အခန်း (၇၃၅-၇၃၆)
Vol. 74 Ch. 735-736
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၅ + ၇၃၆
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ဤနေရာတွင် ရှိနေသော အရာရှိများ၏ မျက်နှာများပေါ်တွင် မည်သည့် အရိပ်အယောင်မျှ မပေါ်လွင်နေခဲ့သော်လည်း ထောင်ပေါင်းများစွာသော ပြည်သူများမှာမူ လုံးဝ အံ့အားသင့်တုန်လှုပ်နေကြလေသည်။ သူတို့သည် ဧကရာဇ်ယုံတယ်၏ သရုပ်ဆောင်မှုအောက်တွင် တကယ်ပင် လှည့်စားခံလိုက်ရ၏။ ထို့ကြောင့် သူတို့က မယ်တော်ကြီးကို သေချာစွာ စိုက်ကြည့်ကာ သူမအား အတုအယောင်တစ်ခုဟုပင် ထင်မှတ်သွားခဲ့ကြလေသည်။
သို့သော်လည်း မယ်တော်ကြီးက သူမ၏ သားအရင်းဖြစ်သူသည် ယခုကဲ့သို့အချိန်တွင်ပင် ဤမျှလောက်ထိ မျက်နှာပြောင်တိုက်ရဲလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် သူမက ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။ “အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ကူရွှင်ချန်နဲ့ ဓလေ့ထုံးတမ်းရေးရာဝန်ကြီး ဝူစန်းရှီ... မင်းတို့ ရှေ့ထွက်ခဲ့ပြီး ငါက လက်ရှိ မယ်တော်ကြီး ဟုတ်မဟုတ်ဆိုတာကို လာကြည့်ကြစမ်း”
အစိုးရအဖွဲ့ အမတ်ကြီးအချို့က မယ်တော်ကြီးအား အနီးကပ် သေချာစွာ ကြည့်ရှုလိုက်ကြလေ၏။
အမှန်တကယ်တော့ သေချာကြည့်ရှုနေရန်ပင် မလိုအပ်ချေ။ သူတို့၏ ရှေ့မှောက်ရှိ အမျိုးသမီးမှာ မယ်တော်ကြီးဖြစ်ကြောင်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ချက်ချင်း မှတ်မိနိုင်လေသည်။ မည်သို့မျှ အတုအယောင် မဖြစ်နိုင်ပေ။
ဤလောကတွင် အသွင်ပြောင်းနိုင်သော သားရဲအရေခွံ မျက်နှာဖုံးများ ရှိသည်ဆိုသော်ငြားလည်း ထိုအရာများတွင် အားနည်းချက်များ ရှိနေစမြဲပင် ဖြစ်၏။
လီဝမ်ဝမ်အနေဖြင့် သားရဲအရေခွံမျက်နှာဖုံးကို အသုံးပြုကာ လူသိနည်းသော နန်းတွင်းအပျိုတော်တစ်ဦးအဖြစ် ဟန်ဆောင်ရန်မှာ လုံးဝ ပြဿနာမရှိပေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက ထိုအပျိုတော်နှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝ မရှိသောကြောင့် ဖြစ်လေသည်။
သို့သော်လည်း မယ်တော်ကြီးကဲ့သို့ လောကကြီးတစ်ခုလုံးက အာရုံစိုက်ထားရသော ပုဂ္ဂိုလ်မျိုးအတွက်မူ သေးငယ်သော အားနည်းချက်လေး တစ်ခုရှိနေလျှင်ပင် ချက်ချင်း သိသာသွားမည် ဖြစ်လေ၏။
ယခု သူတို့ရှေ့မှောက်တွင် ရှိနေသော အမျိုးသမီးမှာမူ ရုပ်ရည် ၊ ကိုယ်ဟန်သွင်ပြင် ၊ မွေးရာပါအမှတ်အသား ၊ အသွင်အပြင် ၊ အသံနှင့် ကိုယ်ပိုင်ဟန်ပန်များအပါအဝင် အဘက်ဘက်မှ ကြည့်လျှင် ရာခိုင်နှုန်းပြည့် မယ်တော်ကြီး အစစ်အမှန်သာ ဖြစ်နေခဲ့လေသည်။
မယ်တော်ကြီးက ပြောလိုက်လေသည်။ “ကူရွှင်ချန်... စောစောက ငါ ထုတ်ပြန်လိုက်တဲ့ အမိန့်ကို မင်း မကြားဘူးလား။ ဧကရာဇ်ယုံတယ်ရဲ့ ရာထူးကို ရုပ်သိမ်းလိုက်တယ်။ ပြီးတော့ ကျန့်ရှီးဘုရင် တုပိုင် ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ ၊ အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ကူရွှင်ချန်နဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် လီဝမ်ဟွေ့တို့ကို နန်းထိန်းအမတ်ကြီးတွေအဖြစ် ခန့်အပ်လိုက်တယ်။ ပြီးရင် တော်ဝင်သွေးဆက်တွေထဲက အရည်အချင်းရှိသူ တစ်ယောက်ကို ရွေးချယ်ပြီး ထီးနန်းကို ဆက်ခံစေရမယ်လို့ ငါ အမိန့်ပေးနေတယ်”
မယ်တော်ကြီး ခန့်အပ်လိုက်သော နန်းထိန်းအမတ်ကြီး လေးဦးအနက် ယခုအချိန်တွင် ဤနေရာ၌ ကူရွှင်ချန် တစ်ဦးတည်းသာ ရှိနေသည်။
ထိုအခိုက်အတန့်တွင် သူက ရှေ့သို့ထွက်လာကာ မယ်တော်ကြီး၏ ရှေ့မှောက်၌ ဒူးထောက်ဦးချလိုက်ပြီး ပြောလေသည်။ “မယ်တော်ကြီး... ဧကရာဇ်ယုံတယ်က ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘဲ နင်တောက်ရွှမ်ရဲ့ သားလို့ ပြောခဲ့တယ်နော်။ အဲဒီအတွက် ဘာသက်သေ ရှိလို့လဲ”
မယ်တော်ကြီးက ပြောသည်။ “ပထမဧကရာဇ်မှာ မေးနှစ်ထပ် မရှိဘူး ၊ ငါ့မှာလည်း မေးနှစ်ထပ် မရှိဘူး။ ဒါပေမဲ့ ငမိုက်သားယုံတယ်မှာကျတော့ မေးနှစ်ထပ် ရှိနေတယ်။ ပြီးတော့ နင်တောက်ရွှမ်မှာလည်း မေးနှစ်ထပ် ရှိတယ်။ ဒီနေရာမှာ ရှိနေတဲ့ မေးနှစ်ထပ် ရှိကြတဲ့ အမတ်တွေ ၊ အမတ်ချုပ်ကြီး ကူရွှင်ချန်မှာလည်း မေးနှစ်ထပ် ရှိတယ်။ စဉ်းစားကြည့်ကြစမ်း။ မင်းတို့ရဲ့ မိဘနှစ်ပါးထဲက တစ်ပါးပါးမှာ သေချာပေါက် မေးနှစ်ထပ် ရှိနေလိမ့်မယ်”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေကြသော အရာရှိများမှာ ဆွေးနွေးငြင်းခုံမှုများ ဖြစ်ပွားသွားကြရ၏။
ဆယ့်ခုနစ်ရာစုတွင် မေးနှစ်ထပ် မျိုးရိုးဗီဇဆိုင်ရာ သီအိုရီကို တည်ထောင်နိုင်ခြင်း မရှိသေးပေ။ သို့သော်လည်း မေးနှစ်ထပ်ရှိသော အမတ်များက ဤကိစ္စကို ပြန်လည်စဉ်းစားကြည့်လိုက်သည့်အခါ ထိုအရာက အမှန်ပင် ဖြစ်နေခဲ့၏။ သူတို့၏ မိဘနှစ်ပါးထဲမှ တစ်ပါးပါးတွင် သေချာပေါက် မေးနှစ်ထပ် ရှိနေခဲ့ကြပြီး ချွင်းချက်ဟူ၍ လုံးဝနီးပါး မရှိခဲ့ပေ။
သို့သော်လည်း ချွင်းချက်ဖြစ်နေသည့် အမတ်တစ်ဦးကမူ အခြားကိစ္စတစ်ခုကို ချက်ချင်း တွေးမိသွားခဲ့လေသည်။ သူက သူ၏ မိခင်အရင်း မွေးထားသည့်သား မဟုတ်ဘဲ... အိမ်တော်ထဲရှိ အစေခံတစ်ဦး၏ သား ဖြစ်နေခဲ့ခြင်းပင်။
မေးနှစ်ထပ် မျိုးရိုးဗီဇ သီအိုရီမှာ တရားဝင် သတ်မှတ်ထားခြင်း မရှိသော်ငြားလည်း ထိုအရာက အမှန်တကယ်ပင် ဖြစ်လေသည်။ ဤနေရာတွင် လူဒါဇင်ပေါင်းများစွာ ရှိနေသော်လည်း ချွင်းချက်ဟူ၍ လုံးဝနီးပါး မရှိခဲ့ပေ။
ထို့အပြင် မယ်တော်ကြီးမှာ ဧကရာဇ်၏ မိခင်အရင်းပင် ဖြစ်လေ၏။ ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သွေးသားအရင်း မဟုတ်ကြောင်း သူမကိုယ်တိုင် ပြောလာခဲ့သည်ဖြစ်ရာ ဤသည်က အတုအယောင် ဖြစ်နိုင်ပါဦးမည်နည်း။
မယ်တော်ကြီးက ပြောလိုက်လေသည်။ “အမတ်ချုပ်ကြီး ကူရွှင်ချန်... အမိန့်ကို နာခံမလား”
အစိုးရအဖွဲ့သစ်၏ အမတ်ချုပ်ကြီး ကူရွှင်ချန်သည် အချိန်အတော်ကြာ တုံ့ဆိုင်းသွားခဲ့ပြီးနောက် ဒူးထောက်ချလိုက်ကာ ပြောလေ၏။ “ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်”
ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီး ဝူစန်းရှီမှာ နန်းထိန်းအမတ်ကြီးအဖြစ် ခန့်အပ်မခံရသော်လည်း သူကလည်း ဒူးထောက်ချလိုက်ကာ ပြောလေသည်။ “ကျွန်တော်မျိုးလည်း အမိန့်ကို နာခံပါ့မယ်”
သို့သော်လည်း ဧကရာဇ်ယုံတယ်မှာမူ ဤအချိန်တွင် တည်ငြိမ်သွားခဲ့ပြီဖြစ်ပြီး အရာအားလုံးကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
မယ်တော်ကြီးက ဆက်ပြောလိုက်သည်။ “အမတ်ကြီးတို့... မင်းတို့အားလုံးက ရှင်းလင်းခံရမယ့် ပစ်မှတ်တွေ ဖြစ်ခဲ့ကြတယ်။ ဖန်းအုပ်စု သူပုန်တွေက နန်းတွင်းကို ကြီးစိုးခဲ့ချိန်တုန်းက သူတို့ဟာ ဖြောင့်မတ်မှန်ကန်တဲ့သူတွေ အားလုံးကို နန်းတွင်းထဲကနေ မောင်းထုတ်ခဲ့ပြီး ထောင်ချတာ ဒါမှမဟုတ် ဇာတိရွာကို ပြန်မောင်းထုတ်တာတွေ လုပ်ခဲ့ကြတယ်။”
“အဲဒီနောက် ကျန့်ရှီးဘုရင် တုပိုင်နဲ့ ပထမဧကရာဇ်တို့ ပူးပေါင်းပြီး အရေးပါတဲ့ တိုက်ပွဲတစ်ပွဲကို အနိုင်ယူနိုင်ခဲ့တယ်။ ဖန်းမိသားစုကို မြို့တော်ကနေ ဆုတ်ခွာသွားအောင်နဲ့ အင်ပါယာရဲ့ တောင်ဘက်ပိုင်းကို ဆုတ်ခွာသွားအောင် အင်အားစုအားလုံးက ဖိအားပေးနိုင်ခဲ့တယ်။ ဒီအချိန်မှာတော့ အင်ပါယာက တရားဝင် ကွဲထွက်သွားခဲ့ပြီ။ အခုတော့ ဖြောင့်မတ်မှန်ကန်တဲ့ မင်းတို့တွေ နန်းတွင်းဗဟိုဌာနဆီကို နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ကြပြီ။ မင်းတို့ တစ်ယောက်ချင်းစီတိုင်းကို ပထမဧကရာဇ်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခဲ့တာပဲ”
ဤသည်က တော်တော်လေးကို ရယ်စရာကောင်းလှ၏။
ဧကရာဇ်ထျန်ယွင် သက်ရှိထင်ရှား ရှိစဉ်တုန်းက သူ၏ နာမည်ဂုဏ်သတင်းမှာ အလယ်အလတ်အဆင့်လောက်သာ ရှိခဲ့ပြီး နန်းတွင်းအရာရှိများ၏ အနိုင်ကျင့် ဗိုလ်ကျမှုများကိုလည်း အလွန်အမင်း ခံခဲ့ရဖူးလေသည်။ သူက သိပ်ပြီး ဉာဏ်ပညာကြီးမားသော ဧကရာဇ်တစ်ပါး မဟုတ်ခဲ့သော်လည်း ကြင်နာတတ်ပြီး ခေါင်းမာတတ်သူတော့ ဖြစ်၏။
ပထမဧကရာဇ်နှင့် ပတ်သက်၍ ပြောရမည်ဆိုပါက လူတိုင်း၏ စိတ်ထဲတွင် အဖြေတစ်ခုတည်းသာ ရှိလေသည်။ ဧကရာဇ်သည် လူကောင်းတစ်ယောက် ဖြစ်ပြီး ရိုးသားဖြူစင်သော လူကောင်းတစ်ယောက် ဖြစ်သည်ဟူ၍ပင်။
သို့သော်လည်း ဧကရာဇ်ထျန်ယွင် ကွယ်လွန်သွားပြီးနောက်တွင်တော့ သူ၏ နာမည်ဂုဏ်သတင်းမှာ ပို၍ ကောင်းမွန်လာခဲ့ပြီး အနည်းငယ် အထွတ်အမြတ်ထားခံရသည့် အနေအထားမျိုးပင် ဖြစ်လာသည်။
ဗဟိုအစိုးရမှ အမတ်များဖြစ်စေ ၊ မြို့တော်မှ ပြည်သူများဖြစ်စေ ဧကရာဇ်နှင့် ပတ်သက်၍ ပြောရမည်ဆိုပါက သူတို့၏ ရင်ထဲတွင် အမှန်တကယ် လေးစားကြည်ညိုမှုများ ရှိနေကြလေ၏။
အဘယ်ကြောင့်ဆိုသော် သူသည် မည်သည့်အရာကိုမျှ အလျှော့မပေးဘဲ အငတ်ခံသေဆုံးလုနီးပါး ဖြစ်ခဲ့ရသည့် တစ်ပါးတည်းသော ဧကရာဇ်ဖြစ်သလို သန်းပေါင်းများစွာသော ပြည်သူများနှင့်အတူ အသက်ရှင်လျက် သေအတူ ရှင်မကွာ နေထိုင်ခဲ့သော ဧကရာဇ်တစ်ပါးလည်း ဖြစ်သောကြောင့်ပင်။
မယ်တော်ကြီးက အော်ဟစ်လိုက်၏။ “အမတ်တို့... ဧကရာဇ်ယုံတယ်ရဲ့ ရာထူးကို ငါကိုယ်တော် တရားဝင် ရုပ်သိမ်းလိုက်ပြီဆိုတာ မင်းတို့ ကြားကြလား။ အမိန့်ကို နာခံကြမလား”
“ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်” အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ကူရွှင်ချန်က နောက်တစ်ကြိမ် ဦးညွှတ်ကာ ပြောလိုက်လေသည်။
“ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်” ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီး ဝူစန်းရှီကလည်း နောက်တစ်ကြိမ် ဦးညွှတ်ကာ ပြောလိုက်၏။
မယ်တော်ကြီးက အော်ဟစ်လိုက်ပြန်သည်။ “အမတ်တို့... သူခိုးတစ်ယောက်က ဧကရာဇ်ရဲ့ ထီးနန်းကို ခိုးယူသွားတာကို မင်းတို့က ဒီတိုင်း ထိုင်ကြည့်နေကြတော့မလို့လား”
ထိုအခါ ရုတ်တရက်ဆိုသလို အခြားသော အမတ်တစ်စုကလည်း ဒူးထောက်ချလိုက်ကြပြီး ပြောလိုက်ကြလေသည်။ “ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါ့မယ်”
“ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်”
“ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်”
လူဆိုသည်က အမျိုးတူရာ စုဝေးတတ်ပြီး အရာဝတ္ထုများသည်လည်း အုပ်စုအလိုက် ခွဲခြားတတ်သည်ဆိုသည့် စကားက တကယ်ကို မှန်ကန်လှပေသည်။
ဖန်းမိသားစု ဆုတ်ခွာသွားပြီးနောက် ပထမဧကရာဇ် ရွေးချယ်ခဲ့သော နန်းတွင်းအမတ်များထဲတွင် တကယ်ကို ဖြောင့်မတ်မှန်ကန်သော သူအချို့ ပါဝင်နေခဲ့လေသည်။
ဖန်းအုပ်စု အာဏာမရှိတော့သည့် အချိန်တွင် ဗဟိုအစိုးရအတွင်း၌ ကျောရိုးရှိသူဟူ၍ လုံးဝနီးပါး မရှိတော့ပေ။
အချိန်အတော်ကြာပြီးနောက်တွင်တော့ အမတ်များ၏ သုံးပုံတစ်ပုံခန့်က မယ်တော်ကြီး၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြပြီး ဦးညွှတ်ကာ ပြောလိုက်ကြလေ၏။ “ကျွန်တော်မျိုးတို့ အမိန့်ကို နာခံပါ့မယ်”
“မင်းတို့ အားလုံး ပြီးကြပြီလား” ဧကရာဇ်ယုံတယ်က လှောင်ပြုံးပြုံးလိုက်ကာ မယ်တော်ကြီးအား လက်ညိုးထိုး၍ ပြောလိုက်လေသည်။ “စုန်းမ... မင်းက ဘယ်သူလဲ။ တုပိုင်က တကယ်ကို ကြိုတင်ကြံစည်ထားတာပဲ။ သူက ငါ့မယ်တော်ကြီးရဲ့ အလောင်းကို ခိုးယူသွားပြီး မယ်တော်ကြီးလို ဟန်ဆောင်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်။ ပြီးတော့မှ ငါက ငါ့မယ်တော်ကြီးကို သတ်တယ်လို့ စွပ်စွဲပြီး ငါက ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူးလို့ လုပ်ကြံပြောဆိုနေတာပဲ”
ဧကရာဇ်ယုံတယ်က မြေပြင်ပေါ်တွင် ဒူးထောက်နေကြသော လူစုကို ကြည့်လိုက်လေသည်။
ဧကရာဇ်ယုံတယ်က ရယ်မောကာ ပြောလိုက်၏။ “ငါနဲ့ ပထမဧကရာဇ်က အရမ်းတူတယ်ဆိုတာကို လူတိုင်း သိကြပါတယ်။ မေးနှစ်ထပ်ကိုပဲ အားကိုးပြီး ငါက ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူးလို့ ဆုံးဖြတ်ရတာ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ။ စုန်းမ... ဝန်ခံလိုက်စမ်း မင်းက တုပိုင် လွှတ်လိုက်တဲ့သူမလား။ ပြောစမ်း... ငါ့မယ်တော်ကြီးရဲ့ အလောင်းကို မင်း ဘယ်မှာ ဝှက်ထားလဲ”
ဧကရာဇ်က ထိုသို့ပြောလိုက်သောအခါ အမတ်များစွာက အလိုအလျောက်ပင် သူတို့၏ ခေါင်းများကို ငုံ့ထားလိုက်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ်ယုံတယ်၏ စကားများက ယုံကြည်ရလောက်ဖွယ် လုံးဝ မရှိသောကြောင့်ပင်။
မှန်ပါသည်။ ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်နှင့် အနည်းငယ် တူညီမှုရှိသော်လည်း ထိုအရာက အနည်းငယ်မျှသာ ဖြစ်လေသည်။ သို့သော်လည်း နင်တောက်ရွှမ်သည်လည်း တော်ဝင်သွေးဆက် ဖြစ်နေသောကြောင့် ယုံတယ်နှင့် ပထမဧကရာဇ်တို့ အနည်းငယ် တူညီနေခြင်းက ပုံမှန်သာ ဖြစ်ပေ၏။
ဧကရာဇ်ယုံတယ်က မေးနှစ်ထပ် သီအိုရီကို ရယ်စရာကောင်းသည်ဟု ပြောနေခဲ့သည်။
သို့သော်လည်း ဤနေရာတွင် ရှိနေသော အမတ်များက မေးနှစ်ထပ်ဆိုသည်မှာ မိဘများထံမှ အမွေဆက်ခံရသည်ဆိုသည့် အချက်ကို ချွင်းချက်မရှိ မှန်ကန်ကြောင်း ဆွေးနွေးပြီးကြပြီ ဖြစ်လေ၏။
ပထမဧကရာဇ်တွင် မေးနှစ်ထပ် မရှိသလို မယ်တော်ကြီးတွင်လည်း မေးနှစ်ထပ် မရှိပေ။ ထို့ကြောင့် ဧကရာဇ်ယုံတယ်သည် ပထမဧကရာဇ်၏ သား မဟုတ်သည်မှာ သေချာလှပေသည်။
ထို့ကြောင့် ဤအချိန်တွင် ဧကရာဇ်ယုံတယ်၏ သရုပ်ဆောင်မှုက မည်မျှပင် ပြောင်မြောက်နေပါစေ လူများ၏ ယုံကြည်မှုကို ရရှိရန်မှာ ခက်ခဲလှပေမည်။
“လာကြစမ်း... ငါ့မယ်တော်ကြီးလို ဟန်ဆောင်နေတဲ့ ဒီစုန်းမကို ဖမ်းပြီး အမှန်တရားကို သိရအောင် နှိပ်စက်စစ်မေးကြစမ်း” ဧကရာဇ်ယုံတယ်က အော်ဟစ်လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ကျွမ်းကျင်သူ ဆယ်ယောက်ကျော်က မယ်တော်ကြီးကို ဖမ်းဆီးရန် ရှေ့သို့ ထွက်လာကြလေ၏။
ကူရွှင်ချန်နှင့် အခြားသူများမှာ အလွန်တုန်လှုပ်သွားကြပြီး တင်းမာစွာ ပြောလိုက်ကြလေသည်။ “မင်းတို့ ဘာလုပ်မလို့လဲ။ မယ်တော်ကြီးအပေါ် ရိုင်းစိုင်းရဲတယ်ပေါ့... ဒါက ပုန်ကန်တာပဲလား”
ဧကရာဇ်ယုံတယ်က လှောင်ပြုံးပြုံးလိုက်ကာ ပြောလေ၏။ “အမတ်ချုပ်ကြီး... ဝန်ခံလိုက်စမ်းပါ။ ဒီစုန်းမနဲ့ ပူးပေါင်းပြီး ဒီလို ပြဇာတ်ကောင်းတစ်ပုဒ်ကို ကပြဖို့ တုပိုင်ဆီကနေ မင်း ဘယ်လောက်များ အကျိုးအမြတ်တွေ ရထားလို့လဲ။ မင်းက ငါ့ကို အတင်းအကျပ် လက်အောက်ခံဖြစ်အောင် လုပ်ချင်နေသေးတာပဲ... သစ္စာဖောက်သူပုန်”
မယ်တော်ကြီးက သူမ၏ သားအရင်းခေါက်ခေါက်ဖြစ်သူကို ကြည့်လိုက်သောအခါ သူမ၏ အရိုးများထဲအထိပင် အေးစက်သွားသလို ခံစားလိုက်ရသည်။
“ကြည့်စမ်း... မင်းနဲ့ မင်းရဲ့ အဖေအရင်း နင်တောက်ရွှမ်က လုံးဝကို တစ်ပုံစံတည်းပဲ” မယ်တော်ကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လေ၏။
“သရုပ်ဆောင်တာ ကောင်းသလို မျက်နှာပြောင်တိုက်တဲ့နေရာမှာလည်း အတူတူပဲ။ အောက်ခြေလွတ်နေပြီး အရှက်အကြောက်ဆိုတာလည်း လုံးဝကို မရှိဘူး”
ဧကရာဇ်ယုံတယ်က တင်းမာစွာ ပြောလိုက်လေသည်။ “စုန်းမ... မင်း ပါးစပ်ပိတ်ထားစမ်း။ လောကကြီးမှာ တရားမျှတမှုဆိုတာ ရှိတယ်။ ငါ့မယ်တော်ကြီးလို ဟန်ဆောင်ပြီး အဖြူကို အမည်းဖြစ်အောင် ပြောင်းလဲနိုင်မယ်လို့ မင်း ထင်နေတာလား။ မင်း တွက်ကိန်း မှားသွားပြီ။ အခု အမှန်တိုင်း ဝန်ခံရင်တော့ မင်း သက်သာရာ ရနိုင်သေးတယ်”
မယ်တော်ကြီးက ပြောလိုက်လေသည်။ “ငါက နင်တောက်ရွှမ်ရဲ့ ဆေးခတ်ပြီး အဓမ္မပြုကျင့်တာကို ခံခဲ့ရပေမဲ့ ဒါကလည်း သစ္စာဖောက်မှု တစ်ခုပါပဲ။ ပြီးတော့ ငါ့ရဲ့ ပိုကြီးမားတဲ့ အပြစ်က မင်းလို သူပုန်သားကို ဖုံးကွယ်ပေးခဲ့ပြီး တုပိုင်ကို လုပ်ကြံတာတွေ ၊ တာ့နင်အင်ပါယာကြီးကို အသက်ပြန်သွင်းပေးခဲ့တဲ့သူကို ချေမှုန်းဖို့ လုပ်တာတွေကို ဒီတိုင်း ကြည့်နေခဲ့မိတာပဲ။ ငါက ဖျက်ဆီးခံရလုနီးပါး ဖြစ်နေပါပြီ။ ငါ့ရဲ့ အပြစ်တွေက ကြီးမားလွန်းလို့ ခွင့်လွှတ်လို့ မရနိုင်တော့ပါဘူး။ ဒီလောကကြီးမှာ ငါ ဆက်ပြီး ရှင်သန်နေဖို့ မျက်နှာရှိသေးတယ်လို့ မင်း ထင်နေလား”
“ဟားဟားဟား...” မယ်တော်ကြီးက အလွန် စိတ်ပျက်အားငယ်စွာဖြင့် ရယ်မောလိုက်လေသည်။ “ငါက အသိဉာဏ်မဲ့ပြီး အရှက်မရှိတဲ့ မိန်းမတစ်ယောက်ပါ ၊ ငါက အပြစ်သားတစ်ယောက်ပါ။ ဧကရာဇ်နဲ့ ပြန်တွေ့ဖို့ ငါ့မှာ အရှက်မရှိတော့သလို နင်မိသားစုရဲ့ ဘိုးဘေးတွေကို သွားတွေ့ဖို့လည်း မျက်နှာမရှိတော့ပါဘူး။ ဒီကိစ္စကို လောကကြီးကို ဖွင့်ချပြီးသွားပြီမလို့ အခု ငါ သေလို့ရပါပြီ...”
ပြောပြီးနောက် မယ်တော်ကြီးသည် ခေါင်းတလားအဖုံး၏ ချွန်ထက်နေသော ထောင့်စွန်းတစ်ခုနှင့် ဝင်ဆောင့်လိုက်လေတော့သည်။
“ဘန်းးး”
ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ မယ်တော်ကြီး၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားခဲ့ပြီး အလွန် ကြေကွဲဖွယ်ကောင်းစွာဖြင့် သေဆုံးသွားခဲ့ရလေတော့သည်။ ဖန်းအုပ်စုမှ ကျွမ်းကျင်သူများအနေဖြင့် သူမ မိမိကိုယ်ကိုယ် သတ်သေမည်ကို ရှင်းရှင်းလင်းလင်း တားဆီးနိုင်ပြီး သူမကို အရှင်လတ်လတ် ဖမ်းဆီးနိုင်စွမ်း ရှိလေသည်။
သို့သော်လည်း သူတို့က ထိုသို့ မလုပ်ဆောင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် တုဟွေးထံမှ ခွင့်ပြုချက် မရရှိခဲ့သောကြောင့်ပင်။
အစောက မယ်တော်ကြီး အမှန်တရားကို ဖွင့်ချခဲ့စဉ်ကလည်း တုဟွေးသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့ပေ။ မယ်တော်ကြီးကို ဤစကားများအားလုံး တမင်တကာ ပြောဆိုစေချင်ခဲ့သည့်အလား တားဆီးမည့် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ချေ။
မယ်တော်ကြီး ကြေကွဲဖွယ်ကောင်းစွာ သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ဧကရာဇ်ယုံတယ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားခဲ့ပြီးနောက် သူ၏ မျက်နှာသည်လည်း တုန်လှုပ်သွားခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ သူ၏ မယ်တော်ကြီးမှာ လုံးဝ သေဆုံးသွားခဲ့ပြီ ဖြစ်၏။ သို့သော်လည်း သူမ မသေဆုံးမီတွင် သူ့ကို အလွန် ပြင်းထန်စွာ ၊ အလွန် အသက်အန္တရာယ်ရှိစွာ ထိုးနှက်သွားခဲ့သေးသည်။
လက်ရှိအခြေအနေက မည်သို့နည်း။ သူမည်သည်ကို ဆက်လုပ်ရမည်နည်း။ မည်သို့ပင်ဖြစ်စေ အကယ်၍များ သူမပါ အလောင်းတစ်လောင်းလို ဟန်ဆောင်နေသည့် ပြဇာတ်တစ်ပုဒ် ကပြလာမည်ကို စိုးရိမ်ရသဖြင့် နင်းရွှဲ့ကို လုံးဝ သတ်ပစ်ရန် သူ အလိုရှိနေခဲ့လေသည်။
ဧကရာဇ်ယုံတယ်သည် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်၏။
ထို့နောက် သူက အေးစက်စွာ ပြောလိုက်လေသည်။ “လူလာကြစမ်း”
ချက်ချင်းဆိုသလိုပင် လျှို့ဝှက်ဆန်းကြယ်သော မဟာဆရာသခင်က ဧကရာဇ်ယုံတယ်၏ ဘေးသို့ ရောက်ရှိလာခဲ့လေသည်။
ဧကရာဇ်ယုံတယ်က ပြောလိုက်၏။ “နင်းရွှဲ့ရဲ့ ခေါင်းတလားကို သွားဖွင့်... ပြီးရင် သူ အသက်ရှင်နေနေ ၊ သေနေနေ အပိုင်းပိုင်းအတစ်တစ် ဖြစ်သွားအောင် ခုတ်ထစ်ပစ်လိုက်စမ်း”
“အမိန့်အတိုင်းပါ” လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်က ဘေးနားရှိ ခေါင်းတလားဆီသို့ သွားလိုက်လေသည်။
ထို့နောက် ရုတ်တရက် ဖွင့်ချလိုက်၏။ မည်သည့်စကားတစ်ခွန်းမှ မပြောဘဲ သူက ဓားချီကို တိုက်ရိုက် ပစ်လွှတ်လိုက်လေသည်။
“ရွှစ်... ရွှစ်... ရွှစ်...”
ရုတ်တရက် တိတ်ဆိတ်စွာဖြင့်ပင် ခေါင်းတလားထဲရှိ အလောင်းမှာ အပိုင်းပိုင်းအတစ်တစ် ခုတ်ထစ်ခံလိုက်ရလေသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်တော့ လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်မှာ လုံးဝ ဆွံ့အသွားရလေတော့၏။
ခေါင်းတလားထဲရှိ အလောင်းမှာ မင်းသမီးနင်းရွှဲ့ မဟုတ်သည်က သေချာလှပေသည်။ မင်းသမီးနင်းရွှဲ့မှာ တကယ်ကြီး ပျောက်ဆုံးသွားပြီဖြစ်၏။
**--**--**--**--**--**--**--**
လက်ရှိအချိန်တွင် တုပိုင်၏ ဘေး၌ မဟာဆရာသခင် သုံးဦး ရှိနေလေ၏။ သူတို့မှာ လီတောက်ယွဲ့ ၊ ကျီချင်းကျူနှင့် နီရှန် နတ်မိမယ်တို့ ဖြစ်ကြ၏။
နီရှန်မှာ ကိုယ်ဝန် ခုနစ်လခန့် ရှိနေပြီဖြစ်ရာ သူမက ကလေးမွေးဖွားရန်အတွက် အိမ်တွင်သာ နေခဲ့ရလေသည်။
နင်းရွှဲ့နှင့် မယ်တော်ကြီးကို ကယ်တင်ရန်အတွက် တုပိုင်သည် လီတောက်ယွဲ့ကို လီဝမ်ဝမ်နှင့် ပူးပေါင်းရန် စေလွှတ်ခဲ့ပြီး နင်ဇောင်ဝူတွင်လည်း မဟာဆရာသခင် သုံးဦး ရှိနေလေသည်။
ဤမြို့တော် စစ်ဆင်ရေး၏ တပ်မှူးမှာ လီဝမ်ဝမ်ပင် ဖြစ်၏။ သူမက မင်းသမီးနင်းရွှဲ့နှင့် မယ်တော်ကြီး နှစ်ဦးစလုံးကို ကယ်တင်နိုင်ခဲ့လေသည်။
သို့သော်လည်း လီဝမ်ဝမ်သည် မယ်တော်ကြီးကို ဈာပနအခမ်းအနားတွင် ရှင်သန်လာစေပြီး ဧကရာဇ်ကို တိုက်ရိုက် ဖွင့်ချစေခြင်းက ပို၍ တုန်လှုပ်ဖွယ် ကောင်းလိမ့်မည်ဟု ခံစားခဲ့ရကာ ရုပ်သေးဧကရာဇ် ယုံတယ်အတွက် ပို၍ပင် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေနိုင်ကြောင်း တွေးတောခဲ့မိလေသည်။
အကယ်၍ မယ်တော်ကြီးကို ကယ်တင်ပြီး အနောက်တောင်ပိုင်းရှိ တုပိုင်၏ နယ်မြေသို့ ပို့ဆောင်လိုက်ပါက ထိုအချိန်ကျလျှင် မယ်တော်ကြီးက မည်သည့်ဆူပူမှုမျိုးကိုမဆို လုပ်ချင်ပါစေ ၊ ဧကရာဇ်ယုံတယ်၏ ဇာစ်မြစ်နှင့် မိခင်ကို သတ်ဖြတ်သည့် ပြစ်မှုတို့ကို ဖွင့်ချချင်ပါစေ... ကြီးမားလှသော တုန်လှုပ်ချောက်ချားမှုမျိုး ဖြစ်လာစေရန်မှာ ခက်ခဲလှပေမည်။
အဘယ်ကြောင့်ဆိုသော် တုပိုင်အနေဖြင့် အင်ပါယာတစ်ခုလုံးရှိ အမတ်များအားလုံးကို အနောက်တောင်ပိုင်းသို့ ဖိတ်ခေါ်ရန်မှာ အလွန် ခက်ခဲလှသောကြောင့်ပင် ဖြစ်လေ၏။
ဤလောကတွင် ရုပ်မြင်သံကြားဆိုသည်မှာ မရှိသလို အင်တာနက်ဆိုသည်မှာလည်း ပို၍ပင် ဝေးကွာလှရာ မယ်တော်ကြီးအနေဖြင့် မည်သည့် လူထုဟောပြောပွဲကိုမျှ ပြုလုပ်နိုင်စွမ်း မရှိပေ။ အကယ်၍ သူမက ဧကရာဇ်ယုံတယ်အား ဖွင့်ချရန် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့လျှင်တောင်မှ လောကရှိလူတိုင်းက ဤသည်ကို တုပိုင်၏ အကြံအစည်တစ်ခုအဖြစ်သာ ထင်မှတ်ကြမည် ဖြစ်လေသည်။
အကယ်၍ မယ်တော်ကြီးက အနောက်တောင်ပိုင်းတွင် အမိန့်ထုတ်ပြန်ခဲ့လျှင်ပင် လောကရှိ လူများက ယင်းကို အတုအယောင်ဟုသာ ထင်ကြမည်ဖြစ်ပြီး တုပိုင် ဖန်တီးထားသော အတုအယောင်တစ်ခုဟုသာ ထင်မှတ်ကြမည် ဖြစ်၏။
ကြီးကျယ်ခမ်းနားလှသော ဈာပနအခမ်းအနားကြီး၌ နန်းတွင်းအမတ်များအားလုံး ၊ သူကောင်းမျိုးများအားလုံးနှင့် ထောင်ပေါင်းများစွာသော ပြည်သူများ၏ ရှေ့မှောက်တွင် မယ်တော်ကြီး ရှင်သန်လာပြီး ဧကရာဇ်ယုံတယ်၏ ပြစ်မှုများကို ဖွင့်ချလိုက်ခြင်းကသာလျှင် ပြင်းထန်သော သေစေနိုင်သည့် ထိုးနှက်ချက်ကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်လေသည်။ ရုပ်သေးဧကရာဇ် ယုံတယ်ကို လုံးဝ ပျက်စီးသွားစေလိမ့်မည်။
ထို့အပြင် ဧကရာဇ်ယုံတယ်အား ရာထူးမှ ရုပ်သိမ်းကြောင်း မယ်တော်ကြီး ထုတ်ပြန်ခဲ့သည့် အမိန့်က တုပိုင်အတွက် ဧကရာဇ်သစ်တစ်ပါး တင်မြှောက်ရန် အကြွင်းမဲ့ လက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဤနည်းအားဖြင့် တုပိုင် တင်မြှောက်မည့် ဧကရာဇ်သစ်သည် တာ့နင်အင်ပါယာ၏ တရားဝင် ထီးနန်းဆက်ခံသူ ဖြစ်လာပေလိမ့်မည်။
သေချာသည်ကတော့ ဤကိစ္စ ဖြစ်ပွားသွားသည်နှင့် တစ်ပြိုင်နက် မယ်တော်ကြီးမှာ သေချာပေါက် ဆက်လက် အသက်ရှင်နိုင်တော့မည် မဟုတ်ကြောင်း လီဝမ်ဝမ် သိရှိထားသည်။
အဘယ်ကြောင့်ဆိုသော် သူမက ဧကရာဇ်ယုံတယ်၏ ဇာစ်မြစ်ကို ဖွင့်ချလိုက်သည်နှင့် တစ်ပြိုင်နက် ယင်းက သူ၏ အကျည်းတန်မှုကို ဖွင့်ချလိုက်ခြင်းနှင့် တူညီသွားသောကြောင့်ပင်။ သူမသည် နင်တောက်ရွှမ်၏ ယုတ်မာသော ဆေးများဖြင့် အဓမ္မပြုကျင့်ခံခဲ့ရသည် ဆိုသော်ငြားလည်း သူမက ယင်းကို အပျိုစင်ဘဝ ဆုံးရှုံးသွားခြင်းဟုသာ ခံစားခဲ့ရလေသည်။ ထိုအချိန်က သူမသည် မင်းသမီးတစ်ပါး ဖြစ်နေခဲ့သည်ကိုတော့ ဆိုဖွယ်ရာ မရှိတော့ပေ။
ထို့အပြင် သူမသည် ယခင်က ဧကရာဇ်ယုံတယ်၏ ဇာစ်မြစ်ကို ဖုံးကွယ်ထားခဲ့ပြီး ဧကရာဇ်ယုံတယ်က တုပိုင်အား လုပ်ကြံသည်ကိုပင် ထိုင်ကြည့်နေခဲ့ကာ သူက ဖန်းအုပ်စုနှင့် ပူးပေါင်းကြံစည်နေသည်ကိုလည်း ကြည့်နေခဲ့သေးရာ တကယ်ကိုပင် ပြစ်မှုကျူးလွန်ထားခဲ့သည်ဖြစ်သဖြင့် သူမ သေဆုံးရမည်မှာ သေချာလှပေသည်။
သို့သော်လည်း လီဝမ်ဝမ်သည် မယ်တော်ကြီးအား သေဆုံးခွင့်ပြုရန် ရွေးချယ်ခဲ့ဆဲ ဖြစ်၏။ ဧကရာဇ်ယုံတယ်အား အကြီးမားဆုံးသော အသက်အန္တရာယ်ရှိသည့် ထိုးနှက်ချက်တစ်ခု ပေးနိုင်ရန်နှင့် တုပိုင် ဧကရာဇ်သစ် တင်မြှောက်ခြင်း၏ တရားဝင်မှုကို ပေးစွမ်းနိုင်ရန်အတွက်ပင်။ သူမက အလွန် ရက်စက်သော လူတစ်ယောက် ဖြစ်လေသည်။
ဤနည်းအားဖြင့် လီတိုက်ထောင်ကျန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ရန်အတွက် မင်းသမီးနင်းရွှဲ့နေရာတွင် ကြိုတင်၍ အစားထိုးထားရမည် ဖြစ်လေသည်။
ဤအကြောင်းကြောင့် လီဝမ်ဝမ်သည် ကြိုတင်၍ ပြင်ဆင်မှုများ လုပ်ဆောင်ထားခဲ့ပြီး အသွင်ပြောင်း သားရဲအရေခွံ မျက်နှာဖုံးတစ်ခုကို အသုံးချကာ မင်းသမီးနင်းရွှဲ့နှင့် မျက်နှာရော ကိုယ်ဟန်သွင်ပြင်ပါ တူညီသော အမျိုးသမီးတစ်ဦးကို ရှာဖွေထားခဲ့သည်။
ထို့နောက် ဈာပနအခမ်းအနား မတိုင်မီ ညတွင် မင်းသမီးနင်းရွှဲ့အား အစားထိုးမှုကို အောင်မြင်စွာ ပြီးမြောက်ခဲ့လေ၏။
အမှန်တကယ်တော့ ဈာပန မတိုင်မီက တစ်စုံတစ်ယောက်က မင်းသမီးနင်းရွှဲ့၏ ခေါင်းတလားကို စစ်ဆေးခဲ့ဖူးသည်။ သို့သော် ဤတစ်ကြိမ် ဈာပနအခမ်းအနား၏ အဓိက အာရုံစိုက်ခံရသူမှာ မင်းသမီးနင်းရွှဲ့ မဟုတ်ဘဲ မယ်တော်ကြီးသာ ဖြစ်နေခဲ့၏။ ထို့အပြင် အလောင်းမှာ အပေါက်ခုနစ်ပေါက်မှ သွေးများ ယိုစီးကျနေခဲ့ပြီး မျက်နှာမှာလည်း တောင့်တင်းနေခဲ့ရာ သူမသည် အောင်မြင်စွာ ဖုံးကွယ်နိုင်ခဲ့လေသည်။
**--**--**--**--**--**--**--**
လျှို့ဝှက်ဆန်းကြယ်သော ယွီမဟာဆရာသခင်က ဧကရာဇ်ယုံတယ်၏ ဘေးသို့ ရောက်ရှိလာခဲ့ပြီး တိုးတိုးလေး ပြောလိုက်လေသည်။ “အလောင်းက မင်းသမီးနင်းရွှဲ့ရဲ့ အလောင်း မဟုတ်ဘူး... သူ ပျောက်သွားပြီ”
ဧကရာဇ်ယုံတယ်၏ တစ်ကိုယ်လုံးမှာ တုန်ယင်သွားရလေ၏။ မယ်တော်ကြီး မသေဆုံးခဲ့သဖြင့် မင်းသမီးနင်းရွှဲ့လည်း မသေဆုံးခဲ့သည်မှာ သဘာဝပင် ဖြစ်လေသည်။
ဤအရာအားလုံးက တုပိုင်၏ အကြံအစည် ဖြစ်ရမည်။ သေချာပေါက် ဖြစ်ရမည်။ ဤတစ်ကြိမ်တွင် တုပိုင်အား ဆန့်ကျင်ရာ၌ ကြီးမားသော အောင်ပွဲတစ်ခုကို ရရှိခဲ့ပြီဟု သူ ထင်မှတ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤသည်က နိုင်ငံရေး ပြိုင်ပွဲတစ်ခုဖြစ်ပြီး သူ အကျွမ်းကျင်ဆုံးသော အရာဖြစ်သောကြောင့်ပင်။
ဤတစ်ကြိမ်တွင် တုပိုင်ကို လုံးဝ ပျက်စီးသွားစေမည်ဖြစ်ပြီး ပြည်သူအားလုံးက သူ့ကို ဝိုင်းဝန်း ပြစ်တင်ရှုတ်ချကြလိမ့်မည်ဟု မူလက သူ ထင်မှတ်ထားခဲ့လေသည်။
သို့သော်လည်း ပျက်စီးသွားသူမှာ သူကိုယ်တိုင် ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့သလို ဤအခြေအနေကို မည်သို့မျှ ပြန်လည် မဆယ်တင်နိုင်တော့ပေ။ ဤနိုင်ငံရေးတိုက်ပွဲတွင် သူ လုံးဝ ရှုံးနိမ့်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် အစိုးရအဖွဲ့ အမတ်ချုပ်ကြီး ကူရွှင်ချန်က ကျယ်လောင်စွာ ပြောလိုက်လေသည်။ “အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ထီးနန်းကို စွန့်လွှတ်တော်မူပါ”
ဓလေ့ထုံးတမ်းရေးရာ ဝန်ကြီးကလည်း ပြောလိုက်၏။ “အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ထီးနန်းကို စွန့်လွှတ်တော်မူပါ”
ဤနေရာတွင် ရှိနေသော အမတ်များထဲမှ သုံးပုံတစ်ပုံခန့်မှာ မြေပြင်ပေါ်တွင် သေသပ်စွာ ဒူးထောက်နေကြဆဲပင် ဖြစ်လေသည်။ သူတို့က အော်ဟစ်မပြောဆိုခဲ့ကြသော်လည်း သူတို့၏ အဓိပ္ပာယ်ကို ကောင်းစွာ သိရှိထားကြ၏။ သူတို့သည် မယ်တော်ကြီး၏ အမိန့်ကို နာခံပြီး ဧကရာဇ်ယုံတယ်အား ထီးနန်းစွန့်ရန် အတင်းအကျပ် ဖိအားပေးရမည် ဖြစ်လေသည်။
“ဟားဟားဟား...” ဧကရာဇ်ယုံတယ်က ရယ်မောလိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်လေသည်။ “ကူရွှင်ချန်... မင်းက ပုန်ကန်တော့မလို့လား။ အဲဒီမိန်းမက မယ်တော်ကြီး လုံးဝ မဟုတ်ဘူး... တုပိုင် လွှတ်လိုက်တဲ့ စုန်းမပဲ။ အဲဒီစုန်းမ ပြောတဲ့စကားကို မင်းက ယုံတယ်ပေါ့လေ ဟုတ်လား”
**--**--**--**--**--**--**--**
Li Daitao Zheng လီတိုက်ထောင်ကျန်။ ဆိုတာကို ဂလူးဂလူးခေါက်ကြည့်တော့ တရုတ်ရှေးဟောင်း စစ်သေနင်္ဂဗျူဟာ ၃၆ ချက်ထဲက တစ်ချက်ဖြစ်ပြီး “ဆီးသီးပင်အတွက် မက်မွန်ပင်က ကိုယ်စားအသေခံပေးခြင်း” (အလောင်းအစားထိုးသည့် နည်းဗျူဟာ) လို့ အဓိပ္ပါယ်ရပါတယ်တဲ့။ ကျွန်တော်မှားသွားရင် လာပြောနိုင်ပါ၏။ ဖတ်ရှုအားပေးနေတဲ့ စာဖတ်သူတွေ အချောလေးများလည်း ကျန်းမာ ၊ ချမ်းသာကြပါစေဗျာ။
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၅ + ၇၃၆ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team