အပြစ်ပုံချခြင်း
Vol. 25 Ch. 260
“စစ်ပွဲ”
“ဒါကြီးက လွန်လွန်းတယ် မောက်မာလွန်းတယ်”
“ဘာမှပြောစရာမလိုတော့ဘူး စစ်ပွဲပဲ”
၀မ်လင်းဂိုဏ်း ခန်းမထဲတွင် ပွက်လောရိုက်နေပြီး စစ်ပွဲတောင်းဆိုသံများဖြင့် ပြည့်နှက်နေခဲ့သည်။
အဇူရာတိမ်ဂိုဏ်းတောင်းဆိုသော ငါးဆယ်ဘီလီယံဆိုတာကြီးက လွန်လွန်းလှ၏။
နေနတ်မင်းခန်းမထဲရှိလူတိုင်း ဒေါသထွက်နေခဲ့ကြသည်။
“ဂိုဏ်းချုပ် တစ်ခုခုပြောပါဦး ကျွန်တော်တို့ ဒီတိုက်ပွဲကို တိုက်သင့်လား” ကျိုးကျွင်းရှန် ပြောလိုက်၏။
၀မ်လင်းဂိုဏ်းနှင့်အဇူရာတိမ်ဂိုဏ်းကြားထဲတွင် ရွေးစရာဟူ၍ စစ်ပွဲသာကျန်တော့မှန်း သူရှင်းရှင်းလင်းလင်းသိနေခဲ့သည်။
သို့သော် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာကတော့ အခြားကိစ္စတစ်ခုသာ ဖြစ်၏။
အကယ်၍ အဇူရာတိမ်ဂိုဏ်းတွင်သာ မိစ္ဆာ ၁၅ကောင်ရှိမနေခဲ့လျှင် သူတို့အဇူရာတိမ်ဂိုဏ်းဆီချီတက်သွားပြီး ချက်ချင်းဖျက်ဆီးပစ်မိမှာ သေချာပေသည်။
ကံဆိုးစွာဖြင့်….
ကျိုးရွှမ်ရှန်း ဒေါသမီးတောက်လောင်နေခဲ့၏။ ချင်းယွင်ကျိသည် သူတို့အပေါ် လေးစားမှုလုံး၀ မပြခဲ့ပေ။
သို့သော် ၀မ်လင်းဂိုဏ်းကိုကျူးကျော်လာသော မိစ္ဆာငါးကောင်အကြောင်းတွေးမိသောအခါတွင်တော့ သူ့နှလုံးသားလေးလံသွားခဲ့ရသည်။ အထူးသဖြင့် ဂူယန် ဖြစ်သည်။
ကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့်ဖြစ်သော သူပင် ဂူယန်ကိုရင်မဆိုင်နိုင်ခဲ့ပေ။
အခြားမိစ္ဆာလေးကောင်ကလည်း ကောင်းကင်နှင့်မြေပြင်ကို လှုပ်ခါပစ်နိုင်သည့် အစွမ်းများ ရှိနေသေး၏။
လက်ကျန်ဆယ်ကောင်ကိုတော့ ပြောနေစရာပင် မလိုတော့ပေ။
၀မ်လင်းဂိုဏ်းတွင် သက်တမ်းကုန်ခါနီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ ရှိသော်လည်း အနည်းငယ်သာ ရှိနေခြင်း ဖြစ်သည်။
ကျိုးရွှမ်ရှန်း ထိုအကြောင်းတွေးရင်း ခေါင်းကိုက်လာခဲ့၏။ သူလျော်ကြေးကို မပေးချင်သလို တိုက်လည်းမတိုက်ခိုက်ချင်ပေ။
ဟူးး အရင်ကတည်းကသာ သိခဲ့မယ်ဆိုရင်….
သူသာအရင်က တာအိုပေါင်းစည်းခြင်းအဆင့် အနည်းငယ်လွှတ်၍ မိစ္ဆာများကိုဖိနှိပ်ဖို့ ကူညီခိုင်းခဲ့မယ်ဆိုရင် အခုလောက် ပေးရလိမ့်မည် မဟုတ်ပေ။
နေနတ်မင်းခန်းမထဲတွင် တဖြည်းဖြည်း ဆူညံသံများဆိတ်သုန်းကာ တိတ်ဆိတ်လာခဲ့သည်။
ဘယ်သူကမှ အရူးများ မဟုတ်ကြပေ။ သူတို့သည် အခြေအနေကို ကောင်းကောင်းသိကြေပသည်။
အထူးသဖြင့် မိစ္ဆာငါးကောင်လာသောင်းကျန်းထားသောကြောင့် ထိုမိစ္ဆာများ ဘယ်လောက်ကြောက်စရာကောင်းမှန်း လူတိုင်း သိနေခဲ့ကြ၏။
ထို့အပြင် မိစ္ဆာကလည်း ၁၅ကောင်တောင်ရှိနေခြင်းဖြစ်သည်။
အတန်ကြာတွေးတောပြီးနောက် နောက်ဆုံးတွင် ကျိုးရွှမ်ရှန်း ခပ်ဖြည်းဖြည်းပြောလိုက်၏။
“အဇူရာတိမ်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့က ၀မ်လင်းဂိုဏ်းတစ်ဂိုဏ်းတည်းရဲ့ ပြဿနာမဟုတ်ဘူး ငါတို့အခြားဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး အဇူရာတိမ်ဂိုဏ်းကို အတူတူရင်ဆိုင်ကြမယ်”
သေချာတွေးပြီးနောက် ကျိုးရွှမ်ရှန်း သူ့မျှော်လင့်ချက်ကို အခြားဂိုဏ်းများအပေါ်တွင်သာ ပုံအပ်ထားလိုက်လေသည်။
အကယ်၍ ဂိုဏ်းတစ်ဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ယောက်သာ ထုတ်ပေးမည်ဆိုလျှင် သူတို့တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁၈ ယောက် ဖြစ်သွားမည် မဟုတ်ပါလော။
ထိုပမာဏက အဇူရာတိမ်ဂိုဏ်းကို ရင်ဆိုင်ဖို့ လုံလောက်နိုင်ပေသည်။
၀မ်လင်းဂိုဏ်းက သံတမန်များလွှတ်ကာ ဂိုဏ်းကြီး၈ဂိုဏ်းကိုအကြောင်းကြားပြီးပြီးချင်းပင် ဂိုဏ်းကြီး ၈ ဂိုဏ်းမှ ကိုယ်စားလှယ်များ ၀မ်လင်းဂိုဏ်းဆီ ရောက်ရှိလာခဲ့ပြီး နေနတ်မင်း ခန်းမထဲတွင် ပေါ်လာခဲ့ကြ၏။
သို့သော် သူတို့သည် အဇူရာတိမ်ဂိုဏ်းနှင့်ပတ်သက်သော ဘာအမြင်ကိုမှ ထုတ်မပြောခဲ့ကြပေ။
ထိုအဖြစ်အပျက်ကိုမြင်သောအခါ ကျိုးရွှမ်ရှန်းပြောလိုက်သည်။
“ငါတို့အဇူရာတိမ်ဂိုဏ်းကို အောင်မြင်ခွင့်မပေးသင့်ဘူး မဟုတ်ရင် ငါတို့သူတို့နဲ့ထပ်ရင်ဆိုင်နိုင်မှာ မဟုတ်တော့ဘူး
ဒီတစ်ကြိမ် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ယောက်ဆီလွှတ်ပြီး ငါတို့တွေ အဇူရာတိမ်ဂိုဏ်းကို အတူတူရင်ဆိုင်ကြမယ်”
ဂိုဏ်းကြီး၈ဂိုဏ်းမှ ကိုယ်စားလှယ်များ အသာအယာပြုံးလိုက်ကြပြီး သူတို့အမြင်ကိုတော့ ထုတ်မပြောခဲ့ကြပေ။
တုရှန် ကြိတ်၍ လှောင်ပြောင်နေမိသည်။
ငါတို့က ၁.၅ ဘီလီယံထဲပေးရမှာကို ဘာလို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ယောက်လွှတ်ပြီး စွန့်စားရမှာလဲ!
အဆိုးဆုံးမှ သူတို့က ၁.၅ ဘီလီယံ ပေးလိုက်ရုံသာ ရှိသည်။
ရှို့ယိဘုရားကျောင်းမှ ယွင်စုန့်လည်း ကြိတ်၍ လှောင်ပြောင်နေခဲ့၏။
ငါတို့က ၅ဘီလီယံပဲပေးရမှာကို အနိုင်ရဖို့မသေချာတဲ့တိုက်ပွဲကိုတိုက်ဖို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ယောက် ထုတ်ပေးစရာလား!
မြင့်မြတ်ဝိညာဉ်ဂိုဏ်း ကိုယ်စားလှယ်ပင် ဘာမှ၀င်မပြောခဲ့ဘဲ အကျိုးအပြစ်ကို ချိန်ဆနေခဲ့သည်။
၈.၇ဘီလီယံဆိုတာ အတော်လေးများသောပမာဏဖြစ်သော်လည်း ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ယောက်နှင့်ယှင်ရင်တော့ စဉ်းစားစရာပင်။
နောက်ဆုံးတွင် ဘီလီယံဆယ်နှင့်ချီပြီးပေးလိုက်ရခြင်းက သူတို့ဂိုဏ်းများ၏ရှင်သန်ရေးကို ထိခိုက်နိုင်သော်လည်း အုတ်မြစ်ကိုတော့ မထိခိုက်နိုင်သေးပေ။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၂ယောက်ကိုဆုံးရှုံးလိုက်ရရင်တော့ သူတို့အုတ်မြစ်ပင် ယိုင်နဲ့သွားရပေလိမ့်မည်။
လူတိုင်း၏သဘောထားကိုတွေ့သောအခါ ဘာတွေဖြစ်နေလဲဆိုတာ ကျိုးရွှမ်ရှန်း နားလည်သွားခဲ့၏။
နှစ်ထောင်ချီနေထိုင်လာသော ထိုမြေခွေးအိုကြီးများသည် အဇူရာတိမ်ဂိုဏ်း၏ လှည့်ကွက်ကို မမြင်ဘဲ နေမည် မဟုတ်ပေ။
၀မ်လင်းဂိုဏ်းကသာ စစ်မှန်မှုတစ်ခုခုကို မပြလျှင် ထိုဂိုဏ်းကြီးများသည် သူတို့ရပ်တည်ချက်ကိုထုတ်ပြမည်မဟုတ်မှန်း သူရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
သူအံကိုကြိတ်ကာ ပြောလိုက်၏။
“၀မ်လင်းဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၄ယောက် ထည့်မယ်
အဇူရာနိမ်ဂိုဏ်းကိုတိုက်ခိုက်တဲ့အခါ အဲ့ဒီလေးယောက်က အမတရတနာလေးခုကိုကိုင်ပြီး တိုက်ခိုက်ကြလိမ့်မယ် သူတို့ရဲ့တစ်ခုတည်းသော တာ၀န်က အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့ပဲ”
ဘီလီယံ ၅၀မပေးရ အရေး ၀မ်လင်းဂိုဏ်းသည် ရှိသမျှအကုန်ထုတ်သုံးရပေတော့မည်။
ဂိုဏ်းကြီး၈ဂိုဏ်းမှ ကိုယ်စားလှယ်များ လေးနက်လာခဲ့ကြသည်။ သူတို့၀မ်လင်းဂိုဏ်း၏ စစ်မှန်မှုကို မြင်တွေ့နေခဲ့ကြရ၏။
အမတရတနာကိုင်ဆောင်ထားသော ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များသည် သာမန်ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များထက် အများကြီးပိုပြီး ကြောက်စရာကောင်းကြပေသည်။
အဇူရာတိမ်ဂိုဏ်းတွင် မိစ္ဆာ ၁၅ကောင်ရှိနေပါသော်လည်း ထိုမိစ္ဆာများတွင် သင့်တော်သောလက်နက်ရှိမနေခဲ့ပေ။
ထိုအခြေအနေမျိုးတွင် ဂိုဏ်းကြီး၈ဂိုဏ်းက တစ်ဂိုဏ်းကို ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် ၁ယောက်ပဲလွှတ်လျှင်တောင် အနိုင်ရနိုင်၏။
ဒါပေါ့ ထိုပညာရှင်များက အားကုန်သုံး၍ တိုက်ဖို့တော့ လိုပေသည်။
အဇူရာတိမ်ဂိုဏ်းသည် ချောက်ကမ်းပါးအစွန်းထိတွန်းပို့ခံလိုက်ရသောကြောင့် အသေခံပြီး ပြန်တိုက်ကြမှာ သေချာ၏။
ကိုယ်စားလှယ်များ ချက်ချင်း မတုန့်ပြန်ခဲ့ကြပေ။
စိတ်ဝိညာဉ်ကျောက်တုံး ဘီလီယံဆယ်ချီနှင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် လဲဖို့တန်ရဲ့လားလို့ သူတို့ တွက်ချက်နေခဲ့ကြသည်။ ထို့အပြင် ထိုတိုက်ပွဲကို တစ်ချက်တည်းဖြင့် အနိုင်ရနိုင်သလားဆိုတာကိုလည်း သူတို့တွက်ရသေး၏။
ရုတ်တရက် ဘုန်းတော်ကြီး ကျင်းရှန် ရုတ်တရက်ပြောလိုက်သည်။
“စီနီယာကျိုးက အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီကိစ္စက မအောင်မြင်စရာ မရှိတော့ပါဘူး ဒါပေမယ့် သူတို့ကိုတိုက်ခိုက်ဖို့ အင်အားပိုစုနိုင်ရင် ပိုသင့်တော်လိမ့်မယ်”
အခြားသူများ ဘုန်းတော်ကြီးကျင်းရှန်ကိုကြည့်လိုက်ကြ၏။
ကမ္ဘာပေါ်တွင် သူတို့နှင့် ညီမျှသောအင်အားစု ရှိပါသေးသလော။
ကမ္ဘာပေါ်တွင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်က ရှိမနေတော့ပေ။
တာအိုပေါင်းစည်းခြင်းအဆင့်များ၏ လုပ်နိုင်စွမ်းကတော့ အကန့်အသတ်ရှိပေသည်။
တာအိုပေါင်းစည်းခြင်းအဆင့် ဒါဇင်နှင့်ချီပြီး မစုဆောင်းနိုင်လျှင် တိုက်ပွဲမျှချေကိုပြောင်းပစ်ဖို့ လွယ်မည် မဟုတ်ပေ။
“မွန်းစတားတွေ” ကျင်းရှန် အေးအေးဆေးဆေးပြောလိုက်၏။
“ေတာင်တစ်သိန်းေတာင်တန်း သူတို့ကို မေ့ထားလို့မရဘူး ငါတို့သာ သူတို့ကို အဇူရာတိမ်ဂိုဏ်းနဲ့တိုက်ခိုက်ဖို့ စည်းရုံးနိုင်ခဲ့ရင် ငါတို့အတွက်အတော်လေး၀န်ပေါ့သွားလိမ့်မယ်”
တောင်တစ်သိန်းတောင်တန်းအကြား ကြားသောအခါ ကျိုးရွှမ်ရှန်း၏အမူအရာလေးနက်သွားခဲ့သည်။
ထိုမွန်းစတားများတွင် အင်အားဘယ်လောက်ရှိသလဲ အတိအကျမသိသော်လည်းသူတို့ခွန်အားကိုလျှော့တွက်ထားလို့တော့ မရပေ။
“ကိုယ်တော့်မှာ သူတို့ကိုသိမ်းသွင်းဖို့ နည်းလမ်းရှိလို့လား” ကျိုးရွှမ်ရှန်း မေးလိုက်သည်။
ဘုန်းတော်ကြီးကျင်းရှန် အသာအယာပြုံးလိုက်၏။
“အဲ့ဒီလိုနည်းလမ်းမျိုးတော့ မရှိပါဘူး ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက သူတို့ကံကြမ္မာ သူတို့ဖန်တီးထားတယ် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ၀င်တုန်းက သူတို့ခေါ်သွားတဲ့ ကျားတစ်ကောင်ကို မှတ်မိကြသေးလား
အရင်ဆုံး ကျားတစ်ကောင်ပေါ်လာတယ် ပြီးတော့ ကျားပျောက်သွားပြီး အဲ့ဒီအစား လူငယ်လေးတစ်ယောက်ပြန်ပေါ်လာတယ်
အဲ့ဒီလူငယ်လေးက တိုက်ပဲွကွင်းပြင်ထဲ၀င်တဲ့ အခြားဂိုဏ်းတွေထဲကလူမဟုတ်မှန်း ကိုယ်တော် အတည်ပြုပြီးပြီ အခြားဂိုဏ်းတွေမှာ အဲ့လိုလူငယ်မရှိဘူး
အဲ့တာကြောင့် အဲ့ဒီလူငယ်က အသွင်ပြောင်းသွားတဲ့ ကျားပဲဖြစ်ရမယ်
ပြောရမယ်ဆိုရင် အဲ့ဒီကျားက မွန်းစတားတစ်ကောင်ပဲ
တောင်တစ်သိန်းတောင်တန်းထဲက မွန်းစတားတွေက သူတို့မျိုးနွယ်မွန်းစတားတွေကို ဘယ်လောက်တန်ဖိုးထားလဲ သိကြတယ်မဟုတ်လား အဲ့ဒီအကြောင်းသိသွားရင် သူတို့က ကျိန်းသေပေါက် အဇူရာတိမ်ဂိုဏ်းနောက် လိုက်လိမ့်မယ်
အဲ့ဒီအချိန်ကျရင် ငါတို့က အခွင့်အရေးယူပြီး သူတို့နဲ့အတူ အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ရုံပဲ”
လူတိုင်းမျက်လုံးများ တောက်ပသွားခဲ့သည်။
ထိုမွန်းစတားများသာ ပါလာလျှင် သူတို့ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များ အသက်စွန့်စရာ မလိုလောက်တော့ပေ။
ထိုလူအရေခြုံထားသည့် သားရဲများက သေသည်အထိတိုက်ခိုက်ကြမှာ သေချာပေသည်။
ယွင်စုန့် အမြန်မေးလိုက်၏။
“အဇူရာတိမ်ဂိုဏ်းမှာ မွန်းစတားတစ်ကောင်ရှိတယ်ဆိုတာ သေချာလို့လား”
ဘုန်းတော်ကြီးကျင်းရှန် အသာအယာပြုံးလိုက်သည်။
“၁၀၀ရာခိုင်နှုန်း မသေချာရင်တောင် ၉၉ ရာခိုင်နှုန်းသေချာတယ် ကိုယ်တော်ဒီကိစ္စကိုစုံစမ်းနေတာကြာပြီ အဲ့ဒီကျားက မွန်းစတားဆိုတာ သက်သေပြနေတဲ့ ထင်ရှားတဲ့သက်သေတွေရှိတယ်”
ကျိုးရွှမ်ရှန်းပြတ်ပြတ်သားသား ပြောလိုက်၏။
“ဒါဆို ချက်ချင်းလူလွှတ်ပြီး အဲ့ဒီမွန်းစတားတွေဆီ သတင်းပေးရမယ် ငါတို့ဘက်ကလည်း အချိန်မရွေးတိုက်ခိုက်နိုင်ဖို့ စစ်အင်အားကို ပြင်ဆင်ထားရမယ်”
ဘုန်းတော်ကြီးကျင်းရှန်ပြုံးလိုက်ပြန်သည်။
“ကိုယ်တော်ကိုယ်တိုင်တောင်တစ်သိန်းတောင်တန်းဆီသွားပြီး မွန်းစတားတွေကိုသတင်းပေးမှာပါ အားလုံးပဲ သေချာပြင်ဆင်ပြီး ကိုယ်တော့်ဆီက သတင်းကောင်းကိုစောင့်နေကြပါ”
ပြောပြီးသည်နှင့် သူတောင်တစ်သိန်းတောင်တန်းရှိရာအရပ်ဆီ ပျံသန်းထွက်ခွာသွားခဲ့၏။