← Chapters

သူရဲကောင်းကို အလှလေးက ကယ်တင်ခြင်း၊ ဂါဝန်အောက်မှ ကျေးကျွန်အဖြစ် နာခံစေခြင်း(၁)။

Vol. 44 Ch. 484

သူရဲကောင်းကို အလှလေးက ကယ်တင်ခြင်း၊ ဂါဝန်အောက်မှ ကျေးကျွန်အဖြစ် နာခံစေခြင်း(၁)။

Vol. 44 Ch. 484

"ဟုတ်သားပဲ... တာအိုရောင်းရင်းက တစ်ကိုယ်တော်ကျင့်ကြံသူများ ဖြစ်လေမလား…"

"ဘာကြောင့်လဲဆိုတော့ ကျွန်မက ဝိညာဉ်သန္ဓေသား ကျင့်ကြံသူအများအပြားကို သိကျွမ်းထားပေမယ့်... တာအိုရောင်းရင်းကိုတော့ တစ်ခါမှ မမြင်ဖူးလို့လေ…"

ရှရွှေယန်သည် မျက်ဝန်းများ တောက်ပလျက် ကျိုးစွေ့ကို ကြည့်ကာ မေးမြန်းလိုက်လေသည်။

"ကျုပ်က တစ်ကိုယ်တော်ကျင့်ကြံသူဆိုတာ အမှန်ပါပဲ..."

ကျိုးစွေ့ ခေါင်းညိတ်လိုက်၏။ ဤကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။

"ဒီလိုဆိုရင် ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းကို ဝင်ရောက်ပြီး ဧည့်သည်တော်အကြီးအကဲ လုပ်ဖို့ စိတ်ကူးမရှိဘူးလား..."

"ကျွန်မတို့ ဟယ်ဟွမ်းဂိုဏ်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းဖြစ်ပြီးတော့ အမွေအနှစ်တွေလည်း များပြားပါတယ်..."

"ပြီးတော့ လှပတဲ့ အမျိုးသမီးကျင့်ကြံသူ အများအပြားလည်း ရှိတာမို့... တာအိုရောင်းရင်းအနေနဲ့ ပျော်ရွှင်မှုကို ခံစားနိုင်မှာပါ..."

"တာအိုရောင်းရင်းကို အိမ်ပြန်ချင်စိတ်မရှိအောင်အထိ ဆွဲဆောင်နိုင်မယ်လို့ အာမခံပါတယ်... တန်ဖိုးနဲ့ထိုက်တန်စေရပါမယ်..."

ရှရွှေယန်၏ မျက်ဝန်းလှလှလေးများ လှုပ်ခတ်သွားလေသည်။ သူမသည် ကျိုးစွေ့ကို ဟယ်ဟွမ်းဂိုဏ်း၏ ဧည့်သည်တော်အကြီးအကဲအဖြစ် ဖိတ်ခေါ်ချင်နေခြင်း ဖြစ်၏။

ဟယ်ဟွမ်းဂိုဏ်းကဲ့သို့ နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခုအတွက်ပင်လျှင် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများသည် အလွန် အားကောင်းသော တိုက်ခိုက်ရေးအင်အားများ ဖြစ်ကြပေသည်။

အကယ်၍ ဂိုဏ်း၏ ဧည့်သည်တော်အကြီးအကဲ ဖြစ်လာပါက ကိုယ့်လူဖြစ်လာမည်ဖြစ်ပြီး၊ ဂိုဏ်း၏အင်အားကို သွယ်ဝိုက်သောနည်းဖြင့် မြှင့်တင်ပေးရာ ရောက်ပေသည်။

ဧည့်သည်တော်အကြီးအကဲများအနေဖြင့် သစ္စာရှိရန် သိပ်မလိုအပ်ဘဲ ဟယ်ဟွမ်းဂိုဏ်းကို ရန်သူအဖြစ် မသတ်မှတ်လျှင်ပင် လုံလောက်ပြီ ဖြစ်၏။

ထို့ကြောင့် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတိုင်းသည် တစ်ကိုယ်တော်ကျင့်ကြံသူ ဝိညာဉ်သန္ဓေသားအဆင့်များကို ဧည့်သည်တော်အကြီးအကဲအဖြစ် ပါဝင်ရန် အစွမ်းကုန် ဖိတ်ခေါ်လေ့ရှိကြသည်။

"ဒီကိစ္စကတော့... ကျုပ်က တိမ်တိုက်နဲ့ လေလိုပဲ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေထိုင်ရတာကို သဘောကျပြီး အကျင့်ပါနေပါပြီ... ဘယ်ဂိုဏ်းကိုမှ ဝင်ဖြစ်မယ် မထင်ဘူး..."

ကျိုးစွေ့ ပြတ်သားစွာ ငြင်းပယ်လိုက်လေသည်။

သူသည် အရှေ့ဘက်ကန္တာရတိုက်ကြီးသို့ ရောက်ရှိလာခြင်းမှာ ကျင့်ကြံခြင်းအရင်းအမြစ်များအတွက်သာ ဖြစ်ပြီး၊ ဤနေရာရှိ ဂိုဏ်းများအတွက် အလုပ်လုပ်ပေးရန် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် လျှို့ဝှက်ချက်များစွာ ရှိနေခြင်းပင် ဖြစ်ချေသည်။

အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့် ဘိုးဘေးများနှင့် တွေ့ဆုံပါက ပေါက်ကြားသွားနိုင်ပြီး အကျိုးအမြတ်ထက် ဆုံးရှုံးမှုက ပိုများပေလိမ့်မည်။

ပေါက်ကြားမည်ဟု အတပ်မပြောနိုင်သော်လည်း၊ ဖြစ်နိုင်ခြေ အနည်းငယ် ရှိနေလျှင်ပင် သူ စွန့်စားမည် မဟုတ်ချေ။

"တာအိုရောင်းရင်းကျိုးအနေနဲ့ ချက်ချင်း ငြင်းပယ်ဖို့ မလိုပါဘူး..."

"ကမ္ဘာချင်း ပေါင်းစည်းခြင်း ကိစ္စကို တာအိုရောင်းရင်းလည်း သိထားမယ်လို့ ယုံကြည်ပါတယ်... အခု ကမ္ဘာချင်း ပေါင်းစပ်တဲ့ ကိစ္စက ပိုပြီး ပြင်းထန်လာနေပါပြီ..."

"နောက်ထပ် နှစ်အနည်းငယ်လောက်ဆိုရင် ရှေးဟောင်းမိစ္ဆာကမ္ဘာက ကျွန်မတို့ ကျင့်ကြံခြင်းလောကကို ကျူးကျော်လာနိုင်တယ်..."

"အဲဒီအချိန်ကျရင် ကျင့်ကြံခြင်းလောကတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး စစ်ပွဲနွံထဲ ကျရောက်သွားလိမ့်မယ်..."

"အဲဒီအခါကျ တာအိုရောင်းရင်းအနေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး နေချင်ရင်တောင် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး..."

ရှရွှေယန်က သတိပေးလိုက်လေသည်။

"ကမ္ဘာချင်း ပေါင်းစည်းတဲ့ ကိစ္စကို ကျုပ်လည်း အနည်းအကျဉ်း ကြားဖူးပါတယ်... အဲဒီလောက်အထိတောင် အခြေအနေ ဆိုးရွားနေပြီလား..."

ကျိုးစွေ့ မျက်လုံးများကို မှေးစင်းလိုက်၏။

ကမ္ဘာချင်း ပေါင်းစည်းခြင်းသည် ချန်လန်ပင်လယ်ဒေသတစ်ခုတည်းကိုသာ ထိခိုက်စေသည် မဟုတ်ကြောင်း သူ သိထားပေသည်။

အခြေခံအားဖြင့် ကျင့်ကြံခြင်းလောက၏ နေရာအနှံ့အပြားတွင် ဟင်းလင်းပြင်နိမိတ်များ ပေါ်လာပြီး နေရာတိုင်းတွင် ကမ္ဘာတံခါးပေါက်များ ဖြစ်ပေါ်လာမည် ဖြစ်၏။

ထိုအချိန်ရောက်လျှင် ကျင့်ကြံခြင်းလောကနှင့် ရှေးဟောင်းမိစ္ဆာကမ္ဘာတို့သည် ကမ္ဘာတံခါးပေါက်များမှတစ်ဆင့် အပြန်အလှန် ဝင်ထွက်သွားလာနိုင်ကြပေမည်။

ကမ္ဘာတံခါးပေါက်များမှာ များပြားလွန်းသောကြောင့် ရှောင်လွှဲ၍ ရနိုင်သော ကိစ္စမဟုတ်ပေ။ ဤသည်မှာ ခေတ်ကာလ၏ ရေစီးကြောင်းဖြစ်ပြီး တားဆီး၍ မရနိုင်ချေ။

"အမှန်ပဲ... အခု အရှေ့ဘက်ကန္တာရတိုက်ကြီး နေရာအနှံ့မှာ ဟင်းလင်းပြင်နိမိတ်တွေ ပေါ်လာနေပြီ..."

"အကြီးအသေး စုစုပေါင်း သောင်းချီပြီးကို ရှိနေပြီ..."

"ဒါတောင် ရှာဖွေတွေ့ရှိထားတာတွေပဲ ရှိသေးတယ်... ရှာမတွေ့သေးတာတွေလည်း မနည်းမနော ရှိဦးမှာ..."

"အရှေ့ဘက်ကန္တာရတိုက်ကြီးက ဂိုဏ်းအများအပြားရဲ့ အင်အားနဲ့ဆိုရင်တောင် ကမ္ဘာတံခါးပေါက်တိုင်းကို စောင့်ကြပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"ဒါကြောင့် ရှေးဟောင်းမိစ္ဆာကမ္ဘာက မိစ္ဆာသားရဲတွေ ဝင်ရောက်လာတာကို တားဆီးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ..."

"အဲဒီအချိန်ကျရင် အရှေ့ဘက်ကန္တာရတိုက်ကြီးရဲ့ နေရာအနှံ့မှာ သေချာပေါက် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လာမှာပဲ..."

"တစ်ကိုယ်တော်ကျင့်ကြံသူ ဖြစ်နေရင်တောင်မှ လွတ်မြောက်နိုင်ဖို့ မလွယ်ကူပါဘူး..."

"ဂိုဏ်းတစ်ခုခုကို ဝင်ရောက်ပြီး ဂိုဏ်းရဲ့ အကာအကွယ်ကို ရယူတာကမှ ပညာရှိရာ ရောက်ပါလိမ့်မယ်..."

ရှရွှေယန်သည် ကျိုးစွေ့ကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။

အကယ်၍ ဤအမျိုးသားသာ ဟယ်ဟွမ်းဂိုဏ်းသို့ ဝင်ရောက်ရန် သဘောတူလိုက်ပါက၊ သူမသည် ဤအမျိုးသားအပေါ် စိတ်ကြိုက် ပြုမူနိုင်ပြီ ဖြစ်သည်။

သူမ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ဤအမျိုးသားကို အမိန့်ပေးကာ၊ သူမအား ကျိုးနွံလာအောင် ပြုလုပ်နိုင်ပေသည်။

"တာအိုရောင်းရင်းရှရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျုပ်ကတော့ တစ်ယောက်တည်း သွားလာရတာကိုပဲ ပိုပြီးအကျင့်ပါနေလို့ပါ..."

"သေခြင်းရှင်ခြင်းကိစ္စကတော့ ကံတရားအတိုင်းပါပဲ..."

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်ပြီး သဘောတူရန် ရည်ရွယ်ချက် မရှိပေ။

"ကောင်းပါပြီ... တာအိုရောင်းရင်းကျိုးက ဒီလိုပြောမှတော့ ကျွန်မလည်း ဘာမှဆက်ပြောဖို့ အဆင်မပြေတော့ပါဘူး..."

"တာအိုရောင်းရင်းရဲ့ တာအိုလမ်းခရီး ဖြောင့်ဖြူးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..."

ရှရွှေယန်ခမျာ အနည်းငယ် နှမြောသွားသော်လည်း ဆက်လက်တားဆီးရန် အစီအစဉ်မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူ ဖြစ်ပြီး တာအိုစိတ်နှလုံး ခိုင်မာသူ ဖြစ်ရာ၊ ဆုံးဖြတ်ချက်ချပြီးပါက မည်သို့ပင် ဖျောင်းဖျစေကာမူ အရာထင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

သူမအနေဖြင့် အချိန်ဖြုန်းနေစရာ မလိုတော့ပေ။

ဝှစ်...

စကားပြောပြီးနောက် ကျိုးစွေ့သည် တစ်ဖက်လူကို နှုတ်ဆက်ကာ ဤနေရာမှ ထွက်ခွာရန် ရွေးချယ်လိုက်လေသည်။

မည်သို့ပင်ဖြစ်စေ သူသည် 'ထာဝရစိမ်းလန်းနွယ်ပင်' ကို ယူဆောင်ပြီး အမြန်ဆုံး ပြန်သွားချင်နေပြီ ဖြစ်၏။

ညတာကြာလျှင် အိပ်မက်များတတ်သည် မဟုတ်ပါလော။

…………

ဤအချိန်တွင် ထွက်ခွာသွားသော ကျိုးစွေ့၏ကျောပြင်ကို ကြည့်ရင်း ရှရွှေယန်၏ မျက်ဝန်းများထဲတွင် အလင်းစက်များ ဖြတ်ပြေးသွားလေသည်။

"ဂိုဏ်းတူအစ်မ... ဒီအမျိုးသားကို လီညီအစ်ကိုလေးယောက်က မျက်စိကျနေပုံရတယ်... ကံကောင်းဖို့ထက် ကံဆိုးဖို့က ပိုများနေတယ်..."

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက ရုတ်တရက် သတင်းပို့လိုက်သည်။

လီညီအစ်ကိုလေးယောက် ဆိုသည်မှာ ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။

သူတို့ ငယ်စဉ်က ကံတရား အလွန်ကောင်းမွန်ခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် အပျက်အစီးတစ်ခု၏ အမွေအနှစ်ကို ရရှိခဲ့ကာ၊ ရှေးဟောင်းခေတ် နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတစ်ခု၏ ကျင့်စဉ်များကို ရရှိခဲ့သည်။ ထို့အပြင် သူတို့ကိုယ်တိုင်ကလည်း ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ် ပိုင်ရှင်များ ဖြစ်ကြသည်။

သူတို့၏ ကျင့်ကြံမှုသည် အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်မှာ ပြောစရာပင် မလိုပေ။

အသက် ခုနစ်ရာ၊ ရှစ်ရာကျော် အရွယ်ဖြင့်ပင် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

သို့သော် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံခြင်းသည် အလွန်ခက်ခဲပြီး တိုးတက်မှု နှေးကွေးသောကြောင့်၊ သူတို့၏ တာအိုစိတ်နှလုံးသည် များစွာမခိုင်မာကြဘဲ ပန်းတစ်ရာမြို့တော်တွင် နေ့စဉ် ပျော်ပါးနေကာ ငွေကြေးအမြောက်အမြား ဖြုန်းတီးနေကြ၏။

ပန်းတစ်ရာမြို့တော်သည် ငွေဖြုန်းရာနေရာဟု ဆိုကြသည်မှာ အပိုပြောခြင်း မဟုတ်ပေ။ ဝိညာဉ်သန္ဓေသား ဘိုးဘေးများပင်လျှင် ဤမျှ ဖြုန်းတီးခြင်းကို မခံနိုင်ကြချေ။

ငွေရှာရန်အတွက် သူတို့သည် မကြာခဏဆိုသလို ဓားပြကျင့်ကြံသူများအဖြစ် ပြောင်းလဲပြီး အခြားကျင့်ကြံသူများကို လုယူလေ့ရှိသည်။

သို့သော်ငြား သူတို့သည် ဝိညာဉ်သန္ဓေသား ဘိုးဘေးများ ဖြစ်ပြီး အင်အားကြီးမားကြသဖြင့် လက်တုံ့ပြန်ရဲသူ မရှိသလောက် နည်းပါးပေသည်။

သူတို့ ပစ်မှတ်ထားလေ့ရှိသူများမှာ အခြေခံအားဖြင့် နောက်ခံမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူ ဝိညာဉ်သန္ဓေသားအဆင့်များ ဖြစ်ကြ၏။ ဤတစ်ကိုယ်တော်ကျင့်ကြံသူများ သေဆုံးသွားလျှင်ပင် မည်သူကမျှ သူတို့အတွက် လက်စားချေပေးမည် မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် ဥပဒေပြင်ပတွင် အချိန်ကြာမြင့်စွာ လွတ်လပ်ပျော်ပါးနေခဲ့ကြပြီး ထင်ရာစိုင်းနေခဲ့သည့်တိုင် မည်သူမျှ ရန်မစရဲကြချေ။

"လီညီအစ်ကိုလေးယောက်က တာအိုရောင်းရင်းကျိုးကို ပစ်မှတ်ထားနေတာလား... ကြည့်ရတာ တာအိုရောင်းရင်းကျိုးဆီမှာ ရတနာတွေ အများကြီး ရှိပုံရတယ်..."

"ဒါကြောင့် လီမိသားစု မိစ္ဆာလေးကောင်ရဲ့ ပစ်မှတ်ထားခြင်းကို ခံလိုက်ရတာပေါ့..."

ရှရွှေယန်၏ မျက်လုံးများ အရောင်လက်သွားသည်။

သူမသည် လီညီအစ်ကိုလေးယောက်၏ အကြောင်းကို ကောင်းစွာ သိရှိထားသည်။ ဤလေးယောက်သည် ယုတ်မာကောက်ကျစ်ပြီး ရက်စက်ကြမ်းကြုတ်သော်လည်း အင်အားကြီးမားကြသည်မှာ အမှန်ပင်။

ထို့အပြင် 'ရတနာအလင်း ဝိညာဉ်မျက်လုံး' ပညာရပ်ကိုလည်း ကျွမ်းကျင်ကြသည်။ ၎င်းသည် အခြားကျင့်ကြံသူများ၏ ကိုယ်ပေါ်မှ ရတနာအလင်းရောင်များကို မြင်တွေ့နိုင်သည်။

ဤနည်းအားဖြင့် ချမ်းသာသော ကျင့်ကြံသူများကို ရှာဖွေရာတွင် ပိုမို လွယ်ကူစေပြီး အမြဲတမ်း အောင်မြင်လေ့ရှိသည်။

သူတို့ ပန်းတစ်ရာမြို့တော်တွင် နေ့စဉ် လှည့်လည်သွားလာနေကြခြင်းမှာ ဤကဲ့သို့သော သူဌေးများကို ရှာဖွေချင်သောကြောင့် ဖြစ်သည်မှာ ထင်ရှားပေသည်။

ကျိုးစွေ့ မြို့ထဲသို့ စတင် ဝင်ရောက်လာကတည်းက သူတို့၏ စောင့်ကြည့်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

"ဂိုဏ်းတူအစ်မ... ဒါဆို အခု ကျွန်မတို့ ဘာလုပ်ကြမလဲ..."

ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူတစ်ဦးက ရှရွှေယန်ကို ကြည့်ကာ မေးလိုက်လေသည်။

သူမသည် သူမ၏ ဂိုဏ်းတူအစ်မက ထိုအမျိုးသားအပေါ် ကြံစည်ထားသည်များကို သိရှိထား၏။ သူမသည် ထိုအမျိုးသားကို ကျင့်ကြံခြင်းဆေးပေါင်းဖိုအဖြစ် အသုံးပြုချင်နေခြင်း ဖြစ်သည်။

ထိုအမျိုးသား လီမိသားစု မိစ္ဆာလေးကောင်၏ လက်ထဲတွင် သေဆုံးသွားမည်ကို သဘာဝကျကျ ဆန္ဒရှိမည် မဟုတ်ပေ။

"ကိစ္စမရှိဘူး... ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား..."

"လီမိသားစု မိစ္ဆာလေးကောင် လှုပ်ရှားပါစေဦး... အရေးကြီးတဲ့ အချိန်ကျမှ ငါ ဝင်ပြီး သူ့အသက်ကို ကယ်လိုက်မယ်..."

"အဲဒီအချိန်ကျရင် ကျေးဇူးကြွေး တင်သွားပြီဆိုတော့... ဒီယောက်ျား ထွက်ပြေးလို့ရမှာ မဟုတ်တော့ဘူးလေ..."

ရှရွှေယန် အနည်းငယ် ပြုံးလိုက်လေသည်။

သူမသည် ဤအခြေအနေကို အခွင့်ကောင်းတစ်ခုဟု ယူဆသည်။ ကျေးဇူးကြွေးဖြင့် အကျပ်ကိုင်ရန်မှာ အကောင်းဆုံးသော အခွင့်အရေးပင် ဖြစ်လေ၏။

အကယ်၍ လီမိသားစု မိစ္ဆာလေးကောင်သာ မလှုပ်ရှားခဲ့ပါက၊ သူမအနေဖြင့် ထိုအမျိုးသားအပေါ် လှုပ်ရှားရန် အကြောင်းပြချက် ရှာမတွေ့နိုင်ဘဲ ဖြစ်နေပေလိမ့်မည်။

ယခု ဤကဲ့သို့ ဖြစ်ပျက်လာလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပေ။ အမှန်တကယ်ကို ကောင်းကင်ဘုံက ကူညီခြင်းပင် မဟုတ်ပါလော။

"ဒါကြောင့်ကိုး... တကယ့်ကို ဂိုဏ်းတူအစ်မ ပီသပါပေတယ်..."

ဘေးနားရှိ ဟယ်ဟွမ်းဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများသည် ရှရွှေယန်ကို လေးစားစွာ ကြည့်လိုက်ကြသည်။

သူမတို့၏ ဂိုဏ်းတူအစ်မသည် သူရဲကောင်းကို အလှလေးက ကယ်တင်မည့် ဇာတ်လမ်းကို ဖန်တီးချင်နေခြင်း ဖြစ်၏။

ထိုအချိန်ရောက်လျှင် ထိုအမျိုးသားသည် မလိုက်လျောချင်လျှင်ပင် လိုက်လျောရတော့မည် ဖြစ်သည်။

သူမတို့ ဂိုဏ်းတူအစ်မ၏ ဂါဝန်အောက်မှ ကျေးကျွန်အဖြစ် နာခံရုံမှတစ်ပါး အခြားရွေးချယ်စရာ ရှိမည် မဟုတ်ဘဲ၊ ဘယ်တော့မှ ထွက်ခွာနိုင်တော့မည် မဟုတ်ပေ။

All Chapters