများထဲမှနေ၍ တိုက်ပွဲကိုကြည့်ရန် ခွင့်ပြုထားသည်။

ထိုတိုက်ပွဲကို ကြည့်ရှုလိုသော တခြားလူများကတော့ ဖုန်းရွှယ်ကျောင်းဆောင်ထဲတွင် ရှိနေသော တခြားတောင်တန်းများပေါ်မှသာ ကြည့်ရှုနေနိုင်သည်။ ထို့ကြောင့် ဆန့်ကျင်ဘက်ဂိုဏ်းနှစ်ခုက နတ်ဘုရားစင်မြင့်တစ်ခုလုံးကို သိမ်းပိုက်ထားသလို ဖြစ်နေခဲ့၏။

စကားအနည်းငယ် ပြောဆိုလိုက်ပြီးနောက် ကျန်းရှန်က ဖုန်းရွှယ်ကျောင်းဆောင်နှင့် ကျန့်ယန်တောင်တို့ အကြောင်းကို လုံးဝမကြားဖူးကြောင်း ချန်းပင်အန်းက နားလည်သွားခဲ့ရသည်။ သို့သော် ထိုအရာက မထင်မှတ်ထားစရာတော့ မရှိချေ။ ပြည့်စုံကျူပင် ကုန်းမြေကြီးတွင် ရှိနေသော ချီကျင့်ကြံသူများက သူတို့ကိုယ်သူတို့ အလွန်အဆင့်အတန်းမြင့်သည်ဟု ခံယူထားကြပြီး ကုန်းမြေကြီး (၉)ခုထဲတွင် အသေးငယ်ဆုံးဖြစ်သော အရှေ့ပိုင်းကုန်းမြေကြီးကိုတော့ အလွန်အထင်သေးကြသည်။

ချောက်ကမ်းပါးကျောင်းတော်၊ ကန်ကြည့်ကျောင်းတော်နှင့် ချွေးချန်း ၊ စုန့်ချန်ကျင့်၊ ဝေ့ကျင်းတို့ကဲ့သို့ သူများကသာ ပြည့်စုံကျူပင် ကုန်းမြေကြီးထဲရှိ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် လေးစားမှုနှင့် ထိုက်တန်သည်ဟု သတ်မှတ်ထားကြ၏။

ထို့ပြင် ကျန်းရှန်၏ ကျင့်စဉ်အဆင့်နှင့် သူက မတူညီသော ကုန်းမြေကြီးမှ လူတစ်ယောက် ဖြစ်နေသော အချက်ကြောင့် အကယ်၍ သူကသာ အရှေ့ပိုင်းကုန်းမြေကြီးအကြောင်း အတော်လေး သိနေမည် ဆိုလျှင်ပင် ပို၍ ထူးဆန်းနေပါလိမ့်မည်။

လေမိုးကြိုးဥယျာဉ်နှင့် ကျန့်ယန်တောင်တို့က ကမ္ဘာမကြေ ရန်သူများဖြစ်ကြောင်း ကုန်းမြေကြီးတစ်ခုလုံးက သိနေကြသည်။ လေမိုးကြိုးဥယျာဉ်၏ အနက်ရှိုင်းဆုံး အပိုင်းထဲတွင် တိုက်ခိုက်ခဲ့သော ဓားပညာ စိန်ခေါ်ပွဲတွင် ကျန့်ယန်တောင်သခင်မ၏ အကြွင်းအကျန် ရှိနေသည်။ တိုက်ပွဲထဲတွင် သူမ သေဆုံးသွားသည့်အချိန်၌ သူမက ထိုနေ့ကို ပြင်ပလောကသို့ ထုတ်ဖော်ပြသခဲ့၏။ လေမိုးကြိုးဥယျာဉ်က သူမ၏ အလောင်းကို ပြန်ပေးရန် ဆန္ဒမရှိခဲ့ပေ။

ထို့ကြောင့် ကျန့်ယန်တောင်မှ တပည့်များက သူမကို သင့်တော်သော မြေမြှုပ်သဂြိုဟ်မှုများ လုပ်ဆောင်နိုင်ခြင်း မရှိသလို သူမ၏ ခေါင်းကို ထိုးဖောက်နေသည့် ဓားရှည်တစ်ချောင်းကိုလည်း ဘဝတစ်လျှောက်လုံး ဆွဲထုတ်ခဲ့ရခြင်း မရှိပေ။ သူမ၏ အလောင်းက လေမိုးကြိုးဥယျာဉ်မှ တပည့်များနှင့် ဧည့်သည်များ လှောင်ပြောင်ကြည့်ရှုနိုင်သည့် ဓားတိုက်ပွဲခန်းမထဲတွင်သာ ရှိနေရသည်မှာ နှစ်ပေါင်း ၃၀၀ ခန့် ကြာခဲ့ပါပြီ။ ထိုအရာက အကြီးမားဆုံး အရှက်ရမှုတစ်ခုလည်း ဖြစ်၏။

ကျန့်ယန်တောင်က ကုန်းမြေကြီးပေါ်ရှိ ဓားသိုင်းပညာတွင် အထွတ်အထိပ်၌ ရပ်တည်နေခဲ့သည်။ သူတို့က လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀) လုံးလုံး သူတို့၏ စွမ်းအားများကို ဖြည်းဖြည်းချင်း မြှင့်တင်လာခဲ့၏။ အငယ်ဆုံးမျိုးဆက် တပည့်(၃)ယောက်က လေမိုးကြိုးဥယျာဉ်ထက်ပင် ပို၍ ထူးခြားပြီး နှစ်ပေါင်း (၆၀) ကြာလျှင် တစ်ကြိမ် ကျန့်ယန်တောင်မှ လူတစ်ယောက်က သူတို့သခင်မ၏ အလောင်းကို ပြန်လည်ရယူရန်အတွက် လေမိုးကြိုးဥယျာဉ်ကို စိန်ခေါ်တတ်သည်။

သို့သော် လေမိုးကြိုးဥယျာဉ်၏ ခေါင်းဆောင်က ကျန့်ယန်တောင်သခင်မကို သတ်ပစ်ခဲ့သောလူ ဖြစ်နေသည်။ သူက ထိုတိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် နှစ်ပေါင်း (၃၀၀) ကျော် ဆက်လက်ရှင်သန်နိုင်ခဲ့၏။ ကျန့်ယန်တောင်က ထိုအတောအတွင်း မရေမတွက်နိုင်သော ပါရမီရှင်များကို မွေးထုတ်နိုင်ခဲ့သော်လည်း သူတို့ထဲက တစ်ယောက်မျှ ထိုဥယျာဉ်သခင်ကို အနိုင်ရနိုင်ခြင်း မရှိချေ။

သူ့ကို စိန်ခေါ်ရန် ရောက်လာသည့် လူတိုင်းကကျန့်ယန်တောင်သခင်မကို သတ်ပစ်ခဲ့သည့် အချိန်ကထက်ပင် ပို၍ ဆိုးရွားစွာ ရင်ဆိုင်ခဲ့ကြရသည်။ သူက တွေးထင်ထားသလို စိတ်သဘောထား ကောင်းမွန်ပြီး သနားကြင်နာတတ်သည့် လူတစ်ယောက် မဟုတ်ပေ။ သူက စိန်ခေါ်သူများ၏ သက်ရှည်တံတားကို ဖျက်ဆီးခြင်း သို့မဟုတ် သူတို့၏ အသက်ဓားပျံများကို ဖျက်ဆီးခြင်းများသာ လုပ်ဆောင်ခဲ့၏။

အမှန်အတိုင်း ပြောရလျှင် ကျန့်ယန်တောင်မှ ကျင့်ကြံသူများအတွက်တော့ ထိုအရာက သေသည်ထက်ပင် ပို၍ ဆိုးရွားသော ကံကြမ္မာတစ်ခု ဖြစ်သည်။ သူတို့က အလွန်ဆိုးရွားသော ကံကြမ္မာမျိုးနှင့် စော်ကားခံရမည့်အစား တိုက်ပွဲထဲတွင် သေဆုံးခြင်းကိုသာ ပို၍ ရွေးချယ်လိုကြ၏။

ထိုအရာကတော့ လေမိုးကြိုးဥယျာဉ်မှ တစ်ကိုယ်တော် ပညာရှင်က တောင်တစ်တောင်လုံးကို အုပ်စိုးနေသည် ဟူသော ဇာတ်လမ်းတစ်ပုဒ်၏ အစလည်း ဖြစ်သည်။

နောက်ဆုံးတွင်တော့ လေမိုးကြိုးဥယျာဉ်သခင်က သေဆုံးသွားခဲ့ပြီး သူက နွေဦးရာသီ အစောပိုင်းတွင် ပြန်လည်ဝင်စားလာသည်ဟု ပြောကြသည်။ သူ၏ သေဆုံးမှုက နောက်ဆုံးစိန်ခေါ်မှုအပြီး နှစ်ပေါင်း (၆၀) တိတိ ပြည့်သည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေခဲ့၏။

လေမိုးကြိုးဥယျာဉ်က ထိုအရာကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ကျန့်ယန်တောင်မှ ကျင့်ကြံသူများကတော့ ထိုအရာကို သိသွားကြသေးသည်။

ထိုသတင်း ပေါက်ကြားလာသည့် အချိန်တွင် ကျန့်ယန်တောင်မှ ကျင့်ကြံသူများက အလွန်ဝမ်းသာနေကြ၏။ တချို့ကတော့ သေဆုံးသွားခဲ့သော သူတို့သခင်မအတွက် အမွှေးတိုင်နှင့် အရက်များ ပူဇော်ပေးကြပြီး အသက်ကြီးသည့် ကျင့်ကြံသူတချို့ကတော့ လွန်ခဲ့သည့် နှစ်ပေါင်း (၃၀၀) လုံးလုံး ခံစားခဲ့ရသည့် အရှက်ခွဲခံရမှုကို မေ့ပျောက်ကာ အရက်မူးသွားသည်အထိ သောက်စားပျော်ပါးခဲ့ကြ၏။

ကျန့်ယန်တောင်မှ လူငယ်ဓားသမားများက အပြင်ထွက်သည်မှာ ရှားပါးပြီး နောက်ဆုံးတွင်တော့ သူတို့ ခံစားခဲ့ရသော နှစ်ပေါင်း (၃၀၀)တိုင်တိုင် အရှက်ခွဲခံရမှုအတွက် လက်တုံ့ပြန်ရန် အခွင့်အရေးတစ်ခု ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကျန့်ယန်တောင်က ပထမတိုက်ပွဲ(၂)ခုကို အလွန်ရိုးရှင်းစွာ အနိုင်ရခဲ့ပြီး ရလဒ်အနေနှင့် တတိယတိုက်ပွဲကတော့ အပေါ်ယံသာ ဖြစ်လာနိုင်သည်။ ချိုးရှီကတော့ အနည်းငယ် စိုးရိမ်နေခဲ့၏။ သူမ၏ မျက်လုံးထဲတွင် နောက်ဆုံးတိုက်ပွဲက ဖြစ်လာတော့မည် မဟုတ်ချေ။

လေမိုးကြိုးဥယျာဉ်က တိုက်ပွဲနှစ်ခုလုံးကို ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။ သူတို့က ဒုတိယတိုက်ပွဲတွင် အနည်းငယ် မျက်နှာရသော်လည်း တိုက်ခိုက်သူနှစ်ယောက်စလုံးက သေဆုံးသွားခဲ့ကြရ၏။ အကယ်၍ သူတို့ကသာ နောက်ဆုံးတိုက်ပွဲကို ရှုံးနိမ့်သွားရမည်ဆိုလျှင် (၃)ပွဲဆက်တိုက် ရှုံးနိမ့်သွားရမည်ဖြစ်ပြီး လေမိုးကြိုးဥယျာဉ်၏ ဂုဏ်သတင်းကလည်း လုံးဝကို ပျက်စီးသွားရပါလိမ့်မည်။

အကယ်၍ လေမိုးကြိုးဥယျာဉ်ကသာ ဤနေရာ၌ ရပ်တန့်လိုက်မည်ဆိုလျှင် အနည်းဆုံးတော့ သူတို့က အောင်မြင်စွာ ရှုံးနိမ့်သည်ဟု ပြောနိုင်ပါသေးသည်။

ရုတ်တရက်ဆိုသလို ချန်းပင်အန်းက အထွတ်အမြတ်သစ်ပင်ကြီး ရှာဖွေသည့် တောင်တန်းပေါ်ရှိ ခရီးစဉ်အတွင်း သူနှင့်အတူ လိုက်လာသော ဓားသမား လျှိုပါ့ချောင်ကို တွေးမိခဲ့သည်။ သူက ပြောလိုက်၏။

"လေမိုးကြိုးဥယျာဉ်က တတိယတိုက်ပွဲကို သေချာပေါက် တိုက်ခိုက်လိမ့်မယ်…"

ချန်းပင်အန်းအတွက်တော့ လျှိုပါ့ချောင်က မိတ်ဆွေတစ်ယောက် မဟုတ်သလို ရန်သူတစ်ယောက်လည်း မဟုတ်ချေ။ သို့သော် ပြင်ပကမ္ဘာကြီးထဲမှနေ၍ မြို့ငယ်လေးကို လာရောက်လည်ပတ်ခဲ့သော ကျင့်ကြံသူအုပ်စုထဲတွင် သူတစ်ယောက်တည်းကသာ ချန်းပင်အန်းအပေါ် အလွန်လေးနက်သော ခံစားမှုတစ်ခု ရှိနေခဲ့သည်။

လျှိုပါ့ချောင်ကဲ့သို့ ဓားသမားတစ်ယောက်ကို မွေးထုတ်ပေးနိုင်သော ဂိုဏ်းတစ်ခုက သူတို့မျက်နှာရရန်အတွက် သေချာပေါက် အလျော့ပေးမည်မဟုတ်ကြောင်း သူက တွေးမိနေခဲ့သည်။

သေချာသွားသည်မှာ ဖုန်းရွှယ်ကျောင်းဆောင်၊ လေမိုးကြိုးဥယျာဉ်နှင့် ကျန့်ယန်တောင်တို့ (၃) ပွင့်ဆိုင် လျှို့ဝှက်ဆွေးနွေးခဲ့ပြီးနောက် အရပ်ပုပုနှင့် ကလေးဆန်သော မျက်နှာရှိနေသည့် ဖုန်းရွှယ်ကျောင်းဆောင်၏ အရှင်သခင်က နတ်ဘုရားစင်မြင့်၏ အလယ်ကို ကျင့်ကြံသူနှစ်ယောက်နှင့်အတူ ရောက်လာခဲ့သည်။ သူက တတိယတိုက်ပွဲ တိုက်ခိုက်ရတော့မည်ဖြစ်ကြောင်း ကြေညာခဲ့၏။

ကျန့်ယန်တောင်က စုကျားကို စေလွှတ်ခဲ့သည်။ သူမက နောက်ကျောတွင် ဓားရှည်တစ်ချောင်းကို လွယ်ထားပြီး ခါးတွင် ဓားအားဖြည့် ဘူးသီးခြောက်တစ်ခု ချိတ်ဆွဲထားသည်။ သူမ၏ပုံစံက ပုံမှန်အတိုင်း အတော်လေးကို လှပနေခဲ့၏။

လေမိုးကြိုးဥယျာဉ်ကို ကိုယ်စားပြုသော ဓားသမားကတော့ ဥယျာဉ်သခင်၏ နောက်ဆုံးတပည့်ဖြစ်ပြီး သူ့နာမည်က ဟွမ်ဟယ် ဖြစ်သည်။ သူက နောက်ကျောတွင် အလွန်ကြီးမားသော ဓားအိမ်တစ်ခုကို သယ်ဆောင်ထား၏။ ထိုဓားအိမ်ထဲတွင် ရှိနေသော ဓားက အလွန်ကြီးမားသော ဓားကြီးတစ်ခု သို့မဟုတ် ဓားငယ်လေး မြောက်မြားစွာ ရှိမရှိ မည်သူကမျှ ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။

လူတိုင်းနီးပါး၏ အာရုံက ထိုလူငယ်ဓားသမားနှင့် သူ့ဓားအပေါ်သာ ရှိနေကြသည်။ သို့သော် တစ်ဖက်တွင်တော့ ချန်းပင်အန်းက သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော အစစ်အမှန် ချီစွမ်းအားများကို လှည့်ပတ်နေသည်။ သူ့အကြည့်ကတော့ နတ်ဘုရားစင်မြင့်ပေါ်ရှိ အဆောက်အဦးများကို အာရုံစိုက်နေပြီး တစ်စုံတစ်ယောက်ကို ရှာဖွေရန် ကြိုးစားနေခဲ့၏။

ထိုပန်းချီကားက အလွန်ကြီးမားလွန်းလှသည်။ သို့သော် အဓိကအကြောင်းပြချက်ကတော့ ချီကျင့်ကြံသူများနှင့် သိုင်းပညာရှင်များ၏ အမြင်အာရုံက သာမန်လူများထက် အဆပေါင်းများစွာ ပို၍ ကောင်းမွန်ကြ၏။ သာမန်လူတစ်ယောက်သာဆိုလျှင် သဲတစ်ပွင့်စာ အရွယ်ဟုသာ မြင်တွေ့ရမည်ဖြစ်သော်လည်း တာအိုဘိုးဘေးကတော့ ကမ္ဘာကြီးတစ်ခုလုံးကိုပင် မြင်တွေ့နိုင်သည်။

တခဏအတွင်း ချန်းပင်အန်း၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။ ထို့နောက် သူက ပျံလွှားလျှာ လက်ဖက်ခြောက်ရွက် အနည်းငယ်ကို ကောက်ယူပြီး ဝါးစားလိုက်သည်။

အလွန်မြင့်မားသော အဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် ရှိနေသော စြင်္ကံပေါ်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော အကြီးအကဲတစ်ယောက် မတ်တပ်ရပ်နေသည်။ သူက လက်ပိုက်ထားပြီး နတ်ဘုရားစင်မြင့်ကို ငုံ့ကြည့်နေခဲ့၏။ သူ့ပုခုံးပေါ်တွင်တော့ ချစ်စရာကောင်းသော ကလေးမလေးတစ်ယောက် ရှိနေသည်။ ထိုအကြီးအကဲက ညာဘက်အလယ်တွင် ရပ်နေခြင်းဖြစ်ပြီး သူ့ဘေးတွင်တော့ ကျန့်ယန်တောင်မှ နာမည်ကျော် ပညာရှင်များ ရှိနေသည်။ သူတို့အားလုံးဆီမှ ထွက်ပေါ်လာသော အငွေ့အသက်များက အတော်လေးကို ကြောက်စရာကောင်း၏။

ချန်းပင်အန်းက ထိုအဖြူဝတ်အဘိုးအိုကို ခဏကြာ စူးစူးနင့်နင့် စိုက်ကြည့်နေပြီး နောက်ထပ် အဆောက်အဦးမြင့်မြင့် တစ်ခုဆီကို လှည့်ကြည့်လိုက်သည်။ ထိုအရာကတော့ လေမိုးကြိုးဥယျာဉ်မှ ကျင့်ကြံသူများအတွက် နတ်ဘုရားစင်မြင့်က စီစဉ်ပေးထားသော အဆောက်အဦးလည်း ဖြစ်သည်။ ထိုအဆောက်အဦးပေါ်တွင်တော့ မတ်တပ်ရပ်နေသော ဓားသမားအနည်းငယ်သာ ရှိသည်။

အလယ်ဘုံ(၅) ဆင့်ကို ရောက်နေသော ဓားသမားအားလုံးကို စေလွှတ်ခဲ့သည့် ကျန့်ယန်တောင်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် လေမိုးကြိုးဥယျာဉ်ကတော့ ထိုတိုက်ပွဲကို လူများများ စေလွှတ်ခဲ့ခြင်း မရှိချေ။ အများစုက အတော်လေးကို ငယ်ရွယ်ပုံရ၏။

ဥပမာအနေနှင့် ပြောရလျှင် လျှိုပါ့ချောင်က ထူးခြားမှုမရှိသော အနေအထားနှင့် လက်ရန်းတစ်ခု၏ နောက်ကွယ်တွင် ထိုင်နေသည်။ သို့သော် သူ့ပုံစံက တက်ကြွနေသော်လည်း လေမိုးကြိုးဥယျာဉ်က နှစ်ပွဲတိတိ ရှုံးနိမ့်ပြီးသွားသည့် အချိန်တွင် သူ၏မျက်နှာက အတော်လေးကို ပျက်ယွင်းနေခဲ့သည်။

ကျန်းရှန်ကတော့ ထိုတိုက်ပွဲကို စူးစူးနင့်နင့် စိုက်ကြည့်နေပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"တိုက်ပွဲစတော့မယ်…"

ချိုးရှီက အပြုံးနှင့် ပြောလိုက်သည်။

"ပထမဆုံး တိုက်ပွဲနှစ်ခုမှာ နှစ်ဖက်စလုံးက အချင်းချင်း သတ်ဖြတ်ဖို့ပဲ ဦးတည်ခဲ့ကြတယ်။ ဒါပေမယ့် ဒီတိုက်ပွဲရဲ့ ရလဒ်ကတော့ ထူးခြားမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီတိုက်ပွဲက အရင်တိုက်ပွဲနှစ်ခုလို ကြမ်းတမ်းမှာ မဟုတ်ဘဲ အေးအေးဆေးပဲ ပြီးဆုံးသွားမယ်ထင်တယ်…"

ချန်းပင်အန်းကတော့ ထိုကိစ္စအပေါ် ထင်မြင်ချက် မပေးခဲ့ပေ။ သူ့အတွေးများက ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံခြျန်းပင်အန်းက ကျန့်ယန်တောင်မှ ကျင့်ကြံသူများအတွက် စီစဉ်ပေးထားသော စံအိမ်ထဲတွင် သူ မှတ်မိနိုင်သမျှ မျက်နှာများအားလုံးကို တိတ်တဆိတ် မှတ်သားနေခဲ့သည်။ ရန်သူကို သိရှိထားခြင်းကသာ အကောင်းဆုံး ပြင်ဆင်နိုင်သည်။ တခြားသူများဆီမှ ထိုလူများအကြောင်းကို ကြားရခြင်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့မျက်လုံးနှင့် မြင်တွေ့ရခြင်းက ပို၍ အဆင်ပြေနိုင်၏။

ထိုလူများက တောင်ပေါ်သို့ တက်လှမ်းမည့် သူ၏လမ်းကြောင်းကို နှောင့်ယှက်မည့်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အားလုံးက သူ့ရန်သူများ ဖြစ်လာနိုင်၏။ သူကတော့ ထိုအဆင့်ကို ရောက်ရန် အတော်လေး ဝေးကွာနေသေးသည်။ မည်သို့ဖြစ်စေကာမူ လက်ရှိအချိန်တွင်တော့ သူက အဆင့် (၃) သိုင်းပညာရှင်တစ်ယောက်သာ ဖြစ်နေသေး၏။

စိမ်းပြာရောင် သားမွေးဦးထုပ် ဆောင်းထားသော အဘိုးအိုက ပြောလိုက်သည်။

"ဒီတစ်ကြိမ်တော့ စုကျားလို့ ခေါ်တဲ့ ကောင်မလေးက အခြေအနေကောင်းမှာ မဟုတ်လောက်ဘူး…”

ညာဘက်ဆုံးတွင် ထိုင်နေသော လူငယ်ဓားသမားကတော့ သူ့ခါးတွင် ချိတ်ထားသော ဓားအိမ်ကို လက်နှင့်ပုတ်ပြီး ခေါင်းညိတ်ထောက်ခံလိုက်သည်။

"သူက သေချာပေါက် ရှုံးလိမ့်မယ်။ အဲဒီဓားအားဖြည့် ဘူးသီးခြောက်က သူ့လက်ထဲကို ရောက်သွားတာ တော်တော်လေး ဆိုးတာပဲ။ ပြည့်စုံကျူပင် ကုန်းမြေကြီးတစ်ခုလုံးမှာ ရှာမယ်ဆိုရင်တောင် ဒီလို ဓားအားဖြည့် ဘူးသီးခြောက်မျိုး ရှာတွေ့ဖို့ လွယ်မှာ မဟုတ်ဘူး…"

အမှန်တကယ်လည်း သိုင်းကွက် (၃)ကွက်အတွင်း တိုက်ပွဲက ပြီးဆုံးသွားခဲ့သည်။ စုကျားက သူမ၏ဓားကို ဆွဲထုတ်လိုက်ပြီး သူမ၏ ဓားအားဖြည့် ဘူးသီးခြောက်ထဲမှနေ၍ အသက်ဓားပျံကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူမက ဟွမ်ဟယ်ကို တစ်ဖက်သတ် ရှုံးနိမ့်သွားခဲ့ရသေး၏။

သူ့နောက်ကျောတွင် ရှိနေသော ဧရာမဓားကြီးထဲတွင် ဓားငယ်လေးများစွာ ပြည့်နှက်နေသည်။ သူက နောက်ကျောတွင် ပျားအုံတစ်ခု သယ်ဆောင်ထားသလိုမျိုး ဖြစ်နေခဲ့၏။ ထိုအထဲတွင် အသက်ဓားပျံ တစ်ခုမျှ မပါခဲ့ပေ။ ထိုအစား သူက အလွန်များပြားလွန်းလှသော ဓားပျံများကို ထိန်းချုပ်နိုင်ခဲ့၏။စုကျားက ထိုအရာကို ရင်ဆိုင်ရန် လုံးဝအစွမ်း မရှိခဲ့ပေ။

ဓားပျံတစ်ချောင်းက သူမ၏ဓားကိုင်လက်ကို ထိုးဖောက်သွားခဲ့ပြီး သူမ၏ ခါးပတ်တွင် ဓားအားဖြည့် ဘူးသီးခြောက်နှင့် ချည်ထားသည့် အနီရောင်ကြိုးကို ဖြတ်တောက် ပစ်ခဲ့သည်။ နောက်ဆုံးတွင်တော့ ဓားပျံတစ်စုံက သူမ၏ လက်ကောက်ဝတ်ကို ဖြတ်တောက်သွားခဲ့၏။ သူမက သွေးများနှင့် မြေပေါ်သို့ လဲကျသွားသည့်အချိန်တွင် သတိလစ်သွားခဲ့သည်။

အရှေ့ပိုင်းကုန်းမြေကြီးပေါ်တွင် ကောင်းကင်မိန်းမပျိုများကို မလေးစား အားမကျသည့်လူ များများစားစား မရှိချေ။ မူလတုန်းက ကျောက်စိမ်းမိန်းမပျို ဟယ်ရှောင်လျန့်ကတော့ ထိပ်တန်းစာရင်းထဲတွင် သေချာပေါက် ရှိနေပြီး သူမ၏ နောက်တွင်တော့ စုကျားနှင့် တခြားမိန်းမပျို (၃)ယောက် (၄)ယောက်ခန့် ရှိသည်။

မြောက်များလွန်းလှသော လူငယ်ချီကျင့်ကြံသူများ၏ မျက်လုံးထဲတွင်တော့ သူတို့က လူသားကမ္ဘာကြီးထဲသို့ ဆင်းသက်လာသော နတ်သမီးလေးများ ဖြစ်ကြသည်။ ထို့ပြင် သူတို့က ချစ်ခြင်းမေတ္တာတရားနှင့် လေးစားအားကျမှုကို ပြသနေခဲ့ကြ၏။

စုကျားနှင့် တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် ဟွမ်ဟယ်က သူ၏ အသက်ဓားပျံကို ရုပ်သိမ်းလိုက်ပြီး စင်မြင့်ရှိရာကို လှမ်းကြည့်၍ ကြေညာလိုက်သည်။

"နှစ်ပေါင်း (၆၀) အတွင်း ကျုပ်က ကျန့်ယန်တောင်ကို လာပြီး စိန်ခေါ်မယ်။ ကျုပ်က နောက်ထပ် ခေါင်းတစ်ခု ဖြတ်ပြီးတော့ လေမိုးကြိုးဥယျာဉ်ထဲမှာ နောက်ထပ် ချိတ်ထားမယ်…"

ထိုစကားကြောင့် ကျန့်ယန်တောင်မှ အကြီးအကဲတစ်ယောက်က စင်မြင့်၏ အပေါ်ဆုံးအလွှာတွင် မတ်တပ်ရပ်လိုက်ပြီး အလွန်ဒေါသထွက်သွားခဲ့သည်။ သူက တိုက်ပွဲစင်မြင့်ပေါ်သို့ ဆင်းသွားပြီး ထိုကောင်စုတ်လေးကို ခြေထောက်နှင့် နင်းချေပစ်ချင်စိတ်ကို မနည်းထိန်းချုပ်နေခဲ့ရ၏။

ရုတ်တရက်ဆိုသလို လေမိုးကြိုးဥယျာဉ်မှ ကျင့်ကြံသူများ ရှိနေသော စံအိမ်၏ အပေါ်ဆုံးတံခါးက ပွင့်လာခဲ့သည်။ ထို့နောက် အတွင်းထဲမှနေ၍ အနက်ဝတ် ဓားသမားတစ်ယောက် ထွက်ပေါ်လာခဲ့၏။ သူက ကျန့်ယန်တောင်မှ တည်ထောင်သူ အကြီးအကဲကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

"ငါတို့လို အဘိုးကြီးတွေက လူငယ်လေးတွေကို အနိုင်ကျင့်တာ မသင့်တော်ဘူး။ တကယ်လို့ မင်းက တိုက်ခိုက်ချင်တယ်ဆိုရင် ငါက မင်းရဲ့ပြိုင်ဘက် ဖြစ်ပေးရမလား.."

စံအိမ်ထဲမှ ထိုဓားသမား ထွက်ပေါ်လာသည့် အချိန်တွင် ကျန့်ယန်တောင်မှ တည်ထောင်သူ အကြီးအကဲကိုယ်တိုင် တိတ်ဆိတ်သွားသည့်အပြင် ကျန့်ယန်တောင်မှ ကျင့်ကြံသူများ အားလုံးကလည်း လုံးဝကို အံ့သြသွားခဲ့ရသည်။ သူတို့၏ မျက်လုံးထဲတွင် စိတ်ဓာတ်ကျမှုများပင် ပေါ်လာခဲ့၏။

ထိုလူကတော့ လေမိုးကြိုးဥယျာဉ်၏ အရှင်သခင် လီထွမ်ကျင်း ဖြစ်သည်။ သူက အသက် (၄၀) အရွယ်တွင် အဆင့် (၁၀) ကို ရောက်ခဲ့သော ပါရမီရှင် ဓားသမား တစ်ယောက် ဖြစ်၏။ သို့သော် အလွန်ထူးဆန်းသည်မှာ သူက နောက်ထပ် နှစ်ပေါင်း (၁၀၀) ကျော် ကြာသွားခဲ့သော်လည်း သူ၏ကျင့်ကြံမှုက ဆက်လက်တိုးတက်ခဲ့ခြင်း မရှိပေ။

သို့သော် သူက အထက်ဘုံ(၅) ဆင့်သို့ မရောက်သေးသော်လည်း အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးတွင် အစွမ်းထက်ဆုံး ဓားသမားတစ်ယောက်ဟု သတ်မှတ်နိုင်သေးသည်။

သူက ကုန်းမြေကြီးတစ်ခုလုံး၏ အဆင့် (၁၀) ဓားသမားများထဲတွင် ကြောက်စရာအကောင်းဆုံး သေချာပေါက် ဖြစ်နိုင်၏။ အဆင့် (၁၁)ကို မရောက်ခင် ဝေ့ကျင်း ကိုယ်တိုင်ကပင် လီထွမ်ကျင်း၏ ပြိုင်ဘက် မဟုတ်ကြောင်း ဝန်ခံခဲ့သည်။ သူက သေဆုံးသွားပြီ မဟုတ်ပေလော။

လီထွမ်ကျင်းက ရူးသွပ်နေပုံရသော ကျန့်ယန်တောင်မှ ကျင့်ကြံသူများကို ဆက်လက်အာရုံစိုက်ခဲ့ခြင်း မရှိချေ။ သူက အပြုံးနှင့် ခေါင်းမော့လိုက်ပြီး တိုက်ပွဲမြင်ကွင်းများကို ကြည့်ရှုနေသည့် လူများအားလုံးရှိရာကို လှည့်ကြည့်လိုက်သလို ထင်ရသည်။ ထို့နောက် သူက လက်ဖျောက်တီးလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို သုံးလိုက်ရာသူ၏လက်ကောက်ဝတ်ထဲမှနေ၍ လေလှိုင်းလေးတစ်ခု ညင်သာစွာ တိုက်ခတ်လာခဲ့၏။

အလွန်သိမ်မွေ့သော လေလှိုင်းလေးက အလွန်အစွမ်းထက်သော ဓားချီစွမ်းအင် အမျှင်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက နတ်ဘုရားစင်မြင့်၏ အပေါ်ဘက် ကောင်းကင်ပေါ်တွင် လှည့်ပတ်သွားခဲ့ပြီး နတ်ဘုရားစင်မြင့်နှင့် ပြင်ပကမ္ဘာကြီးကို ဆက်သွယ်မှု ဖြတ်တောက်လိုက်သည်။

ပွဲကြည့်စင်တွင် ရှိနေသော လူအားလုံးက လုံးဝကို အံ့သြသွားခဲ့ပြီး အပြင်ဘက်တွင် ရှိနေသူများကတော့ မှင်သက်နေမိကြသည်။ နတ်ဘုရားစင်မြင့်ပေါ်တွင် ရှိနေသော မြင့်မားသည့် အဆောက်အဦးပေါ်တွင် ရပ်နေရင်း လီထွမ်ကျင်းက ကျန့်ယန်တောင်မှ ကျင့်ကြံသူများကို တိုက်ခိုက်ခဲ့ခြင်း မရှိသလို ခြိမ်းခြောက်မှုလည်း မလုပ်ခဲ့ပေ။ ထိုအစား သူက အဝေးတွင် လွင့်မျောနေသော တိမ်တိုက်များကိုသာ တွေဝေစွာ ငေးမောကြည့်ရှုနေမိခဲ့၏။

ထိုအရာကို မြင်သည့်အခါ ဖုန်းရွှယ်ကျောင်းဆောင်မှ ကျင့်ကြံသူများကတော့ အတော်လေး စိတ်အေးသွားခဲ့ရသည်။ အစွမ်းထက်ဆုံး အဆင့်(၁၀) ဓားသမားတစ်ယောက်ဖြစ်သည့် လီထွမ်ကျင်း၏ စွမ်းအားများက ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သည်။

ချီကျင့်ကြံသူတစ်ယောက်က အဖွဲ့တစ်ခုတည်းတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည့် အချိန်တိုင်း အထူးသဖြင့် ကုန်းမြေကြီးတစ်ခုလုံးတွင် သူတို့က အလွန်အမင်းကို ကြောက်စရာ ကောင်းလာပါလိမ့်မည်။

ဥပမာအနေနှင့် ပြောရလျှင် စုန့်ချန်ကျင့်က ကုန်းမြေကြီးပေါ်တွင် အစွမ်းထက်ဆုံး အဆင့် (၉) သိုင်းပညာရှင် တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရသည့်အချိန်တွင် သူက မြို့တော်ထဲ၌ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း အဆင့် (၁၀) ပညာရှင် တစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ကို ပြသနိုင်ခဲ့၏။

All Chapters