← Chapters

အခန်း (၇၃၉-၇၄၀)

Vol. 74 Ch. 739-740

အခန်း (၇၃၉-၇၄၀)

Vol. 74 Ch. 739-740

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၉ + ၇၄၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လီဝမ်ဟွေ့သည် နက်ရှိုင်းစွာ နောင်တရနေခဲ့ပြီး အပြစ်ရှိသလို ခံစားနေရကာ မျှော်လင့်ချက် ကင်းမဲ့နေလေ၏။

မင်းသမီးနင်းရွှဲ့က အရေးတကြီး ပြောလိုက်သည်။ “ဖွားဖက်တော်လီ... ကျွန်မတို့ အခုချက်ချင်း ထွက်သွားရမယ်။ ဖန်းမိသားစုရဲ့ စစ်တပ်က မြို့တော်တစ်ခုလုံးကို မကြာခင်မှာ လုံးဝ ပိတ်ဆို့ထားတော့မယ်။ ပြီးတော့ ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်တွေလည်း အလုံးအရင်းနဲ့ ဝင်လာကြလိမ့်မယ်။ အကယ်လို့ ရှင် အခုမထွက်သွားရင် နောက်ဆို ထွက်သွားနိုင်တော့မှာ မဟုတ်ဘူး”

လီဝမ်ဟွေ့ တဖြည်းဖြည်း တည်ငြိမ်လာသည်။ ထို့နောက် သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ မျက်လုံးများက ပို၍ပို၍ ပြတ်သားလာလေ၏။

စက္ကန့်သုံးဆယ်ခန့် အကြာတွင်တော့ သူက မင်းသမီးနင်းရွှဲ့ကို ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။ “ကျုပ် မထွက်သွားတော့ဘူး ၊ ကျုပ် ဒီမှာပဲ နေခဲ့ချင်တယ်”

မင်းသမီးနင်းရွှဲ့မှာ အံ့အားသင့်သွားခဲ့ရလေသည်။

လီဝမ်ဟွေ့က ခိုင်မာစွာ ဆက်ပြော၏။ “ကျုပ် မြို့တော်ထဲမှာပဲ နေပြီး ပုန်းအောင်းနေချင်တယ်”

သူ ဆုံးဖြတ်ချက် ချမှတ်လိုက်ပြီ ဖြစ်၏။ သူသည် အမှားတစ်ခုကို ကျူးလွန်ခဲ့မိပြီဖြစ်ရာ ဤအတိုင်းတော့ လုံးဝ ပြန်မသွားနိုင်ပေ။ သူ ပြန်လည် ပေးဆပ်ချင်နေခဲ့လေသည်။

မင်းသမီးနင်းရွှဲ့က စိုးရိမ်တကြီး ပြောလိုက်လေသည်။ “ဖွားဖက်တော်လီ... အခု ဧကရာဇ်ယုံတယ်က လုံးဝ ပျက်စီးသွားပြီ။ နောက်ဆိုရင် သူက မြို့တော်တစ်ခုလုံးကို အပြင်းအထန် ဖိနှိပ်အုပ်ချုပ်တော့မှာ။ ရှင် မြို့တော်ထဲမှာ ဆက်နေဖို့ဆိုတာ အလွန် အန္တရာယ်များလွန်းတယ်”

လီဝမ်ဟွေ့က တည်ကြည်စွာ ပြန်ပြောလိုက်လေ၏။ “ကျုပ် လုပ်ခဲ့တဲ့ အမှားတွေအတွက် တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်။ ကျုပ်က အရှေ့ဘက်ကွပ်ကဲရေးရုံးက ယုံကြည်ရတဲ့သူတွေကို ဦးဆောင်ပြီး မြို့တော်ထဲမှာ ပုန်းအောင်းနေမယ်။ အရေးကြီးတဲ့ အချိန်ကျရင် ရန်သူကို သတ်ဖြတ်နိုင်သလို မင်းသမီးဆီကိုလည်း အရေးကြီးတဲ့ သတင်းအချက်အလက်တွေ ပေးပို့နိုင်လိမ့်မယ်။ အကယ်လို့ ကျုပ်တို့ကို အခွင့်အရေးတစ်ခုလောက် ပေးမယ်ဆိုရင်...”

မင်းသမီးနင်းရွှဲ့သည် အချိန်ဆွဲတတ်သူ တစ်ယောက် လုံးဝ မဟုတ်ပေ။ သူမက လီဝမ်ဟွေ့ကို ကြည့်ကာ မေးလိုက်လေ၏။ “ဖွားဖက်တော်လီ... ရှင် တကယ်ပဲ ဆုံးဖြတ်လိုက်ပြီလား”

လီဝမ်ဟွေ့က ပြန်ဖြေလိုက်လေသည်။ “ဟုတ်တယ်... ကျုပ် ဆုံးဖြတ်လိုက်ပြီ”

ထိုအချိန်တွင် လီဝမ်ဝမ်က အပြေးအလွှား ဝင်ရောက်လာပြီး အလောတကြီး ပြောလိုက်လေသည်။ “မြန်မြန် ထွက်သွားကြစို့... ဖန်းမိသားစုရဲ့ စစ်တပ်က မြို့တော်ကို စတင် ပိတ်ဆို့နေပြီ ၊ ပြီးတော့ ပေမင်ဓားဂိုဏ်းက မဟာဆရာသခင်တွေလည်း ကျွန်မတို့ကို စတင် လိုက်လံရှာဖွေနေကြပြီ”

ထို့နောက် ချက်ချင်းပင် သူမက လီဝမ်ဟွေ့ထံသို့ သေတ္တာတစ်လုံး ကမ်းပေးလိုက်လေသည်။

“ဒီထဲမှာ သားရဲအရေခွံနဲ့ လုပ်ထားတဲ့ မျက်နှာဖုံးတစ်ခု ရှိတယ်” လီဝမ်ဝမ်က လေးနက်စွာ ဆက်ပြောလိုက်၏။ “ကျွန်မတို့ဆီမှာ စုစုပေါင်း နှစ်ခုရှိတယ်။ တစ်ခုကိုတော့ အသုံးပြုပြီးသွားပြီ။ ဒါက နောက်ဆုံးကျန်တဲ့ တစ်ခုပဲ။ ဒါက ရှင့်ကို တခြားလူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပြီး ပိုမို လုံခြုံစွာနဲ့ ပုန်းအောင်းနေနိုင်အောင် ကူညီပေးလိမ့်မယ်”

မင်းသမီးနင်းရွှဲ့က အလောတကြီး ပြောလိုက်လေသည်။ “ဖွားဖက်တော်လီ... မြန်မြန်လုပ်ပြီး အခုချက်ချင်း ပုန်းရှောင်နေတော့။ ဧကရာဇ်နဲ့ ဖန်းမိသားစုက မဟာဆရာသခင်တွေက ရှင့်ကို သတ်ဖို့ မကြာခင်မှာ လူလွှတ်လိမ့်မယ်”

လီဝမ်ဟွေ့က ဦးညွှတ်လိုက်ပြီး လေးစားစွာ လျှောက်တင်လိုက်လေ၏။ “မင်းသမီး... ဂရုစိုက်ပါဗျာ။ အနောက်တောင်ပိုင်းကို ပြန်ရောက်သွားတဲ့အခါ တုပိုင်ကို ပြောပြပေးပါ။ အဖေတစ်ယောက်အနေနဲ့ ကျွန်တော်မျိုး သူ့ကို စိတ်ပျက်အောင် လုပ်မှာမဟုတ်ဘူးလို့”

လီဝမ်ဝမ်က တည်ကြည်စွာ ပြောလိုက်သည်။ “မွေးစားအဖေ... မယ်တော်ကြီးက မကွယ်လွန်ခင်မှာ ရုပ်သေးဧကရာဇ်ယုံတယ်ကို နန်းချခဲ့ပြီး ခင်ပွန်းသည်တုပိုင် ၊ ကျန်းနန်နယ်စားမင်း ဆုန်ချွဲ ၊ ကူရွှင်ချန်နဲ့ မွေးစားအဖေတို့ကို မှာတမ်းခံ အမတ်ကြီးလေးပါးအဖြစ် ခန့်အပ်ခဲ့တယ်”

လီဝမ်ဟွေ့မှာ အံ့အားသင့်သွားခဲ့ပြီးနောက် ဒူးထောက်ကာ ရိုသေစွာ လျှောက်တင်လိုက်လေ၏။ “ကျွန်တော်မျိုး မယ်တော်ကြီးရဲ့ ကျေးဇူးတော်ကို ဝပ်တွားခယ ရှိခိုးပါတယ်”

ထို့နောက် သူက မင်းသမီးနင်းရွှဲ့ကို ပြတ်သားစွာ ပြောလိုက်သည်။ “ပြီးခဲ့တဲ့အကြိမ်တုန်းက ကျုပ် သားအပေါ် မယုံကြည်နိုင်ခဲ့ဘူး။ ဒီတစ်ကြိမ်မှာတော့ သူ့ကို ခြွင်းချက်မရှိ ယုံကြည်လိုက်ပြီ။ မင်းသမီးအနေနဲ့ သားတော်တုပိုင်ကို ပြောပြပေးပါ။ သူ ဘယ်သူ့ကိုပဲ ဧကရာဇ်အဖြစ် တင်မြှောက်ပါစေ ကျုပ်က သစ္စာခံပါ့မယ်လို့”

“ကောင်းပါပြီ” မင်းသမီးနင်းရွှဲ့က ဂရုတစိုက် ပြောလိုက်လေ၏။ “ဖွားဖက်တော်လီ... ဂရုစိုက်ပါ”

ထို့နောက် သူမသည် ဝတ်ရုံကို ခြုံကာ မဟာဆရာသခင် သုံးယောက်ဖြစ်ကြသော လီဝမ်ဝမ် ၊ နင်ဇောင်ဝူနှင့် လီတောက်ယွဲ့တို့၏ အစောင့်အရှောက်ဖြင့် ထွက်ခွာသွားလေတော့၏။

ဖန်းမိသားစုမှ မဟာဆရာသခင်များနှင့် ဖန်းအုပ်စု၏ စစ်တပ်များက မြို့တော်ကို လုံးဝ မပိတ်ဆို့မီမှာပင် သူတို့က မြို့တော်မှ ထွက်ခွာကာ အနောက်တောင်ပိုင်းသို့ ထွက်သွားနိုင်လိုက်ကြသည်။

ဧကရာဇ်ယုံတယ်သည် တော်ဝင်ဂူဗိမာန်၌ ရက်စက်စွာ သတ်ဖြတ်မှုများ ပြုလုပ်ပြီးနောက် ဖန်းအုပ်စု၏ စစ်တပ်နှင့်အတူ ယခင် နယ်စားမင်းများဖြစ်ကြသော ယွမ်ထိန်နှင့် လန်အောက်တို့၏ စစ်တပ်များကပါ မြို့တော်အတွင်းသို့ အဆက်မပြတ် ဝင်ရောက်လာကြလေသည်။

ပေမင်ဓားဂိုဏ်းမှ ရာနှင့်ချီသော ဆရာသခင်များသည် ရုပ်သေးဧကရာဇ်ယုံတယ်၏ လုံခြုံရေးကို ကာကွယ်ပေးရန်အတွက် နန်းတော်အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာကြလေ၏။

တော်ဝင်ဂူဗိမာန်အတွင်း၌ ဧကရာဇ်ယုံတယ်သည် သတ်ဖြတ်ရန် အမိန့်ချမှတ်ခဲ့ပြီး ရာပေါင်းများစွာသော အမတ်များနှင့် ထောင်ပေါင်းများစွာသော ပြည်သူများအားလုံးကို သတ်ဖြတ်ပစ်ခဲ့လေသည်။

သူတို့၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ကျန်ရှိနေသော ထောင်ပေါင်းများစွာသော အမတ်များနှင့် သူကောင်းမျိုးများမှာ ရုပ်သေးဧကရာဇ်ယုံတယ်၏ အလိုကျ လိုက်နာရုံမှလွဲ၍ မတတ်နိုင်ခဲ့ကြပေ။

လက်ရှိအချိန်၌ပင် ဧကရာဇ်ယုံတယ်မှာ ထင်ယောင်ထင်မှား ဖြစ်နေဆဲပင်။ ဤနည်းအားဖြင့် သူ၏ မိခင်အရင်းကို သတ်ဖြတ်ခဲ့သော ယုတ်မာလှသည့် လုပ်ရပ်ကို ဖုံးကွယ်ထားနိုင်မည် ဖြစ်ပြီး သူသည် နင်တောက်ရွှမ်၏ သားဖြစ်ကြောင်းနှင့် သူ၏ နောက်ခံဇာတ်ကြောင်းကို ဖော်ထုတ်ခံရမည် မဟုတ်ဟု ထင်မှတ်နေခဲ့လေ၏။

တကယ်တမ်းတွင်တော့ သူ တွေးနေသည်က လွန်ကဲလွန်းနေခဲ့သည်။ ဤကဲ့သို့သော ကိစ္စမျိုး ပေါက်ကြားသွားသည်နှင့် တစ်ပြိုင်နက် ၊ လူထောင်ပေါင်းများစွာ သိရှိသွားသည်နှင့် တစ်ပြိုင်နက် ယင်းကို လျှို့ဝှက်ချက်အဖြစ် ထားရှိလိုခြင်းမှာ စက္ကူဖြင့် မီးကို ထုပ်ပိုးထားချင်သကဲ့သို့ပင် ဖြစ်လေသည်။ လုံးဝကို ရူးမိုက်လွန်းလှပေ၏။

နေ့တစ်ဝက်ခန့် အကြာတွင်ပင် ဧကရာဇ်ယုံတယ်၏ ဘဝနောက်ခံ ဇာတ်ကြောင်းနှင့် သူ၏ မိခင်အရင်းကို သတ်ဖြတ်ခဲ့သော ရာဇဝတ်မှုကြီးမှာ စတင် ပျံ့နှံ့သွားခဲ့လေတော့၏

အစပိုင်းတွင်တော့ လူအများစုက ယင်းကို မယုံကြည်ခဲ့ကြဘဲ ဤသည်မှာ တုပိုင်၏ ကောလာဟလ ကြံစည်မှုတစ်ခုဟုသာ ထင်မှတ်နေခဲ့ကြ၏။ သို့သော်လည်း ဤကိစ္စမှာ ပို၍ပို၍ ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့လေသည်။

ထို့အပြင် ဧကရာဇ်ယုံတယ်သည် တော်ဝင်ဂူဗိမာန်၌ ထောင်ပေါင်းများစွာသော ပြည်သူများကိုပါ သတ်ဖြတ်ခဲ့သေးသည် မဟုတ်ပါလား။ ပြည်သူ ထောင်ပေါင်းများစွာသည် အိမ်သို့ ပြန်မရောက်လာခဲ့ကြပေ။ သူတို့၏ မိသားစုဝင်များက အရူးများ မဟုတ်ကြချေ။

ဧကရာဇ်ယုံတယ်က ထိုကိစ္စကို တုပိုင်၏ လက်ချက်အဖြစ် ပုံချခဲ့သည်။ တုပိုင်က ဈာပနအခမ်းအနားကို တိုက်ခိုက်ကာ ရာပေါင်းများစွာသော အမတ်များနှင့် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခဲ့၏။

ဤပြည်သူများသည် ရိုးရှင်းပြီး သွေးထိုးလှုံ့ဆော်မှုများကို အလွယ်တကူ ယုံကြည်တတ်ကြလေသည်။

သို့သော်လည်း ထိုမျှလောက်တော့ မတုံးအကြပေ။

အရေးအကြီးဆုံးအချက်မှာ ထောင်ပေါင်းများစွာသော အမတ်များနှင့် သူကောင်းမျိုးများသည် အပေါ်ယံတွင်တော့ အလျှော့ပေးခဲ့ကြပြီး ဒူးထောက်ကာ ရုပ်သေးဧကရာဇ်ယုံတယ်၏ နောက်သို့ လိုက်၍ သမင်ကိုမြင်လျက် မြင်းဟုပြောကာ မယ်တော်ကြီးအား တုပိုင် လွှတ်လိုက်သော စုန်းမဟု စွပ်စွဲပြောဆိုခဲ့ကြသော်လည်း သူတို့၏ ရင်ထဲတွင်တော့ ဧကရာဇ်ယုံတယ်အား အလွန်အမင်း မုန်းတီးနာကြည်းနေခဲ့ကြပြီး မြို့တော်သို့ ပြန်ရောက်ပြီးနောက် စောင့်ကြည့်ခံနေရသည့်တိုင်အောင် အမှန်တရားကို ပေးပို့နိုင်ရန်အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့ကြလေတော့၏။

ဖန်းအုပ်စုက သုတ်သင်ရှင်းလင်းပြီးနောက် ဤလူများသည် နန်းတွင်းအစိုးရအဖွဲ့၏ ဗဟိုချက်သို့ မဝင်ရောက်မီကပင် ပထမဧကရာဇ်၏ မြှောက်စားခြင်းကို ခံခဲ့ရသူများ ဖြစ်ကြ၏။ သူတို့သည် ပထမဧကရာဇ်အပေါ် အလွန် ကျေးဇူးတင်ရှိကြလေသည်။ ထို့ကြောင့် သေချာပေါက် တိရစ္ဆာန်ယုံတယ်က ဧကရာဇ်၏ ထီးနန်းကို ဆက်လက် လုယူထားသည်ကို မမြင်ချင်ကြပေ။

ထို့အပြင် မြို့တော်အတွင်းသို့ သူစိမ်းတပ်ဖွဲ့များ ဝင်ရောက်လာကြပြီး မြို့တော်တစ်ခုလုံးကို စတင် ပိတ်ဆို့လာကြသည်။

ဤတပ်ဖွဲ့များအားလုံးသည် သူတို့၏ ဝတ်စုံများနှင့် အလံများကို ပြောင်းလဲထားခဲ့ကြပြီး အပေါ်ယံကြည့်လျှင်တော့ သူတို့အားလုံးမှာ ကျီလျောင်နယ်စပ်မြို့မှ စစ်တပ်များ ဖြစ်ပုံရလေ၏။ သို့သော်လည်း သူတို့၏ စိတ်ဓာတ်နှင့် အရှိန်အဝါမှာ လုံးဝ ကွဲပြားနေခဲ့ပြီး ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာများကလည်း မတူညီကြပေ။

ကျီလျောင်နယ်စပ်မြို့မှ စစ်တပ်က မည်သို့လုပ်၍ ဤမျှလောက် လက်ရွေးစင်တပ် ဖြစ်နေနိုင်မည်နည်း။ အရှေ့လောကကြီးတွင် ဤကဲ့သို့သော လက်ရွေးစင်စစ်တပ်ဆို၍ နှစ်ခုသာ ရှိလေသည်။ ယင်းတို့မှာ ဖန်းအုပ်စု၏ စစ်တပ်နှင့် တုပိုင်၏ စစ်တပ်ပင် ဖြစ်၏။

ဤစစ်တပ်သည် ပုန်ကန်မှုကို ကာကွယ်ရန် ရောက်ရှိလာသော စစ်တပ် လုံးဝ မဟုတ်ဘဲ နယ်စပ်မှ စစ်တပ်တစ်ခုသာ ဖြစ်နိုင်လေသည်။ ဖန်းမိသားစုဆိုသည်မှာ ပထမဧကရာဇ်၏ သေတစ်ပန် သက်တစ်ဆုံး ရန်သူတော်ကြီး ဖြစ်လေ၏။

ယခုတော့ ဖန်းမိသားစု၏ စစ်တပ်က မြို့တော်အတွင်းသို့ အမှန်တကယ်ပင် ဝင်ရောက်လာကြလေသည်။ ဧကရာဇ်ယုံတယ်နှင့် ဖန်းရှဲ့တို့ ပူးပေါင်းကြံစည်နေကြခြင်းပင်။

အချက်အလက်များက စကားလုံးများထက် ပို၍ ကျယ်လောင်စွာ သက်သေပြနေခဲ့ပြီ ဖြစ်၏။ မြို့တော်တစ်ခုလုံးရှိ ပြည်သူများမှာ လုံးဝ တုန်လှုပ်သွားခဲ့ကြလေတော့သည်။

“အားးးးး အားးးးး” နန်းတော်အတွင်း၌ ဧကရာဇ်ယုံတယ်သည် အလွန် ဒေါသထွက်နေလေပြီး ပစ္စည်းများကို စတင် ရိုက်ခွဲနေလေ၏။ ယခုတော့ သူသည် နောက်ဆုံး၌ မိမိကိုယ်ကိုယ် လွှတ်ပေးလိုက်နိုင်ပြီဖြစ်ပြီး ဟန်ဆောင်နေရန် မလိုအပ်တော့ပေ။

မင်းသမီးနင်းရွှဲ့က မြို့တော်မှ လွတ်မြောက်သွားခဲ့ပြီ ဖြစ်၏။ လီဝမ်ဟွေ့လည်း ပျောက်ဆုံးသွားခဲ့သလို အရှေ့ဘက်ကွပ်ကဲရေးရုံးမှ အဖွဲ့ဝင် ရာပေါင်းများစွာလည်း ပျောက်ဆုံးသွားခဲ့လေသည်။ မြို့တော်တစ်ခုလုံးတွင် သူသည် နင်တောက်ရွှမ်၏ ယုတ်မာသော မျိုးစေ့ဖြစ်ကြောင်းနှင့် သူ၏ မိခင်အရင်းကို သတ်ဖြတ်ခဲ့သော ရာဇဝတ်မှုကြီးအကြောင်း အမှန်တရားများက ပျံ့နှံ့နေလေ၏။

သေချာသည်မှာ လူများစွာက သူ့အပေါ် ထင်ယောင်ထင်မှား ဖြစ်နေကြဆဲဖြစ်ပြီး သူ မိခင်အရင်းကို သတ်ဖြတ်ခဲ့သည်ဟူသော ပြစ်မှုကြီးကို ကျူးလွန်ခဲ့ကြောင်း မယုံကြည်နိုင်ကြသောကြောင့် နန်းတော်သို့ တစ်ယောက်ပြီးတစ်ယောက် လာရောက်ကြသည်။

ဧကရာဇ်ယုံတယ်က သူ၏ နတ်ဘုရားအဆင့် သရုပ်ဆောင်စွမ်းရည်ကို ထပ်မံပြသလိုက်ပြီး ခါးသီးစွာ ငိုကြွေးကာ ဤသည်မှာ တုပိုင်၏ ကြံစည်မှုဖြစ်ကြောင်း ရှင်းပြလိုက်လေ၏။ မြို့တော်ကို ပိတ်ဆို့ထားရခြင်း၏ အကြောင်းရင်းမှာ တုပိုင်၏ မျိုးဗီဇပြောင်း မိစ္ဆာဝံပုလွေစစ်တပ်က ဈာပနအခမ်းအနားကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး ထောင်ပေါင်းများစွာသော အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်သွားခဲ့သောကြောင့် ဖြစ်ကြောင်း ပြောဆိုလိုက်လေသည်။

နောက်ဆုံးတွင် ဧကရာဇ်ယုံတယ်က ဟန်ဆောင်ပန်ဆောင် အော်ဟစ်လိုက်သေးသည်။ “တုပိုင်... မင်း စွမ်းဆောင်နိုင်ရင် ငါ့ဆီကိုလာခဲ့။ ငါ့ပြည်သူတွေဆီကို မသွားနဲ့။ မင်း ငါ့ကို သတ်ချင် သတ်လို့ရတယ် ၊ ဒါပေမဲ့ ငါ့ပြည်သူတွေကိုတော့ မသတ်ပါနဲ့ ၊ သူတို့က အပြစ်မဲ့ပါတယ်”

နန်းတော်ကို ဝန်းရံထားကြသော ထောင်ပေါင်းများစွာသော ပြည်သူများမှာ ဧကရာဇ်ကြောင့် နောက်တစ်ကြိမ် မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားသွားခဲ့ကြရလေသည်။

သို့သော်လည်း လူအုပ်ထဲမှ လူတစ်ယောက်က သံသယပြင်းပြစွာ အော်ဟစ်မေးခွန်းထုတ်လိုက်လေ၏။ “အရှင်မင်းမြတ်... ဖန်းမိသားစုက အင်ပါယာရဲ့ ရန်သူ မဟုတ်ဘူးလား။ ဒါဆို ဘာလို့ ဖန်းမိသားစုရဲ့ တပ်ဖွဲ့တွေက မြို့တော်ထဲကို အလုံးအရင်းနဲ့ ဝင်လာကြတာလဲ”

ဧကရာဇ်က မကြားဟန်ဆောင်ကာ တမင်တကာ လျစ်လျူရှုထားလိုက်လေသည်။

လူအုပ်ထဲမှ နောက်တစ်ယောက်က ရဲဝံ့စွာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ “သူတို့က အလံကို ပြောင်းထားပေမဲ့လည်း ကျီလျောင်နယ်စပ်မြို့က စစ်သားတွေ မဟုတ်ဘူးဆိုတာကို ကျွန်တော် တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်။ ကျွန်တော်က တစ်ချိန်တုန်းက တာ့နင်အင်ပါယာရဲ့ တပ်မှူးငယ်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။”

“မနှစ်က မြို့တော်က ဆန်ကျီကို ကာကွယ်ရင်း မီးလောင်ခံရလို့ ခြေလက်တွေ ပြတ်သွားခဲ့တာ။ ဒါကြောင့် မြို့ထဲကို ဝင်လာတဲ့ ဒီစစ်တပ်က တစ်ချိန်တုန်းက မြို့တော်ကနေ ထွက်ခွာသွားခဲ့တဲ့ ဖန်းမိသားစုရဲ့ လက်ရွေးစင်စစ်တပ်ဆိုတာကို တစ်ချက်ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ သူတို့ထဲက အများစုရဲ့ မျက်နှာတွေကို ကျွန်တော် မှတ်မိနေသလို သူတို့ရဲ့ သံချပ်ကာတွေကိုလည်း မှတ်မိတယ်”

ဧကရာဇ်က စိတ်တိုတိုဖြင့် ပြောလိုက်လေ၏။ “မင်း မှားနေပြီ ၊ သူတို့က ကျီလျောင်နယ်စပ်မြို့က စစ်တပ်တွေပဲ”

ချက်ချင်းဆိုသလိုပင် ဧကရာဇ်၏ ဘေးနားရှိ မိန်းမစိုးတစ်ဦးက အလျင်စလို ဝင်ပြောလိုက်လေသည်။ “ဒီလူကို ကျွန်တော်မျိုး မှတ်မိတယ်။ ဒီလူက တုပိုင် ချထားတဲ့ သစ္စာဖောက်တစ်ယောက်ဖြစ်ပြီး ကောလာဟလတွေကို တမင်တကာ ဖြန့်ဖြူးနေတာပါ”

ထိုအချိန်တွင် အမျိုးသားတစ်ဦးက နောင်တတရားများစွာဖြင့် ရုတ်တရက် ကျယ်လောင်စွာ ဟစ်အော်လိုက်လေ၏။ “ဧကရာဇ်ယုံတယ်... ငါက တာ့နင်အင်ပါယာရဲ့ အမတ်တစ်ယောက်ပဲ။ ဈာပနအခမ်းအနားတုန်းက ငါ သေရမှာကြောက်လို့ ဒူးထောက်ပြီး မင်းနဲ့ ပူးပေါင်းခဲ့တယ်။ သမင်ကိုမြင်လျက် မြင်းပါလို့ လိမ်ပြောခဲ့တယ်။”

“အိမ်ပြန်ရောက်တဲ့အခါကျတော့ နေ့တိုင်း ညဘက် အိပ်မပျော်တော့ဘူး။ နေ့တိုင်း သွေးသံရဲရဲနဲ့ ငါ့ဆရာက ငါ့ကို လူရာမဝင်တဲ့ကောင် ၊ လူညံ့ကောင်လို့ လက်ညိုးထိုးနေတာကို မြင်ယောင်နေမိတယ်။ သူခိုးကို ဘုရင်အဖြစ် အသိအမှတ်ပြုခဲ့မိတဲ့ ငါ့ရဲ့လုပ်ရပ်ကြောင့် ငါ့မိဘတွေလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီ။ ဒါကြောင့် ဒီနေ့ ငါ ထွက်လာပြီး အမှန်တရားကို ပြောပြမယ်”

ထိုသူသည် စတုတ္ထအဆင့် အမတ်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမှန်တကယ်ပင် နန်းတွင်းမှ အမတ်တစ်ဦး ဖြစ်လေ၏။

“မြို့တော်က ပြည်သူအပေါင်းတို့... ဒီအတုအယောင်ဧကရာဇ် လိမ်တာကို မခံကြပါနဲ့။ အဲဒီနေ့ ဈာပနအခမ်းအနားမှာ ငါ ကိုယ်တိုင် ရှိနေခဲ့တာပါ။ မယ်တော်ကြီးက ရုပ်သေးဧကရာဇ်ယုံတယ်ရဲ့ ဘဝနောက်ခံ ဇာတ်ကြောင်းကို ကိုယ်တိုင် ဖော်ထုတ်ခဲ့တာ။ သူက ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ်ရဲ့ ယုတ်မာတဲ့ မျိုးစေ့ပဲ ၊ ပထမဧကရာဇ်ရဲ့ သွေးသားအရင်း မဟုတ်ဘူး။ သူက မိခင်အရင်းကို သတ်တဲ့ ပြစ်မှုကြီးကို ကျူးလွန်ခဲ့ပြီး မယ်တော်ကြီးက သူ့ကို လူပုံအလယ်မှာ နန်းချခဲ့တာ” အမတ်ကြီးက ခံပြင်းစွာ အော်ဟစ်လိုက်လေ၏။

ဧကရာဇ်ယုံတယ်၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့လေ၏။

သူ၏ ဘေးနားရှိ အရှေ့ဘက်ကွပ်ကဲရေးရုံး၏ ညွှန်ကြားရေးမှူးချုပ် ဖုန်းပေါင်ပေါင်က အေးစက်ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ “အမတ်မင်းလင်း... ခင်ဗျားက တုပိုင်နဲ့ ပူးပေါင်းကြံစည်နေတာပဲ ၊ ပြီးတော့ တုပိုင်ရဲ့ လာဘ်ထိုးတာကိုလည်း ခံထားရတယ်။ ကျုပ် မသိဘူးလို့ ထင်နေတာလား။ ကျုပ်တို့ရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ သက်သေအထောက်အထားတွေ အစောကြီးကတည်းက ရှိပြီးသားပါ။ သူ့ကို ဖမ်းကြစမ်း”

“ဟားဟားဟားဟား...” အမတ်ကြီးက ခါးသီးစွာ ရယ်မောလိုက်လေသည်။ “ငါ့ဆရာက ရုပ်သေးဧကရာဇ်ရဲ့ သတ်ဖြတ်တာကို ခံလိုက်ရတယ်။ ငါ့မိဘတွေကလည်း ငါ့ရဲ့ သတ္တိကြောင်မှုနဲ့ ရုပ်သေးဧကရာဇ်နဲ့ ပူးပေါင်းခဲ့မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြတယ်။ ရုပ်သေးဧကရာဇ်ကို ဖော်ထုတ်ဖို့ ငါ ထွက်လာကတည်းက အသက်ရှင်ဖို့ လုံးဝ ရည်ရွယ်မထားခဲ့ဘူး”

“ရုပ်သေးဧကရာဇ်ယုံတယ်... မင်း သေရမယ့်နေ့ ရောက်လာတော့မယ်”

နာကြည်းစွာ ဟိန်းဟောက်လိုက်ပြီးနောက် အမတ်ကြီးသည် ကိုယ့်ကိုယ်ကိုယ် တိုက်ရိုက် သတ်သေသွားခဲ့လေတော့သည်။ ရုတ်တရက်ဆိုသလို နန်းတော်အပြင်ဘက်ရှိ မရေမတွက်နိုင်သော လူများ၏ မျက်နှာများမှာ လုံးဝ ပြောင်းလဲသွားကြလေ၏။

ထို့နောက် သူတို့က အုပ်စုလိုက် ထွက်ခွာသွားကြသည်။

ဤနေ့မှစ၍ ပြည်သူလူထု၏ အမြင်များမှာ လုံးဝ ထိန်းချုပ်၍မရနိုင်တော့ပေ။ ထို့အပြင် ပြည်သူလူထု၏ ထင်မြင်ယူဆချက်များမှာ လုံးဝ စိတ်ကူး၍မရနိုင်သော အမြန်နှုန်းဖြင့် တာ့နင်အင်ပါယာ တစ်ခုလုံးကို တံမြက်စည်းလှည်းသကဲ့သို့ ပျံ့နှံ့သွားခဲ့လေတော့သည်။

ထို့ကြောင့် ဧကရာဇ်ယုံတယ်က နန်းတော်အတွင်း၌ အသည်းအသန် ရိုက်နှက်ဖျက်ဆီးနေခြင်းပင် ဖြစ်လေ၏။

မိန်းမစိုးများနှင့် နန်းတွင်းအပျိုတော် အများအပြားမှာ ငုံးလေးများအလား တုန်ယင်နေကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေကြလေသည်။

ထိုအချိန်တွင် နန်းတော်အတွင်း၌ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

“ဧကရာဇ်... မင်းရဲ့ပုံစံက ငါ့ကို စိတ်ပျက်စေတယ်” ဤသည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံပင် ဖြစ်၏။

ဧကရာဇ်ယုံတယ်က ထိုစကားကို ကြားလိုက်ရသောအခါ အမျက်ချောင်းချောင်းထွက်ကာ အော်ဟစ်လိုက်လေ၏။ “ဘယ်သူလဲ ၊ ငါ့ကို ဒီလိုမျိုး စကားလာပြောရဲတာ ၊ မင်း သေချင်နေတာလား”

အမျိုးသားတစ်ဦးက ဝင်ရောက်လာခဲ့လေ၏။

သူ၏ မျက်နှာက ကျောက်စိမ်းသရဖူတစ်လုံးအလား တင့်တယ်လှပပြီး စိတ်နေသဘောထားမှာ သိမ်မွေ့နက်နဲကာ နတ်ဘုရားတစ်ပါးနှင့် တူညီလှပေသည်။

ထိုအမျိုးသားကို မြင်လိုက်ရသောအခါ ဧကရာဇ်ယုံတယ်၏ မျက်နှာမှာ ရုတ်တရက် တုန်ယင်သွားခဲ့ပြီး သူ၏ မျက်စိကိုပင် မယုံကြည်နိုင် ဖြစ်သွားရလေ၏။ အဘယ်ကြောင့်ဆိုသော် ရောက်လာသူမှာ ရုပ်သေးဧကရာဇ်ယုံတယ်၏ ဖခင်အရင်းဖြစ်သော ပေမင်ဂိုဏ်းချုပ် နင်တောက်ရွှမ် ဖြစ်နေသောကြောင့်ပင်။

ရုပ်သေးဧကရာဇ်ယုံတယ်၏ မျက်နှာက တုန်ယင်သွားခဲ့ပြီးနောက် တိုက်ရိုက် ဒူးထောက်ကာ ရိုသေစွာ လျှောက်တင်လိုက်သည်။ “သားတော်က အထက်ဧကရာဇ်ကို ဂါရဝပြုပါတယ်”

ယခုတော့ နင်တောက်ရွှမ် အံ့အားသင့်သွားရမည့် အလှည့်ပင်။ ထို့နောက် သူက သဘောကျစွာ ရယ်မောလိုက်လေ၏။ သူ၏သားသည် သူ ထင်ထားသကဲ့သို့ပင် ယုတ်မာပြီး အရှက်မရှိပေ။

“မင်း နန်းတော်ထဲမှာ ဒေါသထွက်နေလို့ ဘာအသုံးကျမှာလဲ” နင်တောက်ရွှမ်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “ပထမဧကရာဇ်ရဲ့ သွေးသား မဖြစ်နေတော့ရော ဘာဖြစ်လဲ။ ဘယ်လိုပဲဖြစ်ဖြစ် နင်မိသားစုရဲ့ သွေးသားပဲလေ။ မိခင်အရင်းကို သတ်လိုက်တော့ရော ဘာဖြစ်လဲ။ သမိုင်းမှာ ဖခင်နဲ့ မိခင်ကို သတ်ခဲ့တဲ့ ဧကရာဇ်တွေ နည်းလို့လား။ တချို့လူတွေဆိုရင် ခေတ်အဆက်ဆက် သမိုင်းဝင် ဧကရာဇ်တွေတောင် ဖြစ်လာကြသေးတာပဲ မဟုတ်လား”

“လူတစ်ယောက် ဧကရာဇ်ရာထူးပေါ် မထိုင်ခင်မှာ နာမည်ကောင်း လိုအပ်တယ်။ ဒါပေမဲ့ ဧကရာဇ်ရာထူးပေါ် ရောက်သွားပြီဆိုရင်တော့ နာမည်ကောင်း မလိုအပ်တော့ဘူး”

နင်တောက်ရွှမ်က တည်ကြည်လေးနက်စွာ ဆက်ပြောလိုက်လေ၏။ “အာဏာကို ချုပ်ကိုင်ထားနိုင်ဖို့က အဓိကပဲ။ အနိုင်ရတဲ့သူက ဘုရင်ဖြစ်ပြီး ရှုံးတဲ့သူက သူပုန်ပဲ။ မင်းက တုပိုင်ကို ချေမှုန်းနိုင်သရွေ့ ၊ တာ့နင်အင်ပါယာ တစ်ခုလုံးကို စည်းလုံးနိုင်သရွေ့ အရာအားလုံးက ပြေလည်သွားလိမ့်မယ်”

ရုပ်သေးဧကရာဇ်ယုံတယ်က နားမလည်နိုင်စွာ လျှောက်တင်လိုက်လေသည်။ “ခမည်းတော်... သားတော်က ခမည်းတော်ရဲ့ သွေးသားအရင်းဆိုတဲ့ လျှို့ဝှက်ချက်ကို တုပိုင်က ဘယ်လိုလုပ် သိနေရတာလဲ။ ဒါက မူမမှန်ဘူး မဟုတ်လား”

နင်တောက်ရွှမ်က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေ၏။ “မီးနတ်ဘုရားဂိုဏ်းက သူ့ကို ကူညီနေလို့ပဲ။ ဘာလို့လဲဆိုတော့ အရှေ့ဘက် ပြည်ထောင်စုက ကမ္ဘာသစ်မှာ အကြီးအကျယ် အောင်ပွဲခံလိုက်တာက မီးနတ်ဘုရားကမ္ဘာကို ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ခံစားရစေတယ်လေ”

ရုပ်သေးဧကရာဇ်ယုံတယ်က စိုးရိမ်တကြီး ပြောလိုက်သည်။ “မီးနတ်ဘုရားဂိုဏ်းနဲ့ တုပိုင်က ပူးပေါင်းကြံစည်နေတာလား... ဒါက တကယ့်ကို သတင်းဆိုးကြီးပဲ”

“တုပိုင်က အရမ်း မောက်မာတယ်။ သူက မီးနတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းမှာ မဟုတ်ဘူး” နင်တောက်ရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

သူ ပြောရန် နောက်ထပ် စကားတစ်ဝက် ကျန်နေသေးသည်။ သူသည် မီးနတ်ဘုရားဂိုဏ်းနှင့် ကပ်ဘေးလက်ဝါးကပ်တိုင်ဂိုဏ်းတို့အတွက် ဘေးဒုက္ခများ ဆောင်ကြဉ်းပေးမည့် ကြီးမားသော ထောင်ချောက်တစ်ခုကို ဆင်ထားခဲ့ပြီးပြီ ဖြစ်လေ၏။

ရုပ်သေးဧကရာဇ်ယုံတယ်က အခိုက်အတန့်မျှ တုံ့ဆိုင်းသွားပြီးနောက် သတိထားကာ မေးလိုက်လေသည်။ “ခမည်းတော်... နောက်ပိုင်းကျရင် သားတော်နဲ့ သခင်လေး ဖန်းချန်တို့ကြားက ဆက်ဆံရေးက ဘယ်လို ဖြစ်လာမလဲ”

နင်တောက်ရွှမ်က အားရပါးရ ရယ်မောကာ ပြန်ဖြေလိုက်လေ၏။ “တုပိုင်ကို ချေမှုန်းပြီးတဲ့နောက် အရှေ့ဘက် ပြည်ထောင်စုက အရှေ့ဘက် ပြည်ထောင်စုအင်ပါယာ ဖြစ်လာလိမ့်မယ်။ တာ့နင်အင်ပါယာကလည်း တစ်ချိန်ကလိုမျိုး ကောင်းကင်ဘုံအင်ပါယာ ဖြစ်လာပြီး အရှေ့ဘက် ပြည်ထောင်စုအင်ပါယာရဲ့ ဗဟိုအင်ပါယာ ဖြစ်လာလိမ့်မယ်။ ပြီးတော့ မင်း... တာ့နင်အင်ပါယာရဲ့ ဧကရာဇ်ကလည်း အရှေ့ဘက် ပြည်ထောင်စုရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”

ရုပ်သေးဧကရာဇ်ယုံတယ်က သိချင်စိတ်ပြင်းပြစွာ မေးလိုက်ပြန်သည်။ “သခင်လေး ဖန်းချန်ကရော ဘယ်နေရာမှာ ရှိနေမလဲ”

နင်တောက်ရွှမ်က ပြတ်ပြတ်သားသား ရှင်းပြလိုက်လေ၏။ “သူ့ရဲ့ ရည်မှန်းချက်တွေက အရမ်းကို ကြီးမားမြင့်မားတယ်။ သေးငယ်တဲ့ အရှေ့ဘက် ပြည်ထောင်စုအင်ပါယာလောက်ကို သူက သိပ်ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ ကိရိယာတစ်ခုလောက်ပဲ”

ထို့နောက် နင်တောက်ရွှမ်က အေးစက်ခက်ထန်စွာ ဆက်ပြောလိုက်သည်။ “မင်းရဲ့ မင်းကောင်းမင်းမြတ် ဇာတ်ရုပ်က ဆက်ကပြလို့ မရတော့ဘူးဆိုတော့ ပြည်သူတွေအပေါ် သိပ်ပြီး ညှာတာမနေနဲ့တော့။ မင်းရဲ့ သွေးအေးတဲ့ အုပ်ချုပ်မှုကို စတင်လိုက်တော့”

ရက်အနည်းငယ် အကြာတွင်တော့ မြို့တော်တစ်ခုလုံး၌ မုန်တိုင်းများ ထန်လာလေတော့သည်။ ဧကရာဇ်ယုံတယ်သည် မင်းကောင်းမင်းမြတ်တစ်ပါးမှ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သော အာဏာရှင်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ မြစ်တစ်စင်းအလား သွေးများ စီးဆင်းသွားသည်အထိ ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်လေ၏။

မြို့တော်အတွင်းရှိ ကိစ္စရပ်များမှာ အလွန် အရေးကြီးသော်လည်း တုပိုင်ကတော့ သွားရောက်ခြင်း မရှိပေ။

သူသည် စွမ်းအင်ယဉ်ကျေးမှုကို တိုးတတ်ရန်အတွက်ကိုသာ အလုံးစုံအာရုံစိုက်ထားလေသည်။ သူ၏ စစ်တပ်က စိချွမ်းနှင့် ဟူနန် ပြည်နယ်များကို တစ်လမပြည့်မီ အချိန်အတွင်း လုံးဝ ထိန်းချုပ်နိုင်ခဲ့လေသည်။

ထို့နောက် အိပ်မက်စနစ်၏ လမ်းညွှန်မှုဖြင့် မဟာဗျူဟာမြောက် ပစ္စည်းများဖြစ်သော အပြာရောင်ကျောက်သလင်း သတ္တုကြောများကို ရှာဖွေကြ၏။

ရှာမန် နိုင်ငံတော်ဆရာသခင်နှင့် စစ်ခုန်းယဲ့တို့၏ အပြာရောင်ကျောက်သလင်းအပေါ် စမ်းသပ်မှုများမှာ အလွန်အမင်း နက်ရှိုင်းနေခဲ့ပြီဖြစ်ပြီး အလွန် အံ့မခန်းဖွယ်ကောင်းသော အချက်အလက်တစ်ခုကို ရရှိထားခဲ့ကြလေသည်။

အပြာရောင်ကျောက်သလင်း ၁.၂ အောင်စခန့်မှ ထုတ်လွှတ်သော လျှပ်စစ်စွမ်းအင်မှာ အံ့မခန်းဖွယ်ကောင်းစွာ ဝပ်နာရီ တစ်သိန်းအထိ ရှိနေပြီး လျှပ်စစ်ဓာတ်အား တစ်ယူနစ်နှင့် ညီမျှလေသည်။ ထို့အပြင် ဤပမာဏမှာ ဆက်လက် တိုးတက်နေဆဲပင်။

ထို့အပြင် ကျောက်သလင်းကိရိယာ တစ်ခုလုံးတွင် နည်းလမ်းများစွာ ရှိနိုင်လေသည်။ ဥပမာအားဖြင့် အလွန်မြင့်မားသော ဗို့အား ထုတ်လွှတ်မှု ၊ အလွန်မြင့်မားသော လျှပ်စီးကြောင်း ထုတ်လွှတ်မှုတို့ ဖြစ်ကြ၏။

ယင်းက အစွမ်းထက်သော စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်နိုင်သလို အကြိမ်ကြိမ်လည်း ထုတ်လွှတ်နိုင်လေသည်။ ထို့အပြင် အပြာရောင်ကျောက်သလင်းကို လျှပ်စစ်စွမ်းအင်များ ထုတ်လွှတ်နိုင်စေရန် လှုံ့ဆော်ပေးနိုင်သည့်အရာမှာ ဝိညာဉ်မိစ္ဆာ၏ သွေးကျောက်သလင်းပင် ဖြစ်ရာ နည်းနည်းလေးဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်လေ၏။

ထို့အပြင် ဝိညာဉ်မိစ္ဆာ၏ သွေးကျောက်သလင်းသည် အပြာရောင်ကျောက်သလင်း၏ ဓာတ်ပြုမှုကို အရှိန်မြှင့်ပေးနိုင်သော်လည်း သူကိုယ်တိုင်တော့ လျော့ပါးသွားခြင်း မရှိပေ။ ဓာတ်ခွဲခန်းအတွင်း၌ ပထမဆုံးသော အပြာရောင်ကျောက်သလင်း လက်နက်ကိုလည်း ထုတ်လုပ်ပြီးစီးနေပြီ ဖြစ်လေသည်။

တုပိုင်က ယင်းကို အလင်းတန်း သံဓားဟူ၍ အမည်ပေးလိုက်လေ၏။ အပြာရောင်ကျောက်သလင်း ကိရိယာကို လက်ကိုင်ရိုးအတွင်း၌ ထည့်သွင်းထားရသည်။ တိုက်ပွဲစတင်ပြီးနောက် ခလုတ်ကို နှိပ်လိုက်သည်နှင့် ဝိညာဉ်မိစ္ဆာ သွေးကျောက်သလင်းအပိုင်းအစလေးက ကျောက်သလင်းကိရိယာအတွင်းသို့ ဝင်ရောက်သွားမည်ဖြစ်ပြီး ဓားက လျှပ်စစ်ဓာတ်အားများ စတင် ထုတ်လွှတ်ပေးမည် ဖြစ်လေ၏။

တိုက်ခိုက်ရေးစွမ်းအားနှင့် ပတ်သက်၍ကား အံ့မခန်းပင်။

စကားတစ်ခွန်းတည်းဖြင့် ပြောရလျှင် တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခြင်းပင် ဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် ဓားက ချက်ချင်းဆိုသလို ခုတ်ပိုင်းလိုက်ချိန်တွင် အံ့မခန်း လျှပ်စီးကြောင်းနှင့် ဗို့အားကို ထုတ်ပေးနိုင်ပြီး လူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဓာတ်လိုက်သွားစေနိုင်သောကြောင့် ဖြစ်လေသည်။

ထိုသည်က သေစေနိုင်လောက်သည်အထိ အစွမ်းထက်လေ၏။ တုပိုင်က တစ်ခါက စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ဖူးသည်။ သူက အလင်းတန်း သံဓား၏ လျှပ်စီးကြောင်းနှင့် ဗို့အားကို လျှော့ချလိုက်ပြီး သွေးမိစ္ဆာစစ်သည်တစ်ယောက်ကို အခြား သွေးမိစ္ဆာစစ်သည် ဆယ်ယောက်နှင့် တိုက်ခိုက်စေခဲ့လေ၏။

ရလဒ်အနေဖြင့် သွေးမိစ္ဆာစစ်သည်မှာ ဒဏ်ရာရရှိသွားခဲ့သော်လည်း သူ့အဆင့်တူ စစ်သည် ဆယ်ယောက်ကို အနိုင်ယူနိုင်ခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာက ဓားခုတ်ချက် ဆယ်ချက်နီးပါးကို ခံနိုင်ရည်ရှိပြီး သူက အခြားသူများကို ခုတ်ပိုင်းလိုက်ချိန်တွင် ပြိုင်ဘက်များက ချက်ချင်း တိုက်ခိုက်ရေးစွမ်းအားများ ဆုံးရှုံးသွားကာ လျှပ်စစ်ရှော့ခ်ကြောင့် လူတစ်ကိုယ်လုံး သွက်ချာပါဒလိုက်ပြီး တုန်ယင်သွားခဲ့ရသောကြောင့် ဖြစ်လေ၏။

ထို့ကြောင့် သွေးမိစ္ဆာစစ်သည် ၅,၀၀၀ သာ အလင်းတန်း သံဓားများကို တပ်ဆင်ထားလိုက်မည် ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၇၃၉ + ၇၄၀ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters