← Chapters

မည်သူမျှ မတားဆီးနိုင်

Vol. 3 Ch. 278

မည်သူမျှ မတားဆီးနိုင်

Vol. 3 Ch. 278

“နတ်ဘုရား ငါးပါးဂိုဏ်းက ကျုပ် မုချိုးဖုန်း… ချင်းကျန်းဂိုဏ်းကို လာရောက် လည်ပတ် ဂါရဝပြုတာပါ”

အသံမှာ အေးစက်ပြီး တန်ခိုးစွမ်းအားနှင့် ပြည့်ဝလေသည်။ ကြားသည်နှင့် ဖျားသွား လောက်သည့် အသံမျိုး ဖြစ်လေသည်။

ဆန်းလျန်၏ တရားကို နာကြားရင်း အေးချမ်းနေသည့် စိတ်လေးများပင် ချက်ချင်း ပျောက်ကွယ် ကုန်ကြရလေသည်။

ဆန်းလျန်က သင်ပြပေးခြင်းကို ရပ်နားလိုက်ပြီး တောင်ခြေမှ လွင့်မျောလာသည့် အနက်ရောင် အဆိပ်ငွေ့များကို ကြည့်နေလိုက်သည်။ ထိုအနက်ရောင် အငွေ့များနှင့် ထိမိသည့် မြက်ပင်များ၊ သစ်ပင်များ အားလုံးမှာ ချက်ချင်းပင် သေဆုံး ကုန်ကြလေသည်။

ထို့နောက် အနက်ရောင် အဆိပ်ငွေ့များ ပျောက်ကွယ်သွားပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ် အရွယ်ခန့် လူငယ် တစ်ယောက် ထွက်ပေါ်လာလေသည်။

နတ်ဘုရား ငါးပါး ဂိုဏ်းဆိုသည်မှာ အဆိပ်ငါးပါး ဂိုဏ်းကိုပင် ခေါ်ဆိုခြင်း ဖြစ်လေသည်။ နတ်ဘုရား ငါးပါးဂိုဏ်း ဆိုသည်က တရားဝင် ဂိုဏ်းနာမည် ဖြစ်ပြီး အဆိပ်ကို အသုံးပြုကြသည့် အတွက် အဆိပ်ငါးပါး ဂိုဏ်းဟု အခြားသူများက အမည် ပေးထားကြခြင်း ဖြစ်လေသည်။

“နတ်ဘုရား ငါးပါးဂိုဏ်း” ဟု အမည်ပေး ထားသည့်အတွက် ကျင့်စဉ်လမ်းကို လျှောက်လှမ်း ကြသည့် နတ်ဘုရား ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်ဟု အထင် ရောက်ဖွယ်ရာ ရှိသည်။ သို့သော် အဆိပ်ငါးပါး ဂိုဏ်းမှာ အဆိပ်ငါးပါး ကျင့်စဉ်မှ လွဲပြီး မည်သည့် ကျင့်စဉ်ကိုမှ မလေ့ကျင့်ကြပေ။

အဆိပ်ငါးပါး ဂိုဏ်းကို တည်ထောင်သူ ဆရာဘိုးဘိုးသည် အဆိပ်ပညာဖြင့် လောက နတ်ဘုရား တစ်ပါးကိုတောင် သတ်ခဲ့သည်ဟု ဒဏ္ဍာရီ ရှိခဲ့ဖူးလေသည်။

“မင်းက ချင်းကျန်း တောင်ပေါ်ထိ လာပြီး ပြဿနာ ရှာနေတာလား”

ကျော်ရှောင်ချင်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“မဟုတ်ရပါဘူး၊ မဟုတ်ရပါဘူး၊ ကျုပ်တို့ အဆိပ်ငါးပါး ဂိုဏ်းက ချင်းကျန်းဂိုဏ်းနဲ့ ခင်မင်ကြတာပဲကို၊ ကျုပ်တို့ ခင်မင်မှုက ကြာရှည်ခဲ့ပါတယ်၊ အခု ချင်းကျန်းဂိုဏ်း ဒုက္ခ ရောက်နေတယ်လို့ သတင်းတွေ ကြားလို့၊ ကျုပ်ဆရာရဲ့ အမိန့်နဲ့ ကူညီဖို့ ရောက်လာတာပါ၊ ကျုပ်က ရန်မူဖို့ လာတာ မဟုတ်ပါဘူးဗျာ”

မုချိုးဖုန်း ဆိုသူက ပြောလိုက်လေသည်။

ပြောနေရင်းနှင့်ပင် မုချိုးဖုန်းထံမှ သစ်ခွပန်း ရနံ့တစ်မျိုး ထွက်ပေါ်လာပြီး ကျော်ရှောင်ချင်းမှာ ခေါင်းများ မူးဝေ လာရလေသည်။ ကျော်ရှောင်ချင်းမှာ ဓားကို ဆွဲထုတ် လိုက်သည့်တိုင် ခေါင်းများ မူးဝေလာ ရခြင်းကြောင့် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။

ကျော်ရှောင်ချင်းက မဲ့ပြုံး တစ်ချက် ပြုံးလိုက်ရင်း…

“ကျုပ်တို့က မင်းတို့ရဲ့ အကူအညီ မလိုဘူး”

ကျော်ရှောင်ချင်း၏ စကားကြောင့် မုချိုးဖုန်းက ဒေါသ ထွက်သွားခြင်း မရှိပါ။

သူက ဖြည်းဖြည်းချင်း ရှေ့တိုး လာလေသည်။ မုချိုးဖုန်းမှာ အဆိပ်ငါးပါး ဂိုဏ်းမှ အတော်ဆုံး တပည့်တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ချင်းကျန်းဂိုဏ်းကို တစ်ယောက်တည်း လာရဲသည် အထိ သတ္တိ ကောင်းနေခြင်း ဖြစ်လေသည်။

“ချင်းကျန်းဂိုဏ်းက နန်းကျန်းဒေသမှာ သြဇာ ကြီးမားတဲ့ ဂိုဏ်းကြီး တစ်ဂိုဏ်းပဲ၊ ခုချိန်မှာတော့ ဒုက္ခ ရောက်နေတာပေါ့လေ၊ ဒီလို နေ့မျိုး ရောက်လာဖို့ စောင့်လိုက်ရတာဗျာ၊ ကူညီ ချင်လွန်းလို့ပါ၊ ကူညီ ချင်လွန်းလို့ပါ၊ ကျုပ်ရဲ့ ဆရာ အမှာရှိလိုက်တာက အခု ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို မင်းတို့ ချင်းကျန်း ဂိုဏ်းကလူတွေ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးတဲ့၊ ဒါကြောင့် မင်းတို့ ဂိုဏ်းက အဖိုးတန် သိုင်းကျမ်းတွေနဲ့ စာကြီးပေကြီးတွေကို ကျုပ်တို့က ကူညီပြီး ထိန်းသိမ်း ထားပေးချင်လို့ပါ၊ ဒါမှ အဖိုးတန်တဲ့ အရာတွေ ဆုံးရှုံးမှု မရှိတော့မှာပေါ့ဗျာ၊ မင်းတို့ ဂိုဏ်းအခြေအနေ ပြန်ကောင်းတဲ့ တစ်နေ့ကျရင်တော့ ကျုပ်တို့က မူမပျက် ပြန်ပေးမှာပါ”

မုချိုးဖုန်းက စကားပြောနေရင်း ဓားခန်းမကိုလည်း တစ်ချက် ဝေ့ကြည့် လိုက်လေသည်။ သူ့အကြည့်က ဆန်းလျန်ကို ကျော်သွားပြီး ဆန်းလျန်ဘေးမှ ရော့ရှီလေးဆီသို့ ကျရောက် သွားလေသည်။ ပျိုဖော်ဝင်စ အရွယ် ချောမော လှပလွန်းသည့် ရော့ရှီလေး၏ အလှကို မြင်လိုက် ရသည့်အခါ မုချိုးဖုန်း၏ မျက်ဝန်းများ အရောင် တစ်လက်လက် တောက်ပ သွားလေသည်။

ကျောက်ရှောင်ချင်းက နှာခေါင်း တစ်ချက် ရှုတ်လိုက်ရင်း….

“ကောင်းလိုက်တဲ့ အကြံဉာဏ်၊ ကျုပ်တို့က ချင်းကျန်းဂိုဏ်းက မင်းတို့ကို အညံ့ခံမယ်များ ထင်နေသလား”

မုချိုးဖုန်းက ခြေလှမ်းများကို ရပ်တန့် လိုက်ရင်း ပြုံးလိုက်လေသည်။

“ကျုပ်တို့ နတ်ဘုရား ငါးပါးဂိုဏ်းက မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူးဗျာ၊ ဒါပေမဲ့ ချီယန်ဂိုဏ်းနဲ့ လေနက်ဂူကတော့ မင်းတို့ကို တိုက်ခိုက် ကြတော့မှာနော်၊ မင်းသာ ကျုပ်ပေးတဲ့ အကူအညီကို သဘောတူမယ် ဆိုရင် ကျုပ်ရဲ့ဆရာက အဲဒီ နှစ်ဂိုဏ်းကို မင်းတို့ကို မတိုက်ခိုက်ရအောင် တားဆီးပေးမှာပါ၊ ဒါကြောင့် ဒီက အစ်ကိုကို ကျုပ်က ရန်မူမယ့်သူ မဟုတ်ပါဘူးလို့ ပြောခဲ့သားပဲ”

“မင်းပြောလို့ ပြီးပြီလား…”

ထိုစကားကို ဆန်းလျန်က ပြောလိုက်ခြင်း ဖြစ်လေသည်။

မုချိုးဖုန်းက အသံလာရာဆီသို့ ကြည့်လိုက်လေသည်။

ဓားခန်းမ၏ အပျက်အစီးများ ကြားတွင် ထိုင်နေသည့် ချောမော လှပလွန်းသည့် လူငယ်လေး တစ်ယောက်ကို တွေ့လိုက် ရလေသည်။

“အား… ကျုပ်ပြောချင်တာ ရှိသေးတယ်ဗျ ညီငယ်လေး၊ ဟိုမိန်းကလေး ငယ်လေးက အရည်အချင်းရှိတဲ့ ပါရမီရှင်လေးနော်၊ သူ့ကိုသာ ကျုပ်တို့ ဂိုဏ်းမှာ ပညာသင်ခွင့် ပြုမယ်ဆိုရင် သူက ဆရာတစ်ဆူ ဖြစ်လာမှာဗျ”

“ရယ်စရာတွေ လာပြောနေတယ်”

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ဆန်းလျန်က လက်တစ်ဖက်ကို အသာလေး လှုပ်ရှား လိုက်လေသည်။

မုချိုးဖုန်းမှာ ခုခံချိန်ပင် မရလိုက်ပေ။ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး လေပွေမုန်တိုင်း တစ်ခု ပေါ်ထွက် လာလေသည်။ ထိုလေပွေ မုန်တိုင်းက မုချိုးဖုန်းကို ပေါယွင် တောင်တစ်လျှောက် လှည့်ပတ် ခေါ်ဆောင် သွားလေသည်။ သူ၏ အဆိပ်ငါးပါး စွမ်းအား များမှာလည်း သုံး၍ မရတော့ပေ။ လေပွေမုန်တိုင်း ရပ်တန့်သွားသည့် အခါတွင်တော့ မုန်ချိုးဖုန်းမှာ မြေပြင်ပေါ်သို့ ပုံပျက်ပန်းပျက် ပြုတ်ကျ သွားလေသည်။

သူ့ကို ကြည့်ရသည်မှာ အတော် နာကျင်ခံစား နေရပြီး အရိုးများပင် ကျိုးသွားပုံ ရလေသည်။ သူ၏ အဖြူရောင် ဝတ်စုံမှာလည်း ညစ်ပတ် စုတ်ပြတ် သွားပြီ ဖြစ်လေသည်။

ဆန်းလျန်က…

“မင်းရဲ့ ဆရာကို ပြောလိုက်၊ မနက်ဖြန် ညနေမတိုင်ခင် ကျုပ်တို့ကို လာတောင်းပန်ပါ၊ မဟုတ်လို့ကတော့ နန်ကျန်းဒေသမှ အဆိပ်ငါးပါး ဂိုဏ်းဆိုတာ ပျောက်ကွယ် သွားရလိမ့်မယ်”

မုချိုးဖုန်းမှာ ဆန်းလျန်က လက်တစ်ဖက် လှုပ်ရှားရုံမျှဖြင့် သူ့တန်ခိုး စွမ်းအားများ ပျောက်ကွယ် သွားရသည့် အတွက် ကြောက်လန့် သွားမိလေသည်။ ဆန်းလျန် မည်သူမှန်း သူမသိပါ။ သို့သော် တန်ခိုး စွမ်းအားကတော့ ကြောက်စရာ ကောင်းလွန်းလှသည်။

မုချိုးဖုန်းသည် ဒဏ်ရာ ရသည်ကိုပင် ဂရုမစိုက် အားတော့ဘဲ တောင်ပေါ်မှ ခွေးပြေး ဝက်ပြေး ပြေးဆင်း သွားလေတော့သည်။

ကျော်ရှောင်ချင်းက ဆန်းလျန်ကို ဦးညွတ်လိုက်ရင်း…

“ရှောင်ချင်း အသုံးမကျလို့ သခင်လေး တိုက်ခိုက် လိုက်ရတယ်”

“ဒီနေ့ မင်းခံစားရတဲ့ ခံစားချက်ကို မှတ်ထားပါ၊ မင်းကိုယ်မင်း တိုးတက်အောင် ကျင့်ကြံဖို့ အတွက် ခွန်အားတွေ ရလာလိမ့်မယ်”

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ကျော်ရှောင်ချင်းက ဆန်းလျန်ကို မည်သည့် စကားမှ ပြန်မပြောပါ။ သို့သော် သူက လက်သီးကို ကျစ်ကျစ် ပါအောင် စုပ်ထားလေသည်။

“မင်းတို့ကို တာအို ကျင့်စဉ်ထက် ဓားသိုင်းပညာကိုပဲ အရင် သင်ပေးရတော့မယ် ထင်တယ်၊ ဒီတော့ မင်းတို့ကို ဓားသိုင်းပညာ တစ်ခုသင်ပေးမယ်၊ အဲဒီ ဓားသိုင်းကို သေချာ လေ့ကျင့်ပါ၊ ဒါဆိုရင် နန်ကျန်း ဒေသ တစ်ခုလုံးမှာ အခက်အခဲမရှိ ရပ်တည် နိုင်လိမ့်မယ်၊ ကျုပ် ဒီမှာ တစ်လ တိတိနေပြီး သင်ပြပေးမယ်”

ဆန်းလျန်က ပြောလိုက်လေသည်။

ချင်းကျန်းဂိုဏ်းမှ တပည့်များက ဆန်းလျန်က သူတို့ကို အဆင့်မြင့် ဓားသိုင်းတစ်ခု သင်ကြား ပေးမည်ဟု ထင်မိကြလေသည်။

သို့သော် ဆန်းလျန်က သူတို့ကို ယွင်ဆွေ အလင်းဓားသိုင်း သုံးဆယ့် ခြောက်ကွက်ကိုသာ ပြန်လည် သင်ကြားပေးခြင်း ဖြစ်လေသည်။

သို့သော် ဆန်းလျန် သင်ပြပေးပုံက တစ်မူ ထူးခြားသည်။ သူက ယွင်ဆွေ အလင်းဓား သုံးဆယ့် ခြောက်ကွက်ကို တိမ်တိုက်(ယွင်)နှင့် ရေ(ဆွေ) ဆိုပြီး နှစ်ပိုင်း ခွဲလိုက်လေသည်။ တစ်ပိုင်းတွင် ဓားသိုင်း ဆယ့်ရှစ်ကွက် ပါဝင်လေသည်။ သူက တပည့်များကို လူကိုးယောက် တစ်ဖွဲ့ခွဲလိုက်ပြီး ဓားသိုင်းကို အသေးစိတ် သေသေချာချာ ရှင်းပြကာ သင်ကြားပေးလေသည်။

ချင်းကျန်း ဂိုဏ်းသားများ အားလုံးမှာ ယွင်ဆွေ အလင်းဓားကို တတ်ကျွမ်း ကြသူများ ဖြစ်ကြလေသည်။ သို့သော် တကယ့် အနှစ်သာရကို နားလည်ပြီး ဓားဝိညာဉ် ထုတ်လွှတ်နိုင်သည့် အဆင့်ထိ ရောက်ရှိသူမှာ အနည်းငယ်သာ ရှိလေသည်။

ဆန်းလျန်၏ သင်ပြပေးမှုက သူတို့၏ တန်ခိုးစွမ်းအားများကို ဓားသိုင်းနှင့် တစ်သားတည်း ကျအောင် ပေါင်းစည်း သွားစေသည်။ တိမ်နှင့် ရေကြားမှ မတူညီမှု များကိုလည်း ဆက်စပ် ပေးလိုက်လေသည်။ ထိုအခါ ယွင်ဆွေ အလင်းဓား၏ စစ်မှန်သည့် ဓားဝိညာဉ်သည် စတင် ဖြစ်တည် လာလေသည်။ ယွင်ဆွေ အလင်းဓား ဝိညာဉ်သည် အလွန် တန်ခိုးစွမ်းအား ကြီးမားသည့် ဓားဝိညာဉ် ဖြစ်လေသည်။ အချိန်တို အတွင်းမှာပင် ချင်းကျန်းဂိုဏ်းမှ တပည့်များ၏ ဓားသိုင်း စွမ်းရည်များ မြင့်တက် လာကြလေသည်။

တစ်ညတာ အချိန် ကုန်ဆုံးသွားခဲ့ပြီ။

ဆန်းလျန်က ချင်းကျန်း ဂိုဏ်းသားများကို တစ်နေကုန်အောင် ဓားသိုင်းပညာကို အသေးစိတ် သင်ကြား ပေးနေခဲ့သည့် အတွက် တပည့်များ အားလုံးမှာ ခေါင်းများပင် မူးနောက် နေကြပြီ ဖြစ်လေသည်။

နောက်တစ်နေ့နံနက်….

နံနက်ခင်း နေရောင်ခြည်သည် ကောင်းကင်ကို ထိုးခွင်းပြီး အနီရောင် နေဝန်းကြီး ထွက်ပေါ် လာပြီ ဖြစ်လေသည်။ မိုးမြေတစ်ခွင်တွင် ရောင်စုံ တိမ်ခိုးများ တောက်ပ နေလေသည်။

ချင်းကျန်း ဂိုဏ်းသားများ နိုးထလာကြပြီး ရောင်စုံ တိမ်တိုက်များကို သတိပြုမိ လိုက်ကြသည်။

မြေပြင်မှ ပေတစ်ထောင်ခန့် ဝေးသည့် ရောင်စုံ တိမ်တိုက်တစ်ခု အပေါ်တွင် ဆန်းလျန်နှင့် ရော့ရှီ ထိုင်နေလေသည်။ နတ်ဘုရားတစ်ပါး ကိုယ်ရောင် ကိုယ်ဝါများ တောက်ပကာ လူ့လောကတွင် ကိုယ်ထင် ပြသည့်အလား ထင်မှတ် ရလေသည်။

ထို့နောက်တွင်တော့ တပည့်များ အားလုံး သူတို့၏ ဘဝတွင် မည်သည့်အခါမှ မေ့နိုင်တော့မည် မဟုတ်သည့် မြင်ကွင်းကို တွေ့မြင် လိုက်ကြရလေသည်။

ကျောက်တုံးကြီးများ ရွေ့လျားလာပြီး အဆောက်အဦကြီး တစ်ခု ဖြစ်တည်လာလေသည်။ အဆောက်အဦး ပတ်ဝန်းကျင်တွင် နွယ်ပင်လေးများမှာလည်း ရှင်သန် ပေါက်ရောက်လာပြီး စမ်းချောင်း လေးများလည်း စီးဆင်း လာလေသည်။ နေ့တစ်ဝက် အတွင်းမှာပင် ပျက်စီးနေသည့် ဓားခန်းမဆောင်မှာ ခမ်းနားလွန်းသည့် တာအို ကျောင်းတော်ကြီး တစ်ခုအသွင် ပြောင်းလဲ သွားလေသည်။

တာအို ကျောင်းတော်ကြီး အပြင်ဘက်တွင်လည်း ဆန်းလျန်က အရံအတား တစ်ခုကို ဖန်ဆင်း လိုက်လေသည်။ ထိုအရံအတားက ချင်းကျန်း ဂိုဏ်းတည်ရှိရာ ပေါယွင် တောင်တစ်ခွင်လုံးမှ မိုးမြေ စွမ်းအားများကို စုပ်ယူနိုင်လေသည်။ ယခင်က ချင်းကျန်းဂိုဏ်းကဲ့သို့ မိုးမြေစွမ်းအားများ အများအပြား မရှိတော့သည့်တိုင် သင့်တင့်သည့် မိုးမြေ စွမ်းအားများတော့ ရရှိနိုင်မည် ဖြစ်လေသည်။

ရေတံခွန်ကြီးက စီးဆင်းနေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခုလုံးက တည်ငြိမ် အေးချမ်း နေလေသည်။

တာအို ကျောင်းတော်ကြီး တစ်ခုကို နေ့တစ်ဝက်နှင့် အပြီး ဆောက်လုပ် ဖန်ဆင်း လိုက်ခြင်းမှာ လောက နတ်ဘုရားများ အတွက်ပင် ခက်ခဲသည့် အလုပ်ဖြစ်လေသည်။ ဆန်းလျန်က ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံထားသူ တစ်ယောက် ဖြစ်သည့် အတွက်ကြောင့်သာ ထိုသို့ ဆောက်လုပ် ပေးနိုင်ခြင်း ဖြစ်လေသည်။

ယခုတော့ ချင်းကျန်း ဂိုဏ်းသားများ၏ ရင်ထဲတွင် ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက်သာ မကတော့ပေ။ သူတို့ ကိုးကွယ် ဆည်းကပ်ရမည့် နတ်ဘုရား တစ်ပါးအလား ထင်မြင်လာပြီဖြစ်လေသည်။

ချင်းကျန်း ဂိုဏ်းသားများသည် ဆန်းလျန် အသစ် ဆောက်လုပ် ပေးလိုက်သည့် တာအို ကျောင်းတော်ကြီး အတွင်းသို့ ဝင်ရောက်ကာ လှည့်ပတ်ကြည့်ရှု ကြလေသည်။ အေးချမ်းပြီး နေချင်စဖွယ် ကျောင်းတော်ကြီး ဖြစ်ပြီး အရင် ဓားခန်းမဆောင်ထက် များစွာ သာလွန်လေသည်။

ဆန်းလျန်က ချင်းကျန်း ဂိုဏ်းအတွက် တာအို ကျောင်းတော်ကြီး ဆောက်လုပ် ပေးလိုက်ရသည်မှာ အကြောင်း ရှိလေသည်။ ဓားသိုင်း ကျင့်ကြံသူ တစ်ယောက်သည် ထိပ်တန်း ဓားသမားတစ်ယောက် ဖြစ်လာရန် အတွက် စိတ်ပျက်စရာ ပတ်ဝန်းကျင်တွင် ကြာရှည် နေထိုင်ရန် မသင့်တော်ပေ။ စိတ်ပျက်စရာများ များပြားလာပါက ဓားသိုင်း လမ်းစဉ်မှ လွဲချော်သွားပြီး အောင်မြင်မှုနှင့် ဝေးရမည် ဖြစ်လေသည်။

ချန်ကျန့်မေ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိသည့်အတွက် တောင်ပေါ်မှ ဆင်းသွားရန် ဆုံးဖြတ်စဉ်တွင် ဆရာသခင် ကျန်းရော့ရွှီးက တားဆီးခဲ့လေသည်။ ဆရာသခင်သည် ချန်ကျန့်မေကို အေးချမ်း တိတ်ဆိတ်သည့် ချင်းရွှမ်တောင်တွင်သာ နေစေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ချန်ကျန့်မေ၏ စိတ်ထားသည် ဓားသမား တစ်ယောက်၏ စိတ်ထား စစ်မှန်သည့် အတွက် ထက်ရှ လွန်းသောကြောင့် ဖြစ်လေသည်။ ဓားသမား တစ်ယောက်၏ စိတ်ထားသည် ပြင်ပ ပတ်ဝန်းကျင်၏ သက်ရောက်မှုနှင့် များစွာ ဆက်စပ် နေလေသည်။

ဆန်းလျန်ကတော့ ချန်ကျန့်မေနှင့် ပြောင်းပြန် ဖြစ်လေသည်။ ဆန်းလျန်၏ စိတ်ထားက မွေးရာပါ တာအို ကျင့်ကြံသူ စိတ်ထားမျိုး ဖြစ်သည့်အတွက် အေးဆေး တည်ငြိမ်လေသည်။ ထို့ကြောင့် ဓားသိုင်းနှင့် ပတ်သက်လျှင် ဆန်းလျန်က အားနည်းလေသည်။ ထို့ကြောင့် ဆရာသခင် ကျန်းရော့ရွှီးက သူ့ကို တောင်ပေါ်မှ ထွက်သွားခိုင်းခြင်း ဖြစ်လေသည်။ ထို့ကြောင့် သူသည် လူ့လောကတွင် သေလုနီးနီး ရှင်သန် ရပ်တည်ရသည့် အချိန်များတွင် ရှင်သန်နိုင်မည့် နည်းလမ်းကို ရုန်းကန် ရှာဖွေရင်း ကျင့်စဉ်လမ်း အဆင့် တက်ခဲ့ရခြင်း ဖြစ်လေသည်။

“မင်းရင်ဆိုင် နေရတဲ့ အခက်အခဲတွေက မင်းရဲ့ ကိုယ်တွင်းမှာပဲ ရှိတယ်” ဆိုသည့် ဆရာသခင် ကျန်းရော့ရွှီး ပြောခဲ့သည့် စကားအတိုင်းပင် ဖြစ်လေသည်။

ဆန်းလျန်သည် အခက်အခဲ ပြဿနာများကို သူ၏ မွေးရာပါ တာအို ကျင့်ကြံသူ စိတ်ထားဖြင့် ရင်ဆိုင် ဖြေရှင်းရင်း တဖြည်းဖြည်း ဓားတစ်လက် ကဲ့သို့ ထက်ရှလာမည့် သူမျိုးဖြစ်လေသည်။

ထိုအကြောင်းအရာ များကို ဆန်းလျန် နားလည် လာခဲ့သည်မှာ မကြာသေးပါ။ ထိုအကြောင်းများကို နားလည် လာရသည့်အခါ ဆရာသခင် ကျန်းရော့ရွှီး၏ ကျေးဇူး တရားများကို ပိုပြီး သိမြင် နားလည် လာရလေသည်။ သို့သော် ဆရာသခင် မရှိတော့သည့် အတွက် သူများစွာ စိတ်မကောင်း ဖြစ်ရလေသည်။

ညနေ စောင်းသွားခဲ့လေပြီ။

ချင်းကျန်း တောင်ပေါ်သို့ မည်သူမျှ ရောက်မလာခဲ့ပါ။

အဆိပ်ငါးပါး ဂိုဏ်းသည် ဆန်းလျန်၏ သတိပေးစကားကို မကြားရလောက်အောင် နားများ ကန်းနေ ခဲ့ကြလေသလား။

***

All Chapters