← Chapters

ဝါဒတောင်မှာမြင်ကွင်းတွေအများကြီးရှိတယ်

Vol. 29 Ch. 409

ဝါဒတောင်မှာမြင်ကွင်းတွေအများကြီးရှိတယ်

Vol. 29 Ch. 409

အခန်း (၄၀၉) ဝါဒတောင်မှာမြင်ကွင်းတွေအများကြီးရှိတယ်

ယင်လျိုဟွားကိုကြည့်ရင်း ရန်ကျောက်ကဲ မျက်ခုံတစ်ချက်ပင့်လိုက်သည်။

ထိုစဉ်...

ရေတံခွန်စီးဆင်းသံများကြားမှ ဖန်းယွင်ရှန်းအသံက ထိုးဖောက်ထွက်ပေါ်လာသည်။

“ဂိုဏ်းတူညီမလေး’ယင်’ ၊ မင်း အချိန်ကြာကြာလေ့ကျင့်နိုင်မှ ပိုအဆင်ပြေမှာနော်”

သူမစကားကိုကြားတော့ လျိုယွင်ဟွားက အနည်းငယ် စိတ်တိုသွားဟန်ဖြင့်...

“ဒါပေမဲ့ ကျွန်မ ဒီထက်ပိုပြီး သည်းမခံနိုင်တော့ဘူး ၊ ဂိုဏ်းတူအစ်မ’ဖန်း’ ကရော ဟိုးအရင်ကတည်းက ဒီလိုပဲ လေ့ကျင့်ခဲ့တာလား”

ဖန်းယွင်ရှန်းက...

“ငါ တောင်ပေါ်ရောက်လာတော့ သိုင်းပညာရှင်တစ်ယောက်ဖြစ်နေပြီ ၊ ဒါပေမဲ့ ငါ မင်းကို လေ့ကျင့်ခိုင်းတာက ငါ့စံချိန်အတိုင်း လေ့ကျင့်ခိုင်းတာမဟုတ်ဘူး ၊ အနိမ့်ဆုံးစံချိန်တစ်ခုအထိလျှော့ချပြီး လေ့ကျင့်ခိုင်းနေတာ ၊ မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ဆိုတော့ အဲဒါနဲ့ လိုက်လျောညီထွေဖြစ်တဲ့အထိ ငါ လျှော့ချပေးထားတယ်လေ”

ယင်လျိုဟွားက မကျေမနပ်ဖြင့်...

“ဒါဆို... ဂိုဏ်းတူအစ်မက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ဒီလိုမျိုး ကျင့်ကြံခဲ့တာမှမဟုတ်တာ ၊ ဒီလိုကျင့်ကြံနည်းမျိုးကို ဘယ်သူကက ခံနိုင်ရည်ရှိမှာတဲ့လဲ”

ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...

“ငါက မင်း မလုပ်နိုင်တာတွေကို အတင်းအကျပ်လုပ်ခိုင်းနေတာ မဟုတ်ပါဘူး”

သူမက ဆက်ပြောသည်။

“မင်း ကျင့်ကြံခြင်းမှာ တခြားသူတွေထက် နောက်ကျပြီးမှ စတင်ခဲ့ရတာ ၊ သူတို့ကို အမီလိုက်ချင်တယ်ဆိုရင် ပိုပြီးကြိုးစားရမယ်လေ ၊ မင်းက လုပ်တောင်မလုပ်ရသေးဘူး မလုပ်နိုင်ဘူးဆိုတာပဲ အဆက်မပြတ်ပြောနေတော့... ဒီလိုသာဆိုရင် ဘယ်လိုရှေ့ဆက်မလဲ ၊ အခု မင်းရဲ့ စွမ်းအားက ငါ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်က စွမ်းအားရဲ့  (၈၀)ရာခိုင်နှုန်းကိုတောင် မမီသေးဘူး”

ယင်လျိုဟွားမျက်လုံးထဲ မယုံကြည်နိုင်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ပြန်လည်ငြင်းဆန်ခြင်းမရှိဘဲ ခေါင်းငုံ့ထားသည်။

ဖန်းယွင်ရှန်းက...

“ငါ မင်းကို အတင်းအကျပ် မလုပ်ပါဘူး ၊ ငါက မင်းအတွက် စံနှုန်းကို လျှော့ချပေးထားတာပါ ၊ ဒါပေမဲ့ အခု ဆရာလည်း တောင်ပေါ်ပြန်ရောက်လာပြီဆိုတော့ မင်း ဒီအတိုင်းနေလို့ရမှာ မဟုတ်တော့ဘူး ၊ သူက မင်းကို အပြင်းအထန် ကျင့်ကြံခိုင်းလိမ့်မယ် ၊ အဲဒီတော့ စိတ်ကိုသာ ပြင်ဆင်ထားပေတော့”

ထိုစကားကြားတော့ ယင်လျိုဟွားမျက်နှာလေးညှိုးနွမ်းသွားသည်။

သူမက ရေကန်နံဘေးတွင် ဒူးနှစ်ဖက်ကိုပိုက်ကာ ငုတ်တုတ်ထိုင်လိုက်ရင်း...

“ကျွန်မ တခြားတပည့်တွေထက် အများကြီးပိုပြီး ကြိုးစားတာပဲလေ ၊ ‌တောင်ပေါ်မှာ ကျွန်မနဲ့အဆင့်တူတဲ့ တခြားကျင့်ကြံသူတွေနဲ့ယှဉ်ရင် ကျွန်မကျင့်ကြံတာက သူတို့ထက် အချိန်ပိုကြာပါတယ် ၊ တကယ်တော့... သူတို့တွေထက် နှစ်ဆလောက်တောင်ပိုပြီး ကျင့်ကြံနေရတာ”

ဖန်းယွင်ရှန်းက နူးညံ့စွာဖြင့်...

“ငါတို့က တခြားသူတွေထက်ပိုပြီး ဦးစားပေးခံရတဲ့သူတွေလေ ၊ ရင်းမြစ်ပစ္စည်းတွေဆိုရင်လည်း တခြားသူတွေထက် ပိုပြီးရရှိတယ်မဟုတ်လား ၊ ဒီတော့ တခြားသူတွေထက် ပိုကြိုးစားရမှာပေါ့ ၊ သိုင်းပညာဆိုရင်လည်း တခြားသူတွေထက် နှစ်ဆလောက် ထူးချွန်နေမှဖြစ်မှာ ၊ ဂိုဏ်းတူ‌မောင်လေး’ယင်လုန်ထူ’ ဆိုရင်... ဟင်း... ထားလိုက်တော့”

ထိုစကားကြားတော့ ယင်လျိုဟွားမျက်နှာ ရှုံ့မဲ့သွားသည်။ သူမ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာခဲ့ပေ။

ရေတံခွန်အောက်တွင် ထိုင်နေသည့် ဖန်းယွင်ရှန်းက မတ်တတ်ရပ်လိုက်ရင်း...

“မင်း တောင်ပေါ်ရောက်တာနဲ့ အဖြူရောင်မှာ နက်ပြာရောင်အနားသပ်ပါတဲ့ ဝတ်စုံကို ချက်ချင်းဝတ်ခွင့်ရခဲ့တယ် ၊ ငါတို့ဂိုဏ်းမှာ ဒီလိုအခွင့်အရေးရတဲ့သူ ဘယ်နှစ်ယောက်ရှိလို့လဲ”

ပြောပြီးသည်နှင့် ဖန်းယွင်ရှန်းက ရေတံခွန်ထဲမှ ထွက်လာကာ ယင်လျိုဟွားအနားသို့ ရောက်လာသည်။

“သာမန်ထက်ပိုတဲ့အခွင့်အရေးတွေကိုယူထားတယ်ဆိုရင် သာမန်ထက် ကြိုးစားကြရမှာ သဘာဝပဲမဟုတ်လား ၊ ငါတို့က ထူးကဲယင်မိန်းမပျိုတွေဖြစ်လို့ ဂိုဏ်းက ငါတို့အပေါ် အများကြီးမျှော်လင့်ထားတယ်ဆိုတာ မင်း မမေ့နဲ့လေ”

ယင်လျိုဟွားက ခေါင်းငုံ့လိုက်ရင်း စကားမဆိုဘဲ ‘အင်း’ တစ်လုံးသာ ရေရွတ်လိုက်၏။

ဖန်းယွင်ရှန်းက သူမပုံစံကိုကြည့်ရင်း ဆက်ပြောမည့်စကားများကို မျိုသိပ်လိုက်သည်။ ထို့နောက် ခေါင်းတစ်ချက်ခါယမ်းရင်း မည်သည့်စကားမှ မဆိုတော့ပေ။

ထို့နောက် ဖန်းယွင်ရှန်း၏ အင်္ကျီလက်အတွင်းမှ အနက်ရောင်ဓားရှည်တစ်လက်ထွက်ပေါ်လာပြီး  လေထဲတွင် ကွေ့ပတ်ပျံသန်းသွားကာ ဖန်းယွင်ရှန်းရှေ့တည့်တည့်တွင် ဓားရှည်က တည်ငြိမ်စွာ ရပ်တန့်သွားသည်။

ဖန်းယွင်ရှန်းက တခြားလှုပ်ရှားမှုများကို မပြုလုပ်ဘဲ လက်နှစ်ဖက်ကိုဝှေ့ယမ်းရင်း ဓားသွားကိုထိန်းသိမ်းထားပြီး သူမခန္ဓာကိုယ်သည်လည်း ရုပ်တုတစ်ခုပမာ မလှုပ်မယှက်ဖြင့် ရှိနေသည်။

ထိုလှုပ်ရှားမှုက သာမန်ထက်သာလွန်ကြောင်း ရန်ကျောက်ကဲ အဝေးမှပင် အကဲခတ်မိသည်။

ဓားဝိညာဉ်ထွက်ပေါ်လာခြင်းမရှိသည့်တိုင် ဓားသိုင်း၏လှုပ်ရှားဟန်က သာမန်ထက် ထူးခြားသည် အမှန်ပင်။

ဓားတစ်လက်တည်းပင်ဖြစ်သော်လည်း နေသူတော်စင်ဂိုဏ်းမှ အနောက်နေဝန်းဓားကို ဝါဒတောင်မှ ခရုပတ်နွယ်လိမ်ဓားသိုင်းဖြင့် ချိုးဖျက်ထားပြီး ပြန်လည်ပေါင်းစည်းထားသည်ကို တွေ့ရှိရသည်။

ပို၍အထင်ကြီးစရာကောင်းသည်မှာ ထိုသို့ ချိုးဖျက်ပေါင်းစည်းထားခြင်းကို ဖန်းယွင်ရှန်းက သူမ၏ဓားစွမ်းအားဖြင့် ကိုယ်တိုင်တီထွင်ပြုလုပ်ထားခြင်း ဖြစ်သည်။

ထိုအချိန် ဓားအတွင်းမှ ဓားဝိညာဉ်ထွက်ပေါ်လာပြီး ကောင်းကင်ကိုမျို ၊ နေမင်းကို စားသုံးတော့မည့်အလား လေထုထဲသို့ ပျံသန်းထွက်ခွာသွားသည်ကို တွေ့ရသည်။

ဤသို့ပြုလုပ်နိုင်ခြင်းကို သိုင်းသမားတစ်ယောက်၏ ‘အစစ်အမှန်တန်ဖိုး’ ဟု သတ်မှတ်နိုင်သည်။

‘အတိုင်းအဆမဲ့ကောင်းကင်တစ်ဖက်သွားဓားသိုင်း’ သည် အခြားသူများနှင့်ယှဉ်လျှင် ရန်တိ၏လက်ထဲတွင် တမူထူးခြားပေသည်။ ထို့အတူ ‘ရွှေခန္ဓာသိုင်းပညာ’ သည်လည်း ရှီတိတစ်ယောက်သာလျှင် အကြုံဘူးသော အထွတ်ထိပ်အဆင့်သို့ ရောက်ရှိခဲ့သည်။ ယွမ်ကျန်းဖုန်း ၊ အကြီးအကဲ’ဟယ်’ နှင့် အကြီးအကဲ’ကျန်း’ တို့၏ ‘ကောင်းကင်ဝါဒလက်ဝါးသိုင်း’ အပေါ် နားလည်သဘောပေါက်ခြင်းများက တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ အားလုံးက သိုင်းပညာတစ်ခုတည်းကို ကိုယ်ပိုင်ဟန်များဖြင့် အသုံးပြုလေ့ရှိကြသည်။

သိုင်းကျင့်ကြံသူများ သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိသည့်အခါ ‘အစစ်အမှန်သိုင်းဝိညာဉ်’ ကို ရရှိကြသည်။ ထိုအချိန်ရောက်လျှင် တူညီသောသိုင်းပညာပင်ဖြစ်လင့်ကစား တစ်ယောက်နှင့်တစ်ယောက် ကိုယ်ပိုင်နားလည်မှုမတူညီကြသဖြင့် သိုင်းကွက်ဟန်ပန်နှင့် စွမ်းအားထည့်သွင်းပုံက မဆိုသလောက် ကွာခြားမည် ဖြစ်သည်။

သို့သော် သိုင်းပညာရှင်တစ်ယောက်မျှသာဖြစ်သော ဖန်းယွင်ရှန်းကတော့ ယခုကဲ့သို့ ကိုယ်ပိုင်ဟန်တစ်ခုဖြင့် ဓားကိုထိန်းချုပ်နိုင်သည်မှာ အမှန်တကယ်ပင် မယုံနိုင်စရာဟု ဆိုနိုင်သည်။

အတန်ကြာ တိတ်ဆိတ်နေပြီးမှ ရန်ကျောက်ကဲက သူတို့ (၃)ယောက်ရှေ့သို့ လူလုံးထွက်ပြလာသည်။

ရန်ကျောက်ကဲကိုမြင်တော့ ဖန်းယွင်ရှန်းက ပြုံးပြလိုက်‌သော်လည်း နဂိုအနေအထားအတိုင်း မလှုပ်မယှက်ပုံစံဖြင့် ဓားကိုထိန်းချုပ်ကာ ဆက်လက်ကျင့်ကြံနေသည်။

ရန်ကျောက်ကဲကလည်း သူမကို ပြန်ပြုံးပြလိုက်သည်။

ဟန်လုန်အာကတော့ ရေထဲမှနဂါးတစ်ကောင်ထွက်ပေါ်လာသည့်အလား ရေတံခွန်အောက်မှ လှစ်ခနဲပြေးထွက်လာပြီး ရန်ကျောက်ကဲအနားသို့ ရောက်ရှိလာသည်။

“မင်းရဲ့တိုးတက်မှုက အရမ်းမြန်တာပဲ ၊ အတော်လေး ကြိုးစားထားပုံရတယ်”

ရန်ကျောက်ကဲက သူ့ပခုံးကိုပုတ်ရင်းပြုံးကာ ဆိုသည်။

ရန်ကျောက်ကဲထံမှ ချီးမွမ်းစကားကြားရတော့ ဟန်လုန်အာမှာ ပြောမပြနိုင်အောင် ဝမ်းသာလုံးစို့သွားသည်။

ရန်ကျောက်ကဲ ရောက်ရှိလာသည်ကိုတွေ့သည်နှင့် ယင်လျိုဟွားက လျှင်မြန်စွာမတ်တတ်ရပ်လိုက်သည်။ စောစောက သူမနှင့် ဖန်းယွင်ရှန်း ပြောခဲ့သည့်စကားများကို ရန်ကျောက်ကဲများကြားသွားလေသလား ဆိုသောအတွေးဖြင့် ထိတ်လန့်သွားသလို စိတ်လည်းဆင်းရဲသွားမိသည်။

ရန်ကျောက်ကဲက ယင်လျိုဟွားကို ပြုံးပြရင်း...

“ဂိုဏ်းတူညီမလေး’ယင်’ ၊ အခု ဝါဒတောင်မှာနေရတာ အသားကျနေပြီလား”

ယင်လျိုဟွားက အတွေးများကို ရပ်တန့်လိုက်ပြီး...

“တောင်ပေါ်မှာနေရတာ အရမ်းကောင်းပါတယ် ၊ အကြီးအကဲတွေရော ဂိုဏ်းတူမောင်နှမတွေရော ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

ယင်လျိုဟွားက လူမှုဆက်ဆံရေးကောင်းသူဖြစ်ပြီး တောင်ပေါ်မှ လူအတော်များများနှင့် သိကျွမ်းခင်မင်သည်ဆိုသောသတင်းကို သူ ကြားသိထားပြီးသားပင်။

“သိုင်းပညာသင်ယူရတာရော အဆင်ပြေရဲ့လား ၊ သိုင်းပညာဆိုတာကတော့ နည်းစနစ်ပိုင်းရော လေ့ကျင့်တဲ့အပိုင်းကိုရော အလေးထားရမယ် ၊ အဲဒီအချက်တွေက ပါရမီနဲ့မဆိုင်ဘူး ၊ အဆုံးစွန်အထိ ကျင့်ကြံနိုင်ဖို့ပဲလိုတယ်”

ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်ဆိုသည်။

“ပြီးတော့ မင်းတို့လို ထူးကဲယင်မိန်းမပျိုတွေအတွက် အထူးပြုလုပ်ထားတဲ့ ‘ထိုက်ယင်းကျင့်စဉ်ကျမ်း’ က အ‌တော်လေး ထူးခြားတယ်”

သူက ဆက်ပြောသည်။

“မင်း ခံနိုင်ရည်ရှိသမျှ အကန့်အသတ်ရောက်တဲ့အထိ ကျင့်ကြံပြီးတဲ့အခါ မင်းရဲ့ခန္ဓာကိုယ်က ချီစွမ်းအားစီးဆင်းမှုက ထူးကဲယင်စွမ်းအားနဲ့ ပေါင်းစပ်သွားပြီး ဘဝအသစ်တစ်ခုရသလို ခံစားရလိမ့်မယ် ၊ အဲဒီအနေအထားမှာ မင်းရဲ့ကျင့်ကြံခြင်းကို မြှင့်တင်နိုင်လိမ့်မယ်”

“ခဏလေးပဲဖြစ်ဖြစ် အဲဒီလိုအခြေအနေရောက်အောင် ကြိုးစားသွားမယ်ဆိုရင် ထပ်ခါထပ်ခါ ကြိမ်ဖန်များစွာဖြစ်လာတဲ့အခါ... သဲတွေအများကြီးစုပုံလာရင် မျှော်စင်ကြီးတောင်ဖြစ်လာတယ်ဆိုသလိုပေါ့ ၊ အချိန်ကြာလာတာနဲ့အမျှ အကျိုးအမြတ်တွေ အများကြီးရလာပါလိမ့်မယ်”

“ထိုက်ယင်းကျင့်စဉ်ကျမ်းအကြောင်း မင်းကိုစပြီးသင်ပေးကတည်းက ဒီအကြောင်းတွေကို ငါ ပြောပြခဲ့ဖူးတယ် မဟုတ်လား”

ထိုစကားကြားတော့ ယင်လျိုဟွာ၏ မျက်ဝန်းများတောက်ပသွားပြီး...

“ဟုတ်... ဂိုဏ်းတူအစ်ကိုကြီး ပြောပြခဲ့ပါတယ်”

ရန်ကျောက်ကဲက ယင်လျိုဟွားကို အကဲခတ်သလို ကြည့်ရင်း...

“မင်းကိုကြည့်ရတာ အကန့်အသတ်ရောက်တဲ့အထိ တွန်းတင်ပြီး မကျင့်ကြံရသေးဘူးဆိုတာ ငါ သတိထားမိနေတယ် ၊ ဒီနေ့ ဘာပြဿနာများရှိလို့လဲ”

ယင်လျိုဟွားက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဘာ ပြဿနာမှ မရှိပါဘူး ၊ တကယ်တော့ ဒီနေ့ ကျင့်ကြံတာ မပြီးသေးပါဘူး ၊ ခဏနားပြီးရင် ဆက်ပြီး ကျင့်ကြံမှာပါ”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ဒါဖြင့် ငါ မင်းကို မနှောက်ယှက်တော့ဘူး ၊ ဆက်ပြီး ကျင့်ကြံလေ”

ယင်လျိုဟွားက ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်ပြီးမှ ရန်ကျောက်ကဲကို ပြန်ကြည့်လိုက်သည်။

“အခု ဂိုဏ်းတူအစ်မ’ဖန်း’ က ကျင့်ကြံနေတော့... ကျွန်မ သိချင်တဲ့ ကျင့်ကြံခြင်းနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ကို မေးလို့ရနိုင်မလားဟင်...”

ရန်ကျောက်ကဲက

“မေးလေ...”

ထို့နောက် ယင်လျိုဟွားနှင့် ရန်ကျောက်ကဲတို့ အတူတူလမ်းလျှောက်ကြရင်း ယင်လျိုဟွားက သူမသိချင်သည်များကို မေးမြန်းသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုကျော်ဖြတ်ပြီး သိုင်းပညာရှင်တစ်ယောက်ဖြစ်လာရန်အတွက် ကျော်ဖြတ်ရမည့် အခက်အခဲအတားအဆီးအချို့ ရှိနေသည်။

ရန်ကျောက်ကဲက ယင်လျိုဟွား မေးသမျှမေးခွန်းအားလုံးကို ဖြေကြားပေးသည်။ ရန်ကျောက်ကဲထံမှ သင်ပြပေးမှုကြားရတိုင်း အလင်းရောင်မြင်ရသလို ခံစားရသဖြင့် သူမက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေလေသည်။

တူညီသောသဘောတရားကိုပင် ရန်ကျောက်ကဲရှင်းပြသည်က တောင်ပေါ်မှ အခြားအကြီးအကဲများရှင်းပြသည်ထက် ပိုမိုရှင်းလင်းပြီး နားလည်ရလွယ်ကူသည်ဟု သူမ ခံစားရသည်။

ယင်လျိုဟွား ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။

ပြီးမှ ရန်ကျောက်ကဲကို ပြန်ကြည့်လိုက်ပြီး နူးညံ့သိမ်မွေ့စွာဖြင့် စကားဆိုသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်ရတဲ့ဘဝကို ကျွန်မနားလည်ပါတယ် ၊ ဒါပေမဲ့ ကျွန်မအတွက် မျှော်လင့်ချက်ရော ရှိရဲ့လား”

All Chapters