တောရိုင်းမြေမှ အန္တရာယ်
Vol. 50 Ch. 688
မြို့စားကြီးနန်းလုံနှင့် ယွမ်မျိုးနွယ်စု ဝတ်စုံဖြူအဘိုးအိုတို့က ရတနာများကို အရင်ဆုံး ရွေးချယ်ခွင့်ယူခြင်းအပေါ် အခြားသူများက ထူးဆန်းသည်ဟု မထင်ကြပေ။ ထိုသူနှစ်ဦးမှာ ဤခရီးစဉ်ကို စတင်ဖော်ဆောင်သူများ ဖြစ်ရုံသာမက ကျင့်ကြံမှုအဆင့်လည်း အမြင့်ဆုံးဖြစ်သဖြင့် ရတနာများကို ပိုမိုဝေစုရရှိခြင်းမှာ သဘာဝကျလှပေသည်။
မမျှော်လင့်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် အဖွဲ့တစ်ခုလုံးက ထိုအစီအစဉ်ကို ချက်ချင်းပင် သဘောတူလိုက်ကြသည်။ အဖွဲ့သည် ကုန်စည်ဖလှယ်ပွဲ မပြီးဆုံးမီ နှစ်ရက်အလိုတွင် စတင်ထွက်ခွာကြမည်ဖြစ်သည်။ ဤလျှို့ဝှက်ချက်ကို မပေါက်ကြားစေရန်အတွက် 'နှလုံးသားမိစ္ဆာကတိသစ္စာ' ပြုလုပ်ပြီးနောက် ထိုတွေ့ဆုံပွဲကို အဆုံးသတ်လိုက်ကြသည်။
မြို့စားကြီးနှင့် ဝတ်စုံဖြူအဘိုးအိုတို့မှာ အလွန်ပင် ယုံကြည်မှုရှိနေသည်ကို ဟန်လိ သတိထားမိလိုက်သည်။ သူတို့သည် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူများ ကောက်ကျစ်သည့် နည်းလမ်းများ သုံးလာမည်ကို လုံးဝ စိုးရိမ်ပုံမရပေ။ ရတနာရှိသည့်နေရာနှင့် အစီအရင်ကို ချေဖျက်သည့် နည်းလမ်းကို သူတို့နှစ်ဦးသာ သိရှိထားခြင်းအပြင် သူတို့၏ ပါးနပ်မှုနှင့် စွမ်းရည်များကို ထည့်တွက်ကြည့်လျှင် အခြားသူများအနေဖြင့် မရိုးသားသော အကြံအစည်များ ကြံစည်ဝံ့ကြမည်မဟုတ်ပေ။
ဟန်လိကိုယ်တိုင်လည်း ထိုအချက်ကို လက်ခံ၏။
ဟန်လိသည် စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်သို့ ရောက်ရှိပြီးကတည်းက သင့်တော်သော ဆေးလုံးများမရှိသဖြင့် သူ၏ မိုးပြာအနှစ်သာရ ဓားပညာရပ် ကျင့်ကြံမှုမှာ အလွန်တရာ နှေးကွေးနေခဲ့သည်။ အကယ်၍ သူသာ သာမန်အတိုင်း နှစ်ပေါင်းသုံးရာကြာအောင် ခါးစည်းကျင့်ကြံနေပါက စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်၏ အထွက်အထိပ်သို့ပင် ရောက်ရှိနိုင်မည်မဟုတ်ကြောင်း သူ တွက်ချက်ထားသည်။
စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ ပါရမီထက် ကံတရားအပေါ်၌သာ မူတည်တော့မည်ဖြစ်သည်။ ဤအဆင့်အထိ ရောက်ရှိလာနိုင်သော စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအားလုံးမှာ ထူးချွန်သော ပါရမီရှင်များချည်း ဖြစ်ကြသည်။
ဟန်လိ၏ မူလအစီအစဉ်အရ ကုန်စည်ဖလှယ်ပွဲပြီးလျှင် နှစ်ပေါင်းတစ်ရာကျော်ကြာအောင် တံခါးပိတ်ကျင့်ကြံနေရန် ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအတတ်ပညာ တိုးတက်လာမှသာ သူ၏ လှိုဏ်ဂူနေအိမ်မှ ထွက်ခွာပြီး ရှေးဟောင်းကျင့်ကြံသူများ၏ အပျက်အစီးများ သို့မဟုတ် သဘာဝရတနာများ ပေါများသည့် နေရာများကို ရှာဖွေရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်မှသာ နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ သို့သော် ယခုအခါ ကျော်ကြားလှသော နတ်ဆိုးကျဆုံးခန်း ချောက်ကမ်းပါး၏ ရတနာများအကြောင်း ကြားသိရသည့်အခါ ဟန်လိအနေဖြင့် လက်လွှတ်မခံနိုင်တော့ပေ။ ဤသည်မှာ သူ လိုအပ်နေသော အခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်သည်။
အခြားသူများလည်း ထိုအတွေးမျိုး ရှိကြမည်မှာ သေချာပါသည်။
ထိုစဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူအိုကြီးများမှာ စဦးစိတ်ဝိညာဉ် အစောပိုင်းအဆင့်၌ နှစ်ပေါင်းများစွာကြာအောင် ပိတ်မိနေကြသူများ ဖြစ်သည်။ ကျင့်ကြံမှု အဆင့်တက်လှမ်းနိုင်မည့် ဤကဲ့သို့သော အခွင့်အရေးမျိုးကို သူတို့ စွန့်လွှတ်ကြမည် မဟုတ်ပေ။ ထိုနေရာမှာရှိမည့် နည်းစနစ်များနှင့် ဆေးလုံးများမှာ အလွန်တရာ အရေးပါလိမ့်မည်။
ထို့အပြင် တစ္ဆေဝိညာဉ်ဂိုဏ်း၏ သခင်လေးကလည်း သူတို့နှင့်အတူ လိုက်ပါလာမည်ဖြစ်သဖြင့် လမ်းခရီးတွင် သူ့ကို သတ်နိုင်မည့် အခွင့်အရေးရပါက ဟန်လိအနေဖြင့် လက်နှေးနေမည် မဟုတ်ပေ။ ဝမ်ထျန်းကူ မြင်သွားလျှင်ပင် ဘာအရေးနည်း။ မိစ္ဆာတာအိုနှင့် ကောင်းကင်တာအိုမဟာမိတ်တို့မှာ ရန်သူများ ဖြစ်နေကြသည်ပင်။
ဟန်လိ၏ စိတ်ထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေရင်း သူသည် ကျောက်စိမ်းပြာလမ်းအတိုင်း သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
သို့သော် သူ မသိလိုက်သည်မှာ သူ ထွက်သွားပြီး သိပ်မကြာခင် ဝမ်ထျန်းကူသည် လမ်းနှင့်အနည်းငယ်ဝေးသော လမ်းကြားတစ်ခု၌ ဝမ်ချန်နှင့် ယန်ရူယန်တို့ကို ခေါ်ဆောင်ကာ အေးဆေးစွာ လမ်းလျှောက်နေခြင်းပင်။
“နေအိမ်ကို ပြန်ရောက်ရင် မင်းတို့နှစ်ယောက်ကြားမှာ ရှိခဲ့တဲ့ ရန်ငြိုးတွေကို သေသေချာချာ ရှင်းပြစမ်း။ အဲ့ဒီလူက မင်းတို့အပေါ် ထားတဲ့ အမုန်းတရားတွေကို ခုထိ လက်မလွှတ်သေးဘူးပဲ။ နောင်ကျရင် ချောင်းမြောင်း တိုက်ခိုက်တာ မခံရအောင် ငါ့အနားကနေ သိပ်ပြီး ဝေးဝေးမသွားကြနဲ့”
ဝမ်ချန်က ရိုသေသမှုဖြင့် ပြန်ဖြေသည်။ “ဟုတ်ကဲ့ ဒုတိယဦးလေး... အတိတ်တုန်းက မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် တူဖြစ်သူက ဦးလေးအတွက် ဒီလောက် အင်အားကြီးတဲ့ ရန်သူတစ်ယောက် ဖန်တီးမိလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ အချိန်တိုလေးအတွင်းမှာ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်သာမက စဦးစိတ်ဝိညာဉ်အဆင့် အတားအဆီးတွေကိုပါ ဖောက်ထွက်နိုင်ခဲ့တယ်။ ဒါက ကျုပ် ထင်ထားတာထက် အများကြီး ကျော်လွန်နေပါတယ်” ဟန်လိက စဦးစိတ်ဝိညာဉ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီဟူသော အတွေးကြောင့် သူ စိတ်ဓာတ်ကျနေဟန် ရှိသည်။
ဝမ်ထျန်းကူက အေးစက်စွာ ပြုံးလိုက်သည်။ “အင်း... မင်း စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး။ 'သွေးဝိညာဉ် အတတ်ပညာ' ရဲ့ အစွမ်းနဲ့ဆိုရင် မင်းတို့နှစ်ယောက် လက်တွဲလိုက်ရင် အဲ့ဒီလူငယ်ကို ကြောက်နေစရာ မလိုပါဘူး။ မင်းတို့သာ ဒီပညာရပ်ရဲ့ သတ္တမအဆင့်ကို ရောက်သွားရင် မင်းနဲ့ ရူယန်ဟာ စဦးစိတ်ဝိညာဉ်ကို အတူတူ ဖွဲ့စည်းနိုင်ကြလိမ့်မယ်။ အဲ့ဒီအခါကျရင် ဘယ်သူက ဒုက္ခရောက်မလဲဆိုတာ ပြောရခက်လိမ့်မယ်။ ဒါပေမဲ့လည်း အခု မောက်လန်လွင်ပြင်ကို သွားမယ့် ခရီးမှာတော့ မင်းတို့နှစ်ယောက် သတိထားကြ။ ငါ တကယ် အလုပ်ရှုပ်နေလို့ မင်းတို့အနားမှာ မနေနိုင်ရင်တောင် မင်းတို့နှစ်ယောက် အမြဲတူတူ ရှိနေကြ။ မင်းတို့နှစ်ယောက်ရဲ့ ပူးပေါင်းအင်အားနဲ့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ သေချာပါတယ်”
“ဒုတိယဦးလေးရဲ့ အကြံပေးချက်အတွက် ကျေးဇူးအများကြီး တင်ပါတယ်” ဝမ်ချန်သည် ဦးလေးဖြစ်သူ၏ စကားကြောင့် အလွန်ပင် စိတ်သက်သာရာ ရသွားသည်။
“ဟားဟား... မင်းရဲ့ ညီအစ်ကိုတွေထဲမှာ မင်းကို ငါ အမြင့်ဆုံး သတ်မှတ်ထားတာ။ မဟုတ်ရင် ဒီကုန်စည်ဖလှယ်ပွဲကို မင်းတစ်ယောက်တည်းကိုပဲ ခေါ်လာပါ့မလား။ ဒါပေမဲ့လည်း အဲ့ဒီကျင့်ကြံသူက မူလက 'အဝါရောင်မေပယ်တောင်ကြား' က ကျင့်ကြံသူတစ်ယောက်ပဲ။ အဘိုးကြီး လင်းဟူကလည်း ဒီပွဲကို ကိုယ်တိုင်လာခဲ့သေးတယ်။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု ပတ်သက်မှုများ ရှိနေမလား” ဝမ်ထျန်းကူက သူ့ဘာသာ ရေရွတ်လိုက်သည်။ အဝါရောင်မေပယ်တောင်ကြား၏ ဘိုးဘေးအပေါ် စိုးရိမ်ထိတ်လန့်နေသည့်အလား သူ၏ လေသံမှာ တိုးညင်းသွား၏။
ဝမ်ချန်နှင့် ယန်ရူယန်တို့မှာ တစ်ဦးကိုတစ်ဦး အံ့ဩစွာ ကြည့်လိုက်ကြသည်။
ဟန်လိ နေအိမ်သို့ ပြန်ရောက်သည့်အခါ ထိုညတွင် အိပ်စက်အနားယူပြီး နောက်တစ်နေ့ တစ်နေ့လုံးကို သူ လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရင်း အချိန်ကုန်လွန်စေခဲ့သည်။ ထို့နောက် မူပိုင်လင်းကို သတိထားရန် အထပ်ထပ် မှာကြားခဲ့ပြီး လုလောကိုလည်း သူမအား လိုက်ပါစောင့်ရှောက်ပေးရန် သေချာတောင်းဆိုခဲ့သည်။
ကုန်စည်ဖလှယ်ပွဲ မပြီးဆုံးမီ ဟန်လိက အလျင်အမြန် ထွက်ခွာတော့မည်ကို ကြားရသည့်အခါ လုလောမှာ အံ့အားသင့်သွားသည်။ သို့သော် သူက အသေးစိတ် မမေးမြန်းဘဲ ချက်ချင်းပင် သဘောတူလိုက်သဖြင့် ဟန်လိမှာ သူ့အပေါ် ကောင်းသော အမြင် ရှိသွားသည်။
ထိုနေ့၏ကျန်ရှိသော အချိန်များကို ဟန်လိသည် သူ၏ နေအိမ်၌ တရားထိုင်ရင်း ကုန်လွန်စေခဲ့သည်။
ချိန်းဆိုထားသော အချိန်နီးကပ်လာမှသာ ဟန်လိသည် အဆောင်မှ ထွက်ခွာပြီး မိုးမျှော်ကောင်းကင်မြို့တော်၏ တောင်ဘက် လီတစ်ထောင်အကွာရှိ တောင်ငယ်လေးတစ်ခုသို့ ဦးတည်ထွက်ခွာခဲ့သည်။
ခြောက်နာရီအကြာတွင် သူနှင့် အခြားသူများ အားလုံး ရောက်ရှိလာကြသည်။ တစ္ဆေဝိညာဉ်ဂိုဏ်းမှ သုံးယောက်မှာ အနောက်ဆုံးမှ ရောက်လာကြသူများ ဖြစ်သည်။
ဤသည်ကို မြင်ရသောအခါ ဟန်လိ၏ စိတ်မှာ အနည်းငယ် လှုပ်ရှားသွားသည်။
မြို့စားကြီးနန်းလုံက “သွားကြစို့” ဟု ပြောလိုက်သည်နှင့် လူကိုးယောက်ပါသော အဖွဲ့သည် မောက်လန်လွင်ပြင်ရှိရာ တောင်ဘက်သို့ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ကြသည်။
ယွီနိုင်ငံသည် ကိုးပြည်ထောင်စုထဲတွင် မောက်လန်လွင်ပြင်နှင့် အနီးဆုံး ဖြစ်သော်လည်း တကယ်တမ်း၌ နယ်စပ်ချင်း ထိစပ်နေခြင်း မရှိပေ။ ထိုနှစ်ခုကြားတွင် လီတစ်သောင်း ကျယ်ဝန်းသော သဲကန္တာရတောရိုင်းမြေက ခြားနားထားသည်။ ဤနေရာမှာ ကိုးပြည်ထောင်စုနှင့် မောက်လန် မန္တာန်စစ်သည်များ တိုက်ခိုက်ကြသည့် စစ်မြေပြင်ပင် ဖြစ်သည်။ ထိုခြောက်သွေ့သော မြေရိုင်းပေါ်၌ ကျင့်ကြံသူပေါင်း မည်မျှ သေဆုံးခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
တရားဝင် တိုက်ပွဲများ မရှိသည့်အချိန်၌ပင် ထိုတောရိုင်းမြေမှာ အလွန်ပင် အန္တရာယ်များလှသည်။ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများ ထိုကန္တာရထဲသို့ ရောက်လာကြသည့် အကြောင်းရင်းများစွာ ရှိသည်။
အချို့မှာ သူတစ်ပါး၏ ရတနာများကို လုယူရန်အတွက် ဗြောင်ကျကျ သတ်ဖြတ်နေကြသူများ ဖြစ်သည်။ အချို့မှာမူ သူတို့၏ ကျင့်ကြံမှု အတားအဆီးများကို ဖောက်ထွက်နိုင်ရန် ရှေ့တန်းစစ်မျက်နှာ၌ တိုက်ခိုက်နေကြသူများ ဖြစ်သည်။ သူတို့၏ အကြောင်းရင်းများ မတူညီကြသော်လည်း သူတို့အားလုံး၌ တူညီသော အချက်တစ်ခု ရှိသည်။ ၎င်းမှာ သူတို့နှင့် အဆင့်တူ ကျင့်ကြံသူများကို အနိုင်ယူနိုင်သည်ဟူသော ယုံကြည်ချက်ပင် ဖြစ်သည်။ ထိုကျင့်ကြံသူ အများစုမှာ အခြေခံတည်ဆောက်ခြင်းအဆင့်များ ဖြစ်ကြပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အချို့လည်း ရောနှောပါဝင်နေသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ပေါ်လာတိုင်း အဆင့်နိမ့်ကျင့်ကြံသူများသည် တိုက်ပွဲကြားထဲ မြေစာပင်မဖြစ်စေရန် ချက်ချင်းပင် ဝေးဝေးက ရှောင်ကြသည်။
စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများအနေဖြင့်မူ ဤကဲ့သို့သော အသေးစားတိုက်ပွဲများတွင် အလွယ်တကူ ပေါ်မလာတတ်ကြပေ။ ထို့ကြောင့် မြို့စားကြီး၏ အဖွဲ့သည် ဤနေရာကို ဖြတ်ကျော်ရာတွင် အလွန်အမင်း သတိထားနေခြင်း မရှိပေ။
လီတစ်သောင်း အကွာအဝေးမှာ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် တစ်ရက်မပြည့်မီ အလွယ်တကူ ဖြတ်ကျော်နိုင်သည့် ခရီး ဖြစ်သည်။ ထို့ကြောင့် သူတို့သည် အေးအေးဆေးဆေးပင် ခရီးနှင်ခဲ့ကြသည်။ မြို့စားကြီးနန်းလုံနှင့် ဝတ်စုံဖြူအဘိုးအိုတို့က လမ်းပြပြီး ကျန်အဖွဲ့ဝင်များမှာမူ ဟိုတစ်စု ဒီတစ်စုဖြင့် နောက်မှ လိုက်ပါလာကြသည်။
လမ်းခရီးတွင် သူတို့သည် အဆင့်နိမ့်ကျင့်ကြံသူ အများအပြားကို ဖြတ်ကျော်ခဲ့သော်လည်း မည်သူမှ သတိမထားမိခဲ့ကြပေ။
သို့သော် သူတို့အဖွဲ့ ပျံသန်းလာသည်မှာ တစ်နာရီခန့် ရှိသည့်အခါ ဝတ်စုံဖြူအဘိုးအိုမှာ ရုတ်တရက် ရပ်တန့်သွားသည်။
မြို့စားကြီးနန်းလုံက အံ့ဩတကြီး မေးလိုက်သည်။ “ညီအစ်ကိုယွမ်... ဘာဖြစ်လို့လဲ” သူသည် ဝတ်စုံဖြူအဘိုးအိုနှင့် တစ်လှည့်စီ စိတ်ဝိညာဉ်အာရုံဖြင့် ကင်းထောက်နေခြင်း ဖြစ်သည်။
ယွမ်မျိုးနွယ်စု အဘိုးအိုက မျက်မှောင်ကြုတ်ကာ လေးနက်စွာ ဆိုသည်။ “ကျုပ်တို့ ရှေ့မှာ အင်မတန် ပြင်းထန်တဲ့ လေမုန်တိုင်းတစ်ခု ရှိနေတယ်။ ဒါက သံသယဖြစ်စရာပဲ”
“လေမုန်တိုင်း ဟုတ်လား. ဘာကို ဆိုလိုတာလဲ. လေတိုက်တာက ပုံမှန်ပဲ မဟုတ်လား” မြို့စားကြီးနန်းလုံက နားမလည်နိုင်စွာ မေးလိုက်သည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ရှေ့က အခြေအနေကို စူးစမ်းကြည့်လိုက်သည်။
ဟန်လိနှင့် အခြားသူများလည်း သူတို့၏ စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့ကိုယ်ပိုင် စိတ်ဝိညာဉ်အာရုံများကို ထုတ်လွှတ်လိုက်ကြသည်။
မောက်လန်လွင်ပြင်ထဲကို အမှန်တကယ် မဝင်ရသေးသော်လည်း သတိထားခြင်းက အကောင်းဆုံးပင်။ သူတို့အားလုံးမှာ အားကောင်းသော စိတ်ဝိညာဉ်အာရုံ ပိုင်ရှင်များ ဖြစ်ကြသဖြင့် သူတစ်ပါး စကားကို ယုံနေမည့်အစား ကိုယ်တိုင် စမ်းသပ်ကြည့်ကြခြင်း ဖြစ်သည်။ ထို့နောက် သူတို့အားလုံး၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်သော အမူအရာများ ပေါ်လာသည်။
သူတို့အုပ်စုထဲမှအဘွားအိုတစ်ယောက်က သုန်မှုန်စွာဖြင့် ဆိုလိုက်သည်။ “အဲ့ဒီလေက သံသယဖြစ်စရာတင် မဟုတ်ဘူး။ တစ်ခုခုတော့ လုံးဝ မှားနေပြီ။ ဒီလို လေမျိုးက သဘာဝအတိုင်း ဖြစ်လာနိုင်စရာ မရှိဘူး”