အခန်း (၂၄၄)
Vol. 17 Ch. 244
Translated by Hein Htet.
ဌာနေပြန် ဓားတစ်လက်
အပိုင်း (၂၄၄) {စာစဉ် ၁၇ - အပိုင်း(၉)}
ကုန်းမြေကြီး၏ သမိုင်းကြောင်းထဲတွင် အငယ်ဆုံး အဆင့် (၁၀) ဓားသမားဟူသော လီထွမ်ကျင်း၏ မှတ်တမ်းကို ချိုးဖျက်လိုက်သူမှာ ဝေ့ကျင်း ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ သူက အထက်ဘုံ (၅) ဆင့်မှ အင်မော်တယ် တစ်ယောက် ဖြစ်၏။
ဟွမ်ဟယ်က နောက်ကျောတွင် ဓားအိမ်ကြီးကို လွယ်ပြီး စံအိမ်ဆီသို့ ဖြည်းညင်းစွာ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ကျန့်ယန်တောင်မှ ကျင့်ကြံသူများကတော့ စုကျားကို ပြန်လည်သယ်ဆောင်ရန် အလျင်အမြန် လူလွှတ်လိုက်ကြသည်။
ထိုတစ်ချိန်လုံး လီထွမ်ကျင်းကတော့ အပြုံးနှင့် မတ်တတ်ရပ်နေပြီး လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့၏။
"တကယ်လို့ ငါ့မှာ နောက်ဆုံး အငွေ့အသက်လေးပဲ ကျန်နေသေးမယ် ဆိုရင်တောင် ငါကတော့ အဆုံးထိ မင်းတို့ ကျန့်ယန်တောင်အပေါ် လွှမ်းမိုးထားဦးမှာပဲ။ တကယ်လို့ မင်းရဲ့ရုပ်အလောင်းကို ကျန့်ယန်တောင်ဆီ ပြန်သယ်သွားမယ် ဆိုရင်တောင် သူတို့က ဒီလုပ်ရပ်အတွက် အနိုင်ရတယ်လို့ ခံစားရပြီး အဆင်ပြေသွားတဲ့ ခံစားချက်မျိုး ရဦးမှာ မဟုတ်သေးဘူး။ မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ လောက်မှာ ငါ့ရဲ့ နှလုံးသားကို ဖျက်ဆီးခဲ့တယ်။ အပြန်အလှန် အနေနဲ့ ငါကတော့ နှစ်ပေါင်း ၃၀၀ လုံးလုံး မင်းတို့ ကျန့်ယန်တောင် တစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တယ်…”
“ကံကောင်းထောက်မပြီး ဓား အင်မော်တယ် ဖြစ်လာတဲ့ မင်းတို့ဂိုဏ်းက အငယ်တွေကလည်း အောင်ပွဲအခမ်းအနားတွေ ကျင်းပဖို့တောင် အရမ်းရှက်ရွံ့နေခဲ့ကြတယ်။ သူတို့က တောင်ထိပ်ပေါ်မှာပဲ ကြောက်ရွံ့နေပြီး သူတို့ရဲ့ မပြည့်စုံမှုအတွက် စိုးရိမ်နေကြရတယ်။ ဒီနေ့ ငါသေသွားတော့ရော ဘာဖြစ်လဲ။ မင်းက အခု ပျော်ရွှင်နိုင်ပြီလား…"
လီထွမ်ကျင်းက ထိုအတွေးများကို ဘေးဖယ်ထားလိုက်ပြီး လှေကားဆီသို့ ဆင်းသွားခဲ့သည်။ ထိုအချိန်တွင် သူက လက်ရန်းကို ညင်သာစွာ ပုတ်နေခဲ့၏။ အောက်ထပ်သို့ ရောက်သည့်အချိန်တွင် သူက လူငယ်လေးတစ်ယောက်၏ အနားသို့ လျှောက်လာခဲ့သည်။
ထိုလူငယ်လေးကတော့ တခြားလူမဟုတ်ဘဲ လျှိုပါ့ချောင် ဖြစ်သည်။ သူ၏ နှုတ်ခမ်းများက အတော်လေးကို တုန်ရီနေခဲ့၏။
"မင်း သဘောကျတဲ့ မိန်းကလေး အရှက်ကွဲသွားပြီး သူ့ရဲ့ တာအိုနှလုံးသား ပျက်စီးသွားတာကို မြင်ရတာက အရမ်းကို ဆိုးရွားတဲ့ ခံစားချက်တစ်ခု ဖြစ်လိမ့်မယ်။ သူက ဆရာတို့နဲ့ ဆန့်ကျင်ဘက်ဂိုဏ်းက ဖြစ်နေတဲ့အတွက် မင်းက သူ့ကိုလည်း မကယ်နိုင်ခဲ့ဘူး…"
လီထွမ်ကျင်းက အပြုံးနှင့် ပြောလိုက်သည်။
လျှိုပါ့ချောင်က ချက်ချင်းဆိုသလိုပင် သတိပြန်ဝင်လာပြီး လက်ရန်းဘေးတွင် မတ်တပ်ရပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော် လီထွမ်ကျင်းက သူ့ပုခုံးပေါ်သို့ လက်တင်ပြီး တားဆီးထားလိုက်၏။
"မတ်တတ်ရပ်ဖို့ မလိုဘူး။ ထိုင်လျက်အတိုင်းပဲ ဆက်ထိုင်နေလို့ ရတယ်…"
လျှိုပါ့ချောင်၏ မျက်နှာပေါ်တွင် အပြစ်ရှိသလို အမူအရာတစ်ခု ပေါ်လာခဲ့သည်။ "ဥယျာဉ်သခင်..."
လီထွမ်ကျင်းက အပြုံးနှင့် ပြောလိုက်၏။
"အဆင်ပြေပါတယ်။ မင်းက မချစ်သင့်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားတော့ရော ဘာဖြစ်လဲ။ ကောင်းကင်ကြီး ပြိုကျသွားတာမှ မဟုတ်တာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အပြစ်ရှိသလို ခံစားဖို့ မလိုပါဘူး…"
လျှိုပါ့ချောင်က မည်သို့ပြန်ဖြေရမှန်း မသိခဲ့ပေ။ သူက လီထွမ်ကျင်းအပေါ် အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှား၍ မရသလို၊ လိမ်လည် ပြောချင်စိတ်လည်း မရှိပေ။
“ဒီလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တွေကို ခံစားလိုက်ရတော့ စုကျားက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခံစားရလိမ့်မည်။ သူ့ရဲ့ဓားအားဖြည့် ဘူးသီးခြောက်ကိုတောင် ကျန့်ယန်တောင်က ပြန်သိမ်းသွားနိုင်တယ်။ သူ့ရဲ့ တာအိုနှလုံးသား ပျက်စီးသွားပြီဆိုရင် သူက သာမန်အဆင့်ကို ပြုတ်ကျသွားပြီး အရင် မင်း လေးစား အားကျခဲ့ရတဲ့ ကောင်းကင်မိန်းမပျိုဆိုတာ အခွံသက်သက်ပဲ ဖြစ်သွားလိမ့်မယ်…”
“သူက ကျန့်ယန်တောင်က သာမန် မိန်းကလေး ကျင့်ကြံသူတွေကိုတောင် ယှဉ်နိုင်မှာ မဟုတ်လောက်တော့ဘူး။ ဆရာ သိချင်တာကတော့ တကယ်လို့ အဲဒီလို အခြေအနေမျိုး ဖြစ်လာမယ်ဆိုရင်တောင် မင်း သူ့ကို ဆက်ပြီး ချစ်ဦးမှာလား…"
"ကျွန်တော် သေတဲ့နေ့အထိ သူ့ကို ဆက်ပြီး ချစ်နေမှာပဲ။ ကျွန်တော်က တော်တော်လေးကို သနားစရာကောင်းနေလား ဥယျာဉ်သခင်…"
လျှိုပါ့ချောင်က တိုးတိုးလေး ငိုရှိုက်နေရင်း ပြောလိုက်သည်။
"ဒါလည်း အရမ်းကောင်းတဲ့ အရာပါပဲ ကောင်ဆိုးလေး..."
လီထွမ်ကျင်းက သက်ပြင်းချလိုက်သည်။
"ဒီလိုဆိုမှတော့ မင်း သူ့ကို ဆက်ပြီးချစ်လို့ ရတယ်။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံမှုကိုတော့ အနှောင့်အယှက် မဖြစ်စေနဲ့။ မင်းက ငါ အမြဲတမ်း မျှော်လင့်ချက်ထားရတဲ့ လူတစ်ယောက်ပဲ။ မင်းက ဟွမ်ဟယ်ထက် နည်းနည်းလေးတောင် နိမ့်ကျတယ်လို့ ဆရာ မထင်ဘူး။ အရင်တုန်းက မင်းကို ဒီစကားတွေ မပြောခဲ့ဘူးဆိုတာ ပြောရင်လည်း အကျိုးထူးမှာ မဟုတ်လို့ပဲ။ အခု ဆရာက မင်းကို ဒီစကားတွေ ပြောနေတယ်ဆိုတာ ဆရာက ဒီတောင်ကို ကျော်နိုင်ဖို့ အခွင့်အရေး မရှိနိုင်တော့လို့ပဲ…"
ထိုစကားကို ကြားသည့်အခါ လျှိုပါ့ချောင်က လီထွမ်ကျင်းကို ပြန်လှည့်ကြည့်လိုက်သည်။
"အဲဒါက ဘာကိုဆိုလိုတာလဲ ဥယျာဉ်သခင်…"
လီထွမ်ကျင်းက ထိုမေးခွန်းကို တုံ့ပြန်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက ပြောလိုက်၏။
"မင်းရဲ့ဓားပညာကို ဆက်ပြီးတော့ ကြိုးစားပါ။ ပြီးတော့ အဲဒီအလောင်းတွေကိုလည်း ဆရာ့ရဲ့အလောင်းနဲ့ အတူတူ မြှုပ်နှံပေးပါ။ ဆရာ မင်းကို နောက်ထပ် မေးခွန်းတစ်ခုလောက် မေးချင်တယ်။ တကယ်လို့ ဆရာတို့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ကံကြမ္မာက ပြောင်းပြန်ဖြစ်သွားပြီး ကျန့်ယန်တောင်က ဆရာတို့ လေမိုးကြိုးဥယျာဉ်ကို အုပ်စိုးနိုင်လောက်တဲ့အထိ မြင့်တက်လာမယ်ဆိုရင် မင်းက ဘာလုပ်မှာလဲ…"
လျှိုပါ့ချောင်က လက်ရန်းပေါ်မှ ချက်ချင်း ခုန်ထလိုက်ပြီး စြင်္ကံလမ်းပေါ်တွင် လေးလေးနက်နက် အမူအရာနှင့် မတ်တတ်ရပ်၍ ဖြေလိုက်သည်။
"ကျွန်တော်တို့က ဓားသမားတွေပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဓားနဲ့ပဲ စကားပြောမယ်…"
"မင်းက ဆရာ ငယ်ငယ်တုန်းက ပုံစံနဲ့ တစ်ထပ်တည်းပဲ…"
လီထွမ်ကျင်းက ရယ်မောနေရင်း ပြောလိုက်သည်။
ထို့နောက် သူက အဝေးကို ငေးစိုက်ကြည့်နေရင်း အပြုံးနှင့် ဆက်ပြောလိုက်၏။
"ကံဆိုးသွားတာကတော့ အချစ်နဲ့ ပတ်သက်လာရင် အဲဒီလို စိတ်ထားမျိုးက ဘာမှ ဖြစ်မလာနိုင်ဘူး။ မင်းက ထူးချွန်တဲ့ ဓားသမားတစ်ယောက် ဆိုပေမဲ့ မင်းရဲ့ဓားက ပြဿနာအားလုံးကို ရှင်းပေးနိုင်တယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ မင်းရဲ့နှလုံးသားထဲမှာ ရှိနေတဲ့ မိန်းကလေးအကြောင်း ပြောရမယ်ဆိုရင် မင်းက ပိုပြီးတော့ နူးညံ့သိမ်မွေ့ဖို့ လိုသလို တီတီတာတာ စကားလုံးတွေကိုလည်း ပြောဖို့ လိုအပ်တယ်…"
ထိုအချိန်တွင် ဟွမ်ဟယ်က လှေကားထစ်မှနေ၍ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
လီထွမ်ကျင်းက လွတ်လပ်ပေါ့ပါးသော အပြုံးမျိုးနှင့် လူငယ်နှစ်ယောက်ကို ပြန်လှည့်ကြည့်လိုက်၏။
"ဆရာ သေသွားပြီးရင် လေမိုးကြိုးဥယျာဉ်က မင်းတို့နှစ်ယောက်ရဲ့ပုခုံးပေါ်ကို ရောက်လာလိမ့်မယ်…"
"ကျွန်တော် တစ်ယောက်တည်းပဲ ဒီတာဝန်ကို ဆက်ခံနိုင်ပါတယ် ဆရာ…"
ဟွမ်ဟယ်က အေးစက်သော အမူအရာနှင့် ပြန်ဖြေလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ငါက ဘာမှ အလုပ်လုပ်စရာ မလိုတော့ဘူး…"
လျှိုပါ့ချောင်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
လီထွမ်ကျင်းက အားရပါးရ ရယ်လိုက်ပြီး ဟွမ်ဟယ်ကို လက်ညှိုးထိုး၍ ပြောလိုက်၏။ "မင်းဆီမှာ ဓားသမားတစ်ယောက်ရဲ့ အဆုံးမဲ့စွမ်းအားနဲ့ ကြောက်မက်ဖွယ် ဂုဏ်သတင်းမျိုး ရှိလာလိမ့်မယ်…."
ထို့နောက် သူက လျှိုပါ့ချောင်ကို လက်ညှိုးထိုးပြီး ဆက်ပြောလိုက်၏။
"မင်းဆီမှာတော့ ဓားသမားတစ်ယောက်ရဲ့ ကျက်သရေနဲ့ ပါရမီမျိုး ရှိလာလိမ့်မယ်…"
အဆုံးတွင်တော့ သူက ကျေနပ်ဖွယ်ကောင်းသော အမူအရာနှင့် ကောက်ချက်ချလိုက်၏။
"ငါတို့ လေမိုးကြိုး ဥယျာဉ်မှာ အဲဒီအရာတွေ အားလုံး ပိုင်ဆိုင်ထားတာပဲ…"
……………….
တောင်ပိုင်းစမ်းချောင်းတိုင်းပြည်သို့ ဆိုက်ကပ်တော့မည်ဖြစ်သော ခွန်လှေကြီးပေါ်၌ အမျိုးသမီး၏ ဘေးတွင် ရပ်နေသော လူသန်ကြီးက ခနဲ့သလို ပြောလိုက်၏။
"အဆုံးမှာတော့ အနက်ဝတ် ဓားသမားကမှ တော်သေးတယ်။ ဒါပေမဲ့ ခြုံပြောရမယ်ဆိုရင်တော့ အဲဒီတိုက်ပွဲ (၃)ခုလုံးက တော်တော်လေးကို အဆင့်နိမ့်တယ်။ တကယ်လို့ ဒီတိုက်ပွဲကသာ ငါတို့ ပြည့်စုံကျူပင် ကုန်းမြေကြီးပေါ်မှာ ဆိုရင် ဒီဂိုဏ်းနှစ်ဂိုဏ်းကို ဒီလောက်ထိ အရှက်ရစေလောက်တဲ့ အပြုအမူမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး…"
အမျိုးသမီးက အပြုံးနှင့် ခေါင်းညိတ်ပြီး ရယ်လိုက်သည်။
"အဲဒီ ဓားအားဖြည့်ဘူးသီးခြောက် ကတော့ တော်တော်လေး ထူးခြားတယ်။ ကျွန်မတို့က အဲဒါကို ဝယ်ဖို့ အခွင့်အရေးများ ရှိမလား မပြောတတ်ဘူး…"
သူမ၏ အနားတွင် ရပ်နေသော အဘိုးအိုက အပြုံးနှင့် ပြောလိုက်သည်။
"သခင်မရဲ့ဆန္ဒကိုသာ သိသွားမယ်ဆိုရင် သူတို့က သခင်မကို ဓားအားဖြည့်ဘူးသီးခြောက် သေချာပေါက် ပေးမှာပါ…"
စိမ်းပြာရောင် သားမွေးဦးထုပ် ဆောင်းထားသော အဘိုးအိုကတော့ ဆက်တိုက်ကြားနေရသော စကားများကို အတော်လေး မကျေမနပ် ဖြစ်လာပုံရသည်။ ပထမဆုံး တိုက်ပွဲစလာသည့်အချိန်မှစ၍ သူ့အနားတွင် ရှိနေသော သူများက မရပ်မနား မှတ်ချက်ပေးနေကြပြီး တိုက်ပွဲက မည်မျှ ဆိုးရွားကြောင်း ပြောဆိုနေကြသည်။ သူတို့က လုံးဝမရပ်သလို ထင်မှတ်ရ၏။
အဘိုးအိုက ဘေးသို့ ပြန်လှည့်လိုက်ပြီး အထင်သေးသော အမူအရာနှင့် ကြမ်းပြင်ပေါ်သို့ တံတွေး ထွေးချလိုက်သည်။
"သူတို့ရဲ့ဓားပညာက ငါတို့ ပြည့်စုံကျူပင်ကုန်းမြေကြီးပေါ်မှာရှိတဲ့ ဓား အင်မော်တယ် တွေနဲ့ ယှဉ်လိုက်ရင် တကယ်ကို လိုအပ်နေသေးတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီတိုက်ပွဲ (၃)ပွဲလုံးက ကြည့်ဖို့တော့ ထိုက်တန်ပါသေးတယ်။ မင်းတို့က ဘာကို မြင်ချင်နေတာလဲ…”
“ကြည့်ရတာ မင်းက သေချင်နေတယ် ထင်တယ်…"
အရပ်ရှည်ရှည် သန်သန်မာမာနှင့် လူက အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်တော့ရော ဘာဖြစ်လဲ…"
အဘိုးအိုက အေးစက်စွာ တုံ့ပြန်လိုက်၏။
"ငါတို့အချင်းချင်း တိုက်ခိုက်ကြရင် မကောင်းဘူးလား။ လေမိုးကြိုးဥယျာဉ်နဲ့ ကျန့်ယန်တောင်ရဲ့ တိုက်ပွဲက မင်းရဲ့မျက်လုံးထဲမှာ အရမ်းကို နိမ့်ကျနေတယ်ဆိုရင် တကယ့် တိုက်ပွဲကောင်းတစ်ခုက ဘယ်လိုလဲဆိုတာ ဒီမှာရှိတဲ့ လူတိုင်းကို ပြကြတာပေါ့။ တကယ်လို့ ငါ ရှုံးသွားမယ် ဆိုရင် မင်းခိုင်းတဲ့အရာ အကုန်လုံး လုပ်ပေးမယ်။ တကယ်လို့ ငါ နိုင်သွားရင်တော့ မင်းရဲ့ မိန်းမကို (၃)ရက် (၃)ညလောက်ပဲ ခေါ်ပြီးတော့ အိပ်မယ်။ ဘယ်လိုသဘောရလဲ…"
အမျိုးသမီး၏ ဘေးတွင် ထိုင်နေပြီး ကြောက်လန့်တတ်သည့် လူကြီးကတော့ ချက်ချင်းပင် ကြားခံလူအဖြစ် ဝင်လာခဲ့သည်။ သူက အသံတိုးတိုးနှင့် ဖြတ်ပြောလိုက်၏။
"ဒီလောက်ထိ ပြဿနာဖြစ်ဖို့ မလိုပါဘူး။ အကုန်လုံး အေးအေးဆေးဆေးပဲ ဖြေရှင်းကြရအောင်လေ။ ငါတို့အားလုံးက 'ပြည့်စုံကျူပင်' ကုန်းမြေကြီးက လာခဲ့ကြတာပဲ။ ဒီတော့ သင့်သင့်မြတ်မြတ်နဲ့..."
ထိုစကားကို ကြားသည့်အခါ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် အမျိုးသမီးကတော့ ဒေါသထွက်သည့်ပုံစံ မပြဘဲ ထိုလူကို အပြုံးနှင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ရှင်က ကျွန်မအတွက်တော့ အရမ်းကို အသက်ကြီးနေတယ်။ ရှင့်ရဲ့ ခါးကလည်း ကျွန်မနဲ့ အိပ်ယာပေါ်မှာ နည်းနည်းလောက် ကစားလိုက်ရင် ကျိုးသွားနိုင်တယ်။ အိပ်ယာထဲမှာ တိုက်ပွဲဝင်တာနဲ့ အပြင်ဘက်မှာ တိုက်ခိုက်တာက လုံးဝမတူတဲ့ အရာနှစ်ခုလေ။ ရှင် သဘောတူတယ် မဟုတ်လား အဘိုးကြီး…"
"ထွီ..."
အဘိုးအိုက ကြမ်းပြင်ပေါ်သို့ နောက်တစ်ကြိမ် တံတွေးထွေးချလိုက်ပြန်သည်။
"မင်းပုံစံက ဝါးတူတစ်ချောင်းလို ပိန်ပိန်ပါးပါးဖြစ်ပြီး လူတစ်ယောက်ကို စကားကြီး စကားကျယ်တွေ လာပြောနေတယ်။ ငါက မင်းနဲ့ မင်းယောကျ်ား နှစ်ယောက်လုံးကို အိပ်ယာထဲမှာ ခေါ်ပြီးတော့ မုဒိမ်းကျင့်လို့ရတယ်…"
ထိုစကားများကို နားထောင်နေရင်း ချန်းပင်အန်းကတော့ ရွှံ့ပုလင်းလမ်းကြား သို့မဟုတ် တရုတ်ဇီးသီးပွင့် လမ်းကြားထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။
အဝေးဆုံးတွင် ထိုင်နေသော လူငယ်ဓားသမားကတော့ အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်လာပုံရသည်။ သူက ဝင်ပြောလိုက်၏။
"တကယ်လို့ ခင်ဗျားတို့ တိုက်ခိုက်မယ် ဆိုရင်လည်း မြန်မြန်တိုက်ခိုက်ကြ။ ခင်ဗျားတို့ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောပြီး ကျုပ်တို့ရဲ့နားကို ညစ်ပတ်အောင် မလုပ်နဲ့…"
သူကလည်း ဒေါသကြီးသော လူတစ်ယောက် ဖြစ်သည်။ သူကတော့ ကြားဝင် ဖျန်ဖြေပေးခြင်း မရှိသည့်အပြင် မီးလောင်ရာ လေပင့် ပေးနေခဲ့၏။ ထိုတိုက်ပွဲက အမှန်တကယ် ဖြစ်လာတော့မှာကို ချန်းပင်အန်းက အနည်းငယ် စိုးရိမ်လာခဲ့သည်။
ထိုအချိန်တွင် ခေါင်းပေါ်၌ ဓားငယ်လေး တစ်လက်ကို ဆံထိုးအဖြစ် ထိုးထားသော ဓားသမားမိန်းမပျိုကတော့ သူမ၏ပတ်ပတ်လည်မှ ပြဿနာများကို အလေးထားပုံ မရချေ။ သူမက ပန်းချီကားကိုသာ သေချာစိုက်ကြည့်နေခဲ့၏။ သူမက ကြည့်ခဲ့ရသည့် တိုက်ပွဲအကြောင်းကို သေချာစဉ်းစားနေပုံ ရသည်။
လှေပိုင်ရှင်က အချိန်မီ ဝင်ရောက်လာခဲ့သည်မှာ ကံကောင်းသွားသည်။ သူက လူတိုင်း၏အနားကို အပြုံးနှင့် ချဉ်းကပ်လာပြီး ထိုပြဿနာတွင် ပါဝင်ပတ်သက်နေသူများ အားလုံးကို စိုက်ကြည့်လိုက်သည်။
တစ်ချိန်တည်းတွင် သူက လက်သီးဆုပ်၍ အရိုအသေ ပေးလိုက်ပြီး တစ်ယောက်ချင်းဆီကို စိုက်ကြည့်၍ ပြောလိုက်၏။
"သခင်ကြီး ဓားအိုး ၊ သခင်မ စိမ်းပြာအရိုး ၊ သခင်လေး ဟုလု ...
အခုတော့ ဒီပြဿနာတွေကို ဘေးဖယ်ထားလို့ မရဘူးလား။ အဲဒီလိုဆိုရင်တော့ ကျွန်တော်က အရမ်းကို ဝမ်းသာမိမှာပါပဲ…"
ပါဝင်ပတ်သက်သူ (၃)ယောက်ကတော့ လှေပိုင်ရှင်ကို လျစ်လျူရှုထားနိုင်ကြသည်။ သူတို့က မည်သည့် အကျိုးဆက်ကိုမျှ စိုးရိမ်နေရန် မလိုဘဲ အခမ်းအနား တောင်ကိုပင် လုံးဝ လျစ်လျူရှု၍ ရနိုင်သည်။ သို့သော် လှေပိုင်ရှင်က သူတို့၏ နာမည်ကို ခေါ်လိုက်ပြီးနောက် အရာအားလုံးက အလွန်ရိုးရှင်းသွားခဲ့၏။
'ဓားအိုး' ဟု နာမည်ပေးထားသော အဘိုးအိုက ပြည့်စုံကျူပင် ကုန်းမြေကြီး၏ တောင်ဘက်ပိုင်းတွင် အလွန်မင်းကို ထူးဆန်းသော ဓားသမားတစ်ယောက် ဖြစ်သည်။ သူက 'ရွှေဆေးလုံး' နယ်ပယ်အဆင့်သာ ရှိသေးပြီး မည်သည့်ဂိုဏ်းကမျှ မဟုတ်ချေ။ သို့သော် သူက ရှေးကျသော ဓားအိုးများထဲတွင် ဓားများကို အားဖြည့်ရာ၌ အလွန်ကျွမ်းကျင်သည်။ သူက အလယ်ဘုံ (၅) ဆင့်မှ ဓားသမားများ၏ ဓားပျံများကိုပင် အခမဲ့ အားဖြည့်ပေးတတ်၏။ ရလဒ်အနေနှင့် ကုန်းမြေကြီး တစ်ခုလုံးတွင် သူ့မိတ်ဆွေ အများအပြား ရှိနေခဲ့သည်။
'သခင်မ စိမ်းပြာအရိုး' ကတော့ ဓားသမားတစ်ယောက် မဟုတ်ချေ။ သို့သော် သူမဆီတွင် အဆင့် (၁၀) ဓားသမားတစ်ယောက် ဖြစ်သော ဆရာအဘိုးတစ်ယောက် ရှိသည်။ သူက အငယ်များကို အလွန်အမင်း ကာကွယ်ပေးတတ်၏။ ထို့ပြင် သူ့ဆီ၌ အလွန်ကြောက်စရာကောင်းသော နတ်ဘုရား လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သခင်မ စိမ်းပြာအရိုး ကိုယ်တိုင်ကလည်း အနီးကပ် တိုက်ခိုက်ရာတွင် အလွန်ကျွမ်းကျင်သော အဆင့် (၇) သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သူမကိုယ်တိုင်ကလည်း ကြောက်စရာကောင်းသော ဂုဏ်သတင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့၏။
'ဟုလု' ကတော့ 'ပြည့်စုံကျူပင်' ကုန်းမြေကြီး တစ်ခုလုံးတွင် အလွန်အမင်း နာမည်ကျော်ကြားသည့် မျိုးရိုးတစ်ခု ဖြစ်သည်။ သူတို့ကလန် တည်ရှိနေသော နေရာတွင် 'ကျောက်ရိုင်း' နယ်ပယ်အဆင့် ဓား အင်မော်တယ် တစ်ယောက် ရှိနေပြီး၊ သူက ကျောက်စက်ပန်းဆွဲတောင်ကို သွားရန် ဦးဆောင်ရသော ဓား အင်မော်တယ် များထဲမှ တစ်ယောက်ဖြစ်သည်။
သူက အလွန်ရိုးသားပြီး ထူးဆန်းသည့် စိတ်ထားမျိုး ရှိ၏။ သူက ပြည့်စုံကျူပင် ကုန်းမြေကြီး၏ တာအိုသခင် ရှဲ့ရှစ် နှင့် မိတ်ဆွေကောင်း တစ်ယောက်လည်း ဖြစ်သည်။
ဟုလု ကလန်၏ လက်ရှိ ကလန်ခေါင်းဆောင်ကတော့ ပြည့်စုံကျူပင် ကုန်းမြေကြီး၏ အရှေ့ပိုင်းနယ်မြေထဲတွင် တည်ရှိနေသော အင်ပါယာကြီးတစ်ခု၏ မြို့စားမင်းတစ်ယောက် ဖြစ်သည်။ သူက ကျင့်ကြံမှုနှင့် ပတ်သက်သော သဘာဝလက်ဆောင်များ မရှိသည့်အပြင် သူက ကျင့်ကြံမှုအဆင့် မရှိသော စာသင်သား တစ်ယောက်သာ ဖြစ်သည်။
သို့သော် သူက ရဲမက်(၃)သိန်းရှိသော အစွမ်းထက် တပ်ဖွဲ့တစ်ခုကို ထိန်းချုပ်ထားနိုင်သည်။ ထို့ပြင် သူ့လက်အောက်၌ ဓားသမား တစ်ထောင်ခန့် ရှိနေပြီး သူက 'ဓားသမားတစ်ထောင် စာသင်သား စစ်သူကြီး' ဟူသော ဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
'အခမ်းအနားတောင်' က ထိုအဖွဲ့(၃)ဖွဲ့လုံးကို မကြောက်ပေ။ သူတို့က ဟုလု ကလန်ကဲ့သို့သော အင်အားစုမျိုးကို ရင်ဆိုင်နိုင်သည့် အစွမ်းမျိုး ပိုင်ဆိုင်ထားသည်။ သို့သော် အခမ်းအနားတောင် က ဟုလု ကလန်နှင့် အလွန်ဝေးကွာနေသည့်အတွက် မည်သည့်အရာမျှ မလုပ်နိုင်ပေ။
သခင်မ စိမ်းပြာအရိုး နှင့် သခင်ကြီး ဓားအိုး တို့ကိုတော့ အခမ်းအနားတောင် က ကြောက်လန့်နေခြင်း မရှိချေ။ သို့သော် သူတို့က အထူးဧည့်သည်တော်များ ဖြစ်နေသည့်အတွက် သူတို့ကို အကြောင်းမဲ့ ရန်သူမလုပ်ချင်ပေ။
ထိုစကားကို ကြားသည့်အခါ သခင်ကြီး ဓားအိုး က ပြန်လည်စဉ်းစားသွားသည်။ သူက ရှေ့ကို အနည်းငယ် ကိုင်းလိုက်ပြီး လူငယ်ဓားသမားကို လှည့်ကြည့်၍ ကျယ်လောင်စွာ မေးလိုက်၏။
"မင်းက ဟုလုရင်ကျိနဲ့ ဘယ်လိုပတ်သက်လဲ…"
"သူက ကျွန်တော့်ရဲ့ ဦးလေးပါ။ ဒါပေမဲ့ သူက နှစ်ပေါင်းများစွာ တံခါးပိတ် လေ့ကျင့်နေတာ။ သူ့ကို သိလို့လား…"
လူငယ်ဓားသမားက ရန်လိုနေသော အသံနှင့် ပြန်ဖြေလိုက်သည်။
သခင်ကြီး ဓားအိုး က ခြေထောက်ကို လက်နှင့်ရိုက်ပြီး အားရပါးရ ရယ်လိုက်၏။
"အရင်တုန်းက ဟုလုရင်ကျိက အရမ်းကို ပျင်းစရာကောင်းတဲ့ လူငယ်တစ်ယောက်ပဲ။ ငါကပဲ သူ့ကို ပထမဆုံးအကြိမ် ပြည့်တန်ဆာအိမ်ကို ခေါ်သွားခဲ့တာ။ အဲဒီနောက်မှာတော့ သူက ငါ့နောက်ကိုပဲ လျှောက်လိုက်နေတာလေ။ အဲဒီမတိုင်ခင်ကတော့ တခြားသူတွေဆီကနေ စားစရာ၊ နေစရာ အခမဲ့ ရတယ်ဆိုတာ ငါက ကြားရုံပဲ ကြားဖူးတာ။ ဒါပေမဲ့ ပြည့်တန်ဆာအတွက်နဲ့ အခမဲ့ စားစရာ၊ နေစရာ ပေးတဲ့ မင်းရဲ့ဦးလေးလို လူမျိုးကို ငါ ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပဲ…"
ထိုစကားကို ကြားသည့်အခါ ဓားသမားလူငယ်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် ချက်ချင်းပင် နီရဲလာခဲ့သည်။ သူက အနားတွင် ရှိနေသော ဓားသမားမိန်းမပျိုကို သေချာ ဂရုစိုက်၍ လှည့်ကြည့်လိုက်၏။ သူမက ထိုအရာကို အလေးမထားကြောင်း သေချာသွားမှသာ သူက အဘိုးအိုကို ပြန်လှည့်ပြီး ကြိမ်းဝါးပြောဆိုလိုက်သည်။
"ကျွန်တော့်ဦးလေးက အဲဒီလိုလူစားမျိုး မဟုတ်ဘူး…"
အဘိုးအိုက မျက်ခုံးပင့်၍ တုံ့ပြန်လိုက်၏။
"မင်း ဦးလေးနဲ့ ငါက အရမ်းကို ရင်းနှီးတာ။ ရင်းနှီးလွန်းလို့ ငါတို့ရဲ့ ငယ်ပါတွေကိုတောင် အချင်းချင်း မြင်ဖူးကြတယ်။ မင်းလို ကောင်စုတ်လေးကတော့ ဒါမျိုးကိုလည်း သိမှာ မဟုတ်ပါဘူးလေ…"
ထိုစကားကို ကြားသည့်အခါ လူငယ်ဓားသမားက လုံးဝကို တိတ်ဆိတ်သွားခဲ့သည်။ ဓားသမားမိန်းမပျိုကတော့ တိတ်ဆိတ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ဘဲ ဒေါသထွက်နေသော အသံနှင့် ပြောလိုက်၏။
"ရှင့်ပါးစပ်ကို ပိတ်ထားလိုက်စမ်း….”
“တော်တော်ရိုင်းလိုက်တဲ့ ကောင်လေးပဲ…”
အဘိုးအိုက ပြုံးလိုက်သည်။
"မင်းက သူနဲ့ကစားဖို့ပဲ မင်းရဲ့ လက်နှစ်ဖက်ကို ပြည့်ပြည့်ဝဝ အသုံးချသင့်တယ်ကွ…"
ဆိုးရွားသောအရာတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း လူငယ်ဓားသမားက သိနေခဲ့သည်။ သို့သော် သူက ပါးစပ်နှင့် သတိပေးရန် အချိန်မရခဲ့ပေ။
ဓားသမား မိန်းမပျို၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး သူမက အေးစက်စွာ ပြောလိုက်၏။
"ဒီလိုရိုင်းစိုင်းတဲ့ စကားမျိုးတွေ မပြောရဲအောင် ရှင့်ရဲ့သွားကို ချိုးပစ်ဖို့ လိုနေပြီပ…"
သူမ၏ဆံပင်ထဲမှ အလွန်သေးငယ်သော ဓားပျံလေးတစ်လက် ထွက်လာပြီး အဖြူရောင်အလင်းတန်းတစ်ခုသာ မြင်လိုက်ရသည်။ ဓားပျံများက အလွန်လျင်မြန်သော အရှိန်ကြောင့် နာမည်ကျော်ကြားပြီး သူတို့ကို ခုခံရန် ခက်ခဲသည်။
ထိုအလွန်သေးငယ်သော ဓားပျံလေးကတော့ သာမန်ဓားပျံများထက်ပင် ပို၍ လျင်မြန်နေသည့်အတွက် ချန်းပင်အန်း အပါအဝင် ကြည့်နေသူများ အားလုံးကို အံ့သြသွားစေနိုင်သည့် အရှိန်မျိုး ရှိနေခဲ့သည်။
"အား... တော်တော်နာတာပဲ။ ကောင်မစုတ်…"
အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပါးစပ်ကို လက်နှင့် ပိတ်လိုက်သည်။ သူ့လက်ကြားထဲမှနေ၍ သွေးများ ဆက်တိုက်ဆိုသလို စီးကျလာခဲ့၏။ ဓားပျံလေးက သူ့နှုတ်ခမ်းကို ဖြတ်သွားပြီး သူ၏ ရှေ့သွားတစ်ချောင်းကို ချိုးပစ်လိုက်သည်။
သို့သော် အဘိုးအိုကတော့ ကြောက်လန့် ဒေါသထွက်သွားရမည့်အစား အားရပါးရ ရယ်လိုက်၏။ သူ မြင်လိုက်ရသော အရာကြောင့် အလွန်အမင်းကို စိတ်လှုပ်ရှားနေပုံ ရသည်။ သူက ခြေထောက်ကို လက်နှင့် ပြင်းပြင်းထန်ထန် ရိုက်လိုက်သည့်အတွက် ပါးစပ်ထဲမှ သွေးများနှင့် တံတွေးများ ထွက်လာသည်အထိ ဖြစ်လာပြီး သူက အော်ပြောလိုက်၏။
"ငါတို့ ပြည့်စုံကျူပင် ကုန်းမြေကြီးရဲ့ အမြန်ဆုံး ဓားတွေထဲကတစ်လက်ဆိုတဲ့ အတိုင်းပါပဲလား။ မင်းရဲ့ လျှပ်စီးက တကယ့်ကို နာမည်ကျော်ကြားထိုက်ပါပေတယ်…"
ထိုအရာကို မြင်သည့်အခါ သခင်မ စိမ်းပြာအရိုးကပင် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုဓားသမား မိန်းမပျိုက ဓား အင်မော်တယ် ကလန်ခေါင်းဆောင်တစ်ယောက် ရှိသော ကလန်တစ်ခု၏ မျိုးဆက် ဖြစ်နေပြန်သည်။ ထို့ပြင် အလွန်အမင်းကို ကြီးမားပြီး အစွမ်းထက်သော 'ဟုလု' ကလန်နှင့် ယှဉ်လိုက်မည်ဆိုလျှင် လျှပ်စီး၏ မူလပိုင်ရှင်က တစ်ယောက်တည်း ဖြစ်သည်။ သို့သော် ထိုအရာက သူ့ဆီတွင် စွမ်းအားနည်းနေသည်ဟု ဆိုလိုခဲ့ခြင်း မဟုတ်ချေ။
သူက တစ်ယောက်တည်း အလယ်မြေ နတ်ဘုရားကုန်းမြေကြီးဆီသို့ ခရီးသွားလာခဲ့ပြီး သူနှင့်အတူ သူ၏ဓားနှစ်လက်ဖြစ်သော ကြောက်မက်ဖွယ်ကြံ့ နှင့် လျှပ်စီး အပြင် မည်သည့်အရာမျှ ပါမသွားခဲ့ပေ။
ချန်းပင်အန်းကတော့ ပြည့်စုံကျူပင် ကုန်းမြေကြီးမှ အစွမ်းထက် ပညာရှင်များ ပြောဆိုနေကြသည့် လျှို့ဝှက်ချက်များ အားလုံးကို သေချာနားထောင်နေခဲ့သည်။ သူတို့က ပြည့်စုံကျူပင် ကုန်းမြေကြီး၏ တရားဝင် ဘာသာစကားနှင့် ပြောဆိုနေခြင်း ဖြစ်သည့်အတွက် သူတို့ဘာပြောနေကြောင်းကိုတော့ သူလည်း နားမလည်ခဲ့ပေ။ သို့သော် မုန်တိုင်းတစ်ခု တိုက်ခတ်တော့မည်ဖြစ်ကြောင်း သူလည်း ရှင်းရှင်းလင်းလင်း သိနေခဲ့၏။
ထို့ကြောင့် သူက သတိထားနေသည့် အမူအရာနှင့် ထိုင်ခုံတွင် ထိုင်နေပြီး ပြဿနာ ဖြစ်သည်နှင့် ချက်ချင်း ထွက်ပြေးနိုင်ရန် ပြင်ဆင်ထားသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချွန်းရွှေ နှင့် ချိုးရှီ တို့ ပြောခဲ့သော စကားများအရ ကုန်းမြေကြီး (၃)ခုပေါ်မှ အင်မော်တယ်များ ဆုံစည်းကြရာဝယ် ခွန်လှေပေါ်တွင် ထူးဆန်းသော ဖြစ်ရပ်များ ဖြစ်သည်မှာ အံ့ဩစရာတော့ မရှိချေ။ ထို့ကြောင့် သူက အလွန်အမင်း စိုးရိမ်နေရန် မလိုကြောင်း သိနေခဲ့၏။
ခွန်လှေကြီး၏ အောက်ဘက်တွင်တော့ အစွမ်းထက်သော လူများများ မရှိချေ။ ထို့ပြင် အရှေ့ပိုင်းကုန်းမြေကြီးက အလွန်သေးငယ်သော အရှေ့ပိုင်းကုန်းမြေကြီး ဖြစ်ပြီး အလွန်များပြားသည့် ဓားသမားများ ရှိနေသော ပြည့်စုံကျူပင် ကုန်းမြေကြီးကလည်း အတူတူသာ ဖြစ်နိုင်၏။
သူမ၏ ဓားပျံကို ပြန်သိမ်းလိုက်ပြီးနောက် ဓားသမား မိန်းမပျိုက လှေပိုင်ရှင်ကို တောင်းပန်သည့် အပြုံးမျိုး ပြုံးပြလိုက်သည့်အတွက် တစ်ဖက်လူကလည်း စိတ်အေးသွားခဲ့ရသည်။ သူမ၏ တိုက်ခိုက်နှောင့်ယှက်မှုကြောင့် ကိစ္စရပ်များက ပို၍ ရိုးရှင်းလာပြီး ထိုကိစ္စက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
အဖွဲ့(၃)ဖွဲ့လုံးက ဆက်ပြီး ပြဿနာဖြစ်ရန် စိတ်ဝင်စားမှု မရှိတော့ဘဲ တင်းမာသော အခြေအနေက လုံးဝကို ပျောက်ကွယ်သွားခဲ့ရ၏။
မြို့ငယ်လေးထဲတွင် သို့မဟုတ် လော်ပိုတောင်ပေါ်တွင် နေထိုင်ခဲ့ရစဉ် ဤလောကကြီးက မကောင်းဆိုးဝါးဆန်သော သို့မဟုတ် အန္တရာယ်များသော နေရာတစ်ခု ဟု ချန်းပင်အန်းက လုံးဝခံစားခဲ့ရခြင်း မရှိချေ။ ထိုအရာက စိမ်းပြာဝတ် ကောင်လေး ပြောသကဲ့သို့ သေချာပေါက် မဟုတ်နိုင်ဟု ခံစားမိခဲ့သည်။
သို့သော် ထိုတိုက်ပွဲ (၃)ပွဲကို မြင်တွေ့ခဲ့ရပြီး သူ့မျက်စိရှေ့တွင် အလွန်အစွမ်းထက်သော ပညာရှင်များ၏ ပြဿနာကို မြင်တွေ့လိုက်ရပြီးနောက် သူ့ကိုယ်သူ ပြောလိုက်မိ၏။
'အရက်သောက်ဖို့ကိုပဲ အာရုံစိုက်မနေနဲ့ ချန်းပင်အန်း။ မင်းက လက်သီးသိုင်းကို ပိုပြီးတော့ ကြိုးကြိုးစားစား လေ့ကျင့်ရမယ်။ ဒါမှလည်း မင်းက ဓားသိုင်းကို စောစော လေ့ကျင့်နိုင်မှာ…'
ထိုအရာကို ခေါင်းထဲတွင် တွေးလိုက်မိသည့်အတွက် ချန်းပင်အန်းက ခွန်လှေ၏ အပြင်ဘက် ကောင်းကင်ကြီးကို ငေးကြည့်လိုက်မိသည်။ တစ်နေ့နေ့တွင် သူလည်း ကောင်းကင်ပေါ်၌ ရှိနေသော ငှက်များ နည်းတူ ဓားတစ်လက်ပေါ်၌ ပျံသန်းသွားနိုင်မည့်နေ့ကို မျှော်လင့်တမ်းတမိနေလေ၏။