ပုံရိပ်ယောင်လား အိပ်မက်လား
Vol. 174 Ch. 2494
ရီဖူရှင်းက ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်ပြီး ဗုဒ္ဓကျမ်းစာများအား နားလည်သဘောပေါက်အောင် စတင်လေ့လာ၏။ ဤဗုဒ္ဓသန့်စင်မြင့်မြတ်နယ်မြေဖြစ်သော ဝိညာဥ်တောင်တန်းတွင် သူသည် နေ့တိုင်း ဗုဒ္ဓကျမ်းစာများ သွားရောက်ဖတ်ရှုလေ့လာနေ၏။ တစ်ခါတစ်ရံ၌ သူက အခြားသော ဗုဒ္ဓအရှင်များ၏ ဟောပြောပို့ချမှုကို သွားရောက်နားထောင်တတ်သည်။
သူက ကျင့်ကြံခြင်းကို ထပ်မံစွဲလမ်းနေခြင်းမရှိတော့ဘဲ အဆင့်ချိုးဖျက်တက်ရောက်လိုသည့် ရည်မှန်းချက်ကိုလည်း ဖက်တွယ်မထားတော့ပေ။
ဗုဒ္ဓကျမ်းစာများကို လေ့လာခြင်းက အမှန်တကယ်ပင် လူတစ်ယောက်၏ စိတ်ကို ငြိမ်းချမ်းစေနိုင်ကာ မည်သည့်ချုပ်နှောင်မှုမှ မရှိသော အံ့သြစရာကောင်းသည့် စိတ်အခြေအနေသို့ ဝင်ရောက်သွားသည်။ ဟွာချင်းချင်း ပြောသလိုပင် ရှေးက ဗုဒ္ဓကျင့်ကြံသူများကြားတွင် နှစ်ပေါင်းများစွာကြာသည့်တိုင် နားမလည်နိုင်ခဲ့သော ဗုဒ္ဓကျမ်းစာများကို တစ်ရက်၌ ရုတ်တရက် ဉာဏ်အလင်းရရှိသွားသူများ ရှိသည်။
တစ်နေ့တွင် သူလည်း ထိုကဲ့သို့ တူညီစွာ ဖြစ်လာနိုင်ဖြစ်သည်။
အချိန်က ကုန်ဆုံးသွားနေပြီး ရီဖူရှင်း အနောက်ဘက်လောကသို့ ရောက်ရှိလာသည်မှာ ဆယ်နှစ်မကရှိလာပြီ ဖြစ်သည်။ ဤအချိန်အတောအတွင်း ကောင်းကင်ဒေသနှင့် မူလဘုံရှိ နယ်မြေများတွင် အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သော်လည်း မည်သည့်ကိစ္စကမှ သူတို့နှင့် သက်ဆိုင်ခြင်းမရှိပေ။ ယခင်က သူသည် ကောင်းကင်ဒေသတွင် ဘုံရန်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့ကို သတ်ဖြတ်လိုသူ များစွာရှိသည်။ သူက ရွေးချယ်စရာမရှိဘဲ စီဝေ့ကြယ်ကမ္ဘာ၌ သူ့ကိုယ်သူ ပိတ်လှောင်နေရ၏။ သူက ဟွာချင်းချင်းကို အနောက်ဘက်လောကသို့ လိုက်ပို့သည့်အခါမှသာ အတွေ့အကြုံရစေရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက်လောက၌ မည်သို့ဖြစ်နေပါစေ စီဝေ့ကြယ်ကမ္ဘာက အပြောင်းအလဲမရှိ တူညီစွာ ကျန်ရှိနေခဲ့သည်။ ၎င်းက အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားလုနီးပါးပင် ဖြစ်သည်။ ထိုသည်မှာ ကြယ်ကမ္ဘာအား ငြိမ်သက်အေးချမ်းနေအောင် ကာကွယ်ရန် နည်းဗျူဟာပင် ဖြစ်သည်။
ဤနေရာ၌ သူက ကျင့်ကြံခြင်းတွင် နှစ်မြှုပ်ထားပြီး သူ့ကိုယ်သူ လျင်မြန်စွာ တိုးတက်လာစေရန် ရည်ရွယ်ထားသည်။ သူက ကျင့်ကြံခြင်းအဆင့်ကို မတိုးမြှင့်နိုင်လျှင် သူက ဆန္ဒရှိသလို လှုပ်ရှားနိုင်မည်မဟုတ်သည့်အတွက် ပြန်သွားရန်အကြောင်းမရှိတော့ပေ။ သူ ပြန်သွားပါက ယခင်ကနှင့် တူညီစွာ သူ့အတွက် သေခြင်းတရားက စောင့်ကြိုနေပေလိမ့်မည်။
အရှင်ဒွန်ဟောင်က ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်ခဲ့ပြီး ဆရာသခင်က သူ၏ ဘေးကင်းလုံခြုံရေးအတွက် ညှိနှိုင်းခဲ့သည်။ အရှင်ဒွန်ဟောင်က သူနှင့်ပတ်သတ်သည့် ပြဿနာကို ကိုယ်တိုင် အရေးမယူတော့ဘဲ ထိုအကြောင်းပြချက်ကြောင့် ဆရာသခင်သည်လည်း အနာဂတ်တွင် သူ၏ကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် နည်းလမ်း ရှိတော့မည်မဟုတ်ပေ။ ယခု အရာအားလုံးက သူ့အပေါ်တွင်သာ မူတည်ဖြစ်သည်။
ယနေ့တွင်လည်း ရီဖူရှင်းက စာကြည့်တိုက်အတွင်း ကျမ်းစာတွေကို ဖတ်ရှုနေ၏။ သူက အာရုံစိုက်ကာ စိတ်အားထက်သန်စွာ လေ့လာနေသည်။ သိပ်မဝေးလှသည့် နေရာတွင် အနည်းငယ် ဆူညံမှုတို့ ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က စာကြည့်တိုက်အတွင်း ဝင်ရောက်လာသော်လည်း ရီဖူရှင်းမှာ အနည်းငယ်မျှပင် အာရုံမစိုက်ဘဲ သူ့ကိုယ်ပိုင်ကမ္ဘာအတွင်း နစ်မြုပ်နေ၏။
ထိုဘုန်းတော်ကြီးက စာကြည့်တိုက်အတွင်းသို့ လျှောက်လာပြီး ရီဖူရှင်းဘေးကို ရောက်လာမှသာ သူက ထိုဘုန်းတော်ကြီး၏ တည်ရှိမှုကို သတိပြုမိခဲ့ဖြစ်သည်။ သူက ထိုင်နေရင်း အပြုံးနှင့် မော့ကြည့်လိုက်သည်။
"ဆရာတော်ခူးချန်"
ထိုဘုန်းတော်ကြီးက ခူးချန်အမည်ရှိသည့် အစောင့်အကြပ်တစ်ယောက်ဖြစ်သည်။ ရီဖူရှင်းသည် ဤနှစ်များတလျှောက် ရှာဖွေတွေ့ရှိခဲ့သည်မှာ ဆရာတော်ခူးချန်က အားလုံး လေးစားရသည့် ဗုဒ္ဓအရှင်တစ်ပါးဖြစ်နေသော်လည်း ဝိညာဥ်တောင်တန်းပေါ်ရှိ ကိစ္စဝိစ္စများအတွက် တာဝန်ရှိသူဖြစ်နေဆဲ ဖြစ်သည်။
"ဒကာလေးရီက ဒီနှစ်တွေတလျှောက် ကျမ်းစာတွေကို ကြိုးကြိုးစားစား လေ့လာနေခဲ့တာ။ ထိုးထွင်းသိမြင်မှု တစ်ခုခုများ ရရှိခဲ့သေးလား။"
ဆရာတော်ခူးချန်က လောကဝတ်ပြုဟန်ဖြင့် ညာလက်ကို မြှောက်ကာ အပြုံးနှင့် မေးလိုက်သည်။
"ဗုဒ္ဓကျမ်းစာတွေက ကျယ်ပြန့်ပြီး သိမ်မွေ့နက်နဲတယ်။ အယူအဆတွေက ခက်ခဲတာကြောင့် နားလည်ဖို့ မလွယ်ကူဘူး။ အဲဒါတွေကို ဖတ်ကြည့်ပေမယ့် နားလည်ဖို့တော့ တကယ် ခက်တယ်။"
ရီဖူရှင်းက အပြုံးနှင့် တုန့်ပြန်လိုက်သည်။
"အဲဒီထဲမှာ အနီးစပ်ဆုံးက ဗုဒ္ဓကျင့်ကြံသူတွေက ဗုဒ္ဓကျင့်စဥ်တွေကို ကျင့်ကြံတယ်လို့ ပြောပေမယ့် အနည်းစုကတော့ လမ်းစဥ် ကျင့်ကြံခြင်းလို့ ရည်ညွှန်းကြတယ်။ ဗုဒ္ဓျကျင့်စဥ်တွေနဲ့ မဟာလမ်းစဥ်က တစ်ခုနဲ့တစ်ခု တူညီလား။"
"လမ်းစဥ်ဆိုတာ ဘာလဲ။"
ခူးချန်က မေးလိုက်သည်။
"နေမင်းနဲ့ လမင်းက ဘယ်သူမှ အလင်းမပေးဘဲ တောက်ပတယ်။ ကြယ်တွေကလည်း ဘယ်သူမှ စီစဥ်မပေးဘဲ ကိုယ်ပိုင် ပုံစံနဲ့ ဖြစ်တည်နေတယ်။ တိရစ္ဆာန်တွေကလည်း ဘယ်သူမှ ဖန်တီးမပေးဘဲ ကိုယ်တိုင် ရပ်တည်နိုင်တယ်။ လေကလည်း ဘယ်သူ့အကူအညီမှ မပါဘဲ တိုက်ခတ်နေတယ်။ ရေကလည်း ဘယ်သူမှမတွန်းပါဘဲ စီးဆင်းနေသလို အပင်တွေကလည်း ဘယ်သူမှ မပျိုးထောင်ဘဲ ကြီးထွားကြတယ်။ လမ်းစဥ်ဆိုတာ စည်းမျဥ်းဥပဒေသလိုမျိုးပဲ။ အရာအားလုံးရဲ့ အခြေခံအုတ်မြစ်လည်း ဖြစ်တယ်။"
ရီဖူရှင်းက တုန့်ပြန်လိုက်သည်။
"ဒကာလေးရီပြောတာ မှန်တယ်။ လောကအတွင်းမှာရှိတဲ့ လူတွေက တစ်ချိန်လုံး လမ်းစဥ်နဲ့ ထိတွေ့နေကြပြီး အရာအားလုံးကလည်း လမ်းစဥ်ကြောင့် လည်ပတ်နေတယ်။ အဲဒါဆို ဘာလို့များ ကျင့်ကြံဖို့ လိုအပ်နေသေးတာလဲ။"
ခူးချန်က မေးလိုက်သည်။
ရီဖူရှင်းက မျက်မှောင်ကြုတ်သွားခဲ့ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။
"ဆရာတော်ရဲ့ မေးခွန်းက ကျုပ်ကို နည်းနည်းရှုပ်ထွေးစေတယ်။"
"လမ်းစဥ်က လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အရာလား မရနိုင်တဲ့ အရာလား။ နေ၊ လနဲ့ ကြယ်အားလုံးကို လမ်းစဥ်လို့ သတ်မှတ်နိုင်သလို လေ၊ မီး၊ မိုးကြိုးနဲ့ လျှပ်စီးတွေကလည်း လမ်းစဥ်ပဲ။ ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်က အဲဒီဖြစ်စဥ်တွေအားလုံးကို တိုက်ရိုက်ဖန်တီးနိုင်မယ်လို့ ဘာကြောင့် ထင်ရတာလဲ။"
ခူးချန်က တစ်ဖန် ထပ်မေးလိုက်သည်။
ရီဖူရှင်းက ထိုအခိုက်တွင် အတွေးနက်သွားပုံပေါ်သည်။ ထို့နောက် သူက ခူးချန်ကို ကြည့်ကာ မေးလိုက်သည်။
"ဆရာတော် ကျေးဇူးပြုပြီး သင်ပြပေးပါ။"
"အောမီသောဖော"
ခူးချန်က လက်အုပ်ချီကာ ရေရွတ်ရင်း ပြန်ဖြေလိုက်သည်။
"ကျုပ်လို ရဟန်းလေးတစ်ပါးက လောကရဲ့ အမှန်တရားကို ဘယ်လို နားလည်နိုင်မှာလဲ။ အဲဒါက 'ဖြစ်တည်မှုက နတ္ထိတရားဖြစ်ပြီး နတ္ထိတရားက ဖြစ်တည်မှု ဖြစ်တယ်။' လို့ ဆိုလိုတာ ဖြစ်နိုင်တယ်။"
"ဖြစ်တည်မှုက နတ္ထိတရားဖြစ်ပြီး နတ္ထိတရားက ဖြစ်တည်မှု ဖြစ်တယ်။"
ရီဖူရှင်းက ရေရွတ်လိုက်ပြီး သူ့စိတ်ထဲ၌ ရေးထွင်းထားသည့် ဗုဒ္ဓကျမ်းစာများက အက္ခရာစာလုံးများအဖြစ် ပေါ်ပေါက်လာသည်။
"စမ်းချောင်းထဲမှာ မျောလွင့်နေတဲ့ ပူဖောင်းတစ်ခုလို နှင်းစက်တစ်ပေါက်လိုမျိုး၊ နွေရာသီတိမ်တိုက်ထဲက လျှပ်စီးလို၊ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ မီးအိမ်၊ ပုံရိပ်ယောင်၊ တံလျှပ် နဲ့ အိပ်မက်တွေ အားလုံးက မြင်နိုင်တဲ့ တည်ရှိမှုတွေပဲ။"
ရီဖူရှင်းက အမှတ်ရလာသည့် ဗုဒ္ဓကျမ်းစာတို့ကို ရေရွတ်လိုက်သည်။ ခူးချန်က ၎င်းကို ကြားပြီးနောက် ရီဖူရှင်းကို အရိုအသေ ပေးရင်း ပြောလိုက်သည်။
"အရမ်းကောင်းတယ်။"
"အဲဒီလိုဆိုရင် မဟာအင်ပါယာရှန်ကျားက လောကအတွင်း အရာအားလုံးကို ဖြတ်မြင်ပြီး ဖြစ်ရမယ်။"
ရီဖူရှင်းသည် တစ်ချိန်က သူ မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ဆက်ခံစဥ် မြင်ခဲ့ရသည့် စကားလုံးများကို ပြန်စဥ်းစားလိုက်သည်။ လောကအတွင်း လမ်းစဥ်ဟူသည့် အရာမျိုး မရှိပေ။
ရီဖူရှင်းက ထရပ်ကာ ခူးချန်ကို အရိုအသေပြုပြီး ပြောလိုက်သည်။
"လမ်းညွှန်ပေးလို့ ဆရာတော်ကို ကျေးဇူးတင်ပါတယ်။"
"ကိုယ်တော် ဘာမှ မပြောခဲ့ရပါဘူး။ ဒကာလေးရီ ကိုယ်တိုင် အဖြေရှာကောက်ချက်ချခဲ့တာပါ။"
ခူးချန်က ပြန်ဖြေလိုက်သည်။
"တပည့်တော် အခု သွားလိုက်ပါဦးမယ်။"
ရီဖူရှင်းက ထပ်မပြောတော့ဘဲ ယဥ်ကျေးစွာ နှုတ်ဆက်၍ ထွက်ခွာသွားသည်။ ခူးချန်က သူ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေ၏။ အမှန်တွင် သူက မည်သည့်အရာမှ မလုပ်သလို မည်သည့်စကားမှလည်း မပြောခဲ့ပေ။ အရာအားလုံးက ကံစီမံရာအတိုင်းပင် ဖြစ်သည်။ ရီဖူရှင်းက ဉာဏ်အလင်း ရရှိသွားလျှင် ၎င်းကို သဘောပေါက်နေနှင့်ပြီး ဖြစ်သောကြောင့် ဖြစ်ပေမည်။
ကြည့်ရသည်မှာ အနာဂတ်တွင် နောက်ထပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ကောင်းကင်ဒေသမှ ပေါ်ထွက်လာတော့မည့်ပုံရသည်။
ဤလောကတွင် အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်မှအပ နှစ်ပေါင်းများစွာ ကြာသည့်တိုင် လမ်းစဥ်ကို သက်သေပြနိုင်သူ အခြားမရှိသေးပေ။ နောက်ထပ် မည်သူဖြစ်လိမ့်မည်နည်း။
မဟာအင်ပါယာအဆင့်သို့ ရောက်ရှိပြီး အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်၏ ခြေရာကို နင်းနိုင်ရန်မှာ ထိပ်သီးပုဂ္ဂိုလ်တိုင်း၏ အိပ်မက်ဖြစ်နိုင်သည်။
ရီဖူရှင်းက စာကြည့်တိုက်မှ ထွက်ခွာသွားပြီးနောက် သူရှိနေရာမှ ပျောက်ကွယ်သွားပြီး ရှေးဟောင်းတောင်ထွတ်၌ ပြန်လည်ထွက်ပေါ်လာသည်။ သူက တောင်ထွတ်၏ ချောက်ကမ်းပါးအစွန်းသို့ လျှောက်သွားခဲ့ပြီး တိမ်ပင်လယ်ကို ကြည့်ပြီးနောက် မျက်လုံးများကို မှိတ်လိုက်သည်။
သက်စောင့်နန်းတော်၏ လောကအတွင်း သူ့ရှေ့မှ တောက်ပသည့် မြင်ကွင်းကို ကြည့်လိုက်သည်။ ကောင်းကင်၌ နေမင်း၊ လမင်းနှင့် ကြယ်တို့က လင်းလက်တောက်ပနေခဲ့သည်။ သူက အမှန်တရားနှင့် တဖြေးဖြေး နီးကပ်လာပြီး သက်စောင့်ဟော်နန်း၏ လောကက ပြီးပြည့်စုံလာသည်။
သို့သော် ထိုအခိုက်အတန့်၌ စကားလုံးအနည်းငယ်က သူ့စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။
လောကအတွင်း လမ်းစဥ်ဟူ၍ မရှိပေ။
စမ်းချောင်းထဲမှာ မျောလွင့်နေတဲ့ ပူဖောင်းတစ်ခုလို နှင်းစက်တစ်ပေါက်လိုမျိုး၊ နွေရာသီတိမ်တိုက်ထဲက လျှပ်စီးလို၊ မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ မီးအိမ်၊ ပုံရိပ်ယောင်၊ တံလျှပ် နဲ့ အိပ်မက်.... အရာအားလုံးက သိသာမြင်သာတဲ့ တည်ရှိမှုတွေပဲ။
အမှန်တရားက ဘာလဲ..။
သူ့အရှေ့မှာ ရှိနေတဲ့ အရာအားလုံးက အစစ်အမှန် ဖြစ်ပါရဲ့လား။
အဲဒီအရာတွေက ဘာလို့ တည်ရှိနေတာလဲ။
ရီဖူရှင်းက အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ပြီး လေးနက်စွာ ဆင်ခြင်သုံးသပ်နေခဲ့၏။ လေပြေညင်းက သူ့ကို ဖြတ်တိုက်သွားပြီး နေမင်းကလည်း လေ၏ အဝေးယူဆောင်သွားခြင်းခံရသလို ပျောက်ကွယ်သွားကာ လမင်းနှင့် ကြယ်စင်များလည်း လိုက်ပါသွားသည်။ လောကအတွင်း အရာအားလုံးက လေဖြင့် မှုတ်ထုတ်လိုက်ခြင်းခံရသလိုပင်။ မျက်စိတစ်မှိတ်အတွင်း အရာအားလုံးက မည်သည်မှ မကျန်ရှိတော့သလို ပျောက်ကွယ်သွား၏။
တခဏအတွင်း လောကတစ်ခုလုံးက အရောင်များ ပျောက်ဆုံးသွားကာ တည်ရှိနေသည့် အရာအားလုံးကို ရပ်တန့်လိုက်သလိုပင် ဖြစ်သည်။ သို့မဟုတ်လျှင် ၎င်းတို့က မည်သည့်အခါကမှ မတည်ရှိခဲ့သည့် ပုံရိပ်ယောင်သဖွယ် ထင်မှတ်ရ၏။
သက်စောင့်ဟော်နန်း လောကအတွင်း၌ အရာအားလုံးက ယခင်ကအတိုင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ လောကတစ်ခွင်လုံးတွင် ရှေးဟောင်းသစ်ပင်ကသာ ညင်သာသည့် လေပြေညင်းနှင့်အတူ ယိမ်းနွဲ့နေခဲ့သည်။ အချို့သော အကိုင်းအခက်နှင့် အရွက်များက ယိမ်းနွဲ့နေသော သစ်ပင်ပေါ်တွင် ပျံသန်းကာ ဗလာအတိဖြစ်နေသော လောကအတွင်း မျောလွင့်နေသည်။ တဖြေးဖြေး ရှေးဟောင်း ကမ္ဘာ့သစ်ပင်၏ အရှိန်အဝါက သက်စောင့်ဟော်နန်း၏ လောကတစ်ခွင်ကို ထိုးဖောက်ကာ ပြည့်နှက်သွားစေ၏။
ဤအရှိန်အဝါက ရာချီသည့် သွေးကြောများကို ဖြတ်သန်းကာ သူ့ခန္ဓာကိုယ်အတွင်း ပြည့်နှက်ကာ ခြေလက်များသို့ ဖြန့်ကျက်လာသည်။
သက်စောင့်ဟော်နန်း၏ လောကအတွင်း ရီဖူရှင်းက အရာအားလုံးကို စူးစမ်းလေ့လာနေသည်။ အတွေးတစ်ချက်နှင့် နေမင်း၊ လမင်းနှင့် ကြယ်များက ချက်ချင်း ဖြစ်တည်လာသည်။ သူက အတွေးတစ်ချက်နှင့် လောကတစ်ခု ဖန်တီးနိုင်သည်။ သူက ပြုံးလိုက်ပြီး တစ်ဖန် ထပ်တွေးလိုက်သည်။ အရာအားလုံးက နောက်ထပ် ပျောက်ကွယ်သွားပြန်၏။ ထိုသည်မှာ ဗုဒ္ဓကျမ်းစာများမှ ပြောကြားချက်ကို သက်သေပြနေသည်။
ဗုဒ္ဓကျမ်းစာများက အမှန်တကယ်ပင် အလုံးစုံလွှမ်းမိုးနိုင်သည်။ ထိုကျမ်းဂန်များကို ရေးသားသည့် ဗုဒ္ဓကျင့်ကြံသူ၏ ဉာဏ်ပညာက မည်မျှ ကျယ်ပြန့်လိမ့်မည်နည်း။
နောက်ဆုံး၌ ရီဖူရှင်းက အခက်အခဲတစ်ခုကို ချိုးဖျက်အောင်မြင်ကာ ပြီးပြည့်စုံသွားသည့် ခံစားချက်ကို ခံစားခဲ့ရဖြစ်သည်။ အဆုံးမှာတော့ သူက အဆင့်ကိုးကျင့်ကြံသူအဖြစ် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ရှေးဟောင်းသစ်ပင်၏ အရှိန်အဝါက အပြင်ဘက်လောကသို့ စီးဆင်းလာသည်။ ထိုအချိန်၌ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် အခြေအနေတစ်ခု ဖြစ်ပေါ်လာ၏။ သက်စောင့်ဟော်နန်းအတွင်းမှ ရီဖူရှင်း၏ မျက်နှာထက်တွင် ချက်ချင်းပင် ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။