ကွမ်ဖား
Vol. 3 Ch. 279
လထွက်လာပြီ ဖြစ်လေသည်။
လမင်းသည် ကောင်းကင်ထက်တွင် ကြည်လင်စွာ တောက်ပနေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် နေလေသည်။
ဆန်းလျန်သည် အသစ် ဆောက်လုပ်ထားသည့် တာအို ကျောင်းတော်ကြီး၏ ခန်းမ ဆောင်ထဲတွင် ထိုင်နေလေသည်။
ဖယောင်းတိုင် မီလေးက သူ့ဘေးနားတွင် လင်းလက် နေလေသည်။
ရော့ရှီနှင့် ဆန်းလျန်မှာ စစ်တုရင် ကစား နေကြလေသည်။ ရော့ရှီလေး၏ ဝိညာဉ်စွမ်းအားမှာ ဆန်းလျန် ချင်းရွှမ် နတ်တံခါးသို့ ရောက်လာသည့် အချိန်က ဝိညာဉ် စွမ်းအားနီးပါး ကောင်းမွန် လေသည်။ သူမသည်လည်း တစ်ကြိမ် မြင်ရုံမျှဖြင့် အလွတ်ရအောင် မှတ်နိုင်သည့် မှတ်ဉာဏ်ကောင်းကို ဆန်းလျန် ကဲ့သို့ပင် ပိုင်ဆိုင် ထားလေသည်။ နှလုံးသား စည်းချက် ကျင့်စဉ်ကြောင့် သူမ၏ ဝိညာဉ်စွမ်းအားမှာ မှန်မှန် တိုးတက်လျက် ရှိလေသည်။ နောက်ဆုံးတွင် သူမသည် ထျန်းမုန့် နတ်သမီး၏ ဝိညာဉ် စွမ်းအားကို ရရှိမှာ ဖြစ်လေသည်။
ဆန်းလျန်က သူ၏ စိတ်ပိုင်း ဆိုင်ရာ နားလည်မှုကို ရော့ရှီ၏ နားလည်မှုနှင့် တူညီအောင် ညှိယူကာ ကစားပေးနေခြင်း ဖြစ်လေသည်။
ဆန်းလျန်က စစ်တုရင် တစ်ကွက်ကို ရွှေ့လိုက်သည်။
ရော့ရှီကလည်း တစ်ချက်မျှ စဉ်းစားပြီး စစ်တုရင်ကွက်ကို ရွှေ့လိုက်သည်။ သူတို့ ကစားပွဲ ကြာလာလေလေ ရော့ရှီက ပိုပြီး ကြာကြာ စဉ်းစားလာရလေ ဖြစ်လေသည်။ သို့တိုင်အောင် ရော့ရှီသည် ဆန်းလျန်နှင့် အပြိုင် ကစားနေနိုင်သေးသည်။
အတန်ကြာ ကစားနေကြပြီးမှ ဆန်းလျန်သည် စစ်တုရင် တစ်ကွက်ကို ရွှေ့လိုက်လေသည်။ ရော့ရှီက သူမ၏ မေးဖျားလေးကို လက်ဖြင့်ကိုင်ရင်း…
“ဦးဦး၊ ဒီတစ်ကွက်ကို ဘယ်လို ပြန်ရွှေ့ရမလဲ သမီးမသိသေးဘူး၊ နည်းနည်းလောက် စဉ်းစားလို့ ရမလား”
ဟုမေးလိုက်လေသည်။
ဆန်းလျန်က ခန်းမဆောင် အပြင်ဘက်မှ ကောင်းကင်ကို မော့ကြည့်ရင်း တစ်ချက် ပြုံးလိုက်သည်။
“ညတောင် ရောက်နေပြီပဲ၊ သမီး အတွင်းအား မကျင့်ရသေးဘူးနော်၊ ပြီးမှ ဆက်ကစား ကြမယ်လေ”
ထို့နောက် ဆန်းလျန်က သူတို့ အနားတွင် ရှိနေသည့် ကျော်ရှောင်ချင်း ဘက်သို့ လှည့်လိုက်ပြီး…
“ရော့ရှီကို ခဏလောက် ကြည့်ထားပေးပါကွာ၊ သူ အတွင်းအား သေချာကျင့်ပါစေ၊ ကျုပ် ပြန်လာခဲ့မယ်”
“သခင်လေး ဘယ်သွားမလို့လဲ”
ဆန်းလျန်က ကျော်ရှောင်ချင်းမှာ သူ၏ ဓားကျွန် မဟုတ်တော့ကြောင်း တရားဝင် ကြေညာ ပြီးသည့်တိုင် သူက ဆန်းလျန်ကို "သခင်လေး" ဟူ၍ပင် ဆက်ခေါ်လေသည်။
ဆန်းလျန်က အဖြေပြန်မပေးဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ ထို့နောက် ဓားဝိညာဉ် တစ်ခုကို ဖန်ဆင်းကာ ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာ သွားလေတော့သည်။
“ဦးဦးက အဆိပ်ငါးပါး ဂိုဏ်းကို သွားတာလေ”
ရော့ရှီက ကျော်ရှောင်ချင်းကို လှမ်းပြော လိုက်လေသည်။
ထို့နောက် သူမ၏ မျက်ဝန်းများကို မှိတ်လိုက်ကာ အတွင်းအား လေ့ကျင့် နေတော့သည်။ မိုးမြေ စွမ်းအားများသည် သူမထံသို့ စီးဝင် ပေါင်းစပ်လာပြီး ပတ်ဝန်းကျင်တွင် မြူခိုးများ ရစ်သိုင်း လာတော့သည်။ ရော့ရှီလေးသည် ဝင်သက် ထွက်သက် မှန်မှန် ပြုလုပ်နေပြီး သူမ၏ ကိုယ်တွင်းမှ စွမ်းအားများသည် သန့်စင်သည်ထက် သန့်စင် လာလေသည်။
အဆိပ်ငါးပါး ဂိုဏ်းမှာ ယခင်ချင်းကျန်း ဂိုဏ်းလောက် အင်အား မကြီးမားသည့်တိုင် နန်ကျန်းဒေသတွင် နာမည်ကြီးသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်လေသည်။ အဆိပ်ပညာကို လေ့ကျင့် သင်ကြားသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည့် အတွက် အခြားသော ဂိုဏ်းများနှင့် မတူ တစ်မူ ထူးခြားလေသည်။
သို့သော် သူတို့ဂိုဏ်း၏ ကျင့်ကြံမှုက ထာဝရ အသက်ရှင်သန်သည့် နတ်ဘုရား တစ်ပါး ဖြစ်လာရန် ကျင့်ကြံကြခြင်း မဟုတ်ပေ။ လူသတ် စွမ်းအား မြင့်တက် လာရန်အတွက်သာ ကျင့်ကြံကြသည့် ဂိုဏ်း ဖြစ်လေသည်။
သူတို့က ရှေးဟောင်း ကျမ်းစာများမှ အဆိပ်ကျင့်စဉ်များနှင့် ယခုခေတ်တွင် ကျင့်ကြံ နေကြသည့် အဆိပ် ကျင့်စဉ်များကို ပေါင်းစပ်ကာ အဆိပ်ကျမ်း တစ်ခု တီထွင်နိုင်ခဲ့လေသည်။ ထိုအဆိပ်ကျမ်းကို “အဆိပ်ငါးပါး ကျမ်း” ဟု ခေါ်လေသည်။ ထိုကျမ်းထဲတွင် အဆိပ်ပေါင်း များစွာကို ဖန်တီးနိုင်သည့် ကျင့်စဉ်များနှင့် မိစ္ဆာကျင့်စဉ်များ များစွာ ပါဝင်လေသည်။ သတိ မထားမိသည့် အချိန်မှာပင် အဆိပ် မိသွားနိုင်လေသည်။
အဆိပ်ငါးပါး ဂိုဏ်းသည် ချင်းကျန်းဂိုဏ်းနှင့် မိုင်ခြောက်ရာခန့် အဝေးတွင် တည်ရှိလေသည်။ ထိုနေရာတွင် ကြီးမားသည့် ရေကန်ကြီး တစ်ခုရှိပြီး ရေကန်မှာ မှန်သားအလား ကြည်လင် နေလေသည်။ ရေကန်ထဲတွင် ထိန်ထိန်သာ နေသည့် လမင်း၏ အရိပ်က ထင်ဟပ် နေလေသည်။
ရေကန်ထိပ်တွင် များစွာသော အဆောက်အဦများကို တွေ့မြင်နိုင်လေသည်။ အားလုံးမှာ သစ်သား အဆောက်အဦ များဖြစ်ပြီး တစ်ခုနှင့်တစ်ခု စင်္ကြံလမ်းများဖြင့် ဆက်သွယ် ထားလေသည်။ ထိုသစ်သား အိမ်များဆီမှ အလင်းရောင်လေးများ ထွက်ပေါ် နေလေသည်။ သေသေချာချာ ကြည့်မည်ဆိုလျှင် အဆိပ် ပိုးမွှားကောင်များ၏ မျက်စိများမှ လင်းလက်နေကြခြင်း ဖြစ်လေသည်။ အဆိပ်ပိုးကောင်များမှာ မျိုးစုံဖြစ်လေသည်။ မြွေများ၊ ပင့်ကူများနှင့် အခြားသော အမျိုးအစား စုံလင်သည့် အဆိပ်ပိုးကောင်များ ဖြစ်လေသည်။
ရေကန်မှ ထွက်ပေါ်နေသည့် မြူခိုး ငွေ့များသည် သစ်သား အိမ်လေးများကို သဘာဝ အရံအတား တစ်ခုအလား ဝန်းရံ ထားကြလေသည်။
အဆိပ်ဖြေဆေးကို ပုံမှန်သောက်ပြီး အဆိပ်ငါးပါး ကျင့်စဉ်ကို ကျင့်ကြံထားခြင်း မရှိလျှင် မည်သည့် ကျင့်ကြံသူမှ အဆိပ်ငါးပါး ဂိုဏ်းနားသို့ ကပ်နိုင်မည် မဟုတ်ပေ။
ရေကန်ထဲမှ ငါးနှင့် ပုစွန်များ၏ ခန္ဓာကိုယ်ထဲတွင်ပင် အဆိပ်များဖြင့် ပြည့်နေကြလေသည်။
ဆန်းလျန်သည် အဆိပ်ငါးပါးဂိုဏ်းနှင့် မိုင်အနည်းငယ်ခန့် အဝေးတွင် မြေပြင်ဆီသို့ ဆင်းသက် လိုက်လေသည်။ မိုင်အနည်းငယ် ဝေးနေသည့် တိုင်အောင် အဆိပ်ရနံ့နှင့် သွေးရနံ့များကို ရနေရလေသည်။ အဆိပ်ရနံ့များသည် သူ၏ အသားကို ဖောက်ဝင်ပြီး သူ၏ အသွေးထဲသို့ စီးဝင် သွားကြသည်။
သို့သော် ဆန်းလျန် ကျင့်ကြံထားသည့် ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်မှာ ကမ္ဘာ့ ထိပ်တန်း ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
ဆန်းလျန်၏ ထိုက်ရွှီး တန်ခိုးစွမ်းအားများက အဆိပ်ငွေ့များကို တန်ခိုး စွမ်းအားအဖြစ် ပြောင်းလဲ ပေးလိုက်လေသည်။ ထို့ကြောင့် ဆန်းလျန်၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်သွားသည့် အဆိပ်ငွေ့များမှာ တန်ခိုးစွမ်းအား အဖြစ်သို့ အလိုလို ပြောင်းလဲသွားလေသည်။
ဆန်းလျန် အသက်ရှူသွင်း ရှူထုတ်လိုက်တိုင်း သူ့ကိုယ်ထဲသို့ ဝင်လာသည့် အဆိပ်ငွေ့များမှာ သူ၏ ခန္ဓာကိုယ်ကို အားဖြည့် ပေးနေသကဲ့သို့ပင် ဖြစ်နေသေးသည်။
ဆန်းလျန်က ကန်ရေပြင်ကို ဖြတ်ကာ လမ်းလျှောက် လာလေသည်။
“ဘယ်သူလဲဟေ့”
အဆိပ်ငါးပါးဂိုဏ်း၏ ရေတံခါး ဂိတ်တွင် စောင့်နေသည့် တပည့် တစ်ယောက်က အော်ဟစ် လိုက်လေသည်။
ကျောတွင် ဓားတစ်လက် လွယ်ကာ ကန်ရေပြင်ပေါ်တွင် လမ်းလျှောက် လာသည့် လူငယ် တစ်ယောက်ကို တွေ့လိုက်ရသည့် အတွက် အစောင့်များမှာ ထိတ်လန့် သွားကြလေသည်။
လူငယ်သည် ရေကန်ပေါ်တွင် လမ်းလျှောက် လာသည့်တိုင် ရေကန်ထဲတွင် လှိုင်းလေး တစ်စက်ပင် မထပေ။ ထိုသို့သော ကျင့်ကြံသူမျိုးကို အဆိပ်ငါးပါး ဂိုဏ်းသားများ၏ ဘဝတွင် တွေ့မြင်ဖူးခြင်း မရှိကြပေ။
အမှန်တော့ ဆန်းလျန်မှာ ရေပေါ်တွင် လမ်းလျှောက် လာခြင်း မဟုတ်ပါ။ ရေကန်အပေါ်ရှိ လေထု အလွှာပါးလေးပေါ်တွင် လမ်းလျှောက်လာခြင်း ဖြစ်လေသည်။ သို့သော် လေထု အလွှာပါးလေးနှင့် ရေကန်မှာ နီးကပ် လွန်းသည့် အတွက် ရေပေါ်တွင် လမ်းလျှောက်သကဲ့သို့ ဖြစ်နေရခြင်း ဖြစ်လေသည်။
အဆိပ်ငါးပါး ဂိုဏ်းသားများမှာ လေပေါ်တွင် လမ်းလျှောက်နိုင်သည့် ပုရွှီး အဆင့် ကျင့်ကြံသူများ အကြောင်းကို ကြားဖူးနား၀ ရှိကြလေသည်။
ချင်းကျန်းဂိုဏ်းမှ ဓားဘုရင် မုန့်ရွှင်ကျန်းသည်လည်း လေပေါ်တွင် လမ်းလျှောက် နိုင်လေသည်။
ချီယန်ဂိုဏ်းနှင့် လေနက်ဂူမှ ဂိုဏ်းချုပ် များမှာလည်း ထိုသို့ လေပေါ်တွင် လမ်းလျှောက် နိုင်သည်ဟု ကြားဖူးလေသည်။ သို့သော် ယခုတော့ ကြားဖူးသည် မဟုတ် အစစ်အမှန် မြင်တွေ့နေရပြီ ဖြစ်လေသည်။
ဆန်းလျန်မှာ အသက်အရွယ် အလွန် ငယ်ရွယ်သည့်ပုံ ပေါက်နေသည့် အတွက် သူတို့က သာမန် ဂါထာ မန္တန်တစ်ခုကို အသုံး ပြုထားသည်ဟု ထင်နေကြလေသည်။
အဆိပ်ငါးပါး ကျင့်စဉ်များမှာ အခြားသော ကျင့်ကြံသူ ဂိုဏ်းများနှင့် တူညီမှု မရှိပေ။ ကျင့်စဉ် အချို့ကို ကျင့်ကြံ အောင်မြင်လျှင် အသက်နှစ်ရာ သုံးရာအထိ ရှည်နိုင်သည့်တိုင် သာမန် တပည့်များကတော့ သာမန် လူများကဲ့သို့ပင် အသက် မရှည်ကြပေ။ အဆိပ် ကျင့်စဉ်များကြောင့် မအိုမင်းဘဲ အမြဲတမ်း နုပျို နေသည်ကတော့ ရှိလေသည်။
ဆန်းလျန်က အစောင့်များကို တစ်ချက် ပြုံးပြလိုက်ပြီး လမ်းဆက်လျှောက် လာလေသည်။
ထို့နောက် ဆန်းလျန်၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအလား ပြောင်းလဲသွားပြီး အစောင့် လူငယ်များ၏ ခန္ဓာကိုယ်များကို တစ္ဆေတစ်ကောင် အလား ထိုးဖောက်ကာ ဖြတ်လျှောက် သွားလေသည်။
အစောင့် တပည့်များမှာ လေပြင်း တစ်ချက် တိုက်ခတ် သွားသည်ကိုသာ ခံစားလိုက်ရပြီး မလှုပ်မယှက် ဖြစ်သွားကြလေသည်။ အဘယ်ကြောင့် ဆိုသော် သူတို့ ခန္ဓာကိုယ်များမှာ အေးခဲနေပြီး မရွေ့လျား နိုင်တော့ သောကြောင့် ဖြစ်လေသည်။
ဆန်းလျန်က ရပ်တန့်ခြင်း မရှိဘဲ သူ၏ စိတ်အာရုံစူးစိုက်မှုကို ဖြန့်ကြက်ကာ ရှေ့ဆက် သွားနေလေသည်။ အဆိပ်ငါးပါးဂိုဏ်းမှ အဆောက်အဦများထဲတွင် ဝိညာဉ် စွမ်းအား အမြင့်မားဆုံး ထွက်ပေါ်နေသည့် နေရာကို လိုက်ရှာ နေခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင်…
တိတ်ဆိတ်နေသည့် အဆောက်အဦ တစ်ခုဆီမှ ဝိညာဉ်စွမ်းအားများ သိပ်သည်းစွာ ထွက်ပေါ် နေသည်ကို ဆန်းလျန် သတိပြုလိုက်မိသည်။ ထိုအဆောက်အဦ၏ တိုင်လုံးတွင် နွယ်ပင်များ ရစ်ပတ် နေလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးက တိတ်ဆိတ် ငြိမ်သက်နေလေသည်။
ဆန်းလျန်က အဆောက်အဦဆီသို့ လျှောက်သွား လိုက်ပြီး တံခါးရှေ့တွင် ရပ်တန့် လိုက်လေသည်။
“ဘယ်က ဧည့်သည်တော်များလဲ၊ ညဉ့်နက်နေပြီး ကျုပ်ဆီကို ဘာကြောင့် ရောက်လာရတာလဲ၊ အန္တရာယ် ပြုဖို့ရောက်လာတာလား”
အဆောက်အဦထဲမှ အသံတစ်သံက ပြောလိုက်လေသည်။
အသံမှာ တိုးတိတ်ပြီး ခပ်ရှရှ ဖြစ်လေသည်။ အလွန် အသက်အရွယ် ကြီးနေသည့် အဘိုးအို တစ်ယောက်၏ အသံမျိုး ဖြစ်လေသည်။
ထို့နောက် အဆောက်အဦ တံခါးက အလိုလို ပွင့်သွားလေသည်။
အဆောက်အဦ အတွင်းပိုင်းမှာ အလွန်ပင် သပ်ရပ်သန့်ရှင်း နေလေသည်။ အဆောက်အဦ ခေါင်မိုးမှာ မှန်ကဲ့သို့ ကြည်လင်သည့် ဖန်သားဖြင့် ကာရံထားသည့် အတွက် လရောင်က အဆောက်အဦ အတွင်းသို့ ဖြာကျ နေလေသည်။ ထို့ကြောင့် ဖယောင်းတိုင် ထွန်းညှိ ထားစရာ မလိုဘဲ အလင်းရောင် ရနေလေသည်။
အခန်းထဲတွင် အနက်ရောင် ဝတ်ဆင်ထားသည့် အသက်သုံးဆယ် အရွယ် လူတစ်ယောက် ထိုင်နေလေသည်။ သူ၏ လက်ထဲတွင် လက်ဖက်ရည်ကြမ်း ပန်းကန်တစ်ခုကို ကိုင်ထားလေသည်။ လသာသည့် ညတွင် တစ်ယောက်တည်း လက်ဖက်ရည် သောက်နေဟန် ရှိလေသည်။
ထိုလူက လက်ဖက်ရည် စားပွဲကို တစ်ချက် ရိုက်လိုက်သည်နှင့် လက်ဖက်ရည်ကြမ်း ပန်းကန်ငယ် တစ်ခု ဆန်းလျန်ဆီသို့ ပျံဝဲ ရောက်ရှိ လာလေသည်။ သို့သော် ပန်းကန်အတွင်းမှ လက်ဖက်ရည်ကြမ်း တစ်စက်မှ ဖိတ်စဉ်ခြင်း မရှိပေ။
လက်ဖက်ရည် ပန်းကန်သည် ဆန်းလျန် ရှေ့သို့ ရောက်လာလေသည်။ ဆန်းလျန်က လက်ဖက်ရည် ပန်းကန်ကို အသာဖမ်းယူ လိုက်သည်။
လက်ဖက်ရည်ထဲတွင် အမြှုပ်လေးများ ထနေသည်ကို တွေ့ရပြီး အဆိပ် တစ်မျိုး ခတ်ထားပုံ ရလေသည်။
“နှစ်တစ်ထောင် ခံစားချက်မဲ့ မြက်ပင်ပါလား၊ တော်တော် ရှားပါးတဲ့ ပစ္စည်းပါပဲ”
ဆန်းလျန်က ပြောလိုက်လေသည်။
“ဒီက ဧည့်သည်တော်က တကယ် ဗဟုသုတ ကြွယ်ဝတာပဲကိုး”
အနက်ရောင်ဝတ် လူရွယ်က ပြောလိုက်လေသည်။
“ဒီမြက်ပင်ကို စွဲပြီး စားသုံးရင် အရွယ်တင် နုပျိုစေတယ်၊ ခန္ဓာကိုယ် ကျန်းမာစေတယ်၊ ဒါပေမဲ့ ရေရှည် စားသုံးမယ်ဆိုရင်တော့ လူတစ်ယောက်ဟာ ခံစားချက် ကင်းမဲ့ သွားလိမ့်မယ်၊ ဒါကြောင့်လည်း ခံစားချက်မဲ့ မြက်ပင်လို့ ခေါ်တာပေါ့လေ”
ဆန်းလျန်က ဆက်ပြော လိုက်လေသည်။
အနက်ရောင်ဝတ် လူရွယ်က သူ၏ပေါင်ကို လက်ဖြင့် တစ်ချက် ပုတ်လိုက်ပြီး…
“မှန်လိုက်လေ…”
ဟု ပြောလိုက်လေသည်။
ဆန်းလျန်က လက်ဖက်ရည်ကြမ်းကို မော့သောက် လိုက်လေသည်။
ပြီးမှ…
“မင်းက အဆိပ်ငါးပါး ဂိုဏ်းချုပ် မဟုတ်ဘူးပဲ”
ဟု ပြောလိုက်လေသည်။
အနက်ရောင်ဝတ် လူရွယ်၏မျက်နှာမှာ ခံစားချက် ကင်းမဲ့နေသည့်တိုင် သူ၏ဝတ်ရုံမှာ တစ်ချက်လှုပ်ခတ် သွားလေသည်။
သူက သက်ပြင်း တစ်ချက် ချလိုက်ရင်း…
“ဆန်းတန်ခိုးရှင်ဟာ မျိုးဆက် တစ်ခုမှာ တစ်ခါ ပေါ်ထွန်းတဲ့ ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ် ထိုက်တန်ပါတယ်၊ ကျုပ် ကွမ်ဖား… ဆန်းတန်ခိုးရှင်ကို နှုတ်ဆက်ပါတယ်"
ဟု ပြောလိုက်လေတော့သည်။
***