မုန်တိုင်းထန်ချိန်
Vol. 3 Ch. 280
ကွမ်ဖားသည် ဆန်းလျန်ကို လှည့်စား၍ မရတော့သည့် အတွက် စကားလုံး လှလှလေးများဖြင့် ဝန်ခံစကား ပြောလိုက်ရခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင် အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက် အရပ် သုံးမျက်နှာမှ ပုရွှီးအဆင့် ကျင့်ကြံသူ သုံးယောက် ပေါ်ထွက် လာကြလေသည်။ သူတို့၏ မျက်လုံးများက အေးစက်နေပြီး ဆန်းလျန်ကို စားတော့ ဝါးတော့မတတ် စိုက်ကြည့် နေကြလေသည်။
“ဒီက တာအို ရောင်းရင်း သုံးယောက်က ချီယန်ဂိုဏ်းချုပ်၊ လေနက် ဂူဂိုဏ်းချုပ်နဲ့ အဆိပ်ငါးပါး ဂိုဏ်းချုပ်တို့ပဲ ဖြစ်ရမယ်”
ဆန်းလျန်က ထိုစကားကို အနောက်အရပ်ရှိ အဆောက်အဦ အတွင်းမှ ကွမ်ဖားကို အကြည့်တစ်ချက် မလွှဲဘဲ စိုက်ကြည့် နေရင်းဖြင့်ပင် ပြောလိုက်ခြင်း ဖြစ်လေသည်။
သူ၏ စိတ်အာရုံထဲတွင် ပုရွှီးကျင့်ကြံသူ သုံးယောက်၏ အငွေ့အသက်နှင့် ပုံရိပ်များ ထင်ဟပ် လာသည့် အတွက် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
အခြားသူများ အမြင်တွင် ပုရွှီး အဆင့် ကျင့်ကြံသူ သုံးယောက်က ဆန်းလျန်ကို ဝိုင်းထား ကြသည်ဟု ထင်မှတ်ဖွယ်ရာ ရှိလေသည်။ သို့သော် ဆန်းလျန်မှာ စကြဝဠာ ဗဟိုချက်တွင် ရပ်တည် နေခြင်း ဖြစ်ပြီး သူ့ကို ဝန်းရံ ထားသူများမှာ နေ၊ လ၊ နှင့် ကြယ်စင်များ အလား ဖြစ်ကြလေသည်။ ဆန်းလျန်၏ သန့်စင်သည့် တန်ခိုးစွမ်းအား စီးကြောင်းထဲတွင် ပါဝင်နေသည့် ဟန်ချက်ညီမှုများသာ ဖြစ်ကြလေသည်။
အရှေ့ဘက်မှ ပုဂ္ဂိုလ်သည် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ သူ၏ အငွေ့အသက်မှာ အဆိပ်ငါးပါး ဂိုဏ်းမှ မုချိုးဖုန်းနှင့် ခပ်ဆင်ဆင် တူလေသည်။ အသက်ကတော့ သုံးဆယ် ကျော်ခန့်ဟု ထင်ရလေသည်။
တောင်ဘက် အရပ်မှ ပုဂ္ဂိုလ်ကတော့ သက်လတ်ပိုင်း အရွယ် ကျင့်ကြံသူ အမျိုးသမီး တစ်ယောက် ဖြစ်လေသည်။ သူမ၏ ဝိညာဉ် စွမ်းအားများက အေးစက် နေလေသည်။ သို့သော် ချောမော လှပသည့် အမျိုးသမီး ဖြစ်သည်ကိုတော့ ငြင်း၍မရပေ။
မြောက်ဘက် အရပ်မှ လူကတော့ ထွားကျိုင်း သန်မာသည့် လူသန်ကြီး တစ်ယောက် ဖြစ်လေသည်။ သူက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ထံမှ မီးဖိုကြီး တစ်ခုအလား ပူလောင်သည့် အငွေ့အသက်များ ထွက်ပေါ်နေလေသည်။
ထိုပုဂ္ဂိုလ် သုံးယောက်လုံးမှာ အင်အားကြီးမားသည့် ပုရွှီးအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။
သို့သော် ကြောက်စရာ အကောင်းဆုံး သူမှာဆန်းလျန်၏ ရှေ့တည့်တည့်မှ ကွမ်ဖားဆိုသူ ဖြစ်လေသည်။ ယနေ့ညတွင် ဆန်းလျန် ရင်ဆိုင်ရမည့် ကြောက်စရာ အကောင်းဆုံး ရန်သူမှာ ကွမ်ဖားပင် ဖြစ်လေသည်။
“ဒီပုဂ္ဂိုလ် သုံးယောက်က ကျုပ်ရဲ့ မိတ်ဆွေတွေပါ၊ ကျုပ်က ဆန်းတန်ခိုးရှင်ကို တစ်ယောက်တည်း ရင်ဆိုင် နိုင်စွမ်းမရှိလို့ အကူအညီ ခေါ်ထားရတာပါ”
ကွမ်ဖားက ပြောလိုက်လေသည်။
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…
“ဒီအရည်အချင်းရှိတဲ့ မိတ်ဆွေ သုံးယောက်က ကျုပ်ကို ခဏတော့ တားဆီး နိုင်ပါလိမ့်မယ်၊ ပြီးတော့ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက နတ်ဘုရား အလောင်းလျာ ဆယ့်နှစ်ပါးထဲမှာ ပါဝင်တဲ့ တာအို ဆရာကွမ်ဖား အကြောင်းကိုလည်း ကြားဖူးနေတာ ကြာပါပြီ၊ အင်မတန်မှ အသိဉာဏ် ပညာ ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ သူပဲလေ”
ကွမ်ဖားက ပြုံးလိုက်ရင်း….
“ချီးကျူးတာကို မခံယူဝံ့ပါဘူး၊ ဒီနေ့ အစီအစဉ်တွေ အများကြီး ဆွဲထားပေမယ့်၊ ဆန်းတန်ခိုးရှင် ရောက်လာမယ်လို့ သိပ်တောင် မျှော်လင့်မထားမိဘူး”
ဆန်းလျန်က သက်ပြင်း တစ်ချက် ချလိုက်ရင်း…
“မင်းရဲ့ အခြား ဂိုဏ်းတူ ညီအစ်ကိုတွေကိုရော ခေါ်မထားဘူးလား၊ အဲဒီလို သာဆိုရင် ဒီည ကျုပ်တော့ ကောင်းကောင်း အခက်တွေ့မှာပဲ”
“တခြား ညီအစ်ကိုတွေသာ အတူရှိနေရင် ဆန်းတန်ခိုးရှင် အလာကိုတောင် စောင့်မနေတော့ဘူး”
ကွမ်ဖားက ဆန်းလျန်ကို တစ်ချက် စိုက်ကြည့်ရင်း အေးစက်စွာ ဆိုလိုက်လေသည်။
“ဟုတ်သားပဲ၊ ‘ဆောင်းဝင်လာတာကို ရိပ်မိလိုက်ပေမယ့် ပုဇင်း ရင်ကွဲလေးဟာ မပျံသန်းနိုင်တော့ဘူး၊ ဘယ်လို အဆုံးသတ်မလဲ ဆိုတာ ဘယ်သူသိနိုင်မှာလဲ’ ဆိုတဲ့ ကဗျာထဲက အတိုင်းပဲ၊ သိပ်ပြီး အန္တရာယ်များနေရင် ကျုပ်အန္တရာယ်ကို ခံစားမိမှာပဲ၊ တာအိုဆရာ ကွမ်ဖားက တခြား သူတွေကိုလည်း စည်းရုံးနိုင်တယ်၊ မိုးနဲ့မြေရဲ့ ဥပဒေတွေကိုလည်း နားလည်တယ်၊ ကျုပ်ဘဝမှာ ကြုံတွေ့ရခဲတဲ့ ပြိုင်ဘက် တစ်ယောက်ပါပဲ၊ မင်းက လောကမှာရှိတဲ့ ထောင်နဲ့ချီတဲ့ လူတွေထက် သာလွန်တဲ့ သူတစ်ယောက်ပဲ၊ ဒါပေမဲ့ စိတ်မကောင်းစရာပဲ”
ဆန်းလျန်က ပြောလိုက်သည်။
“ဘာကို စိတ်မကောင်း ဖြစ်ရတာလဲ ဆန်းတန်ခိုးရှင်”
ကွမ်ဖားက မေးလိုက်လေသည်။
“ဘာလို့လဲဆိုတော့ မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေလို့လေ၊ မင်းနဲ့ မင်းရဲ့မိတ်ဆွေ သုံးယောက်ပေါင်းရင် ကျုပ်ကို အနိုင်ရမယ်လို့ ထင်နေတာကိုး”
ဆန်းလျန်က ရယ်မောရင်း ပြောလိုက်လေသည်။
အဆိပ်ငါးပါး ဂိုဏ်းချုပ်က မဲ့ပြုံး တစ်ချက် ပြုံးလိုက်ရင်း…
“မင်းက သေဖို့ နီးနေပြီ ဆိုတာကို မသိသေးဘူးကိုး၊ လက်ဖက်ရည် ကြမ်းထဲမှာ နှစ်တစ်ထောင် ခံစားချက်မဲ့ မြက်နဲ့အတူ ကျုပ်ခတ်ထားတဲ့ ဝိညာဉ်ခွဲ အဆိပ်ကို မင်းဖြေနိုင်မယ်များ ထင်လို့လား”
ဝိညာဉ်ခွဲ အဆိပ်မှာ မြွေနှင့် အဆိပ်ရှိ ပိုးမွှားဆယ်မျိုးမှ အဆိပ်များကို ရှေးဟောင်း နဂါးကြီး တစ်ကောင်၏ မျိုးနွယ်မှ ဆင်းသက်လာသည့် အဆိပ်ရှိသည့် နဂါးသွေးနှင့် ရောစပ်ပြီး ဖော်စပ်ထားသည့် အဆိပ် ဖြစ်လေသည်။
ဆန်းလျန် အဆိပ်ငါးပါး ဂိုဏ်းအတွင်းသို့ ဝင်လာ ကတည်းက ရရှိနေသည့် အဆိပ်ငွေ့ ရနံ့သည် ဝိညာဉ်ခွဲ အဆိပ်ရနံ့ပင် ဖြစ်လေသည်။ တန်ခိုး စွမ်းအားမည်မျှပင် ကြီးမားပါစေ ဝိညာဉ်ခွဲ အဆိပ်ကို တွန်းလှန်နိုင်သူ လောကတွင် မရှိပေ။ ဝိညာဉ်ခွဲ အဆိပ် တက်လာလျှင် ခန္ဓာကိုယ် တစ်ခုလုံးနှင့် သွေးများပင် အနက်ရောင် ပြောင်းသွားမည် ဖြစ်လေသည်။
သို့သော် ဝိညာဉ်ခွဲ အဆိပ်ကို သန့်စင် ပစ်နိုင်သည့် ထူးဆန်းသည့် လျှို့ဝှက် ကျင့်စဉ် အချို့ လောကတွင် ရှိလေသည်။
ဆန်းလျန်၏ ကမ္ဘာ့ ထိပ်တန်း ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်သည် ထိုကဲ့သို့သော လျှို့ဝှက် ကျင့်စဉ်များထဲတွင် အပါအဝင် ဖြစ်လေသည်။ ထို့ကြောင့် ဝိညာဉ် ခွဲအဆိပ်မှာ ဆန်းလျန်ကို အဘယ်သို့ သက်ရောက် နိုင်ပါမည်နည်း။
သို့သော် ထူးခြားချက် တစ်ခု ရှိလေသည်။ နတ်ဘုရား နွယ်စိမ်းပင်သည် အဆိပ်များကို နှစ်ဆ ပျံ့နှံ့စေလေသည်။
အထူးသဖြင့် အဆိပ်ကို တန်ခိုး စွမ်းအားဖြင့် သန့်စင် လိုက်သည့် အချိန်တွင် ပြင်ပသို့ ထွက်လာသည့် အဆိပ်များမှာ နတ်ဘုရား နွယ်စိမ်းပင်၏ ဖိအားကြောင့် မသန့်စင်ခင်က အဆိပ်ထက် ဆယ်ဆခန့် ပိုပြီး ပြင်းထန်နေမည် ဖြစ်လေသည်။
ကွမ်ဖားရှိရာ အဆောက်အဦး၏ တိုင်များကို တွယ်တက်နေသည့် နွယ်ပင်များမှာ နတ်ဘုရား နွယ်စိမ်းပင်များ ဖြစ်လေသည်။ အဆိပ်ပညာကို လေ့ကျင့်သည့် သူများအတွက် အလွန် အသုံးဝင်သည့် အပင်များ ဖြစ်လေသည်။
ထို့ပြင် နှစ်တစ်ထောင် ခံစားချက်မဲ့ မြက်ပင်မှာ အသက်အရွယ် အိုမင်းခြင်းကို တားဆီး ရုံသာမက တန်ခိုး စွမ်းအား ကြီးမားသူများ အတွက် အဆိပ်ဖြေဆေး အဖြစ် အသုံးပြု နိုင်လေသည်။
နှစ်တစ်ထောင် ခံစားချက်မဲ့ မြက်ပင်တွင် သွေးလည်ပတ်မှုကို ရပ်တန့် သွားစေသည့် အစွမ်း ရှိလေသည်။ ထို့ကြောင့် အဆိပ်မိ နေသည့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင်းမှ အဆိပ်များကို ခေတ္တ ရပ်တန့် ထားစေနိုင်လေသည်။
ထို့ကြောင့် ဆန်းလျန်က ကွမ်ဖား တိုက်သည့် လက်ဖက်ရည်ကို ချက်ချင်းပင် သောက်လိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်က မထီမဲ့မြင် အမူအရာဖြင့် အဆိပ်ငါးပါး ဂိုဏ်းချုပ်ကို လှမ်းကြည့် လိုက်သည်။ သူ၏ အကြည့်က စူးရှနေပြီး အဆိပ်ငါးပါး ဂိုဏ်းချုပ်၏ နှလုံးသားထဲထိ ထိုးဖောက် သွားသည့် ဓားတစ်လက် ကဲ့သို့ အကြည့်မျိုး ဖြစ်လေသည်။ အဆိပ်ငါးပါး ဂိုဏ်းချုပ်မှာ ဆန်းလျန်၏ အကြည့်ကြောင့် သူ၏ နှလုံးသားထဲတွင် စူးရှသည့် နာကျင်မှုကို ခံစား လိုက်ရလေသည်။ သူက နာကျင်မှုကို ချုပ်တည်း မထားနိုင်တော့ဘဲ ချောင်းတစ်ချက် ဟန့်သလိုနှင့် ညည်းညူ လိုက်လေသည်။
အဆိပ်ငါးပါး ဂိုဏ်းချုပ်မှာ သိုင်းပညာတွင် အခြားဂိုဏ်းချုပ် နှစ်ယောက်ထက် သာလေသည်။ သို့သော် တန်ခိုး စွမ်းအားကတော့ အခြားဂိုဏ်းချုပ် နှစ်ယောက်လောက် မြင့်မားခြင်း မရှိပေ။
ထိုအချိန်မှာပင်….
ဆန်းလျန်၏ လက်ထဲတွင် ကိုင်ထားသည့် လက်ဖက်ရည်ကြမ်း ပန်းကန်လေးမှာ တောက်ပနေသည့် ငွေရောင် တိုင်လုံး တစ်ခုအဖြစ် ပြောင်းလဲ သွားလေသည်။ တစ်ချိန်တည်းမှာပင် ထိုတိုင်မှ ငွေရောင်ကွင်း တစ်ခု ပေါ်ထွက်လာပြီး ဆန်းလျန်၏ ညာဘက်လက်ကို ချုပ်နှောင် ထားလိုက်လေသည်။
ငွေရောင်ကွင်းလေးမှာ ဆန်းလျန်၏ လက်ကောက်ဝတ်တွင် နစ်မြုပ် နေပြီး ရုန်းထွက်ရန် ခက်ခဲလှသည်။ ဆန်းလျန်မှာ တိုင်နှင့် ပူးပြီး လက်ထိတ်ခတ် ခံထားရသလို ဖြစ်ကာ လွတ်လွတ်လပ်လပ် လှုပ်ရှား၍ မရတော့ပေ။
ကွမ်ဖားက လက်ဖက်ရည်ကြမ်း ပန်းကန်တွင် အစီအရင် ပြုလုပ်ကာ ဆန်းလျန်ကို ထောာင်ချောက် ဆင်ထားခဲ့ခြင်း ဖြစ်လေသည်။
ငွေရောင် တိုင်လုံးနှင့် ဆန်းလျန် ချုပ်မိနေသရွေ့ မည်သို့မျှ လွတ်လပ်စွာ လှုပ်ရှားနိုင်မည် မဟုတ်ပေ။ ထို့ပြင် အဆိပ်ကို သန့်စင်ရန် အတွက် ဆန်းလျန် တန်ခိုး စွမ်းအားကို အသုံးပြု ထားရသည့် အတွက် သူ၏ စွမ်းအားများမှာ လျော့နည်း နေပေလိမ့်မည်။ ဤသည်ကို အခွင့်ကောင်း ယူကာ ဆန်းလျန်ကို တိုက်ခိုက်နိုင်မည် ဖြစ်လေသည်။
ကွမ်ဖားက အဆိပ်ငါးပါး ဂိုဏ်းချုပ်၏ ဝိညာဉ်ခွဲ အဆိပ်မှာ အလုပ်ဖြစ်မည်ဟု အစ ကတည်းက ထင်မထားခဲ့ပေ။ ထိုအဆိပ်က ဆန်းလျန်၏ တန်ခိုး စွမ်းအားကိုသာ အနည်းငယ် လျော့နည်း သွားစေမည် ဖြစ်လေသည်။ ထိုအချိန်ကို စောင့်ကာ ကွမ်ဖားကလည်း သူ၏ မှော်ဝင် ပစ္စည်းကို ချက်ချင်း အသက်ဝင် စေလိုက်ခြင်း ဖြစ်လေသည်။
“ကောင်းလိုက်တဲ့ မှော်ဝင် ပစ္စည်း၊ ရှားပါး ပစ္စည်းတစ်ခုပဲ”
ဆန်းလျန်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။
“ဒီမှော်ဝင်ပစ္စည်းက ရှေးဟောင်း မှော်ဝင်လက်နက် တစ်ခုဖြစ်တဲ့ နဂါး တိုင်လုံးကို တုပပြီး ကျုပ်ကိုယ်တိုင် ပြုလုပ်ထားတာ၊ ဒီပစ္စည်းကို လိုချင်လွန်းလို့ ကျုပ်အနှစ် လေးဆယ်တောင် ပြုလုပ်ခဲ့ရတယ်၊ နဂါးတိုင်လုံး အစစ်မဟုတ်လို့ ကျုပ်က “ပုံပြောင်း နဂါးတိုင်လုံး” လို့ အမည် ပေးထားတယ်၊ တကယ့် နဂါးကိုတော့ ဖမ်းချုပ် မထားနိုင်ပေမယ့် မင်းကိုတော့ ခဏလောက် ဖမ်းချုပ် ထားနိုင်ပါတယ်”
ဆန်းလျန်မှာ အရှက် တကွဲဖြင့် တိုင်လုံးတစ်ခုတွင် ချုပ်နှောင် ခံထားရသော်လည်း အေးဆေး တည်ငြိမ်နေဆဲ ဖြစ်လေသည်။
“မင်းက တကယ့်ကို ထူးချွန်တဲ့သူပါပဲ၊ ကျုပ်ကိုလည်း ကောင်းကောင်း နားလည်တယ်၊ ကြည့်ရတာ ကျုပ်ကို တိုက်ခိုက်နိုင်ဖို့ ဘေးနားမှာ အကြံကောင်းကောင်း ပေးနိုင်တဲ့ လူတစ်ယောက် ရှိနေတယ် ထင်တယ်”
ကွမ်ဖားမှာ ဆန်းလျန်၏ စကားကြောင့် သူအနိုင် ရတော့မည်ဟု ခံစား လိုက်ရလေသည်။
သူက မတ်တတ်ထရပ်လိုက်ပြီး…
“ဆန်းတန်ခိုးရှင်က တစ်ပတ်အတွင်း လူပေါင်းများစွာကို တိုက်ခိုက် ခဲ့တာပဲ၊ မင်းကို မကျေနပ်တဲ့ သူတွေက ကျုပ်ကို အကူအညီ ပေးတာပေါ့၊ အဲဒီလူတွေက မင်းနဲ့ ရင်းနှီးတဲ့ သူတွေလည်း ဖြစ်နိုင်တာပဲလေ၊ ဘယ်သူလဲလို့ မေးရင်တော့ မသိဘူးလို့ပဲ ဖြေရမှာပဲ၊ သိခဲ့ရင်လည်း ကျုပ်က ပြောပြမှာ မဟုတ်ဘူး”
ကွမ်ဖားက ထိုစကားများကို တမင် ပြောလိုက်ခြင်း ဖြစ်လေသည်။
သူ၏ စကားများကို ကြားသည့် အခါ ဆန်းလျန်မှာ ချင်းရွှမ် နတ်တံခါးတွင် သူလျှို တစ်ယောက် ရှိနေပြီလားဟု သံသယဝင်ကာ စိတ်လှုပ်ရှား သွားမည် ဖြစ်လေသည်။ ထိုအချိန်မျိုးတွင် ဆန်းလျန်ကို အလစ်အငိုက် ဖမ်းနိုင်လေသည်။
ဆန်းလျန်မှာ အလွန် ကြောက်စရာ ကောင်းသူ ဖြစ်လေသည်။ သူက ဆန်းလျန်ကို ဖမ်းဆီးမိပြီ ဖြစ်သည့်တိုင် သူ၏စိတ်ထဲတွင် ဆန်းလျန်မှာ လွတ်မြောက် သွားနိုင်သည်ဟု ခံစားနေရဆဲ ဖြစ်သည့်အတွက် ထိုသို့ အကောက်ဉာဏ် သုံးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန် အတိတ်မှ အကြောင်းများကို ပြန်စဉ်းစား လိုက်မိသည်။
“အဲဒီ သစ္စာဖောက် ဘယ်သူလဲ ဆိုတာ ကျုပ်သိပြီးသားပါ၊ ဒါပေမဲ့ ကျုပ်ကို သတ်ဖို့အတွက် ဘာလို့ မင်းကိုယ်တိုင် လာရတာလဲ”
ဆန်းလျန်ထံမှ သတ်ဖြတ် လိုသည့် အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
မြစ်ရေမှ လှိုင်းများ ထန်လာသကဲ့သို့ ခံစားလိုက်ရပြီး မိုးများ ရွာသွန်းတော့မည် အလား အရိပ်အငွေ့များ ထင်ဟပ် လာလေသည်။
မုန်တိုင်း ထန်တော့မည် ဖြစ်လေသည်။
***