ရန်ကျောက်ကဲပေးတဲ့လက်ဆောင်
Vol. 29 Ch. 411
အခန်း (၄၁၁) ရန်ကျောက်ကဲပေးတဲ့လက်ဆောင်
ယခု ယင်လုန်ထူက ရွှေခန္ဓာသိုင်းပညာ ၊ လေးမီးကပ်ဘေးနှင့် ခရုပတ်နွယ်လိမ်ဓားသိုင်းများအပြင် အခြားသော သိုင်းပညာရပ်များစွာကိုပါ သင်ယူထားပြီကို တွေ့ရသည့်အခါ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားသည်။
ပုံမှန်ဆိုလျှင် ဤသို့သောသိုင်းပညာများကို လက်ဆင့်ကမ်းသင်ပြပေးသည့်အခါ အချိန်ကာလတစ်ခုအတွင်း တစ်မျိုးသာလျှင် သင်ယူနိုင်ကြသည်။
တပည့်ဖြစ်သူက သိုင်းပညာတစ်ရပ်ကို လုံလောက်စွာ ကျွမ်းကျင်ပိုင်နိုင်ပြီဖြစ်ကြောင်း ဆရာဖြစ်သူက အတည်ပြုပြီးမှ နောက်ထပ်သိုင်းပညာတစ်ရပ်ကို ထပ်မံသင်ယူခွင့် ရရှိသည်။
ဆရာဖြစ်သူ သင်ပြပေးသည်အထိ မစောင့်ဘဲ ကိုယ်တိုင်လေ့လာလိုလျှင်တော့ ဂိုဏ်းအတွက် အကျိုးပြုအလုပ်များပြုလုပ်ပြီး ရရှိသည့်ဆုလာဘ်များအပေါ် မူတည်နေမည် ဖြစ်သည်။
ယင်လုန်ထူက သိုင်းပညာအားလုံး၏ အနှစ်သာရများကို လျှင်မြန်စွာနားလည်သဘောပေါက်နိုင်သူဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိထားသည်။
ရှီတိက သူ့ကို ရွှေခန္ဓာသိုင်းပညာ သင်ကြားပေးခဲ့သည်။ ရန်တိကတော့ သူ့ကို ခရုပတ်နွယ်လိမ် ဓားသိုင်း သင်ပြပေးခဲ့သည်။
ထို့ပြင် ဝါဒတောင်တိုက်ပွဲတွင် ယင်လုန်ထူက အသက်ငယ်ငယ်လေးဖြင့် ရှီတိ ၊ ရွှီဖေးတို့နှင့်အတူ သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ပါဝင်ခဲ့သဖြင့် သိုင်းကျမ်းစာကြည့်တိုက်သို့ တစ်ကြိမ်ဝင်ရောက်ခွင့်ရရှိခဲ့ပြီး လေမီးကပ်ဘေးသိုင်းပညာကို သင်ယူနိုင်ခဲ့သည်။
ထိုအကြောင်းများအားလုံးကို ရန်ကျောက်ကဲ သိရှိထားသည်ပင်။
သို့သော် ယင်လုန်ထူမသိသေးသောအချက်တစ်ချက်ရှိသည်။ ထိုအချက်မှာ ဝါဒတောင်မှ ထိပ်တန်းအကြီးအကဲများ ဆွေးနွေးခဲ့ကြပြီး ဤလူငယ်လေး ရှန်ထျန်းအဆင့် ရောက်ရှိလာပါက သိုင်းကျမ်းစာကြည့်တိုက် တတိယထပ်အထိ လွတ်လပ်စွာဝင်ထွက်ခွင့်ပြုရန် ဖြစ်သည်။
ဝါဒတောင်တွင် သိုင်းပညာရှင်အဆင့်ဖြင့် ထိုသို့ ထူးခြားအခွင့်အရေးရရှိသူများမှာ ကျန်းဒေါင်ဂီ ၊ ရန်တိနှင့် ရန်ကျောက်ကဲတို့သာလျှင် ရှိသည်။ ယင်လုန်ထူကတော့ စတုတ္ထမြောက်လူ ဖြစ်လာပေလိမ့်မည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဝါဒတောင်က ယင်လုန်ထူကို မည်မျှတန်ဖိုးထားပြီး အနီးကပ်စောင့်ကြည့်နေကြောင်း သိရှိနိုင်သည်။ ဟန်လုန်အာ ရှန်ထျန်းအဆင့်သို့ ရောက်ရှိလျှင် ဤအခွင့်အရေးကို သေချာပေါက် ရရှိပေလိမ့်မည်။
“ဒီကောင်လေး ဒီလောက်တော်တာ အကြီးအကဲတွေကတော့ ဆုံးဖြတ်ထားတဲ့အတိုင်း ဆက်လုပ်ကြရတော့မှာပဲ”
အတွေးနှင့်အတူ ရန်ကျောက်ကဲက ယင်လုန်ထူကို စူးစမ်းဟန်ဖြင့် ကြည့်လိုက်သည်။
သူကိုယ်တိုင်လည်း ဤကောင်လေးကို ထိုအခွင့်အရေး အမြန်ဆုံး ရရှိစေချင်နေပြီ ဖြစ်သလို သူ့ညီလေးအပေါ်တွင်လည်း များစွာ မျှော်လင့်ထားခဲ့သည်။
ဟန်လုန်အာက သဘောကျစွာ ရယ်မောရင်း...
“ကျွန်တော် တောင်အောက်ဆင်းပြီး အတွေ့အကြုံရှာဖို့ ခရီးထွက်ခဲ့သေးတယ်လေ ၊ အဲဒီမှာ ဂိုဏ်းအတွက် အကျိုးပြုတဲ့အလုပ်တစ်ခုလုပ်ပေးနိုင်ခဲ့လို့ သိုင်းကျမ်းစာကြည့်တိုက်တတိယထပ်ကို နောက်တစ်ကြိမ် ဝင်ခွင့်ရခဲ့သေးတယ်”
ယင်လုန်ထူက ထိုအကြောင်းကို အသေးစိတ်ထပ်ရှင်းပြတော့မှ ဤလူငယ်လေးသည် မကြာသေးမီက ပြင်ပလောကသို့ ခရီးလှည့်လည်ခဲ့ပြီး လှိုင်းနက်ဂေဟာမှတပည့်အချို့ကို ကယ်တင်ခဲ့ကြောင်း ရန်ကျောက်ကဲ သိလိုက်ရသည်။
အခြားသော ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုနှင့် ပတ်သက်သည့်အကျိုးကို ဆောင်ခဲ့သည့်အတွက် ယင်လုန်ထူ ဆုလာဘ်တစ်ခု ထပ်မံရရှိခဲ့ခြင်းပင်။
ယင်လုန်ထူက ထိုအကြောင်းနှင့်ပတ်သက်ပြီး ထပ်မံချီးမွမ်းခံချင်နေကြောင်း ရိပ်မိလိုက်သဖြင့် ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“အဲဒါ အရမ်းကောင်းတာပဲ ၊ ငါတို့ ဟန်လုန်အာတောင် အရွယ်ရောက်လာပြီပဲ”
ရန်ကျောက်ကဲ ထပ်မံချီးမွမ်းလိုက်သည့်အခါ ယင်လုန်ထူက ပို၍ပင် ပျော်ရွှင်သွားလေသည်။
ပျော်ရွှင်နေသည့် ဟန်လုန်အာကိုကြည့်ပြီး ရန်ကျောက်ကဲလည်း ပြုံးလိုက်မိသည်။
တစ်ချိန်က တိမ်လွှာတောင်တွင် မိဘနှစ်ပါးလုံး ဆုံးရှုံးခဲ့ရသဖြင့် ဤကလေးငယ်သည် မျက်ဝန်းတွင် မျက်ရည်များပြည့်နက်လျှက် မှင်တက်နေသော ယင်လုန်ထူ၏မျက်နှာလေးကို ရန်ကျောက်ကဲ ပြန်လည်မြင်ယောင်မိပြီး ရင်ထဲ အတော်ခံစားလိုက်ရသည်။
ယင်လုန်ထူက ထိပ်တန်းအဆင့် ခုနစ်စဉ်ကြယ်ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ကြောင်း သိရှိခဲ့ပြီးနောက် ရန်ကျောက်ကဲက သူ့ကို ဝါဒတောင်သို့ ခေါ်လာခဲ့သည်။ ယခု ယင်လုန်ထူ၏မျက်နှာထက်မှအပြုံးကို တွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲသည်လည်း အလွန်တရာ ဝမ်းသာမိသည်သာ။
ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက လူငယ်လေး၏ပခုံးကို ပုတ်လိုက်ရင်း...
“ငါ့အဖေတွေးတာ မှန်တယ် ၊ ဟန်လုန်အာ... မင်းက သိုင်းပညာမျိုးစုံကို သင်ယူဖို့ ပါရမီရှိတဲ့သူပဲ”
“မင်း လက်ဝါးသိုင်းမျိုးစုံ ၊ ဓားသိုင်းမျိုးစုံ သင်ယူသင့်တာမှန်ပေမယ့် ဓားသိုင်းကို မင်းရဲ့ သိုင်းပညာအခြေခံအဖြစ် သတ်မှတ်သင့်တယ် ၊ ဓားသိုင်းအခြေခံခိုင်မာတော့မှ လက်ဝါးသိုင်းနဲ့ တခြားသိုင်းပညာတွေကို စိတ်ကြိုက်ထပ်ပြီး လေ့လာပေါ့ ၊ မင်းအနေနဲ့ ရွှေကုလားကာလက်ဝါးသိုင်း ဒါမှမဟုတ် တုရှိတလက်ဝါးသိုင်းတွေကို ထပ်သင်လို့ရတယ် ၊ မျက်နှာပြင်ရှစ်ပါးဝိညာဉ်ဓားသိုင်းလည်း သင်လို့ရတာပဲ ၊ နောက်ပိုင်း မင်း လေ့ကျင့်ချင်တဲ့သိုင်းပညာတွေ အကုန်သင်ကွာ... မင်းက အစွန်းရောက်ရှစ်ပါးသိုင်းပညာ (၈)ရပ်လုံးကို သင်ယူနိုင်စွမ်းရှိနေတာပဲ”
ရန်ကျောက်ကဲက သိုင်းပညာရပ်များအကြောင်း ပြောပြသည့်အခါ ယင်လုန်ထူ၏ မျက်နှာက တည်ကြည်လေးနက်သွားသလို စိတ်ဓာတ်တက်ကြွသွားဟန်လည်း ရှိသည်။
“ကျွန်တော် ကြိုးစားပါ့မယ် ဂိုဏ်းတူအစ်ကိုကြီး’ရန်’”
ရန်ကျောက်ကဲက...
“ငါတို့ဂိုဏ်းရဲ့ စည်းကမ်းအရ မင်း ရှန်ထျန်းအဆင့် သိုင်းပညာရှင်ဖြစ်လာရင် မှော်ဝင်လက်နက်တစ်ခု ရရှိလိမ့်မယ် ၊ ဒါပေမဲ့ မင်းက အပြင်ထွက်ပြီး အတွေ့အကြုံရှာနေတာဆိုတော့ အန္တရယ်ကင်းဖို့အတွက် ဒီအစ်ကိုကြီးက လက်ဆောင်တစ်ခု အရင်ပေးထားနှင့်မယ်”
သူက ဆက်ပြောသည်။
“မင်းက ဓားသိုင်းကို သိုင်းပညာအခြေခံအဖြစ် ကျင့်ကြံမယ့်သူဆိုတော့... မင်းကို တွန်းအားပေးနိုင်ဖို့ စွမ်းအားမြင့်မားတဲ့ ဓားတစ်လက် လက်ဆောင်ပေးမယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက အင်္ကျီလက်တစ်ဖက် ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းရောင်အလင်းတန်းများ ဖြာလင်းလျှက် ဓားတစ်လက်ထွက်ပေါ်လာသည်။
“အဲဒါ ကျောက်စိမ်းနဂါးဓား မဟုတ်လား...”
ထိုသို့ အော်ဟစ်လိုက်သူမှာ ယင်လျိုဟွား ဖြစ်လေ၏။
သူမက ရန်ကျောက်ကဲနောက်မှ လိုက်လာခြင်းဖြစ်သည်။
ရန်ကျောက်ကဲနှင့် ယင်လုန်ထူတို့ မည်မျှရင်းနှီးသည်ကို တွေ့မြင်စဉ်ကပင် အတော်လေး မနာလိုဖြစ်နေသည့် ယင်လျိုဟွားသည် ရန်ကျောက်ကဲက ယင်လုန်ထူကို မှော်ဝင်ဓားတစ်လက် လက်ဆောင်ပေးမည်ဆိုသောအခါ ပို၍ပင် မနာလို ဖြစ်လာရသည်။
ထို့ပြင် ထိုမှော်ဝင်ဓားက ‘ကျောက်စိမ်းနဂါးဓား’ ဖြစ်နေကြောင်း သိလိုက်ရသည့်အခါ စိတ်မထိန်းနိုင်ဘဲ ထိတ်လန့်စွာ အော်ဟစ်မိခြင်းပင်။
အနက်ရောင်ဓားနှင့်အတူ မလှုပ်မယှက် ကျင့်ကြံနေသည့် ဖန်းယွင်ရှန်းသည်ပင် ကျောက်စိမ်းနဂါးဓားကို တွေ့မြင်ရသည့်အခါ အနည်းငယ် ထိတ်လန့်သွားရသည်။
ကျောက်စိမ်းနဂါးဓားမှာ အဆင့်နိမ့်မှော်ဝင်ဓားတစ်လက် ဖြစ်သော်လည်း ထိုဓားက ရန်ကျောက်ကဲဘဝတွင် ပထမဆုံးကိုင်ဆောင်သည့် မှော်ဝင်ဓားဖြစ်သလို သူကိုယ်တိုင်သည်လည်း ထိုဓားဖြင့် ကျော်ကြားလာသူတစ်ယောက် ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ရန်ကျောက်ကဲ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့သည်။ အချိန်တိုင်းတွင် ထိုဓားက အတူရှိနေခဲ့ပြီး ရန်ကျောက်ကဲ နာမည်ကျော်ကြားလာချိန်တွင်လည်း ထိုဓား၏အမည်က သူ့နောက်တွင် အရိပ်ပမာ ရှိနေခဲ့သည်။
ရန်သူပေါင်းများစွာကို အနိုင်ယူခဲ့ပြီး များပြားလှစွာသော မှော်ဝင်ပစ္စည်းများကို စုဆောင်းထားနိုင်သည့်တိုင် ရန်ကျောက်ကဲ အစဉ်အမြဲအသုံးပြုသည်က ‘ကျောက်စိမ်းနဂါးဓား’ သာလျှင် ဖြစ်၏။
သို့သော် ယခု ရန်ကျောက်ကဲက အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်လာသည့်အခါ ‘ကျောက်စိမ်းနဂါးဓား’ ကို ဆက်လက်အသုံးပြုရန် မသင့်တော်တော့ပေ။
သို့တိုင် ဤမှော်ဝင်ဓားက ရန်ကျောက်ကဲအတွက် အဓိပ္ပါယ်များစွာရှိသလို အမှတ်တရများစွာလည်း ရှိလေရာ သိမ်းထားလိုက်၍လည်း ဘာမှမဖြစ်ပေ။
သို့ရာတွင် သူက ယင်လုန်ထူကို လက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ယင်လျိုဟွားကိုအသာထား ၊ ဖန်းယွင်ရှန်းသည်ပင် ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။
ဖန်းယွင်ရှန်းက...
“ဂိုဏ်းတူအစ်ကိုကြီး’ရန်’...”
ရန်ကျောက်ကဲက ပြုံးရင်း...
“အသုံးပြုမခံရတဲ့ဓားတစ်လက်ရဲ့ဘဝဟာ ကြေကွဲစရာပါပဲ ၊ ဒီဓားကို ငါသိမ်းထားပြီး ဖုံတက်ခံမယ့်အစား ရန်သူရဲ့သွေးကိုသောက်နိုင်ဖို့ ဟန်လုန်အာကိုပေးလိုက်တာ ပိုကောင်းပါတယ် ၊ သူက ဒီ မှော်ဝင်ဓားကို ကိုင်ဖို့အသင့်တော်ဆုံးသူပါပဲ”
ပြောရင်းဖြင့်ပင် ရန်ကျောက်ကဲက ကျောက်စိမ်းနဂါးဓားကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကျောက်စမ်းအလင်းတန်းများတောက်ပလာပြီး ဓားသွားမှ နဂါးဟိန်းသံတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူနှင့် ကျောက်စိမ်းနဂါးဓားကြားမှ ဝိညာဉ်ဆက်သွယ်မှုကိုဖြတ်တောက်ရန် အနည်းငယ် ဝန်လေးနေသည့်တိုင် ထိုကိစ္စက ပျော်ရွှင်ဖွယ်ရာကိစ္စတစ်ခုလည်း ဖြစ်သည်။
ရန်ကျောက်ကဲ လက်ချောင်းများဖြင့် ဓားသွားကိုပွတ်ဆွဲလိုက်စဉ် သူ့စိတ်ထဲတွင်လည်း ခံစားချက်အချို့ ဖြစ်ပေါ်လာသည်။
မဟာနေမင်းဘီး ၊ လောင်ကျွမ်းမီးတောက်ဓား ၊ ပျံသန်းမိုးကြိုးတစ်ဖက်သွားဓားနှင့် အခြားသောပစ္စည်းများကို အစိမ်းရင့်ရောင်ဝါးကိုင်း အဆင့်မြှင့်တင်ရန် အသုံးပြုခဲ့စဉ်က ထိုသို့သော ခံစားချက် မဖြစ်ပေါ်ခဲ့ပေ။
သို့သော် ထက်မြက်လှသောဓားတစ်လက်ကို နေရောင်မမြင်တွေ့ရစေဘဲ ဒီအတိုင်း သိမ်းဆည်းထားပါက အလွန်တရာ ဝမ်းနည်းဖွယ်ဖြစ်မည် အမှန်ပင်။
သူ့အနေဖြင့် ဓားကိုအသုံးမပြုဘဲ သွားလေရာယူဆောင်သွားပြီး တိုက်ပွဲအမှတ်တရများကို ပြန်ပြောင်းအောင်းမေ့ ကျေနပ်နေနိုင်သော်လည်း ထိုသို့ပြုလုပ်ပါက ‘ကျောက်စိမ်းနဂါးဓား’ အတွက် မတရားသလို ခံစားရသည်။
ဓားများသည် ရန်သူ၏သွေးကိုသောက်သုံးသော ခမ်းနားထည်ဝါသည့်လက်နက်များဖြစ်ကြသည်။ ဓားကောင်းတစ်လက်သည် အစဉ်အမြဲ တိုက်ပွဲဝင်ရန် ရှေ့တန်းတွင်ရှိနေသင့်လေရာ သိမ်းဆည်းထားခြင်းအားဖြင့် သူ၏ထက်မြက်မှု ဘုန်းအသရေကို မဖျက်ဆီးသင့်ပေ။
ရန်ကျောက်ကဲက ကျောက်စိမ်းနဂါးဓားကို ယင်လုန်ထူထံ ပေးအပ်လိုက်ပြီး...
“ဒီဓားက ငါ့လက်ထဲမှာ ရန်သူရာနဲ့ချီပြီး သုတ်သင်ခဲ့တယ် ၊ မင်းလက်ထဲမှာ ပိုထက်လာမလား ကြည့်ရအောင်”
ယင်လုန်ထူမှာ ကျောက်စိမ်းနဂါးဓားကိုကြည့်ရင်း အတော်လေးမှင်တက်သွားသည်။
အတန်ကြာမှ...
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး’ရန်’”
ကျောက်စိမ်းနဂါးဓားကို လှမ်းယူလိုက်ချိန် ဤဓား၏အရေးပါမှုကို လူငယ်လေး သိရှိခဲ့သည်။
ဖန်းယွင်ရှန်းက...
“ဂိုဏ်းတူအစ်ကို’ရန်’... ဒါဖြင့် ရှင်က ဘယ်ဓားကို အသုံးပြုမှာလဲ”
ရန်ကျောက်ကဲက ပြုံးရင်း...
“အလယ်ဆင့်မှော်ဝင်လက်နက်တွေကို ငါကိုယ်တိုင် ပြုလုပ်နိုင်ပါတယ် ၊ ဒါပေမဲ့ ခံစစ်အတွက်အသုံးပြုတဲ့ ပစ္စည်းတွေပဲ ပြုလုပ်ဖို့ စဉ်းစားထားတယ် ၊ စိတ်မပူနဲ့... အခု ငါ့မှာလက်နက်မရှိရင် ဆရာဘိုးဘိုးဆီသွားတောင်းတာနဲ့ တစ်ခုရလာမှာပဲ”
အလယ်ဆင့်မှော်ဝင်လက်နက်များ ၊ အဆင့်နိမ့်မှော်ဝင်လက်နက်များနှင့်ယှဉ်လျှင် အဆင့်မြင့်မှော်ဝင်လက်နက်များက တန်ဖိုးပိုမိုကြီးသည်။ ဝါဒတောင်ကဲ့သို့ ထိပ်သီးသိုင်းဂိုဏ်းကြီးတွင်ပင် ထိုသို့သောလက်နက် များများစားစား မရှိပေ။
အမတလက်ဖွဲ့အဆင့် ၊ သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့်နှင့် ထို့ထက်မြင့်မားသောကျင့်ကြံခြင်းအဆင့်ရှိသူများအတွက် အဆင့်မြင့်မှော်ဝင်လက်နက်များကို စုဆောင်းထားကြရသည်။ ထိုအဆင့်များထက် နိမ့်ပါးသော ကျင့်ကြံသူများကို အဆင့်မြင့်မှော်ဝင်လက်နက် ပေးအပ်ရန် အင်အားမရှိခဲ့ပေ။
သို့သော် ရန်ကျောက်ကဲ အမတဝိညာဉ် သိုင်းဆရာသခင်အဆင့်သို့ တက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရှိသွားသည်နှင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်သော ယွမ်ကျန်းဖုန်းက သူ၏မီးပြင်းဖိုကို အသုံးပြုကာ ရန်ကျောက်ကဲအတွက် လက်နက်အသစ်တစ်ခု ပြုလုပ်ခဲ့လေသည်။
အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုသည်က အလွန်တရာ ရှားပါးသည်။ ထို့အတူ အဆင့်မြင့်မှော်ဝင်လက်နက်များမှာလည်း ရှာရခက်သည့်အထဲတွင် ပါဝင်သည်။ သို့တိုင် ယွမ်ကျန်းဖုန်းကိုယ်တိုင် ပြုလုပ်ပေးသည့် အဆင့်မြင့်မှော်ဝင်လက်နက်ကတော့ အရည်အသွေးအကောင်းဆုံးထဲမှ တစ်ခုဖြစ်မည်မှာ သေချာလှသည်။
ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ ထို့နောက် ယင်လုန်ထူကို လှမ်းကြည့်ပြီး ပြုံးလိုက်၏။
ဤသည်က မျိုးဆက်တစ်ဆက်မှတစ်ဆက် အမွေကိုလက်ဆင့်ကမ်းပေးခြင်းပင် မဟုတ်ပါလား။