← Chapters

ကျောက်ဘုရား မြစ်ဆုံ

Vol. 3 Ch. 272

ကျောက်ဘုရား မြစ်ဆုံ

Vol. 3 Ch. 272

ကျောက်ရှောင်ယွီက သူမ နဖူးပေါ်ကျနေသည့် ဆံပင်လေးများကို သပ်တင် လိုက်သည်။

သူမ၏ မျက်နှာကို ဘေးတိုက် အနေအထား တွေ့မြင်နေရသည်မှာ လွန်စွာမှပင် ချောမော လှပလွန်းလေသည်။ ညလေအေးက တိုက်ခတ် လိုက်သည့်အချိန် သူမ၏ ဝတ်ရုံလေးက အနည်းငယ် လွင့်သွားသည့် အတွက် ခြေသလုံး ဖြူဖြူလေးများကို မြင်တွေ့ လိုက်ရသည်။ ထိုခြေထောက် လေးများသည်ပင် ဦးညွှတ် ကိုးကွယ်ချင်စရာ ကောင်းလောက်အောင် လှပလွန်းလေသည်။

အလွန်မှ ကျက်သရေ ရှိသည့် အလှတရားမျိုးကို မြင်တွေ့ရသည့်တိုင် ဆန်းလျန်၏ စိတ်အစဉ်တွင် သူမအပေါ်တွင် ရမ္မက် ဆန္ဒဖြင့် တပ်မက်ခြင်း မရှိခဲ့။ ရိုးသား ဖြူစင်လျက် ရှိနေဆဲပင်။

ကျောက်ရှောင်ယွီက မသိမသာ သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"ထျန်းရှန်း အမိန့်တော်ဂိုဏ်းက တကယ်တော့ ဘာမှမဟုတ်ပါဘူး၊ ဒါပေမဲ့ မကြာခင်ကပဲ ထျန်းရှန်း အမိန့်တော်ဂိုဏ်းမှာ စွမ်းအားကြီးမားတဲ့ ထူးဆန်းတဲ့ မိန်းကလေး တစ်ယောက် ပေါ်ထွက်လာတယ်၊ သူမက တန်ခိုး စွမ်းအား ကြီးမားရုံတင် မကဘူး။ သူမရဲ့ ဇာစ်မြစ်က ကျွန်မကို ထိတ်လန့်စေတယ်"

"သူ့ရဲ့ ဇာစ်မြစ်က ဘာမို့လို့လဲ"

ဆန်းလျန်က မေးလိုက်သည်။

"ထျန်းရှန်း အမိန့်တော် ဂိုဏ်းမှာလွှတ်ထားတဲ့ ကျွန်မရဲ့ လူသုံးယောက်ကို သူမက ရှာတွေ့သွာတယ်၊ အဲဒီနောက်တော့ ကျွန်မကို စပြီး ဆန့်ကျင်တော့တာပဲ၊ ကျွန်မသာ ဝိညာဉ် စွမ်းအား မကောင်းရင် သူ့ကြောင့် ဒဏ်ရာတောင် ရသွားနိုင်တယ်၊ ဒါနဲ့ သူမရဲ့ ကျင့်စဉ်ကို လေ့လာ ကြည့်လိုက်တော့ ချင်းချိုးက ဆင်းသက်လာတာပဲ"

ကျောက်ရှောင်ယွီက မဲ့ပြုံး တစ်ချက်ပြုံးရင်း ပြောလိုက်လေသည်။

သူမ၏ ဘဝတွင် အန္တရာယ်ပေါင်း များစွာကို ရင်ဆိုင်ခဲ့ရလေသည်။ ယခုရင်ဆိုင်ရသည့် ပြဿနာမှာလည်း သူမအတွက် ဘာမှ မပြောပလောက်ပေ။ သို့သော် သူမက အရှုံးကိုတော့ ရင်မဆိုင်ချင်ပေ။ သူမ ရှုံးနိမ့်ခဲ့သည် ဆိုသည့် အချက်ကို သူမလက်မခံနိုင်ခဲ့ပေ။ အထူးသဖြင့် ထိုမိန်းမပျိုရော သူမပါ လော်ဝါဒဂိုဏ်းခွဲမှ ဆင်းသက်လာသည့် သူများ ဖြစ်ကြသည့် အတွက် သူမက ပိုပြီး မခံချင် ဖြစ်နေရလေသည်။

ချင်းချိုး ဆိုသည်က ရှေးအချိန် ကြာမြင့်စွာ ကတည်းက တည်ရှိခဲ့သည့် နတ်ဘုရားများ နေထိုင်သည့် နတ်ဘုရားတောင် တစ်ခုဖြစ်လေသည်။

သို့သော် ချင်းချိုးသည် အခြားသော နတ်ဘုရား တောင်များ ဖြစ်သည့် ဖိန်လိုင်၊ ဖန်းကျန့်နှင့် ယင်ကျိုးတို့နှင့် မတူဘဲ အနည်းငယ် ကွဲပြားလေသည်။ ချင်းချိုးမှာ မြေခွေး နတ်ဘုရား မျိုးနွယ်များ နေထိုင်သည့် နေရာ ဖြစ်လေသည်။ ဆန်းလျန် သင်ယူခဲ့သည့် ထုန်ထျန်းကျင့်စဉ်ကို ရေးသားခဲ့သည့် နတ်ဒေဝါမြေခွေးမှာ ချင်းချိုးမှ ဆင်းသက် လာသူ တစ်ယောက် ဖြစ်လေသည်။

"ခုခေတ်မှာ ချင်းချိုးက ဆင်းသက် လာတဲ့သူဆိုတာ တော်တော် ရှားသွားပြီပဲ၊ ချင်းချိုးက ကျင့်စဉ် ပညာကို အသုံးပြုတယ် ဆိုရင်တောင် ချင်းချိုးကတော့ မဖြစ်နိုင်လောက်ဘူး"

ဆန်းလျန်က ပြောလိုက်သည်။

ဆန်းလျန်ပင်လျှင် နတ်ဒေဝါ မြေခွေး၏ စာတမ်းရှည်ကို ဖတ်ကာ ထုန်ထျန်း ကျင့်စဉ်ကို သင်ယူခဲ့သည့်တိုင် သူကိုယ်တိုင်က ချင်းချိုးမှ ဆင်းသက် လာသည့်သူ မဟုတ်ပေ။

"ရှင်ပြောတာ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ သူမရဲ့ ကျင့်စဉ်တွေက မြေခွေး နတ်ဘုရားတွေသာ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်တွေပဲ၊ မြေခွေး နတ်ဘုရားဆိုတာ တောင်မှ နတ်ဒေဝါ မြေခွေးအဆင့် ရောက်နိုင်တဲ့ မြေခွေး နတ်ဘုရားတွေသာ ကျင့်ကြံနိုင်တဲ့ ကျင့်စဉ်မျိုးကို သူမက ကျင့်ကြံထားတာ"

ကျောက်ရှောင်ယွီက လျှို့ဝှက်ချက်ကို ဖွင့်ပြောပြလိုက်လေသည်။

ကျောက်ရှောင်ယွီ၏ အသိပညာ ကြွယ်ဝမှုမှာ ဆန်းလျန် ထင်ထားသည် ထက်ပင် သာလွန် နေလေသည်။ ကျောက်ရှောင်ယွီ၏ စွမ်းဆောင် နိုင်မှုမှာ အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးမှ အသိပညာများနှင့်ပင် ယှဉ်ပြိုင် နိုင်လုနီးပါး ဖြစ်လေသည်။

ရှေးခေတ် အချိန်အခါ ကတည်းက လောကတစ်ခွင်တွင် နတ်ဘုရားများ၊ တန်ခိုးရှင်များ၊ တရား ဟောကြား ပြသသူများနှင့် သူတော်စင်များ များစွာ ပေါ်ထွက်ခဲ့လေသည်။ နောက်ပိုင်းတွင် တာအို ကျင့်ကြံသူများမှ အစပြုပြီး ကျင့်ကြံသူ ဂိုဏ်းပေါင်းများစွာ ပေါ်ထွက် လာခဲ့လေသည်။ ဤသည်မှာ ယဉ်ကျေးမှု ဖွံ့ဖြိုး တိုးတက် လာခြင်းပင် ဖြစ်လေသည်။ ယခု ဆန်းလျန် ရောက်ရှိနေသည့် လောကသည် သူ၏ အတိတ်ဘဝက နေခဲ့ဖူးသည့် ခေတ်ပေါ်ကမ္ဘာနှင့် တစ်ခု မဟုတ်တစ်ခု ဆက်စပ် နေသည်ဟု သေချာသည်ထက် သေချာလာမိလေသည်။

ကျောက်ရှောင်ယွီမှာလည်း တန်ခိုး စွမ်းအား ကြီးမားသည့် ပုဂ္ဂိုလ် တစ်ယောက်ထံမှ တစ်စုံတစ်ခုကို အမွေ ဆက်ခံလာခဲ့သည့် မိန်းကလေး တစ်ယောက် ဖြစ်နိုင်လေသည်။ ထို့ကြောင့် သူမ သည်လည်း အသိဉာဏ် ပညာများ အလွန်ပြည့်ဝ နေရခြင်း ဖြစ်သည်ဟု ခန့်မှန်း ကြည့်နိုင်လေသည်။

သို့သော် မည်မျှပင် အသိပညာ ကြွယ်ဝသူ ဖြစ်ပါစေ နတ်ဘုရား တစ်ပါး ဖြစ်လာရန် အတွက်တော့ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ်တိုင် ကြိုးစားမှသာ ရမည် ဖြစ်လေသည်။

"ဒါဖြင့် ကျုပ်မင်းနဲ့ အတူ လိုက်ပြီး ကူညီပေးပါ့မယ်"

ဆန်းလျန် ပြောလိုက်လေသည်။

ကျောက်ဘုရား မြစ်ဆုံ…

ကျောက်ဘုရား မြစ်ဆုံ ဆိုသည်က ယွမ်ကျိုးနယ် အလယ်ပိုင်းတွင် တည်ရှိသည့် နေရာ တစ်ခု ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက ကောင်းကင်မှ ကျောက်ဘုရား ဆင်းတုတော်ကြီး တစ်ဆူ ဆင်းသက်လာပြီး မြစ်သုံးစင်း ဆုံစည်းရာ မြစ်ဆုံအရပ်ရှိ ကျောက်ဆောင်ကြီး ထိပ်တွင် စံပယ်တော် မူခဲ့လေသည်။ ထိုအချိန်မှ စတင်ပြီး ထိုဒေသကို ကျောက်ဘုရား မြစ်ဆုံဟု ခေါ်ဆို ခဲ့ကြလေသည်။

ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဌာနချုပ်သည် ကျောက်ဘုရား မြစ်ဆုံ တစ်နေရာတွင် တည်ရှိလေသည်။

"မင်းပြောတော့ ဒီမှာ မင်းရဲ့ရန်သူကို လာရှာတယ်လည်း ပြောသေးတယ်၊ ဘာလို့ မင်းနဲ့အတူ မင်းရဲ့ လူတွေကို ခေါ်မလာရတာလဲ"

ဆန်းလျန်က မေးလိုက်သည်။

ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း…

"နတ်စစ်သည် တစ်သန်းလောက် အစွမ်းကြီးမားတဲ့ ရှင့်လို ဆရာကြီးတစ်ပါး ပါနေမှတော့ ကျွန်မက ဘယ်သူ့ကို ခေါ်ရဦးမှာလဲရှင့်၊ ထိုက်စု နတ်ဘုရား ဂိုဏ်းကနေတောင် တစ်ယောက်တည်း တိုက်ခိုက်ပြီး ဖောက်ထွက်လာတဲ့ ကျွန်မရဲ့ ဆန်းဂိုဏ်းချုပ် တစ်ယောက်လုံး ကျွန်မနဲ့အတူ ရှိနေပြီပဲလေ"

သူမ၏စကားကြောင့် ဆန်းလျန် မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး တံတွေးပင် သီးသွားရလေသည်။

ရော့ရှီမှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို စိတ်ဝင်တစား ငေးမော ကြည့်ရှုနေလေသည်။

သူမမှာ အပြင်သို့ မထွက်ရသည်မှာ ကြာပြီဖြစ်သည့်အတွက် ဦးလေး ဖြစ်သူနှင့် ယခုကဲ့သို့ ခရီး ထွက်နေရသည်ကို အလွန် ပျော်ရွှင် နေမိလေသည်။ သို့သော် ကျောက်ရှောင်ယွီဆိုသည့် မမကြောင့်တော့ သူမက အနည်းငယ် စိတ်ကသိကအောက် ဖြစ်နေရလေသည်။

ဆန်းလျန်၏ မျက်နှာတွင် အဝါရောင် အလင်းတန်း တစ်ခု ရုတ်တရက် လင်းလက်သွားပြီး ကျန်းမာရေး ကောင်းပုံမရသည့် အသက်သုံးဆယ် အရွယ် အမျိုးသား တစ်ဦးအသွင် ပြောင်းလဲ သွားလေသည်။

ကျောက်ရှောင်ယွီ ကတော့ သူမ၏ လှပလွန်းသည့် မျက်နှာလေးကို မျက်နှာဖုံး ဇာပဝါဖြင့် ဖုံးအုပ် ထားလေသည်။

ရော့ရှီလေးမှာ ပျိုဖော်ဝင်စအရွယ် ဆယ့်နှစ်နှစ်ခန့် ရှိပြီဖြစ်သဖြင့် သူတို့သုံးယောက်ကို ကြည့်ရသည်မှာ ခရီးထွက်လာသည့် မိသားစုတစ်စုနှင့် ဆင်တူနေလေသည်။

မိန်းကလေးများမှာ ငယ်ငယ်ရွယ်ရွယ်နှင့် လက်ထပ်သည့် ဓလေ့ရှိသည့် အတွက် အသက် နှစ်ဆယ့်ခုနစ်၊ နှစ်ဆယ့်ရှစ် အရွယ် မိန်းကလေး တစ်ယောက်က အသက် ဆယ်နှစ်အရွယ် သမီးတစ်ယောက် ရှိသည်မှာ မဆန်းလှပေ။

သူတို့ သုံးယောက်လုံးက လေတွင် ပျံသန်းသွားလာ နိုင်သူများ ဖြစ်ကြလေသည်။ သို့သော် မပျံသန်းချင်သူက ဆန်းလျန် ဖြစ်လေသည်။

အဘယ်ကြောင့် ဆိုသော် ရော့ရှီလေးမှာ အပြင်လောကတွင် ခရီးထွက် လည်ပတ်ရခြင်း မရှိသည်မှာ ကြာပြီဖြစ်သည့်အတွက် ဆန်းလျန်က ရော့ရှီလေးကို ကမ္ဘာ လောကကြီးကို ပြသချင်၍ ဖြစ်လေသည်။ ထို့ကြောင့် ဆန်းလျန်က ပျံသန်းခြင်းမပြုဘဲ လမ်းလျှောက် ခရီးနှင်ရန် အကြံပေးလိုက်ခြင်း ဖြစ်လေသည်။

ရော့ရှီလေးကတော့ လမ်းတစ်လျှောက်လုံး ဆန်းလျန် သင်ကြားပေးသည့် ကျင့်စဉ်များကို လေ့ကျင့်ရင်း လိုက်ပါ လာခဲ့လေသည်။

နှလုံးသားစည်းချက်ကျင့်စဉ်မှာ ဝိညာဉ်စွမ်းအားမြှင့်တင်သည့် ကျင့်စဉ်ဖြစ်လေသည်။ ရော့ရှီ၏ သွေးကြော ဆုံချက်များ အားလုံးကို ဖွင့်ရန်အတွက် အတွင်းအား ကျင့်စဉ်ကိုသာ စတင် သင်ကြားပေးရမည် ဖြစ်သော်လည်း ထျန်းမုန့် နတ်သမီးက နှလုံးသား စည်းချက် ကျင့်စဉ်ကို စတင် သင်ကြား ပေးထားလေသည်။ အဘယ်ကြောင့် ထျန်းမုန့်နတ်သမီး ထိုသို့ ပြုလုပ်ရသည်လဲ ဆန်းလျန် နားမလည်သေးပါ။

ယခုတော့ ဆန်းလျန်က ရော့ရှီကို အတွင်းအား ကျင့်စဉ်ကို ပြန်လည် သင်ကြား ပေးထားလေသည်။ ရော့ရှီလေးမှာ ဉာဏ်ရည် ထက်မြက်သူ ဖြစ်သည့် အတွက် ကိုယ်တွင်းမှ စွမ်းအားကို မိုးမြေစွမ်းအားနှင့် ဆက်သွယ်နိုင်ပြီး ချောင့်တုန့် အဆင့်သို့ပင် ရောက်ခါနီးပြီ ဖြစ်လေသည်။

သိပ်သည်းသည့် တန်ခိုးစွမ်းအားများ ရရှိရန်အတွက် ရော့ရှီလေးမှာ ခြေတစ်လှမ်းသာ လိုတော့သည်။

ဆန်းလျန်က ရော့ရှီလေးကို အတင်းအဓမ္မ သင်ကြား ပြသပေးခြင်းမျိုး မရှိပေ။

သူက ရော့ရှီလေးကို သူမ၏ ကိုယ်ခန္ဓာ ဖွဲ့စည်းပုံနှင့် တန်ခိုးစွမ်းအား အကြောင်းကို သေသေချာချာ ရှင်းပြခဲ့ပြီး နှလုံးသား စည်းချက်ကျင့်စဉ်ကို သူမ၏ စိတ်ဆန္ဒ အတိုင်းသာ ရပ်တန့်စေခဲ့သည်။ သို့သော် နှလုံးသား စည်းချက် ကျင့်စဉ်၏ ထူးခြားချက်မှာ ကျင့်ကြံခြင်းကို ရပ်တန့် ထားသည့်တိုင် ကျင့်စဉ်က ရပ်တန့်မသွားဘဲ နှေးကွေးသည့် အရှိန်ဖြင့် ဆက်လက် မြင့်တက်နေဆဲ ဖြစ်လေသည်။

ရော့ရှီလေးက ဆရာဖြစ်သူ ထျန်းမုန့်နတ်သမီးကို အိပ်မက်ထဲတွင် အမြဲတမ်း တွေ့နေရသည်ဟု ပြောလေ့ရှိလေသည်။

ထိုသို့ ဖြစ်ရသည်မှာ နှလုံးသား စည်းချက် ကျင့်စဉ်ကြောင့် ဖြစ်ရသည်ကို ဆန်းလျန် သိလေသည်။ သို့သော် ထိုကျင့်စဉ်မှာ နှလုံးသား ဗဟိုချက်တွင် ရှိနေသည်ကို ဆန်းလျန် သိရှိလိုက်သည့် အတွက် လောလောဆယ် ပြဿနာ မရှိနိုင်သေးကြောင်း ဆန်းလျန် သိလိုက်သည်။

သူက နှလုံးသား စည်းချက် ကျင့်စဉ် တစ်ခုလုံး၏ ပြဿနာကို ဖြေရှင်း နိုင်ရန်အတွက် ချန်းရွှမ် နတ်တံခါးသို့ ပြန်ရောက်မှသာ နည်းလမ်း ရှာတော့မည်ဟု ဆုံးဖြတ် ထားလေသည်။ ထိုက်ဝေ့ ထိုင်ခန်းမဆောင်တွင် အဖြေတစ်ခုတော့ ရှိလေမလားဟု မျှော်လင့်ထားမိသည်။

သို့သော် ဆန်းလျန်မှာ ထိုက်ဝေ့ထိုင် ခန်းမဆောင်မှ ကျမ်းစာများ အားလုံးကို ဖတ်ပြီးသွားပြီ ဖြစ်သည့် အတွက် သိပ်တော့ မျှော်လင့်ချက် မရှိလှပေ။ ထိုက်ဝေ့ထိုင် ခန်းမဆောင်တွင် နှလုံးသား ဗဟိုချက်နှင့် ပတ်သက်ပြီး ရေးသားခဲ့သည့် ဆရာသခင် တစ်ယောက်မှ မရှိခဲ့ပေ။ နှလုံးသား ဗဟိုချက်သည် နတ်ဘုရားများပင် ထိတွေ့နိုင်ခြင်း မရှိသည့် နေရာတစ်ခု ဖြစ်လေသည်။

ကျောက်ဘုရား မြစ်ဆုံသည် မြစ်သုံးခု ပေါင်းဆုံရာ မြစ်ဆုံ ဒေသဖြစ်ပြီး ဝိညာဉ် စွမ်းအားများဖြင့် ပြည့်ဝ နေလေသည်။ မြစ်မကြီးနှင့် မြစ်လက်တက်များမှာ နဂါး သွေးကြောများကဲ့သို့ ဖြစ်လေသည်။ ကျောက်ဆောင်ထက်မှ ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးကို ဖူးတွေ့နိုင်ပြီး မြစ်သုံးခုမှ နဂါးသုံးကောင်က ဗုဒ္ဓ ရုပ်ပွားတော်ကို ပင့်ဆောင်ထားသည့် အလားပင် ဖြစ်လေသည်။

နှစ်ပေါင်းများစွာ မိုးဒဏ် လေဒဏ်များ ခံခဲ့ရသည့်တိုင် ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးသည် မပြောင်းလဲ မပျက်စီးဘဲ ကျောက်ဆောင်ကြီး ထက်တွင် ကိန်းဝပ် စံပယ်တော် မူနေလေသည်။ ရုပ်ပွားတော် မြတ်ကြီး၏ မျက်နှာတော်၊ ခန္ဓာကိုယ်တော်နှင့် ခြေဖဝါးတော်တို့မှ အစ နတ်ဘုရားများ ထုလုပ်ထားသည့် အလား အသက် ဝင်လှလေသည်။

ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးမှာ သပ္ပာယ်လှသည့် အတွက် မြင်ရသူတိုင်း လက်အုပ်ချီမိုး ရှိခိုးကန်တော့ခြင်း မပြုဘဲ မနေနိုင်ကြပေ။

ထို့ကြောင့် လမ်းတစ်လျှောက်တွင် ဘုရားဖူး ခရီးသွားများစွာကို တွေ့နိုင်လေသည်။

ထို့ကြောင့် ဆန်းလျန်တို့ သုံးယောက်မှာလည်း ခရီးသွားများနှင့် ရောနှောကာ သွားလာ နေကြလေသည်။

ထျန်းရှန်း အမိန့်တော်ဂိုဏ်းမှာ ထိုကဲ့သို့ ပတ်ဝန်းကျင် ကောင်းတွင် တည်ရှိသည့်တိုင် လွန်ခဲ့သည့် နှစ်များ အတွင်းတွင် အလွန်ကျ ဆင်းသည့် အခြေအနေသို့ ရောက်လာခဲ့လေသည်။

ခရီးသွားများက ဆန်းလျန်တို့ သုံးယောက်ကို ကွက်ကြည့် ကွက်ကြည့် လုပ်သွား ကြလေသည်။

ခရီးသွား တစ်ယောက်က…

"မင်းတို့ ဒီကို ဘာလာလုပ်ကြတာလဲ"

ဟု မေးလိုက်လေသည်။

"ထျန်းရှန်း အမိန့်တော် ဂိုဏ်းကို လာရှာတာ"

ဟု ကျောက်ရှောင်ယွီက တီးတိုး ပြန်ဖြေလိုက်သည်။

ခရီးသွားက သူတို့ သုံးယောက်ကို ကြည့်နေလေသည်။

ဆန်းလျန်မှာ အမှန်တကယ် နေမကောင်းသည့်ပုံ ပေါက်နေလေသည်။ သို့သော် သူ၏ ကျောထက်တွင် ဓားတစ်လက် လွယ်ထားလေသည်။ သူ့ပုံစံက လွယ်မည့်ပုံ မပေါ်ပေ။

မိန်းကလေး ငယ်လေးမှာ ချစ်စရာ ကောင်းသော်လည်း မျက်ဝန်းများက စူးရှ တောက်ပ နေလေသည်။

မျက်နှာကို ဇာပဝါအုပ်ထားသည့် အမျိုးသမီးကတော့ အလွန်မှ မောက်မာပုံ ရပြီး သာမန် လူတစ်ယောက် ဟုတ်ပုံ မပေါ်ပေ။

ထို့ကြောင့် သူက အခြားနေရာသို့ အမြန်ထွက်သွားပြီး သူတို့ အကြောင်းကို အခြားသူများကို သွားပြီး ပြောလေသည်။

"မမရှောင်ယွီ၊ မမက ခြုံပုတ်ကို ရိုက်ပြီး မြွေထွက် လာအောင် ခြောက်လှန့် နေတာလား"

ရော့ရှီက မေးလိုက်လေသည်။

ကျောက်ရှောင်ယွီက ရော့ရှီ၏ ပါးလေးကို အသာအယာ လိမ်ဆွဲလိုက်ပြီး…

"သမီးရဲ့ ဦးလေးပေါ့၊ မမကို ဒီလိုလုပ်ရမယ်လို့ သင်ပေးထားတာ၊ မမတို့က ခြုံပုတ်ကို ရိုက်နေတာတော့ ဟုတ်တယ်၊ ဒါပေမဲ့ မြွေထွက်လာမှာတော့ မဟုတ်ဘူး၊ ဒီထျန်းရှန်း အမိန့်တော် ဂိုဏ်းဆိုတာကလေ မြွေမဟုတ်ဘူး သိလား၊ တီကောင်လေးတွေ"

ကျောက်ရှောင်ယွီက ရော့ရှီလေးကို ခပ်တည်တည်နှင့် ပြန်ပြောလိုက်လေသည်။

***

All Chapters