← Chapters

မိုးကြိုးမီးတောက်ဆူးချွန်

Vol. 50 Ch. 697

မိုးကြိုးမီးတောက်ဆူးချွန်

Vol. 50 Ch. 697

မြေကြီးမှာ ပြင်းထန်စွာ တုန်ခါနေစဉ်မှာပင် တောင်ထိပ်မှသည် တောင်ခြေအထိ အပ်ကြောင်းရာလေးတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး တောင်ကြီးမှာ နှစ်ခြမ်းကွဲသွားတော့မည့်အလား ထင်မှတ်ရ၏။

ဟန်လိနှင့် အဖွဲ့မှာ ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩမှင်သက်သွားကြသည်။ မြို့စားကြီးနန်းလုံနှင့် မိတ်ဆွေယွမ်တို့ တောင်ကြီးကို ဖြတ်ခွဲလိုက်သည့် အစွမ်းမှာ တကယ့်ကို အံ့မခန်းလှပေ။ သူတို့သည် ထိတ်လန့်သွားကြသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာဖြင့်သာ အခြေအနေကို စောင့်ကြည့်နေကြ၏။ ကျင့်ကြံမှုအနိမ့်ဆုံးဖြစ်သော ဝမ်ချန်နှင့် ယန်ရုယန်တို့မှာမူ ဝမ်ထျန်းကူ၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

ဟန်လိသည် ထိုသူနှစ်ဦးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏အကြည့်ကို တောင်ဘက်သို့ ပြန်လှည့်လိုက်၏။ ရတနာများကို မရရှိခင်အထိ ဝမ်ချန်ကို သတ်ဖြတ်ရန် အခွင့်အရေး ရဦးမည်မဟုတ်ကြောင်း သူ သိလိုက်သည်။

မြို့စားကြီးနန်းလုံနှင့် ဆံပင်ဖြူအဘိုးအိုတို့ မန္တာန်များကို ဆက်လက်ရွတ်ဆိုလိုက်သောအခါ တောင်ကြီးမှာ ပေတစ်ရာခန့် ကျယ်သော အက်ကြောင်းကြီးအဖြစ် လုံးဝကွဲထွက်သွားပြီး အတွင်း၌ ကျောက်သားလှေကားထစ်များကို တွေ့လိုက်ရသည်။ ဆံပင်ဖြူအဘိုးအိုက စိတ်လှုပ်ရှားသော မျက်နှာဖြင့် ဦးဆောင်ဝင်ရောက်သွား၏။

"သွားကြစို့"

ဟန်လိသည် စိတ်ထဲမှ အံ့ဩသွားမိသည်။ မြို့စားကြီးနန်းလုံကဲ့သို့သော သူကပင် အနောက်မှ အစောင့်အကြပ်အဖြစ် ကျန်ရစ်ခဲ့ပြီး လိုက်ပါရသည်ဆိုလျှင် ဤဆံပင်ဖြူအဘိုးအိုမှာ အတော်အတန် အရေးပါသူ ဖြစ်ရပေမည်။ အခြားသူများသည်လည်း ဤသည်ကို သတိထားမိကြသော်လည်း ဘာမှမပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ အတွင်းသို့ လှမ်းဝင်ခဲ့ကြသည်။

လှေကားထစ်များမှာ အတော်လေး ရှည်လျားလှသည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် လစန္ဒာကျောက်များကို မြှုပ်နှံထားသော်လည်း အောက်သို့ ဆင်းလေလေ ပို၍ အေးစက်လာလေလေ ဖြစ်သည်။ မကြာမီမှာပင် သူတို့သည် ပေကိုးရာခန့် အနက်သို့ ရောက်ရှိသွားကြပြီး လစန္ဒာကျောက်များ၏ အလင်းရောင်မှာလည်း အမည်မသိ အကြောင်းရင်းကြောင့် အစိမ်းဖျော့ရောင်သို့ ပြောင်းလဲသွားသဖြင့် လမ်းကြောင်းတစ်ခုလုံးမှာ ကြောက်မက်ဖွယ်ကောင်းသော အသွင်သို့ ပြောင်းလဲသွားတော့သည်။

ဟန်လိသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ရှေ့မှ အသားညိုသူနှင့် အကွာအဝေးတစ်ခု ခွာလိုက်၏။ တစ်ခုခုဖြစ်လာပါက တုံ့ပြန်ရန် အချိန်ရစေရန် ဖြစ်သည်။ သူတစ်ဦးတည်းသာ ဤသို့လုပ်ခြင်း မဟုတ်ဘဲ မြို့စားကြီးနန်းလုံနှင့် ဆံပင်ဖြူအဘိုးအိုမှလွဲ၍ ကျန်ကျင့်ကြံသူများအားလုံးမှာ တစ်ဦးနှင့်တစ်ဦး ပေကိုးဆယ်ခန့်စီ အကွာအဝေး ထားလိုက်ကြသည်။

မြို့စားကြီးနန်းလုံနှင့် မိတ်ဆွေယွမ် တို့မှာ အခြားသူများ သူတို့အပေါ် သတိထားနေသည်ကို သိသော်လည်း မကျေမနပ်ဖြစ်ခြင်းမရှိဘဲ လျစ်လျူရှုကာ ရှေ့သို့သာ ဆက်လက် လှမ်းတက်နေကြသည်။ ထမင်းအိုးတစ်ကျက်စာခန့် အချိန်ကြာပြီးနောက် သူတို့အားလုံးမှာ လျှို့ဝှက်ဆန်းကြယ်သော ခန်းမကြီးတစ်ခုသို့ ရောက်ရှိလာကြ၏။ ဤခန်းမကြီးမှာ ကျောက်စိမ်းတုံးကြီးတစ်ခုကို ထွင်းထုထားသကဲ့သို့ ဖြစ်နေပြီး ကြည်လင်ပြောင်လက်နေသော အပြာရောင်အလင်းတန်းများကြောင့် အင်မတန် လှပပေသည်။

ပေသုံးရာခန့် ကျယ်ဝန်းသော ဤခန်းမကြီးအတွင်း ရောက်ရှိသွားသောအခါ အားလုံးမှာ အံ့ဩသွားကြသည်။ ဤပစ္စည်းမှာ ကျောက်စိမ်းအစစ် မဟုတ်နိုင်ပေ။ သူတို့၏ ဝိညာဉ်အာရုံဖြင့် နံရံများကို စစ်ဆေးကြည့်သောအခါ ချက်ချင်းပင် ပြန်ကန်ထွက်လာသဖြင့် အတွင်းပိုင်းကို မမြင်နိုင်ကြချေ။ ဟန်လိမှာမူ ဤသည်ကို မအံ့ဩတော့ဘဲ ခန်းမ၏ အခြားနေရာများကို စစ်ဆေးကြည့်ရာ အားလုံးမှာ အတူတူပင် ဖြစ်နေသည်ကို တွေ့ရသည်။

ဤနေရာမှာ အံ့ဖွယ်စိတ်ဝိညာဉ်အတားအဆီး ရှိသည့်နေရာ ဖြစ်နိုင်သလားဟု ဟန်လိ တွေးတောနေစဉ်မှာပင် ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာပြီး အနောက်ဘက်မှ ကျယ်လောင်သော မြည်ဟီးသံကြီးများကို ကြားလိုက်ရသည်။ အဘွားအိုနှင့် အခြားသူများမှာ ထိတ်လန့်တကြား လှည့်ကြည့်လိုက်သောအခါ ဝင်လာခဲ့သည့် လှေကားထစ်များမှာ ပျောက်ကွယ်သွားပြီး အပြာရောင်အလင်း နံရံကြီးဖြင့် အစားထိုးသွားသည်ကို တွေ့လိုက်ရ၏။ အသားညိုသူက သုန်မှုန်သော မျက်နှာဖြင့် မေးလိုက်သည်။

"မိတ်ဆွေနန်းလုံ... ဒါက ဘာသဘောလဲ"

မြို့စားကြီးနန်းလုံက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။

"စိတ်အေးအေးထားကြပါ မိတ်ဆွေတို့။ အပြင်ဘက်က တားမြစ်ချက်တွေက အလိုအလျောက် ပြန်ပိတ်သွားတာမို့ တောင်ကြီးက ပြန်စေ့သွားတာပါ။ အရင်တစ်ခေါက် လာတုန်းကလည်း ဒီအတိုင်းပါပဲ။ သုံးရက်လောက် စောင့်လိုက်ရင် တားမြစ်ချက်တွေ အားနည်းသွားပြီး ဒီကနေ ပြန်ထွက်လို့ ရပါလိမ့်မယ်။ ငါတို့ ဒီမှာ အမြဲတမ်း ပိတ်မိနေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် အပြင်က တားမြစ်ချက်တွေ ပိတ်သွားတာကြောင့် မောက်လန်မန္တာန်စစ်သည်တွေ ငါတို့ကို ရှာမတွေ့နိုင်တော့ဘူးလေ"

မြို့စားကြီး၏ ရှင်းပြချက်ကို အားလုံးက အပြည့်အဝ မယုံကြည်ကြသော်လည်း အနည်းငယ် စိတ်အေးသွားကြသည်။ မြို့စားကြီးနန်းလုံနှင့် ဆံပင်ဖြူအဘိုးအိုတို့ပါ ဤခန်းမထဲတွင် အတူရှိနေသဖြင့် ထောင်ချောက်ဆင်ခံရမည်ကို မစိုးရိမ်တော့ချေ။ အသားညိုသူကလည်း ဂါရဝပြုရင်း ဆိုလိုက်သည်။

"အော်... ဒီလိုကိုး။ ကျွန်တော် စိတ်စောသွားမိတယ်"

မြို့စားကြီးနန်းလုံက ရယ်မောလျက် ဆိုလိုက်၏။

"ကိစ္စမရှိပါဘူး။ တားမြစ်ချက်ကို ဖျက်ဆီးဖို့ အမြန်လုပ်ကြစို့။ အရင်တစ်ခေါက်က ငါနဲ့ မိတ်ဆွေယွမ် တို့ ရှုံးနိမ့်ပြီး ပြန်ခဲ့ရတယ်။ ဒီ အံ့ဖွယ်စိတ်ဝိညာဉ်အတားအဆီး ကို ဖျက်ဖို့ဆိုတာ မလွယ်ဘူး"

ထိုအခါ မျက်နှာတွင် အရေးအကြောင်းများ ပြည့်နှက်နေသော အမျိုးသမီးထိုက် က ပြုံးလျက် ဆိုလိုက်သည်။

"ဒီအစီရင်စုက ဖျက်ရတာ တကယ်ပဲ အဲဒီလောက် ခက်ခဲလို့လား။ ကျွန်မမှာ အတားအဆီးတွေနဲ့ အရံအတားတွေကို ဖျက်ဆီးဖို့ အထူးပြုထားတဲ့ ရတနာတစ်ခု ရှိပါတယ်။ ဒါကို သုံးပြီး အလုပ်ရှုပ်မခံဘဲ ဖျက်ကြည့်ရင် မကောင်းဘူးလား"

ဆံပင်ဖြူအဘိုးအို၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာပြီး ချက်ချင်းပင် ဆိုလိုက်၏။

"အို... မိတ်ဆွေထိုက် မှာ အဲဒီလို ထူးခြားတဲ့ ရတနာ ရှိတယ်ဆိုရင် စမ်းကြည့်ပေးပါဦး။ ငါတို့ သုံးမယ့် စိတ်ဝိညာဉ်အာရုံနဲ့ ဖျက်တဲ့နည်းလမ်းကလည်း အောင်မြင်ဖို့ ရာနှုန်းပြည့် မသေချာဘူးလေ"

မြို့စားကြီးနန်းလုံကလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ထောက်ခံလိုက်သည်။

"ဟုတ်တာပေါ့။ မိတ်ဆွေထိုက်... စမ်းကြည့်ပေးပါဦး"

အမျိုးသမီးထိုက် က သူမ၏ မှေးမှိန်နေသော မျက်လုံးများတွင် အလင်းရောင်များ တောက်ပလျက် ဆိုလိုက်၏။

"မိတ်ဆွေတို့ နှစ်ယောက်လုံး သဘောတူတယ်ဆိုရင်တော့ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ တကယ်လို့ ကျွန်မရဲ့ ရတနာက တားမြစ်ချက်ကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့ရင် ကျွန်မလည်း ရှင်တို့နှစ်ယောက်နဲ့အတူ ရတနာကို ပထမဆုံး ရွေးချယ်ခွင့် ရမှာလား"

ဤသည်ကို ကြားသောအခါ အခြားကျင့်ကြံသူများမှာ မျက်နှာပျက်သွားကြသည်။ မြို့စားကြီးနန်းလုံက ဆံပင်ဖြူအဘိုးအိုကို တစ်ချက်ကြည့်ကာ အခြားသူများကို ဆိုလိုက်၏။

"အမျိုးသမီးထိုက် ဖြစ်ဖြစ်၊ တခြားသူပဲဖြစ်ဖြစ်... ဒီအစီရင်စုကို အောင်မြင်အောင် ဖျက်ဆီးနိုင်တဲ့သူဟာ ငါတို့နှစ်ယောက်ပြီးရင် ရတနာကို ဦးစားပေး ရွေးချယ်ခွင့် ရစေရမယ်။ အားလုံး ဘယ်လိုသဘောရကြလဲ"

ဟန်လိနှင့် ဝမ်ထျန်းကူ တို့က ဘာမှမဖြစ်သလို နေကြသော်လည်း အသားညိုသူနှင့် တည်ကြည်သော မျက်နှာရှိသည့် ကျင့်ကြံသူတို့မှာမူ မကျေမနပ် ဖြစ်သွားကြသည်။ သို့သော်လည်း မည်သူမျှ ကန့်ကွက်ခြင်း မပြုကြချေ။ မြို့စားကြီးနန်းလုံက ဆုံးဖြတ်ချက် ချလိုက်သည်။

"ဘယ်သူမှ မကန့်ကွက်ဘူးဆိုတော့... မိတ်ဆွေထိုက်၊ စမ်းကြည့်နိုင်ပါပြီ"

အမျိုးသမီးထိုက်က သူမ၏ ရတနာအပေါ်တွင် အင်မတန် ယုံကြည်မှု ရှိနေသဖြင့် စိတ်ထဲမှ ဝမ်းသာသွားမိ၏။ သူမသည် လက်စက္ကို ဝှေ့ယမ်းလိုက်ပြီး လက်မအနည်းငယ်သာ ရှည်သော အရာဝတ္ထုတစ်ခုကို ထုတ်လိုက်သည်။ ထိုအရာမှာ ရှေ့ပိုင်းတွင် ကျဉ်းပြီး နောက်ပိုင်းတွင် တုတ်ကာ ဆူးချွန်တစ်ခုနှင့် တူလှပေသည်။

သူမသည် ထိုဆူးချွန်အပေါ်သို့ အလင်းမြူတစ်ခု မှုတ်ထုတ်လိုက်သောအခါ ၎င်းမှာ နီရဲသော အလင်းတန်းများ လင်းလက်လာပြီး အပူလှိုင်းများကို ခန်းမတစ်ခုလုံးသို့ ထုတ်လွှတ်လိုက်တော့သည်။ မြို့စားကြီးနှင့် ဆံပင်ဖြူအဘိုးအိုတို့မှာ ဤရတနာမှာ သာမန်မဟုတ်ကြောင်း သိသဖြင့် အနည်းငယ် နောက်ဆုတ်ပေးလိုက်ကြ၏။

ဝမ်ချန်နှင့် ယန်ရုယန်တို့မှာမူ အပူရှိန်ကြောင့် ထိတ်လန့်သွားပြီး သူတို့၏ ခန္ဓာကိုယ်ကို အကာအကွယ် အတားအဆီးများဖြင့် ဖုံးအုပ်လိုက်ကြရသည်။ သူတို့ကဲ့သို့ အမြုတေအဆင့် ကျင့်ကြံသူများမှာ ဤအပူဒဏ်ကို ခံနိုင်ရည် မရှိကြချေ။ ဖြူဖွေးသော အလင်းတန်းများနှင့်အတူ ဆူးချွန်မှာ အသံများ မြည်ဟီးလာတော့သည်။

ဟန်လိနှင့် အခြားသူများက စူးစိုက်ကြည့်လိုက်သောအခါ ဆူးချွန်၏ မီးတောက်များထဲတွင် ဖြူဖွေးသော လျှပ်စီးတန်းများ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ မိုးကြိုးနှင့် မီးတောက် ဂုဏ်သတ္တိ နှစ်မျိုးစလုံး ပါဝင်သော ရှေးဟောင်းရတနာ တစ်ခု ဖြစ်ပေသည်။ အမျိုးသမီးထိုက် သည် သူမရှေ့ရှိ အပြာရောင် နံရံကြီးကို စိုက်ကြည့်ကာ မိုးကြိုးမီးတောက်ဆူးချွန် ကို ပစ်လွှတ်လိုက်တော့သည်။

မီးတောက်များ တောက်ပလာပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ ဆူးချွန်မှာ သူမ၏ ဦးခေါင်းအထက်တွင် အရှိန်အဟုန်ဖြင့် လည်ပတ်နေပြီး မကြာမီမှာပင် မြင်ရုံမျှပင် မမြင်နိုင်တော့လောက်အောင် မြန်ဆန်လာသည်။ နီဖြူရောင် အလင်းတန်းတစ်ခုမှာ ခန်းမတစ်ခုလုံးတွင် ပျံသန်းနေသဖြင့် အားလုံးမှာ အံ့ဩမင်သက်လျက် ကြည့်နေကြရသည်။

ဟန်လိမှာမူ ဤမျှ မြန်ဆန်သော ရှေးဟောင်းရတနာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် အလွန်အမင်း ထိတ်လန့်သွားမိသည်။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများပင်လျှင် ဤရတနာကို ကာကွယ်ရန် ခက်ခဲပေလိမ့်မည်။ အကယ်၍ သူသာ ဤရတနာနှင့် ရင်ဆိုင်ရပါက မိုးကြိုးမုန်တိုင်းတောင်ပံများကို သုံးမှသာ လွတ်မြောက်နိုင်ပေလိမ့်မည်။

All Chapters