← Chapters

သူရဲကောင်းကို အလှလေးက ကယ်တင်ခြင်း၊ ဂါဝန်အောက်မှ ကျေးကျွန်အဖြစ် နာခံစေခြင်း(၂)။

Vol. 44 Ch. 485

သူရဲကောင်းကို အလှလေးက ကယ်တင်ခြင်း၊ ဂါဝန်အောက်မှ ကျေးကျွန်အဖြစ် နာခံစေခြင်း(၂)။

Vol. 44 Ch. 485

ဤအချိန်တွင် ပန်းတစ်ရာမြို့တော် တံခါးပေါက်အနီးရှိ စားသောက်ဆိုင် တစ်ဆိုင်၌...။

ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူလေးဦး စုဝေးနေကြသည်။ သူတို့သည်ကား လီမိသားစု မိစ္ဆာလေးကောင်ပင် ဖြစ်ချေသည်။

လီတုန်း၊ လီရှီး၊ လီနန်နှင့် လီပေ ဟု အသီးသီး အမည်တွင်လေသည်။

နာမည်များမှာ ရိုးရှင်းသော်လည်း သူတို့၏ ဂုဏ်သတင်းမှာ ကြီးမားလှပြီး၊ ပန်းတစ်ရာမြို့တော် အနီးတစ်ဝိုက်ရှိ ကျင့်ကြံသူ မရေမတွက်နိုင်အောင် ကြောက်ရွံ့တုန်လှုပ်စေသည်။

"ညီလေး(၄)... အဲဒီကောင်ရဲ့ ကိုယ်ပေါ်မှာ ရတနာတွေ အများကြီး ရှိနေတာ သေချာရဲ့လား..."

အစ်ကိုကြီး လီတုန်းက မေးမြန်းလိုက်ပြီး အဝေးသို့ ထွက်ခွာသွားသော ကျိုးစွေ့ကို စိုက်ကြည့်နေသည်။

"အမှန်ပဲ... ကျွန်တော် ရာနှုန်းပြည့် သေချာပါတယ်..."

"ဒီလူ ပန်းတစ်ရာမြို့တော်ထဲ ဝင်လာတဲ့အချိန်ကတည်းက ကျွန်တော် တွေ့လိုက်တာပါ..."

"ကျွန်တော်တို့ ရှေးဟောင်းခေတ် နတ်ဘုရားအသွင်ပြောင်းအဆင့် လျန်ပေါင်ဂိုဏ်းရဲ့ အမွေအနှစ်ကို ရရှိခဲ့တာ အစ်ကိုကြီးလည်း သိတာပဲ..."

"အဲဒီအထဲက 'ရတနာအလင်း ဝိညာဉ်မျက်လုံး' ပညာရပ်ကို ကျွန်တော် မဟာဆရာသခင်အဆင့်အထိ ကျင့်ကြံထားပြီးပြီ..."

"ဘယ်လို ကျင့်ကြံသူပဲ ဖြစ်ဖြစ်... သူတို့ရဲ့ သိုလှောင်အိတ်၊ သိုလှောင်လက်စွပ်တွေကို ကျွန်တော် တစ်ချက် ကြည့်လိုက်တာနဲ့ အထဲမှာ ရတနာ ဘယ်လောက်ရှိတယ် ဆိုတာကို အာရုံခံနိုင်ပြီး တစ်ဖက်လူရဲ့ အခြေအနေကို သိနိုင်တယ်..."

"ဒါပေမဲ့ ဒီလူကတော့... ပန်းတစ်ရာမြို့တော်ထဲ ဝင်လာတဲ့ ခဏမှာပဲ ရတနာအလင်းရောင်တွေ အများကြီး အချင်းချင်း ယှက်နွယ်နေပြီး တောက်ပနေတာကို ကျွန်တော် တွေ့လိုက်ရတယ်... ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့် ကျင့်ကြံသူတွေရဲ့ ပိုင်ဆိုင်မှုကတောင် အဲဒီလောက်ပဲ ရှိမှာ..."

"တကယ်လို့ ဒီလူ့ဆီက ပစ္စည်းတွေကို လုယူနိုင်ရင် ကျွန်တော်တို့ရဲ့ နောင်နှစ်ပေါင်းတစ်ရာလောက် ကျင့်ကြံမှုအတွက် ပူစရာ မလိုတော့ဘူး..."

လီပေက အလွန်တရာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

ရှေးဟောင်း နတ်ဘုရားအသွင်ပြောင်းအဆင့် လျန်ပေါင်ဂိုဏ်းသည် ယခင်က ရတနာသွန်းလုပ်ခြင်းတွင် ကျော်ကြားသော ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး၊ အထူးသဖြင့် ဝိညာဉ်ရတနာများ သွန်းလုပ်ရာတွင် ကျွမ်းကျင်ကြသည်။

သို့သော် လီညီအစ်ကိုလေးယောက်သည် လျန်ပေါင်ဂိုဏ်း၏ အမွေအနှစ် အများအပြားကို ရရှိခဲ့သော်လည်း ရတနာသွန်းလုပ်ခြင်းဆိုင်ရာ အမွေအနှစ်များကိုမူ ဆက်ခံရရှိခြင်း မရှိခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူတို့တွင် ရတနာသွန်းလုပ်ခြင်း ပါရမီ မရှိသောကြောင့် ဖြစ်သည်။

ထိုသို့ဖြစ်လင့်ကစား ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်း၏ အမွေအနှစ်များသည် များပြားလှပြီး ရတနာများစွာ ကျန်ရစ်ခဲ့သည်။

၎င်းသည် သူတို့၏ အင်အားကို ကြီးမားစွာ တိုးတက်စေခဲ့ပြီး ဝိညာဉ်သန္ဓေသားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်စေခဲ့၏။

ထိုအထဲမှ 'ရတနာအလင်း ဝိညာဉ်မျက်လုံး' ပညာရပ်သည် လျန်ပေါင်ဂိုဏ်း၏ အထွတ်အထိပ် ပညာရပ်တစ်ခု ဖြစ်ပြီး ကျင့်ကြံရန် အလွန် ခက်ခဲသည်။

သို့သော် သူတို့သည် နှစ်ပေါင်းရာချီ အချိန်ပေးပြီးနောက် အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ကြသည်။

လီတုန်း၏ အာရုံခံစားမှုသည်လည်း မှန်ကန်ပေသည်။

မည်သို့ပင်ဖြစ်စေ ယခုအကြိမ် ကိုယ်ပွားကျိုးစွေ့၏ သိုလှောင်အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ၊ စတုတ္ထအဆင့် ရတနာဆေးလုံးများ အမြောက်အမြား သယ်ဆောင်လာခဲ့ပြီး၊ အရေးအကြီးဆုံးမှာ တည်နေရာရွှေ့ပြောင်းအစီအရင် တည်ဆောက်မည့် ပစ္စည်းများ ဖြစ်သည်။ ဤစတုတ္ထအဆင့် ပစ္စည်းများသည် တန်ဖိုးဖြတ်၍ မရနိုင်ပေ။

မည်သည့် ဝိညာဉ်သန္ဓေသား ကျင့်ကြံသူမဆို ရူးသွပ်သွားစေနိုင်လောက်သည်။

"အစ်ကိုကြီး... ဒီလူက စောစောက ဝမ်ပေါင်မျှော်စင်ထဲ ဝင်သွားခဲ့ပုံပဲ..."

"ပြီးတော့ ပန်းတစ်ရာမြို့တော်ရဲ့ မြို့တော်ဝန် ရှရွှေယန်ကိုယ်တိုင် ဧည့်ခံခဲ့တာ..."

"ပြင်ပက လာတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ ဝိညာဉ်သန္ဓေသား တစ်ယောက်က ရှရွှေယန်ကိုယ်တိုင် ဧည့်ခံတာကို ခံရတယ်ဆိုတော့... သူ့ကိုယ်ပေါ်မှာ ရတနာတွေ အများကြီး မရှိရင် ဘယ်လိုလုပ် ရှရွှေယန်ရဲ့ အလေးထားမှုကို ရနိုင်မှာလဲ..."

လီနန်က လေးနက်စွာ ပြောလိုက်လေသည်။

"ပြဿနာက ဒီလူ့ဆီမှာ ရတနာတွေ ဒီလောက်များနေတာ... တကယ်ရော တစ်ကိုယ်တော်ကျင့်ကြံသူ ဟုတ်ပါ့မလား..."

"နောက်ခံကြီးကြီး ရှိနေရင် ဘယ်လိုလုပ်မလဲ..."

လီရှီးက ဤအချက်ကို အနည်းငယ် စိုးရိမ်နေသည်။

"ကိစ္စမရှိဘူး... သူဘာသာ တစ်ကိုယ်တော်ကျင့်ကြံသူပဲ ဖြစ်ဖြစ်၊ ဂိုဏ်းက ဝိညာဉ်သန္ဓေသားပဲ ဖြစ်ဖြစ်... ဒီတစ်ခါ ငါတို့ လုပ်ကို လုပ်ရမယ်..."

"ဒီအခွင့်အရေးကို လွတ်သွားရင် နောက်တစ်ခါ ရဖို့ မလွယ်ဘူး..."

"ကမ္ဘာချင်း ပေါင်းစည်းတဲ့ ကိစ္စက နီးကပ်လာပြီ... ရှေးဟောင်းမိစ္ဆာကမ္ဘာက ကျူးကျော်လာရင် ကျင့်ကြံခြင်းလောကတစ်ခုလုံး ဖရိုဖရဲဖြစ်ပြီး စစ်ပွဲတွေ ဖြစ်လာမှာ..."

"ဒီလို ကပ်ဘေးကြီးမျိုးကို နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတွေတောင် သတိထားပြီး ကိုင်တွယ်ရမှာ..."

"ငါတို့ ဒီတစ်ပွဲ လုပ်ပြီးတာနဲ့ ချက်ချင်း ဝေးရာကို ထွက်ပြေးပြီး... ဆယ်စုနှစ် အနည်းငယ်၊ ရာစုနှစ် အနည်းငယ်လောက် ပုန်းနေလိုက်မယ်..."

"ဘာမှမဖြစ်ဘူးဆိုရင် ပန်းတစ်ရာမြို့တော်ကို ပြန်လာမယ်... တစ်ခုခုဖြစ်ရင် ပြန်မလာတော့ဘူး... ဘာပဲဖြစ်ဖြစ် အရှေ့ဘက်ကန္တာရတိုက်ကြီးက ဒီလောက် ကျယ်ဝန်းတာကွာ... ဘယ်နေရာသွားသွား လွတ်လွတ်လပ်လပ် နေလို့ရတာပဲ..."

လီတုန်းက လေးနက်စွာ ပြောလိုက်ပြီး ညီဖြစ်သူများကို ကြည့်လိုက်သည်။

"ကောင်းပြီ... အစ်ကိုကြီးက ဒီလိုပြောမှတော့ ကျွန်တော်တို့ လုပ်ကြတာပေါ့..."

အားလုံး ခေါင်းညိတ်လိုက်ကြပြီး ဆုံးဖြတ်ချက် ချလိုက်ကြတော့သည်။

ဝှစ်... ဝှစ်... ဝှစ်...

ချက်ချင်းပင် လီညီအစ်ကိုလေးယောက်သည် ကျိုးစွေ့ ထွက်ခွာသွားရာ လမ်းကြောင်းအတိုင်း လိုက်ပါသွားကြသည်။ သူတို့တွင် ဝိညာဉ်သားရဲတစ်ကောင် ရှိပြီး ကျိုးစွေ့၏ အရှိန်အဝါကို မှတ်သားထားပြီး ဖြစ်၏။

မိုင်ထောင်ချီ ဝေးကွာနေလျှင်ပင် ခြေရာခံ လိုက်လံနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူတို့ မျက်ခြေပြတ်သွားမည်ကို လုံးဝ မကြောက်ကြချေ။

…………

ဝှစ်...

အချိန်အနည်းငယ် ကြာပြီးနောက်...။

ဓားအလင်းတစ်ခုသည် ကီလိုမီတာတစ်ထောင်ကျော် ဖြတ်သန်းသွားပြီး ပန်းတစ်ရာမြို့တော်နှင့် ဝေးကွာသော တောတောင်နက်တစ်ခုသို့ ရောက်ရှိလာသည်။

ကျိုးစွေ့သည် အစွမ်းကုန် ပျံသန်းလာပြီးနောက် ရုတ်တရက် တောင်ထိပ်တစ်ခုတွင် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်လေသည်။

သူသည် အဝေးရှိ ကောင်းကင်ယံကို ခံစားချက်မပါသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

ထင်ထားသည့်အတိုင်းပင် ခဏအကြာတွင် အလင်းတန်းလေးခု ရောက်ရှိလာပြီး လေးဘက်လေးတန် ခွဲထွက်ကာ ကျိုးစွေ့ကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကျိုးစွေ့၏ အရှိန်အဝါကို လှမ်းချုပ်လိုက်ကြသဖြင့် ထွက်ပြေးစရာ နေရာမရှိအောင် ပြုလုပ်လိုက်ကြလေသည်။

"စိတ်ဝင်စားစရာပဲ... ငါတို့ကို အစောကြီးကတည်းက တွေ့နေတာလား... မင်းရဲ့ နတ်ဘုရားအာရုံ စွမ်းအားက မဆိုးဘူးပဲ..."

"ဒါပေမဲ့ တော်တော်လည်း မိုက်မဲတာပဲ..."

"ငါတို့ကို တွေ့ပြီးတာတောင်မှ အစွမ်းကုန် ထွက်မပြေးဘဲ... ဒီမှာ ရပ်စောင့်နေသေးတယ်... ဟဟ.."

"မင်းက စွမ်းရည်ရှိလို့ပဲ သတ္တိကောင်းတာလား... ဒါမှမဟုတ် မိုက်မဲတာလား ဆိုတာတော့ မပြောတတ်ဘူး..."

စကားပြောလိုက်သူမှာ အစ်ကိုကြီး လီတုန်း ဖြစ်သည်။ သူသည် ကျိုးစွေ့ကို လှောင်ပြောင်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

လက်ရှိတွင် သူတို့ဘက်က လူအင်အား သာလွန်နေသော်လည်း ဤတစ်ကိုယ်တော်ကျင့်ကြံသူ ဝိညာဉ်သန္ဓေသားကို လျှော့မတွက်ကြပေ။

တစ်ဖက်လူသည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူသာ ဖြစ်သည့်အတွက် တိုက်ခိုက်ရေးအင်အားအရ ဆိုလျှင် သူတို့၏ ပြိုင်ဘက် လုံးဝ မဟုတ်ပေ။

သို့သော် ‘ရေမြောင်းထဲတွင် လှေမှောက်’ ဆိုသကဲ့သို့ မမျှော်လင့်သော ကိစ္စများ ဖြစ်တတ်သည် မဟုတ်ပါလော။

ထို့ကြောင့် အင်အားချင်းယှဉ်လျှင် အသာစီး ရထားသော်လည်း သူတို့သည် သတိတရားကို လက်လွတ်မခံကြချေ။

"ခင်ဗျားတို့က ဘယ်သူတွေလဲ... ဘာလို့ ပန်းတစ်ရာမြို့တော်ကနေ ဒီအထိ လိုက်လာကြတာလဲ..."

ကျိုးစွေ့က မျက်လုံးများကို မှေးစင်းလိုက်လေသည်။

အမှန်တကယ်တွင် သူသည် ဤဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူလေးဦး၏ တည်ရှိမှုကို စောစီးစွာကပင် အာရုံခံမိပြီး ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူ၏ နှလုံးသားမျက်လုံးစွမ်းအားသည် အလကား မဟုတ်ပေ။ သို့သော် သူ မည်သို့ပင် ခါချသည်ဖြစ်စေ တစ်ဖက်လူ၏ ခြေရာခံလိုက်လံမှုကို ဖယ်ရှား၍ မရနိုင်ခဲ့ပေ။

ထို့ကြောင့် ခြေရာခံခြင်းကို ဖယ်ရှားလိုပါက တစ်ဖက်လူကို သတ်ဖြတ်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

"ကျုပ်က လီတုန်း... လျန်ပေါင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ..."

"တာအိုရောင်းရင်းနောက်ကို ဒီအထိ လိုက်လာရတာကတော့... တာအိုရောင်းရင်းနဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်လို့ပါပဲ..."

လီတုန်းသည် ဖော်ရွေသော အပြုံးတစ်ခုကို ပြသလိုက်ပြီး မည်သည့်ရန်ငြိုးရန်စမှ မရှိသကဲ့သို့ ဟန်ဆောင်လိုက်လေသည်။

"အရောင်းအဝယ်ဟုတ်လား... ဘာအရောင်းအဝယ်လဲ..."

ကျိုးစွေ့က မေးလိုက်သည်။

"တာအိုရောင်းရင်းရဲ့ ကိုယ်ပေါ်မှာ ရတနာတွေ၊ ဆေးလုံးတွေနဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်ဆိုတာ ကျုပ် သိတယ်..."

"ဒါကြောင့် တာအိုရောင်းရင်းအနေနဲ့ အဲဒီရတနာတွေကို ထုတ်ပေးမယ်လို့ မျှော်လင့်ပါတယ်..."

"ပေးဆပ်ရတဲ့ တန်ကြေးအနေနဲ့ တာအိုရောင်းရင်းရဲ့ အသက်ကို ချမ်းသာပေးမယ်..."

"မဟုတ်ရင်တော့ တာအိုရောင်းရင်းရဲ့ တာအိုလမ်းခရီးက ဒီမှာပဲ အဆုံးသတ်သွားလိမ့်မယ်..."

ဤအချိန်တွင် လီတုန်းသည် ကျိုးစွေ့ကို စိုက်ကြည့်ရင်း ခန္ဓာကိုယ်မှ မကောင်းသော ရည်ရွယ်ချက်များကို မဖုံးကွယ်ဘဲ ထုတ်လွှတ်လိုက်လေသည်။

"ဟင်း... အရှေ့ဘက်ကန္တာရတိုက်ကြီးက အရမ်း ရှုပ်ထွေးတယ်လို့ ကြားဖူးတယ်..."

"လူသတ်ပစ္စည်းလုတဲ့ ကိစ္စတွေက မကြာခဏ ဖြစ်ပျက်နေတယ်... ဝိညာဉ်သန္ဓေသား ကျင့်ကြံသူတွေလည်း ဒီလိုပါပဲလား..."

"ဒါပေမဲ့ ကျုပ်ဆီက ရတနာတွေကို လုယူချင်တယ် ဆိုရင်တော့... ထင်သလောက် လွယ်မှာ မဟုတ်ဘူး..."

ကျိုးစွေ့ သက်ပြင်းချလိုက်လေသည်။

သူသည် ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ဖြစ်၏။ ထစ်ခနဲရှိသည်နှင့် လူသတ်ကာ ပစ္စည်းလုကြသည်။

ဝိညာဉ်သန္ဓေသားအဆင့်သို့ ရောက်ရှိသွားလျှင်လည်း အတူတူပင် ဖြစ်သည်။

ဝိညာဉ်သန္ဓေသား ကျင့်ကြံသူများ ဓားပြတိုက်မခံရဘူးဟု ယူဆ၍မရချေ။ တွေ့ကြုံရမည့် ဓားပြများက ပိုမို စွမ်းအားကြီးမားနေခြင်းသာ ဖြစ်သည်။

ယခင်က သူ၏ မူလခန္ဓာကိုယ်သည် အမြဲတစေ သတိထားပြီး ပြုမူခဲ့ခြင်းသည် အလွန် မှန်ကန်ပေသည်။

အိမ်ထဲမှာပဲ အောင်းနေလျှင် ဘေးဒုက္ခ အများအပြားကို ရှောင်ရှားနိုင်သည် မဟုတ်ပါလော။

ယခု သူသည် မြို့တစ်မြို့သို့ သွားရောက်ပြီး ပစ္စည်းအချို့ အရောင်းအဝယ်လုပ်လိုက်ရုံဖြင့် လူများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်။

ကျင့်ကြံခြင်းလောက၏ အန္တရာယ်များမှုကို မှန်းဆကြည့်နိုင်သည်။ သာမန်ကျင့်ကြံသူများသာ ဆိုလျှင် မည်မျှ သေဆုံးခဲ့ရပြီကိုပင် မသိနိုင်ပေ။

"ကြည့်ရတာ မင်းက အကောင်းပြောလို့ မရဘူးပဲ... ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့..."

လီတုန်း၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်တော့သည်။

ရုတ်တရက် လေထဲတွင် ကျားခေါင်းနှင့်ကျားသစ်ကိုယ်ရှိ၊ ကျောဘက်တွင် အတောင်ပံတစ်စုံပါပြီး မဟူရာလက်သည်းများ ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် မျက်နှာဖြင့် ဝိညာဉ်သန္ဓေသားအဆင့် ရုပ်သေးတစ်ရုပ် ပေါ်လာလေသည်။

၎င်းသည် မူလက ကိုယ်ယောင်ဖျောက်ထားသော အခြေအနေတွင် ရှိနေသော်လည်း၊ ယခုအခါ ရုတ်တရက် ကိုယ်ထင်ပြလိုက်ပြီး ကြောက်မက်ဖွယ် မဟူရာလက်သည်းများဖြင့် ကျိုးစွေ့၏ကျောဘက်ကို ဝင်ရောက် တိုက်ခိုက်လိုက်ရာ အရှိန်မှာ မယုံနိုင်လောက်အောင် လျင်မြန်လှပေသည်။

All Chapters