အခန်း (၇၃၃-၇၃၄)
Vol. 74 Ch. 733-734
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၃ + ၇၃၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
"အနောက်တောင်ပိုင်းကို တိုက်ခိုက်ဖို့နဲ့ တာ့နင်အင်ပါယာရဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေအားလုံးကို ပြန်လည်သိမ်းပိုက်ဖို့ စစ်တပ်တွေအားလုံးကို စုရုံးကြဖို့ ငါကိုယ်တော် လောကကြီးကို ကြေညာလိုက်တယ်"
"တုပိုင်ရဲ့ လက်အောက်မှာရှိတဲ့ အရာရှိတွေနဲ့ စစ်သူကြီးတွေအားလုံး ၊ အင်ပါယာရဲ့ ဂုဏ်သရေရှိ အရာရှိတွေအားလုံးပဲ... မင်းတို့က တုပိုင်နဲ့ ဘယ်လောက်ပဲ ရင်းနှီးခဲ့ပါစေ ၊ သူ့ဆီကနေ ချက်ချင်း ခွဲထွက်ပြီး တုပိုင်ရဲ့ သူပုန်တွေနဲ့ ချက်ချင်း အဆက်အသွယ် ဖြတ်တောက်ကြဖို့ ငါကိုယ်တော် လောကကြီးကို ကြေညာလိုက်တယ်"
"တုပိုင်ရဲ့ စစ်တပ်က အရမ်းကို အင်အားကြီးမားပါတယ်။ ဒါပေမဲ့ တရားမျှတတဲ့ဘက်မှာ ကူညီမယ့်သူတွေ များပြားပြီး တရားမမျှတတဲ့ဘက်မှာတော့ ကူညီမယ့်သူ မရှိဘူးဆိုတာကို ငါကိုယ်တော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တရားမျှတမှုက အနိုင်ရရှိမှာဖြစ်ပြီး တာ့နင်အင်ပါယာက အောင်ပွဲခံရလိမ့်မယ်"
ရုတ်တရက် အောက်ဘက်ရှိ အရာရှိများက အော်ဟစ်လိုက်ကြလေသည်။ "အင်ပါယာ အောင်ပွဲခံရမယ် ၊ အင်ပါယာ အောင်ပွဲခံရမယ်"
ထိုချက်ချင်းပင် လျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုက ထွက်ပေါ်လာကာ အဖြူရောင် ဝတ်ရုံရှည်ကို ဖွင့်ချလိုက်ပြီး မယ်တော်ကြီး၏ ခေါင်းတလားရှေ့တွင် ဒူးထောက်လိုက်လေ၏။ "လျန်ကျန်း ဘုရင်ခံ တုဟွေးက မယ်တော်ကြီးကို လာရောက်ပို့ဆောင်တာပါ။ မယ်တော်ကြီး ကောင်းရာသုဂတိလားပါစေ"
ပြောလိုက်ပြီးနောက် တုဟွေးသည် နောက်ထပ်တစ်ကြိမ် ဦးညွှတ်လိုက်ပြန်သည်။ ဧကရာဇ်ယုံတယ်သည်လည်း မိဘကျေးဇူးသိတတ်သော သားတစ်ဦးအနေဖြင့် သူ့ကို ပြန်လည်၍ အရိုအသေပေးလိုက်လေသည်။
ထိုချက်ချင်းပင် လျန်ကျန်း ဘုရင်ခံ တုဟွေးက ပြောလိုက်၏။ "ကျွန်တော်မျိုးမှာ လျှောက်တင်စာ တစ်စောင် ရှိပါတယ် အရှင်မင်းမြတ်"
ဧကရာဇ်ယုံတယ်က ပြောလေသည်။ "လျှောက်တင်စေ"
လျန်ကျန်း ဘုရင်ခံ တုဟွေးက ပြောလေ၏။ "ကျွန်တော်မျိုးက ကွမ်တုံ ဘုရင်ခံ ၊ ဟူပေ ဘုရင်ခံ ၊ အန်ဟွေး ဘုရင်ခံတို့နဲ့ ပူးပေါင်းပြီး တုပိုင်ကို စွပ်စွဲပြစ်တင်ထားပါတယ်"
ထို့နောက် လျန်ကျန်း ဘုရင်ခံ တုဟွေးသည် တုပိုင်၏ သေဒဏ်ထိုက်သော ကြီးလေးသည့် ပြစ်မှုဆယ့်ကိုးခုကို ဖတ်ကြားပြလေတော့သည်။
"တုပိုင်ဟာ နိုင်ငံတော်ရဲ့ နှစ်ပေါင်းနှစ်ရာကျော် သမိုင်းတစ်လျှောက်မှာ ပထမဆုံးသော သူပုန်တစ်ယောက် ဖြစ်ပါတယ်။ သူက အလွန်ကို အပြစ်ကြီးလေးပြီး အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်သတ်ဖြတ်ခံရသင့်ပါတယ်။ ကျွန်တော်မျိုးတို့ မှူးမတ်အရာရှိတွေက ကွမ်တုံ ၊ ကျန်းရှီး ၊ ကျန်းစု ၊ ကျဲ့ကျန်း ၊ ဟူပေ ၊ အန်ဟွေးနဲ့ တခြားပြည်နယ်တွေက စစ်တပ်တွေနဲ့ ပူးပေါင်းပြီး သူပုန်တုပိုင်ကို တိုက်ခိုက်ဖို့နဲ့ နန်းတွင်းရဲ့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်လည်ရယူဖို့ ဆန္ဒရှိကြပါတယ်"
ဤနေရာတွင် ရှိနေသူတိုင်းမှာ သူတို့၏ အသက်ရှူသံများကိုပင် အောင့်ထားမိသွားကြလေ၏။ ဤသည်မှာ အလွန် ကြီးမားလှသော ကိစ္စရပ်ကြီးပင် ဖြစ်လေသည်။ အလွန် ထူးဆန်းသော လက္ခဏာရပ်တစ်ခု ၊ အန္တရာယ်ကြီးမားသော လက္ခဏာရပ်တစ်ခုပင်။
ဖန်းအုပ်စုက တုပိုင်ကို နှိမ်နင်းဖို့ စစ်တပ်တွေ စေလွှတ်ပေးရန် တကယ်ကြီး တောင်းဆိုလာခဲ့သည်လား။
ဧကရာဇ်ယုံတယ်၏ မျက်နှာပေါ်တွင် ဒေါသတကြီး ဖြစ်နေဟန်များ ပေါ်လွင်နေပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်လေသည်။ "သူပုန်အမတ်နဲ့ သစ္စာဖောက်တွေကို လူတိုင်း ဝိုင်းဝန်းသတ်ဖြတ်ခွင့် ရှိတယ်။ အရင်က ငါကိုယ်တော် ပြောခဲ့သလိုပဲ သူပုန်တွေရဲ့ရှေ့မှာ ရာထူးနဲ့ နောက်ခံ ဘယ်လိုပဲရှိနေပါစေ ဘာမှ မကွာခြားဘူး။ တုပိုင်ကိုသာ မဖယ်ရှားနိုင်ဘူးဆိုရင် တာ့နင်အင်ပါယာက ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး"
"နိုင်ငံတော်သူခိုး တုပိုင်ကို ဖယ်ရှားကြ"
"နိုင်ငံတော်သူခိုး တုပိုင်ကို ဖယ်ရှားကြ"
"သူပုန်အမတ်နဲ့ သစ္စာဖောက်တွေကို လူတိုင်း ဝိုင်းဝန်းသတ်ဖြတ်ခွင့် ရှိတယ်"
အကြံအစည်ရှိသူအချို့၏ ဦးဆောင်မှုအောက်တွင် အရာရှိများက အော်ဟစ်လိုက်ကြလေသည်။ ဧကရာဇ်ယုံတယ်သည် ဤဈာပနအခမ်းအနားကို တုပိုင်အား ဆန့်ကျင်တိုက်ခိုက်ရေး စစ်ပွဲတစ်ခုအဖြစ်သို့ လုံးဝနီးပါး ပြောင်းလဲပစ်လိုက်လေတော့သည်။
တုပိုင်အပေါ် လောကကြီး၏ ဝိုင်းဝန်းတိုက်ခိုက်မှုက တရားဝင် စတင်သွားခဲ့လေပြီ။
ဧကရာဇ်ယုံတယ်က တောင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ ရင်ထဲတွင် ပြောလိုက်၏။ "မင်း ကြားလား တုပိုင်... နိုင်ငံရေး စစ်တလင်းမှာ မင်း ရှုံးနိမ့်သွားပြီ။ မင်းရဲ့ ကံကြမ္မာဆိုးက မကြာခင် ရောက်လာတော့မယ်။ မင်း သေရင်တောင် မြေမြှုပ်စရာ နေရာမရှိအောင် ငါကိုယ်တော် သေချာပေါက် လုပ်ပစ်မယ်"
ထိုစဉ် ချက်ချင်းပင်။
"ဒုန်း... ဒုန်း... ဒုန်း..."
မယ်တော်ကြီး၏ ခေါင်းတလားထဲမှ ထုရိုက်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ အစပိုင်းတွင်တော့ ဧကရာဇ်က သူ၏ စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုသာ ဖြစ်မည်ဟု ထင်မှတ်နေခဲ့၏။
သို့သော်လည်း အရာရှိများ၏ မျက်နှာများ လုံးဝ အံ့အားသင့်တုန်လှုပ်နေသည်ကို မြင်လိုက်ရသောအခါ ဤသည်က စိတ်ထင်ယောင်ထင်မှားဖြစ်မှုတစ်ခု မဟုတ်ကြောင်း သူ သိရှိလိုက်လေသည်။ မယ်တော်ကြီး၏ ခေါင်းတလားက တကယ်ပင် မြည်ဟည်းနေခဲ့ခြင်းဖြစ်ပြီး အထဲမှ ထွက်ပေါ်လာခြင်း ဖြစ်၏။
ဧကရာဇ်ယုံတယ်၏ အသက်ရှူသံများပင် ရပ်တန့်သွားမတတ် ဖြစ်သွားခဲ့ရပြီးနောက် သူက အော်ဟစ်လိုက်လေသည်။ "မြေမြှုပ်... မြေမြှုပ်ကြစမ်း"
ထိုချက်ချင်းပင် သူကောင်းမျိုး အနည်းငယ်က မယ်တော်ကြီး၏ ခေါင်းတလားကို ဂူထဲသို့ မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်လိုက်ကြ၏။
သို့သော်လည်း ထိုအခိုက်အတန့်၌ပင် လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခုက မယ်တော်ကြီး၏ ခေါင်းတလားအဖုံးကို တိုက်ရိုက် ပင့်မလိုက်သကဲ့သို့ ဖြစ်သွားလေ၏။
ဤသည်က မယ်တော်ကြီး၏ ခွန်အား မဟုတ်ပေ။ သူမ၌ ကြက်တစ်ကောင်ကိုပင် ချည်နှောင်နိုင်စွမ်း မရှိခဲ့ရာ ခေါင်းတလားအဖုံးကို ဖွင့်နိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ထိုချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ သေဆုံးသွားပြီဖြစ်သော မယ်တော်ကြီးက ခေါင်းတလားထဲမှ တကယ်ပင် ထိုင်လျက်သား ထလာ၏။
သူမက တကယ်ကြီး ရှင်သန်လာသည်လား။
ဧကရာဇ်ယုံတယ်အား လက်ညိုးထိုးလျက် မယ်တော်ကြီးက အသံဩဩဖြင့် တုန်ရီစွာ ပြောလိုက်လေသည်။ "ငမိုက်သား... မင်းလို ငမိုက်သားက မင်းရဲ့ အမေအရင်းကိုတောင် သတ်ရက်တယ်။ ဒီလောကကြီးမှာ ရှင်သန်နေဖို့ မင်းမှာ ဘာမျက်နှာ ရှိသေးလို့လဲ"
"အမတ်တွေအားလုံးပဲ... သေချာနားထောင်ကြစမ်း။ ဧကရာဇ်ယုံတယ်က ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူး။ သူက ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်နဲ့ ငါ ကိုယ်ဝန်ရပြီး မွေးလာတဲ့ ကလေးပဲ"
မယ်တော်ကြီး ရှင်သန်လာမှု ၊ သူမ ခေါင်းတလားထဲမှ ထိုင်လျက်သား ထလာခဲ့သည့် အခိုက်အတန့်က တိတ်ဆိတ်ငြိမ်သက်နေသော ရေကန်ထဲသို့ ဧရာမ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားပြီး အုန်းအုန်းညံသွားစေလေသည်။
မယ်တော်ကြီး ပြောလိုက်သည့် စကားများက ဧရာမ နျူကလီးယားဗုံးတစ်လုံး ပစ်ချလိုက်သကဲ့သို့ပင် ဖြစ်၏။
သေချာသည်ကတော့ ဤလောကကြီးတွင် နျူကလီးယားဗုံးဆိုသည့် အရာမျိုး ရှိမပေ။ သို့သော်လည်း မယ်တော်ကြီး၏ စကားများအားလုံးက အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်လောက်အောင် ပြင်းထန်လွန်းလှပြီး နျူကလီးယားဗုံး တစ်လုံးနှင့်သာ ခိုင်းနှိုင်း၍ ရနိုင်ပေမည်။
ဗုံးကြဲခံလိုက်ရသည်က နှလုံးသားများ ဖြစ်သော်လည်း အမှန်တကယ် ပေါက်ကွဲသွားရသည်ကတော့ ဝိညာဉ်များပင် ဖြစ်လေသည်။ ချက်ချင်းဆိုသလိုပင် ဤနေရာတွင် ရှိနေသူတိုင်းမှာ လုံးဝ ဆွံ့အသွားကြလေတော့၏။
ဧကရာဇ်ယုံတယ်သည် သူ၏ မိခင်ကို သတ်ဖြတ်ခဲ့ကြောင်း ပြောလိုက်သည့် မယ်တော်ကြီး၏ ပထမဆုံး စကားတစ်ခွန်းကပင် ကမ္ဘာမြေကို တုန်လှုပ်သွားစေခဲ့ပြီ ဖြစ်လေသည်။
မယ်တော်ကြီး၏ ဒုတိယမြောက် စကားဖြစ်သော ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ဘဲ နင်တောက်ရွှမ်၏ ယုတ်မာသော မျိုးစေ့သာ ဖြစ်ကြောင်း ပြောလိုက်မှုကလည်း အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလှ၏။
လူတိုင်းက သူတို့၏ နားများကို လုံးဝ မယုံကြည်နိုင်ဖြစ်နေခဲ့ကြလေသည်။ မြို့တော်ရှိ အရာရှိများစွာ၏ မျက်လုံးထဲတွင်တော့ ယုံတယ်သည် တကယ်ကို ကောင်းမွန်သော ဧကရာဇ်တစ်ပါး ဖြစ်၏။
သူ့တွင် ပထမဧကရာဇ်ကဲ့သို့ ကြင်နာတတ်သော နှလုံးသားမျိုး ရှိသော်လည်း ပထမဧကရာဇ်ကဲ့သို့ ခေါင်းမာတတ်သူ မဟုတ်ပေ။ ထို့အပြင် သူက အလွန် စစ်မှန်သော မိဘကျေးဇူးသိတတ်မှုကို ပြသခဲ့လေသည်။ အထူးသဖြင့် မယ်တော်ကြီး သေဆုံးသွားပြီးနောက်တွင် ဧကရာဇ်ယုံတယ်က နေ့ရောညပါ အစာမစား ၊ ရေမသောက်ဘဲ နေခဲ့ကာ အလွန်အမင်း ဝမ်းနည်းကြေကွဲလွန်းလှသဖြင့် သွေးများပင် အန်ခဲ့ရသည် မဟုတ်ပါလော။
တုပိုင်အပေါ် သူထားရှိသော သဘောထားကို ကြည့်မည်ဆိုလျှင် ထိုအရာက သာမန် လေးစားမှုတစ်ခုထက်ပင် ပိုလွန်နေခဲ့လေပြီ။ ဤသည်က လောကကြီးတွင် အကောင်းဆုံးသော သားတစ်ယောက်ဖြစ်သလို ကြင်နာတတ်သော ဧကရာဇ်တစ်ပါးလည်း ဖြစ်လေသည်။
သို့သော် ယခုအခါတွင်တော့ ဧကရာဇ်သည် သူ၏ မိခင်ကို သတ်ခဲ့သည်ဟု မယ်တော်ကြီးက တကယ်ကြီး ပြောလိုက်သည်လား။ ဤသည်ကို မည်သို့လုပ်၍ ယုံကြည်နိုင်မည်နည်း။ သို့သော်လည်း ယုံကြည်ရမည်သာ ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ဤစကားကို ပြောခဲ့သူမှာ မယ်တော်ကြီး ဖြစ်နေပြီး ဧကရာဇ်ယုံတယ်၏ မိခင်အရင်းပင် ဖြစ်သောကြောင့်ပင်။
မယ်တော်ကြီးက သူမ၏ သားတော်ကို အချစ်ဆုံးဖြစ်ကြောင်း လူတိုင်း သိထားကြလေသည်။ သူမက သူမ၏ သားတော်ကို လုပ်ကြံစွပ်စွဲဦးမည်လား။
လက်ရှိအချိန်၌ ဧကရာဇ်ယုံတယ်၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားမတတ် ဖြစ်သွားခဲ့ရပြီး သူ၏ နားများထဲတွင်လည်း ဆူညံစွာ အူထွက်သွားလေ၏။
သူသည် ယိုင်နဲ့သွားခဲ့ပြီး သူ၏ စိတ်အာရုံမှာ လုံးဝ ဗလာကျင်းသွားခဲ့ကာ သူ၏ တစ်ကိုယ်လုံးက လုံးဝ ထိန်းချုပ်၍ မရနိုင်တော့သကဲ့သို့ ဖြစ်သွားလေသည်။
အလွန် တုန်လှုပ်ဖွယ်ကောင်းသော ပြောင်းလဲမှုကြီးပင်။ အလွန် ဆိုးရွားလှသော ကပ်ဘေးကြီး တစ်ခုပင် ဖြစ်လေသည်။
ဤခံစားချက်က လီယွမ် သစ္စာဖောက်ကာ ရှန်ယန် ကျဆုံးသွားကြောင်း ကြားလိုက်ရစဉ်က ခံစားချက်နှင့် လုံးဝ တစ်ပုံစံတည်းပင် ဖြစ်လေ၏။ ထိုအချိန်ကထက်ပင် ပို၍ ကြီးလေးပြီး ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့သေးသည်။
ရှန်ယန် ကျဆုံးသွားခဲ့စဉ်က သူ၏ ဂုဏ်သိက္ခာနှင့် အင်ပါယာ၏ ကံကြမ္မာလောက်သာ ပျက်စီးသွားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ သူ၏ နာမည်ဂုဏ်သတင်းနှင့် ပလ္လင်ပါ လုံးဝ ပျက်စီးသွားရတော့မည် ဖြစ်လေ၏။
ဧကရာဇ်ယုံတယ်သည် သူ၏ ရင်ဘတ်ထဲမှ လှိုင်းထန်လာသလို ခံစားလိုက်ရကာ လည်ချောင်းထဲတွင် ချိုမြိန်သော အရသာတစ်ခုကို ခံစားလိုက်ရပြီး သွေးတစ်ပွက်က ချက်ချင်းပင် ပန်းထွက်လာတော့မည့်ဟန် ရှိနေလေသည်။
ဤရက်ပိုင်းများအတွင်း ဟန်ဆောင်၍ သွေးအန်နေခဲ့ခြင်းမျိုး မဟုတ်ဘဲ ဤတစ်ကြိမ်တွင်တော့ သူက တကယ်ကို သွေးအန်တော့မည် ဖြစ်လေ၏။
သို့သော်လည်း ဤအချိန်တွင် သွေးအန်၍ လုံးဝ မဖြစ်ပေ။ ထိုသို့မဟုတ်လျှင် ဤသည်က မယ်တော်ကြီး၏ စကားများကို ဝန်ခံလိုက်သည်နှင့် တူညီသွားပေလိမ့်မည်။
ထို့ကြောင့် ယုံတယ်က ထိုသွေးများကို အသည်းအသန် ပြန်လည်မြိုချချင်နေခဲ့၏။ သို့သော် တစ်ခါမြိုချလိုက်တိုင်း နောက်ထပ်တစ်ပွက်က တက်လာပြန်ရာ သူသည် သွားများကို တင်းတင်းကြိတ်ထားကာ ထိုသွေးများကို နည်းနည်းချင်းစီ ပြန်လည်မြိုချနေခဲ့ရလေတော့သည်။
ဤကဲ့သို့သော နာကျင်မှုမျိုးက စကားလုံးများဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ဘဲ သူ၏ ပါးစပ်ထောင့်စွန်းများမှ သွေးမြှုပ်များပင် လျှံကျလာလေတော့၏။
**--**--**--**--**--**--**--**
ဤအချိန်တွင် ဧကရာဇ်ယုံတယ်အနေဖြင့် မယ်တော်ကြီးကို ဆက်မပြောနိုင်စေရန် တိုက်ရိုက်သတ်ဖြတ်ပစ်ရန် အမိန့်ပေးနိုင်သည်။ မယ်တော်ကြီး ခေါင်းတလားထဲမှ ထလာသည့် အချိန်မှာပင် သူမကို သတ်ဖြတ်ပစ်နိုင်၏။
သို့သော်လည်း ထိုသို့လုပ်ဆောင်ခြင်းက တကယ့်ကို မိုက်မဲသော လုပ်ရပ်ဖြစ်ပြီး ဝန်ခံလိုက်သည်နှင့် တူညီသွားပေလိမ့်မည်။ လူတိုင်း၏ မျက်စိရှေ့မှောက်တွင် သူ၏ မိခင်ကို နောက်တစ်ကြိမ် ထပ်သတ်ဦးမည်လား။ ထိုသို့လုပ်လိုက်ပါက အရာအားလုံး သောက်ကျိုးနည်းသွားပေလိမ့်မည်။
ဤအခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်နိုင်မည့် နည်းလမ်းတစ်ခုကို သူ စဉ်းစားရမည် ဖြစ်လေ၏။
ဧကရာဇ်ယုံတယ်က တုဟွေးထံသို့ အသည်းအသန် မျက်ရိပ်ပြလိုက်သော်လည်း တစ်ဖက်လူထံမှ မည်သည့် တုံ့ပြန်မှုမှ ရမလာချေ။
ထို့အပြင် ဧကရာဇ်ယုံတယ်မှာ သူ၏ ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ပြီး သွေးများက ဆက်တိုက် ဆန်တက်လာနေသဖြင့် မည်သည့်စကားတစ်ခွန်းမှ မပြောနိုင်ခဲ့သလို သူ၏ လက်များကိုပင် မနည်းမြှောက်နေရသည်။
မယ်တော်ကြီးက ဆက်တိုက် ဖွင့်ချပြောဆိုနေသည်ကိုသာ ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်နေနိုင်တော့၏။ တုဟွေးကမူ လုံးဝ မိန်းမောတွေဝေနေပုံရပြီး မယ်တော်ကြီးကို တားဆီးမည့် ရည်ရွယ်ချက်ရှိပုံ မရပေ။
မယ်တော်ကြီးက ဧကရာဇ်ကို လက်ညိုးထိုးကာ ဆက်ပြောလိုက်လေသည်။ "တုပိုင်အတွက် ဆက်ပြီး ပြဿနာတွေ ဖန်တီးနိုင်ဖို့ မင်းက မင်းရဲ့ နှမတော်အရင်းဖြစ်တဲ့ မင်းသမီးနင်းရွှဲ့ကို လုပ်ကြံဖို့ လူလွှတ်ခဲ့တယ်။ ပြီးတော့ သူ့မှာ ကိုယ်ဝန်ရှိနေပြီလို့ ကောလာဟလတွေ ဖြန့်ခဲ့ပြီး တူပိုင်က လူနှစ်ယောက်ရဲ့ အသက်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခဲ့တယ်။ တကယ်တမ်းကျတော့ မင်းက နင်းရွှဲ့ကို ကိုယ်ဝန်မရစေချင်ခဲ့တာမလို့ သူ့ရဲ့ အမွှေးတိုင်တွေထဲမှာ အဆိပ်ခတ်ထားခဲ့တာ။ ဒါကြောင့်ပဲ သူက ကာလတိုအတွင်းမှာ ကိုယ်ဝန်မရနိုင်ခဲ့တာပေါ့"
"မင်းက ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘဲ နင်တောက်ရွှမ်ရဲ့ ယုတ်မာတဲ့ မျိုးစေ့ပဲ။ ဒီကိစ္စကို လျန်ကျန်း ဘုရင်ခံ တုဟွေးက အသုံးချပြီး မင်းကို ခြိမ်းခြောက်ခဲ့လို့ မင်းက ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လမ်းစဉ်ကို ရွေးချယ်ခဲ့တာ။ ပြီးတော့ မင်းက တုပိုင်ကို အတင်းအကျပ် ပုန်ကန်အောင် လုပ်ခဲ့ပြီး သူ့ကို သူပုန်တစ်ယောက်ဖြစ်အောင် တမင်သက်သက် ဖန်တီးခဲ့တယ်။"
"တုပိုင်က လျောင်တုန်း အရှေ့ပိုင်းက ပြည်နယ်တွေအားလုံးနဲ့ မြောက်ပိုင်းက စစ်အာဏာအားလုံးကို မင်းဆီကို လွှဲပြောင်းပေးခဲ့တယ်။ သူက စိချွမ်းနဲ့ ဟူနန်ကို မင်းနဲ့ လဲလှယ်ချင်ခဲ့တာပါ။ ဒါ့အပြင် သူက ဒီပြည်နယ်နှစ်ခုကို နယ်မြေချဲ့ထွင်ဖို့အတွက် လိုချင်ခဲ့တာ မဟုတ်ဘဲ အရှေ့ဘက် ပြည်ထောင်စုနဲ့ လာမယ့် စစ်ပွဲအတွက် ပြင်ဆင်ဖို့ လိုချင်ခဲ့တာပဲ"
"ဒါပေမဲ့ မင်းက အရှေ့ဘက် ပြည်ထောင်စုနဲ့ ကြိုပြီး ပူးပေါင်းကြံစည်နေပြီဆိုတာကို သူ မသိခဲ့ဘူး။ ဒါကြောင့် မင်းက တုပိုင်ကို နာမည်ပျက်သွားအောင် နည်းလမ်းပေါင်းစုံ သုံးပြီး လုပ်ခဲ့တယ်။ ပြီးတော့မှ ဖန်းအုပ်စုကို တုပိုင်ဆီ စစ်တပ်တွေ လွှတ်ပြီး တိုက်ခိုက်ဖို့ ပေါ်ပေါ်ထင်ထင် ခွင့်ပြုပေးခဲ့တယ်"
"လျန်ကျန်းရဲ့ စစ်တပ်ဆိုတာ ဘာလဲ ၊ ကွမ်ရှီးရဲ့ စစ်တပ်ဆိုတာကရော ဘာလဲ။ တောင်ပိုင်းအင်ပါယာ တစ်ခုလုံးက ဖန်းအုပ်စုရဲ့ လက်ထဲ ၊ အရှေ့ဘက် ပြည်ထောင်စုရဲ့ လက်ထဲကို ကျရောက်နေခဲ့ပြီ။ မင်းက တုပိုင်ကို ချေမှုန်းဖို့အတွက် အရှေ့ဘက် ပြည်ထောင်စုရဲ့စစ်တပ်တွေ စေလွှတ်ခိုင်းနေတာပဲ"
"မင်းက အိမ်ထဲကို ဝံပုလွေ ခေါ်သွင်းလာတာပဲ။ မင်းက တာ့နင်အင်ပါယာဆိုတဲ့ တိုင်းပြည်ကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာပဲ"
"ငါက အရည်အချင်းမရှိတဲ့ အားနည်းတဲ့ မိန်းမတစ်ယောက်ပါ။ နိုင်ငံရေးကိစ္စတွေကို ငါ ဂရုမစိုက်ဘူး။ မင်းနဲ့ နင်းရွှဲ့တို့ ကောင်းကောင်းမွန်မွန် ရှိနေဖို့ကိုပဲ ငါ လိုလားခဲ့တာ။ ငါ့ရဲ့ နှလုံးသားက သေးငယ်လွန်းလို့ လောကကြီးတစ်ခုလုံးကို မဆံ့နိုင်ပါဘူး။"
"သားသမီးတွေဖြစ်တဲ့ မင်းတို့ကိုပဲ ငါ့ရင်ထဲမှာ ထည့်ထားနိုင်ခဲ့တာပါ။ မူလက ငါ သေသွားမယ်ဆိုရင်တောင် ၊ အရိုးတွေ ကျိုးပဲ့သွားမယ်ဆိုရင်တောင် မင်းရဲ့ ဘဝဇစ်မြစ်ကို လောကကြီးကို ငါ ထုတ်ပြောမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းက မလုပ်သင့်ဘူး... မင်းက မင်းရဲ့ နှမတော် နင်းရွှဲ့ကို သတ်ပြီး အပြစ်တွေကို တုပိုင်အပေါ် ပုံမချသင့်ဘူး"
"နင်းရွှဲ့ကို မင်း သတ်ခဲ့တယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ငါ သိသွားပြီးတဲ့နောက်မှာ ငါက မင်းအတွက် အသက်အန္တရာယ်ဖြစ်စေမယ့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပြီလို့ မင်း ခံစားလိုက်ရတယ်။ ဒါကြောင့် မင်းကိုယ်တိုင် ငါ့ကို သတ်ခဲ့တာပဲ။ ဝိညာဉ်ကြွေအဆိပ်တွေ ပါနေတဲ့ ဆေးရည်ကို ငါ့ပါးစပ်ထဲ အတင်းအဓမ္မ လောင်းထည့်ခဲ့တယ်။"
"ဒါပေမဲ့ မင်း ဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ ငါ မသေခဲ့ဘူးဆိုတာကို မင်း ဘယ်တော့မှ ထင်မထားခဲ့ဘူးမလား။ အခုချိန်မှာ ငါ အသက်ရှင်နေတုန်းပဲ။ သမားတော်ကြီးက ငါ သေသွားပြီလို့ အတည်ပြုပြီးတဲ့နောက်မှာ မင်းရဲ့ အပြစ်ရှိစိတ်ကြောင့် ငါ့ရဲ့ အလောင်းနားကို ဘယ်သူမှ ထပ်ပြီး မကပ်ရဲအောင် မင်း လုပ်ခဲ့တယ်။ အဲဒါကြောင့်ပဲ ဒီနေ့ ငါ အလောင်းတစ်လောင်းလို ဟန်ဆောင်နိုင်ခဲ့တာ"
"ဒီလောက်တောင် တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်က ဒီလောကကြီးမှာ ရှင်သန်နေဖို့ ဘာမျက်နှာ ရှိသေးလို့လဲ"
"မင်းက ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူးဆိုပေမဲ့ တာ့နင် ဧကရာဇ်မိသားစုရဲ့ မျိုးဆက်ဖြစ်နေသေးလို့ မင်း ဧကရာဇ်ဖြစ်လာရင်တောင် ကိစ္စမရှိဘူးလို့ အစက ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ မင်းက တိရစ္ဆာန်တစ်ကောင် ဖြစ်နေမှတော့ လောကကြီးကို ဘယ်လိုလုပ် အုပ်ချုပ်နိုင်မှာလဲ"
"ငါကိုယ်တော်က တာ့နင်အင်ပါယာရဲ့ မယ်တော်ကြီး ဖြစ်တယ်။ ဒီနေ့ အမတ်တွေ အားလုံးလည်း ရှိနေကြတယ်။ ငါက နိုင်ငံရေးမှာ ဘယ်တုန်းကမှ ဝင်မပါခဲ့ပေမဲ့ အခုတော့ အမိန့်တစ်ရပ် ထုတ်ပြန်မယ်။ ဧကရာဇ်ယုံတယ်က ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူး ၊ မိခင်နဲ့ နှမတော်ကို သတ်ဖြတ်တဲ့ တိရစ္ဆာန်ထက် ယုတ်မာတဲ့ကောင်ပဲ။ ဘိုးဘေးတွေရဲ့ ဂူဗိမာန်ရှေ့မှာတင် သူ့ရဲ့ ဧကရာဇ်ရာထူးကို တရားဝင် ရုပ်သိမ်းလိုက်တယ်"
"တာ့နင်အင်ပါယာရဲ့ အမတ်ကြီးတွေဖြစ်ကြတဲ့ ကျန့်ရှီးဘုရင် တုပိုင် ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ ၊ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် လီဝမ်ဟွေ့နဲ့ အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ကူရွှင်ချန်တို့က တော်ဝင်သွေးဆက်တွေထဲက အရည်အချင်းရှိသူ တစ်ယောက်ကို ရွေးချယ်ပြီး တာ့နင်အင်ပါယာရဲ့ ဧကရာဇ်သစ်အဖြစ် တင်မြှောက်ကြဖို့ ငါ အမိန့်ပေးတယ်"
မယ်တော်ကြီးက အလွန်လျင်မြန်စွာ ပြောဆိုခဲ့သော်လည်း သူမ၏ စကားလုံးများက ရှင်းလင်းပြတ်သားလှရာ မြို့တော်ရှိ မှူးမတ်များနှင့် သူကောင်းမျိုးများအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေသည်။
မယ်တော်ကြီး၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသူများမှာ မှူးမတ်များနှင့် သူကောင်းမျိုးများသာမကဘဲ မြို့တော်ရှိ ပြည်သူထောင်ပေါင်းများစွာလည်း ပါဝင်လေသည်။ ဤသည်က ဧကရာဇ်ယုံတယ်၏ ဆန်းသစ်သော ဖန်တီးမှုတစ်ခုလည်း ဖြစ်၏။ သူသည် ပြည်သူများနှင့် နီးကပ်မှုကို ပြသလိုသလို ဤပြည်သူထောင်ပေါင်းများစွာ၏ စကားများမှတစ်ဆင့် ယနေ့ဖြစ်ပျက်သမျှကို ဖြန့်ဝေကာ မြို့တော်ရှိ ပြည်သူသန်းပေါင်းများစွာကို တုပိုင်အား တူညီသော ရန်သူအဖြစ် မုန်းတီးလာစေရန် အသုံးချလိုခဲ့ခြင်း ဖြစ်လေသည်။
ယခုအခါတွင်တော့ ဤလူအားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရပြီ ဖြစ်လေ၏။
**--**--**--**--**--**--**--**
မိနစ်အနည်းငယ်ကြာပြီးနောက် ဧကရာဇ်ယုံတယ်သည် နောက်ဆုံးတွင် သက်သာရာရသွားခဲ့ပြီး သူ၏ ပါးစပ်ထဲမှ သွေးများကို မြိုချပစ်လိုက်လေသည်။
လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး သူ၏ စိတ်အာရုံကလည်း တည်ငြိမ်ကာ ရှင်းလင်းလာ၏။ သူ၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောနေခဲ့ပြီး ချက်ချင်းပင် အစီအစဉ်အချို့ကို စဉ်းစားရမိသွားလေသည်။
ပထမအစီအစဉ်မှာ ချက်ချင်း ဒူးထောက်ချလိုက်ပြီး မယ်တော်ကြီး မသေသေးသည့်အတွက် အရမ်းကို ဝမ်းသာမိကြောင်း ဝမ်းသာမျက်ရည်များ ကျကာ ပြောဆိုရန် ဖြစ်သည်။ ဤသည်က တကယ့်ကို အံ့သြဝမ်းသာဖွယ်ရာပင်။ ထို့နောက် မိဘကျေးဇူးသိတတ်သော သားတစ်ယောက်၏ အခန်းကဏ္ဍကို ဆက်လက်သရုပ်ဆောင်ရန် ဖြစ်၏။
သို့သော်လည်း ဤအစီအစဉ်မှာ လုံးဝ မဖြစ်နိုင်သည်က ထင်ရှားလှပေသည်။ မယ်တော်ကြီးက လုံးဝ မျက်နှာပြောင်တိုက် ဖွင့်ချသွားခဲ့ပြီဖြစ်ရာ မိဘကျေးဇူးသိတတ်သော သားတစ်ယောက်အဖြစ် သရုပ်ဆောင်နေခြင်းက အသုံးဝင်တော့မည် မဟုတ်ပေ။
ဒုတိယအစီအစဉ်မှာ ဒူးထောက်၍ ငိုကြွေးနေဆဲဖြစ်သော်လည်း ထိတ်လန့်တုန်လှုပ်စွာဖြင့် မယ်တော်ကြီး ဘာဖြစ်သွားရသနည်းဟု မေးရန် ဖြစ်သည်။ တုပိုင်က မယ်တော်ကြီးအပေါ် မှော်ပညာ တစ်ခုခုများ အသုံးပြုလိုက်သလား။ မယ်တော်ကြီး၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ဝင်ပူးသွား၍ ဤကဲ့သို့ တုန်လှုပ်ဖွယ် စကားများကို ပြောဆိုနေခြင်းလားဟု စွပ်စွဲရန် ဖြစ်လေသည်။
တတိယရွေးချယ်စရာမှာ သူ၏ ရှေ့ရှိ အမျိုးသမီးသည် မယ်တော်ကြီး မဟုတ်ကြောင်း တိုက်ရိုက် ငြင်းဆိုပစ်ရန် ဖြစ်သည်။
ဧကရာဇ်ယုံတယ်က တတိယရွေးချယ်စရာကို အလျင်အမြန် ရွေးချယ်လိုက်လေ၏။
ရုတ်တရက် သူက မယ်တော်ကြီးကို လက်ညိုးထိုးကာ တင်းမာစွာ ပြောလိုက်လေသည်။ "မင်းက ဘယ်သူလဲ ၊ မင်းက ဘယ်သူလဲ။ ငါ့မယ်တော်ကြီးရဲ့ အလောင်းကို ဘယ်မှာ ဝှက်ထားတာလဲ။ ငါ့မယ်တော်ကြီးကို ပြန်ပေး... ငါ့မယ်တော်ကြီးကို ပြန်ပေးစမ်း"
"ပြောစမ်း မင်းက ဘယ်သူလဲ။ မင်းက တုပိုင် လွှတ်လိုက်တဲ့ စုန်းမလား။ မင်းက ဘာလို့ ငါ့မယ်တော်ကြီးလို ဟန်ဆောင်နေရတာလဲ။ မယ်တော်ကြီးရဲ့ အလောင်းကို မင်း ဘယ်မှာ ဝှက်ထားသလဲ"
"ငါ့မယ်တော်ကြီးကို ပြန်ပေး ၊ ငါ့မယ်တော်ကြီးကို ပြန်ပေးစမ်း" ဧကရာဇ်ယုံတယ်၏ အသံမှာ အလွန်အမင်း နှလုံးကွဲကြေမတတ် ဖြစ်နေလေ၏။ မသိလျှင် မယ်တော်ကြီးက တကယ်ကို အတုတစ်ယောက်ကဲ့သို့ပင်။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၃ + ၇၃၄ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team