← Chapters

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဂိုဏ်းချုပ်

Vol. 3 Ch. 273

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဂိုဏ်းချုပ်

Vol. 3 Ch. 273

သူတို့သုံးယောက် ဆက်လက် လမ်းလျှောက် လာခဲ့ကြလေသည်။

သူတို့က မြစ်လက်တက်လေး အတိုင်း မြစ်ဆုံနေရာသို့ လျှောက်လာ ကြသည်။ မြစ်ဆုံနေရာမှာ ရေစီး အလွန်သန်လေသည်။ ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး၏ ကျောဘက်နေရာတွင် တောင်နံရံ တစ်ခု ရှိလေသည်။

သူတို့သုံးယောက်က ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးရှေ့တွင် ထိုင်လိုက်ကြသည်။ နေရောင်က တိမ်များကြားမှ ဖြာကျနေပြီး ခရမ်းရောင် မြူခိုးလေးများကို တွေ့မြင်နိုင်လေသည်။

ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးကို ဖူးတွေ့ရသည် မှာလည်း သက်ဝင် ကြည်ညိုဖွယ်ရာ ကောင်းလှသည်။

ဆန်းလျန်က ကျောက်ဘုရား ဆင်းတုတော်ကြီးကို စိုက်ကြည့် နေလေသည်။ ရေလှိုင်း အချို့က ရုပ်ပွားတော် မြတ်ကြီး၏ ခြေတော်ရင်းကို အဆက်မပြတ် ရိုက်ခတ် နေလေသည်။

"ဒီကျောက် ဆင်းတုတော်ကြီးက လေတွေ မိုးတွေဒဏ် ဒီလောက် ခံရတာတောင် မပျက်စီးဘဲ တည်ရှိနေတာ၊ ဘယ်သူမှ သုတေသန လုပ်မကြည့် ကြဘူးလား"

ဆန်းလျန်က မေးလိုက်သည်။

"အင်း… လူတစ်ယောက် ကတော့ ဗုဒ္ဓ ရုပ်ပွားတော်က ကျောက်တွေကို ခွာဖို့ ကြိုးစား ကြည့်ဖူးတယ်၊ ဒါပေမဲ့ မိုးကြိုး ပစ်ခံ လိုက်ရတယ်လေ၊ တကယ့်ကို မိုးကောင်းကင်က စောင့်ရှောက် နေတာပဲ၊ ထျန်းရှန်း အမိန့်တော်ဂိုဏ်းက ဒီနေရာကိုပိုင်တာ၊ ဒါပေမဲ့ သူတို့လည်း ဒီဗုဒ္ဓ ရုပ်ပွားတော်ကြီးရဲ့ ထူးခြားမှုကို မသိကြဘူး၊ ပြီးတော့ ကျင့်ကြံသူတွေ အတော်များများလည်း လာပြီး ဘုရားဖူး ကြတယ်လေ၊ ဘယ်သူမှ ထူးခြားချက် မခံစားကြရပါဘူး၊ ဘုန်းတော်ကြီး တစ်ပါးဆိုရင် နှစ်ပေါင်း ရာချီပြီးတော့တောင် ဒီမှာ တရားထိုင် သွားတယ်၊ ပျံလွန်တော် မူသွားတဲ့ အထိပဲတဲ့"

ကျောက်ရှောင်ယွီက ပြောပြလိုက်လေသည်။

ဆန်းလျန်က ကျောက်ရှောင်ယွီ သိနေသည့် လျို့ဝှက်ချက် များအတွက် အံ့သြမနေတော့ပါ။ ဒီမိန်းကလေးကတော့ သိလိုက်ပြန်ပြီဟုသာ တွေးလိုက်မိလေသည်။ သို့သော် ဘုရားဖူးများ ဒီလောက် များပြားနေမှတော့ ဇာတ်လမ်း မျိုးစုံ အဖုံဖုံ ရှိမည်ပဲ ဖြစ်လေသည်။

ဆန်းလျန်က သူသာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ်ဆိုသည့်ရာထူးဖြင့် ဝန်ထုပ်ဝန်ပိုးများကို ထမ်းမထားရဘူး ဆိုလျှင် နာမည်ကြီး ဒေသများ၊ တောတောင် ရေမြေများကို ခရီးဆန့်ရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းမှာ ဖြစ်လေသည်။

ရေထဲတွင် အမြီးလေး ခါယမ်းပြီး ကူးခတ်သွားသည့် ငါးလေးများကို ရော့ရှီလေးက သဘောကျ နေလေသည်။ သူမက မြစ်ကမ်း နံဘေးတွင် ငါးလေးများကို လိုက်ဖမ်း နေလေသည်။

သူမဘဝတွင် တစ်ခါမှ ငါးမဖမ်းခဲ့ဖူးပေ။ သို့သော် သူမက ငါးတစ်ကောင် ဖမ်းလိုက်တိုင်း သီသီလေး လွတ်လွတ် သွားလေသည်။ သူမက ဖမ်းယူလိုက်တိုင်း ငါး၏ တည်ရှိမှု လမ်းကြောင်းနှင့် လွဲလွဲသွားသည်ကို သတိပြု လိုက်မိလေသည်။ ထို့ကြောင့် သူမက ငါး၏ တည်ရှိရာကို အာရုံခံလိုက်ပြီး ဖြည်းဖြည်းချင်း ဖမ်းယူ လိုက်လေသည်။ ငါးဆယ်ကောင်တွင် ကိုးကောင်လောက် သူမ ဖမ်းမိလေသည်။ သူမမှာ ငါးများကို ဖမ်းလိုက် ပြန်လွှတ်လိုက်ဖြင့် ဆော့ကစားရင်း ပျော်ရွှင် နေလေတော့သည်။

ကျောက်ရှောင်ယွီက သက်ပြင်း တစ်ချက်ချလိုက်ရင်း…

"ရှင့်တူမလေးကို ကျွန်မတပည့် ဖြစ်စေချင်လိုက်တာ၊ ရှင်ဘယ်လို သဘောရလဲ"

ရော့ရှီကဲ့သို့ ပါရမီရှင်လေးမျိုးမှာ တွေ့ရခဲသည်ဟု သူမတွေးနေမိသည်။

ငါး၏ပုံရိပ်သည် အစစ်အမှန်မှ အနည်းငယ် သွေဖယ်သွားသည်ကို တွက်ချက် နိုင်သည်မှာ စိတ်အာရုံ စူးစိုက်မှု ကောင်းမွန် လွန်းသောကြောင့် ဖြစ်လေသည်။

"မင်းဘယ်လိုုလုပ် သူမကို သင်ပေးနိုင်မှာလဲကွာ…"

ထိုစကားကို ဆန်းလျန်စိတ်ထဲမှ ပြောလိုက်မိခြင်း ဖြစ်လေသည်။

သို့သော် လက်တွေ့တွင်တော့….

"သူက သိပ်နေမကောင်းဘူး၊ ဆေးကု ပေးရဦးမယ်၊ နောက်မှ ထပ်စဉ်းစားကြတာပေါ့"

ဟု ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီက ရယ်မောလိုက်ရင်း…

"ကျွန်မတော့ သူ့ကို နေမကောင်းဘူးလို့ မထင်ပါဘူး၊ ရှင်က ရှင့်တူမကို တပည့်အဖြစ် မပေးချင်လည်း ရပါတယ်နော်"

ထိုအချိန်မှာပင် ရော့ရှီလေးမှာ ငါးဖမ်းရင်း အဝေးသို့ တဖြည်းဖြည်း ရောက်သွားသည့် အတွက် ဆန်းလျန်က ပြန်အော် ခေါ်လိုက်သည်။

"ရော့ရှီ၊ အဝေးကြီး လျှောက်မသွားနဲ့၊ ပြန်လာတော့"

"ရှင်က သူ့ကို တော်တော် ဂရုစိုက်တာပဲနော်၊ ရှင်ရော ကျွန်မရော ရှိနေတာပဲ၊ သူ ဘာမှ မဖြစ်ပါဘူး"

ကျောက်ရှောင်ယွီက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

ထို့နောက်သူမက မတ်တတ်ထရပ်လိုက်သည်။

ယခုအချိန်ထိ ထျန်းရှန်း အမိန့်တော် ဂိုဏ်းမှ လူများ ပေါ်မလာသေးသည့် အတွက် အသုံးမကျသည့် ဂိုဏ်းဟု သူမ တွေးနေ မိလေသည်။

ရုတ်တရက်…

ဆန်းလျန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။

ကျောက်ရှောင်ယွီ၏ စိတ်ထဲတွင်လည်း အေးစက်သည့် အန္တရာယ် အရိပ်အငွေ့ကို ခံစား လိုက်ရလေသည်။ အန္တရာယ် အငွေ့အသက်မှာ ကောင်းကင်ထက်မှ ပေါ်ထွက်လာခြင်း ဖြစ်လေသည်။

ချွန်ထက်သည့် မြားသုံးစင်းသည် ကောင်းကင်ကို ထိုးခွင်းကာ မြေပြင်ဆီသို့ ထိုးစိုက် ကျလာလေသည်။

မြားသုံးစင်း၏ ဦးတည်ရာမှာ ဆန်းလျန်၊ ကျောက်ရှောင်ယွီနှင့် ရော့ရှီတို့ ရှိရာသို့ ဖြစ်လေသည်။

ယုတ်မာသည့် တိုက်ခိုက်မှု အတွက် ဆန်းလျန်မှာ ဒေါသ ထွက်သွားရလေသည်။

ကျောက်ရှောင်ယွီက ပို၍ပင် ဒေါသ ထွက်သွားရသည်။

သူမက အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး သူမဆီသို့ ဝင်ရောက်လာသည့် မြားကို ရိုက်ထုတ် လိုက်သည်။ မြားက ရွှေရောင် အလင်းတန်းများ တောက်ပသွားပြီး ကျောက်ရှောင်ယွီ၏ အင်္ကျီလက်မှာ ပြဲသွားလေသည်။

ဆန်းလျန်ကတော့ ဓားရှည်ကို ဆွဲထုတ် လိုက်လေသည်။ သူကလေထဲမှ မြားနှစ်စင်းကို ဓားဖြင့် ခတ်ထုတ် လိုက်လေသည်။ ဓားထိပ်ဖျားမှာ တုန်ခါနေပြီး ဗလာနယ်ကိုပင် ထိုးဖောက် ပစ်လိုက်လေသည်။

ဆန်းလျန်မှာ ဆရာ ဘွားဘွားကျိလင်၏ ဗလာနယ်ဖျက် ဓားသိုင်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူ၏ဓားသိုင်းမှာ ကျိလင် နတ်သမီးကိုပင် မီလုနီးနေလေပြီ။ မြားနှစ်စင်းမှာ ဗလာနယ်ထဲသို့ ဝင်ရောက်သွားပြီး လိပ်ပြာ ပုံသဏ္ဌာန် အစိတ်စိတ် အမြွှာမြွှာ လွင့်စဉ်သွားလေသည်။

ကျောက်ရှောင်ယွီ၏ လက်ထဲတွင်တော့ မြားတစ်စင်းကို ဖမ်းထားလေသည်။ ထို့နောက် သူမက ကျောက်စိမ်း ဆံထိုးလေးကို ကောင်းကင်ထက်သို့ ပစ်လွှတ်လိုက်သည်။

ရုတ်တရက်ပင် ကောင်းကင်ထက်မှ သွေးမိုးများ ရွာကျ လာလေသည်။ သူတို့ကို လုပ်ကြံသူများမှာ လူရုပ်ပင် မမြင်ရဘဲ သွေးမိုး အဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။

ဆန်းလျန်က ရော့ရှီလေးကို သူ၏ ရင်ခွင်ထဲတွင် ကာကွယ် ပေးထားလေသည်။

မိန်းကလေးငယ်သည် ဦးလေး ဖြစ်သူကို ယုံကြည်မှု အပြည့်ရှိသည့် အတွက် ကြောက်ရွံ့ခြင်းများ ကင်းဝေး သွားရသည်။

ကျောက်ရှောင်ယွီက သူမလက်ထဲမှ မြားကို သေချာ ကြည့်လိုက်ရင်း…

"ဒါ တိမ်ခွင်းမြားပဲ ၊ ကျွန်မကို လုပ်ကြံချင်တာ ဖြစ်ရမယ်"

"မင်းကို ဆန့်ကျင်နေတာ ထျန်းရှန်း အမိန့်တော်ဂိုဏ်း တစ်ခုတည်း မဟုတ်ဘူးပဲ"

ဆန်းလျန်က ပြောလိုက်သည်။

တိမ်ခွင်း မြားကို ပြုလုပ်ထားသည့် သတ္တုမှာ လွန်စွာမှ မာကျောသည့် သတ္တုတစ်မျိုး ဖြစ်လေသည်။ မြားပေါ်မှာ ရေးထွင်းထားသည့် တာအိုစာလုံးမျာ ထိပ်တန်း အဂ္ဂိရတ်ပညာ စကားလုံးများ ဖြစ်လေသည်။ မြားမှာ အလွန်တန်ဖိုး ကြီးမားသည့် မြားဖြစ်လေသည်။

ဆန်းလျန်သာ မရှိလျှင် ကျောက်ရှောင်ယွီမှာ ကျိန်းသေ ဒဏ်ရာ ရသွားမည် ဖြစ်လေသည်။

"ကျွန်မက ဒါကို ဆန့်ကျင်တယ်လို့ မယူဆဘူး၊ ခုတလောမှာ လော်ဝါဒ ဂိုဏ်းတွေ အတော်များများဟာ အမည်မသိ အဖွဲ့တစ်ဖွဲ့က တိုက်ခိုက်တာ ခံနေရတယ်၊ သူတို့က ကျွန်မတို့လို ဂိုဏ်းကြီး မဟုတ်တဲ့ ဂိုဏ်းသေးသေး လေးတွေကို အကုန် နှိမ်နင်းပစ်တာ၊ ဒါပေမဲ့ အခုတော့ သူတို့က အင်အား ကြီးမားလာပြီး ကျွန်မရဲ့ ကြာပန်း ကိုးပွင့် ကျောင်းတော်ကိုတောင် ထိပါးရဲလာပြီပဲ"

ကျောက်ရှောင်ယွီက ထိုစကားများကို ပုံမှန်လေသံဖြင့်ပင် ပြောပြနေခြင်း ဖြစ်လေသည်။ သူမဘဝတွင် အန္တရာယ်ပေါင်း များစွာနှင့် ကြုံတွေ့ခဲ့ရပြီး ထိုသို့သော အဖြစ်အပျက်များက ထူးဆန်းခြင်း မရှိတော့ပေ။

အမည်မသိ အဖွဲ့မှာလည်း သူမနှင့် ရည်ရွယ်ချက် တူသည့် အဖွဲ့ဖြစ်ရမည်ဟု ကျောက်ရှောင်ယွီက ယူဆ ထားလေသည်။ ထို့ကြောင့် လော်ဝါဒ စည်းဝေးပွဲကြီးတွင် သူတော်စင် မိန်းမပျို အဖြစ် နေရာယူရန် အတွက် ဆန်းလျန်ကို အကူအညီ တောင်းခဲ့ရခြင်း ဖြစ်လေသည်။

သူမတွင်လည်း သူမ အစီအစဉ်နှင့် သူမရှိလေသည်။

သူမသာ လောဝါဒ၏ သူတော်စင် မိန်းမပျို ဖြစ်လာခဲ့လျှင် နောက်တစ်ဆင့်တွင် ယိဖန်း ဧကရီအဖြစ် တက်လှမ်းနိုင်မည် ဖြစ်လေသည်။ ထိုအခါ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကိုသာမက အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုကိုပင် ကြောက်စရာ မလိုတော့ပေ။ ထိုအချိန်သို့ ရောက်လာလျှင် လောကကြီး တစ်ခုလုံးကိုပင် ကိုင်လှုပ်နိုင်သည့် တန်ခိုး စွမ်းအားကို ရရှိမည် ဖြစ်လေသည်။

ခဏကြာသည့် အခါတွင်တော့ ဗုဒ္ဓ ရုပ်ပွားတော်ကြီး နောက်ကျောဘက်မှ လှေလေး တစ်စင်း ထွက်ပေါ် လာလေသည်။ ထိုလှေလေးတွင် အကန့် သုံးခု ကန့်ထားလေသည်။

လှေငယ်ကို လှော်ခတ် လာသူ လှေထိုးသမားက…

"မင်းတို့သုံးယောက်က ရှန်းထျန်း အမိန့်တော် ဂိုဏ်းကို လာတဲ့ ဂုဏ်သရေရှိ ဧည့်သည်တွေပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား"

ဟု လှမ်းအော် ပြောလိုက်သည်။

"ကျွန်မတို့က ဧည့်သည် မဟုတ်ဘူး၊ တိုက်ခိုက်ဖို့လာတာ"

ကျောက်ရှောင်ယွီက ပြန်ဖြေ လိုက်သည်။

သူမ၏ အသံက တန်ခိုး စွမ်းအားများဖြင့် ပြည့်ဝ နေလေသည်။ သူမ၏ အသံလှိုင်းများက လှေထိုးသမား လူငယ်ကို ရိုက်ခတ် သွားလေသည်။

လှေထိုးသမားက အသံလှိုင်းများ ဝင်ရောက် လာသည့်အတွက် အနောက်သို့ ခုန်ရှောင် လိုက်လေသည်။

သို့သော် သူ၏ မျက်လုံး၊ နှာခေါင်း၊ နားရွက်နှင့် ပါးစပ်များထဲမှ သွေးများ စီးကျလာလေသည်။ သို့တိုင်အောင် လှေထိုးသမားက တစ်ချက် မအော်ဟစ်ဘဲ မတ်တတ် ရပ်နေဆဲ ဖြစ်လေသည်။

ကျောက်ရှောင်ယွီက သူမ၏ တန်ခိုးစွမ်းအားများကို ပြန်လည် ရုတ်သိမ်း လိုက်ပြီး….

"ထျန်းရှန်း အမိန့်တော် ဂိုဏ်းမှာ မင်းလို လူမျိုးတွေလည်း ရှိသေးတာကိုး၊ မဆိုးဘူး၊ မဆိုးဘူး"

"နတ်သမီးက ချီးကျူး စကားဆိုတာကို မခံယူဝံ့ပါဘူး၊ ဒါနဲ့ မင်းတို့ဘာလို့ ကျုပ်ရဲ့ လှေပေါ် မတက်ကြ သေးတာလဲ၊ ကျုပ်ရဲ့လှေက သေးနေလို့လား"

လှေထိုးသမားက ပြန်ပြောလိုက်သည်။

လှေထိုးသမားမှာ ကျောက်ရှောင်ယွီကို မယှဉ်နိုင်သည့်တိုင် အဆင့်နိမ့်သူ တစ်ယောက်တော့ မဟုတ်ပေ။

သို့သော် ကျောက်ရှောင်ယွီကတော့ သူမ၏ ရန်သူဖြစ်ပါက အဆင့်နိမ့်သည် ဖြစ်စေ၊ အဆင့်မြင့်သည် ဖြစ်စေ သတ်ပစ်ရန် ဝန်လေးမည် မဟုတ်ပေ။ သူမကို အသနားခံမည် ဆိုလျှင်တောင် သူမက အလွတ် မပေးတတ်ပေ။

"ဒါဖြင့်လည်း လှေပေါ် တက်ကြရအောင်"

ဆန်းလျန်က ပြောလိုက်ခြင်း ဖြစ်သည်။

ကျောက်ရှောင်ယွီထံမှ လူသတ်လိုသည့် အရိပ်အငွေ့များကို ဆန်းလျန် ခံစားလိုက်မိ သောကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။ သူက လှေထိုး သမားကို သေစေလိုခြင်း မရှိပေ။

ကျောက်ရှောင်ယွီက ဆန်းလျန်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်သည်။ သူမ၏ အကြံအစည်ကို ဆန်းလျန် သိထားပြီးသား ဖြစ်လေသည်။

ထျန်းရှန်း အမိန့်တော် ဂိုဏ်းမှာ ကျောက်ဘုရား ဆင်းတုတော်ကြီး၏ အနောက်ဘက်ရှိ တောင်ပေါ်တွင် တည်ရှိလေသည်။ အလွန် လျှို့ဝှက်သည့် နေရာတစ်ခု ဖြစ်ပြီး ဂိုဏ်းအတွင်းသို့ ဝင်ရန်အတွက် ဂိုဏ်း၏ တံဆိပ်ပါမှသာ ဝင်ခွင့်ရလေသည်။

ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဌာနချုပ်မှာ တောင်ထိပ်တွ င်တည်ရှိလေသည်။

ထျန်းရှန်း အမိန့်တော်ဂိုဏ်း၏ ဂိုဏ်းချုပ် အသစ်သည် သူတို့ကို စောင့်ကြို နေလေသည်။ သူမသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်လိုက် နောက်ပါ ဂိုဏ်းသားများ ခြံရံကာ သူတို့ကို စောင့်နေလေသည်။

သူမက သူမ၏ လက်အောက်ခံ ဂိုဏ်းခွဲမှူး တစ်ယောက် ဖြစ်သည့် လှေထိုးသမားနှင့် အတူ ရောက်လာသည့် ဆန်းလျန်တို့ သုံးယောက်ကို ကြည့်နေလေသည်။

သူမနှင့် ဆန်းလျန် အကြည့်ချင်း ဆုံလိုက်သည့် အချိန်တွင်တော့ သူမ၏ မျက်ဝန်းများတွင် လှိုင်းများ တစ်ချက် ရိုက်ခတ် သွားလေသည်။

သူတို့နှစ်ယောက်လုံး အံ့သြ မှင်တက် သွားမိကြလေသည်။

"သူမ ဖြစ်နေတာကိုး…"

ဟု ဆန်းလျန် တွေးလိုက် မိလေသည်။

ကျောက်ရှောင်ယွီကလည်း အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ဂိုဏ်းချုပ် မိန်းမပျိုကို ကြည့်နေ လေသည်။

သူမ၏ အနီရောင် ဝတ်ရုံမှာ မီးတောက် တစ်ခုကဲ့သို့ တောက်ပနေပြီး သူမ၏ ပုံသဏ္ဌာန်မှာလည်း မက်မွန်ပန်းလေးတစ်ပွင့်အလား လှပလွန်းလှလေသည်။

***

All Chapters