အေးခဲသွားခြင်း
Vol. 50 Ch. 694
စိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသဖြင့် အဘိုးအိုမုမှာ ဆုတ်ခွာရန် စဉ်းစားလိုက်တော့သည်။ ဟန်လိမှာမူ တောင်နက်ကို လိုချင်တပ်မက်ပြီးအထင်ကြီးသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်၏။
ဤမျှ ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းသော ရတနာမှာ ဤအဘိုးအို ကိုယ်တိုင် သန့်စင်ထားခြင်း မဟုတ်ဘဲ ရှေးဟောင်းခေတ်မှ ကျန်ရှိနေခဲ့သော ရှေးဟောင်းရတနာ တစ်ခုသာ ဖြစ်ပေလိမ့်မည်။ ဤရတနာ၏ စွမ်းအားမှာ စဦးစိတ်ဝိညာဉ်နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်း ဟန်လိ သေချာပေါက် သိလိုက်ရသည်။
အကယ်၍ ထိုတိုက်ခိုက်မှုသာ ထိမှန်ခဲ့ပါက မည်သည့်တိုက်ပွဲကိုမဆို တစ်ချက်တည်းနှင့် အဆုံးအဖြတ် ပေးနိုင်ပေလိမ့်မည်။ ဤအရာကိုသာ ရရှိခဲ့ပါက သူ၏ အားနည်းနေသော တိုက်ခိုက်ရေးစွမ်းအား ပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ထို့အပြင် အဘိုးအို၏ လေဟုန်စီးရထားလုံးကိုလည်း သူ စိတ်ဝင်စားနေမိသည်။ ထိုသို့ တွေးတောရင်း ဟန်လိ၏ အကြည့်မှာ အဘိုးအိုထံသို့ ရောက်ရှိသွားပြီး သူ၏ အမူအရာမှာလည်း ရန်လိုသော အသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။ သူ၏ မျက်လုံးအစုံ၏ နက်ရှိုင်းသော နေရာတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်နေ၏။
ဟန်လိသည် အဘိုးအိုနှင့် အချိန်အကြာကြီး မတိုက်ခိုက်ရသေးသော်လည်း တစ်ဖက်လူ၏ အတတ်ပညာ အများစုကို နားလည်သွားပြီဖြစ်ကြောင်း ယုံကြည်မှု ရှိနေသည်။ အဘိုးအိုသည် ရေခဲဓာတ်အတတ်ပညာများကို အထူးပြု ကျင့်ကြံထားခြင်းမှာ သူ၏ ကံဆိုးမှုပင် ဖြစ်ပေလိမ့်မည်။ ဟန်လိ၏ နတ်ဘုရားရေခဲမီးတောက်နှင့် ဆိုပါက ထိုအတတ်ပညာများသည် ဟန်လိအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။ သူ့ကို တိုက်ခိုက်ခဲ့သော ရေခဲသလင်း အမြောက်အမြားကိုပင် သူသည် နတ်ဘုရားရေခဲမီးတောက်ဖြင့် အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်။
ဤရွှေ့ပြောင်းနိုင်သော တောင်နက်မှာ အဘိုးအို၏ အစွမ်းထက်ဆုံး ရတနာ ဖြစ်နိုင်သော်လည်း မိုးကြိုးမုန်တိုင်းတောင်ပံများ၏ ရုတ်တရက် ရွှေ့ပြောင်းနိုင်စွမ်းကြောင့် ဟန်လိကို အသုံးမဝင်ချေ။ ထို့ကြောင့် ဟန်လိသည် ဤအဘိုးအိုကို သတ်ဖြတ်ရန် ဖြစ်နိုင်ကြောင်း ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ဆုံးဖြတ်ချက် ချပြီးနောက်တွင်မူ ဟန်လိမှာ တွေဝေမနေတော့ချေ။ သူ၏လက်ထဲရှိ ရေခဲပန်းပွင့်များသည် တုန်ခါလာပြီး မိုးပြာရောင်အလင်းတန်းများ လင်းလက်လာကာ ကြက်ဥခန့်ရှိသော မီးတောက်တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။ ၎င်းမှာ သူ၏လက်ဝါးပေါ်တွင် ပျံဝဲနေပြီး ထူးဆန်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
ထိုအချိန်မှာပင် ဟန်လိသည် အားနေသော အခြားလက်တစ်ဖက်ဖြင့် ဓားကြီးနှင့် ငွေရောင်ခေါင်းလောင်းထံ လက်ညွှန်လိုက်သည်။ ထို့နောက် သူ၏မိုးကြိုးတောင်ပံများကို ခါယမ်းလိုက်ရာ မိုးခြိမ်းသံကြီးကိုသာ ချန်ထားခဲ့ပြီး ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ခဏတွင် သူသည် အဘိုးအိုနှင့် ပေတစ်ထောင်ခန့် အကွာ၌ မိုးပြာရောင် မီးတောက်ကို ကိုင်လျက် ပြန်လည် ပေါ်လာခဲ့သည်။
ဓားကြီးနှင့် ငွေရောင်ခေါင်းလောင်းမှာလည်း အလင်းတန်းများ တောက်ပလာပြီး အဘိုးအိုထံသို့ စူးရှသော အလင်းတန်းများအဖြစ် တိုးဝင်သွားကြသည်။ လမ်းခုလတ်တွင် ဓားကြီးမှာ ပေတစ်ရာခန့်ရှိသော ဓားအလင်းတန်း ရာပေါင်းများစွာအဖြစ် ရုတ်တရက် ကွဲထွက်သွားပြီး ကောင်းကင်ယံ၌ ပြည့်နှက်သွားကာ အဘိုးအိုကို ဝန်းရံလိုက်တော့သည်။ မိုးပြာရောင်အလင်းတန်းများမှာ အဆုံးမရှိ လင်းလက်နေပြီး ဓားအလင်းတန်းများသည် အဘိုးအို၏ အလင်းအတားအဆီးကို ပြင်းထန်စွာ ထိုးဖောက်ရန် ကြိုးစားနေကြသည်။ ခေါင်းလောင်းမှာလည်း ငွေရောင်အသံလှိုင်းများကို ထပ်ခါတလဲလဲ ထုတ်လွှတ်နေသဖြင့် အဘိုးအို၏ အလင်းအတားအဆီးမှာ တုန်ခါနေတော့သည်။
ဤတိုက်ခိုက်မှုများကြောင့် အဘိုးအိုမှာ အကြီးအကျယ် ထိတ်လန့်သွားသော်လည်း သတိရှိနေဆဲ ဖြစ်သည်။ သူသည် သူ၏အထက်ရှိ ပုလဲလုံးအတွင်းသို့ ဝိညာဉ်စွမ်းအား အမြောက်အမြားကို ပို့လွှတ်လိုက်ပြီး အတားအဆီးကို အားဖြည့်လိုက်ရုံတင်မကဘဲ မန္တာန်ချိပ်ဟန်တစ်ခုကိုလည်း ခပ်မြန်မြန် ပြုလုပ်လိုက်၏။ သူ၏ခန္ဓာကိုယ်မှ ပြာလွင်သော အလင်းတန်းများ ထွက်ပေါ်လာတော့သည်။ လေထဲတွင် တစ်ပတ် လည်ပတ်သွားပြီးနောက် ထိုအလင်းတန်းများသည် တစ်မီတာခန့်ရှိသော သလင်းရေခဲဒိုင်းလေးခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ပတ်လည်တွင် လည်ပတ်ကာကွယ်ပေးနေ၏။
ဤသလင်းရေခဲဒိုင်းများက သူ့ကို ကာကွယ်ပေးထားသဖြင့် အဘိုးအိုမှာ စိတ်အေးသွားတော့သည်။ သူသည် အဝေးရှိ တောင်နက်ကို ချက်ချင်း လှမ်းခေါ်လိုက်ရာ ၎င်းမှာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် သူရှိရာသို့ ပြန်လည် ပျံသန်းလာတော့သည်။ ထိုသို့ လုပ်ဆောင်နေစဉ်အတွင်းမှာလည်း ဟန်လိက သူ့ကို ရုတ်တရက် တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို မျက်ခြေမပြတ် ကြည့်နေမိ၏။
နောက်ထပ် မိုးခြိမ်းသံတစ်ခုနှင့်အတူ ဟန်လိသည် လျှပ်စီးအလင်းတန်းတစ်ခုနှင့်အတူ အဘိုးအိုနှင့် ပေ ၁၃၀ ခန့် အကွာတွင် ပေါ်လာသည်။ သူ၏လက်ထဲမှ စူးရှလှသော မိုးပြာရောင် အမျှင်တန်းပေါင်းများစွာ ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းမှာ မိုးပြာညအပ် ဟူသော ရတနာအဆောင်လက်ဖွဲ့၏ စွမ်းအားပင် ဖြစ်သည်။ ဤမျှ နီးကပ်သော အကွာအဝေးတွင် အဘိုးအိုမှာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ မရေမတွက်နိုင်သော မိုးပြာရောင် အမျှင်တန်းများသည် ပြာလွင်သော အလင်းအတားအဆီးကို ထိုးဖောက်သွားပြီး သလင်းရေခဲဒိုင်းများကို တိုက်ရိုက် ထိမှန်သွားတော့သည်။ ရေခဲများ ကွဲအက်သံများ လေထုထဲ၌ ပြည့်နှက်သွားပြီး အပ်များသည် ပြောင်လက်နေသော ရေခဲများဖြင့် ဖုံးလွှမ်းသွားကာ မြေပြင်သို့ ကျဆင်းသွားကြတော့သည်။
အဘိုးအိုမှာ ဤသည်ကို မြင်သောအခါ သူ၏ ထိတ်လန့်မှုမှာ ဝမ်းမြောက်မှုသို့ ပြောင်းလဲသွားတော့သည်။ သူသည် ရယ်မောလိုက်ပြီး သူ၏ပါးစပ်မှ ပြာလွင်သော အလင်းတန်းတစ်ခုကို ထွေးထုတ်ကာ အနီးဝန်းကျင်သို့ ရောက်နေသော ဟန်လိထံ တိုက်ရိုက်တိုက်ခိုက်လိုက်၏။ ဟန်လိသည် ငွေရောင်လင်းလက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခြင်းဖြင့် တစ်ဖက်သူ၏တိုက်ခိုက်မှုကို ပြန်တုံ့ပြန်သည်။
ထိုခဏတာအတွင်းမှာပင် တောင်နက်မှာ အဘိုးအို၏ အထက်သို့ ပျံသန်းရောက်ရှိလာတော့သည်။ တွေဝေမနေတော့ဘဲ အဘိုးအိုသည် တောင်ကြီးကို မန္တာန်ချိပ်ဟန်တစ်ခုဖြင့် ရိုက်ခတ်လိုက်ရာ ၎င်း၏ အောက်ခြေမှ အနက်ရောင်အလင်းတန်းကြီး တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ အဘိုးအိုကို ဗဟိုပြု၍ ထိုအလင်းတန်းသည် မိုးပြာရောင် ဓားအလင်းတန်း ရာပေါင်းများစွာနှင့် ကြီးမားသော ငွေရောင်ခေါင်းလောင်းကိုပါ ဝါးမြိုပိတ်လှောင်လိုက်၏။ ထိုရတနာများသည် လွတ်မြောက်ရန်အတွက် ချက်ချင်းပင် ယိမ်းထိုးလှုပ်ရှားကြသော်လည်း သူတို့၏ စွမ်းအားမှာ များစွာ အားနည်းသွားတော့သည်။
အဘိုးအိုမှာ ဤသည်ကို မြင်သောအခါ များစွာ စိတ်အေးသွားပြီး လေဟုန်စီးရထားလုံးကို ပြန်လည် ဆင့်ခေါ်လိုက်၏။ အမည်မသိသော အကြောင်းရင်းတစ်ခုကြောင့် အဘိုးအိုသည် ဟန်လိက ရေခဲပန်းပွင့်များကို မိုးပြာရောင်မီးတောက်ငယ်အဖြစ် ပြောင်းလဲလိုက်ကတည်းက ထိတ်လန့်မှုကို ခံစားနေရသည်။ ဟန်လိ၏ မိုးကြိုးမုန်တိုင်းတောင်ပံများ ပေါ်လာပြီးနောက်တွင်မူ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီဟု သူခံစားလိုက်ရသဖြင့် ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။
လေဟုန်စီးရထားလုံးအတွင်း၌ အဘိုးအိုမှာ ဘေးကင်းစွာ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ ဘေးဘက်မှ မိုးခြိမ်းသံကို ရုတ်တရက် ကြားလိုက်ရသည်။ အလင်းတန်းတစ်ခုနှင့်အတူ ဟန်လိသည် သူ၏ရှေ့၌ ရုတ်တရက် ပေါ်လာတော့သည်။
အား... အဘိုးအိုမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ဟန်လိ၏ လက်တစ်ဖက်က လျှပ်စီးတန်းတစ်ခုအလား အဘိုးအိုထံသို့ တိုးဝင်လာနေပြီး နတ်ဘုရားရေခဲမီးတောက်မှာ သူ၏လက်တစ်ပြင်လုံးကို ဖုံးအုပ်ထားပေသည်။
အဘိုးအိုမှာ သူ၏ရင်ထဲ၌ ထိတ်လန့်သွားသော်လည်း သလင်းရေခဲဒိုင်းများက သူ့ကို ကာကွယ်ရန် အလိုအလျောက် လှုပ်ရှားလိုက်ကြသည်။ အဘိုးအိုမှာ ဝမ်းမြောက်သွားပြီး ဟန်လိသည် မည်သည့်အကာအကွယ်မျှမပါဘဲ တိုက်ခိုက်နေခြင်းကြောင့် အေးခဲသွားတော့မည်ဟု ထင်မှတ်လိုက်၏။ သို့သော် ဗုန်းခနဲ အသံနှင့်အတူ မီးတောက်များ ဖုံးအုပ်ထားသော ဟန်လိ၏လက်မှာ သူ၏ရင်ဘတ်ကို ဖိထားပြီ ဖြစ်၏။
ထူးဆန်းသော ရေခဲမီးတောက်များသည် လျင်မြန်စွာ ပြန့်နှံ့သွားပြီး အဘိုးအိုကို ဝါးမြိုသွားတော့သည်။ ထိတ်လန့်နေသော အဘိုးအိုသည် သူနှစ်ပေါင်း ရာနှင့်ချီ၍ ကျင့်ကြံလာခဲ့သော ယန်မီးတောက်အနှစ်သာရကို ဆင့်ခေါ်လိုက်ပြီး ရေခဲများ သူ၏ ဦးခေါင်းအထိ ပြန့်နှံ့မသွားအောင် တားဆီးထားလေသည်။
ဟန်လိက ဤသည်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ အားနေသော လက်တစ်ဖက်ဖြင့် မိုးပြာရောင် ဓားချီစွမ်းအင် တစ်ခုကို ထုတ်လွှတ်ကာ အဘိုးအို၏ ဦးခေါင်းကို ရက်စက်စွာ ခုတ်ချလိုက်တော့သည်။ ခဏအကြာတွင် ရေခဲများက ကျန်ရှိနေသော ဦးခေါင်းအစိတ်အပိုင်းကိုပါ လျင်မြန်စွာ ဖုံးလွှမ်းသွားတော့သည်။
ပြတ်တောက်သွားသော အဘိုးအို၏ ဦးခေါင်းထိပ်မှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူ၏မျက်နှာနှင့်တူသော စဦးစိတ်ဝိညာဉ် တစ်ခုမှာ ပေါ်ထွက်လာတော့သည်။ ဟန်လိသည် ထို စဦးစိတ်ဝိညာဉ် ထံသို့ လျှပ်စီးတန်းတစ်ခုကို မှုတ်ထုတ်လိုက်သော်လည်း ၎င်းမှာ ချက်ချင်းပင် ကွယ်ပျောက်သွားခဲ့သဖြင့် လွဲချော်သွား၏။
ထိုစဦးစိတ်ဝိညာဉ်သည် ဟန်လိကို နာကြည်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ပြာလွင်သော ပုလဲလုံးကို ကိုင်လျက် ကောင်းကင်ယံကို ခွင်းကာ ပျံသန်းသွားတော့သည်။ တအောင့်အတွင်းမှာပင် ၎င်းကို မမြင်ရတော့ချေ။
ဟန်လိသည် ထွက်ခွာသွားသော စဦးစိတ်ဝိညာဉ်ကို အေးစက်စွာ ကြည့်လိုက်ပြီး မလှုပ်မယှက်ဘဲ အဘိုးအို၏ အလောင်းကိုသာ ဖမ်းကိုင်ထားလိုက်၏။ သူ၏ မိုးကြိုးမုန်တိုင်းတောင်ပံများမှာလည်း ရုတ်တရက် ရွှေ့ပြောင်းနိုင်စွမ်း ရှိသော်လည်း ရွှေ့ပြောင်းမှု တစ်ခုနှင့်တစ်ခုကြားရှိ ကြာချိန်ကြောင့် ထိုသူနောက်သို့ လိုက်မီရန် ခက်ခဲပေလိမ့်မည်။ ချက်ခြင်း အသေသတ်ပစ်ရန် မလိုအပ်သေးတာကတစ်ကြောင်း တစ်ဖက်သူက သူ့ပထမဆုံး တိုက်ခိုက်မှုမှ လွတ်မြောက်သွားနိုင်တာက တစ်ကြောင်းကြောင့် ဟန်လိသည် ထိုသူ့ကို လွှတ်ပေးလိုက်တော့၏။
ဟန်လိမှာ အမူအရာ ကင်းမဲ့စွာဖြင့် သူ၏လက်ကို ခါယမ်းလိုက်ရာ အဘိုးအို၏ အေးခဲနေသော အလောင်းမှာ အပိုင်းပိုင်း ကွဲကြေသွားပြီး ကောင်းကင်ယံ၌ ပြောင်လက်နေသော မိုးပြာရောင် ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားလေတော့သည်။
(ဘာသာပြန်သူမှတ်ချက်….ကောင်းကင်လေဟာနယ်ခန်းမအတွင်း၌ ပညာရှိအိုချင်းယီက ဟန်လိကို သည်မိုးပြာညအပ်များ အဆောင်ကို ပေးခဲ့ခြင်းပင်။ ဤသည်ကို အပိုင်း (၄၆၈) တွင် ပြန်ကြည့်နိုင်ပါသည်။ ၎င်းရတနာအဆောင်ကို လမ်းခြောက်သွယ်လက်နက်တော်စင်၏ တပည့်ဖြစ်သူ ဝမ်ထျန်ရန်နှင့် တိုက်ပွဲတုန်းကသာ သူ အသုံးပြုခဲ့ဖူး၏။ အပိုင်း (၅၇၂) တွင် ထိုတိုက်ပွဲအကြောင်း ပြန်ဖတ်နိုင်ပါသည်။)