← Chapters

ဆရာထက်သာမယ့်တပည့်

Vol. 29 Ch. 408

ဆရာထက်သာမယ့်တပည့်

Vol. 29 Ch. 408

အခန်း (၄၀၈) ဆရာထက်သာမယ့်တပည့်

ရွှီဖေးစကားကြားတော့ ရန်ကျောက်ကဲ ရှီကျွင်းလေးကို ဂရုတစိုက် အကဲခတ်လိုက်သည်။

ရန်ကျောက်ကဲနှင့် ရွှီဖေးရှေ့တွင် ရွှင်မြူးနေဟန်ရှိသော ကလေးငယ်သည် မျက်ဝန်းနက်နက်များထဲတွင်တော့ စိတ်ခံစားချက်အပြည့်နှင့် စိတ်မသက်မသာဖြစ်ခြင်းများကို တွေ့မြင်နေရသည်။

သူ့ကိုကြည့်ရသည်မှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အချိန်မရွေးဆူးတောင်များကားထုတ်လာမည့် ဖြူကောင်ငယ်လေးနှင့် ဆင်တူသည်။

အခြားသူများရှေ့တွင် ရင့်ကျက်ဟန်ဆောင်ထားသော်လည်း တကယ်တမ်းတော့ သူက ကလေးတစ်ယောက်မျှသာyif>

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက် ရွှီဖေးထံသို့ အသံပို့လွှတ်စနစ်ဖြင့် စကားပြောလိုက်၏။

“ငါ့အမြင်ပြောရရင် ရှီကျွင်းက နည်းနည်းတော့ စိတ်ပြင်းထန်တဲ့ပုံစံမျိုးပဲ ၊ လက်ရှိမှာ သူက အစ်မယွီကျန်းကိုပဲ အာရုံစိုက်နေပြီး သူ့ကိုယ်သူ ရင့်ကျက်တဲ့ပုံစံဖြစ်အောင် ဖိအားပေးနေတာ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဂိုဏ်းတူအစ်ကို’ရှီစုန်းထောင်း’ အကြောင်းလည်း သူ့စိတ်ထဲမှာ ရှိနေပါတယ် ၊ ပထမဆရာဦးလေးရဲ့ ရွေးချယ်မှုကို သူ နားလည်နိုင်ပေမယ့် သူ့အဖေ လုပ်ခဲ့တဲ့အရာတွေကြောင့် အတော်လေး အကဲဆတ်နေတာ ဖြစ်နိုင်တယ် ၊ သူ့အဖေကြောင့် အပြင်လောကကလူတွေက သူ့ကို ဘယ်လိုထင်မလဲဆိုတာ အရမ်းသတိထားနေပုံရတယ်”

“သူက သူ့ကိုယ်သူသက်သေပြဖို့ အရမ်းဆန္ဒပြင်းပြနေတာလေ”

ရွှီဖေးက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ အခု ကလေးဘဝမှာတောင် သူ့အကြောင်းမေးရင် သဘောမကျဘူး”

ရန်ကျောက်ကဲက စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချရင်း...

“အင်း... ဘာပဲဖြစ်ဖြစ် ရှီကျွင်းလေး အခုလောက်အဆင်ပြေလာတာ ဂိုဏ်းတူအစ်ကို’ရွှီ’ ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါပဲ ၊ တကယ့်ကို ကျေးဇူးတင်ပါတယ်ကွာ ၊ အရင်က အကြောင်းတွေသိပြီးတဲ့နောက် သူက ပထမဆရာဦးလေးကို နားလည်ပေးနိုင်ခဲ့တယ် ၊ ဒါက အရမ်းကောင်းတဲ့အချက်ပါပဲ”

ရွှီဖေးက...

“ငါ အများကြီးအားထုတ်ခဲ့တာမရှိသေးပါဘူး ၊ ဒါပေမဲ့ သူ့အနာဂတ်အတွက်တော့ အများကြီးဆက်ပြီး ကြိုးစားသွားရဦးမယ်”

ရန်ကျောက်ကဲက...

“စွမ်းအားမြင့်မားလာဖို့ လှုံ့ဆော်ပေးတာက ကောင်းတဲ့ကိစ္စပါပဲ ၊ဒါပေမဲ့ ဘယ်အရာမဆို အလွန်အကျွံလုပ်ရင် အန္တရယ် ဖြစ်တတ်တယ် ၊ ဓားကအရမ်းထက်လွန်းရင်လည်း လက်ကိုရှတတ်တယ် မဟုတ်လား”

ခဏနားပြီး သူက ဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ် ရှီကျွင်းလေး အနာဂတ်အတွက် ဂိုဏ်းတူအစ်ကို’ရွှီ’ ကိုပဲ အများကြီး ဒုက္ခေပးရေတာ့မယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“အခု အခက်ခဲဆုံးအပိုင်းကိုတောင် မင်း ဖြတ်ကျော်ခဲ့ပြီးပြီပဲလေ ၊ ကျန်တာတွေ မင်းအတွက် ခက်ခဲမယ် မထင်ပါဘူး”

ထို့နောက် သူက ရှီကျွင်းကို လှည့်ကြည့်ရင်း...

“ရှီကျွင်းလေးက သိုင်းပညာမှာ ပါရမီရှိတာပဲ ၊ ကြည့်ရတာ သူက ဂိုဏ်းတူအစ်ကို’ရှီစုန်းထောင်း’ ထက်တောင် သာမယ်ထင်တယ်”

ထိုစကားကြောင့် ရွှီဖေးက နွေးထွေးစွာ ပြုံးရင်း...

“အမှန်ပဲ ၊ သူက ငါ့ထက်ရော ဂိုဏ်းတူအစ်ကို ‘ရှီစုန်းထောင်း’ ထက်ရော ပိုတော်တယ် ၊ အနာဂတ်မှာ ငါတို့ထက်သာတဲ့ သိုင်းကျင့်ကြံသူတစ်ယောက်ဖြစ်လာမယ်ဆိုတာ ယုံကြည်တယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“ဆရာထက် တပည့်လက်စောင်းထက်တဲ့သူ နောက်တစ်ယောက် ပေါ်လာဦးမှာပေါ့”

ရွှီဖေးက ပြုံးရင်း...

“မင်း ကိုယ့်အကြောင်းကိုယ် ပြောနေတာလား”

ရန်ကျောက်ကဲက ရယ်မောရင်း ခေါင်းခါယမ်းသည်။

ရွှီ‌ဖေးကလည်း ရယ်မောလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။

“ကျောက်ကဲ... အစ်မယွီကျန်းက ပြန်ကောင်းလာဖို့ အခွင့်အရေး ရှိသေးလား”

ရန်ကျောက်ကဲက သက်ပြင်းချရင်း...

“ကံတရားအပေါ် မူတည်တယ် ၊ တကယ်တော့ အစ်မယွီကျန်းရဲ့ အခြေအနေက အစကတည်းက ဆိုးတယ်လေ၊ မြောက်ဖျားမှာဆေးကုသပြီးတဲ့နောက် အသက်မသေနိုင်တော့ပေမယ့် ပြန်သတိရလာဖို့ကတော့ အခက်အခဲတွေ အများကြီးရှိတယ်”

ရန်ကျောက်ကဲက တိုးလျသည့် လေသံဖြင့်...

“ငါလည်း တစ်ချိန်လုံး ဒီကိစ္စကိုပဲ စဉ်းစားနေမိတာ”

အတန်ကြာ တိတ်ဆိတ်နေပြီးမှ...

“သိပ်မကြာခင် ရေကန်နယ်မြေက ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတောကို ခရီးထွက်ဖို့ရှိတယ် ၊ ငါ ကြားဖူးတာတော့ အဲဒီနေရာက ‘ဝိညာဉ်မဲ့မိုးမြူ’ မှာ အစ်မယွီကျန်းကို ဆေးကုသနိုင်မယ်ဆိုရင် နည်းနည်းတော့ ထိရောက်မှု ရှိနိုင်တယ်”

ရွှီဖေးက ခေါင်းကိုမော့ကာ တစ်ချက်စဉ်းစားရင်း...

“အင်း... ငါလည်း အရင်က ‘ဝိညာဉ်မဲ့မိုးမြူ’ အကြောင်း ကြားဖူးတယ် ၊ အဲဒါက ပုံရိပ်ယောင်ပင်လယ်မှာပဲ ရှိတာတဲ့ ၊ အဲဒီကနေ တခြားနေရာကို ယူဆောင်သွားလို့ မရဘူး ၊ မဟုတ်ရင် သူ့အစွမ်း ပြယ်သွားရောတဲ့”

ရန်ကျောက်ကဲက...

“အမှန်ပဲ ၊ အဲဒါကြောင့် အစ်မယွီကျန်းကို ဆေးကုသပေးချင်ရင် အဲဒီနေရာကို ခေါ်သွားမှဖြစ်မယ်”

ရွှီဖေးက...

“ဒါဆို ငါလည်း ရှီကျွင်းလေးနဲ့အတူ မင်းနောက်လိုက်ခဲ့မယ်”

ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“(၁၀)နှစ်တစ်ကြိမ် ပုံရိပ်ယောင်တွေ အားနည်းသွားတယ်ဆိုပေမယ့် အဲဒီနေရာက ပုံရိပ်ယောင်ပင်လယ်စိမ့်စမ်းတော ဖြစ်နေတုန်းပဲနော် ၊ မင်းအတွက် အဆင်ပြေပေမယ့်... ကျွင်းအာလေးအတွက်တော့ အဆင်မပြောနိုင်ဘူး”

ရွှီဖေးက ရှီကျွင်းကို တစ်ချက်လှမ်းကြည့်ရင်း...

“ရှီကျွင်းလေးက သူ့အမေရဲ့ ရေခဲခေါင်းတလားထည့်ထားတဲ့ အရိပ်ကျုံ့အိတ်ကို ကိုယ်နဲ့မကွာ အမြဲသိမ်းထားတယ် ၊ ခဏလေးတောင် မထားခဲ့ဘူး”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဒါဆိုလည်း သူ့ကိုပါ အရိပ်ကျုံ့အိတ်ထဲ ထည့်ခေါ်လာလိုက်လေ ၊ အဲဒါဆို အဆင်ပြေမလား”

မိခင်ဖြစ်သူကို ဆေးကုသရန်ဆိုလျှင် အရိပ်ကျုံ့အိတ်ထဲက လိုက်ရမည်ဆိုလျှင်လည်း ရှီကျွင်းက ဝမ်းမြောက်ဝမ်းသာ လက်ခံမည်ပင်။

အရိပ်ကျုံ့အိတ်ထဲမှ လိုက်ရမည်ကို မပြောပါနှင့် ၊ ရေခဲခေါင်းတလားထဲ နောက်တစ်ကြိမ်ပြန်ဝင်ရမည်ဆိုလျှင်ပင် ရှီကျွင်းက သေချာပေါက် သဘောတူမည် ဖြစ်သည်။

မျှော်လင့်ချက်အပြည့်ရှိနေသော ရှီကျွင်းပုံစံလေးကိုကြည့်ရင်း ရန်ကျောက်ကဲ စိတ်ထဲမှ သက်ပြင်းချမိသည်။ သူ့ရှေ့မှကလေးငယ်၏ ခံစားချက်များအားလုံးကို သူ နားလည်နိုင်လေသည်။

ရွှီဖေးနှင့် ရှီကျင်းတို့ထံမှ ပြန်ခဲ့ပြီးနောက် ရန်ကျောက်ကဲ တောအုပ်တစ်ခုကို ဖြတ်‌ကျော်လမ်းလျှောက်လျှက် တောင်မြင့်ကြီးတစ်ခုဆီသို့ ဦးတည်လာခဲ့သည်။

ဖန်းယွင်ရှန်း ကျင့်ကြံနေလေ့ရှိသော ရေတံခွန်နေရာသို့ ရောက်လာသည့်အခါ ရန်ကျောက်ကဲက စိတ်အာရုံစူးစိုက်ပြီး အသံများကို နားထောင်လိုက်သည်။

တဟုန်းဟုန်းရေစီးဆင်းသံများကြားတွင် ရေတံခွန်အောက်တွင် ကျင့်ကြံနေသူ တစ်ယောက်တည်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။

တောအုပ်ထဲမှထွက်လာပြီး ရေတံခွန်အနားရောက်လာသည့်အခါ ကျင့်ကြံနေသူမှာ ဖန်းယွင်ရှန်းအပြင် အခြား (၂)ယောက်လည်း ရှိနေကြောင်း တွေ့လိုက်ရသည်။

တစ်ယောက်က ယင်လုန်ထူဖြစ်ပြီး နောက်တစ်ယောက်ကတော့ အလွန်တရာ ချောမောလှပသော မိန်းမပျိုလေးတစ်ယောက် ဖြစ်သည်။ သို့သော် သူမ၏အလှက ဖန်းယွင်ရှန်းကိုတော့ မမီပါပေ။

ယင်လုန်ထူကိုကြည့်ရင်း ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။

‌ရေတံခွန်ထက်မှ အရှိန်ပြင်းစွာကျဆင်းနေသောရေများက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပင် ယိမ်းယိုင်သွားစေခြင်း မရှိပေ။ ပြဒါးကဲ့သို့ ခံနိုင်ရည်ရှိသောသွေးများက သူ့ခန္ဓာကိုယ်ထဲတွင် ချောမွေ့စွာစီးဆင်းလျှက် ရေ၏အရှိန်အဟုန်ကို ကြံ့ကြံ့ခံထားသည်။

မျက်စိရှေ့မှာပင် ယင်လုန်ထူမှာ အရွယ်ရောက်လာခဲ့ပြီး အပြင်ပိုင်းကြယ်တာရာချီ ကနဦးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ရိုးတွင်းခြင်ဆီ ဒုတိယအကြိမ် သန့်စင်ခြင်း ပြီးဆုံးသွားခဲ့ပေပြီ။

ထိုမျှ ကျင့်ကြံခြင်းအဆင့်လျှင်မြန်ခြင်းကို ယခင်က ကြားပင်မကြားဖူးခဲ့ပေ။

ရန်ကျောက်ကဲ သေသေချာချာ ဂရုစိုက်ကြည့်လိုက်တော့ ယင်လုန်ထူက သိုင်းကွက်လေ့ကျင့်နေခြင်း ဖြစ်သည်။ သူက ရေတံခွန်အောက်တွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေပြီး သူ လေ့ကျင့်နေသော သိုင်းကွက်တိုင်းက သူ့ခန္ဓာကိုယ်ထက်ကျဆင်းလာသည့် ရေများနှင့် စည်းချက်ညီညီရှိနေသည်။ သူ၏လှုပ်ရှားမှုတိုင်း ၊ သိုင်းကွက်တိုင်းက မြန်သည်လည်းမဟုတ် ၊ နှေးသည်လည်းမဟုတ် ပြတ်သားမှုနှင့် အင်အားပြင်းထန်မှု အပြည့်ရှိနေသည်။

အံ့အားသင့်စရာအချက်မှာ ဟန်လုန်အာသည် စိတ်အားထက်သန်စွာ လေ့ကျင့်နေခြင်းဖြစ်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ်စွမ်းအားများနှင့် ပြည့်ဝလျှက်ရှိနေခြင်းပင်။

သူ့ဘေးနားတွင် ဖန်းယွင်ရှန်းက အေးဆေးတည်ငြိမ်စွာဖြင့် ထိုင်နေသည်။

သူမက သိုင်းလေ့ကျင့်နေခြင်းမရှိဘဲ ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင် ကျင့်ကြံနေခြင်း ဖြစ်သည်။ သူမခန္ဓာကိုယ်ထက် ကျဆင်းလာသောရေများကို အမှုပင်မထား ပေါ့ပေါ့ပါးပါး ရှိလှသည်။

ကျင့်ကြံရာတွင် ယင်လုန်ထူက ဖန်းယွင်ရှန်းကို အမြဲတမ်း စံနမူနာထားကြောင်း ရန်ကျောက်ကဲ သိရှိသည်။

အချိန်မည်မျှကြာမြင့်ပါစေ ဖန်းယွင်ရှန်း ကျင့်ကြံသည့်အတိုင်း လိုက်လံကျင့်ကြံလေ့ ရှိသည်။

ဖန်းယွင်ရှန်း တစ်ချက်မှအနားမယူဘဲ ကျင့်ကြံသည့်အခါ ဟန်လုန်အာသည်လည်း တစ်ချက်မှ အနားမယူခဲ့ပေ။

ရန်ကျောက်ကဲ ပြုံးလိုက်ပြီး သူတို့ဘေးနားမှ မိန်းမပျိုလေးကို လှမ်းကြည့်လိုက်သည်။

ထိုမိန်းကလေးက အခြားသူမဟုတ် ၊ အရှေ့ပင်လယ်တွင် ရှာဖွေတွေ့ရှိခဲ့သော ထူးကဲယင်မိန်းမပျိုလေး ‘ယင်လျိုဟွား’ ပင် ဖြစ်သည်။

သူမက ဖူအန်းစု၏ တရားဝင်တပည့်တစ်ယောက်ဖြစ်လာပြီး ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့၏ ဆရာတူညီမလေး ဖြစ်လာခဲ့သည်။

ယင်လျိုဟွားကို ဝါဒတောင်သို့ ပို့လိုက်ချိန် ဖူအန်းစုနှင့် ရန်ကျောက်ကဲက အရှေ့ပင်လယ်တိုက်ပွဲ ရင်ဆိုင်နေရသဖြင့် သူမကို သင်ပြပေးရန် ဖန်းယွင်ရှန်းက တာဝန်ယူခဲ့ရသည်။

ယခု ဖူအန်းစု အရှေ့ပင်လယ်မှ ပြန်ရောက်လာပြီဖြစ်လေရာ သူမသည် တပည့်များအား စနစ်တကျ စတင်သင်ပြပေးရန်အတွက် အချိန်မြှုပ်နှံတော့ပေမည်။

ရန်ကျောက်ကဲက လက်ပိုက်လျှက် သူ့ရှေ့မှ လူ (၃)ယောက်ကို တိတ်ဆိတ်စွာပင် ကြည့်နေသည်။

ယင်လျိုဟွားမှာ ဖန်းယွင်ရှန်းနှင့် ဟန်လုန်အာတို့နှင့် ယှဉ်နိုင်ရန် အလွန်တရာ ခက်ခဲနေကြောင်း ထင်ရှားသည်။

သူမ၏ ကျင့်ကြံခြင်းဆင့်ကလည်း ဖန်းယွင်ရှန်းတို့ (၂)ယောက်ထက် နိမ့်ပါးသည်ဖြစ်ရာ မယှဉ်နိုင်သည်မှာ သဘာဝကျပေသည်။

ရန်ကျောက်ကဲက သူမကို အတန်ကြာ အကဲခတ်နေ၏။

နောက်ဆုံးမှာတော့ ယင်လျိုဟွားက ရေတံခွန်အောက်တွင် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ အနားရှိ ရေကန်ဆီသို့ ခုန်ဆင်းလိုက်သည်။

ထို့နောက် ရေကန်စပ်သို့ လမ်းလျှောက်လာပြီး ရေစိုနေသောအဝတ်များကို ချီစွမ်းအားလှည့်ပတ်ကာ  ခြောက်သွေ့စေလိုက်သည်။

ဖန်းယွင်ရှန်းနှင့် ယင်လုန်ထူတို့က အနည်းငယ် စိတ်ရှုတ်ထွေးသွားဟန်ဖြင့် သူမကို လှမ်းကြည့်ကြသည်။

သူမ၏ အပြုအမူများကို အကဲခတ်နေသည့် ရန်ကျောက်ကဲမှာလည်း မျက်ခုံးတစ်ချက်ပင့်လိုက်မိလေ၏။

All Chapters