← Chapters

တာအိုတရားဟောကြားခြင်း

Vol. 3 Ch. 277

တာအိုတရားဟောကြားခြင်း

Vol. 3 Ch. 277

ချင်းကျန်းဂိုဏ်း၏ ဓားခန်းမ အတွင်းသို့ ဆန်းလျန် ခြေချ လိုက်မိသည်နှင့် ခန်းမတစ်ခုလုံး ပွန်းရာပဲ့ရာများ၊ ဓားခုတ်ရာများနှင့် ပြည့်နေသည်ကို တွေ့လိုက် ရလေသည်။ အုတ်ကြွပ်များ ကြေမွနေပြီး အပျက်အစီး များဖြင့် ရှုတ်ပွလျက် ရှိလေသည်။

ခန်းမထဲတွင် တိုက်ပွဲ တစ်ခု ဖြစ်ခဲ့ဟန် ရှိလေသည်။

"ဆန်းတန်ခိုးရှင်၊ ဒီခန်းမထဲမှာ ဆရာ မုန့်ရွှင်ကျန်းနဲ့ ကျုပ်တို့ဂိုဏ်းချုပ် တိုက်ခိုက်ခဲ့တာ၊ ပြီးတော့ ဆရာမုန့်ရွှင်ကျန်းဟာ  သစ္စာဖောက်ပြီး ထွက်ပြေး သွားတော့တာပဲ"

တပည့် တစ်ယောက်က ပြောပြလိုက်သည်။

ချင်းကျန်း ဂိုဏ်းတည်ရှိရာ ပေါယွင်တောင်မှာ မိုးမြေ စွမ်းအားများ နည်းပါးသည့် နေရာတစ်ခု မဟုတ်ပေ။

သို့သော်.... ဟွမ်လုန်ကျီက တောင်ပေါ်ရှိ မိုးမြေစွမ်းအား တည်ရှိမှု နေရာများကို ဖျက်ဆီး သွားသည့်အတွက် မိုးမြေစွမ်းအားများ အားနည်းသလို ဖြစ်နေရခြင်း ဖြစ်လေသည်။

မုန့်ရွှင်ကျန်းနှင့် ချင်းကျန်းဂိုဏ်းချုပ်၏ တိုက်ပွဲမှာ ပြင်းထန်ပုံ ရလေသည်။ ထို့ကြောင့် ဓားခန်းမတစ်ခုလုံး ပျက်စီးနေရခြင်း ဖြစ်လေသည်။

"ကျုပ်ရဲ့ သစ္စာခံ ဂိုဏ်းဖြစ်ပြီးမှ ချင်းကျန်းဂိုဏ်း ဒီလိုကျဆင်းသွားတာ ကျုပ်မှာ တာဝန် ရှိပါတယ်၊ မင်းတို့ အားလုံး စိတ်မပူကြပါနဲ့၊ ကျုပ် တောင်ပေါ်မှာ တစ်လလောက် နေပြီး မင်းတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်း ပေးပါ့မယ်၊ ပြီးတော့ ရှောင်ချင်းကလည်း မင်းတို့ကို သင်ပြ ပေးနိုင်ပါတယ်"

ဆန်းလျန်က လက်နှစ်ဖက် နောက်ပစ်ရင်း အေးဆေးစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆန်းတန်ခိုးရှင်၊ ဒါပေမဲ့ နောက်ကိစ္စ တစ်ခု ရှိသေးတယ်"

တပည့် တစ်ယောက်က ဝင်ပြော လိုက်ပြန်သည်။

ကျော်ရှောင်ချင်းက ထိုတပည့်ကို တားလိုက်သည်။

"တော်ပြီ၊ မပြောနဲ့တော့"

ဆန်းလျန်က ကျော်ရှောင်ချင်းကို လက်တစ်ဖက် ကာပြလိုက်ရင်း...

"ဘာကိစ္စ ဖြစ်လို့လဲ၊ ပြောပါ"

ထိုတပည့်က ကျော်ရှောင်ချင်းကို စိတ်ဆိုးမာန်ဆိုးဖြင့် တစ်ချက် ကြည့်လိုက်ပြီးမှ ဆန်းလျန်ကို ရိုသေစွာ ဦးညွတ်လိုက်ရင်း....

"ခုတလော ချီယန်ဂိုဏ်း၊ အဆိပ် ငါးပါးဂိုဏ်းနဲ့ လေနက် ဂူကလူတွေ ကျွန်တော်တို့ဂိုဏ်းကို မသိမသာ ပြဿနာ ရှာနေကြပါတယ်၊ ဒီကိစ္စကို ဖြေရှင်းပေးဖို့ ဆန်းတန်ခိုးရှင်ကို တောင်းပန်ပါတယ်"

ဆန်းလျန် တစ်ချက်မျှ စဉ်းစားလိုက်သည်။

ထိုဂိုဏ်းသုံးဂိုဏ်းမှာ နန်ကျန်းမှ သာမန်မျှသာ အဆင့်ရှိသည့် ဂိုဏ်းသုံးဂိုဏ်း ဖြစ်လေသည်။ ယခင် ချင်းကျန်းဂိုဏ်း အင်အားကြီးမား ခဲ့စဉ်က ထိုဂိုဏ်းများသည် ချင်းကျန်း ဂိုဏ်းကို လွန်ဆန် ရဲကြသူများ မဟုတ်ပေ။ သို့သော် ယခုတော့ ချင်းကျန်းဂိုဏ်းမှာ ကြောင်ပေါက်လေး တစ်ကောင်ပမာ အင်အား လျော့နည်းလျက် ရှိလေသည်။ ထို့ကြောင့် သူတို့က ချင်းကျန်းဂိုဏ်းကို ရန်စကြခြင်း ဖြစ်လေသည်။

ကျော်ရှောင်ချင်းက ဆန်းလျန်ကို အားနာသည့် အတွက် ထိုကိစ္စများကို ပြောမပြလိုပေ။ သူက ပြဿနာကို သူကိုယ်တိုင် ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။

ဟွမ်လုန်ကျီနှင့် တိုက်ပွဲအပြီးတွင် ကျော်ရှောင်ချင်း၏ ဓားသိုင်းမှာ ယခင်ကထက် မြင့်မား လာလေသည်။ သူ၏ ယွင်ဆွေ အလင်းဓားမှာ နောင်တစ်ချိန်တွင် ဆရာဖြစ်သူ မုန့်ရွှင်ကျန်းထက်ပင် သာသွားနိုင်သည့် အနေအထား ဖြစ်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း...

"ကိစ္စမရှိပါဘူး၊ နောက်တစ်ခါ မနှောင့်ယှက်နိုင်အောင် ကျုပ် သူတို့ကို ပညာပေး လိုက်ပါ့မယ်"

ချင်းကျန်း ဂိုဏ်းတစ်ခုလုံး အတွက် သူ့တွင် တာဝန်ရှိသည်ဟု ဆန်းလျန်က ခံယူထားလေသည်။ ချင်းကျန်းဂိုဏ်းမှာ ချင်းရွှမ် နတ်တံခါး၏ သစ္စာခံ ဂိုဏ်းတစ်ခု ဖြစ်သည် မဟုတ်ပါလား။

ဆန်းလျန်ထံမှ စကားကြောင့် ကျော်ရှောင်ချင်းတို့ အုပ်စုမှာ စိတ်သက်သာရာ ရသွားကြလေသည်။

ချင်းကျန်းဂိုဏ်း ပျက်စီးနေသည့် အချိန်တွင် ဆန်းလျန်က သူတို့ကို ပစ်မထားသည့် အတွက်လည်း များစွာ ဝမ်းသာသွားကြလေသည်။

ရုတ်တရက်ပင် ဆန်းလျန်က ချင်းကျန်းဂိုဏ်း၏ ဓားခန်းမဆောင်၏ အပျက်အစီးများ ကြားတွင် ထိုင်ချလိုက်လေသည်။ ရော့ရှီလေးကလည်း ဦးလေးဖြစ်သူ၏ ဘေးတွင် ချစ်စရာကောင်းစွာ ဝင်ထိုင်လိုက်လေသည်။ ပျက်စီးနေသည့် ခေါင်မိုးကြားမှ နေရောင်ခြည် တစ်စသည် ဆန်းလျန်ဆီသို့ ဖြာကျနေလေသည်။ ထို့ကြောင့်ဆန်းလျန်မှာ နေရောင်ခြည် အောက်တွင် နတ်ဘုရားဆန်စွာ တောက်ပ နေလေတော့သည်။

"မင်းတို့တွေကို ဓားသိုင်း တာအိုကျင့်စဉ် အကြောင်း သိချင်ကြလား"

ဆန်းလျန်က မေးလိုက်သည်။

တပည့် တစ်ယောက်က....

"သိချင်ပါတယ်၊ ဓားသိုင်းတာအိုကျင့်စဉ်ရဲ့ အဓိက အချက်က ဘာများပါလဲ၊ တန်ခိုးရှင် ကျေးဇူးပြုပြီး သင်ပြပေးပါ"

"ဓားသမား တစ်ယောက်ဟာ ဓားကို ကိုင်လိုက်ပြီ ဆိုတာနဲ့ တိုက်ပွဲကို ရင်ဆိုင်ရတော့မှာပဲ၊ ဘယ်လောက် စွမ်းအား ကြီးမားတဲ့ ရန်သူဖြစ်ပါစေ ဓားသမားဟာ အနိုင်ယူလိမ့်မယ်၊ အောင်ပွဲဟာ သူ့ဘဝကို ပီတိ ဖြစ်စေတဲ့ အရာပဲ၊ ဒါပေမဲ့ ဓားသိုင်း တာအိုကျင့်စဉ်ကတော့ ဒီလိုမဟုတ်ဘူး၊ တာအို ကျင့်စဉ်ဆိုတာ အကြောင်းအကျိုးနဲ့ အနိုင်အရှုံးကို နားလည်ခြင်းပဲ၊ ဓားသမား တစ်ယောက်ရဲ့ စိတ်ဝိညာဉ်က လွတ်လပ်နေသည့် တိုင်အောင် ရုပ်ခန္ဓာက စိတ်ဝိညာဉ် အတိုင်း လွတ်လပ်မှု မရှိရင် ကျင့်စဉ်လမ်းကို မလျှောက်လှမ်းနိုင်ဘူး၊ အဲဒီလိုဆိုရင် တဖြည်းဖြည်း အသက်ကြီးလာပြီး နောက်ဆုံးမှာ မြေကြီးထဲ ရောက်သွားမှာပဲ၊ ဘယ်သူမှ အဲဒီလို ဓားသမားမျိုးကို အမှတ်ရနေမှာတော့ မဟုတ်ဘူး”

ဆန်းလျန်က ဆက်ပြောလိုက်သည်။

“ကျွန်တော် ချင်းကျန်းဂိုဏ်းကို စရောက်ကတည်းက အောင်ပွဲရတဲ့ ပီတိဆိုတာ တစ်ခါမှ မခံစားခဲ့ရဘူး၊ အဲဒါ ဘာဖြစ်လို့လဲ ဆန်းတန်ခိုးရှင်”

တပည့် တစ်ယောက်က မေးမြန်း လိုက်လေသည်။

ဆန်းလျန်က ရယ်မောလိုက်သည်။

“အဲဒါကတော့ မင်းရဲ့ ဓားကတုံး နေလို့ပဲ ဖြစ်ရမယ်”

ဆန်းလျန်၏ အဖြေကြောင့် ရယ်မောသံများ ခန်းမထဲတွင် ဆူညံသွားလေသည်။

ဆန်းလျန်သည် မြင့်မြတ်သည့် တန်ခိုးရှင် တစ်ယောက် ဖြစ်သည့်တိုင် အခြားသော တာအို ဆရာများကဲ့သို့ ဟိတ်ကြီးဟန်ကြီး မရှိလှပေ။

နောက်ထပ် တပည့် တစ်ယောက်က အော်ပြောလိုက်သည်။

“တန်ခိုးရှင်၊ ဓားသိုင်း အကြောင်းရော တာအို ကျင့်စဉ် လမ်းအကြောင်းရော အကျဉ်းချုပ်ပြီး ပြောပြပေးပါဦး”

“ဆန်းတန်ခိုးရှင်ကို ဟိုဟာပြောခိုင်း ဒီဟာပြောခိုင်း မလုပ်နဲ့လေ”

ကျော်ရှောင်ချင်းက ထိုတပည့်ကို ဟန့်တား လိုက်လေသည်။

သို့သော် တပည့်များက ဆန်းလျန်မှာ ဟိတ်ကြီးဟန်ကြီး မရှိဘဲ ခင်မင် နှစ်လိုဖွယ် ရှိသည့်အတွက် သိပ်ပြီး အလေး မထားတော့ဘဲ ပေါ့ပေါ့ပါးပါးပင် ပြောဆို ဆက်ဆံ နေလေသည်။ သူတို့မှာ တောရွာတစ်ရွာတွင် ဆရာတစ်ယောက်က စာသင် ပေးနေသည်ကို ကလေးများက သဘောကျစွာ ဝိုင်းဝန်း နားထောင် နေကြသကဲ့သို့ပင် ဖြစ်လေသည်။ ဆရာဖြစ်သူက ခင်မင်စရာကောင်းလေ ကလေးများက ပိုပြီးအတင့်ရဲလာကြလေဆိုသကဲ့သို့ပင် ဖြစ်လေသည်။

သူတို့၏အသံများ ကျယ်လောင်သည်ထက် ကျယ်လောင် လာကြပြီး စိတ်လွတ် ကိုယ်လွတ် ပြောဆို ဆွေးနွေး နေကြလေတော့သည်။ ဆန်းလျန်နှင့် ကျင့်စဉ် လမ်းအကြောင်း ပြောဆို ဆွေးနွေးရင်း အားလုံးမှာ စိုးရိမ် ပူပန်မှုများကိုပင် မေ့သွားကြလေသည်။

“ကဲ… အားလုံးပဲ ခဏ နားထောင်ကြပါဦး၊ မင်းတို့ အားလုံး သိချင်တဲ့ ကိစ္စတွေ အားလုံးကို ဒီရက်တွေ အတွင်း အဓိက အချက်တွေ ဆွဲထုတ်ပြီး ပြောပြသွားပါ့မယ်”

ဆန်းလျန်က အေးချမ်းစွာဆိုသည်။

သူ့အသံက ကျယ်လောင်ခြင်း မရှိသည့်တိုင် ဝိညာဉ် စွမ်းအားနှင့် ပြည့်ဝလျက် ရှိလေသည်။ တစ်ယောက် တစ်ပေါက် ဆူညံနေသည့် တပည့်များမှာ ချက်ချင်းပင် ငြိမ်ကျ သွားကြလေသည်။

ချင်းကျန်းဂိုဏ်း ဓားခန်းမ၏ ကြမ်းပြင်မှာ ဖုံများ တက်နေသည့်တိုင် သူတို့ အားလုံး ဆန်းလျန် ဘေးတွင် ဝိုင်းပြီး ထိုင်လိုက်ကြသည်။ ချင်းကျန်း ဂိုဏ်း၏ ဓားသိုင်း ကျင့်စဉ်ဖြစ်သည့် ယွင်ဆွေ အလင်း ဓားသိုင်းမှာ လွယ်ကူသည့် ကျင့်စဉ် တစ်ခု မဟုတ်ပေ။ ထို့ပြင် မုန့်ရွှင်ကျန်းက ဂိုဏ်းကို သစ္စာဖောက် သွားပြီး ဓားခန်းမကို ဖျက်ဆီး သွားသည့် အတွက် ဂိုဏ်းသားများမှာ နေရေးထိုင်ရေးပင် အခက် တွေ့ကြရလေသည်။ သူတို့မှာ အတွင်းအားပင် ကောင်းကောင်း မလေ့ကျင့်နိုင်ကြပေ။

ဂိုဏ်း၏ အကြီးအကဲအဖြစ် အားထားရသူ ကျန်းဆွေကျယ်မှာလည်း ဒဏ်ရာရကာ ဓားသိုင်း မကျင့်နိုင်တော့သည့် ဂိုဏ်းသားများ အခြေတကျ နေထိုင်နိုင်ရေး အတွက် လိုက်ပါ ဆောင်ရွက် ပေးနေရသည့် အတွက် ချင်းကျန်းဂိုဏ်းကို ပြန်လည် ပြုပြင်နိုင်ခြင်း မရှိသေးပေ။ ဓားခန်းမဆောင်ကို ပြန်လည် ပြုပြင်ရန်မှာလည်း ကျန်းဆွေကျယ် ပြန်ရောက်လာမှသာ စီစဉ်ရမည် ဖြစ်လေသည်။

ကျော်ရှောင်ချင်းမှာ ချင်းကျန်းဂိုဏ်း တပည့်များ ကြားတွင် အတော်ဆုံး တပည့် ဖြစ်သော်လည်း သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို ဦးဆောင်ကာ ဂိုဏ်းကို ပြန်လည် တည်ဆောက်နိုင်သည် အထိ မလုပ်နိုင်သေးပေ။

ထို့ပြင် သူက ဂိုဏ်းတူ ညီအစ်ကို များကို ဓားသိုင်းလည်း သင်ကြား ပေးနေရသေးသည်။

သူက သူ၏ ဂိုဏ်းတူ ညီအစ်ကိုများကို ဆရာစား လုံးဝမချန်ဘဲ သူတတ်သမျှ သင်ကြား ပေးခဲ့လေသည်။ ယခင်က စိတ်ထားမျိုးနှင့် ဆိုလျှင် သူက ထိုသို့ သင်ကြားပေးမည် မဟုတ်ပေ။ သို့သော် ဆန်းလျန်နှင့် ငါးနှစ်ခန့် အတူတူ နေလာပြီးသည့်နောက် ဆန်းလျန်၏ ကောင်းမွန်သည့် အကျင့်စရိုက် များသည် သူ့ကို ကူးစက်လာခဲ့လေသည်။

တပည့်များအားလုံး ငြိမ်သက် သွားပြီ ဖြစ်လေသည်။

ရော့ရှီ လေးမှာလည်း ဆန်းလျန်၏ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေလေသည်။

ထိုအခါကျမှ ဆန်းလျန်က သူ၏ သင်ပြပေးခြင်းကို စတင်လိုက်သည်။

“ဘဝရယ်လို့ ရလာရင် သေခြင်း တရားကို ရင်ဆိုင်ရမှာပဲ၊ ဒါပေမဲ့ သံသရာ စက်ဝန်းက လွတ်မြောက်ပြီး သန့်စင် မြင့်မြတ်ခြင်းကို လိုချင်တယ် ဆိုရင်တော့ တွယ်တာမှု၊ စွဲလန်းမှုတွေ မရှိရဘူး၊ ဟိုင်သန်း အဆင့် ရောက်ပြီ ဆိုတာနဲ့ မသေနိုင်တဲ့ ဘဝကို အစပြုတယ်၊ လူတစ်ယောက်ဟာ ကိုယ့်စိတ်ကို အရင်ဆုံး သိမြင် နားလည် သွားပြီဆိုရင် နတ်ဘုရားတစ်ပါးဖြစ်ဖို့ အစပြုတာပဲ၊ ဒါက တကယ့် ကျင့်စဉ်လမ်း အစစ်အမှန်ပဲ၊ ဟိုးအရင် ကတည်းက ကျင့်စဉ်လမ်း အောင်မြင်ခဲ့ကြတဲ့ နတ်ဘုရားတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ သူတို့က ဟိုင်သန်း အဆင့်ကို မဖော်ပြခဲ့ကြဘူး…”

ဆန်းလျန်က ဟိုင်သန်း အဆင့်အကြောင်းကို ပြောပြနေခြင်း ဖြစ်သည့် အတွက် တပည့်များ အားလုံးမှာ စိတ်ဝင်တစား နားထောင် နေကြလေသည်။ မည်သူမျှ ဖြတ်ပြီး မေးခွန်း မေးမြန်းခြင်းလည်း မပြုလုပ်ကြပေ။ ဆန်းလျန်က သူတို့ကို “ဟိုင်သန်း အဆင့်” အကြောင်း သင်ကြား ပေးလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

ဟိုင်သန်း အဆင့် တက်ရောက်နိုင်ရန်မှာ အလွန်မှ ခက်ခဲလေသည်။ လောကရှိ ကျင့်ကြံသူ အများစုတွင် ဟိုင်သန်း အဆင့် တက်ရောက်နိုင်သူမှာ အလွန်ပင် နည်းပါး လွန်းလေသည်။ အချို့မှာ ပြင်ပ ပြဒါးရှင်နှင့် နတ်ဒေဝါ အမြုတေများ၏ အကူအညီဖြင့်သာ တက်ရောက် နိုင်ကြလေသည်။

သို့သော် ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် ဟိုင်သန်း အဆင့် တက်ရောက်ခြင်း မဟုတ်ကြသည့် အတွက် သူတို့က ဟိုင်သန်း အဆင့်၏ အနှစ်သာရကို နားမလည်ကြပေ။ ထို့ကြောင့် နောက်အဆင့် များတွင် အောင်မြင်မှု မရကြသည်က များလေသည်။

အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုတွင်ပင် ဟိုင်သန်းအဆင့်ကို ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် တက်ရောက် နိုင်သူမှာ နှစ်တစ်ရာတွင် နှစ်ယောက် သုံးယောက်သာ ပေါ်ထွက်လေသည်။ ငါးယောက် ခြောက်ယောက်မျှ ပေါ်ထွက်လျှင် အလွန်မှ ဂုဏ်ယူဖွယ်ရာ ဖြစ်နေပြီ ဖြစ်လေသည်။

ထို့ပြင် ဟိုင်သန်း အဆင့်ကို ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် တက်ရောက် နိုင်သူသည် ဖော့ဝမ့် အဆင့်တွင်လည်း အရည်အချင်းမြင့်မားလေသည်။ ကိုယ်ပိုင် ကျင့်စဉ်လမ်းဖြင့် ဖော့ဝမ့် အဆင့်ထိ တက်လှမ်း နိုင်ခဲ့သူသည် နတ်ဘုရားတစ်ပါး အဖြစ်ကို ရရှိရန်အတွက် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာသလောက် ရှိလေသည်။

ဟိုင်သန်း အဆင့် တက်ရောက်ရန်မှာ ခက်ခဲလွန်းသည့်တိုင် ဆန်းလျန်၏ သင်ပြပေးမှုကို ကြားရသူ တပည့်များသည် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း စတင် သိမြင်လာခဲ့ကြလေသည်။

အထူးသဖြင့် ဟိုင်သန်း အဆင့် တက်ရောက်ရန် နီးကပ်နေပြီ ဖြစ်သည့် ကျော်ရှောင်ချင်းပင် ဖြစ်လေသည်။ သို့သော် သူ့အတွက် လမ်းပွင့် သွားခြင်းတော့ မရှိသေးပေ။

ဆန်းလျန်က သူ့ကို တိုက်ရိုက် သင်ကြားပေးခြင်း မဟုတ်သည့်တိုင် ဆန်းလျန်၏ သင်ပြပေးမှုက သူ့အတွက် များစွာ အထောက်အပံ့ ဖြစ်လေသည်။

သာမန် ကျင့်ကြံသူများနှင့် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုမှ ကျင့်ကြံသူများ ကြားတွင် ခြားနားမှု များစွာ ရှိလေသည်။

အဓိက နတ်ဘုရား ကျောင်းတော်များမှ တပည့်များမှာ စစချင်းမှာပင် ကျင့်စဉ်လမ်းများကို လေ့လာရသည်။ ကျင့်စဉ်လမ်း အဆင့်အတိုင်း စနစ်တကျ တစ်ဆင့်ချင်း ကျင့်ကြံ သွားရသည်။ ထို့နောက် ဟိုင်သန်း အဆင့်ကို ပါရမီ ပါရှိသည့်အတိုင်း တက်လှမ်း သွားကြလေသည်။

“ကျင့်စဉ် လမ်းကို စတင်သည်နှင့် စိတ်ထားကို အရင်ပြုပြင်ရမည်” ဆိုသည်မှာ ချင်းရွှမ် နတ်တံခါး၏ ဆောင်ပုဒ်ပင် ဖြစ်လေသည်။

ထို့ကြောင့် ချင်းရွှမ် နတ်တံခါး၏ သင်ပြပေးမှုပုံစံမှာ တပည့်များကို ဂရုမစိုက်သလို ဖြစ်နေတတ်သည့်တိုင် စစ်မှန်သည့် ကျင့်စဉ် လမ်းကို အဆင့် တက်လှမ်းနိုင်ရန် မီးမောင်း ထိုးပြနေမြဲ ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါး၏ ဆရာများသည် တပည့်များကို အဓိပ္ပာယ်၊ သဘောတရား နားလည်အောင်သာ သင်ပြ ပေးတတ်ကြပြီး ကျင့်စဉ် တစ်ခုလုံးတွင် သေချာဂရုတစိုက် လက်ထပ် သင်ကြား ပေးခြင်းမျိုး မရှိကြပေ။

ချန်ကျန့်မေကို ကြည့်မည်ဆိုလျှင် ချူးစန်း အဆင့်တွင် သုံးနှစ်၊ ရုဟွအဆင့်တွင် ဆယ်နှစ် ကြာခဲ့လေသည်။ အခြား နတ်ဘုရား ဂိုဏ်းများဆိုလျှင် ချန်ကျန့်မေကို လူ့လောကသို့ စေလွှတ်ကာ ဆက်လက် ကျင့်ကြံခိုင်းမည် ဖြစ်လေသည်။

သို့သော် ဆရာသခင် ကျန်းရော့ရွှီးကတော့ ချန်ကျန့်မေ အကြောင်းကို အစမှ အဆုံးတိုင် နားလည် ခဲ့လေသည်။ ထို့ကြောင့် ချန်ကျန့်မေကို တောင်ပေါ်တွင်ပင် တစ်ယောက်တည်း ကျင့်ကြံစေခဲ့သည်။ နောက်ဆုံးတွင်တော့ ချန်ကျန့်မေသည် ဟိုင်သန်း အဆင့်ကို အောင်မြင်စွာ တက်ရောက် နိုင်ခဲ့လေသည်။

ဆန်းလျန် အနေဖြင့် ချင်းကျန်း ဂိုဏ်းမှ တပည့်များကို ဟိုင်သန်း အဆင့် တက်ရောက် နိုင်သည် အထိ သင်ပြပေးခွင့် မရှိပေ။ သို့သော် သူက ဟိုင်သန်း အဆင့် တက်ရောက် နိုင်ရန် အတွက် အခြေခံ သဘောတရားများကို ပြောပြနေခြင်း ဖြစ်လေသည်။ ဆန်းလျန်ပြောသည့် စကားအတိုင်း လိုက်နာမည်၊ မလိုက်နာမည်ကတော့ သူတို့၏ စိတ်ထားအတိုင်းပင် ဖြစ်လေသည်။

ဆန်းလျန်၏ သင်ပြပေးမှုက အကျယ်တဝင့် မဟုတ်သည့်တိုင် တပည့်များ အားလုံးက စိတ်ဝင်တစား နားထောင် နေကြလေသည်။ ရော့ရှီပင်လျှင် စိတ်ဝင်တစား နားထောင်လျက် ရှိလေသည်။

ထိုအချိန်မှာပင်…

တောင်ခြေမှ ဆူဆူညံညံ အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက် ကြရလေသည်။

***

All Chapters