← Chapters

ထျန်းရှန်း အမိန့်တော်ဂိုဏ်း

Vol. 3 Ch. 271

ထျန်းရှန်း အမိန့်တော်ဂိုဏ်း

Vol. 3 Ch. 271

ဆန်းလျန်က ကျောက်ရှောင်ယွီ၏ မျက်နှာ အမူအရာကို ကြည့်လိုက်သည်နှင့် သူမ စိတ်ထဲတွင် သိချင်နေသည် များကို ချက်ချင်း ရိပ်မိလိုက်သည်။

"ကျုပ်လည်း ကံကောင်း သွားတာပါ၊ တကယ်တော့ ကျုပ်တူမလေးကို ခုလို ခေါ်ထုတ် လာဖို့ဆိုတာ ယုံကြည်ချက်တောင် မရှိခဲ့ပါဘူး"

ဆန်းလျန် သိမ်မွေ့စွာ ဆိုသည်။

ဆန်းလျန်က ရော့ရှီလေးရှိရာ တည်းခိုးခန်း အတွင်းသို့ လှမ်းကြည့် လိုက်လေသည်။ ရော့ရှီလေးသည် နတ်သမီးလေး တစ်ပါးနှင့် တူပြီး အလွန်ချစ်စရာ ကောင်းလေသည်။ သူမသည် အပြင်ဘက်တွင် အလွန် တန်ခိုးစွမ်းအား ကြီးမားသည့် နတ်မိမယ် တစ်ပါး ရောက်နေသည်ကို သိရှိခြင်းမရှိပေ။

"ဒါပေမဲ့ ရှင်လုပ်နိုင်ခဲ့တာပဲလေ၊ ဒါ တကယ့်ကို မယုံနိုင်စရာပဲ၊ ရှင့်လိုလူမှ နတ်ဘုရား တစ်ပါးအဖြစ် အဆင့် မတက်နိုင်ရင် လောကမှာ နတ်ဘုရား ဖြစ်တဲ့သူ ရှိမှာ မဟုတ်မဟုတ်တော့ဘူး"

ကျောက်ရှောင်ယွီက ပြုံးရင်း ပြောလိုက်လေသည်။

"ဒီလိုကြီးတော့ မနှိုင်းသင့်ပါဘူးဗျာ၊ ကျင့်စဉ်တွေကို ခဏဖယ်ထားလိုက်၊ နတ်ဘုရား တစ်ပါး ဖြစ်လာဖို့ ဆိုတာက ကျင့်ကြံသူတိုင်းရဲ့ နောက်ဆုံး ပန်းတိုင်ပဲ မဟုတ်လား၊ ပါရမီရှိတဲ့ သူက တရားအလင်း ရသွားနိုင်တာပဲလေ၊ ခက်ခဲတဲ့ ကျင့်စဉ်ကို ကျင့်ပြီး နတ်ဘုရား ဖြစ်မလာဘဲ သေသွားတဲ့သူနဲ့ လွယ်ကူတဲ့ ကျင့်စဉ်ကို ကျင့်ပြီး နတ်ဘုရား ဖြစ်သွားတာမျိုး တွေလည်း ရှိတာပဲ မဟုတ်လား၊ တထစ်ချကြီး ဆုံးဖြတ်လို့တော့ မရဘူးပေါ့လေ"

ဆန်းလျန်က ခေါင်းတစ်ချက် ခါယမ်းရင်း သူမကို ရှင်းပြလေသည်။

ဆန်းလျန်က ပွင့်လင်း လွန်းလေသည်။ ဆန်းလျန်အနေဖြင့် ထိုက်စု နတ်ဘုရားဂိုဏ်းကို ထိုးဖောက် ထွက်လာနိုင်ခဲ့သည်မှာ တစ်ဝက်က ကံကောင်း၍လည်း ဖြစ်သလို တစ်ဝက်က သူ၏ ကြိုးစား အားထုတ်မှုကြောင့် ဖြစ်လေသည်။ သူကဲ့သို့သော သူသာ နတ်ဘုရား ဖြစ်နိုင်ပြီး အခြားသူများ နတ်ဘုရား မဖြစ်နိုင်ဆိုသည့် စကားဖြင့် ကျင့်စဉ်လမ်းကို ကန့်သတ်၍မှ မရဘဲလေ။

"ရှင်ပြောင်းလဲ သွားတယ် သိလား၊ ရှင်က အရင်ကထက် ပိုပြီး ဆုံးဖြတ်ချက် ခိုင်မာလာတယ်၊ ရှင့်ကိုယ်ရှင်လည်း ရှင်းရှင်းလင်းလင်း သိမြင်နေပြီ၊ ရှင့်စကားတွေကလည်း မြင့်မြတ်နေတယ်၊ ရှင်ဖော့ဝမ့်အဆင့် တက်ရောက် နိုင်သွားပြီ ထင်တယ်၊ ဒါကြောင့် အမြင်တွေ ပြောင်းလဲသွားတာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေကြောင့်ပဲ ကျွန်မရှင့်ကို အမြဲတမ်း လေးစားနေခဲ့တာ၊ ရှင်က အမြဲတမ်း ကျင့်စဉ်လမ်းနဲ့ ပတ်သက်ရင် အကောင်းမြင် ဝါဒရှိတယ်၊ အေးစက်တဲ့ နှလုံးသားမျိုး မရှိဘဲ ကျင့်စဉ် လမ်းကို လျှောက်လှမ်းနိုင်တဲ့သူပဲ"

သူမက ချိုမြစွာ ဆိုလေသည်။

"မင်းပြောတာ ဟုတ်နိုင်ပါတယ်၊ ဒါနဲ့ မင်း ညကြီးမင်းကြီး ကျုပ်ဆီ ရောက်လာတာ၊ ဘာကိစ္စ ရှိလို့လဲ"

ဆန်းလျန်က မေးလိုက်သည်။

"ကျွန်မက ကိစ္စရှိမှ လာရမှာလား…"

ကျောက်ရှောင်ယွီက မျက်နှာပျက်စွာဖြင့် ဆိုရှာသည်။

သူမ၏ လှပသည့် မျက်နှာလေးတွင် ဝမ်းနည်း ကြေကွဲသည့် အရိပ်အယောင်များ ချက်ချင်း ထင်ဟပ် လာလေသည်။ သူမ၏ မျက်နှာ အမူအရာလေးမှာ သံမဏိနှလုံးသားကို ပိုင်ဆိုင်သူပင် အရည်ပျော် သွားမည် ဖြစ်လေသည်။

တစ်ခေတ်မှာ တစ်ခါ အံ့သြစရာ ပေါ်ထွက်လာသည့် တန်ခိုးရှင် တစ်ပါးဖြစ်သည့် ဆန်းလျန်သည် ရုတ်တရက်ပင် မိန်းမလှလေးကို ငေးခနဲ ဖြစ်သွားရလေသည်။ ကျောက်ရှောင်ယွီ၏ မျက်နှာမှ ဝမ်းနည်းသည့် အရိပ်အယောင် များကြောင့် ဆန်းလျန်မှာ စိတ်များပင် လှုပ်ရှား သွားရသည်။ နောက်မှ သတိဝင်ပြီး သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ပြန်ထိန်းလိုက်ရလေသည်။

"နောက်ဆုံးတော့ ကျွန်မရဲ့ အလှတရားကို ရှင် အသိအမှတ် ပြုပြီပေါ့၊ ရှင်က အမြဲတမ်း တည်ငြိမ်နေတော့ ကျွန်မမှာ ရှင်နဲ့တွေ့တိုင်း ကိုယ့်ကိုယ်ကိုယ်များ မလှလို့လားဆိုပြီး သံသယ ဝင်နေရတယ်...."

ကျောက်ရှောင်ယွီက ပြုံးရင်း ပြောလိုက်သည်။

"ရှောင်ယွီ၊ တစ်ခါတလေကျတော့ မိန်းကလေး တစ်ယောက်က အရမ်း တော်နေ ပြန်ရင်လည်း မကောင်းဘူးနော်"

ဆန်းလျန် သက်ပြင်း တစ်ချက်ချရင်း ပြောလိုက်သည်။

ကျောက်ရှောင်ယွီ ဆိုသည့် မိန်းကလေးသည် အလွန်မှ လူကဲခတ် တော်ပြီး လွှမ်းမိုး နိုင်စွမ်းလည်း မြင့်မား လေသည်။ ထိုအချက်က သူမနှင့် ဆန်းလျန်၏ တူညီသည့် အချက်ပင် ဖြစ်လေသည်။

အစပိုင်း အချိန်များတုန်းက သူမနှင့် ဆန်းလျန်မှာ ရန်သူတွေ ဖြစ်ကောင်းဖြစ်ခဲ့မည်။ သို့သော် ဆန်းလျန်ကတော့ သူမကို မုန်းတီးမိခြင်း မရှိပါ။ ထိုမိန်းကလေးကို ရှေ့ဆက်၍လည်း မုန်းနိုင်မည် မဟုတ်ပါ။

"ရှင်နဲ့ ယှဉ်လိုက်ရင် ကျွန်မက ဘယ်နေရာများ တော်လို့လဲ၊ အမြဲတမ်း ရှင့်ကို ရှုံးခဲ့ရတာပဲလေ..."

ကျောက်ရှောင်ယွီက ပြောလိုက်သည်။

"လော်ဝါဒ စည်းဝေးပွဲကြီးမှာ ကျွန်မက လော်ဝါဒရဲ့ သူတော်စင် မိန်းမပျို နေရာကိုယူဖို့ ရှင့်ကို အကူအညီ တောင်းခဲ့တာလေ၊ ရှင်လည်း ကျွန်မကို ကူညီမယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမဲ့ ရှင်မကူညီ ချင်တော့ဘူး ဆိုရင်လည်း ရပါတယ်နော်"

ကျောက်ရှောင်ယွီက တည်ကြည် လေးနက်စွာဖြင့်ပြောလိုက်သည်။

"လော်ဝါဒ စည်းဝေးပွဲကြီးက လေးနှစ်လိုသေးတယ် မဟုတ်လား"

ဆန်းလျန်က မေးလိုက်သည်။

"အင်း... ဟုတ်တယ်၊ ဒါပေမဲ့ လော်ဝါဒက ဂိုဏ်းတွေအများကြီး အစိတ်စိတ် အမြွှာမြွှာ ကွဲနေပြီ၊ ကျွန်မကို ပုန်ကန်တဲ့ ဂိုဏ်းလေးတွေကို ကျွန်မ ကြိုပြီး လက်ဦးမှု ရယူထားရမယ်၊ ပြီးတော့ ရှင်က ဒီလောကမှာ ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်၊ အရှိန်အဝါလည်း ကြီးတယ်၊ ဒီဂိုဏ်းလေးတွေဟာ ရှင့်အတွက်တော့ အသေးအဖွဲ လေးတွေပါ၊ ဒါကြောင့် ရှင် ချင်းရွှမ်ကို ပြန်ရောက်ရင် ကျွန်မကို နည်းနည်းလောက် ကူညီပါလားဟင်၊ အပြန်အလှန် အနေနဲ့ ကျွန်မက ရှင့်တူမလေးကို ပညာ သင်ပေးမယ်လေ၊ ချင်းရွှမ် နတ်တံခါးက တာအိုကျင့်စဉ်တွေနဲ့ ယှဉ်ရင် ကျွန်မတို့ ကြာပန်း ကိုးပွင့် ကျောင်းတော်က ပညာတွေက ဘာမှ မပြောပလောက်ပါဘူး၊ ဒါပေမဲ့ ထူးဆန်းတဲ့ ပညာ နည်းနည်းတော့ ရှိပါသေးတယ်၊ နောက်ပိုင်းမှာ ရှင့်တူမလေး အတွက် အသုံးဝင်မှာပါ၊ ရှင်လည်း ရှင့်တူမလေးကို တစ်ဘဝလုံး ကာကွယ်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား"

ကျောက်ရှောင်ယွီက ပြောလိုက်သည်။

"ကျုပ်ကို အသေးစိတ် ပြောပြပါ၊ တတ်နိုင်ရင် ကူညီပါ့မယ်၊ ဒါပေမဲ့ အရမ်းတော့ မျှော်လင့် မထားစေချင်ဘူး၊ အခု ကျုပ်က ဖော့ဝမ့် အဆင့် တက်ရောက်နိုင်ပြီ ဆိုပေမယ့် ဒဏ်ရာရထားတယ်"

ဆန်းလျန်က လေသံ ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။

"ရှင် ဒဏ်ရာရထားတယ် ဟုတ်လား၊ ကျွန်မ ဘာလို့ မရိပ်မိရတာလဲ"

ကျောက်ရှောင်ယွီက ထိတ်လန့်တခြားဖြင့် ဆိုသည်။

"ကျုပ်ဒဏ်ရာရတာကို မင်းတို့လို လူမျိုးတွေ အကုန် ရိပ်မိကုန်ရင် ကျုပ် ဒီလိုတောင် နေနိုင်မှာ မဟုတ်ဘူး"

ဆန်းလျန်က ပြောလိုက်သည်။

သူ၏ဒဏ်ရာမှာ အကောင်းဆုံး ဆေးဝါးများဖြင့်ပင် သက်သာ ပျောက်ကင်းနိုင်မည့် ဒဏ်ရာမျိုး မဟုတ်ပေ။

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို သူအသုံးပြုလိုက်သည့် အချိန်တွင် သူ၏ နှလုံးသားတွင် မရဏ ဓားချက် တစ်ချက် ထိမိသွားလေသည်။ ထို့ကြောင့် မရဏ ဓားဒဏ်ရာကို သူ၏ ဝိညာဉ် စွမ်းအားဖြင့် ဖြည်းဖြည်းချင်း ကုသမှသာ ပျောက်ကင်းနိုင်မည် ဖြစ်လေသည်။

သို့သော် ထိုဒဏ်ရာက အဆိုးလည်း ဖြစ်သလို အကောင်းလည်း ဖြစ်လေသည်။

နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်သည် လောကရှိ ကျင့်စဉ် စွမ်းအားများ အားလုံးနှင့် တန်ခိုး စွမ်းအားများ အားလုံးထက် သာလွန်လေသည်။ ထိုဓားဝိညာဉ်ကို သူ၏ ဝိညာဉ်စွမ်းအားဖြင့် တဖြည်းဖြည်း ပေါင်းစပ် သွားအောင်လုပ်ပြီး ဓားဒဏ်ရာကို ကုသရမည် ဖြစ်လေသည်။ ထိုသို့ ကုသခြင်းမှာ ကျင့်စဉ် တစ်ခု ကျင့်ကြံသကဲ့သို့ ဖြစ်သွားပြီး နတ်သက်ခြွေ ဓားသိုင်းကို အဆင့် တက်သွားစေမည် ဖြစ်လေသည်။

နတ်သက်ခြွေ ဓားသိုင်း အဆင့်တက်သွားပါက မျက်ဝန်းမှ အကြည့်တစ်ချက်ဖြင့်ပင် လူသတ်နိုင်သည့် ဆရာတစ်ဆူ ဖြစ်သွား နိုင်လေသည်။

"နှလုံးသားထဲမှ ဓားသွား" ဟု ခေါ်ဆိုနိုင်သည့် ထိပ်တန်း ဓားသိုင်းပညာ တစ်ခုကို ရရှိမည် ဖြစ်လေသည်။

"ရှင် ဒဏ်ရာ ရထားတယ်ဆိုတော့ ချင်းရွှမ်ကို ရောက်တဲ့အထိ ကျွန်မကိုယ်တိုင် စောင့်ရှောက်ပြီး လိုက်ပို့ပေးမယ်လေ..."

ကျောက်ရှောင်ယွီက အလေးအနက် ပြောလိုက်ခြင်း ဖြစ်သည်။

သူမက ဆန်းလျန်အတွက် အမှန်တကယ် စိတ်ပူနေခြင်း ဖြစ်လေသည်။

သူမ၏စကားသည် ဆန်းလျန်၏ နှလုံးသားကို ထိရှ သွားစေလေသည်။ ထိုမိန်းမပျိုနှင့် ခင်မင်ခဲ့ရသည်ကို ဆန်းလျန် တစ်ဘဝလုံး မေ့နိုင်တော့မည် မဟုတ်ပေ။

"ကျုပ်တကယ် လိုအပ်ရင် မင်းပေးတဲ့ အကူအညီကို မငြင်းပါဘူး၊ ဒါပေမဲ့ အခု ကျုပ်အဆင် ပြေပါတယ်ဗျာ၊ မင်းလိုအပ်တဲ့ အကူအညီကိုသာ ကျုပ်ကိုပြောပြပါ၊ ချင်းရွှမ် ပြန်ရောက်မှ မဟုတ်ပါဘူး၊ အခုလည်း ကူညီပေးနိုင်ပါတယ်၊ ဖော့ဝမ့် အဆင့် တက်ရောက်နိုင်ပေမယ့် နတ်ဘုရား အဆင့်က ဘယ်တော့မှ တက်ရောက်နိုင်မလဲ မသိသေးဘူး၊ ကျုပ်က ရော့ရှီလေးကိုပဲ အဆင်ပြေ စေချင်တာပါ၊ သူ့အတွက် ချင်းရွှမ်က ဆရာသခင်တွေနဲ့လည်း ပြန်ပြီး တိုင်ပင်ရဦးမယ်လေ"

ဆန်းလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

နတ်ဘုရားတစ်ပါး အဖြစ် တက်ရောက်ရန်မှာ ခန့်မှန်း၍ ခက်လှလေသည်။ အချို့သူများမှာ နှစ်ပေါင်းရာနှင့် ချီပြီး အခန်းပိတ်ကျင့်ကြံရင်း တရားအလင်းပွင့် သွားတတ်ပြီး အချို့မှာတော့ ဓားကိုဆွဲကိုင်ကာ ရန်သူများနှင့် တိုက်ခိုက်ရင်း တရားအလင်း ပွင့်သွားကြသည်လည်း ရှိလေသည်။ အချို့သူများမှာ မည်မျှပင် ကျင့်ကြံသည့်တိုင် သေသည်အထိပင် တရားအလင်း မရကြသည်လည်း ရှိလေသည်။

ဆန်းလျန်မှာ တရားအလင်းပွင့်ကာ နတ်ဘုရား တစ်ပါး ဖြစ်ချင်နေသည်မှာ တစ်ပိုင်း သေနေပြီ ဖြစ်လေသည်။ သို့သော် အလျင်လို၍ မရကြောင်းလည်း သူသိနေလေသည်။

သို့သော်.... အရာရာကို အဆင်သင့် ပြင်ထားနိုင်လျှင်တော့ အခွင့်အရေး ရသည်နှင့် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်မည် ဖြစ်လေသည်။

ထို့ပြင် ကျောက်ရှောင်ယွီနှင့် မိတ်ဆွေ ဖွဲ့ထားခြင်းက ချင်းရွှမ် နတ်တံခါး အတွက်လည်း အကျိုး မယုတ်နိုင်ပေ။

ထုန်ထျန်း တန်ခိုးစွမ်းအားဖြင့် ခြေရာဖျောက်ထားသည့် ဆန်းလျန်ကို မရ ရအောင် ခြေရာခံနိုင်သည့် ကျောက်ရှောင်ယွီ၏ ကြာပန်း ကိုးပွင့် ကျောင်းတော်ကို လျှော့တွက်၍ မရပေ။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကို ရင်ဆိုင်သည့်အခါ ကြာပန်း ကိုးပွင့် ကျောင်းတော်က သတင်း အချက်အလက်ပိုင်း ဆိုင်ရာတွင် များစွာ အထောက်အကူ ရနိုင်လေသည်။

ထို့ပြင် သူတို့သည် ယောကျ်ားလေးနှင့် မိန်းကလေး ဖြစ်ခြင်းကို ကျော်လွန်ပြီး လှပသည့်  သံယောဇဉ်များ ရှိခဲ့ကြပြီ ဖြစ်သည်။ သူတို့၏ခင်မင်မှုက အရှုံးအမြတ် တွက်ချက်ထားသည့် ခင်မင်မှုမျိုး မဟုတ်ပါ။ သို့သော် သူတို့၏ ခင်မင်မှုက အရောင်မဆိုးသော ဖြူစင်ကြည်လင်သည့် ခင်မင်မှု ဖြစ်လေသည်။

"ကောင်းပြီလေ၊ ကူညီရမှာက မကောင်းတဲ့ အလုပ်တော့ မဟုတ်ပါဘူး၊ ရှင်ရှိနေတော့ ကျွန်မလည်း အားရှိတယ်လေ၊ အမှားအယွင်းလည်း မရှိနိုင်တော့ဘူးပေါ့၊ ကျွန်မရဲ့ ဂိုဏ်းခွဲ ဆယ့်ငါးခုလောက် လောလောဆယ် အနှိမ်နင်း ခံလိုက်ရတယ်၊ အဲဒါကို နောက်ကွယ်က ကြိုးကိုင်တဲ့ သူက ထျန်းရှန်း အမိန့်တော်ဂိုဏ်းပဲ"

ဂိုဏ်းခွဲ ဆယ့်ငါးခု အနှိမ်နင်း ခံလိုက်ရသည် ဆိုသော်လည်း ကျောက်ရှောင်ယွီက စိတ်အနှောင့်အယှက် ဖြစ်သည့်ပုံ မပေါ်ပေ။ သို့သော် ကျောက်ရှောင်ယွီ ဆိုသည်က ကြာပန်း ကိုးပွင့် ကျောင်းတော်မှ သူတော်စင် မိန်းမပျို ဖြစ်ပြီး စိတ်ခံစားချက်များကို ဖော်ပြတတ်သူ မဟုတ်ပေ။

"ကျုပ်သိသလောက် ထျန်းရှန်း အမိန့်တော်ဂိုဏ်းက ဟိုးအရင် ကတည်းက ပျက်စီးသွားပြီ မဟုတ်ဘူးလား၊ အဲဒီ ဂိုဏ်းမှာ ဟိုင်သန်းအဆင့် ကျင့်ကြံသူ တစ်ယောက် ပေါ်ထွက်ခဲ့တာ လွန်ခဲ့တဲ့ နှစ် နှစ်ရာလောက်က နောက်ဆုံးပဲလေ၊ သူတို့က မင်းကို ဘယ်လိုလုပ် ဆန့်ကျင်ရဲရတာလဲ"

ဆန်းလျန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျောက်ရှောင်ယွီသည် ပါရမီရှင် တစ်ဦး ဖြစ်လေသည်။

သူမ၏ ကျင့်စဉ် လမ်းအဆင့် တိုးတက်မှုသည် အလွန်လျင်မြန်ပြီး ကြာပန်း ကိုးပွင့် ကျောင်းတော်၏ ဘိုးဘွား ဆရာသခင်များ ထက်ပင် သာလွန်လေသည်။ သူမသည် ဒဏ္ဍာရီထဲမှ မိုးကောင်းကင် နတ်ဘုရား တစ်ပါး ပြန်လည် လူဝင်စားသည်ဟုပင် ပြောဆိုနိုင်လောက်သည်။

တာ့ကျိုး တိုင်းပြည် ဘုရင်မကြီးနှင့် သူမ၏ တိုက်ပွဲတွင် ဆန်းလျန်ကြောင့် သူမ အကြံအစည်များ ပျက်စီးခဲ့ရသလို ယွဲ့ထော် တိုင်းပြည်တွင်လည်း ဆန်းလျန်ကို အရှုံးပေး ခဲ့ရသည့်တိုင် သူမ၏ ကျင့်စဉ်လမ်းသည် အဆက်မပြတ် မြင့်တက်လျက် ရှိလေသည်။ အနှေးနှင့် အမြန်မှာပင် "ရှန်" လမ်းစဉ်ဖြင့် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက် နိုင်တော့မည့် အနေအထား ဖြစ်လေသည်။

သူမ၏ လျှို့ဝှက် ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည့် တန်ခိုး စွမ်းအားများကို ဆန်းလျန် ခံစား၍ ရနိုင်လေသည်။

***

All Chapters