မတူညီသော လမ်းစဥ်
Vol. 174 Ch. 2495
ရှေးဟောင်းတောင်ထွတ်ပေါ်တွင် ရီဖူရှင်းက မျက်လုံးများက ပွင့်ဟလာကာ ဗုဒ္ဓအလင်းတို့က ကောင်းကင်ထက်တွင် စီးဆင်းလာသည်ကို မြင်လိုက်ရသည်။ သူသည် လက်ရှိတွင် ကြောက်မက်ဖွယ် အရှိန်အဝါတို့ လွှမ်းခြုံနေသည်ကို ခံစားမိ၏။
"မဟုတ်သေးဘူး။"
ရီဖူရှင်းက ချက်ချင်းပင် အတွေးတစ်ချက်နှင့် သူ၏ အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ သူ့ထံက မည်သည့်အရှိန်အဝါတို့မှ ထွက်ပေါ်မနေတော့ဘဲ သူက သာမန်လူနှင့်မခြား ဖြစ်သွား၏။ သူ့ထံက မည်သည့် မဟာလမ်းစဥ် စွမ်းအားကိုမှ ခံစား၍မရနိုင်ပေ။
ထိုအချိန်တွင် ရီဖူရှင်းက မည်သည့် ကျင့်ကြံခြင်းမှ မရှိသော တစ်စုံတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
တစ်ချိန်တည်းတွင် ကောင်းကင်ထက်၌ ထွက်ပေါ်လာသည့် ထိုကြောက်မက်ဖွယ် အရှိန်အဝါတို့ကလည်း ပျောက်ကွယ်သွားသည်။ ၎င်းက တခဏအတွင်း ဖြစ်တည်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ထိုသည်မှာ မည်သည့်အခါကမှ မတည်ရှိခဲ့သလိုပင်။
"ဘာတွေဖြစ်တာလဲ။" အခြားကျင့်ကြံသူများကလည်း သတိထားမိပုံပေါ်ကာ ဝိညာဥ်တောင်တန်းအထက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မေးလိုက်သည့် ဗုဒ္ဓကျင့်ကြံသူ၏ အသံက ဝိညာဥ်တောင်တန်းတလျှောက် ပဲ့တင်ထပ်လာသည်။
"မသိဘူး။ အခုလေးတင် ကပ်ဘေးအရှိန်အဝါကို ခံစားမိလိုက်ပေမယ့် ချက်ချင်း ပျောက်သွားတယ်။ ဘာလို့ အဲဒီလို ဖြစ်ရတာလဲ။" ဗုဒ္ဓအရှင်တစ်ပါးက ဇဝေဇဝါနှင့် ပြောလိုက်သည်။
မည်သည့်အတွက် ထိုအရှိန်အဝါက တခဏမျှသာ ပေါ်ပေါက်လာရသနည်း။
ထိုသည်က ကပ်ဘေးစွမ်းအား ဖြစ်ပါသလား။
ဗုဒ္ဓကျင့်ကြံသူများက သူတို့၏ နတ်အာရုံကို ထုတ်လွှတ်လိုက်ပြီး ချက်ချင်းပင် နောက်တစ်နေရာ၌ ပေါ်ပေါက်လာသည်။
"ဘာဖြစ်တာလဲသိတဲ့သူ တစ်ယောက်ယောက်များ ရှိလား။"
"ဝိညာဥ်တောင်တန်းမှာ အစွမ်းထက် ဗုဒ္ဓကျင့်ကြံခြင်းနဲ့ တစ်စုံတစ်ယောက် ရှိနေတာလား။"
"မသိဘူး။ ဒါပေမယ့် အသစ်ရောက်လာတဲ့သူ ဘယ်သူမှမရှိဘူး။"
နောက်ထပ် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်က တုန့်ပြန်လိုက်သည်။ သူတို့အားလုံးက ထိုအရှိန်အဝါကို ခံစားမိလိုက်သော်လည်း မည်သူကမှ ရီဖူရှင်းကို အာရုံမစိုက်ခဲ့ကြပေ။ သူတို့က သူ့ကို အာရုံစိုက်ခဲ့လျှင်ပင် ထိုအရှိန်အဝါက သူ့ကြောင့် ထွက်ပေါ်လာသည်အား မည်သည့်အခါမှ သိကြလိမ့်မည် မဟုတ်ပေ။
အဆုံးမှာတော့ ထိုအရှိန်အဝါက ရီဖူရှင်းထံမှ ထွက်လာခြင်းမဟုတ်ဘဲ ကောင်းကင်ထက်၌ ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
"ကျုပ်တို့ ဗုဒ္ဓအရှင်တွေကို မေးကြည့်ဖို့ လိုမယ် ထင်တယ်။"
နောက်ထပ် ဗုဒ္ဓကျင့်ကြံသူက အကြံပြုလိုက်သည်။ ဗုဒ္ဓအရှင်အဆင့်မှ တစ်စုံတစ်ယောက်က သူတို့ထက် အနည်းငယ် ပို၍ သိရှိပေလိမ့်မည်။
သို့သော် အကြံပြုချက်တောင်းခံပြီးနောက်၌ ဗုဒ္ဓအရှင်များက မည်သည့်အဖြေမှ မပေးကြပေ။ ၎င်းက အားလုံးကို ဇဝေဇဝါဖြစ်စေသည်။
သို့သော် မည်သူကမှ ထိုအဖြစ်အပျက်ကို ရီဖူရှင်းနှင့် ဆက်စပ်တွေးကြည့်၍ ရမည် မဟုတ်ပေ။ အဆုံးမှာတော့ သူ၏ ကျင့်ကြံခြင်းက အဆင့်ရှစ်ရန်ဟောင်သာဖြစ်သည်။
အဆင့်ရှစ်ရန်ဟောင်မှ အဆင့်ချိုးဖျက်တက်ရောက်သွားနိုင်လျှင်ပင် သူက အထွတ်အထိပ် ရန်ဟောင်အဆင့်သို့ ချဥ်းနင်းဝင်ရောက်ခြင်းဖြစ်ကာ နတ်ဘုရားကဒ်ဘေးနှင့်မသက်ဆိုင်သေးပေ။
ထိုအချိန်၌ ရှေးဟောင်းတောင်ထွတ် ထိပ်တွင် ရှိနေသည့် ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးဆန်းသည့် အမူအရာတို့ရှိနေသည်။
ထိုအရှိန်အဝါက ကပ်ဘေးအရှိန်အဝါပေလား။
သူ အဆင့်ချိုးဖျက်တက်ရောက်သွားသည့် အခိုက်အတန့်တွင် သူက ထိုအရှိန်အဝါကို ရှင်းလင်းစွာ ခံစားမိခဲ့ပြီး ၎င်းက ကြောက်မက်ဖွယ် ကောင်းသည်ထက် ကျော်လွန်နေ၏။ ၎င်းသည် ယခင်က ဟွာဂျီယူနှင့် အင်ပါယာရှီတို့ တွေ့ကြုံခဲ့ရသည့် နတ်ဘုရားကပ်ဘေးထက် အားကောင်းနေသေးသည်။
သူက အဆင့်ရှစ်ကို ချိုးဖျက်ကာ အဆင့်ကိုးသို့ ရောက်ရှိသွားသည်နှင့် နတ်ဘုရားကပ်ဘေးကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။
သို့ဆိုလျှင် ၎င်းက ကျင့်ကြံခြင်း၏ သံမဏိစည်းမျဥ်းကို ဆန့်ကျင်နေပြီး မကိုက်ညီနိုင်တော့ပေ။
သူ့ထံတွင် ဖြစ်ပျက်သမျှ အရာအားလုံးက အမြဲလိုလို အနည်းငယ် ထူးဆန်းဖြစ်သည်။ ယခင်က သူသည် မည်သို့လုပ်ဆောင်ပါစေ အဆင့်တက်နိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ယခု အတွေးတစ်ချက်နှင့် သူက နတ်ဘုရားကပ်ဘေးကို ဆွဲဆောင်နေသည်။
သူက အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည့်အခါ နတ်ဘုရားကပ်ဘေး စွမ်းအားကို ထပ်မခံစားမိတော့ဘဲ တစ်ဖန် ပျောက်ကွယ်သွားဖြစ်သည်။
ကျင့်ကြံသူများက ရန်ဟောင်ဟူသည့် အဆင့်အား ချိုးဖျက်ကာ အဆင့်သစ်သို့ တက်ရောက်ရန် လုပ်ဆောင်သည့်အခါမှသာ နတ်ဘုရားကပ်ဘေး သုံးပါးကို ဖြတ်ကျော်ကြရသည်။ နတ်ဘုရားကပ်ဘေးသုံးပါးလုံး၏ ကောင်းချီးကို ရရှိပြီးနောက်မှသာ လမ်းစဥ်၏ အမြင့်ဆုံးကို သက်သေပြလျက် မဟာအင်ပါယာအဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။ ထို့နောက်မှသာ သူတို့က နတ်ဘုရားဟူသည့် ရာထူးအပ်နှင်းခံရပေမည်။
နတ်ဘုရားကပ်ဘေး တည်ရှိမှုမှာ ၎င်းကို ကောင်းကင်နှင့် မြေကြီး၏ စည်းမျဉ်းများက ခွင့်မပြုသောကြောင့် ဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားကပ်ဘေး၏ ပေါ်ပေါက်လာမှုက အဆင့်ချိုးဖျက်တက်ရောက်လိုသည့် သူများကို မဟာလမ်းစဥ်၏ ဥပဒေက သုတ်သင်ကာ အပြစ်ပေးလိမ့်မည် ဖြစ်သည်။
ထိုသို့ဆိုလျှင် သူ အဆင့်ကိုးသို့ ချိုးဖျက်ရောက်ရှိသည့်အခါ နတ်ဘုရားကပ်ဘေးကို ဆွဲဆောင်နိုင်ခဲ့သည်မှာ သူ၏ လက်ရှိရပ်တည်မှုကို ကောင်းကင်လမ်းစဥ်က ခွင့်မပြုတော့ဟု ဆိုလိုသည်။ သူက မဟာလမ်းစဥ်၏ ဥပဒေကြောင့် ဖြစ်ပေါ်လာသည့် အပြစ်ဒဏ်ကို ရင်ဆိုင်ရတော့မည်လား။
အခြားစကားနှင့်ဆိုရလျှင် သူသည် လက်ရှိရပ်တည်နေသည့် အဆင့်ကိုးသို့ ချဥ်းနင်းဝင်ရောက်ရန် ခွင့်ပြုခြင်းခံရလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းပြချက်ကြောင့် သူ ယခင်က အဆင့်တက်နိုင်ခဲ့ခြင်းမရှိသည်လား။
အရာအားလုံးအတွက် အကြောင်းပြချက်က မည်သည်နည်း။
သူက ကောင်းကင်ကို မည်သို့ ဆန့်ကျင်နိုင်ပါမည်နည်း။
ထို့ပြင် နောက်ထပ် အလွန် အရေးကြီးသည့် မေးခွန်း ရှိနေသေးသည်။ သူက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပါက မည်သည့်အဆင့်သို့ ရောက်ရှိသွားလိမ့်မည်နည်း။
ကြည့်ရသည်မှာ သူက အခြားသော ကျင့်ကြံသူများနှင့် လုံးဝ မတူညီသည့် လမ်းစဥ်ကို လျှောက်လှမ်းနေသောကြောင့် ဖြစ်နိုင်ဖြစ်သည်။
သူ၏ လမ်းစဥ်က မည်သည့်လမ်းစဥ် ဖြစ်နိုင်သနည်း။
အရာအားလုံးက ဝေဝါးနေသည်။ သူသည် ထိုနတ်ဘုရားကပ်ဘေးက မည်မျှ အားကောင်းမည်ကို မသိရှိသလို မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်ပြီးပါက မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်ကိုလည်း မသိချေ။ သူက အခြားကျင့်ကြံသူများနှင့် အတွေ့အကြုံဖလှယ်ပြီးနောက်မှသာ သိရှိပေလိမ့်မည်။
"ဟူး....."
ရီဖူရှင်းက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ကောင်းကင်ထက်ရှိ ဗုဒ္ဓအလင်းတို့ကို ကြည့်လိုက်သည်။ သူ၏ ကြည်လင်သော မျက်လုံးများ၌ သိမ်မွေ့သည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ မည်သို့ဖြစ်စေ သူက ယခု အတားအဆီးကို ဖြတ်ကျော်ကာ နောက်ဆုံး၌ ဤအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ သူက မတူညီသည့် လမ်းစဥ်ကို လျှောက်နေခြင်းဖြစ်သော်လည်း သူသည် ထိုလမ်းစဥ်က ထူးခြားဆန်းကြယ်လှကြောင်း ခံစားမိ၏။
ဟွာချင်းချင်းနှင့် ဟွာဂျီယူနှစ်ယောက်လုံးလည်း ရောက်ရှိလာသည်။ ဝိညာဥ်တောင်တန်းပေါ်ရှိ အခြားဗုဒ္ဓကျင့်ကြံသူများက ရီဖူရှင်းနှင့် ပတ်သတ်၍ အရေးတယူလုပ်မနေခဲ့ပေ။ ဟွာဂျီယူနှင့် ဟွာချင်းချင်းက ရီဖူရှင်းအား ကျင့်ကြံခြင်းတွင် အဖော်ပြုပေးခဲ့ကြသည့်အတွက် ရီဖူရှင်း၏ အခြေအနေကို အကောင်းဆုံး သိရှိထားသည်။ ထို့ကြောင့် သူတို့က ထိုအရှိန်အဝါကို ခံစားမိသည်နှင့် ချက်ချင်း ပြေးလာခဲ့ခြင်း ဖြစ်သည်။
ရီဖူရှင်းက ထိုနေရာ၌ ရပ်နေသည်ကို ကြည့်လိုက်သည့်အခါ သူထံ၌ မည်သည့် အရှိန်အဝါ အတက်အကျမှ မရှိဘဲ သူ့အနီးရှိ လောကနှင့် တသားတည်း ဖြစ်နေခဲ့သည်ကို တွေ့လိုက်ရသည်။ သူက အခြားသာမန်လူများကဲ့သို့ ဖြစ်နေသော်လည်း သူ့ရှေ့မှ ပတ်ဝန်းကျင်နှင့် တသားတည်းဖြစ်နေကာ သဘာဝတရားနှင့် ပေါင်းစပ်နေ၏။ ထို့ကြောင့် သူတို့က ရီဖူရှင်း နောက်အဆင့်ကို ချိုးဖျက်တက်ရောက်သွားခဲ့ပြီး ယခုတစ်ဖန် ကွဲပြားခြားနားမှုတစ်ခုခုရှိနေကြောင်း ခံစားကြရသည်။
"အဆင့်တက်သွားပြီလား။"
ဟွာဂျီယူက ရီဖူရှင်းကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။
"အင်း.. ဟုတ်တယ်။"
ရီဖူရှင်းက ဟွာဂျီယူကို ကြည့်ကာ ပြုံးလိုက်သည်။ သူက တိုက်ရိုက်ပြန်ဖြေခြင်းမပြုဘဲ စိတ်ချင်းဆက်သွယ်ကာ ပြန်ပြောလိုက်သည်။ ရီဖူရှင်းသည် နတ်ဘုရားကပ်ဘေးအား ဆွဲဆောင်မှုမပြုမိစေရန် သူ့ကိုယ်သူ ထိန်းချုပ်ထားသောကြောင့် ဝိညာဥ်တောင်တန်းရှိ အခြားသော ကျင့်ကြံသူများက သူ၏ ကျင့်ကြံခြင်းကို ရှာဖွေတွေ့ရှိလိမ့်မည် မဟုတ်ပေ။ သူက ပုံမှန်အတိုင်းသာ ဖြစ်သည်။
အဆုံးမှာတော့ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓကျင့်ကြံသူများက သူ့အပေါ် ရန်လိုနေကြသည်။ ထို့ကြောင့် သာမန်ထက်လွန်ကဲသည့် ထိတ်လန့်ဖွယ် အဖြစ်အပျက်တို့ ဖြစ်ပေါ်လာခြင်းမှ ရှောင်ရှားရန် အနည်းငယ် သတိထားခြင်းက ပိုကောင်းပေလိမ့်မည်။
ရန်ဟောင်အဆင့်ရှစ်မှ အဆင့်ကိုးသို့ ချိုးဖျက် တက်ရောက်ရာ၌ မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဆွဲဆောင်မိခြင်းမှာ သမိုင်းတလျှောက် ရှိလိမ့်မည်လား သူမသိပေ။ ရှိခဲ့လျှင်လည်း ဒဏ္ဍာရီအတွင်း၌သာ ဖြစ်ပေလိမ့်မည်။ သူက ထိုသို့ လုပ်ဆောင်နိုင်သည်ဆိုပါက အာရုံစိုက်မှုအများအပြားကို တစ်ဖန်ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသတင်းက ကောင်းကင်ဒေသသို့တိုင် ရောက်ရှိသွားပေလိမ့်မည်။
ထို့ကြောင့် သူက မဟာလမ်းစဥ် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်ရန် အတွေးအား ဖိနှိပ်ကာ ယာယီဆိုင်းငံ့ထားရဦးမည် ဖြစ်သည်။
"အဲဒါ နင်မလား။"
ဟွာချင်းချင်းကလည်း အသံပို့လွှတ်ကာ မေးလိုက်သည်။ အစောပိုင်းက ပေါ်ပေါက်လာသော ဖြစ်စဥ်က သူနှင် ပတ်သတ်နေသည်မှာ သိသာ၏။
"ဟုတ်တယ်။"
ရီဖူရှင်းက တုန့်ပြန်လိုက်သည်။
"ကြည့်ရတာ ငါတို့ ခန့်မှန်းထားတာနဲ့ သိပ်မကွာတဲ့ပုံပဲ။ နင့်ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က တခြားလူတွေနဲ့ ကွာခြားတယ်။"
ဟွာချင်းချင်းက ပြုံးလျှက် တုန့်ပြန်လိုက်၏။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဗုဒ္ဓကျမ်းစာတွေကို နားလည်သဘောပေါက်အောင် ဖတ်ရှုဖို့ လမ်းညွှန်ခဲ့တာ နင့်ကို ကျေးဇူးတင်ရမယ်။ မကြာသေးခင်က ငါ ဆရာတော်ခူးချန်နဲ့ စကားပြောဖြစ်ခဲ့တယ်။ အဲဒီနောက် ဉာဏ်အလင်းတစ်ချက်ရလိုက်ပြီး နောက်ဆုံးမှာ အတားအဆီးကို ချိုးဖျက်နိုင်သွားတာပဲ။ ဒါပေမယ့် အဲဒါက နတ်ဘုရားကပ်ဘေး ဖြစ်လာစေလိမ့်မယ်လို့ ထင်မထားမိဘူး။"
ရီဖူရှင်းက ပြောလိုက်သည်။
"မင်းက ဗုဒ္ဓအားလုံးအရှင်သခင်နဲ့အတူ ကျင့်ကြံခဲ့တာ။ ဒီလိုမျိုး တစ်ယောက်ယောက် ကြုံတွေ့ခဲ့ဖူးတယ်လို့များ ကြားဖူးလား။"
"မရှိဘူး။" ဟွာချင်းချင်းက ပြောလိုက်သည်။ "ဗုဒ္ဓကျင့်ကြံခြင်းက အပြင်လောကရဲ့ တခြားကျင့်ကြံခြင်းတွေနဲ့ ကွာခြားပေမယ့် မဟာလမ်းစဥ်နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ရတဲ့အဆင့်ကတော့ အကုန်အတူတူပဲ။"
"ဒီလိုဆိုရင် ဗုဒ္ဓကျင့်ကြံခြင်းနဲ့ ကောင်းကင်ဒေသထဲက မဟာလမ်းစဥ်ကျင့်ကြံခြင်းမှာ ကွာခြားချက် သိပ်မရှိဘူးပေါ့။"
ရီဖူရှင်းက တုန့်ပြန်လိုက်သည်။ "ပန်းတိုင်ကို ရောက်ဖို့ မတူညီတဲ့ နည်းလမ်းတွေ အသုံးပြုကြပေမယ့် မဟာလမ်းစဥ်တွေအားလုံးက ဆက်စပ်မှုရှိနေတယ်။ အနှစ်သာရအားဖြင့်တော့ အားလုံးက တူညီနေတာပဲ။"
"ကြည့်ရတာ ဒီနှစ်တွေအတွင်း ဗုဒ္ဓကျမ်းစာတွေကို နားလည်သဘောပေါက်အောင် လုပ်တာ အကျိုးရှိပုံရတယ်။ ကျင့်ကြံခြင်းအပေါ် နင့်အမြင်က ကွာခြားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိဂုံးချုပ်ကတော့ အတူတူလောက်ပါပဲ။"
ဟွာချင်းချင်းက တုန့်ပြန်လိုက်သည်။
"ငါတို့ သွားသင့်ပြီ။"
ရီဖူရှင်းက ရုတ်တရက် သူတို့နှစ်ယောက်ကို စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။ သူက အနောက်ဘက်လောကတွင် ကျင့်ကြံနေသည်မှာ ဆယ်နှစ်ထက်မနည်း ရှိနေပြီဖြစ်သည်။ နောက်တစ်ဆင့်၌ သူက နတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်ရလိမ့်မည် ဖြစ်သောကြောင့် ဝိညာဥ်တောင်တန်း၌ ထပ်နေရန် မလိုတော့ပေ။ သူက ယခု သူ့ကိုယ်သူ ပြင်ဆင်ရန် နေရာတစ်ခု ရှာဖွေဖို့ရာ လိုအပ်နေသည်။
ဝိညာဥ်တောင်တန်းတွင် သူ၏ အရှိန်အဝါကို အနည်းငယ်မျှ ဖော်ထုတ်မိခဲ့လျှင် သူက ကပ်ဘေးစွမ်းအားကို ဆွဲဆောင်မိပေလိမ့်မည်။ ထို့နောက်တွင် လူတိုင်း ထိုအဖြစ်အပျက်အား သိရှိသွားကြလိမ့်မည် ဖြစ်သည်။