အခန်း (၇၃၁-၇၃၂)
Vol. 74 Ch. 731-732
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၁ + ၇၃၂
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
လွန်ခဲ့သော ရက်အနည်းငယ်ခန့်သို့ ပြန်သွားရလျှင် ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ကြောင်း လီဝမ်ဝမ် ပြောသည်ကို ကြားလိုက်ရချိန်တွင် တုပိုင်က ချက်ချင်းပင် အတည်ပြုရန် စုံစမ်းမှုများစွာအား ပြုလုပ်ခဲ့လေသည်။
မီးနတ်ဘုရားဂိုဏ်း၏ ထိပ်တန်းလျှို့ဝှက်ချက်က အလွဲအချော် မရှိနိုင်သော်လည်း တုပိုင်အနေဖြင့် လုံးဝ ခိုင်လုံသော သက်သေအထောက်အထားကို ရှာဖွေရမည် ဖြစ်၏။
သူသည် မျိုးရိုးဗီဇဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ စတင် တွေးတောစဉ်းစားလာခဲ့သည်။ ထိုသို့တွေးတောပြီးနောက် ချက်ချင်းဆိုသလိုပင် သူ၏ ခေါင်းထဲသို့ ဇာတ်လမ်းတစ်ပုဒ်က ရုတ်တရက် ဝင်ရောက်လာခဲ့လေသည်။ ထိုဇာတ်လမ်းမှာ ကျီယင်ယင် ၊ ကျီကျန်ယန်နှင့် နင်တောက်ရွှမ်တို့၏ ဇာတ်လမ်းပင် ဖြစ်၏။
ကျီယင်ယင်နှင့် ကျီကျန်ယန်တို့မှာ အမြွှာများဖြစ်ကြပြီး သူတို့နှစ်ဦးမှာ တစ်ပုံစံတည်း တူညီကြလေရာ ပုံမှန်အားဖြင့် မတူညီသော အရောင်ရှိသည့် စကတ်များကိုသာ ဝတ်ဆင်လေ့ရှိကြသည်။
ကျီယင်ယင်က အနက်ရောင်စကတ်ကို ဝတ်ဆင်ပြီး ကျီကျန်ယန်က အနီရောင်စကတ်ကို ဝတ်ဆင်လေသည်။
နင်တောက်ရွှမ်က ကျီကျန်ယန်ကို သဘောကျပြီး ကျီယင်ယင်ကိုမူ အလွန်အေးစက်လွန်းသည်ဟု ထင်မြင်နေခဲ့၏။
ထို့ကြောင့် ကျီယင်ယင်က ထိုအချိန်တွင် သူမကိုယ်သူမ ပြောင်းလဲပစ်ရန် ရည်ရွယ်ကာ အစိမ်းရောင်စကတ်ကို ဝတ်ဆင်ပြီးနောက် နင်တောက်ရွှမ်၏ရှေ့၌ တမင်သက်သက် သွားရောက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း ရလဒ်အနေဖြင့် နင်တောက်ရွှမ်က သူမကို မြင်သောအခါတွင် ကျီကျန်ယန်၏ နာမည်ကိုပင် ခေါ်ဆိုလိုက်လေ၏။ ထိုစဉ်က ကျီယင်ယင်မှာ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဆိုသည်ကို လုံးဝ နားမလည်နိုင်ခဲ့ဘဲ ဒေါသတကြီးဖြင့် ထွက်ခွာသွားခဲ့ရသည်။
တုပိုင်က ထိုဇာတ်လမ်းကို ကြားခဲ့ရစဉ်က ဤအချက်ကို လုံးဝ ဂရုမစိုက်မိခဲ့ပေ။ ယခု ပြန်လည်စဉ်းစားကြည့်လိုက်သောအခါတွင်တော့ တုပိုင်က အကြောင်းရင်းကို ရှာတွေ့သွားခဲ့ပြီ ဖြစ်လေ၏။ နင်တောက်ရွှမ်တွင် ပထမအဆင့် အရောင်ကန်းဝေဒနာ ရှိနေပြီး အနီရောင်နှင့် အစိမ်းရောင်ကို မခွဲခြားနိုင်ခဲ့ပေ။ (color blind)
ထို့ကြောင့် မူလက အနက်ရောင်စကတ်ကို ဝတ်ဆင်လေ့ရှိသော ကျီယင်ယင်သည် အစိမ်းရောင်စကတ်ကို ပြောင်းလဲဝတ်ဆင်လိုက်သောအခါ နင်တောက်ရွှမ်က သူမကို ကျီကျန်ယန်ဟု အထင်မှားသွားခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မျက်လုံးထဲတွင် အစိမ်းရောင်စကတ်နှင့် အနီရောင်စကတ်တို့မှာ မည်သို့မျှ ကွာခြားမှု မရှိသောကြောင့်ပင်။
သို့သော်လည်း ဧကရာဇ်ယုံတယ်တွင်ရော ပထမအဆင့် အရောင်ကန်းဝေဒနာ ရှိနေခဲ့သလား။
ဧကရာဇ်ယုံတယ်က ထိုအရာကို လုံးဝ ထုတ်ဖော်ပြသခဲ့ခြင်း မရှိသောကြောင့် တုပိုင် မသိခဲ့ပေ။ မင်းသမီးနင်းရွှဲ့ ထုတ်ပြောသည်ကိုလည်း မကြားခဲ့ဖူးသလို ၊ ပထမဧကရာဇ် ပြောခဲ့သည်ကိုလည်း မကြားခဲ့ဖူးချေ။
သေချာသည်ကတော့ မင်းသမီးနင်းရွှဲ့ပဲဖြစ်ဖြစ် ၊ ပထမဧကရာဇ်ပဲဖြစ်ဖြစ် သူတို့ သိနေခဲ့လျှင်တောင်မှ ဤကိစ္စကို တမင်သက်သက် ထုတ်ပြောကြမည် မဟုတ်ပေ။
တုပိုင်သည် အရှေ့ဘက်ကွပ်ကဲရေးရုံး၏ သက်ဆိုင်ရာ အချက်အလက်များအတွင်း စတင် ရှာဖွေကြည့်ခဲ့သော်လည်း မည်သည့် မှတ်တမ်းမှ မရှိခဲ့ပေ။
သေချာသည်ကတော့ မည်သည့် မှတ်တမ်းမှ ရှိနေမည် မဟုတ်ပေ။ ဧကရာဇ်ယုံတယ်သည် မင်းသားဘဝကတည်းက အရှေ့ဘက်ကွပ်ကဲရေးရုံး၏ အရှင်သခင် ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။ အရှေ့ဘက်ကွပ်ကဲရေးရုံးက သူတို့သခင်၏ လျှို့ဝှက်ချက်များကို မည်သို့လုပ်၍ မှတ်တမ်းတင်ထားရဲမည်နည်း။
နောက်ဆုံးတွင်တော့ တုပိုင်သည် လီရူဟိုင်၏ ဇနီး မိဖုရားလီထံမှ အဖြေကို ရှာတွေ့ခဲ့လေသည်။
မိဖုရားလီက အတိတ်ကို အချိန်အတော်ကြာ ပြန်လည်အောက်မေ့နေပြီးနောက် ပြောလိုက်၏။ “သခင်... ကျွန်မ မှတ်မိပါပြီ။ ဧကရာဇ်ယုံတယ်ရဲ့ မျက်လုံးတွေက တကယ်ပဲ ပြဿနာ ရှိနေခဲ့တာပါ။ အဲဒီအချိန်တုန်းက ကျွန်မယောက်ျားက ပုန်ကန်မှု မလုပ်ရသေးပါဘူး။ သူက ကျွန်မရယ် ၊ လီကျန့်ရယ် ၊ ချန်ချန်ရယ်ကို ခေါ်ပြီး ဧကရာဇ်နဲ့ မယ်တော်ကြီးကို ဂါရဝပြုဖို့ မြို့တော်ကို သွားခဲ့ကြတယ်။”
“ကျွန်မတို့ လီမိသားစုက ဖယောင်းပုဆိုးတွေ ထုတ်လုပ်တာဆိုတော့ အဲဒီအချိန်က ပထမဧကရာဇ်ရဲ့ မယ်တော်ဖြစ်တဲ့ မယ်တော်ကြီးကို အကောင်းဆုံး ဖယောင်းပုဆိုးတွေ ဆက်သခဲ့ကြတာပေါ့။ အဲဒီအချိန်တုန်းက မယ်တော်ကြီးက အစိမ်းရောင်လေးက တောအုပ်ထဲက သစ်ရွက်လေးတွေရဲ့ အရောင်လိုပဲ အရမ်းကို လှပပြီး ရှင်သန်နေသလိုပဲလို့ ပြောခဲ့တယ်။ ပြီးတော့ မင်းသားကို အဲဒီ အစိမ်းရောင် ဖယောင်းပုဆိုးကို ယူပြီး မယ်တော်ကြီးဆီ ယူလာပြခိုင်းခဲ့တယ်။ မင်းသားက ခဏလောက် တုံ့ဆိုင်းသွားပြီးနောက်မှာ အနီရောင် ဖယောင်းပုဆိုးဆီကို လက်လှမ်းလိုက်တယ်။ အဲဒီအခါ ဧကရီက မျက်ရိပ်ပြလိုက်တော့မှ သူက အစိမ်းရောင် ဖယောင်းပုဆိုးကို ယူပြီး မယ်တော်ကြီးဆီ ဆက်သခဲ့တာပါ”
မိဖုရားလီက ဆက်ပြောလေ၏။ “အဲဒီလို ဘာဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ကျွန်မ မသိပါဘူး။ နည်းနည်းတော့ ထူးဆန်းတယ်လို့ ထင်ခဲ့ပေမဲ့ သိပ်ပြီး အလေးအနက် မထားခဲ့မိဘူး။ ဒါပေမဲ့ ဒီကိစ္စက အရမ်းကို ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းနေလို့ ကျွန်မ ရင်ထဲမှာ မှတ်ထားမိခဲ့တာ။ အခု သခင်က မေးလာတော့မှ ကျွန်မ ပြန်မှတ်မိသွားတာပါ”
ဤသည်က လုံးဝ ခိုင်လုံသော သက်သေအထောက်အထားပင် ဖြစ်လေသည်။ ပထမအဆင့် အရောင်ကန်းဝေဒနာဆိုသည်မှာ မျိုးရိုးလိုက်တတ်သော ရောဂါဖြစ်ပြီး ပထမဧကရာဇ်တွင် ထိုရောဂါ လုံးဝ မရှိခဲ့ချေ။
နင်တောက်ရွှမ်တွင် ပထမအဆင့် အရောင်ကန်းဝေဒနာ ရှိနေပြီး ဧကရာဇ်ယုံတယ်၌လည်း ရှိနေခြင်းက လီဝမ်ဝမ်၏ စကားများ မှန်ကန်ကြောင်းနှင့် ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ကြောင်းကို သက်သေပြနေသည်။ တုပိုင် သူ၏ ယုံကြည်ရသော လူယုံများကို မြို့တော်နှင့် အန်နမ်နိုင်ငံသို့ ချက်ချင်း စေလွှတ်လိုက်လေ၏။
**--**--**--**--**--**--**--**
အန်နမ်နိုင်ငံ၏ ဟွေအိမ်တော် ကျန်းနန်နယ်စားမင်း ဆုန်ချွဲသည် တုပိုင်ထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
ထိုစာထဲတွင် တုပိုင်က ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ဘဲ ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်၏ ယုတ်မာသော မျိုးစေ့သာ ဖြစ်ကြောင်း ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သော လျှို့ဝှက်ချက်ကြီးကို ပြောပြထားလေသည်။
ထို့အပြင် နင်တောက်ရွှမ်သည် အမြဲတစေ သူခိုးတစ်ယောက်လို ကြံစည်နေခဲ့ပြီး တာ့နင်အင်ပါယာကို ဖြုတ်ချကာ တာ့နင်အင်ပါယာ၏ ပလ္လင်ကို ပြန်လည်ရယူရန် ကြိုးစားနေကြောင်းလည်း ပါရှိ၏။
ဆုန်ချွဲနှင့် အန်နမ်ဘုရင် လီချန်တို့ကို နေရာတစ်ခု ရွေးချယ်ကာ ဤအဓိကကိစ္စရပ်များကို အတူတကွ ဆွေးနွေးတိုင်ပင်ရန် ဖိတ်ခေါ်ထားပြီး ဧကရာဇ်ယုံတယ်၏ ဘဝဇစ်မြစ် အမှန်တရားကို လောကကြီးထံ ဖွင့်ချကာ သူ့ကို ပလ္လင်ပေါ်မှ ဖယ်ရှားပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ထိုလျှို့ဝှက်စာကို ဖတ်ပြီးနောက် သူ၏ တစ်ကိုယ်လုံးမှာ တဆတ်ဆတ် တုန်ယင်သွားလေသည်။
အန်နမ်ဘုရင် လီချန်သည်လည်း တုပိုင်၏ ကိုယ်တိုင်ရေးစာကို လက်ခံရရှိပြီးနောက် အလွန်အမင်း အံ့အားသင့်သွားခဲ့ရပြီး တွေဝေငေးမောသွားလေတော့၏။
“အရှက်မရှိလိုက်တာ” ဆုန်ချွဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ငါ တကယ် မျက်ကန်းဖြစ်နေခဲ့တာပဲ။ တုပိုင်လို ကောင်မျိုးကို လူကောင်းမှတ်နေခဲ့တာ။ ဧကရာဇ်ယုံတယ်က သူ့အပေါ် တောင်တမျှ ကြီးမားတဲ့ ကျေးဇူးတရားတွေ ရှိခဲ့တယ်။ သူ့ကို နယ်မြေတွေခွဲပေးပြီး ဘုရင်တစ်ပါးအဖြစ်တောင် တင်မြှောက်ပေးခဲ့သေးတယ်။”
“ဧကရာဇ်က တုပိုင်အပေါ် လေးစားမှုနဲ့ မျက်နှာသာပေးခဲ့တာတွေက မနည်းမနောပဲ။ တုပိုင်က စိချွမ်းနဲ့ ဟူနန်ပြည်နယ်တွေကို စစ်တပ်တွေ စေလွှတ်ခဲ့တာတောင်မှ ဧကရာဇ်ယုံတယ်က အဲဒီပြည်နယ်နှစ်ခုကို အပြစ်တင်ဖို့ နေနေသာသာ ပြည်နယ်နှစ်ခုရဲ့ ဘုရင်ခံတွေကိုတောင် ရာထူးက ထုတ်ပယ်ခဲ့သေးတယ်။ သူက တုပိုင်အပေါ် ဒီလောက်တောင် မျက်နှာသာပေးဆက်ဆံခဲ့တာကို တုပိုင်က ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးပြီး ဧကရာဇ်ယုံတယ်ကို အပြစ်ဖို့ လုပ်ကြံနေတာပဲ”
ရွှဲ့ကွမ်ရင်က ဝင်ပြောလိုက်၏။ “မွေးစားအဖေ... ကျွန်မယောက်ျားက လုံးဝ အရူးတစ်ယောက် မဟုတ်ပါဘူး”
ဆုန်ချွဲက ပြန်ပြောလေသည်။ “ဒါက ရူးမိုက်တဲ့ စကားတွေ မဟုတ်လို့ ဘာလဲ။ ဧကရာဇ်ယုံတယ်နဲ့ ပထမဧကရာဇ်တို့က တော်တော်လေး ရုပ်ချင်းဆင်တယ်ဆိုတာကို လူတိုင်း မြင်နိုင်တယ်။ ဒီလို လုပ်ရပ်က လက်ရှိ ဧကရာဇ်ကို သိက္ခာချရုံတင်မကဘဲ ပထမဧကရာဇ်ရဲ့ ကြီးမြတ်တဲ့ နာမည်ကိုပါ အရှက်ခွဲနေတာပဲ။ ကျေးဇူးကန်းလွန်းတယ်။ သူ စိချွမ်းနဲ့ ဟူနန်ကို စစ်တပ်တွေ လွှတ်လိုက်တာက သူ့ကိုယ်သူ အထင်ကြီးပြီး မောက်မာသွားလို့ပဲ ထင်နေခဲ့တာ။ တကယ်တမ်းကျတော့ သူက အရမ်းကို ယုတ်မာပြီး အကြံပက်စက်လွန်းမယ်လို့ ငါ မထင်ထားခဲ့ဘူး”
ရွှဲ့ကွမ်ရင်မှာ ရုတ်တရက် ငိုကြွေးလိုက်ပြီး ပြောလိုက်၏။ “မွေးစားအဖေ ၊ ကျွန်မယောက်ျားကို အဲဒီလို မပြောပါနဲ့။ သူက ရှင့်ရဲ့ သစ္စာရှိမှုကို ယုံကြည်လို့သာ ဒီလို ကမ္ဘာကြီးကို တုန်လှုပ်စေနိုင်တဲ့ လျှို့ဝှက်ချက်ကို ပြောပြခဲ့တာပါ”
“သူက ငါ့ကို အရူးလို့ ထင်နေတာလား” ကျန်းနန်နယ်စားမင်း ဆုန်ချွဲက ပြောလိုက်ပြီးနောက် ရွှဲ့ကွမ်ရင်ကို ကြည့်ကာ ဆက်ပြောလေ၏။ “ရှောင်ကွမ်ရင် ၊ မင်းက ငါ့ရဲ့ မွေးစားသမီးဆိုပေမဲ့ ငါကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာမလို့ သမီးအရင်းနဲ့ ဘာမှမကွာပါဘူး။ ဒါပေမဲ့ မင်းကို ဒီလို သူပုန်သူခိုးတွေနဲ့ ဘာပတ်သက်မှုမှ ဆက်ရှိခွင့် မပေးနိုင်ဘူး။ သူ့ကို ဖြတ်ပစ်လိုက်တော့”
“မလုပ်နိုင်ဘူး...” ရွှဲ့ကွမ်ရင်က အော်ဟစ်လိုက်လေသည်။
ကျန်းနန်နယ်စားမင်း ဆုန်ချွဲက အေးစက်စွာ ပြောလိုက်၏။ “အဲဒီလိုဆိုရင်လည်း မင်းကို မွေးစားသမီးအဖြစ်ကနေ စွန့်လွှတ်ရတော့မှာပဲ”
ထို့နောက် ကျန်းနန်နယ်စားမင်းက တုပိုင်၏ လျှို့ဝှက်စာကို မီးရှို့ဖျက်ဆီးပစ်လိုက်လေသည်။
“ရွှဲ့ကွမ်ရင်... မင်း ပြန်သွားပြီး တုပိုင်ကို ပြောလိုက်စမ်း... တော်သင့်ပြီလို့” ဆုန်ချွဲက ပြောလိုက်သည်။ “တကယ်လို့ သူကသာ မြို့တော်ကို စစ်တပ်တွေ စေလွှတ်ဖို့ ရဲတင်းနေမယ်ဆိုရင် ငါတို့ကြားမှာ ရန်သူတွေ ဖြစ်သွားပြီပဲ”
သူ၏ဘေးရှိ အန်နမ်ဘုရင် လီချန်မှာ တစ်ခုခုပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ ထွက်မလာနိုင်ကြောင်းကို တွေ့ရှိလိုက်ရလေ၏။
သူသည် အလွန် အကဲဆတ်ပြီး သိမ်မွေ့သူတစ်ဦး ဖြစ်သော်လည်း တုပိုင်၏ အကြောင်းပြချက်ကို ထောက်ခံရန် မည်သည့် စကားလုံးကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ။
“ကျန်းနန်နယ်စားမင်း ၊ ကျွန်တော်တို့ တုပိုင်နဲ့ မျက်နှာချင်းဆိုင် စကားပြောကြည့်လို့ မရနိုင်ဘူးလား။ တချို့ကိစ္စတွေက လူချင်းတွေ့ပြီး ရှင်းပြမှ ရှင်းလင်းသွားနိုင်တာပါ” လီချန်က ပြောလိုက်၏။
ကျန်းနန်နယ်စားမင်းက ဒေါသတကြီးဖြင့် ပြောလေသည်။ “ဒီလို သူပုန်သူခိုးတွေနဲ့ ဘာမှ ပြောစရာ အကြောင်းမရှိဘူး”
**--**--**--**--**--**--**--**
လွန်ခဲ့သော ရက်အနည်းငယ်က မြို့တော်၌ ဧကရာဇ်ယုံတယ်သည် သူ၏ မယ်တော်ကို မသတ်ရသေးချေ။ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ လီဝမ်ဟွေ့သည်လည်း တုပိုင်ထံမှ လျှို့ဝှက်စာတစ်စောင်ကို လက်ခံရရှိခဲ့လေသည်။
ထိုစာကို ဖြန့်ဖတ်လိုက်သောအခါ သူ၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး မျက်လုံးများကို မှိတ်ကာ တုပိုင်၏ စကားများကို စတင် တွေးတောစဉ်းစားနေလေ၏။ သူ၏ မွေးစားသား တုပိုင်သည် ရူးမိုက်သူတစ်ဦး မဟုတ်ပေ။
သို့သော်လည်း သူ ဗိုက်ကင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာပြီးကတည်းက သူ့တစ်ကိုယ်လုံး လုံးဝ ပြောင်းလဲသွားခဲ့သည်မှာ အမှန်ပင် ဖြစ်လေသည်။ အရပ်ပိုရှည်လာရုံသာမကဘဲ အာဏာစက်အရှိန်အဝါများနှင့်လည်း ပြည့်နှက်နေခဲ့၏။
သို့သော်လည်း လီဝမ်ဟွေ့၏ မျက်လုံးထဲတွင်တော့ ဤအာဏာစက်အရှိန်အဝါများက သိပ်ပြီး ကောင်းမွန်လှသည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် လီဝမ်ဟွေ့သည် တာ့နင်အင်ပါယာအပေါ် အမြဲတမ်း သစ္စာရှိပြီး ဧကရာဇ်မင်းမြတ်အပေါ် အမြဲ သစ္စာစောင့်သိသူ ဖြစ်သောကြောင့်ပင်။ အကယ်၍ အရာရှိတစ်ဦးက အရမ်းကို အာဏာပြလွန်းနေမည်ဆိုလျှင် သူသည် အရာရှိတစ်ယောက်နှင့် တူတော့မည် မဟုတ်ပေ။
သူသည် ဧကရာဇ်အပေါ် သစ္စာစောင့်သိမှုများ အပြည့်အဝ ရှိနေသလို တုပိုင်အပေါ်တွင်လည်း သားအဖမေတ္တာများ အပြည့်အဝ ရှိနေခဲ့လေသည်။ ထို့ကြောင့် သူက ပထမဧကရာဇ်၏ ရုပ်ရည်သွင်ပြင်နှင့် ဧကရာဇ်ယုံတယ်၏ ရုပ်ရည်သွင်ပြင်ကို အသည်းအသန် ပြန်လည်စဉ်းစားနေမိ၏။
သူတို့နှစ်ဦးက သိသိသာသာကို ဆင်တူကြလေသည်။ ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ကြောင်းကို မည်သူက ယုံကြည်နိုင်မည်နည်း။ သို့သော်လည်း တုပိုင်က သူ့ထံသို့ အဘယ်ကြောင့် ဤလျှို့ဝှက်စာကို ရေးသားပေးပို့ခဲ့ရသနည်း။
လီဝမ်ဟွေ့မှာ အလွန်အမင်း ဝမ်းနည်းနေခဲ့ရလေသည်။
သူက တုပိုင်ကို ထားရစ်ခဲ့ပြီး မြို့တော်သို့ ပြန်လာခဲ့ရသည့် အကြောင်းရင်းမှာ တုပိုင်သည် ဧကရာဇ်၏ အမိန့်တော်ကို ဖီဆန်ကာ စိချွမ်းနှင့် ဟူနန်သို့ စစ်တပ်များ စေလွှတ်၍ ပုန်ကန်ရန် ကြံစည်နေပြီး သူ၏ သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသောကြောင့် ဖြစ်လေသည်။
ဒုတိယအကြောင်းရင်းမှာ မြို့တော်သို့ သွားရောက်ကာ တုပိုင်နှင့် ဧကရာဇ်ယုံတယ်တို့ကြားရှိ ဆက်ဆံရေးကို ပြေလည်စေရန် ပိုမိုကြိုးပမ်းအားထုတ်လိုသောကြောင့် ဖြစ်၏။ ယခုအခါတွင်တော့ အရာအားလုံးက မျှော်လင့်ချက်မဲ့နေပြီဟု ထင်ရလေသည်။
တုပိုင်သည် ဧကရာဇ်ယုံတယ်၏ သွေးဆက်ကို မေးခွန်းထုတ်လိုက်သောကြောင့် စတင်ပုန်ကန်တိုက်ခိုက်နေပြီဖြစ်ရာ ဤလုပ်ရပ်မှာ အလွန်အမင်း ကြီးလေးလွန်းနေပြီ ဖြစ်၏။
ထိုနေ့တွင်ပင် သူသည် ဧကရာဇ်ယုံတယ်နှင့် သွားရောက်တွေ့ဆုံကာ ဦးညွှတ်ခစားလျက် ပြောလေ၏။ “အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးကနေ နုတ်ထွက်ခွင့်ပြုပါ။ ပြီးတော့ ပထမဧကရာဇ်ရဲ့ ဂူဗိမာန်မှာ သွားရောက်စောင့်ကြပ်ခွင့်ပြုပါ အရှင်မင်းမြတ်”
ဧကရာဇ်ယုံတယ် မေးလိုက်သည်။ “ဖွားဖက်တော်လီ... ဘာလို့ ဒီလို စိတ်ကူးမျိုး ရလာရတာလဲ”
လီဝမ်ဟွေ့က ပြောလေ၏။ “ကျွန်တော်မျိုးက တုပိုင်ရဲ့ မွေးစားအဖေ ဖြစ်နေတဲ့အတွက် သံသယဖြစ်ခံရမှုကနေ ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် ကျွန်တော်မျိုးက အရမ်းကို အားနည်းနေပြီဖြစ်လို့ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဆက်ပြီး တာဝန်မထမ်းဆောင်နိုင်တော့ပါဘူး”
ဧကရာဇ်ယုံတယ် ပြောလိုက်၏။ “တုပိုင်နဲ့ တာ့နင်အင်ပါယာ တဖြည်းဖြည်း ဝေးကွာသွားတာကို မြင်ရလို့ မင်း မျှော်လင့်ချက်မဲ့နေတယ်ဆိုတာ ငါကိုယ်တော် သိပါတယ်။ ဖွားဖက်တော်လီ... မင်း သိတဲ့အတိုင်း တုပိုင်က ငါကိုယ်တော်ရဲ့ ကျေးဇူးရှင်ဖြစ်သလို တာ့နင်အင်ပါယာရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်။”
“ငါကိုယ်တော်က ဒီနိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီးဖြစ်တဲ့ သူ့ကို လုံးဝ မဆုံးရှုံးချင်ဘူး။ ဒါကြောင့် ဖွားဖက်တော်လီကို နောက်ဆုံးအကြိမ်အနေနဲ့ ကြိုးစားပေးဖို့ တောင်းဆိုချင်တယ်။ တုပိုင်ကို ဆုတ်ခွာသွားအောင် ဖျောင်းဖျတဲ့စာတစ်စောင် ရေးပေးပါ။ ငါကိုယ်တော်က သူ့ကို ဘယ်တော့မှ အပြစ်မယူဘူး။ ဘယ်လိုလဲ”
လီဝမ်ဟွေ့က အရိုအသေပေးကာ ပြောလေ၏။ “အရှင်မင်းမြတ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်ကို ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်”
ထိုအခိုက်တွင် လီဝမ်ဟွေ့က တုပိုင်ထံသို့ အလွန် ချစ်ခင်ကြင်နာမှုများ ပါဝင်သော ရင်တွင်းဖြစ်စာတစ်စောင်ကို ရေးသားကာ တပ်များဆုတ်ခွာပေးရန်နှင့် ချစ်ခင်ရသူများကို နာကျင်စေပြီး ရန်သူများကို ပျော်ရွှင်စေမည့် အလုပ်မျိုး မလုပ်ရန် တောင်းဆိုလိုက်လေသည်။
စာထဲတွင် လီဝမ်ဟွေ့က ထပ်မံရေးသားထားသည်မှာ အကယ်၍ တုပိုင်က သူ၏ စစ်တပ်ကို ဦးဆောင်ကာ တာ့နင်အင်ပါယာကို တိုက်ခိုက်ရန် မြောက်ပိုင်းသို့ ချီတက်လာပါက ထိုအချိန်သည် သူ၏ သေဆုံးရမည့်အချိန်ဖြစ်ပြီး သူ၏ ဦးခေါင်းကို မြို့တော်ဂိတ်တံခါးဝတွင် ချိတ်ဆွဲထားကာ တုပိုင်၏ စစ်တပ်များ မြို့တော်သို့ ဝင်ရောက်လာသည်ကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ရေးသားထားလေ၏။
**--**--**--**--**--**--**--**
မယ်တော်ကြီးနှင့် မင်းသမီးနင်းရွှဲ့တို့ နတ်ရွာစံသွားကြောင်း သတင်းထွက်ပေါ်လာပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများအားလုံး လုံးဝ တုန်လှုပ်ချောက်ချားသွားခဲ့ကြပြီး မြို့တော်ရှိ ပြည်သူသန်းပေါင်းများစွာမှာလည်း အလွန်အမင်း ဒေါသထွက်သွားခဲ့ကြလေသည်။
မူလက မြို့တော်တွင် တိတ်ဆိတ်နေသော လူတစ်စု ရှိနေခဲ့သေး၏။ သူတို့၏ ရင်ထဲတွင် တုပိုင်သည် သူပုန်တစ်ယောက် မဟုတ်ဟု ခံစားနေခဲ့ကြသည်။ စိချွမ်းနှင့် ဟူနန်သို့ စစ်တပ်များ စေလွှတ်ခြင်းက မှားယွင်းသော်လည်း လုံးဝ ခွင့်မလွှတ်နိုင်စရာတော့ မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် တုပိုင်၏ ဇနီးဖြစ်သော မင်းသမီးနင်းရွှဲ့နှင့် မယ်တော်ကြီးတို့ နှစ်ဦးစလုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြသည်။
ထိုနှစ်ဦးစလုံးမှာ တုပိုင်နှင့် အရင်းနှီးဆုံး လူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ အတိုင်းအတာတစ်ခုအထိ မျှော်လင့်ချက်မဲ့ မနေခဲ့ဘူးဆိုလျှင် မည်သို့လုပ်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ကြမည်နည်း။
ထို့ကြောင့် ကျန့်ရှီးဘုရင် တုပိုင်က တကယ်ကို ပုန်ကန်နေခဲ့ပြီ ဖြစ်လေ၏။
သူပုန်အမတ် ၊ သူပုန်တွေ။ မြို့တော်ရှိ မရေမတွက်နိုင်သော ပြည်သူများက သူတို့ သစ္စာဖောက်ခံလိုက်ရပြီဟု ခံစားလိုက်ကြရကာ တုပိုင်၏ ပုံတူကားချပ်များအပေါ်သို့ ဒေါသတကြီးဖြင့် တံတွေးများ အကြိမ်ကြိမ် ထွေးပစ်ခဲ့ကြလေသည်။
မရေမတွက်နိုင်သော ကျောက်ခဲများဖြင့် တုပိုင်၏ ကျန့်ရှီးအိမ်တော်ကို ပစ်ပေါက်ခဲ့ကြပြီး တချို့က ကျန့်ရှီးအိမ်တော်ကိုပင် မီးရှို့ပစ်ခဲ့ကြလေ၏။ တာ့နင်အင်ပါယာ၏ သစ္စာဖောက်အရာရှိများအကြောင်းကို စာရင်းပြုစုကာ ဟောပြောနေသော ပုံပြင်ပြောသူတစ်ဦးပင် ရှိနေခဲ့သေး၏။
ထိုစာရင်းထဲတွင် တုပိုင် ၊ လီယင်းတူနှင့် လီယွမ်တို့အားလုံး ပါဝင်နေပြီး တုပိုင်က နံပါတ်တစ် နေရာတွင် ရှိနေလေသည်။ သံသယဖြစ်စရာမလိုဘဲ ဖန်းမိသားစု၏ ပြည်သူ့ထင်မြင်ချက်ကို အသုံးချသည့် အင်အားမှာ အရှိန်အဟုန် ရရှိနေပြီ ဖြစ်လေ၏။
**--**--**--**--**--**--**--**
မရေမတွက်နိုင်သော ဒေါသများ ၊ မရေမတွက်နိုင်သော ပြည်သူ့ထင်မြင်ချက်များက အချဉ်ဖောက်ကာ အုံကြွလာနေပြီး နောက်ဆုံး ပေါက်ကွဲထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြလေပြီ။ သုံးရက်ဆက်တိုက် အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိရာပေါင်းများစွာသည် နန်းတော်သို့ သွားရောက်ကာ ဝမ်းနည်းပူဆွေး ငိုကြွေးခဲ့ကြလေ၏။
မရေမတွက်နိုင်သော လျှောက်တင်စာများက နှင်းပွင့်များ လွင့်စင်လာသကဲ့သို့ နန်းတော်ဆီသို့ ပျံသန်းရောက်ရှိလာပြီး တုပိုင်အား အသည်းအသန် အပြစ်တင် စွပ်စွဲထားကြလေသည်။
နောက်ဆုံးတွင်တော့ လျှောက်တင်စာတစ်စောင်က နန်ကျင်းရှိ ဖန်းမိသားစုအနေဖြင့် သစ္စာဖောက်များအား နှိမ်နင်းရန်နှင့် အခြေအနေများကို ပြောင်းလဲပစ်ရန် စစ်တပ်များ စေလွှတ်ပေးနိုင်ကြောင်း စမ်းသပ်အဆိုပြုလာခဲ့လေသည်။
မူလက ယုံတယ်၏ နန်းတွင်း၌ ဖန်းမိသားစုဆိုသည့် စကားလုံးက တားမြစ်ချက်တစ်ခု ဖြစ်နေခဲ့၏။
မည်သို့ပင်ဆိုစေကာမူ ပထမဧကရာဇ်၏ လက်ထက်တွင် ဖန်းမိသားစုသည် အကြီးမားဆုံးသော ရန်သူ ဖြစ်ခဲ့လေသည်။ ဤနန်းတွင်းရှိ အရာရှိများသည် ဖန်းအုပ်စု လုံးဝ ဆုတ်ခွာသွားပြီးနောက်မှသာ အာဏာရလာခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် တစ်စုံတစ်ယောက်က ဖန်းမိသားစု၏ စစ်တပ်များ စေလွှတ်၍ ရုတ်တရက် နှိမ်နင်းရန် အဆိုပြုလာခဲ့သော်လည်း ရုတ်ရုတ်သဲသဲပင် မဖြစ်သွားခဲ့ချေ။
ထို့နောက် လျှောက်တင်စာများထဲတွင် တုပိုင်အား ချေမှုန်းရန် ကျန်းနန်မှ စစ်တပ်များ စေလွှတ်ပေးရန် တောင်းဆိုသည့် အသံများ ပို၍ပို၍ များပြားလာပြီး လျှောက်တင်စာ ရေးသားသည့် အရာရှိအရေအတွက်မှာလည်း ပို၍ပို၍ များပြားလာခဲ့လေသည်။
ဤလျှောက်တင်စာများ အားလုံးကို ထုတ်ပြန်ကြေညာခြင်း မပြုခဲ့ပေ။ သုံးရက်သုံးညတိုင်တိုင် ဧကရာဇ်ယုံတယ်သည် မယ်တော်ကြီး၏ ခေါင်းတလားဘေးတွင် အစာမစား ၊ ရေမသောက်ဘဲ ဒူးထောက်နေခဲ့ရာ သူ၏ ရုပ်သွင်မှာ အလွန်အမင်း ပိန်ချုံးချိနဲ့နေလေ၏။
သူက မျက်ရည်များ ခမ်းခြောက်သွားသည်အထိ ခါးသီးစွာ ငိုကြွေးခဲ့ပြီး နောက်ဆုံးတွင်တော့ သွေးမျက်ရည်များပင် ကျဆင်းလာခဲ့လေသည်။ သူသည် အလွန်အမင်း ဝမ်းနည်းကြေကွဲလွန်းလှသဖြင့် သွေးသုံးကြိမ်တိုင်တိုင် အန်ခဲ့ပြီး တိုက်ရိုက် သတိလစ်မေ့မြောသွားခဲ့လေသည်။ သို့သော်လည်း သတိပြန်ရလာပြီးနောက် မယ်တော်ကြီး၏ ခေါင်းတလားရှေ့တွင် တစ်ဖန် ပြန်၍ ဒူးထောက်နေခဲ့ပြန်၏။
မှူးမတ်များနှင့် သူကောင်းမျိုးများအားလုံး အလွန်အမင်း စိတ်ထိခိုက်လှုပ်ရှားသွားခဲ့ကြလေသည်။ ပထမဧကရာဇ်သည် အလွန် မိဘကျေးဇူးသိတတ်သူဖြစ်ကြောင်း ပြောစမှတ်တွင်ကြသော်လည်း ယခု ကြည့်ရသည်မှာ လက်ရှိဧကရာဇ်က ပထမဧကရာဇ်ထက်ပင် ပို၍ မိဘကျေးဇူးသိတတ်နေပုံရလေသည်။
နောက်ဆုံးတွင်တော့ အရာရှိများက ဧကရာဇ်၏ ရှေ့၌ ဒူးထောက်ကာ ဦးညွှတ်ခစားလျက် အစားအစာ အနည်းငယ်မျှဖြစ်စေ ၊ ရေအနည်းငယ်မျှဖြစ်စေ သုံးဆောင်တော်မူရန် အသနားခံ တောင်းဆိုခဲ့ကြလေသည်။
ဧကရာဇ်က ငိုကြွေးရင်း ဆန်ပြုတ်တစ်ဝက်ခန့်ကို သောက်ခဲ့သော်လည်း ကုန်အောင် မသောက်နိုင်ခဲ့ဘဲ တစ်ဖန် ပြန်အန်လာခဲ့ရာ သွေးများပါ အန်ကျလာသဖြင့် အရာရှိများအားလုံး အထိတ်တလန့် ဖြစ်သွားကြလေတော့သည်။
**--**--**--**--**--**--**--**
သုံးရက်ကြာပြီးနောက် ဝိညာဉ်စောင့်ရှောက်ခြင်း ကာလ ပြီးဆုံးသွားခဲ့လေပြီ။ ဧကရာဇ်သည် နာရေးဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ၊ မြို့တော်မှ သူကောင်းမျိုးများ အားလုံးကလည်း အဖြူရောင် နာရေးဝတ်စုံများကို ဝတ်ဆင်ထားကြလေသည်။
သားကောင်းရတနာ ဧကရာဇ်သည် ဝိညာဉ်ခေါ်အလံကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ လျှောက်လှမ်းလာပြီး သူ၏ နောက်ဘက်ရှိ သူကောင်းမျိုး အနည်းငယ်က မယ်တော်ကြီး၏ ခေါင်းတလားကို ထမ်းလျက် ဧကရာဇ်မိသားစု သင်္ချိုင်းဂူဆီသို့ ကြီးကျယ်ခမ်းနားစွာ ချီတက်သွားကြလေသည်။
မယ်တော်ကြီးနှင့် မင်းသမီးနင်းရွှဲ့တို့ နှစ်ဦးစလုံးအတွက် သင်္ချိုင်းဂူအသစ် တည်ဆောက်ရန် မလိုအပ်ဘဲ ပထမဧကရာဇ်၏ ဘေးတွင်သာ မြေမြှုပ်သင်္ဂြိုဟ်ရမည် ဖြစ်သည်။
“မယ်တော်ကြီး... ပြန်လာခဲ့ပါ”
“မယ်တော်ကြီး... ပြန်လာခဲ့ပါ”
ဧကရာဇ်၏ အသံမှာ သွေးများအန်ကျသည်အထိ ငိုကြွေးနေသော ဥသြငှက်ငယ်လေးကဲ့သို့ ဖြစ်နေပြီး မြင်ရသူတိုင်းက ဝမ်းနည်းကြေကွဲရကာ ကြားရသူတိုင်းက မျက်ရည်ကျခဲ့ကြရလေသည်။
နာရီအနည်းငယ် အကြာတွင် ဈာပနအဖွဲ့သည် ဧကရာဇ်မိသားစု သင်္ချိုင်းဂူသို့ ရောက်ရှိလာကြပြီ မယ်တော်ကြီးအား တရားဝင် မြေမြှုပ်သင်္ဂြိုဟ်လိုက်လေသည်။
ဧကရာဇ်ယုံတယ်က နောက်ဆုံး ဝမ်းနည်းခြင်း မှတ်တမ်းကို ဖတ်ကြားလိုက်၏။
စာသားများက ရင်နင့်ဖွယ်ကောင်းလှပြီး စကားလုံးတိုင်းက သွေးမျက်ရည်များ ဖြစ်နေခဲ့လေသည်။ စာဖတ်ကြားမှု အဆုံးသတ်သွားချိန်တွင်တော့ ဧကရာဇ်၏ ပါးစပ်မှ သွေးမြှုပ်များ ပန်းထွက်လာပြီး သူ၏ လက်ထဲရှိ ဝမ်းနည်းခြင်း မှတ်တမ်းပေါ်သို့ သွေးများ စင်သွားလေတော့သည်။
ဝမ်းနည်းခြင်း မှတ်တမ်း ဖတ်ကြားခြင်း ပြီးဆုံးသွားပြီးနောက် အောက်ဘက်ရှိ အရာရှိများထဲမှ တစ်စုံတစ်ယောက်က ရုတ်တရက် အော်ဟစ်လိုက်လေသည်။
“သူပုန်အမတ်နဲ့ သစ္စာဖောက်တွေကို လူတိုင်း ဝိုင်းဝန်းသတ်ဖြတ်ခွင့် ရှိတယ်”
“သစ္စာဖောက် တုပိုင်ကို ကောင်းကင်ဘုံကရော ပြည်သူတွေကပါ ဒေါသထွက်နေကြပြီ”
“တိုင်းပြည်ကို သစ္စာဖောက်တဲ့ သူခိုးတုပိုင်... သေရင်တောင် မြေမြှုပ်စရာ နေရာ ရှိမှာ မဟုတ်ဘူး”
ဧကရာဇ်ယုံတယ်က ဝမ်းနည်းပူဆွေးစွာဖြင့် ပြောလေ၏။ “အဲဒီနေ့က မြို့တော်မှာ တုပိုင်က ငါကိုယ်တော်ရဲ့ ရှေ့မှာ မောက်မာရိုင်းစိုင်းခဲ့တယ်။ သူက စွမ်းဆောင်ရည်ကြီးမားတဲ့ သူရဲကောင်းတစ်ယောက် ဖြစ်နေတဲ့အတွက် ငါကိုယ်တော်က သူ့ကို သည်းခံခွင့်လွှတ်ပေးခဲ့တယ်။ သူ့အပေါ် ကျေးဇူးတင်လို့ အရင်က ဘယ်သူမှ မရဖူးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေတောင် ပေးအပ်ခဲ့သေးတယ်”
“တုပိုင်က ဟူနန်နဲ့ စိချွမ်းပြည်နယ်တွေကို စစ်တပ်တွေ လွှတ်ခဲ့တာတောင်မှ ငါကိုယ်တော်က သည်းခံခဲ့ပါသေးတယ်။ သူ့ကို အပြစ်တင်မယ့်အစား သူ့ကို နှစ်သိမ့်ဖို့ အမိန့်တော်တောင် ထုတ်ပြန်ပေးခဲ့တယ်”
“တုပိုင်အပေါ်ကို ငါကိုယ်တော်က ရင်ဖွင့်ပြီး အစွမ်းကုန် ကြင်နာပြခဲ့ပါတယ်”
“တုပိုင်က တာ့နင်အင်ပါယာအပေါ် ကြီးမားတဲ့ ကျေးဇူးရှိတဲ့အတွက် ငါကိုယ်တော် သူ့ကို ကျေးဇူးတင်ပါတယ်။ တကယ်လို့ တုပိုင်က ငါကိုယ်တော်ကို ဧကရာဇ်အဖြစ် လက်မခံဘူးဆိုရင်တောင်မှ သူ မပုန်ကန်သရွေ့ ၊ တာ့နင်အင်ပါယာအပေါ် ဆက်ပြီး သစ္စာရှိနေဖို့ ဆန္ဒရှိနေသရွေ့ ငါကိုယ်တော် သေပေးနိုင်တယ်လို့တောင် တိတ်တိတ်လေး ပြောခဲ့ဖူးတယ်။ ငါကိုယ်တော်ရဲ့ လည်ပင်းပေါ်ကို ဓားတင်လာမယ်ဆိုရင်တောင် မျက်လုံးမှိတ်ပြီး သေဖို့ပဲ ရွေးချယ်မှာပါ”
“ဒါပေမဲ့ အခုတော့ ငါကိုယ်တော်ရဲ့ မယ်တော်ကြီးလည်း ဆုံးပါးသွားခဲ့ပြီ ၊ နှမတော်လည်း သေဆုံးသွားခဲ့ပြီ။ သူတို့ ဘာလို့ သေဆုံးသွားရသလဲဆိုတော့ သူတို့က ဂုဏ်သိက္ခာကို အောက်ချပြီး တပ်တွေ ဆုတ်ပေးဖို့ တုပိုင်ကို တောင်းပန်ခဲ့ဖူးတယ် ၊ မပုန်ကန်ဖို့ တုပိုင်ကို တောင်းပန်ခဲ့ဖူးတယ်။ ဒါပေမဲ့ တုပိုင်ဆီကနေ အရှက်တကွဲ ငြင်းပယ်ခံခဲ့ရတယ်။ ဒါကြောင့်ပဲ မယ်တော်ကြီးနဲ့ မင်းသမီးနင်းရွှဲ့တို့က သေရတာထက် ပိုပြီး ဝမ်းနည်းနာကျင်ခဲ့ရတယ်။ သူတို့က ငါကိုယ်တော်ကို စွန့်ပစ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတာပဲ”
“တုပိုင်... မင်းက ငါကိုယ်တော်ကို နာကျင်အောင် လုပ်နိုင်သလို သတ်လည်း သတ်နိုင်ပါတယ်။ ဒါပေမဲ့ မင်းက ငါကိုယ်တော်ရဲ့ နှမတော်ကို ဘာလို့ သတ်ချင်ရတာလဲ ၊ သူက မင်းရဲ့ ဇနီးလေ။ ပြီးတော့ မယ်တော်ကြီးကိုရော ဘာလို့ သတ်ချင်ရတာလဲ ၊ မယ်တော်ကြီးက မင်းကို သားတစ်ဝက်လို သဘောထားခဲ့တာပါ”
“ငါကိုယ်တော် ဆက်ပြီး သည်းမခံနိုင်တော့ဘူး”
“တုပိုင်ရဲ့ ရာထူးဘွဲ့တွေ အားလုံးကို ရုပ်သိမ်းပြီး သာမန်အရပ်သားအဖြစ် လျှော့ချပစ်ဖို့ ငါကိုယ်တော် လောကကြီးကို ကြေညာလိုက်တယ်”
“တုပိုင်က တာ့နင်အင်ပါယာရဲ့ သူပုန်အမတ်နဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်သွားပြီဆိုတာကို လောကကြီးကို ငါကိုယ်တော် ကြေညာလိုက်တယ်။ လောကကြီးက တရားမျှတတဲ့ ပြည်သူတွေအားလုံး သူ့ကို ဝိုင်းဝန်းတိုက်ခိုက် နှိမ်နင်းကြစေ”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၁ + ၇၃၂ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team