ကမ္ဘာ့ရှေ့ပြေးပုံစံပန်းချီကား
Vol. 3 Ch. 275
ထျန်းရှန်း အမိန့်တော်ဂိုဏ်းမှ ဂိုဏ်းသားများ အသီးသီး ထွက်ခွာ သွားကြလေသည်။ ဆန်းလျန်၊ ကျောက်ရှောင်ယွီ၊ ရော့ရှီနှင့် ရှင်းစစ်စစ်နျန် တို့သာ ကျန်ခဲ့ကြလေသည်။ ရှင်းစစ်စစ်နျန်က ကျောက်ရှောင်ယွီကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျောက်ရှောင်ယွီက မျက်စောင်း တစ်ချက် ထိုးလိုက်ရင်း…
"ငါတောင် နားထောင်လို့ မရတဲ့ ကိစ္စမျိုးလား…"
ဟု တစ်ချက် ရေရွတ်ကာ ရော့ရှီလေးကို ခေါ်ပြီး ထွက်ခွာ သွားလေသည်။
"သူ… နားထောင်မယ် ဆိုလည်း ကိစ္စမရှိပါဘူးဗျာ"
ဆန်းလျန်က ပြောလိုက်တော့ ရှင်းစစ်စစ်နျန်က ပြုံးလိုက်သည်။
"သူက ရှင့်ရဲ့ ချစ်သူလား…"
"မဟုတ်ပါဘူး…"
"စိတ်မကောင်းစရာပဲ၊ ရှင်တို့ နှစ်ယောက်က တော်တော်လိုက်ဖက်တာ"
ရှင်းစစ်စစ်နျန်က ပြောလိုက်သည်။
"ရှင်းမိန်းကလေး၊ သူနဲ့ ကျုပ်နဲ့ လိုက်ဖက်တာကို ပြောဖို့ ကျုပ်နဲ့ စကားပြောချင်တာ မဟုတ်လောက်ပါဘူးနော်၊ ကဲပါ... ပန်းချီကား ဘာဖြစ်သွားတာလဲ ပြောပြပါဦး"
ဆန်းလျန်က မေးလိုက်သည်။
"အဖေက အဲဒီ ပန်းချီကားကို ရှင့်ကို မပေးလိုက်ရလို့ နောင်တရနေတာ၊ နောက်တော့ ပျောက်သွားတယ်လေ၊ တကယ်တော့ အဲဒီ ပန်းချီကားက ကမ္ဘာ့ရှေ့ပြေးပုံစံပဲ"
ရှင်းစစ်စစ်နျန်က တီးတိုး ပြောလိုက်လေသည်။
"ကမ္ဘာ့ ရှေ့ပြေးပုံစံဆိုတာ ဘာကို ဆိုလိုတာလဲ"
ဆန်းလျန်မှာ ရှင်းစစ်စစ်နျန်၏ စကားကြောင့် တုန်လှုပ် သွားလေသည်။ သူက အဓိပ္ပာယ်ကို နားလည်သလို ရှိသော်လည်း မယုံကြည်ရဲပေ။
"အဲဒီပန်းချီကားကို အနန္တ တန်ခိုးရှင် တစ်ပါးက ဆွဲခဲ့တာ၊ ဖြစ်မလာသေးတဲ့ ကမ္ဘာတစ်ခုကို အဲဒီ ပန်းချီကားထဲမှာ ရေးဆွဲထားတာ၊ ဒါပေမဲ့ အဲဒီ အနန္တ တန်ခိုးရှင်က နောက်ဆုံးအဆင့် အချော မသတ်ရသေးဘူး၊ ဒါကြောင့် အဲဒီ ပန်းချီကားထဲမှာ ဘာပုံမှ မမြင်ရဘဲ အဖြူရောင် သက်သက် ဖြစ်နေတာ၊ တောင်တွေ၊ စမ်းချောင်းတွေ၊ မြစ်တွေလို သဘာဝတရားတွေကို ဖုံးကွယ်ထားတာ"
ရှင်းစစ်စစ်နျန်က ရှင်းပြလိုက်သည်။
"မင်းအဖေက ဒီအကြောင်းတွေကို အရင်ကတည်းက သိခဲ့တာလား"
"ဟင့်အင်း၊ ဘယ်သိခဲ့မှာလဲ၊ အဲဒီ ပန်းချီကားကြောင့်ပဲ ကျွန်မတို့ သားအဖ ဒုက္ခ အကြီးအကျယ် ရောက်ခဲ့ကြတာ၊ အဲဒီ ပန်းချီကားကို ချင်းရွှမ်နတ်တံခါးကို ရှင်နဲ့အတူ ထည့်ပေး လိုက်ရင်တောင် ဒီလိုဖြစ်မှာ မဟုတ်ဘူး"
သူမအသံတွင် ဝမ်းနည်းရိပ်များ လွှမ်းနေလေသည်။
ဆန်းလျန်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။
မြေခွေး နတ်ဘုရား အဘိုးအိုမှာ ထူးဆန်းသော သူတစ်ယောက် ဖြစ်လေသည်။ လူကြီးလူကောင်းလည်း ပီသသလို အသိဉာဏ်လည်း ကြွယ်ဝသူ ဖြစ်သည်။ ဆန်းလျန်မှာ မြေခွေး နတ်ဘုရား အဘိုးအိုကို ခင်မင်မိလောက် ယခုတော့ အဘိုးအိုမှာ အပြစ်မရှိပါပဲလျက် ပန်းချီကား တစ်ချပ်ကြောင့် အသက်ဆုံးရသည်မှာ စိတ်မကောင်းစရာ ဖြစ်လေသည်။
ဆန်းလျန်သည် ရှင်းစစ်စစ်နျန်ကို မည်သို့ နှစ်သိမ့်ရမည် မသိတော့ပေ။
"အဲဒီလူက ပန်းချီကားကို လာယူတာ၊ သူက အဖေ့ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်၊ သူက အရမ်း စွမ်းအားကြီးလွန်းလို့ အဖေရော ကျွန်မရော သူ့ကိုနိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ဘူး၊ အဖေလည်း ဒဏ်ရာကြောင့် အသက်ရှင်ဖို့ လမ်းမရှိ ဖြစ်ခဲ့ရတယ်၊ အဖေက သူ့ဘဝ တစ်လျှောက်လုံး ကျင့်ကြံခဲ့တဲ့ စွမ်းအားတွေကို ကျွန်မဆီ လွှဲပေးခဲ့ပြီးတော့ ဆုံးပါး သွားတော့တာပါပဲ"
ရှင်းစစ်စစ်နျန်က ဆက်ပြောလိုက်သည်။
မြေခွေး နတ်ဘုရား အဘိုးအို၏ တန်ခိုးစွမ်းအားများမှာ လောက နတ်ဘုရား တစ်ပါးအဆင့် မဟုတ်လျှင်တောင်မှ ဖော့ဝမ့် အဆင့်တော့ အနည်းဆုံး ရှိလေသည်။ ပန်းချီကားကို လုယူသွားသည့် သူအား အဘိုးအိုက နိုင်အောင် တိုက်ခိုက်နိုင်ခြင်း မရှိလျှင် သူလည်း နိုင်အောင် တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ဆန်းလျန် သိလိုက်သည်။
ထိုသူသည် မည်သူများပါလိမ့်။
နှစ်ပေါင်း နှစ်ဆယ်အတွင်း ရှင်းစစ်စစ်နျန်၏ တန်ခိုးစွမ်းအားများ မြင့်မားလာရသည်မှာ ဖခင်ဖြစ်သူက တန်ခိုးစွမ်းအာများ လွှဲပြောင်း ပေးသွားသောကြောင့် ဖြစ်လေသည်။ မြေခွေး နတ်ဘုရား အဘိုးအို ရှင်းချွိပင် ကျိရှောင်အန်းသည် သူ၏သမီး ဖြစ်သူကို အလွန် ချစ်ခင်သည့် အတွက် သူ၏ ကျင့်စဉ် လမ်းတစ်လျှောက် ကျင့်ကြံခဲ့သည့် တန်ခိုး စွမ်းအားများ အားလုံးကို ပေးအပ် သွားခဲ့လေသည်။ ထိုသို့ တန်ခိုး စွမ်းအား လွှဲပြောင်း ပေးသွားသည့်အတွက် အဘိုးအိုမှာ လူပြန်ဝင်စား နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။
"ပန်းချီကားကို ယူသွားတာ ဘယ်သူလဲ"
ဆန်းလျန်က အသံကို နှိမ့်ပြီး မေးလိုက်သည်။
"သူ့မျက်နှာကိုတော့ မှတ်မိလိုက်တယ်၊ သူ့ခေါင်းမှာ ချိုနှစ်ခုရှိတယ်၊ ခန္ဓာကိုယ်က အရမ်း ကြီးမားပြီးတော့ နွားမွေးလိုမျိုး အနက်ရောင် အမွေးတွေ ဖုံးနေတယ်၊ သူ့ခြေထောက်ကလည်း နွားခွာတွေလိုပဲ၊ သူ့မျက်လုံးကလည်း နွားမျက်လုံးနဲ့ ဆင်တယ်၊ နွားကနေ အသွင်ပြောင်းထားတဲ့ နတ်မိစ္ဆာ ဘုရင်တစ်ပါး ဖြစ်မယ် ထင်တယ်၊ ကျွန်မ ထျန်းရှန်း အမိန့်တော် ဂိုဏ်းချုပ် ဖြစ်လာပြီးတဲ့ နောက်ပိုင်း သူ့အကြောင်းကို စုံစမ်း သေးတယ်၊ ဒါပေမဲ့ သတင်း အစအနတောင် မရခဲ့ဘူး"
ရှင်းစစ်စစ်နျန်က ပြောသည်။
ထို နတ်မိစ္ဆာ ဘုရင်၏ မျက်နှာကို ရှင်းစစ်စစ်နျန်သည် မည်သည့်အခါမှ မေ့ပျောက် လိမ့်မည် မဟုတ်ပေ။ ထိုနတ်မိစ္ဆာဘုရင်သည် သူမအတွက် အိပ်မက်ဆိုးကြီး တစ်ခုပမာ ဖြစ်နေရလေသည်။
ရှင်းစစ်စစ်နျန်၏ စိတ်ထဲမှ နာကျည်းမှုများကို ဆန်းလျန် ကိုယ်ချင်းစာလိုက်မိသည်။
သူက သက်ပြင်း တစ်ချက် ချလိုက်ရင်း…
"မင်းရဲ့အဖေက သူ့ဘဝ တစ်ခုလုံး ကျင့်ကြံခဲ့တဲ့ တန်ခိုးစွမ်းအားတွေ မင်းကို လွှဲပြောင်း ပေးခဲ့တာ၊ ဒါကြောင့် မင်းအဖေအတွက် မင်းက ကောင်းကောင်း အသက်ရှင်သန် သွားရမယ်နော်"
ဆန်းလျန်ဆိုလိုသည့် အဓိပ္ပာယ်ကို သူမ ကောင်းကောင်းနားလည်ပါသည်။
ထို့ပြင် ထိုနတ်မိစ္ဆာဘုရင်မှာ အလွန်တန်ခိုး စွမ်းအား ကြီးမားလှလေသည်။ ထို့ကြောင့် ထိုနတ်မိစ္ဆာဘုရင်ကို ရှာတွေ့လျှင်လည်း သူမအနေဖြင့် မည်သို့မျှ အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
"ကျွန်မသိပါတယ်ရှင်၊ ဒါပေမဲ့ ရှင်နတ်ဘုရား တစ်ပါးဖြစ်လာတဲ့ တစ်နေ့ကျရင် အဲဒီ ပန်းချီကားကို ပြန်ရှာပါနော်၊ ဖြစ်မလာသေးတဲ့ ကမ္ဘာတစ်ခုရဲ့ ပုံကြမ်း ပန်းချီကားဟာ လောက နတ်ဘုရားတွေ အတွက် အရမ်း အသုံးဝင်တယ်၊ မိုးမြေ ဖွဲ့စည်းပုံတွေ အကုန်လုံးကို နားလည် သွားလိမ့်မယ်၊ အဲဒီ ပန်းချီကားသာ ရရင် ရှင်ဟာ လောက တစ်ခုလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်သွားမှာပဲ"
ရှင်းစစ်စစ်နျန်က ပြောလိုက်သည်။
"ဒီလိုဆိုရင် အဲဒီနတ်မိစ္ဆာ ဘုရင်ကလည်း ပန်းချီကားရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး လောက်ပြီပေါ့"
ဆန်းလျန်က ပြောလိုက်သည်။
"ဒါပေမဲ့ ရှင်က နတ်မိစ္ဆာ ဘုရင်တစ်ပါးထက် ပိုပြီး ဒီပန်းချီးကားကို နားလည်နိုင်စွမ်း ရှိတဲ့သူပါ၊ အနန္တတန်ခိုးရှင် တာအို ဆရာသခင် ထိုက်ယီလုပ်ထားတဲ့ ပန်းချီကားပေါ်က အရံအတားကို ဘယ်သူမှ ဖျက်ဆီး မပစ်နိုင်ပါဘူး"
ရှင်စစ်စစ်နျန်က လေးနက်သော မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်ပြီး ပြောလိုက်လေသည်။
ပန်းချီကားချပ်သည် ပိုင်ရှင် အစစ်အမှန်ကို သူကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း ရှိလေသည်။ ချင်းရွှမ် နတ်တံခါး၏ ကျင့်စဉ်ပညာများမှာ တာအိုဆရာသခင် ထိုက်ယီမှ ဆင်းသက်လာခြင်း ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ်ဖြစ်သည့် ဆန်းလျန်သည် ပန်းချီကား၏ ဆက်ခံသူ ပိုင်ရှင် ဖြစ်လာနိုင်လေသည်။
ဆန်းလျန်က ကျင့်စဉ်လမ်းတွင် အဆင့် တက်ရောက်ခြင်း အလွန် လျင်မြန်လေသည်။ ထို့ပြင် အဓိက နတ်ဘုရား ကျောင်းတော်ကြီးလေးခုမှ ဂိုဏ်းချုပ်များထဲတွင် အသက် အငယ်ဆုံး ဂိုဏ်းချုပ်လည်း ဖြစ်လေသည်။ ကျိန်းသေပင် မိုးကောင်းကင်မှ ချီးမြှောက်ခံရခြင်း ခံရသူ တစ်ယောက် ဖြစ်လေသည်။
မျိုးဆက် တစ်ခုတွင် လောကပထမ ပါရမီရှင်တစ်ယောက် ပေါ်ထွက်စမြဲ ဖြစ်လေသည်။ ပြီးခဲ့သည့် မျိုးဆက်တွင် ရှန်ဆန်းကျန်းရန် လုကျိုးယွမ် ပေါ်ထွက်ခဲ့ပြီးပြီ။ ယခုမျိုးဆက်တွင်တော့ ကျိန်းသေ ဆန်းလျန်သာ ဖြစ်ပေလိမ့်မည်။
လုကျိုးယွမ် လောက ပထမနေရာကို ရယူထားသည်မှာ အချိန်များစွာ ကြာခဲ့ပြီ ဖြစ်လေသည်။ မည်သူမျှ လောကပထမနေရာကို ထာဝရ ရယူထားနိုင်မည် မဟုတ်ပေ။
"ရှေ့လျှောက် ဘာတွေဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူးဗျာ၊ နတ်ဒေဝါ မြေခွေးရဲ့ စာတမ်းရှည်ကို ကျုပ်မင်းကို တစ်လုံးချင်း နှုတ်တိုက် သင်ပေးမယ်၊ မင်းဟာ တန်ခိုးအကြီးမားဆုံး နတ်ဒေဝါ မြေခွေးတစ်ယောက် ဖြစ်လာမှာပါ"
ဆန်းလျန် ပြောလိုက်သည်။
ရှင်းစစ်စစ်နျန်သည် ဆန်းလျန်ကို ချက်ချင်းပင် ဦးညွတ် ဂါရဝ ပြုလိုက်လေသည်။
ချင်းဖုန်း နတ်သမီး၏ ဂါထာ (သို့မဟုတ်) နတ်ဒေဝါ မြေခွေး၏ စာတမ်းရှည်ကို ရရှိရန်အတွက် သူမနေဖြင့် ထျန်းရှန်း အမိန့်တော် ဂိုဏ်းဆယ်ဂိုဏ်းဖြင့်ပင် အလဲအလှယ် ပြုလုပ် နိုင်လေသည်။
ဆန်းလျန်သည် မည်သည့်အခါမှ သူတစ်ပါး နစ်နာမည့် အလဲအလှယ် မျိုးကို ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပေ။
"ဖခင်ဖြစ်သူ၏ ခန့်မှန်းချက်များသည် လုံးဝ မှန်ကန်သည်" ဟု ရှင်းစစ်စစ်နျန် တွေးနေ ခဲ့လေသည်။ ဆန်းလျန်သည် အမှန်တကယ်ပင် ဖြောင့်မတ် မှန်ကန်သည့် လူတစ်ယောက် ဖြစ်လေသည်။
ကျောက်ရှောင်ယွီ၏ အဖြူရောင် ဝတ်ရုံသည် လေထဲတွင် လွင့်နေလေသည်။
သူမက ဆန်းလျန်နှင့် ဘေးချင်းယှဉ်ပြီး လမ်းလျှောက်နေခြင်း ဖြစ်ပြီး ရော့ရှီလေး၏ လက်ကိုလည်း ကိုင်ထားလေသည်။
ပြဿနာများလည်း ဖြေရှင်း ပြီးသွားပြီ ဖြစ်သည့်အတွက် သူတို့သုံးယောက် လာရာ လမ်းအတိုင်း ပြန်ခဲ့ကြလေသည်။ သို့သော် ဆန်းလျန်သည် တစ်လမ်းလုံး တိတ်ဆိတ် နေခဲ့လေသည်။
ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း…
"ဘာလဲ၊ ဟို ရှင်းစစ်စစ်နျန်ဆိုတဲ့ မိန်းမကို သတိရနေတာလား၊ ရှင် သူ့ကို သဘောကျတယ် ဆိုလည်း ချင်းရွှမ်ကို ခေါ်သွားလိုက်ပေါ့"
"ကောင်းသားပဲ၊ ချင်းရွှမ်မှာ မြွေမိစ္ဆာလေး တစ်ကောင်ရှိတယ်၊ သူ့ကိုသာ ခေါ်သွားရင် နတ်မိစ္ဆာ စုံတွဲရပြီ၊ ယင်နဲ့ယန် လုံးဝ ဘက်ညီသွားမှာပဲ"
ဆန်းလျန်က ပြောလိုက်သည်။
"ဟွန့် ဒါပေမဲ့ ရှင်သာ သူ့ကို ချင်းရွှမ်ကို ခေါ်သွားကြည့်ပါလား၊ ဟို ချင်းရွှမ်က နတ်ဘုရား အဘိုးကြီး ရှင့်ကို သေအောင် ရိုက်လိမ့်မယ်"
ကျောက်ရှောင်ယွီက ပြန်ပြော လိုက်လေသည်။
"ဘာဖြစ်လို့လဲဟင်၊ အဲဒီမမက အရမ်းလှတာပဲကို၊ သူ့ကို လူတိုင်းက ချစ်ကြမှာပါ"
ရော့ရှီက ဝင်ပြောလိုက်လေသည်။
ရော့ရှီလေး၏ စကားကြောင့် ကျောက်ရှောင်ယွီမှာ ကိုယ့်နဖူးကိုယ်ပင် ပြန်ရိုက်လိုက်မိသည်။
"အဲဒီ ရှင်းစစ်စစ်နျန် ဆိုတဲ့ မိန်းမက သမီးရဲ့ ဦးလေးဆီကနေ နတ်ဒေဝါ မြေခွေး စာတမ်းရှည်ကို ယူသွားတာ၊ သူက နောက်ဆို နတ်ဒေဝါ မြေခွေးတစ်ယောက် ဖြစ်လာတော့မှာ၊ နတ်ဒေဝါ မြေခွေးဆိုတာ မွေးရာပါ တန်ခိုးစွမ်းအား ကြီးမားပြီးသားပဲ၊ ဒါပေမဲ့ နတ်ဒေဝါ မြေခွေး ဖြစ်လာတဲ့ အထိ လျှောက်လှမ်း နိုင်ဖို့ကလည်း တကယ် မလွယ်ကူလှဘူး၊ အဓိက အကြောင်းရင်းကတော့ သူတို့က အရမ်းလှလို့ပဲ၊ ဒါပေမဲ့ လှသလောက်လည်း ကြောက်စရာ ကောင်းလွန်းတယ်၊ အရင်တုန်းက နတ်ဒေဝါ မြေခွေး တစ်ယောက်ကြောင့် နတ်ဘုရား ကျောင်းတော်တစ်ခု ပျက်စီး သွားခဲ့ဖူးတယ်၊ ဘုရင်တစ်ပါးကလည်း သူ့ကိုယ်သူ သတ်သေရတဲ့ အထိ ဖိအား ပေးခံခဲ့ရဖူးတယ်"
"ကံကောင်း ကံဆိုးဆိုတာ အမြဲတမ်း ဒွန်တွဲ နေတာပဲဗျာ၊ တစ်ဦးတစ်ယောက်တည်းကိုပဲ အပြစ်တင်လို့ မရနိုင်ပါဘူး၊ ဒါနဲ့ ထျန်းရှန်း အမိန့်တော် ဂိုဏ်းက အခုဆို မင်းလက်ထဲ ရောက်လာပြီပဲ၊ သူတို့ကို အခြေ ကျသွားအောင် အုပ်ချုပ်ဖို့ မင်း ဘာလို့ မနေခဲ့ရတာလဲ"
ဆန်းလျန်က ပြောလိုက်သည်။
"အားလုံးကို ကျွန်မ လိုက်လုပ်နေဖို့ မလိုပါဘူးရှင်၊ ကျွန်မ လက်အောက် ငယ်သားတွေက ဘာလုပ်ဖို့ ထားတာလဲ၊ ကျွန်မမှာ အသုံးမကျတဲ့ လက်အောက်ငယ်သားတွေ ချည်းရှိတယ်လို့ ရှင် ကထင်နေတာလား"
ကျောက်ရှောင်ယွီက ဆန်းလျန်ကို စ နောက် လိုက်လေသည်။
"မင်းပြောတာ မှန်တယ်၊ ကျုပ်လည်း အရည်အချင်း ရှိတဲ့ တပည့်တွေ မွေးထားရမယ်"
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"ချစ်ရတဲ့ ဆန်းဂိုဏ်းချုပ်၊ ကျွန်မကို တပည့် အဖြစ် မွေးပါလား၊ ထိုက်ဝေ့ထိုင် ခန်းမဆောင်မှာ နှစ်ဝက်လောက်သာ နေခိုင်းလိုက်ပါ၊ ပြီးရင် ရှင်ကြိုက်တာ ခိုင်းလို့ရပါတယ်"
ကျောက်ရှောင်ယွီက လှပသည့် မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ဆန်းလျန်ကို မော့ကြည့်ကာ ပြောလိုက်သည်။
သူမစကားကြောင့် ဆန်းလျန်က ချောင်းတစ်ချက် ဟန့်လိုက်ရင်း….
"အမလေး… ကျုပ်တို့ချင်းရွှမ်မှာ မင်းလို ကြီးမြတ်တဲ့ နတ်သမီး တစ်ပါးကို တပည့်အဖြစ် လက်မခံဝံ့ပါဘူး၊ ကဲ ကဲ ဒီမှာပဲ လမ်းခွဲကြစို့၊ ကျုပ် ရော့ရှီလေးကို ချင်းရွှမ်ကို ခေါ်သွားရဦးမယ်"
ဟု ပြောလိုက် လေတော့သည်။
***