သစ္စာဖောက်
Vol. 3 Ch. 276
"အင်းပေါ့လေ၊ ကြည့်ရတာ ကျွန်မကို မလိုတော့ဘူး ဆိုတော့ လမ်းခွဲကြရုံပေါ့၊ နောက်လေးနှစ် ကြာရင် ကျီမော့တောင်မှာ ပြန်တွေ့ကြမယ်နော်၊ အဲဒီအချိန်ကျရင် ကျွန်မ လော်ဝါဒရဲ့ သူတော်စင် မိန်းမပျိုနေရာကို ရအောင် ယူနိုင်ဖို့ ရှင်က ကူညီ ပေးရမယ်နော်၊ မဟုတ်လို့ကတော့ ချင်းရွှမ်ထိ လိုက်လာပြီး ချင်းရွှမ် နတ်တံခါးရဲ့ ဂိုဏ်းချုပ်က ဒီက အားနွဲ့သူ မိန်းကလေး တစ်ယောက်ကို ဘယ်လို စွန့်ပစ်ခဲ့တယ် ဆိုတဲ့ အကြောင်းတွေကို ရှင့်တပည့်တွေ သိအောင် လျှောက်ပြော ပစ်မယ်"
ကျောက်ရှောင်ယွီက ရယ်မောရင်း ပြောလိုက်လေသည်။
ဆန်းလျန်မှာ ဘာပြန် ပြောရမှန်းပင် မသိ။ စိတ်ပျက် လက်ပျက်ဖြင့် ကျောက်ရှောင်ယွီ၏ မျက်နှာကိုသာ ငေးကြည့် နေမိတော့သည်။
ရော့ရှီလေးမှာ မနေနိုင်တော့ဘဲ ရယ်မော လိုက်မိလေသည်။ မမ ကျောက်ရှောင်ယွီမှာ တကယ်ပင် မလွယ်သည့် လူတစ်ယောက် ဖြစ်လေသည်။ သူမ၏ ဦးလေးကို တစ်ချက်မှ မလှုပ်နိုင်အောင် ချုပ်ထားနိုင်သူ ဖြစ်လေသည်။
ဆန်းလျန်က လက်ဝှေ့ယမ်း ပြလိုက်ရင်း…
"အင်းပါ၊ ကျုပ်လာခဲ့ပါ့မယ်၊ နောက်လေးနှစ်ကြာရင် ကျီမော့တောင်မှာ မင်းကို သေသေချာချာ လာတွေ့ပါ့မယ်"
ကျောက်ရှောင်ယွီသည် ဆန်းလျန်ကို တစ်ချက် ငေးကြည့် လိုက်ပြီး တိမ်ပေါ်သို့ ပျံသန်းထွက်ခွာ ပျောက်ကွယ် သွားလေတော့သည်။ သူမ ထိုသို့ ရုတ်တရက် ထွက်ခွာ သွားသည့်အတွက် ဆန်းလျန်ပင် အံ့သြ မှင်တက်ပြီး ကျန်ရစ်ခဲ့ရလေသည်။
"ဦးဦး၊ အခု သမီးတို့ ဦးဦးရဲ့ ဂိုဏ်းကိုသွားမှာလားဟင်"
ရော့ရှီလေးက ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်က မိန်းကလေးငယ်၏ ဆံပင်လေးများကို ပွတ်သပ် ပေးလိုက်ရင်း ဆံပင်တောင် တော်တော် ရှည်နေပြီဟု တွေးလိုက်မိလေသည်။ ရော့ရှီလေး၏ ဆံပင်များသည် ခါးထိ ရှည်လျားပြီး နက်မှောင်တောက်ပကာ လှပလွန်းလေသည်။ ခရီးတစ်လျှောက် ကျောက်ရှောင်ယွီက သူမ ဆံပင်လေးများကို ဖြီးသင် ရှင်းလင်း ပေးလေ့ရှိလေသည်။ ယခု ကျောက်ရှောင်ယွီ မရှိတော့သဖြင့် ဦးလေး ဖြစ်သည့် သူကသာ တာဝန်ယူ လုပ်ပေးရတော့မည်။
"ဒါပေါ့ သမီးရယ်၊ ဦးဦးရဲ့ဂိုဏ်းက သမီးရဲ့ ဂိုဏ်းပါပဲ၊ အခုချိန်ကစပြီး သမီးက ချင်းရွှမ် နတ်တံခါးက တပည့် ဖြစ်သွားပြီနော်"
ဆန်းလျန်က တီးတိုး ပြောကြားလိုက်သည်။
ရော့ရှီက နားလည်သလိုလို မလည်သလိုလိုနှင့် ခေါင်းညိတ် ပြလိုက်သည်။ သူမအတွက် ဂိုဏ်းဂဏများက အရေးမကြီးလှပါ။ သူမ ချစ်သည့် ဦးလေးနှင့် အတူ နေရရန်သာ အရေးကြီး လေသည်။
ဆန်းလျန်က ဖြစ်ပျက်သမျှ အားလုံးကို ရော့ရှီကို ပြောပြသည့်တိုင် အတွေ့အကြုံ မရင့်ကျက်သေးသော ကလေးမသည် နားလည် နိုင်လိမ့်မည် မဟုတ်ပေ။ လောကတွင် ကြာရှည်စွာ ရပ်တည်ခဲ့ပြီး လောကကြီး အကြောင်း များစွာ သိရှိလာသည့် တစ်နေ့တွင်တော့ သူမလည်း အလုံးစုံကို နားလည် လာမည် ဖြစ်လေသည်။
အမှန်တော့ ရော့ရှီလေး ထိုမျှ နားလည်မည်ဟူ၍ပင် ဆန်းလျန် တွေးထင်မထားခဲ့ပါ။ ရန်ငြိုးရန်စ ထားရှိခြင်းသည် ပျော်ရွှင်ရခြင်းထက် နာကျင်ရခြင်းက ပိုများမည်ကို ဆန်းလျန်က သူမကို အမြဲတမ်း သင်ကြား ပေးမိလေသည်။
ဆန်းလျန်မှာ ရော့ရှီလေးကို ထိုက်စု နတ်ဘုရား ဂိုဏ်းမှ ခေါ်ထုတ် လာနိုင်ခဲ့သည့်တိုင် သူမနှင့် ထိုက်စု နတ်ဘုရားဂိုဏ်း၏ ဆက်သွယ်မှုကို လုံးဝ ဖြတ်တောက် နိုင်ခြင်း မရှိသေးပေ။ နှလုံးသား စည်းချက် ကျင့်စဉ်ကြောင့် ရော့ရှီ၏ နှလုံးသား ဗဟိုချက်တွင် ရရှိထားသည့် ဒဏ်ရာကို ဖြေရှင်းနိုင်ရန် နည်းလမ်း ရှာရဦးမည် ဖြစ်လေသည်။ ထျန်းမုန့် နတ်သမီး ကူညီလျှင်တော့ ပိုကောင်းမှာ ဖြစ်လေသည်။ ပြုလုပ်သူက ပြန်လည် ဖြေရှင်း ပေးနိုင်လျှင် အကောင်းဆုံးပင် မဟုတ်ပါလား။
ဆန်းလျန်က သူ့ဘဝ တစ်ခုလုံး ကျင့်ကြံခဲ့သည့် ကျင့်စဉ် စွမ်းအားများကို ရော့ရှီကို လွှဲပြောင်း ပေးရမည် ဆိုလျှင်တောင် သူမ၏ဒဏ်ရာကို ကုသပေးမှာ ဖြစ်လေသည်။ သို့သော် နောက်ဆုံး စမ်းသပ် စစ်ဆေးမှုကို ကျော်လွှား နိုင်ရန်မှာတော့ သူမ အပေါ်တွင်သာ မူတည်လေသည်။
"ရော့ရှီ၊ ဦးဦးပြောတာကို မှတ်ထားပါ၊ ဖြစ်ချင်တဲ့ ဆန္ဒသာ ရှိရင် အမြဲတမ်း နည်းလမ်း ဆိုတာရှိတယ်၊ သမီးဘက်က လက်မလျှော့ သရွေ့ နည်းလမ်း ဆိုတာရှိစမြဲပဲ"
ဆန်းလျန်က အလေးအနက် ပြောလိုက်သည်။
"သမီး မှတ်ထားပါ့မယ် ဦးဦး"
ဆန်းလျန်က ချင်းရွှမ် နတ်တံခါးသို့ တန်းမပြန်သေးပါ။ သူက ချင်းကျန်းဂိုဏ်းသို့ ခဏ ဝင်ခဲ့လေသည်။
ချင်းကျန်း ဂိုဏ်းသည် ဟွမ်လုန်ကျီ၏ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် ပျက်စီး ခဲ့ရလေသည်။
ဆောင်းဝင်တော့မည် ဖြစ်သည့် အတွက် တောင်တစ်ခုလုံးတွင် အနီရောင် သစ်ရွက်များဖြင့် ဖုံးအုပ်လျက် ရှိလေသည်။ အနီရောင် သစ်ရွက်ကြွေများမှာ ချင်းဆွေ မြစ်ရေထဲတွင်လည်း စီးမျောနေပြီး မြစ်တစ်ခုလုံးမှာလည်း အနီရောင် သန်းနေလေသည်။
ချင်းကျန်း ဂိုဏ်းတည်ရှိရာ ပေါယွင် တောင်ပေါ်တွင် ခမ်းနားစွာ ကျဆင်းနေသည့် ရေတံခွန်ကြီး တစ်ခုကိုလည်း တွေ့မြင် နိုင်လေသည်။ ထိုရေတံခွန်မှာ ဟွမ်လုန်ကျီနှင့်တို က်ပွဲတွင် တောင်ပေါ်မှ ရေကြောကို တိုက်ခိုက် မိသောကြောင့် ဖြစ်တည်လာသည့် ရေတံခွန်ကြီး ဖြစ်လေသည်။ ထိုရေတံခွန်ကို မြင်တိုင်း ချင်းကျန်း ဂိုဏ်းသားများသည် မခံချင်စိတ်များ မြင့်တက် လာစမြဲ ဖြစ်လေသည်။
ရေတံခွန်အောက်တွင် ဓားသိုင်း လေ့ကျင့်နေသူ ချင်းကျန်း ဂိုဏ်းသား သုံးဆယ့်သုံးဦး ရှိလေသည်။
သူတို့က အသက် ဆယ့်နှစ်နှစ်ခန့် မိန်းကလေးငယ်လေး တစ်ဦး၏ လက်ကို ကိုင်ဆွဲကာ ကောင်းကင်ထက်မှ ဆင်းသက် လာသည့် လူငယ် တစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။ ထိုလူငယ်မှာ တပည့်ဖြစ်သူ နတ်သူငယ်မလေးဖြင့် ကောင်းကင်မှ ကြွဆင်းလာသည့် နတ်ဘုရား တစ်ပါးနှင့်ပင် တူလေသည်။
ဓားသမားများကို ဦးဆောင်ပြီး ဓားသိုင်းသင်ကြား ပေးနေသူမှာ ကျော်ရှောင်ချင်း ဖြစ်လေသည်။ သူက ဆန်းလျန်ကို တွေ့သည်နှင့် သူ၏ ဂိုဏ်းတူ ညီအစ်ကိုများနှင့် အတူ ဆန်းလျန်ကို ဦးညွတ် ဂါရဝ ပြုလိုက်လေသည်။
"ဆန်းတန်ခိုးရှင်ကို ဂါရဝပြုပါတယ်"
သူတို့အားလုံးမှာ သွေးအေးသည့် ဓားသမား ဖြစ်သည့်တိုင် ခမ်းနားသည့် တာအို ဆရာသခင်ကို ကြိုဆိုရသည့် အတွက် စိတ်လှုပ်ရှား နေကြလေသည်။
ဆန်းလျန်နှင့် ရော့ရှီမှာ ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းသက် လာလေသည်။
လေတိုက်ခတ် နေသည့်အတွက် သူတို့၏ ဝတ်ရုံများမှာ လေထဲတွင် လွင့်ပျံ နေလေသည်။ ဆန်းလျန်ဆီမှ ထွက်ပေါ်နေသည့် သိမ်မွေ့သည့် စွမ်းအား တစ်ခုကို ဓားသမား သုံးဆယ့် သုံးယောက်လုံး ခံစား လိုက်ရလေသည်။
ဓားသမား အားလုံးမှာ တစ်ယောက်မျက်နှာ တစ်ယောက် အံ့သြစွာဖြင့် ကြည့်လိုက်ကြပြီး ဆန်းလျန်ကို အထင်ကြီးစွာဖြင့် ပြန်လည် ကြည့်လိုက် ကြလေသည်။
ဆန်းတန်ခိုးရှင်သည် အသက်ငါးဆယ်ပင် မပြည့်သေးသည့်တိုင် တန်ခိုး စွမ်းအားများက အဆမတန် မြင့်မားနေပြီ ဖြစ်သည်။
"အားလုံးပဲ နေသာသလို နေကြပါ၊ ကျုပ်တို့ အားလုံးက ကျင့်ကြံ သူတွေပဲ၊ ကျုပ်က မင်းတို့ထက် ခြေလှမ်း နည်းနည်း သာတာပဲ ရှိတာပါ"
ဆန်းလျန်က သိမ်မွေ့စွာဖြင့် ပြောလိုက်သည်။
ဓားသမားများက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ဆန်းလျန်ကို ခေါင်းညိတ် ပြလိုက်ကြလေသည်။
"ရှောင်ချင်း၊ မင်းက တကယ့်ကို စွမ်းအားကြီးတဲ့ လူတစ်ယောက် ဖြစ်လာပြီ၊ အရင်တုန်းက မလုပ်မဖြစ်လို့သာ မင်းကို ကျုပ်ရဲ့ ဓားကျွန် ဖြစ်စေခဲ့ရတာပါ၊ မင်းကို သိမ်ငယ် စေခဲ့မိတယ်၊ အခုတော့ ဒီကိစ္စတွေ အားလုံး ပြီးသွားပါပြီ၊ မင်းဟာ လွတ်လပ်တဲ့ လူတစ်ယောက် ဖြစ်သွားပါပြီ"
ဆန်းလျန်က ကျော်ရှောင်ချင်းကို ပြောလိုက်လေသည်။
ဆန်းလျန်၏ စကားကြောင့် ကျော်ရှောင်ချင်း၏ မျက်ဝန်းတွင် မျက်ရည်များဖြင့် ပြည့်လာလေသည်။
"ကျွန်တော် သခင်လေးဆီက အများကြီး သင်ယူခဲ့ရတာပါ၊ သိမ်ငယ်တယ်လို့ နည်းနည်းလေးတောင် မခံစားခဲ့ရပါဘူး၊ သခင်လေးဆီမှာ ဓားကျွန်အဖြစ် ဆက်ပြီး တာဝန် ထမ်းဆောင် ချင်ပါသေးတယ်"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"မရူးမိုက်စမ်းပါနဲ့ကွာ၊ မင်းမှာ တကယ့် ဓားသမားကောင်း တစ်ယောက် ဖြစ်လာမယ့် ပါရမီ ပါပြီးသားပါ၊ ဒါနဲ့ တောင်ပေါ်မှာ ဘယ်သူ့ ကိုမှလည်း မတွေ့ပါလား"
ကျော်ရှောင်ချင်း မျက်နှာ တစ်ချက် ပျက်သွားပြီး အသံမှာလည်း တိမ်ဝင် သွားလေသည်။
"ဟွမ်လုန်ကျီနဲ့ တိုက်ပွဲ ဖြစ်ပြီး ကတည်းက ကျွန်တော်တို့ ချင်းကျန်း ဂိုဏ်းက ဂိုဏ်းသားတွေ အတော်များများ ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတယ်၊ ကျင့်ကြံမှုတွေ ပျက်စီးကုန်ပြီး ဆက်ပြီး ကျင့်စဉ်လမ်းကို လျှောက်လှမ်းလို့ မရကြတော့ဘူးလေ၊ ဒါကြောင့် ဂိုဏ်းတူ အစ်ကို ကျန်းဆွေကျယ်က သူတို့ကို လူ့လောကမှာပဲ သာမန် ဘဝနဲ့ နေဖို့ အခြေတကျ ဖြစ်အောင် လိုက်လုပ် ပေးနေရတယ်၊ အခု ဒီမှာသုံးဆယ့်သုံးယောက်ပဲ ကျန်ခဲ့တော့တယ်"
"ဒါဖြင့် ဓားဘုရင်မုန့်ရော ဘယ်ရောက်နေလဲ"
ဆန်းလျန်က မေးလိုက်သည်။
ဆန်းလျန် မေးလိုက်သည်နှင့် ကျော်ရှောင်ချင်း အပါအဝင် ချင်းကျန်း ဂိုဏ်းသားများ အားလုံး၏ မျက်နှာများမှာ မည်းမှောင် သွားကြလေသည်။ အရှက်ကွဲခဲ့ခြင်းကို ဖုံးကွယ်၍မရပေ။
"ဆရာက ကျွန်တော်တို့ ဘိုးဘွားပိုင်ဖြစ်တဲ့ ယွင်ဆွေ အလင်းဓား ကျမ်းကိုရော၊ နဂါးငွေ့တန်း ဓားကျမ်းကိုရော ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ချင်းဝေးဆိုတဲ့ လူကို ပေးလိုက်တယ်၊ ဆရာက ကျွန်တော်တို့ ဂိုဏ်းချုပ်ကိုတောင် သတ်ပြီး ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကို ခိုဝင်သွားခဲ့တယ်"
ဆန်းလျန် သက်ပြင်း တစ်ချက် ချလိုက်သည်။
"ဒါကြောင်း မင်းရဲ့ မျက်လုံးတွေထဲမှာ သွေးစတွေ မြင်နေရပြီး မင်းရဲ့ တန်ခိုး စွမ်းအား တွေလည်း ရပ်တန့်နေတာကိုး၊ မင်းဒဏ်ရာ ရထားတာ မပျောက်သေးဘူး မဟုတ်လား၊ ဒီဒဏ်ရာက မင်းရဲ့ ဆရာကြောင့် ရခဲ့တာလား"
ကျော်ရှောင်ချင်း က ဆန်းလျန် အမေးကို ပြန်မဖြေဘဲ တိတ်ဆိတ်နေလေသည်။
မုန်ရွှင်ကျန်းမှာ မည်မျှပင် ဂွကျသောသူ ဖြစ်ပါစေ သူ၏ဆရာနှင့် ဘိုးဘေးများကို သစ္စာဖောက်မည့်သူ မဟုတ်ပေ။ ချင်းဝေး အဖြစ် ဟန်ဆောင်ထားသည့် ယန်ရွှီးက မုန့်ရွှင်ကျန်း၏ စိတ်အတွင်းသို့ သူ၏ မိစ္ဆာမျိုးစေ့ကိုထည့်ကာ သူ၏ ကိုယ်ပွား အဖြစ် ပြုလုပ် လိုက်ခြင်းကြောင့်သာ မုန့်ရွှင်ကျန်း၏ စိတ်များ ဖောက်ပြန် သွားရခြင်း ဖြစ်လေသည်။ ထို့ကြောင့် မလုပ်သင့်သည့် အလုပ်များကို လုပ်ခြင်း ဖြစ်ကြောင်း ဆန်းလျန်ကတော့ နားလည် ထားလေသည်။
ဆန်းလျန်က နဂါးငွေ့တန်း ဓားသိုင်းကို မုန့်ရွှင်ကျန်းနှင့် ကျော်ရှောင်ချင်းကို ဖမ်းထားစဉ်က လေ့လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ယန်ရွှီးက နဂါးငွေ့တန်း ဓားသိုင်းကို စိတ်ဝင်စားနေသူ ဖြစ်လေသည်။
အမှန်တော့ မုန့်ရွှင်ကျန်း၏ နဂါးငွေ့တန်း ဓားသိုင်းမှာ ပြည့်စုံခြင်း သိပ်မရှိပေ။
သို့သော် ဆန်းလျန်က ပိုင်ရှောက်လျိုထံမှ စမ်းရေ ဓားကျမ်းကို ကြည့်ခဲ့ဖူးလေသည်။
အစပိုင်း ကတည်းကပင် စမ်းရေ ဓားကျမ်းက ထူးဆန်းသည်ဟု သူက ထင်ခဲ့မိသည်။ နဂါးငွေ့တန်း ဓားသိုင်းကို လေ့လာမိသည့် အခါတွင်တော့ မပြည့်စုံသည့် နဂါးငွေ့တန်း ဓားကျမ်း၏ လိုအပ်နေသည့် အစိတ်အပိုင်းမှာ စမ်းရေ ဓားကျမ်း ဖြစ်နေခဲ့ကြောင်း သိရှိခဲ့ရလေသည်။ စမ်းရေဓားကျမ်းမှာ နဂါးငွေ့တန်းဓားကျမ်း၏ အနှစ်ချုပ် သဘောများကို ရေးသားထားခြင်း ဖြစ်သည်။ ဆန်းလျန်မှာ တစ်ခါ ကြည့်ရုံဖြင့် မှတ်မိသည့် မှတ်ဉာဏ် ရှိသည့် အတွက်သာ ထိုသို့ ဆက်စပ် ကြည့်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော် သူက စမ်းရေဓားကျမ်းကို အပေါ်ယံမျှသာ ကြည့်ခဲ့မိသည့်အတွက် နဂါးငွေ့တန်း ဓားသိုင်းကို လေ့ကျင့်ရာတွင် နားမလည်သည့် အချက်များ ရှိနေသေးသည်။
ယန်ရွှီးအကြောင်း သိနေသည့်တိုင် ဆန်းလျန်မှာ ယန်ရွှီး အကြောင်းကို ဖော်ထုတ်၍ မဖြစ်နိုင်သေးပေ။ အထူးသဖြင့် ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသည် သူ့စကားကို မည်သည့်နည်းနှင့်မှ ယုံကြည်မည် မဟုတ်ပေ။ သို့သော်... ကွမ်းချင်း နတ်ဘုရား ဂိုဏ်းတွင် ယန်ရွှီး ရောက်နေခြင်းက ဆန်းလျန်အတွက် မကောင်းသည့် အနေအထား ဖြစ်လေသည်။
ကျော်ရှောင်ချင်းတို့ အဖွဲ့က ဆန်းလျန်နှင့် ရော့ရှီလေးတို့ကို ရေတံခွန် ထိပ်ရှိ ချင်းကျန်းဂိုဏ်း ခန်းမဆောင် ရှိရာသို့ ခေါ်ဆောင် ဧည့်ဝတ် ပြုကြလေသည်။ ချင်းကျန်းဂိုဏ်း၏ ဓားခန်းမဆောင်သည် တောအုပ် တစ်ခု အတွင်းတွင် တည်ရှိလေသည်။
***