ပြန်လည်ဆုံစည်းခြင်း
Vol. 50 Ch. 695
သူသည် တစ်ဖက်လူ၏ စဦးစိတ်ဝိညာဉ်ကို အမိအရ မဖမ်းဆီးနိုင်ခဲ့သော်လည်း အဘိုးအို၏ ကိုယ်ခန္ဓာမှာ ပျက်စီးသွားပြီ ဖြစ်သည်။ ထိုသူအနေဖြင့် အခြားကိုယ်ခန္ဓာတစ်ခုကို ရှာဖွေရန် အချိန်ယူရမည်ဖြစ်သလို ကိုယ်ခန္ဓာအသစ် တစ်ခုကို ရရှိခဲ့လျှင်ပင် သူ၏ကျင့်ကြံမှုအဆင့်မှာ များစွာ လျော့ကျသွားမည်ဖြစ်ရာ သူ၏ မူလအစွမ်းများကို ပြန်လည်ရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။
ကျန်ရစ်ခဲ့သော ရှေးဟောင်းရတနာနှစ်ခုနှင့် သိုလှောင်အိတ်တို့မှာမူ ဟန်လိအတွက် အင်မတန် အမြတ်ထွက်လှပေသည်။ အကယ်၍ သခင်ကြီးချန်ကုန်း၏ ဂူဗိမာန်ကို မတွေ့ခဲ့လျှင်ပင် မောက်လန်လွင်ပြင်သို့ လာရသည့် ဤအန္တရာယ်ရှိသော ခရီးစဉ်မှာ အရှုံးရှိတော့မည် မဟုတ်ချေ။
ထိုသို့တွေးရင်း ဟန်လိသည် အလောင်းမှ ကျန်ရစ်ခဲ့သော ငွေရောင်သန်းနေသည့် သိုလှောင်အိတ်ကို အေးဆေးစွာပင် လှမ်းယူလိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်အာရုံကို အိတ်အတွင်းသို့ ထည့်သွင်းကာ စစ်ဆေးကြည့်လိုက်သော်လည်း စိတ်ပျက်စရာသာ တွေ့ရတော့သည်။ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ဆယ်ဂဏန်းခန့်မှလွဲ၍ သာမန်ရတနာ သန့်စင်ပစ္စည်းအချို့နှင့် ဆေးပုလင်း အနည်းငယ်သာ ပါရှိ၏။
ဆေးပုလင်းများကို ဖွင့်ကြည့်လိုက်သောအခါတွင်လည်း သာမန်အရည်အသွေးများသာ ဖြစ်နေသည်။ မောက်လန်လွင်ပြင်မှာ ကျင့်ကြံရေးပစ္စည်းများ အမှန်တကယ်ပင် ရှားပါးပုံရပြီး စဦးစိတ်ဝိညာဉ်အဆင့် မန္တာန်စစ်သည်တစ်ဦးပင်လျှင် ကောင်းမွန်သော ပစ္စည်းများ ကင်းမဲ့နေလေသည်။ ကျောက်စိမ်းပြားများ လုံးဝမပါရှိသည်ကို တွေ့ရသောအခါ ဟန်လိမှာ အံ့ဩသွားပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိသည်။ သူသည် အချိန်တိုအတွင်း ခွန်အားတိုးစေမည့် မန္တာန်ပညာရပ်အချို့ကို ရလိုသော်လည်း ထိုမျှ ကံမကောင်းခဲ့ချေ။
သိုလှောင်အိတ်ကို သိမ်းဆည်းပြီးနောက် ဟန်လိသည် ကြီးမားသော တောင်ကြီးကို စူးစိုက်ကြည့်လိုက်သည်။ ရတနာ၏ သခင်ဖြစ်သူမှာ စဦးစိတ်ဝိညာဉ်အဖြစ် ထွက်ပြေးသွားသော်လည်း တောင်နက်မှာမူ အနက်ရောင်အလင်းများ တောက်ပလျက် ကြီးမားသော ပုံသဏ္ဌာန်အတိုင်း ကျန်ရစ်ခဲ့၏။ ဟန်လိက လက်ဟန်ဖြင့် လှမ်းခေါ်လိုက်ရာ သခင်မဲ့နေသော ထိုရှေးဟောင်းရတနာမှာ အလင်းများ လင်းလက်လာပြီး လျင်မြန်စွာ ကျုံ့ဝင်သွားကာ သူ၏လက်ထဲသို့ ရောက်ရှိလာသည်။ ၎င်းကို သေချာစွာ စစ်ဆေးကြည့်သောအခါ တောင်၏အောက်ခြေတွင် ရွှေရောင်စာလုံး သုံးလုံးကို တွေ့လိုက်ရ၏။
အလွှာတစ်ထောင်တောင်...
ဟန်လိသည် ရတနာ၏ အမည်ကို ရေရွတ်ရင်း ကျေနပ်သွားမိသည်။ ထို့နောက် တောင်နက်နှင့် လေဟုန်စီးရထားလုံးကိုပါ သိမ်းဆည်းလိုက်ပြီးနောက် အဘိုးအို၏ စဦးစိတ်ဝိညာဉ် ထွက်ပြေးသွားသော ဘက်ကို တစ်ချက်ကြည့်ကာ အခြားတစ်ဖက်သို့ အလျင်အမြန် ပျံသန်းထွက်ခွာသွားတော့သည်။
...
တောင်ကုန်းတစ်ခု၏ မြက်တောများကြားတွင် လူသူကင်းမဲ့နေသော်လည်း မကြာမီမှာပင် မောက်လန်လွင်ပြင်၏ မိုးကုပ်စက်ဝိုင်းဆီမှ မိုးပြာရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ၎င်းမှာ ဟန်လိပင် ဖြစ်၏။ သူသည် အောက်ဘက်သို့ တစ်ချက်ကြည့်ကာ လက်ဝှေ့ယမ်းလိုက်ရာ မိုးပြာရောင်အလင်းတန်းများမှာ ကြယ်တံခွန်များအလား တောင်ကုန်းပေါ်သို့ ကျဆင်းသွားသည်။
ထိုအခါ လေထဲတွင် အဖြူရောင် အလင်းအတားအဆီးတစ်ခု ပေါ်လာပြီး ၎င်း၏အောက်တွင် မြို့စားကြီးနန်းလုံ၊ ဆံပင်ဖြူအဘိုးအို၊ အဘိုးအိုတစ်ဦးနှင့် အသားညိုသူတစ်ဦးတို့က သူ့ကို ပြုံးလျက် ကြည့်နေကြသည်။ မြို့စားကြီးနန်းလုံက သူ၏မုတ်ဆိတ်ကို ပွတ်ရင်း ရယ်မောကာ အလင်းအတားအဆီးကို ဖယ်ရှားလိုက်၏။
"ဟန်လိ ဘေးကင်းကင်းနဲ့ ရောက်လာတာ တကယ့်ကို ကံကောင်းတာပဲ"
ဟန်လိက ပြုံးလျက် ပြန်ပြောကာ သူတို့ရှေ့သို့ ဆင်းသက်လိုက်သည်။
"အော်... ကျန်တဲ့သူတွေ မရောက်သေးဘူးလား"
အသားညိုသူက ခေါင်းခါရင်း အေးဆေးစွာ ရှင်းပြလိုက်၏။
"ကျန်တဲ့မိတ်ဆွေတွေ ထွက်ပြေးရတာ အခက်တွေ့နေပုံရတယ်။ မိတ်ဆွေလုံနဲ့ မိတ်ဆွေဝမ်တို့ နောက်ကို မန္တာန်စစ်သည်တွေ လိုက်သွားကြတာ။ သူတို့ဆီက ရုန်းထွက်ဖို့ဆိုတာ မလွယ်ဘူးလေ"
မြို့စားကြီးနန်းလုံက စိတ်လှုပ်ရှားစွာဖြင့် ဆိုသည်။
"ဒါပေမဲ့ မင်းအတွက် ငါ အစိုးရိမ်ဆုံးပဲ။ ငါသာ မမှားဘူးဆိုရင် အဲဒီ လေဟုန်စီးရထားလုံးက မင်းနောက်ကို လိုက်သွားတာ။ အဲဒီလောက် မြန်တဲ့ ရထားလုံးဆီကနေ အလွယ်တကူ လွတ်အောင် ပြေးနိုင်တာ ကြည့်ရင် ငါ မင်းကို အထင်သေးခဲ့မိတာပဲ"
ဟန်လိသည် မြို့စားကြီး၏ စကားထဲတွင် မယုံနိုင်သလိုဖြစ်နေသော လေသံကို ခံစားလိုက်ရသော်လည်း တည်ငြိမ်သော အမူအရာဖြင့် ပြန်ဖြေလိုက်၏။
"ဒါက ဘာမှမဟုတ်ပါဘူး။ ကျုပ်ရဲ့ လှုပ်ရှားမှုပညာရပ်အပေါ်မှာ နည်းနည်း ယုံကြည်ချက်ရှိလို့ပါ"
ဟန်လိက သူမည်သို့ လွတ်မြောက်ခဲ့သည်ကို ရှင်းပြရန် ဆန္ဒမရှိသည်ကို မြင်သောအခါ မြို့စားကြီးမှာ လိမ္မာပါးနပ်စွာဖြင့် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး မောက်လန်နှင့် ကိုးပြည်ထောင်စုတို့ ဖြစ်ပွားတော့မည့် စစ်ပွဲအကြောင်းကို ပြောဆိုကြတော့သည်။ မြို့စားကြီးနန်းလုံက လျှို့ဝှက်စွာ ပြုံး၍ ဆိုလိုက်၏။
"အရင်စစ်ပွဲတုန်းက ဆယ်နှစ်ကျော် ကြာခဲ့တာ။ အခု စစ်ပွဲက ဘယ်လောက်ကြာဦးမလဲ မသိဘူး။ ဒါပေမဲ့ ကောင်းကင်တာအိုမဟာမိတ် အပါအဝင် အဖွဲ့အစည်းအားလုံး စစ်ကူလွှတ်ရမှာပဲ။ မျောလွင့်တိမ်တိုက်ဂိုဏ်းရဲ့ အဆင့်အတန်းအရ စဦးစိတ်ဝိညာဉ်အဆင့် အကြီးအကဲ တစ်ယောက်ကတော့ စစ်မြေပြင်ကို သွားရမှာ သေချာတယ်။ ဖြစ်နိုင်ရင် မိတ်ဆွေဟန် မောက်လန်လွင်ပြင်ကို နောက်တစ်ခေါက် လာရဦးမှာပေါ့"
စကားဝိုင်းမှာ အချိန်အတော်ကြာနေပြီးနောက် မြို့စားကြီးနန်းလုံသည် စကားပြောနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။ မိုးကုပ်စက်ဝိုင်းတွင် အနက်ရောင်အလင်းတန်းတစ်ခုနှင့် နီရဲသော အလင်းလုံးနှစ်ခု ပျံသန်းလာသည်ကို တွေ့ရသောအခါမှ မြို့စားကြီးမှာ စိတ်အေးသွားပြီး ဆိုလိုက်၏။
"ဘာမှမဟုတ်ပါဘူး... မိတ်ဆွေဝမ်နဲ့ သူ့ရဲ့ တပည့်နှစ်ယောက်ပဲ"
ခဏအကြာတွင် ဝမ်ထျန်းကူနှင့် အဖွဲ့ ဆင်းသက်လာကြသည်။ ဝမ်ထျန်းကူသည် ဟန်လိကို တွေ့သောအခါ အံ့ဩတကြီး ဆိုလိုက်၏။
"အန်း... မိတ်ဆွေဟန်က ငါတို့ထက်ပင် အရင်ရောက်နေပါလား။ တကယ့်ကို အံ့ဩစရာပဲ"
ဟန်လိသည် သူ၏ဘေးမှ ဝမ်ချန်နှင့် ယန်ရုယန်တို့ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ကံကောင်းလို့ပါပဲ။ ဒါပေမဲ့ မိတ်ဆွေဝမ်က တပည့်နှစ်ယောက်ကိုပါ စောင့်ရှောက်ရင်း ဒဏ်ရာမရဘဲ လွတ်မြောက်လာတာဟာ တကယ့်ကို အားကျစရာပါပဲ"
ဝမ်ထျန်းကူက ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။
"ဟဲဟဲ... ကျွန်တော့်နောက်ကို လိုက်တဲ့ မန္တာန်စစ်သည်က သိပ်မမြန်လှပါဘူး။ ကျွန်တော်တို့ သုံးယောက် ပေါင်းပြီး ဂိုဏ်းရဲ့ လှုပ်ရှားမှုပညာရပ်ကို သုံးလိုက်တော့ အလွယ်တကူ လွတ်လာတာပါ။ လေဟုန်စီးရထားလုံးရဲ့ လိုက်လံမှုကို ခံရတာနဲ့တော့ မနှိုင်းသာပါဘူး"
ဟန်လိက စကားကို မျိုသိပ်လိုက်စဉ်မှာပင် မြို့စားကြီးနန်းလုံက ကောင်းကင်ကို ကြည့်ကာ ဝမ်းသာအားရ ဆိုသည်။
"ဟော... မိတ်ဆွေလုံ လာနေပြီ။ ငါတို့ ကံကောင်းတယ်လို့ ပြောရမယ်။ အားလုံး ဘေးကင်းကင်းနဲ့ ဆုံနိုင်ကြပြီ။ တကယ်လို့ တစ်ယောက်ယောက်သာ ကျန်ခဲ့ရင် မန္တာန် အစီရင်စုကို ဖျက်ဆီးဖို့ ခက်ခဲသွားမှာကို ငါ စိုးရိမ်နေတာ"
သို့သော် ဆံပင်ဖြူအဘိုးအိုကမူ လေးနက်စွာ သတိပေးလိုက်၏။
"မကောင်းတော့ဘူး။ မိတ်ဆွေလုံ ဒဏ်ရာရထားပုံရတယ်။ သူ့နောက်မှာလည်း တစ်ယောက်ယောက် လိုက်လာနေတုန်းပဲ"
ဟန်လိနှင့် အခြားသူများ ထိတ်လန့်တကြား လှမ်းကြည့်လိုက်သောအခါ စိမ်းနီရောင် အလင်းတန်းတစ်ခုမှာ ကျင့်ကြံသူနောက်သို့ အသည်းအသန် လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့မှာ သူတို့ရှိရာ တောင်ကုန်းအနီးသို့ ရောက်ရှိလာတော့သည်။ မြို့စားကြီးနန်းလုံ၏ မျက်နှာမှာ ချက်ချင်းပင် သုန်မှုန်သွားတော့သည်။