ပြောင်းလဲခြင်း
Vol. 3 Ch. 270
ရော့ရှီမှာ ခုနစ်နှစ်ကြာပြီးမှ ဆန်းလျန်ကို ပြန်တွေ့ရခြင်း ဖြစ်လေသည်။ ဆန်းလျန်သည် ထူးဆန်း နေသည့်တိုင် သူမနှင့် အရင်အတိုင်း ရင်းနှီး နေသည်ဟု ခံစားနေရဆဲ ဖြစ်လေသည်။
သူမက ဆေးလုံး အနီရောင်လေး တစ်လုံး ထည့်ထားသည့် ဖန်ပုလင်းတစ်လုံးကို ထုတ်ယူ လိုက်သည်။ ထိုဆေးလုံးမှ နတ်မြွေ တစ်ကောင်ကဲ့သို့ အလင်းရောင်များ ဖြာထွက်နေလေသည်။ သေသူကိုပင် ပြန်ရှင်အောင် ကုသပေးနိုင်သည့် အဖိုးတန် ဆေးမျိုး ဖြစ်နိုင်လေသည်။
ရော့ရှီလေး၏ အဖြူရောင် အင်္ကျီထက်တွင် သွေးများ ပေကျံနေလေသည်။ ဆန်းလျန်၏ သွေးများ ဖြစ်လေသည်။
သာမန် ကလေးမလေးများ ဆိုလျှင် ထိုသွေးများကြောင့် ထိတ်လန့် သွားမည် ဖြစ်လေသည်။ သို့သော် ရော့ရှီကတော့ သူမ၏ အင်္ကျီတွင် စွန်းထင်းနေသည့် သွေးစများကို အရေးမစိုက်ဘဲ ဆန်းလျန်ကိုသာ ဂရုစိုက် နေလေသည်။
“ဦးဦး၊ ဒီဆေးကို သောက်လိုက်ပါလား၊ ဒါဆို နာတာ သက်သာသွားမှာ”
သူမက ကြည်လင်သော အသံလေးဖြင့် နူးညံ့စွာ ဆိုလေသည်။
သူမ၏ မျက်ဝန်းများက စမ်းချောင်းလေး တစ်ခုအလား ဖြစ်လေသည်။ ထိုမျက်ဝန်းလေး များသည် ငယ်စဉ် အချိန်ကလောက် အပြစ်ကင်းစင်ခြင်း မရှိတော့သည့် တိုင် ဆုံးဖြတ်ချက် ခိုင်မာခြင်းများ ထင်ဟပ် နေလေသည်။
ဆန်းလျန်က ဆေးလုံးကို တစ်ချက် ကြည့်လိုက်သည်။
ထိုဆေးလုံးမှာ ထျန်းမုန့် နတ်သမီးက ရော့ရှီလေးအတွက် ဖော်စပ် ပေးထားသည့် ဆေးဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ရော့ရှီ မတော်တဆ တစ်ခုခု ဖြစ်သွားလျှင် အရေးပေါ် ကယ်တင်နိုင်ရန် ထိုဆေးကို ဖော်စပ်ထားခြင်း ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်း အားဖြင့် ရော့ရှီမှာ ထျန်းမုန့် နတ်သမီးအတွက် မည်မျှ အရေးပါသည်ကို ဖော်ပြနေခြင်း ဖြစ်လေသည်။
ရော့ရှီလေးကို ထိုက်စု နတ်ဘုရားဂိုဏ်းမှ ကယ်ထုတ် လာနိုင်ခြင်းသည် ပထမ အဆင့်မျှသာ ရှိသေးသည်။ ထျန်းမုန့် နတ်သမီးသည် သူတို့ကို မည်သည့်နည်းနှင့်မှ အလွတ်ပေးမည် မဟုတ်ပေ။ သို့သော် ကျင့်ကြံ သူများဆိုသည်က ကံတရားကို ဆန့်ကျင်ကာ တရားဓမ္မကို ရှာဖွေကြသူများ ဖြစ်လေသည်။ ဆန်းလျန်နှင့် ထိုက်စု နတ်ဘုရားဂိုဏ်း ရန်သူများ ဖြစ်ခဲ့သည့်တိုင် ကျင့်စဉ်လမ်းတွင် ထိုအချက်က အသေးအဖွဲမျှသာ ဖြစ်လေသည်။ အခက်အခဲ ကြားမှ ရုန်းကန် ရမှုများသည် ဆန်းလျန်အတွက် မထူးဆန်းတော့ပါ။
ဆန်းလျန်၏ လုပ်ရပ်များမှာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ မည်သူ့တွင်မှ ဝေဖန်ပိုင်ခွင့် မရှိပေ။ ဆန်းလျန်သည် သူ၏ တူမလေးကို မည်သည့် နည်းနှင့်မှ လျစ်လျူရှု ထားနိုင်မည် မဟုတ်ပေ။
ဆန်းလျန်၏ ထိုစိတ်ထားမှာ -
“ဖြောင့်မတ်ခြင်း တရား အတွက်ဆိုလျှင် ရာနှင့် ထောင်နှင့် ချီသည့် လူများသည်လည်း ကျုပ်ကို တားဆီး နိုင်မည်မဟုတ်”
ဆိုသည့် သူတော်စင် တစ်ပါး၏ စကားထဲမှ စိတ်ထားမျိုး ဖြစ်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းမှ လွတ်မြောက် လာခဲ့သည့် အချိန်တွင်ပင် ဆန်းလျန်သည် ဖော့ဝမ့် အဆင့်သို့ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့လေသည်။ သူ၏ စိတ်၊ ဝိညာဉ်နှင့် နှလုံးသားသည် တရားရေစင်ဖြင့် ဆေးကြော ခံထားရသလို သန့်စင် နေလေသည်။ တန်ခိုး စွမ်းအားများ တိုးတက်လာသည် သာမက စိတ်ထားများလည်း ပြောင်းလဲ သွားခဲ့လေပြီ။
သို့သော် ဖြစ်ပျက်ခဲ့သမျှ အဖြစ်အပျက်များကို ပြန်လည် သုံးသပ်နေရန် ဆန်းလျန်တွင် အချိန် မရှိပြီ။
ဆန်းလျန်က ရော့ရှီလေး၏ လက်ထဲမှ ဆေးပုလင်းလေးကို ရော့ရှီလေးထံသို့ အသာအယာ ပြန်တွန်းပို့ လိုက်ရင်း…
“ဦးဦးရဲ့ ဒဏ်ရာက အရေးမကြီး ပါဘူးကွယ်၊ ဒီဆေးကို သမီးပဲ သိမ်းထားလိုက်နော် ၊ ခုတော့ နားဖို့ နေရာ တစ်နေရာ ရှာကြရအောင် ၊ ပြီးရင် သမီးကို ဦးဦးနေတဲ့ နေရာကို ခေါ်သွားမယ်နော်”
ဆန်းလျန်က ရော့ရှီလေးကို ပြုံးပြရင်း ပြောလိုက်သည်။
ရော့ရှီက ခေါင်းညိတ် ပြလိုက်လေသည်။ သူမသည် ယခင်ကလို အနောက် အပြောင်သန်သည့် ကလေးငယ်လေး တစ်ယောက် မဟုတ်တော့ပေ။ အတော်ပင် ရင့်ကျက်လာပြီ ဖြစ်လေသည်။
သူမသည် ဉာဏ်ရည် ထက်မြက်သူ ဖြစ်သည့်အတွက် အကြောင်းအရာ များစွာကို နားလည် သဘောပေါက် လေသည်။
သူမ၏ ဆရာသည် သူမ ထင်ထားသလောက် ကောင်းမွန် မြင့်မြတ်သည့် လူတစ်ယောက် မဟုတ်ခဲ့ပေ။ သူတို့က သူမ၏ဦးလေးကို စုပေါင်းပြီး ဖိအားပေးကာ တိုက်ခိုက်ခဲ့ကြသည်။ ထို့ပြင် သူမ၏ ဦးလေးက သူမ၏ဆရာထံမှ သူမကို မရမက ခေါ်ထုတ် လာခြင်းမှာ အကြောင်း တစ်ခုတော့ ရှိရမည်ဟု တွေးနေမိလေသည်။
သို့သော် သူမက သူမသိချင်သည့် အကြောင်းအရာများကို သူမ ရင်ထဲတွင်သာ သိမ်းဆည်း ထားလိုက်လေသည်။ ဦးလေးဖြစ်သူကို ထုတ်ဖော် မေးမြန်းနေခြင်းမျိုး မလုပ်တော့ပေ။ သူမသည် ခုနစ်နှစ်ဆိုသော အချိန်အတွင်းတွင် သူမသည် ဆန်းလျန် ခန့်မှန်းထားသည်ထက် ပိုပြီး ရင့်ကျက်လာခဲ့ပြီ ဖြစ်လေသည်။
ဆန်းလျန်က ချင်းရွှမ် နတ်တံခါးသို့ အလျှင်စလို မပြန်လိုသေးပေ။ သူက ခေတ္တနားရန် အတွက် နေရာ တစ်နေရာ ရှာလိုက်လေသည်။
ဆန်းလျန်က ထုန်ထျန်း တန်ခိုးစွမ်းအားဖြင့် လူ့လောကတွင် သွားလာနေခြင်း ဖြစ်လေသည်။ ထို့ကြောင့် နတ်ဘုရားများနှင့် ကျင့်ကြံသူများ အနေဖြင့် ဆန်းလျန်ကို ခြေရာခံနိုင်မည် မဟုတ်ပေ။
ဆယ်ရက်ခန့် ကြာပြီးသည့်နောက်….
ဆန်းလျန်နှင့် ရော့ရှီသည် မြို့ငယ်လေး တစ်မြို့သို့ ရောက်လာခဲ့လေသည်။
ဆန်းလျန်က ရော့ရှီလေးကို အဝတ်အစား အသစ်များ ဝယ်ပေးလိုက်ပြီး သွေးများ စွန်းပေနေသည့် အဝတ်အစားများကို လဲလှယ် စေလိုက်သည်။ ဆန်းလျန်က သာမန် ချည်ထည် အဝတ်အစားများကို ဝယ်ယူကာ ရော့ရှီလေးကို ဝတ်ဆင် ပေးလိုက်ခြင်း ဖြစ်သော်လည်း ရော့ရှီလေးသည် လွန်စွာမှ လှပလေသည်။ ပွင့်လန်းတော့မည့် ပန်းလေး တစ်ပွင့်အလားပင် ဖြစ်လေသည်။ လူပေါင်း များစွာကပင် ငေးမော ကြည့်ရှု ကြရလေသည်။
သို့သော် သူမက လူအများက အကြည့်ခံရသည့် အတွက် ဣန္ဒြေပျက် မသွားပါ။ နှလုံးသား စည်းချက် ကျင့်စဉ်ကို ကျင့်ကြံခဲ့သူ ဖြစ်သည့် အတွက် သူမ၏ စိတ်နှလုံးသည် လှိုင်းမထသည့် ကန်ရေပြင် အလား တည်ငြိမ်လေသည်။
အမှန်တော့ သူမက ကျင့်စဉ်များကို သေလုမျောပါး ဖြစ်သည်အထိ လေ့ကျင့်ခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် ကျင့်စဉ်လမ်းတွင် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဆန်းလျန် တည်းခိုရန် ရွေးချယ်လိုက်သည့် တည်းခိုရိပ်သာမှာ တစ်ချိန်က သူဦးစီးခဲ့သည့် "အန်းတည်းခို ရိပ်သာ" လောက် ကောင်းမွန်ခြင်း မရှိပါ။ သို့သော် ပြတင်းတံခါးများက ကျယ်ပြန့်ပြီး အလင်းရောင် ကောင်းစွာ ရလေသည်။ ဆန်းလျန်အနေဖြင့် ကျယ်ပြန့်သည့် ပြတင်း တံခါးများမှ တစ်ဆင့် မြို့ငယ်လေး၏ လမ်းမထက်မှ အခြေအနေများကို လေ့လာ၍ ရလေသည်။
မြို့ငယ်လေး၏ လမ်းမှာ ဘေးတစ်ဖက် တစ်ချက်တွင် သစ်ပင်စိမ်းများ ပေါက်ရောက် နေလေသည်။ သန့်ရှင်း သပ်ရပ်နေပြီး ဆွဲဆောင်မှု ရှိသည့် လမ်းလေး တစ်ခု ဖြစ်လေသည်။
ညက မှောင်မိုက် နေလေသည်။
ဆန်းလျန်က ရော့ရှီကို သူငယ်စဉ်က ကျင့်ကြံခဲ့သည့် စန်းကျူ ကျင့်စဉ်ကို သင်ကြား ပေးလေသည်။ ရော့ရှီ၏ သွေးကြောဆုံချက် အတော်များများမှာ ပွင့်နေပြီသည့် အတွက် ထိုကျင့်စဉ်ကို ကျင့်ကြံရန် မခက်ခဲပေ။
သူမက အသက်ကို ရှူသွင်း ရှူထုတ်လုပ်နေပြီး မိုးမြေ စွမ်းအားများက သူမ ပတ်ဝန်းကျင်တွင် ဝန်းရံ နေလေသည်။ ရော့ရှီမှာ မြူနှင်းငွေ့များ ဝန်းရံထားသည့် နတ်သမီးလေး တစ်ပါးနှင့်ပင် တူနေလေသည်။
ညလေပြေလေးက တိုက်ခတ် နေလေသည်။
သစ်ပင်များက လေအဝေ့တွင် ယိမ်းနွဲ့ နေကြသည်။
သစ်ပင်များကို လေတိုးသံ ထွက်ပေါ်နေသည်မှ လွဲ၍ တိတ်ဆိတ် ငြိမ်သက် နေလေသည်။
ဆန်းလျန်သည် လရောင်အောက်တွင် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေလေသည်။
ရုတ်တရက်…
ဆန်းလျန်၏ မျက်ဝန်းများက ပြတင်းတံခါး အပြင်ဘက်သို့ လှမ်းကြည့် လိုက်လေသည်။
ညလေပြည်လေးနှင့် အတူ သင်းပျံ့သည့် ရနံ့တစ်ခုကို ရရှိလိုက်လေသည်။ ဆန်းလျန်က လမ်းမထက်ရှိ သစ်ပင်များကို စိုက်ကြည့် နေလေသည်။
တိတ်တဆိတ် ချဉ်းကပ်လာသည့် သူသည် အသံတစ်ချက်ပင် မထွက်ပေ။
သို့သော် မိုးမြေစွမ်းအားများ အနည်းငယ် ပြောင်းလဲ သွားသည့်အတွက် ဆန်းလျန်က ရိပ်မိလိုက်ခြင်း ဖြစ်လေသည်။ သို့သော် အန္တရာယ် အငွေ့အသက်တော့ မရမိပေ။
ထိုအချိန်မှာပင်…
လေထဲတွင် အဖြူရောင် ကြာပန်းများ လွင့်မျော လာသည်ကို တွေ့မြင်လိုက်ရလေသည်။ သိပ်မကြာမီပင် လမ်းမထက်တွင် ကျောက်ရှောင်ယွီ ပေါ်လာလေသည်။
သူမက မိုးပေါ်သို့ ပျံတက်သွားပြီး ဆန်းလျန်နှင့် မျက်နှာချင်း ဆိုင်တွင်ရှိသည့် အိမ်ခေါင်မိုး ပေါ်သို့ ပျံဝဲ တက်သွားလေသည်။
နတ်သမီးလေး အလား အမြဲထာဝရ လှပနေသည့် "ကျောက်ရှောင်ယွီ" ပင် ဖြစ်လေသည်။
သူမ၏ သိမ်မွေ့လှပသည့် အပြုံးသည် အလွန်မှ စွဲမက်စရာပင် ဖြစ်လေသည်။
ဆန်းလျန်က ရိပ်ခနဲ တစ်ချက် လှုပ်ရှားလိုက်ပြီး ကျောက်ရှောင်ယွီ ရှိနေသည့် မျက်နှာချင်းဆိုင်ရှိ အိမ်ခေါင်မိုးပေါ်သို့ ရောက်ရှိ သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် နေလေသည်။
ဆန်းလျန်နှင့် ကျောက်ရှောင်ယွီ ဆီသို့ လရောင်က နူးညံ့စွာ စီးဆင်းဖြာကျ နေလေသည်။
"မင်း ကျုပ်ကို ဘယ်လိုရှာတွေ့တာလဲ"
ဆန်းလျန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။
ဆန်းလျန်က သူရှိသည့်နေရာကို ထုန်ထျန်း တန်ခိုးစွမ်းအားဖြင့် ဖုံးကွယ် ထားခြင်း ဖြစ်ပြီး လောက နတ်ဘုရားတစ်ပါးပင် သူ့ကို ခြေရာ ခံနိုင်မည်မဟုတ်ပေ။
ကျောက်ရှောင်ယွီက အဘယ့်ကြောင့် ခြေရာခံနိုင်ရပါသနည်း။
"တန်ခိုးစွမ်းအားသုံးမှ ရှင့်ကိုရှာလို့ တွေ့နိုင်မှာလား ဆန်းကျွင်းအရှင်၊ ကြာပန်း ကိုးပွင့် ကျောင်းတော်ဆိုတာ ရှင်သိထား တာထက်ပိုပြီး လက်တံရှည်ပါတယ်၊ ပြီးတော့ ရှင် လူ့လောကထဲ လျှောက်သွားနေတာ၊ ကျွန်မတို့ ကျောင်းတော်ကလူတွေက ရှင့်ကို မမှတ်မိဘဲ ရှိမလား"
ကျောက်ရှောင်ယွီက ရယ်မောရင်း ပြောလိုက်လေသည်။
ထိုအချက်ကို မစဉ်းစားလိုက်မိဘူးဟု ဆန်းလျန် တွေးလိုက်မိသည်။
သူက လူ့လောကသို့ မလာသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည့်အတွက် ထိုအချက်ကို မေ့လျော့ သွားခဲ့ခြင်း ဖြစ်လေသည်။ တန်ခိုးစွမ်းအားဖြင့် ခြေရာခံခြင်းထက် လူသားများဖြင့် ခြေရာခံခြင်း ကိုလည်း လျှော့တွက်၍ မရပေ။
သို့သော် ဟာကွက်ကို သိရှိသွားလျှင်တော့ အချိန်မီ ပြန်လည် ပြုပြင်ရမည် ဖြစ်လေသည်။
ထိုက်စု နတ်ဘုရား ဂိုဏ်းမှာ မြောက်ဖျား ဒေသတစ်လျှောက်တွင် သြဇာ အာဏာကြီးမားသည့် နတ်ဘုရားဂိုဏ်း တစ်ခု ဖြစ်လေသည်။ သို့သော် သူတို့၏ လက်တံက လူသားများ အားလုံးဆီသို့တော့ ရောက်ရှိနိုင်ခြင်း မရှိပေ။
သို့သော် ကြာပန်း ကိုးပွင့် ကျောင်းတော်ကတော့ လူ့လောကတွင် စိမ့်ဝင်နေပြီး လူသားများကို နားများ မျက်စိများအလား အသုံးပြုကာ ခြေရာခံ နိုင်လေသည်။
"ရှန်"
ဝါဒလမ်းစဉ်ဖြင့် နတ်ဘုရား ဖြစ်လာသူများမှာ သူတို့ကို ကိုးကွယ် ဆည်းကပ်ကြသည့် လူအများမှ တစ်ဆင့် ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များ အားလုံးကို သိမြင်နိုင်လေသည်။
"ကျုပ် ဒီကိစ္စကို သတိလွတ်သွားတယ်"
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
"ချစ်ရတဲ့ ဆန်းဂိုဏ်းချုပ်ရယ်၊ ရှင်တကယ့်ကို တန်ခိုးစွမ်းအားတွေ ကြီးမားနေတာပဲ၊ ထိုက်စု နတ်ဘုရား ဂိုဏ်းထဲကို ဝင်ပြီး ထျန်းမုန့် နတ်သမီးရဲ့ တပည့်ကို သွားခိုးလာတဲ့ အပြင် ရှင့်ရဲ့ ကြောက်စရာ ဓားဝိညာဉ်ကြောင့် ထိုက်စုဂိုဏ်းက နတ်ဘုရား သုံးပါးကတောင် ရှင့်ကို မတားဆီး နိုင်ခဲ့ဘူးဆိုပဲ ၊ ရှင်က တော်တော် နာမည်ကြီး နေတာနော်"
ကျောက်ရှောင်ယွီက ပြောလိုက်လေသည်။
"လျှောက်ပြော မနေစမ်းပါနဲ့ ရှောင်ယွီရယ်၊ အဲဒါ ကောလဟလတွေပါ၊ ထိုက်စု နတ်ဘုရားဂိုဏ်းက နတ်ဘုရား သုံးပါးဆိုတာ လောက နတ်ဘုရားတွေလေ၊ သူတို့ သုံးယောက်လုံးသာ ပေါင်းပြီး တိုက်ခိုက်ရင် ကျုပ်လား အသက်ရှင်လျက် လွတ်လာနိုင်မှာ၊ ကျုပ်က လုကျိုးယွမ်မှ မဟုတ်ဘဲဗျာ"
ဆန်းလျန် ပြုံးရင်း ပြောလိုက်လေသည်။
"ကျွန်မက နောက်နေတာပါရှင်၊ ထိုက်စု နတ်ဘုရားဂိုဏ်းမှာ လူတစ်ယောက်က သူ့တူမလေးကို သွားကယ်တယ် ဆိုတဲ့သတင်းကို ကျွန်မရဲ့ လူတွေဆီကနေ သတင်းကြားတာပါ၊ သူတို့ ပြောတဲ့ပုံ အရ အဲဒီလူက ရှင်နဲ့ တစ်ပုံစံတည်းပဲ ၊ သတင်း ကြားကြားချင်း ယုံတောင် မယုံနိုင်ဘူး၊ ဒါပေမဲ့ ကောလဟလတွေ မပျံ့သွားအောင် ကျွန်မထိန်းထားပေးပါတယ်၊ ထိုက်စုနတ်ဘုရားဂိုဏ်းထဲကို ဝင်တဲ့သူက ဆန်းလျန်ဆိုတာ ဘယ်သူမှ မသိကြပါဘူး၊ အများစုကတော့ ထိပ်တန်း ဓားတန်ခိုးရှင် တစ်ယောက်က ထိုက်စု နတ်ဘုရားဂိုဏ်းကို လက်စားချေဖို့ ရောက်လာတယ်လို့ပဲ ခန့်မှန်း နေကြတာပါ"
ကျောက်ရှောင်ယွီက ရှင်းပြလိုက်သည်။
ကျောက်ရှောင်ယွီက ကောလာဟလများ ထွက်နေသည့် ထိပ်တန်း ဓားတန်ခိုးရှင်မှာ ဆန်းလျန် ဟုတ်မဟုတ် သေချာအောင် လာကြည့်ခြင်း ဖြစ်လေသည်။ သူမက ဆန်းလျန်မှာ နတ်ဘုရားသုံးပါး စောင့်ရှောက်နေသည့် ထိုက်စု နတ်ဘုရားဂိုဏ်းမှ တူမလေးကို ကယ်တင်ပြီး အဘယ်သို့ ထိုးဖောက် ထွက်လာခဲ့သည်ကို သိချင် နေမိလေတော့သည်။
***