နှစ်တစ်ထောင်စာ ရန်ကြွေးကို စာရင်းတစ်ခုတည်းဖြင့်ရှင်းခြင်း
Vol. 25 Ch. 257
ယွင်စုန့် တိတ်ဆိတ်နေပြီး ဘာမှပြန်မပြောခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အဇူရာတိမ်ဂိုဏ်းက ရန်ကြွေးအားလုံးကို စာရင်းတစ်ခုတည်းတွင်ပေါင်းကာ တွက်ထားပြီးဖြစ်မှန်း သူသိနေ၍ ဖြစ်သည်။
ထို့အပြင် ချင်းယွင်ကျိကလည်း ထိုအကြွေးကိုမဆပ်လျှင် သူကိုယ်တိုင် မိစ္ဆာ ၁၅ကောင်နှင့်အတူ အကြွေးလာတောင်းမည်ဟု ရှင်းရှင်းလင်းလင်းကြေငြာထားခဲ့၏။
“မင်းမှာ ပြောစရာတစ်ခုခုရှိသေးလား” ချင်းယွင်ကျိ မေးလိုက်သည်။
“မရှိပါဘူး” ယွင်စုန့် အမြန်ပြန်ဖြေလိုက်၏။
သူ့တွင် ၅ ဘီလီယံ အထိ ထုတ်ပေးနိုင်ခွင့်ရှိပေသည်။
အခုလောက်ပမာဏက သူတို့ရှို့ယိဘုရားကျောင်း၏ အောက်ခြေစည်းကိုတောင် မရောက်သေးသောကြောင့် သူငြင်းစရာ အကြောင်းမရှိပေ။
ထို့အပြင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်နှင့် မိစ္ဆာ၁၅ကောင်ကို သူဘာသွားငြင်းနေရပါဦးမည်နည်း။
ချင်းယွင်ကျိ ခေါင်းညိတ်ပြလိုက်၏။
“ငြင်းစရာမရှိရင် ကောင်းတယ်”
သူ့တပည့်နှင့်အတူတူ အခုလို ရူးချင်စရာကိစ္စများလုပ်ပြီးနောက် သူ့ရင်ထဲက တင်းကြပ်မှုက ပြေလျော့လာသလိုပင် သူခံစားနေခဲ့ရသည်။
“ကွေ့ယွမ်ဘုရားကျောင်းအလှည့်” ချင်းယွင်ကျိ ဘုန်းတော်ကြီး ကျင်းရှန်ကိုကြည့်ကာ ပြောလိုက်၏။
“ငါတစ်ခုခုကျန်ခဲ့ရင် မင်းအချိန်မရွေး ထပ်ပေါင်းထည့်လို့ရတယ် ကျန်းယန် ကွေ့ယွမ်ဘုရားကျောင်းရဲ့ စာရင်းကိုစမှတ်ဖို့ လုပ်တော့”
ကျန်းယန် စုတ်တံကိုမြှောက်လိုက်ကာ “ဟုတ်ကဲ့ပါဆရာ ကျေးဇူးပြုပြီး ပြောပေးပါ”
ချင်းယွင်ကျိက ကွေ့ယွမ်ဘုရားကျောင်းက မိစ္ဆာများကို ဖိနှိပ်ရာတွင်ပါ၀င်ခဲ့သောသူများအကြောင်းပြောပြီးချိန်တွင် ကျင်းရှန်က နာမည်နှစ်ခုကို ထပ်ဖြည့်ခဲ့သည်။
နောက်ဆုံးတွင် ကျန်းယန် စာရင်းပေါင်း၍ တွက်ပြီးနောက် မော့ကြည့်လိုက်၏။
“ကွေ့ယွမ်ဘုရားကျောင်းကတော့ နည်းနည်းပိုများတယ် ၆ဘီလီယံကျော်ကျော်လောက်ပေါ့ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက ရက်ရောပါတယ် ၆ဘီလီယံ ပဲထားပေးလိုက်မယ်”
ချင်းယွင်ကျိ ဘုန်းတော်ကြီးကျင်းရှန်ကိုကြည့်လိုက်ကာမေးလုိက်သည်။
“မင်းဘယ်လိုထင်လဲ”
ကျင်းရှန် အတန်ကြာတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
“ကိုယ်တော်တို့ ကွေ့ယွမ်ဘုရားကျောင်းက ၆ဘီလီယံ လျော်ကြေးပေးဖို့ သဘောတူပါတယ် ဒါပေမယ့် ကိုယ်တော်တို့မှာ အခြေအနေလေးတစ်ခုတော့ရှိတယ် ကိုယ်တော်ကြားတာတော့ ဒကာလေးကျန်းယန်က တိုက်ပွဲကွင်းပြင်ထဲမှာ စွမ်းအားကြီးတဲ့ဗုဒ္ဓကျမ်းစာတစ်မျိုးကို ချပြခဲ့တယ်ဆို ဒီကိုယ်တော်က အဲ့ဒီကျမ်းစာကို ကိုယ်တော်တို့ဘုရားကျောင်းဆီ ရောင်းချပေးနိုင်မလားလို့ တောင်းဆိုပါရစေ”
ကွေ့ယွမ်ဘုရားကျောင်းသည် ထိုကိစ္စအပေါ် စစ်ဆေးအကဲဖြတ်ပြီးပြီဖြစ်ပြီး ထိုကျမ်းစာသည် သာမန်ကျမ်းစာမဟုတ်မှန်း တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် ဘုန်းတော်ကြီးကျင်းရှန်ကထိုကျမ်းစာကို လဲလှယ်လိုနေခဲ့ခြင်း ဖြစ်၏။
ကျန်းယန် ခပ်ဟဟရယ်မောလိုက်သည်။
“အခြားကိစ္စတွေကို လျော်ကြေးကိစ္စပြီးမှပဲ ဆွေးနွေးကြတာပေါ့”
ဤနှလုံးသားကျမ်းစာကို သူကွေ့ယွမ်ဘုရားကျောင်းလက်ထဲ အလုံးစုံထည့်ပေးလိုက်စရာ အကြောင်းမရှိပေ။
သူတို့သာ ထိုကျမ်းစာကိုရရှိသွားလျှင် သူတို့အင်အားက အချိန်တိုအတွင်း ထောင်တက်သွားပေလိမ့်မည်။
သို့သော် အဇူရာတိမ်ဂိုဏ်း၏ အကြပ်အတည်းကာလက မပြီးဆုံးသေးသောကြောင့် သူတိုက်ရိုက်တော့ မငြင်းဆန်ခဲ့ပေ။
ထို့နောက် ချင်းယွင်ကျိ လန်ကျားအထွတ်အမြတ်မြေက တာအိုပေါင်းစည်းခြင်းအဆင့်ကိုကြည့်ကာ အေးအေးဆေးဆေးပြောလိုက်၏။
“အခုက လန်ကျားအထွတ်အမြတ်မြေရဲ့ စာရင်းကိုတွက်ရမယ့် အချိန်ပဲ”
ကျန်းယန် စုတ်တံကိုမြှောက်ကာ သူ့ဆရာပြောသောနာမည်များကို တစ်ခုပြီးတစ်ခု ချရေးလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်တော့ စာရင်းက ထူးထူးဆန်းဆန်းပင် ရှည်လျားနေခဲ့၏။
ရှည်လျားလှသော စာရင်းကြီးက လန်ကျားအထွတ်အမြတ်မြေနှင့်အခြားဂိုဏ်းများမှ ကိုယ်စားလှယ်များ၏စိတ်ကို ရှုပ်ထွေးသွားစေခဲ့သည်။
ကျန်းယန် စာရင်းအရှည်ကြီးကိုတစ်ချက်ကြည့်ကာ ခပ်ဖြည်းဖြည်းပြောလိုက်၏။
“လန်ကျားအထွတ်အမြတ်မြေက ၁.၅ဘီလီယံပဲပေးစရာလိုမယ်”
သူသည် ကုန်းရှို့ပင်းကို မင်းတို့ကျောင်းတော်သားတွေက အသုံးလည်းမ၀င်ဘူး နှလုံးသားလည်းမရှိဘူးဟု ကျိန်ဆဲနေတတ်သော်လည်း တစ်ခါတလေတွင်တော့ ထိုစာအုပ်ကြီးများကပင် အမှန်တရားအတွက် ခေါင်းမာကြသူများ ဖြစ်နေတတ်ကြသည်။
လန်ကျားအထွတ်အမြတ်မြေသည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် နီးကပ်နေသောကြောင့် လွန်ခဲ့သောနှစ်တစ်ထောင်က မိစ္ဆာစွမ်းအင်များထွက်ပေါ်လာခဲ့စဉ်က လန်ကျားအထွတ်အမြတ်မြေမှ ပညာရှင်များစွာသည် မိစ္ဆာများကိုဖိနှိပ်ရာတွင် ကူညီဖို့ ရောက်လာခဲ့ကြ၏။
နောက်ပိုင်းနှစ်များတွင်လည်း လန်ကျားအထွတ်အမြတ်မြေမှ နတ်ဝိညာဉ်အဆင့်များ စဉ်ဆက်မပြတ်ရောက်ရှိလာပြီး မိစ္ဆာများကိုဖိနှိပ်ရာတွင် ထောက်ပံ့ပေးခဲ့ကြသည်။
ထိုနတ်ဝိညာဉ်အဆင့်များသည် မိစ္ဆာများကိုဖိနှိပ်ရာတွင် သူတို့လမ်းစဉ်ကို ရှာဖွေနေခဲ့ကြသလိုကို ကူညီခဲ့ကြခြင်း ဖြစ်၏။
ရလဒ်အနေနဲ့တော့ နတ်ဝိညာဉ်အဆင့်များ ထိုလမ်းစဉ်၏ ရှင်းလင်းသုတ်သင်ခြင်းကိုသာ ခံလိုက်ကြရသည်။
နှစ်ရာပေါင်းများစွာကြာခဲ့ပြီးနောက်တွင်တော့ ထိုဂိုဏ်း၏ လူငယ်ပညာရှင်များသည် နောက်ဆုံး၌ မိစ္ဆာနှိမ်နှင်းသည့်လမ်းစဉ်ကို မလျှောက်လှမ်းကြတော့ပေ။ ထို့နောက်တွင်မှ ဂိုဏ်းက အဇူရာတိမ်ဂိုဏ်းအပေါ် အကောက်ကြံလာခဲ့ခြင်း ဖြစ်၏။
“၁.၅ဘီလီယံ” ချင်းယွင်ကျိ ထပ်ပြောလိုက်သည်။
“စိတ်ဝိညာဉ်ကျောက်တုံး ၀.၅ဘီလီယံ ဆေးပင် ၀.၅ဘီလီယံဖိုး သတ္တု ၀.၅ဘီလီယံဖိုး”
လန်ကျားအထွတ်အမြတ်မြေသည် အခြားဂိုဏ်းများထက် လျော်ကြေးပိုနည်းပြီး ပေးရသော်လည်း ကိုယ်စားလှယ်၏မျက်နှာပေါ်တွင် ပျော်ရွှင်နေသော အမူအရာ ရှိမနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုလျော်ကြေးသည် သူတို့ဂိုဏ်းသားများ၏ အသက်များနှင့်တွက်၍ လျှော့ပေးခြင်းဖြစ်မှန်း သူသိနေ၍ ဖြစ်သည်။
သူတစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုပင် ခံစားနေခဲ့ရ၏။
ကိစ္စများက အဘယ်ကြောင့် ဤကဲ့သို့အဆုံးသတ်သွားရပါသနည်း။
“နောက်အလှည့်က ပင်လယ်ကောင်းကင်မျှော်စင်” ချင်းယွင်ကျိ ပင်လယ်ကောင်းကင်မျှော်စင်မှ တာအိုပေါင်းစည်းခြင်းအဆင့်ကို ကြည့်၍ ပြောလိုက်သည်။
ကျန်းယန်လည်း သူ့ဆရာနှင့်ပူးပေါင်းကာ စတင်တွက်ချက်ခဲ့ပြန်၏။
ဂိုဏ်းများ၏ လျော်ကြေးများသည် တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မတူကြပေ။
အခုထိတော့ လန်ကျားအထွတ်အမြတ်မြေက အနည်းဆုံး ဖြစ်သည်။
သူတို့သည် စိတ်ဝိညာဉ်ကျောက်တုံး ၁.၅ဘီလီယံသာပေးရခြင်း ဖြစ်၏။
လက်ရှိတွက်ပြီးချိန်ထိ အများဆုံးပေးဆောင်ရသော ဂိုဏ်းမှာ မြင့်မြတ်ဝိညာဉ်ဂိုဏ်းဖြစ်ကာ သူတို့သည် လျော်ကြေးအဖြစ် ၈.၇ဘီလီယံ ပေးဆောင်ရမည် ဖြစ်သည်။
ဒါပေါ့ မြင့်မြတ်ဝိညာဉ်ဂိုဏ်းက တာအိုပေါင်းစည်းခြင်းအဆင့်ကတော့ ကျေနပ်မနေပေ။
၈.၇ဘီလီယံသည် လန်ကျားအထွတ်အမြတ်မြေ၏ ၁.၅ဘီလီယံနှင့်ယှဉ်လျှင် အလွန်ကွာဟနေခြင်း မဟုတ်ပါလော။
သူတို့အားလုံးသည် အဇူရာတိမ်ဂိုဏ်းကို အတူတူတိုက်ခိုက်ခဲ့ကြခြင်း မဟုတ်ပါလော။
အဘယ်ကြောင့် သူတို့က ပိုပေးနေရပါသနည်း။
ဤကိစ္စကို ဒီတိုင်းထား၍တော့မဖြစ်ပေ။ လန်ကျားအထွတ်အမြတ်မြေနှင့် ကျိန်းသေပေါက် ဆွေးနွေးရပေဦးမည်။ လန်ကျားအထွတ်အမြတ်မြေသည် အနည်းဆုံး ပေးဆောင်ရသူများဖြစ်သောကြောင့် အခြားဂိုဏ်းများ၏ လျော်ကြေးများကို ကူညီပေးသင့်၏။
တကယ်တော့ ကျန်းယန်က တမင်သက်သက် လျော်ကြေးများကို တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်းမတူအောင် လုပ်ထားခဲ့ခြင်း ဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းချင်းစီသည် အခြားဂိုဏ်းများက သူတို့လောက်လျော်ကြေးမပေးရတာကို တွေ့လျှင် သူတို့ကြား အငြင်းပွားမှုများ ဖြစ်လာမှာ သေချာ၏။
ထိုဂိုဏ်းများ အခုလို စည်းလုံးမနေတော့လျှင် အဇူရာတိမ်ဂိုဏ်းကလည်း သူတို့ကို အခုလောက် ကြောက်နေစရာလိုတော့မည် မဟုတ်ပေ။
“နောက်ဆုံးတော့ ၀မ်လင်းဂိုဏ်းကိုတွက်ပေးရမယ့်အချိန်ရောက်ပြီ” ချင်းယွင်ကျိ ၀မ်လင်းဂိုဏ်း ကိုယ်စားလှယ်ကိုအေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“မင်းတို့၀မ်လင်းဂိုဏ်းက ပညာရှင်တစ်ယောက်မှ မိစ္ဆာတွေကိုဖိနှိပ်ဖို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ ဝင်မလာဖူးဘူး
မင်းမှာတစ်ခုခုပြောစရာရှိလား”
၀မ်လင်းဂိုဏ်းကိုယ်စားလှယ်၏ အမူအရာ ချက်ချင်းပြောင်းလဲသွားခဲ့၏။
၀မ်လင်းဂိုဏ်းသားတစ်ယောက်ဖြစ်သောကြောင့် သူသည် ဂိုဏ်း၏သမိုင်းကို သေချာသိပေသည်။
လွန်ခဲ့သောနှစ်တစ်ထောင်ကတည်းက အဇူရာတိမ်ဂိုဏ်းနှင့်၀မ်လင်းဂိုဏ်းသည် အစေးမကပ်ခဲ့ကြပေ။
ထိုစဉ်က အဇူရာတိမ်ဂိုဏ်းသည် အလွန်စွမ်းအားကြီးနေသောကြောင့်သာ သူတို့ ပေါ်ပေါ်ထင်ထင် မစော်ကားရဲခဲ့ခြင်း ဖြစ်၏။
အဇူရာတိမ်ဂိုဏ်းအပေါ် ကပ်ဘေးကျရောက်သောအခါတွင်တော့ ၀မ်လင်းဂိုဏ်းသည် မိစ္ဆာများကို ကူညီပြီး ဖိနှိပ်ပေးရမည့်အစား သူတို့ဒုက္ခရောက်တာကိုကြည့်ကာ ကြိတ်ပြီးပင် ၀မ်းသာနေခဲ့သေးသည်။
အထူးသဖြင့် လွန်ခဲ့သော နှစ်၇၀၀ ၈၀၀ခန့်က ကျိုးရွှမ်ရှန်း ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်သို့ ရောက်သွားသောအခါတွင် ၀မ်လင်းဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းကို ပိုပြီးပင် လျစ်လျူရှုလာခဲ့၏။
ဂိုဏ်းကြီးများဧ။် အဇူရာတိမ်ဂိုဏ်းအပေါ်အကောက်ကြံခြင်းအရာတွင် ၀မ်လင်းဂိုဏ်းက အဓိကနေရာမှပါ၀င်နေသည်ဟုတောင် ပြော၍ ရပေသည်။
၀မ်လင်းဂိုဏ်းကိုယ်စားလှယ် အတန်ကြာအောင်တိတ်ဆိတ်နေသည်ကို တွေ့သောအခါ ချင်းယွင်ကျိ အေးစက်စက်ရယ်မောလိုက်၏။
“ဒီလိုဆိုမှတော့ ၀မ်လင်းဂိုဏ်းက ငါတို့အဇူရာတိမ်ဂိုဏ်းကို လျော်ကြေး ၅၀ဘီလီယံ ပေးရမယ် မင်းတို့ဂိုဏ်းက ငါတို့နဲ့အတော်လေးနီးတာပဲ ကျိုးရွှမ်ရှန်းကို အမြန်သွားသတင်းပို့ပြီး လျော်ကြေးကို အမြန်လာပို့ပေး မဟုတ်ရင် ငါတို့က အကြွေးကို အချိန်မရွေး လာသိမ်းမှာ”