← Chapters

ရတနာများကို ဝေစုခွဲခြင်း

Vol. 50 Ch. 700

ရတနာများကို ဝေစုခွဲခြင်း

Vol. 50 Ch. 700

ရတနာစင်သုံးစင်ကို ပထမထပ်၏ အလယ်ဗဟိုတွင် အစဉ်လိုက်အတိုင်း ချထားပြီး အားလုံးက အထင်အရှား မြင်နေရသည်။

ပထမစင်တွင် တောက်ပနေသော ရှေးဟောင်းရတနာများနှင့် မန္တာန်ရတနာ ဆယ့်ခြောက်ခုရှိ၏။ ဒုတိယစင်တွင်မူ လက်သီးဆုပ်ခန့်ရှိသော သံတုံးများမှသည် သွေးရောင်သန်းနေသော သလင်းခဲများအထိ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံရှိသည့် ရှားပါးပစ္စည်းများ ရှိနေသည်။ တတိယစင်တွင်မူ ပစ္စည်းအနည်းဆုံးဖြစ်ပြီး လက်မအနည်းငယ်သာရှိသော ဆေးပုလင်း အနည်းငယ်သာ ရှိပြီး ၎င်းတို့အတွင်း၌ ဆေးလုံးများ ပါရှိပုံရသည်။

ဟန်လိက သူ၏အကြည့်ဖြင့် ရတနာများကို အမူအရာကင်းမဲ့စွာ ဝှေ့ယမ်းကြည့်လိုက်သော်လည်း တည်ငြိမ်သောအသွင်ကို ဆက်လက်ထိန်းသိမ်းထား၏။ အခြားသူများသည်လည်း ထို့အတူပင် တည်ငြိမ်နေကြသော်လည်း မည်သူမျှ ရတနာများကို မိမိသဘောအတိုင်း ကိုင်တွယ်ခြင်းမပြုရဲကြချေ။ သူတို့သည် ရတနာတစ်ခုချင်းစီ၏ တန်ဖိုးနှင့် အသုံးဝင်ပုံကိုသာ မျက်စိဖြင့် ဆန်းစစ်နေကြပြီး မကြာမီ ရတနာများကို ခွဲဝေကြတော့မည် ဖြစ်သည်။

ခဏအကြာတွင် မြို့စားကြီးနန်းလုံက ရှေ့သို့ လှမ်းထွက်လိုက်ပြီး အဖွဲ့ကိုယ်စား ရတနာများကို စတင်စစ်ဆေးတော့သည်။ ကျန်ရှိသောသူများမှာမူ ရတနာများ၏ မူလအစနှင့် အသုံးပြုပုံများကို ရင်းရင်းနှီးနှီး ဆွေးနွေးနေကြသော်လည်း သူတို့၏စိတ်ထဲတွင် ဘာတွေတွေးနေကြသည်ကိုမူ မည်သူမျှ မသိနိုင်ချေ။

ထိုအချိန်တွင် ဟန်လိက အခန်းပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ရာ ရတနာစင်များအပြင် ဆုတောင်းဖျာတစ်ခုနှင့် ပြတင်းပေါက်နားတွင် ချထားသော စိမ်းမြမြ အပင်လေးတစ်ပင်ကို တွေ့လိုက်ရသည်။

ဟန်လိ စိတ်လှုပ်ရှားသွားပြီး ထိုနေရာသို့ သွားရန် ပြင်လိုက်စဉ်မှာပင် ဆံပင်ဖြူအဘိုးအိုက ဆုတောင်းဖျာရှေ့သို့ လျှပ်ခနဲ ရောက်ရှိသွားတော့သည်။ အဘိုးအိုက လက်တစ်ချက်ဝှေ့ယမ်းကာ ဆုတောင်းဖျာကို လှမ်းယူလိုက်ပြီး စတင်စစ်ဆေးနေ၏။

ဟန်လိက မျက်မှောင်ကြုတ်လိုက်ပြီး ဆုတောင်းဖျာအစား ပြတင်းပေါက်နားရှိ အပင်လေးထံသို့ လျှောက်သွားကာ အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ သူ စစ်ဆေးနေစဉ်မှာပင် သူ၏အနောက်မှ ချိုသာသော အသံတစ်ခုကို ကြားလိုက်ရ၏။

"စီနီယာဟန်က ဒီ ယင်ဓာတ်ကြွယ်ဆေးပင်ကို စိတ်ဝင်စားလို့လား။ ဒါက ရှားပါးလှပေမဲ့ ယင်အမျိုးအစား ဆေးလုံးတွေ ဖော်စပ်ဖို့အတွက် အကောင်းဆုံး ပစ္စည်းတစ်ခုပဲ။ ဆေးအစွမ်းကို ဘေးထွက်ဆိုးကျိုးမရှိဘဲ တိုးမြင့်ပေးနိုင်တယ်လေ"

ဟန်လိက ထူးဆန်းသော မျက်နှာထားဖြင့် ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ရာ သူ၏အနောက်တွင် ယန်ရုယန် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဟန်လိက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"ယင်ဓာတ်ကြွယ်ဆေးပင်က တခြားဆေးပင်တွေနဲ့ မတူဘူး။ သူက နှစ်တစ်ရာ သက်တမ်းရှိမှသာ ဆေးဖက်ဝင်မှု အကောင်းဆုံး ဖြစ်တာ။ အခုလို သက်တမ်း အများကြီး ရင့်သွားတဲ့အခါမှာတော့ အသုံးမဝင်တော့ဘူး"

ဟန်လိက အခန်းထဲသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်ရာ ဝမ်ချန်က သူ၏ ဒုတိယဦးလေးဖြစ်သူ ဝမ်ထျန်းကူ နောက်သို့ အနီးကပ် လိုက်ပါနေသည်ကို တွေ့လိုက်ရသည်။ ဝမ်ချန်က ဦးလေးဖြစ်သူနှင့် တစ်ခုခုကို စိတ်လှုပ်ရှားစွာ နှစ်ကိုယ်ကြားလေသံဖြင့် ပြောနေပြီး ယန်ရုယန် ဘာလုပ်နေသည်ကို သတိထားမိချေ။ ယန်ရုယန်က ပြုံးလိုက်ပြီး ဟန်လိကို တောက်ပသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ဆိုလိုက်သည်။

"စီနီယာဟန်က အစီအရင်အတတ်တင်မကဘဲ ဆေးလုံးဖော်စပ်တဲ့ နေရာမှာပါ ကျွမ်းကျင်လိမ့်မယ်လို့ ကျွန်မ မထင်ထားဘူး။ တကယ့်ကို အားကျမိပါတယ်"

ထိုအမျိုးသမီး၏ စကားပြောလိုစိတ် ပြင်းပြနေမှုကြောင့် ဟန်လိက အထူးသတိထားလိုက်သည်။ သူက ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်၏။

"ဆေးလုံးဖော်စပ်တာလား... အနည်းအကျဉ်းပါပဲ။ ဒါနဲ့ မိတ်ဆွေယန်... မင်းရဲ့ ခင်ပွန်းနဲ့ ငါ့ကြားက ဆက်ဆံရေးကို မင်းသိရဲ့လား။ ငါနဲ့ စကားပြောနေတာကို မင်းခင်ပွန်း သိသွားရင် သူ အငြှိုးထားမှာ မင်းမကြောက်ဘူးလား"

ယန်ရုယန်၏ အပြုံးမှာ ပျောက်ကွယ်သွားပြီး မတတ်သာသည့်လေသံဖြင့် ဆိုလိုက်သည်။

"ဒါပေါ့... ကျွန်မ သိပါတယ်။ ဒါပေမဲ့ စီနီယာနဲ့ ကျွန်မခင်ပွန်းကြားက ရန်ငြိုးတွေကို ဖြန်ဖြေပေးနိုင်ဖို့ ကျွန်မ မျှော်လင့်နေတုန်းပဲ"

ဟန်လိက မျက်ခုံးပင့်လိုက်ပြီး သူ၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာကာ ဆိုလိုက်၏။

"ဖြန်ဖြေမယ် ဟုတ်လား။ မင်းတို့ရဲ့ မိစ္ဆာတာအိုဂိုဏ်းတွေနဲ့ ငါတို့ရဲ့ ကောင်းကင်တာအိုမဟာမိတ်က အမြဲတမ်း ရန်ဘက်တွေပဲ။ ဖြန်ဖြေစရာ ဘာရှိလို့လဲ"

ယန်ရုယန်က ခါးသီးစွာ ပြုံးလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် မြို့စားကြီးနန်းလုံက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

"မိတ်ဆွေတို့ ဒီကို လာကြဦး။ အပေါ်ထပ်ကို မတက်ခင် ဒီထပ်က ရတနာတွေကို အရင်ခွဲဝေကြရအောင်"

မြို့စားကြီး ပြောလိုက်သည်နှင့် ဟန်လိက ယန်ရုယန်ကို ဂရုမစိုက်တော့ဘဲ လျှောက်သွားတော့သည်။ ယန်ရုယန်၏ လှပသော မျက်နှာထက်တွင် ခံစားချက်မျိုးစုံ ဖြတ်ပြေးသွားပြီးနောက် သူမကလည်း လှပစွာ လိုက်ပါသွားတော့၏။ ဝမ်ချန်က ယန်ရုယန်သည် ဟန်လိနောက်သို့ လိုက်လာသည်ကို မြင်သောအခါ အနည်းငယ် စဉ်းစားမရ ဖြစ်သွားသော်လည်း သူမကို သေချာစူးစိုက်၍ တစ်ချက်ကြည့်ပြီးနောက် ဘာမှမပြောဘဲ တိတ်တဆိတ် နေရန်သာ ဆုံးဖြတ်လိုက်သည်။ ဝမ်ထျန်းကူကမူ ထိုကိစ္စကို လျစ်လျူရှုထား၏။

မြို့စားကြီးနန်းလုံက ပစ္စည်းအားလုံးကို စင်တစ်ခုပေါ်တွင် စုစည်းထားပြီး တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကဲ... ပါဝင်တဲ့ ပစ္စည်းတွေကို ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရအောင်။ ဒီမှာ ရှေးဟောင်းရတနာ ခြောက်ခု၊ မန္တာန်ရတနာ ဆယ်ခု၊ အမယ်ပစ္စည်းတွေနဲ့ ဆေးလုံးတွေကို တန်ဖိုးအလိုက် ရှစ်ပုံ ခွဲထားပါတယ်။ အားလုံး အလိုချင်ဆုံးကတော့ ရှေးဟောင်းရတနာတွေပဲ ဖြစ်လိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က ပြန်ပြီး သန့်စင်စရာ မလိုဘဲ အစွမ်းအပြည့် ထုတ်သုံးလို့ ရတာကိုး။ ဒါပေမဲ့ ဒီမန္တာန်ရတနာတွေကလည်း သာမန်ပစ္စည်းတွေ မဟုတ်ပါဘူး။ ဒါတွေက သခင်ကြီးချန်ကုန်းရဲ့ အစွမ်းထက်တဲ့ ရန်သူတွေဆီက ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေပဲ။ သူတို့ရဲ့ အစွမ်းက အင်မတန် ကြီးမားလိမ့်မယ်။ အချိန်နည်းနည်းပေးပြီး သန့်စင်လိုက်မယ်ဆိုရင် အစွမ်း ၇၀ ရာခိုင်နှုန်းလောက်အထိ ထုတ်သုံးနိုင်မှာဖြစ်လို့ တကယ်ကို တန်ဖိုးရှိပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ မိတ်ဆွေဝမ်ချန်နဲ့ ယန်ရုယန်... မင်းတို့ကတော့ တစ်ပုံပဲ ရလိမ့်မယ်"

အမျိုးသမီးထိုက်က သူမ၏ အသက်အရွယ်ကို အခွင့်ကောင်းယူကာ ပွင့်ပွင့်လင်းလင်းပင် ရှေ့ထွက်ပြောလိုက်၏။

"ကျွန်မက အိုနေပြီဆိုတော့ မန္တာန်ရတနာတွေကို သန့်စင်ဖို့ ဘယ်မှာ အချိန်ရှိတော့မှာလဲ။ ရှေးဟောင်းရတနာပဲ ယူမှာပေါ့…"

အခြားသူများကမူ ဘာမှပြန်မပြောကြသော်လည်း စိတ်ထဲမှ ခါးသီးစွာ ရယ်မောလိုက်ကြသည်။ ထိုအချိန်တွင် ဝမ်ထျန်းကူက လေးနက်သော လေသံဖြင့် မြို့စားကြီးနန်းလုံကို ဆိုလိုက်၏။

"မိတ်ဆွေနန်းလုံနဲ့ မိတ်ဆွေယွမ်တို့က အရင်ဆုံး မရွေးကြဘူးလား။ ဒုတိယထပ်မှာ ခင်ဗျားတို့ လိုချင်တဲ့ ပစ္စည်း ရှိချင်မှ ရှိမှာနော်"

မြို့စားကြီးနန်းလုံ၏ မျက်နှာမှာ သုန်မှုန်သွားပြီး အေးစက်စွာ ဆိုလိုက်သည်။

"ညီအစ်ကိုဝမ်... မင်း ဘာကို ဆိုလိုတာလဲ"

ဆံပင်ဖြူအဘိုးအိုကလည်း ဝမ်ထျန်းကူကို မဖော်ရွေသော အကြည့်ဖြင့် စိုက်ကြည့်နေ၏။ ဝမ်ထျန်းကူကမူ လျစ်လျူရှုကာ ရယ်မောလျက် ဆိုလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားတို့ ဒီရတနာတွေကို အရင်မရွေးဘူးဆိုရင် နှမြောစရာ ကောင်းလိမ့်မယ်လို့ ထင်လို့ပါ"

မြို့စားကြီးနန်းလုံက နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

"ဒီမှာ ငါနဲ့ မိတ်ဆွေယွမ်တို့ ဦးစားပေးပြီး ယူချင်တဲ့ ပစ္စည်း ဘာမှမရှိဘူး။ မိတ်ဆွေဟန်ကတော့ သူရထားတဲ့ ဦးစားပေးခွင့်ကို သုံးမလား၊ မသုံးဘူးလား ဆိုတာကတော့ သူ့အစီအစဉ်ပဲ"

မြို့စားကြီးက ဝမ်ထျန်းကူ၏စကားကို အတော်လေး မကျေမနပ် ဖြစ်သွားပုံရသည်။ ဟန်လိက သူ၏မေးစေ့ကို ပွတ်သပ်ရင်း အေးဆေးစွာ ဆိုလိုက်၏။

"ကျွန်တော်လည်း ကျွန်တော့်ရဲ့ ဦးစားပေးခွင့်ကို မသုံးသေးပါဘူး။ ဒုတိယထပ်အတွက်ပဲ ချန်ထားလိုက်တော့မယ်"

ဝမ်ထျန်းကူက အားမနာဘဲ ပြောလိုက်သည်။

"ဒါဆိုရင်လည်း ငါတို့ ရတနာတွေကို အချိုးကျ ခွဲဝေကြတာပေါ့။ တကယ်လို့ ရှေးဟောင်းရတနာကို ရွေးမယ်ဆိုရင် နောက်ပိုင်းမှာ မန္တာန်ရတနာတွေကို ထပ်ယူခွင့် မရှိတော့ဘူး။ ဒါကို မိတ်ဆွေတို့ သဘောတူကြလား"

"အဲဒီနည်းလမ်းက အဆင်ပြေပါတယ်။ ကျုပ် သဘောတူတယ်…"

"ကောင်းပြီလေ…"

အခြားသူများသည်လည်း ဤသည်မှာ တရားမျှတသည်ဟု ခံစားရသဖြင့် သဘောတူလိုက်ကြသည်။ ထို့ကြောင့် ဟန်လိက မန္တာန်ရတနာများကို ရွေးချယ်ခွင့်ကို စွန့်လွှတ်လိုက်၏။ ဆံပင်ဖြူအဘိုးအိုနှင့် အသားညိုသူတို့ကမူ ရှေးဟောင်းရတနာများကို စွန့်လွှတ်လိုက်ကြပြီး မန္တာန်ရတနာ နှစ်ခုစီနှင့် ဆေးလုံး၊ ပစ္စည်းများကို တစ်ပုံစီ ယူလိုက်ကြသည်။ အခြားသူများကမူ ရှေးဟောင်းရတနာ တစ်ခုစီသာ ယူလိုက်ကြ၏။

ဟန်လိက ဝါးကျည်တောက် တစ်ခုကို ရရှိခဲ့သည်။ ၎င်း၏အစွမ်း သို့မဟုတ် စွမ်းရည်ကို သူ မသိသော်လည်း ထိုပစ္စည်းကို ဂရုမစိုက်ဟန်ဖြင့် သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။ သူသည် ဆေးလုံးများနှင့် ကျန်အမယ်ပစ္စည်းများကိုလည်း တစ်ပုံစီ ယူလိုက်သည်။

ဟန်လိနှင့် အခြားသူများ ရတနာများကို အသီးသီး ယူပြီးနောက် ပထမထပ်ရှိ ပစ္စည်းများကို ခွဲဝေခြင်း ပြီးဆုံးသွားတော့သည်။ ဆုတောင်းဖျာကိုမူ ဆံပင်ဖြူအဘိုးအိုက တန်ဖိုးမရှိဟု ယူဆကာ ကြမ်းပြင်ပေါ်သို့ ပစ်ချထားခဲ့သည်ကို ဟန်လိ သတိပြုမိလိုက်၏။ ယင်ဓာတ်ကြွယ်ဆေးပင် ကိုလည်း လူအများ သိကြသော်လည်း မည်သူမျှ စိတ်ဝင်စားကြချေ။

ဟန်လိက စိတ်ထဲမှ ခါးသီးစွာ ရယ်မောလိုက်မိသည်။ မည်သူမျှ ၎င်းကို ယူမည့်သူမရှိကြောင်း သူ သိလိုက်၏။ ဤ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကြီးများမှာ နေရာအနှံ့ကို အသေအချာ စစ်ဆေးခဲ့ကြသဖြင့် ဝှက်ထားသော ရတနာများ ရှိမရှိကိုလည်း သိထားကြပုံရသည်။

ထိုကျင့်ကြံသူကြီးများမှာ ပထမထပ်ကို နောက်တစ်ကြိမ် စစ်ဆေးပြီးနောက် ဒုတိယထပ်သို့ တက်လာခဲ့ကြရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားကြတော့သည်။

ဒုတိယထပ်သို့ ရောက်သည်နှင့် အမွှေးနံ့သာနံ့များကို ခံစားလိုက်ရ၏။ လှေကားထိပ်တွင် နတ်စင်ငယ်လေးတစ်ခု ရှိနေသည်။ သည့်အပြင် လက်ခြောက်ဖက် ဦးချိုတစ်ချောင်း ပိုင်ဆိုင်ထားသည့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာရုပ်တု တစ်ခု ရှိနေသည်။ ၎င်းမှာ အင်မတန် သက်ဝင်လှပေသည်။ ထိုရုပ်တုရှေ့တွင် မီးခိုးဖြူများ ထွက်ပေါ်နေသော နီရဲသည့် အိုးကြီးတစ်လုံး ရှိနေပြီး ၎င်းမှာ လေထဲရှိ အမွှေးနံ့သာများ၏ အစပင် ဖြစ်သည်။

မြို့စားကြီးနန်းလုံနှင့် အခြားသူများမှာ သခင်ကြီးချန်ကုန်းက မိစ္ဆာသားရဲ တစ်ကောင်ကို ကိုးကွယ်ထားသည်ကို မြင်ရသဖြင့် ထိတ်လန့်သွားကြ၏။ သို့သော်လည်း ဟန်လိကမူ ထိုရုပ်တုကို မြင်လိုက်ရသောအခါ ရင်ခုန်သွားမိသည်။ ထိုရုပ်တုမှာ သူ၏ အထွတ်အမြတ်မူလကျောက်ပြား ထဲမှ မိစ္ဆာသားရဲနှင့် တစ်ပုံစံတည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အကြည့်နှင့် ကောင်းကင်သို့ မြှောက်ထားသော လက်ခြောက်ဖက်မှာလည်း အတူတူပင် ဖြစ်သည်။

ထို့နောက် ဟန်လိက ဒုတိယထပ်ရှိ အခြားနေရာများကို ကြည့်လိုက်၏။ ပေသုံးဆယ်ခန့် အကွာတွင် သာမန်စားပွဲနှင့် ကုလားထိုင် တစ်ခုကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင် မင်တုံး၊ စုတ်တံ၊ ဝါးမှတ်တမ်းလိပ်များနှင့် အခြားပစ္စည်းများစွာ ရှိနေ၏။ နတ်စင်နှင့် ဆန့်ကျင်ဘက် တစ်ဖက်တွင်မူ အပြာရောင် ကျောက်စိမ်းကုတင် တစ်ခု ရှိနေသည်။ ၎င်းမှာ အဝေးကပင် အေးစက်သော အငွေ့အသက်များကို ထုတ်လွှတ်နေသဖြင့် ရေခဲကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရ၏။ ကုတင်အပေါ်တွင်မူ ထင်ရှားလှသော ကျောက်စိမ်းသေတ္တာ သုံးလုံး ရှိနေလေသည်။

ဒုတိယထပ်မှာ သခင်ကြီးချန်ကုန်း၏ အိပ်ခန်း ဖြစ်ပုံရပေသည်။

ဆံပင်ဖြူအဘိုးအိုက အေးစက်သော ကျောက်စိမ်းကုတင်ဘေးသို့ လျှပ်ခနဲ ရောက်ရှိသွားပြီး ကျောက်စိမ်းသေတ္တာ တစ်လုံးကို လှမ်းယူလိုက်၏။

"ခဏနေဦး…"

ထိုသို့ပြောလိုက်သည်နှင့် ကုတင်ဘေးသို့ နောက်ထပ် ပုံရိပ်တစ်ခု ရောက်လာပြန်သည်။ ထိုသူ၏ လက်မှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အဘိုးအို၏ ကျောဘက်သို့ ချိန်ရွယ်လိုက်၏။ ဆံပင်ဖြူအဘိုးအိုက သူ၏လက်ကို ပြန်ရုပ်သိမ်းကာ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး ဒေါသတကြီးဖြင့် တိုက်ခိုက်သူကို စိုက်ကြည့်ကာ ဆိုလိုက်သည်။

"မင်း ဘာလုပ်တာလဲ။ ငါနဲ့ လက်သီးချင်း ဖလှယ်ချင်လို့လား"

All Chapters