← Chapters

အခန်း (၇၃၇-၇၃၈)

Vol. 74 Ch. 737-738

အခန်း (၇၃၇-၇၃၈)

Vol. 74 Ch. 737-738

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၇ + ၇၃၈

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကူရွှင်ချန်နှင့် ဝူစန်းရှီတို့က ဒူးထောက်လိုက်ကြပြီး လေးနက်စွာ လျှောက်တင်လေ၏။ "အရှင်မင်းမြတ်... ကျေးဇူးပြုပြီး ထီးနန်းကို စွန့်လွှတ်တော်မူပါ"

ဧကရာဇ်ယုံတယ်က အေးစက်စွာ မိန့်ဆိုလိုက်သည်။ "ကူရွှင်ချန် ၊ ဝူစန်းရှီ... မင်းတို့က တုပိုင်နဲ့ ပူးပေါင်းကြံစည်နေတာ ကြာပြီပဲ။ မင်းတို့ အားလုံးက ပုန်ကန်တဲ့ အမတ်တွေနဲ့ ရာဇဝတ်ကောင်တွေပဲ"

"လာကြစမ်း" ဧကရာဇ်ယုံတယ်က ဒေါသတကြီး ဟိန်းဟောက်လိုက်လေ၏။ "ဒီသူပုန်အမတ်တွေနဲ့ သူခိုးတွေ အားလုံးကို ခေါင်းဖြတ်သတ်ကြစမ်း"

ရုတ်တရက်ဆိုသလို ထောင်ပေါင်းများစွာသော စစ်သည်များက ရှေ့သို့ ထွက်လာကြပြီး ဤအမတ်များကို တစ်ယောက်ချင်းစီ ဆွဲထုတ်သွားကြလေ၏။ ပြီးနောက် ဓားများကို မြှောက်ကာ ခုတ်ချလိုက်ကြလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှင်းလင်းစွာ သတ်ဖြတ်ပစ်လိုက်ကြ၏။ ရာပေါင်းများစွာသော အမတ်များအားလုံး ခေါင်းဖြတ်ခံလိုက်ကြရလေသည်။

ဧကရာဇ်ယုံတယ်က မြေပြင်ပေါ်ရှိ သွေးများကို ကြည့်လိုက်လေသည်။ သူသည် အရောင်ကန်းဝေဒနာ ခံစားနေရသူဖြစ်ရာ မြေပြင်ပေါ်ရှိ သွေးများမှာ အစိမ်းရောင်နီးပါး ဖြစ်နေသည်ကို မြင်တွေ့နေရ၏။

သို့သော်လည်း ထိုအရာက သူ့ကို ပြင်းထန်သော လှုံ့ဆော်မှုတစ်ခု ပေးစွမ်းလိုက်လေသည်။ ဧကရာဇ်ယုံတယ်က ကျန်ရှိနေသေးသော အမတ်များကို ကြည့်ကာ စူးရှစွာ မေးခွန်းထုတ်လိုက်သည်။ "စောစောက မိန်းမက မယ်တော်ကြီး လုံးဝ မဟုတ်ဘူး ၊ တုပိုင် လွှတ်လိုက်တဲ့ စုန်းမပဲ မဟုတ်လား"

ကျန်ရှိနေသော အမတ်များမှာ တုန်ယင်သွားကြလေသည်။

တုဟွေးက သူ၏ လက်ကို ပြတ်သားစွာ ဝှေ့ယမ်းလိုက်လေ၏။

"ဘန်း... ဘန်း... ဘန်း..."

ရေတွက်၍မရနိုင်သော လက်ရွေးစင်စစ်သည်များ အလုံးအရင်းဖြင့် ထွက်ပေါ်လာကြလေသည်။ တော်ဝင်ဂူဗိမာန်တစ်ခုလုံးကို အပ်တစ်ချောင်းပင် ကျစရာမရှိအောင် ထိုးဖောက်ဝင်ရောက်၍မရနိုင်သည့် တပ်ဖွဲ့ဝင်အင်အား နှစ်သောင်းတိတိဖြင့် ဝန်းရံလိုက်ကြလေ၏။

"ရွှစ်... ရွှစ်... ရွှစ်..."

အရှေ့ဘက် ပြည်ထောင်စုမှ မဟာဆရာသခင်နှင့် ပေမင်ဓားဂိုဏ်းမှ မဟာဆရာသခင်တို့က လျှပ်စီးတန်းများကဲ့သို့ လူအုပ်ထဲသို့ တိုးဝင်သွားကြပြီး တစ်ယောက်ချင်းစီ လိုက်လံရှာဖွေကြလေသည်။

တုပိုင်၏ ဆရာသခင်အဆင့် ကျွမ်းကျင်ပညာရှင် ဆယ်ယောက်ကျော်ခန့် လူအုပ်ထဲတွင် ပုန်းအောင်းနေခြင်း ရှိ၊ မရှိကို ရှာဖွေရန်အတွက် ဖြစ်လေ၏။

သို့သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ရပေ။

ဧကရာဇ်က ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသော ထောင်ပေါင်းများစွာသော ပြည်သူများကို ကြည့်လိုက်လေသည်။ ထို့နောက် ဒေါသတကြီး ဟစ်အော်မေးခွန်းထုတ်လိုက်သည်။ "စောစောက မိန်းမက မယ်တော်ကြီး လုံးဝ မဟုတ်ဘူး ၊ တုပိုင် လွှတ်လိုက်တဲ့ စုန်းမပဲ မဟုတ်လား"

"ယုတ်မာလိုက်တာ ၊ အရှက်ကို မရှိဘူး"

"ဧကရာဇ် ထီးနန်းကနေ ဆင်းပေး"

"ဧကရာဇ် ထီးနန်းကနေ ဆင်းပေး"

ထိုသို့ အော်ဟစ်လိုက်ကြသူများမှာ နန်းတွင်းအမတ်များ မဟုတ်ဘဲ မယ်တော်ကြီး၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူများပင် ဖြစ်လေ၏။

မူလက ဧကရာဇ်ယုံတယ်သည် ပြည်သူများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိကြောင်း ပြသရန်အတွက် ဤဈာပနအခမ်းအနားသို့ ထောင်ပေါင်းများစွာသော အရပ်သားပြည်သူများကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ ကိုယ့်ရှူးကိုယ်ပတ်သည့် အခြေအနေသို့သာ ဆိုက်ရောက်သွားသည်။

ဤပြည်သူများ၏ စိတ်ထားမှာ အလွန် ရိုးရှင်းလှပြီး သွေးထိုးလှုံ့ဆော်ရန် အလွယ်ကူဆုံးလည်း ဖြစ်ပေသည်။

ယခင်က လူထုအမြင်များက တုပိုင်အား အပြင်းအထန် တိုက်ခိုက်ခဲ့ကြစဉ်က သူတို့ကလည်း တုပိုင်ကို ဆဲဆိုခဲ့ကြပြီး နိုင်ငံတော်၏ သူခိုးတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြလေသည်။

တုပိုင်၏ ပုံတူကားချပ်ပေါ်သို့ တံတွေးထွေးခြင်း ၊ အခြားသူများ၏ အိမ်များထဲသို့ ဝင်ရောက်စီးနင်းခြင်း ၊ တုပိုင်၏ ရုပ်တုကို ရိုက်ချိုးခြင်းနှင့် တုပိုင်၏ ပုံတူကားချပ်ကို မီးရှို့ခြင်းတို့ကို လုပ်ဆောင်ရာတွင် သူတို့က အစွန်းရောက်ဆုံးသူများပင် ဖြစ်ခဲ့ကြ၏။

သူတို့သည် ပုံမှန်အားဖြင့် တုပိုင်ကို အကြမ်းတမ်းဆုံး တိုက်ခိုက်လေ့ရှိသောကြောင့်ပင် ဧကရာဇ်ယုံတယ်က သူတို့ကို ဈာပနအခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်လေသည်။

ယခု သူတို့ကိုယ်တိုင် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါတွင်တော့ သူတို့ တကယ်ကို ရှက်ရွံ့သွားခဲ့ကြရသည်။ တကယ်တမ်းတွင် ကျန့်ရှီးဘုရင် တုပိုင်ကသာ ဖြောင့်မတ်မှန်ကန်သူဖြစ်ပြီး သူတို့၏ ရှေ့မှောက်ရှိ ဧကရာဇ်ယုံတယ်မှာ တိရစ္ဆာန်ထက်ပင် ယုတ်မာအောက်တန်းကျနေခဲ့ကြောင်း သိရှိသွားသောအခါ သူတို့၏ ဒေါသမီးအဟုန်မှာ ကောင်းကင်သို့ပင် ရောက်ရှိသွားတော့သည်။

ထို့ကြောင့် လူအချို့မှာ ဒေါသထွက်သွားခဲ့ကြပြီး သူတို့၏ ပါးစပ်များကို ဆက်လက် မထိန်းချုပ်နိုင်တော့ဘဲ ဧကရာဇ်အား ထီးနန်းမှ ဆင်းပေးရန် အော်ဟစ်လိုက်ကြခြင်းပင် ဖြစ်လေသည်။

"သတ်ကြစမ်း"

ဧကရာဇ်ယုံတယ်က ရက်စက်ကြမ်းကြုတ်စွာ အမိန့်ပေးလိုက်လေ၏။ ထောင်ပေါင်းများစွာသော စစ်သည်များက သတ်ဖြတ်ရာတွင်သုံးသော သူတို့၏ ဓားများကို မြှောက်ကာ ဤအရပ်သားပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ပစ်လိုက်ကြလေသည်။

တာ့နင်အင်ပါယာ၏ တော်ဝင်ဂူဗိမာန်အတွင်းတွင် သွေးများက မြစ်တစ်စင်းအလား စီးဆင်းသွားခဲ့၏။ အချိန်တိုလေးအတွင်းမှာပင် ထောင်ပေါင်းများစွာသော အရပ်သားများ အားလုံး အသတ်ခံလိုက်ရလေသည်။

ဧကရာဇ်ယုံတယ်သည် ဤနေရာတွင် ရှိနေသော သူကောင်းမျိုးများနှင့် အမတ်များအားလုံးကို သတ်ပစ်ရန် ရည်ရွယ်ထားခဲ့သည်။

သို့သော်လည်း အားလုံးကိုသာ သတ်ပစ်လိုက်မည်ဆိုပါက သူသည် အထီးကျန်ဧကရာဇ်တစ်ပါး ဖြစ်သွားမည်ဖြစ်ပြီး ဖန်းအုပ်စု၏ ရုပ်သေးရုပ်ဘဝသို့ လုံးဝ ရောက်ရှိသွားပေလိမ့်မည်။

ဧကရာဇ်က အံကို တင်းတင်းကျိတ်လိုက်ပြီးနောက် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားနိုင်သရွေ့ သူတို့အားလုံးကို သတ်ပစ်ရန် ဆုံးဖြတ်လိုက်လေသည်။

"မလုပ်ရဘူး"

တုဟွေးက ခပ်ပေါ့ပေါ့ပင် တားမြစ်လိုက်လေသည်။

သူက ဧကရာဇ်ယုံတယ်၏ ဆန္ဒကို တိုက်ရိုက် ပယ်ချလိုက်ခြင်းပင် ဖြစ်လေသည်။

ဧကရာဇ်ယုံတယ်၏ မျက်နှာမှာ တွန့်လိမ်သွားခဲ့ပြီးနောက် အံကြိတ်ကာ ကြိမ်းဝါးမေးမြန်းလိုက်၏။ "စောစောက မိန်းမက မယ်တော်ကြီး မဟုတ်ဘူး ၊ တုပိုင် လွှတ်လိုက်တဲ့ စုန်းမပဲ မဟုတ်လား"

"ဟုတ်တယ် မလား"

"ရွှစ်... ရွှစ်..."

ထောင်ပေါင်းများစွာသော စစ်သည်များက သူတို့၏ ဓားများကို ကြမ်းတမ်းစွာ ဆွဲထုတ်လိုက်ကြပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာကြလေ၏။

"ဟုတ်ပါတယ်... ဟုတ်ပါတယ်"

သေမင်းနှင့် ရင်ဆိုင်ရချိန်တွင်တော့ ကျန်ရှိနေသော အမတ်များမှာ နောက်ဆုံး၌ အလျှော့ပေးရန် ရွေးချယ်လိုက်ကြလေတော့သည်။ ခေါင်းမာသော အမတ်များအားလုံးမှာ စောစောကပင် အသတ်ခံလိုက်ရပြီ ဖြစ်၏။

အမတ်များမှာ တစ်ယောက်ပြီးတစ်ယောက် လှိုင်းတံပိုးများအလား ဒူးထောက်ချလိုက်ကြလေသည်။

"ဟုတ်ပါတယ်... စောစောက မိန်းမက မယ်တော်ကြီး မဟုတ်ပါဘူး ၊ စုန်းမပါ... သူမက စုန်းမပါ"

ဧကရာဇ်ယုံတယ်က အေးစက်စွာ စွပ်စွဲပြောဆိုလိုက်သည်။ "တုပိုင်ရဲ့ ယုံကြည်ရတဲ့သူ လီဝမ်ဟွေ့က မြို့တော်ထဲမှာ ပုန်းအောင်းနေပြီး ဈာပနအခမ်းအနားမှာ လူသတ်ပွဲ ဆင်နွှဲခဲ့တယ်"

"သူက ရာပေါင်းများစွာသော အမတ်တွေနဲ့ ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တယ် မဟုတ်လား"

ထောင်ပေါင်းများစွာသော အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအပြင် အင်ပါယာ၏ သူကောင်းမျိုးများကပါ တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြလေ၏။ "ဟုတ်ပါတယ်... ဈာပနအခမ်းအနားကို တိုက်ခိုက်ပြီး အမတ်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ခဲ့တာ တုပိုင်ရဲ့ အပေါင်းအပါ လီဝမ်ဟွေ့ ဖြစ်ပါတယ်"

သတ်ဖြတ်မည့် ဓားများအောက်တွင် ဤအရာရှိများနှင့် သူကောင်းမျိုးများမှာ ငုံးလေးများအလား တုန်ယင်နေကြလေသည်။

သို့သော်လည်း သူတို့၏ ရင်ထဲတွင်တော့ ယုံတယ်သည် သားရဲတစ်ကောင်နှင့် မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်လေ၏။

ဧကရာဇ်ယုံတယ်က ပြတ်သားစွာ အမိန့်ချမှတ်လိုက်လေ၏။ "အမိန့်တော်... အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် လီဝမ်ဟွေ့နဲ့ ကျန်းနန်နယ်စားမင်း ဆုန်ချွဲတို့က တာ့နင်အင်ပါယာကို ဖြုတ်ချဖို့ တုပိုင်နဲ့ ပူးပေါင်းကြံစည်ခဲ့ကြတယ်။"

"သူတို့ရဲ့ အပြစ်က ခွင့်လွှတ်ပေးလို့ မရနိုင်ဘူး။ ဆုန်ချွဲရဲ့ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့ ရာထူးတွေ အားလုံးကို ရုပ်သိမ်းလိုက်သလို လီဝမ်ဟွေ့ရဲ့ ရာထူးတွေ အားလုံးကိုလည်း ရုပ်သိမ်းလိုက်တယ်။ အရှေ့ဘက်ကွပ်ကဲရေးရုံး ၊ လီကျင်းဌာနနဲ့ တာလီတရားရုံးတို့ ပူးပေါင်းပြီး သူ့ကို ဖမ်းဆီးကြစမ်း။ အကယ်လို့ သူတို့က အမိန့်ကို မနာခံဘူးဆိုရင် သတ်ပစ်လိုက်"

"အမိန့်တော်... ပင်းပိ မိန်းမစိုး ဖုန်းပေါင်ပေါင်ကို အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြန်လည် ခန့်အပ်လိုက်တယ်"

မိန်းမစိုးကြီးတစ်ဦးက ရှေ့သို့ ထွက်လာကာ ခေါင်းငုံ့၍ ရိုသေစွာ လျှောက်တင်လေသည်။ "အိုမင်းတဲ့ ကျေးကျွန်က အမိန့်တော်ကို နာခံပါ့မယ်"

**--**--**--**--**--**--**--**

ဧကရာဇ်ယုံတယ်က ကျယ်လောင်စွာ အမိန့်ပေးလိုက်လေသည်။ "လျန်ကျန်း ဘုရင်ခံ တုဟွေး... အမိန့်တော်ကို နာခံမှတ်သားလော့"

တုဟွေးက ဒူးထောက်လိုက်၏။

"ကွမ်တုံ ၊ ကျဲ့ကျန်း ၊ ကျန်းစု ၊ ကျန်းရှီး ၊ အန်ဟွေး နဲ့ ဟူပေ အပါအဝင် ပြည်နယ်အားလုံးကို ဖင်းရှီးတပ်စခန်း တည်ထောင်ဖို့ တပ်ဖွဲ့တွေ စုရုံးခိုင်းလိုက်တယ်။ အနောက်တောင်ပိုင်းကို တိုက်ခိုက်ပြီး တုပိုင်ကို ချေမှုန်းကာ တာ့နင်အင်ပါယာကို ပြန်လည် သိမ်းပိုက်ရမယ်။ လျန်ကျန်း ဘုရင်ခံ တုဟွေးက ဖင်းရှီးစစ်တပ်ရဲ့ တပ်မှူးချုပ်အဖြစ် တာဝန်ယူရမယ်။ ပြီးတော့ ကွမ်တုံ ဘုရင်ခံ ကောင်းထင်းက ဖင်းရှီးစစ်တပ်ရဲ့ ဒုတိယတပ်မှူးချုပ်အဖြစ် တာဝန်ယူရမယ်။ ကွမ်တုံ ရေတပ်ဗိုလ်ချုပ် ယွမ်ထျန်ကျောက်က ဖင်းရှီးဗိုလ်ချုပ်အဖြစ် တာဝန်ယူရမယ်"

တုဟွေးက ဦးညွှတ်လိုက်လေ၏။ "ကျွန်တော်မျိုး အမိန့်တော်ကို ခံယူပါ့မယ်"

**--**--**--**--**--**--**--**

အရှေ့ဘက်ကွပ်ကဲရေးရုံးချုပ်၌ လီဝမ်ဟွေ့သည် မယ်တော်ကြီး၏ ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။ မယ်တော်ကြီးနှင့် နင်းရွှဲ့တို့ သေဆုံးသွားခဲ့မှုနှင့်အတူ ဤကိစ္စမှာ ပြန်လည် ပြင်ဆင်၍မရနိုင်တော့ကြောင်းကို သူ သိရှိထားခဲ့လေသည်။

ဧကရာဇ်က တုပိုင်အား တာ့နင်အင်ပါယာ၏ သူပုန်အမတ်နှင့် သူခိုးတစ်ဦးအဖြစ် တရားဝင် အမိန့်ထုတ်ပြန် သတ်မှတ်လိုက်ပြီ ဖြစ်၏။ ယခင်က တုပိုင်ထံသို့ သူ ရေးသားခဲ့သော စာနှင့် တုပိုင်ကို ဆုတ်ခွာရန် ဖျောင်းဖျထားသည့် စာတို့မှာလည်း လုံးဝ ရှုပ်ထွေးသွားခဲ့ပြီ ဖြစ်လေသည်။

သူသည် အင်ပါယာအပေါ် ဤမျှလောက် သစ္စာရှိခဲ့သော်လည်း သူ၏ မွေးစားသားက ပုန်ကန်ချင်နေခဲ့ရာ ဝမ်းနည်းကြေကွဲမှုက ရင်ကွဲပက်လက် ဖြစ်ရသည်ထက်ပင် ပိုလွန်နေခဲ့လေပြီ။

ထို့ကြောင့် သူလည်း သေသင့်နေခဲ့ပြီ ဖြစ်၏။ တုပိုင်၏ ပုန်ကန်မှုနှင့် တာ့နင်အင်ပါယာ၏ မြို့တော်အတွင်းသို့ တုပိုင်၏ စစ်တပ်များ ဝင်ရောက်လာမည့် မြင်ကွင်းကို ကြည့်ရန်အတွက် သူ လုံးဝ အသက်မရှင်ချင်တော့ပေ။

မနေ့ညက မယ်တော်ကြီးအား သွားရောက် ဂါရဝပြုခဲ့စဉ်က သူသည် ဧကရာဇ်နှင့်လည်း တွေ့ဆုံခဲ့ပြီး ယနေ့ ဈာပနအခမ်းအနားသို့ မတက်ရောက်နိုင်ကြောင်းနှင့် လုပ်စရာ ကိစ္စအချို့ ရှိနေကြောင်း လျှောက်တင်ခဲ့လေသည်။

ဧကရာဇ်ယုံတယ်သည် လီဝမ်ဟွေ့ မိမိကိုယ်ကိုယ် သတ်သေချင်နေကြောင်းကို ရှင်းရှင်းလင်းလင်း ကြားသိခဲ့သော်လည်း မတားဆီးခဲ့ဘဲ နားမလည်ဟန်ဆောင်ကာ အမတ်ကြီး၏ ကျန်းမာရေး အခြေအနေအရ အတင်းအကျပ် လုပ်ဆောင်ရန် မလိုကြောင်း ပြောဆိုခဲ့လေ၏။

လီဝမ်ဟွေ့က အဆိပ်ခတ်ထားသော အရက်ကို ပြင်ဆင်ထားလိုက်လေသည်။ မယ်တော်ကြီးကို မြေမြှုပ်မည့် အချိန်ရောက်လာရန် စောင့်ဆိုင်းရင်း သူက အဆိပ်ရည်ကို သောက်ကာ နာကျင်မှုအားလုံးကို အဆုံးသတ်လိုက်မည် ဖြစ်၏။

မူလက သူသည် သေတမ်းစာတစ်စောင် ၊ တုပိုင်ထံသို့ သေတမ်းစာတစ်စောင် ရေးသားရန်လည်း ပြင်ဆင်ထားခဲ့လေသည်။ သို့သော်လည်း အဘယ်ကြောင့်မှန်းမသိဘဲ သူ မည်သို့ပင် ရေးသားနေပါစေ မှန်ကန်မှုမရှိဟု ခံစားနေရသဖြင့် ယင်းကို အပြီးတိုင်သာ မီးရှို့ပစ်လိုက်တော့၏။

ထို့နောက် နောက်ဆုံးအချိန် ရောက်ရှိလာမည်ကို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။

စောင့်ဆိုင်းနေစဉ်အတွင်း သူ၏ ကလီစာများအားလုံး ပူလောင်နေခဲ့ပြီး အချိန်ကျရောက်လာမည်ကိုပင် မစောင့်ဆိုင်းနိုင်တော့ဘဲ အရာအားလုံးကို အဆုံးသတ်ရန်အတွက် အဆိပ်ရည်ကိုသာ သောက်ချလိုက်ချင်နေတော့သည်။

"တုပိုင်... မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ။ ပထမဧကရာဇ်က မင်းအပေါ် အဲဒီလောက် ကောင်းခဲ့တာကို မင်းအဖေအနေနဲ့ ပထမဧကရာဇ်ကို သွားတွေ့ဖို့တောင် မျက်နှာမရှိတော့ဘူး" လီဝမ်ဟွေ့မှာ မျက်ရည်များ ပေါက်ကွဲထွက်လာခဲ့ပြီး အဆိပ်ရည်ခွက်ကို မြှောက်ကာ သောက်ရန် ပြင်လိုက်လေသည်။

"ဘန်းးး"

ဓားချီတစ်ခုက ဝင်ရောက်လာကာ လီဝမ်ဟွေ့၏ အဆိပ်ရည်ခွက်ကို အပိုင်းပိုင်းအတစ်တစ် ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်လေသည်။

ထို့နောက် မဟာဆရာသခင် နင်ဇောင်ဝူက အပြေးအလွှား ဝင်ရောက်လာပြီး ပြတ်သားစွာ အပြစ်တင်လိုက်လေသည်။ "မိုက်မဲလိုက်တာ"

လီဝမ်ဟွေ့မှာ တုန်လှုပ်သွားခဲ့ပြီး အံ့ဩတကြီး မေးလိုက်လေ၏။ "ခင်ဗျား ဘာလုပ်တာလဲ"

မဟာဆရာသခင် နင်ဇောင်ဝူကလည်း ဒေါသတကြီး ပြန်လည်မေးခွန်းထုတ်လိုက်သည်။ "မင်းကရော ဘာလုပ်နေတာလဲ"

လီဝမ်ဟွေ့က ဝမ်းနည်းကြေကွဲစွာ ရေရွတ်လိုက်လေ၏။ "ကျုပ်သားက ပုန်ကန်နေမှတော့ ဒီလောကကြီးမှာ ဆက်ပြီး ရှင်သန်နေဖို့ ငါ့မှာ ဘာမျက်နှာ ရှိတော့လို့လဲ"

နင်ဇောင်ဝူက တင်းမာစွာပြောဆိုလိုက်လေ၏။ "ပုန်ကန်တာက မင်းရဲ့သား တုပိုင် မဟုတ်ဘူး ၊ အတုအယောင် ဧကရာဇ်ယုံတယ်ပဲ။ သူက ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူး ၊ နင်တောက်ရွှမ်ရဲ့ ယုတ်မာတဲ့ မျိုးစေ့ပဲ။ ဒါတင်မကသေးဘူး ၊ သူက သူ့ရဲ့ မိခင်အရင်းဖြစ်တဲ့ မယ်တော်ကြီးကိုတောင် သတ်ပစ်ခဲ့သေးတယ်"

ထိုသည်ကို ကြားလိုက်ရသောအခါ လီဝမ်ဟွေ့မှာ အလွန်တုန်လှုပ်သွားခဲ့ရပြီး အံကြိတ်ကာ ငြင်းဆန်လိုက်လေသည်။ "မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။ နင်ဇောင်ဝူ... ခင်ဗျားက တုပိုင်ရဲ့ ဆရာဆိုတာကို ကျုပ် သိတယ်။ ပြီးတော့ ကျုပ်က သူ့ရဲ့ မွေးစားအဖေပဲ။ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဧကရာဇ်အပေါ် ဒီလို စော်ကားတဲ့စကားမျိုးကို ပြောထွက်ရတာလဲ။ ခင်ဗျားလည်း ပုန်ကန်ချင်နေတာလား"

နင်ဇောင်ဝူက ဒေါသတကြီး ခွန်းတုံ့ပြန်လိုက်လေ၏။ "ဉာဏ်ရည်ထက်မြက်ပြီး ရဲရင့်တဲ့ လီဝမ်ဟွေ့ ဘယ်ရောက်သွားပြီလဲ။ ကောက်ကျစ်စဉ်းလဲတဲ့ လီဝမ်ဟွေ့ ဘယ်ရောက်သွားပြီလဲ"

"လီမိသားစုကို ရင်ဆိုင်ရတုန်းက မင်း ဘယ်လောက်တောင် စွမ်းဆောင်နိုင်ခဲ့လဲ။ ဖန်းမိသားစုကို ရင်ဆိုင်ရတုန်းကရော မင်း ဘယ်လောက်တောင် ဉာဏ်ပညာကြီးမားခဲ့လဲ။"

"ဘယ်လိုလုပ်ပြီး ရုပ်သေးဧကရာဇ်ယုံတယ်ရဲ့ ရှေ့မှောက်ရောက်မှ ဒီလောက်တောင် တုံးအပြီး မိုက်မဲသွားရတာလဲ။ မင်းက မင်းကိုယ်မင်း ကျေးကျွန်တစ်ယောက် မဟုတ်ဘူးလို့ ပါးစပ်ကနေ အမြဲပြောနေပေမဲ့ ရင်ထဲမှာတော့ မင်းကိုယ်မင်း ကျေးကျွန်တစ်ယောက်အနေနဲ့ သတ်မှတ်ထားပြီးသားပဲ။"

"ဒါကြောင့်လည်း ဧကရာဇ်ဆိုတဲ့ ရာထူးနေရာကို ရင်ဆိုင်ရတဲ့အခါ မင်းက ခြွင်းချက်မရှိ နာခံပြီး ယုံကြည်နေတာပေါ့။ ငါ နင်ဇောင်ဝူကတော့ မင်းနဲ့ မတူဘူး။ ပထမဧကရာဇ်အပေါ် ငါ သစ္စာရှိရတဲ့ အကြောင်းရင်းက သူ့ကို ကြင်နာတတ်တဲ့ ဧကရာဇ်တစ်ပါးအနေနဲ့ သတ်မှတ်ထားရုံတင်မကဘဲ သူငယ်ချင်းတစ်ယောက်လိုပါ သဘောထားလို့ပဲ။ ရုပ်သေးဧကရာဇ် ယုံတယ်ကိုကျတော့ မြင်မြင်ချင်းကို ငါ အမြင်ကတ်လို့ သူ့ကို လုံးဝကို ဂရုမစိုက်တာပဲ"

"မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး" လီဝမ်ဟွေ့သည် သူ၏ အတွေးများအားလုံး လုံးဝ ပြောင်းပြန်လှန်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဖြစ်ပျက်နေသည်များကို လုံးဝ မယုံကြည်နိုင်ဖြစ်သွားရ၏။

သူ၏ ရင်ထဲတွင် ဧကရာဇ်ဆိုသည်မှာ အမြင့်မြတ်ဆုံး ဖြစ်လေသည်။ သူသည် အင်ပါယာနှင့် ဧကရာဇ်အပေါ် သစ္စာစောင့်သိရန်အတွက် သူ၏ အသက်နှင့် ဝိညာဉ်ကိုပင် အသုံးပြုခဲ့သူ ဖြစ်၏။

ဧကရာဇ်ထျန်ယွင် နန်းတက်စဉ်ကလည်း သူက ဧကရာဇ်ထျန်ယွင်အပေါ် လုံးဝ သစ္စာရှိခဲ့သည်။ ဧကရာဇ်ယုံတယ် နန်းတက်ချိန်တွင်လည်း ဧကရာဇ်ယုံတယ်အပေါ် သစ္စာစောင့်သိခဲ့ပြီး သူ၏ သားဖြစ်သူ တုပိုင်ကိုပင် စွန့်လွှတ်ခဲ့လေသည်။

သူ၏ အမြင်တွင် ဧကရာဇ်ဆိုသည်မှာ အထွတ်အမြတ်ထားရာ ဖြစ်လေ၏။ ယခု နင်ဇောင်ဝူက ဧကရာဇ်ယုံတယ်သည် မိခင်အရင်းကို သတ်ဖြတ်ခဲ့ပြီး နင်တောက်ရွှမ်၏ ယုတ်မာသော မျိုးစေ့ဖြစ်ကြောင်း သူ့ကို တကယ်ကြီး လာပြောနေသည်။

သူ့ကို ယုံကြည်အောင် မည်သို့ ပြောနိုင်မည်နည်း။

"ဦးနှောက်မရှိလောက်အောင်ကို တုံးအပြီး သစ္စာရှိလွန်းနေတယ်" နင်ဇောင်ဝူက ဒေါသတကြီးဖြင့် အပြစ်တင်လိုက်လေသည်။ "ငါ့စကားကို မင်း မယုံဘူးဆိုတာကို ငါ သိလို့ ဘေးနားမှာ ပုန်းနေပြီး ထွက်မလာခဲ့တာပဲ။ မင်း အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့် အချိန်ရောက်မှ ငါ ဝင်တားခဲ့တာ။ ခဏစောင့်နေဦး... ငါပြောတာကို မင်း မယုံရင်တောင်မှ သူ ပြောတဲ့စကားကိုတော့ မင်း ယုံရလိမ့်မယ်"

အခိုက်အတန့်လေးအကြာတွင်တော့ အမျိုးသမီးတစ်ဦးက လီဝမ်ဟွေ့၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ပြီး သူမ၏ ဝတ်ရုံကို ဖွင့်ချလိုက်ရာ လှပသော မျက်နှာလေးတစ်ခု ပေါ်လွင်လာခဲ့လေသည်။ သူမမှာ မင်းသမီးနင်းရွှဲ့ပင် ဖြစ်၏။

လီဝမ်ဟွေ့မှာ အလွန်တုန်လှုပ်သွားခဲ့ရသည်။ မင်းသမီးနင်းရွှဲ့ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။ သူမ သတ်သေသွားခဲ့ပြီ မဟုတ်ဘူးလား။

"ဖွားဖက်တော်လီ... သမီးတော်က ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာ မဟုတ်ဘူး ၊ ရုပ်သေးဧကရာဇ်ယုံတယ်က သမီးတော်ကို သတ်ဖို့ လူလွှတ်ခဲ့တာပဲ"

"ရုပ်သေးဧကရာဇ်ယုံတယ်က ခမည်းတော်ရဲ့ သွေးသားအရင်း မဟုတ်ဘူး ၊ နင်တောက်ရွှမ်ရဲ့ ယုတ်မာတဲ့ မျိုးစေ့ပဲ"

"ဒီလျှို့ဝှက်ချက်ကို မယ်တော်ကြီး သိပေမဲ့ ရုပ်သေးဧကရာဇ်ကို ကာကွယ်ပေးဖို့အတွက် လျှို့ဝှက်ထားခဲ့တာ။ ဒါပေမဲ့ ရုပ်သေးဧကရာဇ်က သမီးတော်ကို သတ်လိုက်တယ်ဆိုတာ သိသွားပြီးတဲ့နောက်မှာတော့ မယ်တော်ကြီးက ရုပ်သေးဧကရာဇ်နဲ့ အဆက်အသွယ် ဖြတ်ခဲ့တယ်။ အဲဒါကို ရုပ်သေးဧကရာဇ်က မယ်တော်ကြီးကို အဆိပ်တိုက်ပြီး မိခင်အရင်းကို သတ်တဲ့ ပြစ်မှုကြီး ကျူးလွန်ခဲ့တာပဲ"

"အခြေအနေတွေက အရေးကြီးနေပြီ ၊ ဖန်းအုပ်စုရဲ့ စစ်တပ်က မြို့တော်တစ်ခုလုံးကို မကြာခင်မှာ လုံးဝ ပိတ်ဆို့ထားတော့မယ်။ အခြေအနေတွေကို ထိန်းချုပ်ပြီး ဧကရာဇ်သစ် တင်မြှောက်ဖို့အတွက် ခင်ပွန်းသည်ဆီကို အမြန်ဆုံး အကြောင်းကြားရမယ်" မင်းသမီးနင်းရွှဲ့က လျင်မြန်စွာ ပြောလိုက်သည်။

နင်ဇောင်ဝူ ပြောသော စကားများကို လီဝမ်ဟွေ့ မယုံကြည်နိုင်ခဲ့ပေ။ သို့သော်လည်း မင်းသမီးနင်းရွှဲ့ ပြောသော စကားများကိုတော့ သူ ယုံကြည်ရပေမည်။

လီဝမ်ဟွေ့မှာ တုန်ယင်သွားခဲ့လေသည်။ "ဧကရာဇ်ယုံတယ်က နင်တောက်ရွှမ်ရဲ့ သားတဲ့လား။ ဘာသက်သေ ရှိလို့လဲ"

မင်းသမီးနင်းရွှဲ့က အလျင်စလို ရှင်းပြလိုက်လေ၏။ "အလွန် ရိုးရှင်းတဲ့ သက်သေတစ်ခု ရှိပေမဲ့ လူတိုင်းက လျစ်လျူရှုထားခဲ့ကြတယ်။ ရုပ်သေးဧကရာဇ်ယုံတယ်မှာ မေးနှစ်ထပ် ရှိတယ်။ ခမည်းတော်မှာလည်း မရှိဘူး ၊ မယ်တော်ကြီးမှာလည်း မရှိဘူး။ နင်တောက်ရွှမ်မှာတော့ ရှိတယ်"

လီဝမ်ဟွေ့မှာ လုံးဝ မတ်တပ်မရပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် အရုပ်ကြိုးပြတ် ကျဆင်းသွားခဲ့လေတော့သည်။ တုပိုင်က စိချွမ်းနှင့် ဟူနန်သို့ စစ်တပ်များ စေလွှတ်လိုက်ကတည်းက သူ၏ စိတ်များမှာ ရှုပ်ထွေးနေခဲ့ခြင်း ဖြစ်၏။

ယခုအချိန်တွင်တော့ သူ၏ စိတ်များက တဖြည်းဖြည်း ရှင်းလင်းလာပုံရလေသည်။ ဧကရာဇ်ယုံတယ်၏ တုံ့ပြန်မှုက အမှန်တကယ်ပင် မှားယွင်းနေခဲ့သည်။ အထူးသဖြင့် မနေ့ညက လီဝမ်ဟွေ့ မိမိကိုယ်ကိုယ် သတ်သေတော့မည်ကို ရှင်းရှင်းလင်းလင်း ကြားသိခဲ့သော်လည်း မသိဟန်ဆောင်နေခဲ့ခြင်းပင်။

ယခုတော့ လီဝမ်ဟွေ့ နားလည်သွားခဲ့လေပြီ။ သူသည် တုပိုင်၏ မွေးစားဖခင် ဖြစ်ရာ အကယ်၍ သူသာ မိမိကိုယ်ကိုယ် သတ်သေသွားခဲ့မည် ဆိုပါက ထိုအခါ လီဝမ်ဟွေ့၏ သေဆုံးမှုကို တုပိုင်၏ ခေါင်းပေါ်သို့ ပုံချနိုင်မည်ဖြစ်ပြီး လီဝမ်ဟွေ့သည် တုပိုင်နှင့် လမ်းခွဲကာ သူ၏သား တုပိုင်အတွက် အပြစ်များကို ဆေးကြောပေးရန် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့သည်ဟု ပြောဆိုနိုင်မည် ဖြစ်လေသည်။

ထို့ကြောင့် ထိုအချိန်ကျလျှင် လီဝမ်ဟွေ့၏ သေဆုံးမှုကလည်း တုပိုင်၏ ပြစ်မှုများထဲမှ တစ်ခု ဖြစ်လာနိုင်ပေသည်။ တုပိုင်၏ ပုန်ကန်မှုက ဇနီးဖြစ်သူ၏ အသက်အန္တရာယ်ကို လျစ်လျူရှုထားရုံသာမက မွေးစားဖခင်၏ အသက်အန္တရာယ်ကိုပါ လျစ်လျူရှုထားခဲ့သည်ဟု ပြောဆိုလာနိုင်လေ၏။

လီဝမ်ဟွေ့က တုပိုင်အပေါ် သားအရင်းတစ်ယောက်လို ဆက်ဆံခဲ့သော်လည်း တုပိုင်က ပုန်ကန်ခဲ့ပြီး သူ၏ ဖခင်ကို သေစေရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ ဤနည်းအားဖြင့် တုပိုင်က တိရစ္ဆာန်ထက်ပင် ယုတ်မာအောက်တန်းကျနေသည် မဟုတ်ပါလား။

ဧကရာဇ်ယုံတယ်သည် လီဝမ်ဟွေ့အား သစ္စာရှိသော အမတ်တစ်ဦးမှန်း သိရှိထားသော်လည်း သူ သေဆုံးမည်ကို ထိုင်ကြည့်နေခဲ့သည်။ ဤသည်က မင်းကောင်းမက်းမြတ်တစ်ပါး၏ စရိုက်မဟုတ်ချေ။

ချက်ချင်းဆိုသလိုပင် လီဝမ်ဟွေ့က သူ့တွင် မေးနှစ်ထပ် ရှိပြီး သူ၏ ဖခင်တွင်လည်း မေးနှစ်ထပ် ရှိခဲ့ကြောင်းကို ရုတ်တရက် သတိရသွားခဲ့လေသည်။

သူ တွေ့ဆုံဖူးသော လူများကို စတင် ပြန်လည်စဉ်းစားကြည့်လိုက်လေသည်။ မေးနှစ်ထပ် ရှိသူတိုင်းအတွက် သူတို့၏ မိဘနှစ်ပါးထဲမှ တစ်ပါးပါးတွင် သေချာပေါက် မေးနှစ်ထပ် ရှိနေခဲ့ကြ၏။

ယခင်က ဤကဲ့သို့သော ကိစ္စမျိုးကို မည်သူကများ ဂရုစိုက်မိခဲ့မည်နည်း။ နင်ဇောင်ဝူ ပြောသည်က မှန်ကန်လှပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဧကရာဇ်အပေါ် အလွန်အမင်း သစ္စာရှိခဲ့သောကြောင့် ဧကရာဇ်နှင့် ပတ်သက်လာပါက အချို့သော ကိစ္စများကိုပင် စဉ်းစားဝံ့မည် မဟုတ်ပေ။ အကယ်၍များ စဉ်းစားမိလိုက်လျှင်ပင် ဧကရာဇ်၏ အာဏာစက်ကို စော်ကားလိုက်သလို ဖြစ်သွားမည်ဟု ခံစားနေရသောကြောင့် ဖြစ်လေ၏။

သူသည် တော်ဝင်အာဏာစက်၏ အကျဉ်းသားတစ်ယောက်နှင့် တူညီနေခဲ့ပြီး အပြင်ဘက်တွင် ရှိနေစဉ်က အလွန် ဉာဏ်ပညာ ကြီးမားခဲ့လေသည်။ သို့သော် တော်ဝင်အာဏာစက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ဉာဏ်ရည်နိမ့်သွားရသည်။ ဇာတ်လိုက်များအနားသို့ ရောက်သွားလျှင် ဉာဏ်ရည်က တစ်ဝက်လောက် နိမ့်သွားသည့် မြို့ပြဇာတ်လမ်းများနှင့် ခပ်ဆင်ဆင်ပင်။

ယခုတော့ မင်းသမီးနင်းရွှဲ့က သူ၏ ရှုပ်ထွေးမှုများကို တိုက်ရိုက် ထိုးဖောက်လိုက်ပြီး အမှန်တရားကို တိုက်ရိုက် ရင်ဆိုင်နိုင်စေရန် ခွင့်ပြုပေးလိုက်လေသည်။

"အားးး အားးး"

လီဝမ်ဟွေ့က နာကျင်စွာ အော်ဟစ်လိုက်ပြီး မျက်ရည်များ လိမ့်ဆင်းလာလေတော့သည်။ သူ အလွန် ဒေါသထွက်နေခဲ့သလို ၊ အလွန် နာကျင်နေခဲ့ပြီး အလွန်အမင်းလည်း အပြစ်ရှိသလို ခံစားနေရလေသည်။ လောကကြီးတွင် ဤမျှလောက် ယုတ်မာသော လူတစ်ယောက် ရှိနေသေးသည်လော။ ထို့အပြင် ဤမျှလောက် အရှက်မရှိသော လူတစ်ယောက် ရှိနေသေးသည်လော။

ထို့အပြင် ဤကဲ့သို့ယုတ်မာတဲ့ မျိုးစေ့အတွက် ၊ ဤကဲ့သို့ မိခင်အရင်းကို သတ်တဲ့သူအတွက် လီဝမ်ဟွေ့က သူ အချစ်ရဆုံးသော သားဖြစ်သူကို ကျောခိုင်းခဲ့မိလေသည်။

အကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ မူလက သူ၏ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုသည် အဆုံးသတ်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်းပင်။

သို့သော်လည်း သူ၏ ကိုယ်ပိုင် သေဆုံးမှုကပင် ရုပ်သေးဧကရာဇ်ယုံတယ်အတွက် သူ၏သား တုပိုင်အား တိုက်ခိုက်ရန် သေစေနိုင်သော လက်နက်တစ်ခု ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

နည်းနည်းလေးသာ လွဲချော်သွားခဲ့ပါက တုပိုင်မှာ ပျက်စီးခြင်း တွင်းနက်ထဲသို့ တွန်းပို့ခံလိုက်ရမည်ဖြစ်ပြီး သေလုနီးပါးပင် ဖြစ်သွားရပေလိမ့်မည်။

ထို့အပြင် လီဝမ်ဟွေ့ သူကိုယ်တိုင်လည်း အပေါင်းအပါများထဲမှ တစ်ဦး ဖြစ်သွားလုနီးပါးပင်။

"အား... တုပိုင်... ငါ့သား။ မင်းကို တွေ့ဖို့ အဖေ့မှာ ဘာမျက်နှာ ရှိတော့လို့လဲ"

"ငါက တုံးအပြီး မိုက်မဲလွန်းတယ် ၊ ငါ သေသင့်တယ်"

လီဝမ်ဟွေ့က ရင်ကွဲမတတ် ကျယ်လောင်စွာ ငိုကြွေးလိုက်မိလေတော့သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၇ + ၇၃၈ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters