← Chapters

မိတ်ဆွေများ

Vol. 4 Ch. 31

မိတ်ဆွေများ

Vol. 4 Ch. 31

ဤရက်များမှာ ချီရွှမ်းစုသည် အိပ်လိုက်၊ စားလိုက်၊ ကျင့်ကြံလိုက်၊ ဆေးသောက်လိုက်၊ သတင်းစာလွှာများ ဝယ်ဖတ်လိုက်နှင့် ဘဝကို ပျင်းရိစွာ ဖြတ်သန်းနေသည်။ သို့သော်လည်း သူ၏ ပင်ကိုပါရမီအရည်အချင်းက သိပ်ပြီးမမြင့်မားပေ။ သူ၏ ကျင့်ကြံမှု နှေးကွေးနေရခြင်းမှာ သက်ဆိုင်ရာ ဆေးလုံးများနှင့် အရင်းအမြစ်များ လစ်ဟာနေခြင်းကြောင့်လည်း ဖြစ်သည်။ သူသည် ယွီတင်းအဆင့်ကိုရောက်ဖို့ သိသိသာသာ အလှမ်းကွာနေဆဲ ဖြစ်သည်။ သို့သော်လည်း ဤနှုန်းထားနှင့်ဆိုပါက အနည်းဆုံး သုံးနှစ်မှာ ထိုအဆင့်သို့ သူရောက်ပေလိမ့်မည်။

တကယ်တော့ လေလွင့်ကျင့်ကြံသူများ၏ နယ်ပယ်များကို အခြားသော လမ်းစဉ်များကနေ ယူထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် လေလွင့်ကျင့်ကြံသူများ၏ ချီသန့်စင်နယ်ပယ်သည် ချီသန့်စင်သူများ၏ ချီသန့်စင်မှုနယ်ပယ်နှင့် ကွာခြားပြီး လေလွင့်ကျင့်ကြံသူများ၏ အတွင်းအမြုတေနယ်ပယ်ကတော့ နတ်သက်ကြွေအင်မော်တယ်များ၏ ဝိဉာဉ်သန့်စင်နယ်ပယ်နှင့် ကိုက်ညီမှု ရှိသည်။

သို့သော်လည်း လေလွင့်ကျင့်ကြံသူများ၏ နယ်ပယ်များသည် အခြားသောလမ်းစဉ်များကနေ ဟိုတစ်စဒီတစ်စ ယူထားရုံမျှသာမဟုတ်ပေ။ ၎င်းမှာလည်း သူ့ကိုယ်ပိုင်သဘောတရား ရှိပြီး ရှန်းထျန်သက်ရှိများ၏ အဆင့်များကို အတွင်းအမြုတေနယ်ပယ်၊ ယွီတင်းနယ်ပယ်နှင့် နောက်ဆုံး မြင့်မြတ်သန္ဓေလောင်းနယ်ပယ်တို့ဖြင့် စတင်ထားသည်။ ၎င်းသည် ရွှေအမြုတေလမ်းစဉ်၏ စည်းမျဉ်းစည်းကမ်းကို လိုက်နာထားသည်။ တစ်နည်းအားဖြင့်ဆိုသော် လေလွင့်ကျင့်ကြံသူများသည် ကောင်းကင်အင်မော်တယ်များနှင့် မြေကမ္ဘာအင်မော်တယ်များ၏ အမွေအနှစ်များကို အဓိက ဆက်ခံထားခြင်းဖြစ်ပြီး ခန္ဓာကိုယ်၏ ချီကို ပြုစုပျိုးထောင်ခြင်းနှင့် ကြံ့ခိုင်အောင် လုပ်ရခြင်းအပေါ် မှီခိုထားရဆဲ ဖြစ်သည်။

လေလွင့်ကျင့်ကြံသူများသည် ဤအဆင့်များ၏ စည်းမျဉ်းစည်းကမ်းကို သတိမထားမိကြပေ။ သူတို့သည် ကောင်းကင်ဘုံသက်ရှိများဖြစ်လာမှသာ ထိုသဘောတရားကို နားလည်သဘောပေါက်နိုင်ကြသည်။

ချီရွှမ်းစုသည် ဤအကြောင်းကို သိရှိနေရခြင်းမှာ အစ်မချီ၏ ကျေးဇူးကြောင့် ဖြစ်သည်။

“တာအိုဂိုဏ်းတော်က ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ရတာ ကြိုက်တယ်… ဆေးလုံးတစ်လုံး သန့်စင်သလို စဉ်းစားကြည့်လိုက်… အောင်မြင်သွားတာနှင့် နင်က မြင့်မြတ်သန္ဓေလောင်းနယ်ပယ်ကို ရောက်သွားလိမ့်မယ်” ဟူ၍ အစ်မချီက ရှင်းလင်းပြောပြခဲ့၏။

အစ်မချီသည် လေလွင့်ကျင့်ကြံသူများ၏ မူလမြစ်ဖျားကိုလည်း ရှင်းပြပေးခဲ့သည်။ ကောင်းကင်၊ မြေကမ္ဘာ၊ လူသား၊ နတ်ဘုရားနှင့် တစ္ဆေဟူသော အင်မော်တယ်ငါးမျိုးအလိုက် လမ်းစဉ်ငါးခု ရှိထားလေသည်။ ရွှမ်အရှင်မြတ်သည် ထိုလမ်းစဉ်များကို လေထဲကနေ ရုတ်တရက် ဖန်တီးခဲ့ခြင်းမဟုတ်ဘဲ ဤလမ်းစဉ်ငါးခုကို စနစ်တကျ ခွဲထုတ်ပေးခဲ့ရုံသာဖြစ်သည်။ ရွှမ်အရှင်မြတ် မတိုင်ခင်က စနစ်ကျသောဖွဲ့စည်းပုံ မရှိသော်လည်း ဤလမ်းစဉ်ငါးခုသည် ရာစုနှစ်များစွာကြာအောင် တည်ရှိနေခဲ့ပြီးသားဖြစ်သည်။

လေလွင့်ကျင့်ကြံသူများကသာ လူသားတို့၏ ကြားဝင်စွက်ဖက်မှုဖြင့် တာအိုဂိုဏ်းတော်ကနေ မရမက ဖန်တီးခဲ့သော လမ်းစဉ်သာလျှင်ဖြစ်သည်။ မူလရည်ရွယ်ချက်သည် စိုက်ပျိုးရေးပြုလုပ်သလို နတ်သက်ကြွေအင်မော်တယ်များကို မွေးထုတ်ပေးဖို့ ဖြစ်ခဲ့သည်။ ထိုသည်မှာ ရာသီဥတုအပေါ် မှီခိုရမည့်အစား ကန့်သတ်ချက်တချို့ကို ပြောင်းလဲခြင်းဖြင့် သီးနှံအထွက်တိုးအောင် ပြုလုပ်သည်နှင့် တူသည်။ နတ်သက်ကြွေအင်မော်တယ်များကို မွေးထုတ်ရန်ဟူသော ဤစမ်းသပ်ချက်က ကျရှုံးသွားသော်လည်း သူတို့သည် လေလွင့်ကျင့်ကြံသူမျိုးဆက် လမ်းစဉ်အသစ်ကို အမှတ်တမဲ့ တည်ဆောက်မိခဲ့ပြီး မူလလမ်းစဉ်ငါးခုသို့ မလိုက်နိုင်သော သူများအတွက် ရွေးချယ်စရာဖြစ်လာခဲ့သည်။

အစ်မချီ ပြောပုံအရ လေလွင့်ကျင့်ကြံသူများသည်လည်း နောက်ဆုံးမှာ နတ်သက်ကြွေအင်မော်တယ်များ ဖြစ်လာနိုင်သည်။ သို့သော်လည်း သူတို့၏ မွေးရာပါ အားနည်းချက်ကို ဖာထေးဖို့အတွက် အလွန်တရာအဖိုးတန်သော တစ်စုံတစ်ရာကို လိုအပ်လေသည်။

၎င်းသည် နဂါးတစ်ကောင်၏ ပန်းချီကားချပ်မှာ နောက်ဆုံးစုတ်ချက်များကို ထည့်သွင်းရသည်နှင့် တူသည်။ နတ်သက်ကြွေအင်မော်တယ်များက အစစ်အမှန်နဂါးများ ဖြစ်သော်လည်း လေလွင့်ကျင့်ကြံသူများက အစစ်အမှန်နဂါးများအပေါ် အခြေခံပြီး ရေးဆွဲထားသည့် နဂါးတု နဂါးယောင်များသာဖြစ်သည်။ သူတို့သည် အစစ်အမှန် ဖြစ်လုနီးပါးအထိ ရောက်ရှိနိုင်သော်လည်း အစစ်အမှန်နဂါးများအဖြစ် အသွင်ပြောင်းလဲဖို့ နောက်ဆုံးစုတ်ချက်များ လစ်ဟာနေသည်။

အလွန်တရာ အဖိုးတန်သော အရာဆိုသည်မှာ ထိုနောက်ဆုံးစုတ်ချက်များ ဖြစ်လေသည်။

တာအိုဂိုဏ်းတော်မှာ အဖိုးတန်သော ဤပစ္စည်း ရှိထားသော်လည်း သူတို့အတွက် တွက်ခြေမကိုက်ပေ။ သူတို့ ပျိုးထောင်ပေးထားသည့် နတ်သက်ကြွေအင်မော်တယ်များက အရွယ်မတိုင်ခင် မသေဆုံးလျှင်တောင် သုံးစွဲရသော ကုန်ကျစရိတ်များကို ပြန်ကာမိဖို့ မလွယ်ပေ။ အလွန်ဆုံး အရင်းကျေရုံသာ ရှိပေလိမ့်မည်။ သူတို့ ပြုစုပျိုးထောင်ပေးထားသည့် နတ်သက်ကြွေအင်မော်တယ်က အရွယ်မတိုင်ခင် သေဆုံးသွားမည်ဆိုလျှင် သူတို့က အရှုံးကြီး ရှုံးရပေလိမ့်မည်။ ထို့ကြောင့် တာအိုဂိုဏ်းတော်သည် ဤစီမံကိန်းကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။

အစ်မချီ၏ ကျယ်ပြန့်ကာ သိမြင်နှံ့စပ်သော ဗဟုသုတများမှာ ချီရွှမ်းစုက တုန်လှုပ်ခဲ့ရသည်။ ထိုအချက်ကပင် အစ်မချီသည် တစ်ခါတုန်းက တာအိုဂိုဏ်းတော်က အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ဖူးပြီး သူမသည် အဆင့်-၄ တာအိုအကြီးအကဲ သို့မဟုတ် ထိုထက်ပိုမိုမြင့်မားသော အဆင့်မှာပင် ရှိနေနိုင်ခဲ့ကြောင်း သူ၏ ထင်မြင်ယူဆချက်ကို အတည်ပြုပေးနေသည်။

ဤလဝက်အတွင်း တာအိုဂိုဏ်းတော်သည် အရေးကြီးသော ဆွေးနွေးစရာများအတွက် သူတော်စင် ၃၆ ပါးကို စုဝေးစေကာ ရွှေနန်းမြင့်မျှော်စင်တွင် အစည်းအဝေးတစ်ခုကျင်းပခဲ့သည်။ သူတို့၏ အစည်းအဝေးများကို ရွှေနန်းမြင့်မျှော်စင်အစည်းအဝေးဟု ခေါ်ကြသည်။

သို့သော်လည်း ရွှေနန်းမြင့်မျှော်စင်အစည်းအဝေးကို သူတော်စင် ၃၆ ပါးစလုံးက မတက်ရောက်ကြပေ။ တစ်ခါတစ်ရံမှာ သူတော်စင် ၁၂ ပါးသာ တက်ရောက်သည်နှင့် လုံလောက်မှုရှိပေလိမ့်မည်။ လူမစုံသည့် ဤကဲ့သို့သော အစည်းအဝေးများကို အစည်းအဝေးငယ်များဟု ခေါ်ဆိုကြသည်။ သူတော်စင် ၂၄ ပါး တက်ရောက်သည့် အလယ်အလတ်ဆင့် အစည်းအဝေးများနှင့် သူတော်စင် ၃၆ ပါးစလုံး တက်ရောက်သည့် အဆင့်မြင့် အစည်းအဝေးများလည်း ရှိကြသည်။

ဤတစ်ခေါက်က သူတော်စင် ၁၃ ပါးသာ တက်ရောက်သည့် အစည်းအဝေးငယ်တစ်ခုမျှသာ ဖြစ်ခဲ့သည်။ အစည်းအဝေးကို သဘာပတိအနေဖြင့် ဦးဆောင်ကျင်းပမည်ဟု ယူဆထားသော မဟာသူတော်စင်လွင်ကျစ်ပင်လျှင် ပေါ်ထွက်မလာခဲ့ပေ။

ထိုအစား မြေကမ္ဘာဆရာသခင်၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သား သူတော်စင်တန်ဟွားက ဤအစည်းအဝေးကို ဦးဆောင်ကျင်းပပေးခဲ့သည်။ အဓိကဆွေးနွေးသော အကြောင်းအရာမှာ ချင်းဖျင်အသင်းတော်နှင့် တည်းခိုခန်းတို့ကို အဓိကပစ်မှတ်ထားပြီး လျှို့ဝှက်အသင်းအဖွဲ့များကို နှိမ်နင်းဖို့အတွက် စည်းမျဥ်းစည်းကမ်းများ စနစ်တကျသတ်မှတ်ရန် ဖြစ်သည်။

သတင်းစာလွှာကို ဖတ်ရှုပြီးနောက် ချီရွှမ်းစုသည် စိုးရိမ်ပူပန်လာမိသည်။ သူ၏ သရုပ်သကန်က ပေါက်ကြားသွားမည်ဆိုလျှင် သူ့ကို ပေချန်ခန်းမက ဖမ်းဆီးပြီး နေထွက်တာကို ဘယ်တော့မှ ထပ်မမြင်ရတော့မှာ သူကြောက်ရွံ့နေ၏။

တစ်ခဏချင်းပင် ၈ လပိုင်း ၁ ရက်နေ့ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပြီး ၁၆ ရက်နေ့ကို ရောက်ဖို့ လဝက်သာလိုတော့သည်။

ချီရွှမ်းစုသည် သူ၏ ဂနာမငြိမ်သော စိတ်ကို တည်ငြိမ်စေဖို့ ကျောက်စိမ်းနေပြည်တော်မှာ လမ်းထွက်လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။

ကျောက်စိမ်းနေပြည်တော်တွင် အဓိကဆွဲဆောင်မှုအရှိဆုံးနေရာမှာ ရပ်ကွက်နှစ်ခုစာလောက် နေရာယူထားသည့် ကျယ်ပြန့်သော ထိုက်ချင်းရင်ပြင်ဖြစ်သည်။ ဤရင်ပြင်သည် ဆိုင်ခန်းပေါင်းစုံနှင့် စည်ကားသိုက်မြိုက်သော ဈေးကွက်တစ်ခုလိုဖြစ်နေသည်။ ရွှမ်မြို့တော်မှာ ဆွဲဆောင်မှုရှိသော နေရာများစွာရှိသော်လည်း ကျောက်စိမ်းမြို့တော်မှ မှီတင်းနေထိုင်သူများစွာသည် ထိုက်ချင်းရင်ပြင်မှာ အေးအေးဆေးဆေး အချိန်ကုန်ဆုံးရသည်ကို သဘောကျ နှစ်သက်ကြသည်။

ဟိုက်ချန်အကွက်သည် ထိုက်ချင်းရင်ပြင်နှင့် မနီးသော်လည်း ချီရွှမ်းစုက ထိုနေရာကို လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်၏။

သူက ထိုက်ချင်းရင်ပြင်ကို ရောက်ခါနီးမှာ လွန်ခဲ့သည့် ရက်အနည်းငယ်က သူနှင့်အတူသောက်စားခဲ့ဖူးသော အသိကျွမ်းတစ်ဦး မိန်းမပျိုထန်ထိုက်နှင့် ဆုံမိသွား၏။ ထိုသည်က တကယ့်ကို တိုက်ဆိုင်လွန်းသည်။

တိုက်ဆိုင်မှုများက တစ်ကြိမ်သာ ဖြစ်တတ်သည်ဟု အစ်မချီက ချီရွှမ်းစုကို မကြာခဏ သတိပေးတတ်သည်။ တစ်ယောက်ယောက်နှင့် နှစ်ကြိမ် တွေ့ဆုံခြင်းသည် သေချာပေါက် တိုက်ဆိုင်မှုတစ်ခုမဟုတ်တော့ဘဲ တမင်ရည်ရွယ်ချက် ရှိနေဖို့များသည်။

ချီရွှမ်းစုက သတိထားနေသော်လည်း သူ၏ မျက်နှာပေါ်မှာ မည်သည့် စိုးရိမ်ပူပန်မှုကိုမှ မပြသဘဲ နှုတ်ဆက်လိုက်သည်။

“အမိထန်ထိုက်… ခင်ဗျားက ဒီနားမှာ နေတာလား”

ထန်ထိုက်ချူး သို့မဟုတ် ကျန်းယွဲ့လုက ညင်သာစွာပြုံး၍ ပြောလိုက်သည်။

“ကျွန်မက ထိုက်ရှန်အကွက်မှာ နေတာလေ”

ချီရွှမ်းစုက သူမကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“အဲ့ဒါက ကျောက်စိမ်းနေပြည်တော်မှာ အကောင်းဆုံး မြို့ကွက်ပဲ… ထိုက်ရှန်အကွက်မှာ နေနိုင်တဲ့သူတွေက ချမ်းသာကြွယ်ဝတဲ့ သူတွေနဲ့ ဂုဏ်အရှိန်အဝါ မြင့်မားတဲ့ သူတွေပဲ”

ကျန်းယွဲ့လုက ပြုံး၍ ပြန်ပြောလိုက်သည်။

“အမ်... ကျွန်မရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့သာဆိုရင် ထိုက်ရှန်အကွက်မှာနေဖို့ တတ်နိုင်မှာမဟုတ်ဘူး… အကြီးအကဲတစ်ဦးက အဲ့ဒီနေရာကို ကျွန်မဆီ လွှဲပြောင်းပေးထားတာ”

သူမက လိမ်ညာနေခြင်း မဟုတ်ပေ။ မြေကမ္ဘာဆရာသခင်သည် ထိုက်ရှန်အကွက်မှာ သူမအတွက် ဂေဟာငယ်တစ်ခုကို စီစဉ်ပေးထားခဲ့သော်လည်း သူမသည် ထိုနေရာမှာ ဘယ်တုန်းကမှ မနေထိုင်ခဲ့ပေ။ အချိန်အများစုမှာ သူမသည် ရွှမ်မြို့တော်က သူမ၏ ဂေဟာမှာသာ နေထိုင်သည်။ အစ်မချီ သတိပေးထားသလိုပင် ကျန်းယွဲ့လုက ချီရွှမ်းစုကို တမင်သက်သက်လာရှာခြင်းဖြစ်သည်။

ယခင်က ကျန်းယွဲ့လုသည် ပေချန်ခန်းမမှာ ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ် ထမ်းဆောင်ခဲ့သည်။ သူမသည် မကြာသေးခင်က ထျန်ကန်းလက်ထောက်ခန်းမသခင်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။ သူမ၏ ပင်ကိုယ်အရည်အချင်းနှင့် ပါရမီအပြင် ကျန်းယွဲ့လုသည် လိမ္မာပါးနပ်ပြီး ပေချန်ခန်းမမှာ သူမ၏ ကွန်ရက်ကို တည်ဆောက်ထားသောကြောင့် ဖြစ်သည်။ ထို့သို့ဖြင့် သူမအနေဖြင့် ချီရွှမ်းစု၏ လှုပ်ရှားမှုများကို ထောက်လှမ်းဖို့မခက်ခဲပေ။

အရင်ဆုံး ကျန်းယွဲ့လုသည် ချီရွှမ်းစု ဘယ်နေရာတွေ သွားတတ်သလဲ သို့မဟုတ် ဘယ်သူတွေနဲ့ ထိတွေ့ဆက်ဆံတတ်သလဲ သိရှိလိုခဲ့သည်။ ထိုအခါမှသာ သူ၏ အစစ်အမှန်သရုပ်သကန်ကို သူမ ခန့်မှန်းနိုင်မည် ဖြစ်သည်။

သို့သော်လည်း ချီရွှမ်းစုက အိမ်တွင်းအောင်းနေလိမ့်မည်ဟု သူမထင်မှတ်မထားခဲ့ပေ။ သူက အပြင်ဘက်သို့ထွက်ခဲပြီး တစ်နေ့လုံး အိမ်ထဲမှာသာ နေခဲ့သည်။ သူသည် နေ့စဉ်သတင်းစာလွှာကိုပင် လူလွှတ်ကာ ပို့ခိုင်းထား၏။

ဤအခြေအနေမှာ ကျန်းယွဲ့လုက တစ်နည်းတစ်ဖုံ စိတ်ပျက်အားလျော့မိလာသည်။ သူမ ထင်တာ မှားများမှားနေသလားဟု တွေးမိခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်အတွင်း ကျန်းယွဲ့လုက အလုပ်များနေပြီး ချီရွှမ်းစုကို အာရုံစိုက်ဖို့အချိန်မရခဲ့ပေ။ နောက်ဆုံး ဤမျှအထိ ကြာမြင့်ပြီးနောက် ချီရွှမ်းစုက သူ့အိမ်ကနေ ထွက်လာပြီဟူသော သတင်းကို ကျန်းယွဲ့လုသည် သူမ၏ သတင်းပေးထံမှာ လက်ခံရရှိခဲ့သည်။ ယနေ့ သူမ အားလပ်နေသောကြောင့် ရုတ်တရက်စိတ်ကူးပေါက်ကာ ချီရွှမ်းစုကို သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့သည်။

၎င်းကို သူ့အတွက် ပဏာမအကဲဖြတ်မှုတစ်ခုဟု ဆိုနိုင်မည်။

ချီရွှမ်းစုက မနှေးမမြန်ခြေလှမ်းဖြင့် အေးအေးဆေးဆေး လျှောက်လှမ်းလာစဉ် ကျန်းယွဲ့လုက သုတ်ခြေတင်လာခဲ့ပြီး ထိုက်ချင်းရင်ပြင်ကို အရင်ရောက်နှင့်နေကာ သူတို့က ပြန်လည်ဆုံမိသွားသည်။

ဤတစ်ခေါက်မှာ သူတို့သည် သူစိမ်းများမဟုတ်တော့ဘဲ သံသယအတွေးများ ကိုယ်စီရှိနေကြ၏။

ချီရွှမ်းစုက အရင်စတင်ကာ မေးမြန်းလိုက်သည်။

“နောက်ဆုံးတွေ့ခဲ့တုန်းက… ကျုပ် မူးပြီးတော့ ကဗျာတစ်ပုဒ်ရွတ်ခဲ့တာ မှတ်မိသေးတယ်… 'မနက်မိုးသောက် အလင်းရောက်ချိန် ဗျပ်စောင်းကလေးပိုက်ကာ ငါ့ကို လာရှာပါ’ ဆိုတာလေ… အဲ့ဒါက အမှန်တကယ်ဖြစ်တာပဲ.. ခင်ဗျားနဲ့ ဒီလောက်မြန်မြန် ပြန်ပြီးဆုံရလိမ့်မယ်လို့ ထင်မထားဘူး…. အမိထန်ထိုက် ခင်ဗျားမှာ ဗျပ်စောင်းလေးများ ပါလာသေးလား”

ကျန်းယွဲ့လုက ခေါင်းခါပြလိုက်သည်။

“ကျွန်မမှာ ဗျပ်စောင်းတော့ မပါဘူး… ဓားတစ်လက်တော့ ပါတယ်”

ချီရွှမ်းစုက ရင်တစ်ချက် ထိတ်သွားသော်လည်း အပေါ်ယံမှာ တည်ငြိမ်နေ၏။

“အမ်... အဲ့ဒီဓားက ဘယ်မှာလဲ”

ကျန်းယွဲ့လုက ပြုံး၍ပြောလိုက်၏။

“ဓားဆိုတာ လက်နက်တစ်ခုပဲ… အဲဒါကို ထုတ်ကြွားနေစရာမှ မလိုတာ”

ချီရွှမ်းစုက သူ့ခါးမှာချိတ်ဆွဲထားသော ဓားကို တစ်ချက်ကြည့်ပြီး ရယ်မောကာ ပြောလိုက်၏။

ကျန်းယွဲ့လု၏ အကြည့်က ချီရွှမ်းစု၏ ခါးပေါ်က ဓားတိုပေါ် ကျရောက်သွားပြီး မေးလိုက်၏။

“အဲ့ဒါက… ရှင့်ရဲ့လက်နက်လား”

ချီရွှမ်းစုက ပြန်ဖြေလိုက်၏။

“ကျုပ်က ကျောက်စိမ်းနေပြည်တော် အပြင်ဘက်မှာ မကြာခဏ ခရီးထွက်လေ့ရှိတယ်… အဲ့ဒါကြောင့် ကျုပ်သွားလေရာ ဓားတစ်လက်ဆောင်သွားတာက အကျင့်တစ်ခုလို ဖြစ်နေပြီ”

ကျန်းယွဲ့လုက များစွာပြောဆိုခြင်းမရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

ကျန်းယွဲ့လုက သူ့ဓားကိုကြည့်ရှုဖို့ တောင်းဆိုမည်ဟု တွေးထားသော်လည်း သူမက စိတ်ဝင်စားမှု မပြတော့ခြင်းသည် သူ့ကို အငိုက်မိသွားစေ၏။ မည်သို့ပင်ဆိုစေ သူ့စိတ်ထဲမှာ အနည်းငယ် ပေါ့ပါးသွားသလို ခံစားရသည်။

ကျန်းယွဲ့လုက မှင်တက်စရာ ကောင်းလောက်အောင် ချောမောလှပခြင်း မရှိသော်လည်း သူမမှာ ပင်ကိုယ်သဘာဝ ကြော့ရှင်းမှုနှင့် မြင့်မြတ်သော အရှိန်အဝါရှိနေသည်။ ချီရွှမ်းစုက သူမ၏ ပင်ကိုယ်စရိုက်ကို မယှဉ်နိုင်သော်လည်း သူကလည်း သာမန်လူတစ်ဦးမဟုတ်ပေ။ သူသည် ကျန်းယွဲ့လု၏ အော်ရာမှာ လုံးလုံးလျားလျား လွှမ်းမိုးခံရခြင်းမရှိဘဲ သူတို့ အတူတကွ လျှောက်လှမ်းလာသည့်အခါ သူတို့သည် နတ်ဖက်သည့် စုံတွဲတစ်တွဲလိုပင် ဖြစ်နေသည်။

ဖြတ်သွားဖြတ်လာများက သူတို့ကို တစ်ချက်တစ်ချက် ခိုးကြည့်နေကြ၏။ ငယ်ရွယ်သော တာအိုဆရာတစ်ဦးက ကျန်းယွဲ့လု၏ ညင်သာသောအပြုံးမှာ ကြွေကျသွား၏။ သူ၏ တည်ငြိမ်နေသော စိတ်ခံစားချက်များကို လေပြေတစ်ချက် တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း ကျန်းယွဲ့လု၏ ချိုသာသောအပြုံးက သူ့အပေါ်မှာ မဟုတ်ဘဲ ချီရွှမ်းစုအပေါ်မှာ ဖြစ်သည်ကို နားလည်သွားသည့် အချိန်မှာ သူက ရင်ကွဲပက်လက်ဖြစ်သွားရ၏။ ထို့သို့ဖြင့် သူက ချီရွှမ်းစုကို ရန်လိုသောအကြည့်ဖြင့် ကြည့်လာသည်။

သို့သော်လည်း သူ့ဘေးမှာ မိန်းမချောလေးတစ်ဦး ရှိနေသည့်အတွက် ချီရွှမ်းစုက ရွှင်မြူးအားရမှုကို မခံစားရပေ။

ကျန်းယွဲ့လုသည် သားကောင်ကိုစောင့်ကြည့်နေသည့် ကြမ်းကြုတ်ကျားတစ်ကောင်ဖြစ်သည်ဟုသာ သူခံစားနေရသည်။ ချီရွှမ်းစုအတွက်တော့ သူတို့သည် နတ်ဖက်သည့်စုံတွဲမဟုတ်ဘဲ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို ချောင်းမြောင်းနေသည်နှင့် ပိုတူလေသည်။ သူက သတိကြီးကြီးထားနေရပြီး သူ့ဘေးမှ မိန်းမချောလေးကို ခံစားဖို့အာရုံမရပေ။

ကျန်းယွဲ့လုက သူ့ကို ဘာကြောင့် အနီးကပ်စောင့်ကြည့်လာသလဲ ချီရွှမ်းစု နားမလည်နိုင်ပေ။ နောက်ဆုံး သူတို့သောက်စားခဲ့စဉ်က သူ၏ သရုပ်သကန်ကို အမှတ်တမဲ့ ထုတ်ဖော်ခဲ့မိသလား သူမမှတ်မိတော့ပေ။

ခဏမျှ လျှောက်လှမ်းပြီးနောက် ကျန်းယွဲ့လုက ရုတ်တရက် မေးလိုက်၏။

“ထျန်းယွမ်… ရှင် စိတ်ထဲမှာ တင်းကျပ်နေတာလား”

ချီရွှမ်းစုက ရုတ်တရက် ထိုမေးခွန်းမှာ အငိုက်မိသွားပြီး သူ့၏ ခန္ဓာကိုယ်က အနည်းငယ်တောင့်တင်းသွား၏။ သို့သော်လည်း သူက အလျင်အမြန် တုံ့ပြန်လိုက်နိုင်သည်။

သူက ဘေးပတ်လည်မှာရှိသော ဖြတ်သွားဖြတ်လာများကို ကြည့်ပြီး ခါးသက်စွာ ပြုံး၍ ပြောလိုက်သည်။

“အမိထန်ထိုက်… ကျုပ် ခင်ဗျားကို တမင်သက်သက် မြှောက်ပြောတာတော့ မဟုတ်ဘူး… ဒါပေမဲ့ ခင်ဗျားက အတော်လေးချောမောလှပတော့ လူငယ်အမျိုးသားကောင်းလေးတွေက ကျုပ်ကို မနာလိုတဲ့ပုံစံနဲ့ ကြည့်နေကြပြီ… သူတို့က ကျုပ်ကို အရေခွံဆုတ်ပစ်ချင်နေတယ်လို့ ထင်တယ်”

ကျန်းယွဲ့လုကလည်း ထိုလူများ၏ အကြည့်များကို သတိထားမိသည်။ သူမက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။

“ရှင်… သက်သက်ချဲ့ကားပြောနေတာပဲ… သူတို့က နည်းနည်း ထူးခြားတယ်လို့ ထင်မိရုံပဲ နေမှာပါ”

ချီရွှမ်းစုက ပြောလိုက်၏။

“တော်သေးတာပေါ့… ကျုပ်တို့ ကျောက်စိမ်းနေပြည်တော်မှာ ရှိနေလို့… တခြားတစ်နေရာမှာသာဆိုရင် သူတို့ ကျုပ်ကို ဘာလုပ်ကြမလဲ ပြောဖို့ခက်တယ်”

ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်၏။

“ရှင် ပြောမှပဲ ကျွန်မက ဘာမှပြောခွင့်မရှိဘဲ လုယူခံရမယ့် ပစ္စည်းတစ်ခုလို ဖြစ်နေပြီ… သူတို့က ရှင့်ကို အနိုင်ယူမယ်ဆိုရင် ကျွန်မက သူတို့ကို ပြန်ကြိုက်ပေးရမှာလား… သူတို့က ဘာကို လာပြီး မနာလိုအားကျနေတာလဲ… ကျွန်မရဲ့ သဘောထားကိုတောင် သိတာမဟုတ်ဘဲနဲ့”

ချီရွှမ်းစုက ရင်တစ်ချက်ထိတ်သွားကာ ပြောလိုက်၏။

“အမ်... ကျုပ်က အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး”

ကျန်းယွဲ့လုသည် သူမ၏ စကားလုံး အနည်းငယ်ကြမ်းတမ်းသွားသည်ဟု ခံစားမိပြီး သူမ၏ လေသံက ပျော့ပျောင်းသွား၏။

“ကျွန်မကလဲ.. ရှင့်ကိုအပြစ်တင်တာ မဟုတ်ပါဘူး.. ထျန်းယွမ်… ဒါနဲ့ ရှင်စားပြီးသွားပြီလား”

“အမ်... ကျုပ် မစားရသေးဘူး… ခင်ဗျားရော”

ချီရွှမ်းစုက စိတ်သက်သာစွာဖြင့် သက်ပြင်းချမိသည်။

“ကျွန်မက အစာဖြတ်ကျင့်စဉ်ကို လေ့ကျင့်နေတာ… ဒါပေမဲ့ အခုချိန်ထိ လေနဲ့နှင်းကိုပဲ မှီဝဲရတဲ့အဆင့်ကို မရောက်သေးဘူး… ကျွန်မ နောက်ဆုံးစားခဲ့တာ ၃ ရက် ရှိသွားပြီ”

ကျန်းယွဲ့လုက တွက်ချက်ရင်း ပြောလိုက်၏။

“ရှင် မစားရသေးဘူးဆိုမှတော့ ကျွန်မ ရှင်နဲ့ အဖော်လိုက်ခဲ့ပေးမယ်”

ချီရွှမ်းစုက ကျန်းယွဲ့လုမှာ မကောင်းသောရည်ရွယ်ချက်တချို့ ရှိနေသည်ဟု ခံစားမိသော်လည်း သူက…

“ခင်ဗျား အဖော်ပြုပေးတာ ကျုပ်အတွက်တော့ ဂုဏ်ယူဖွယ်ရာပါပဲ” ဟူ၍သာ ပြောလိုက်ရသည်။

“ရှင် ကျွန်မကို မြှောက်ပြောနေပြန်ပြီ… ကျွန်မတို့တွေက မိတ်ဆွေတွေ မဟုတ်ဘူးလား”

ကျန်းယွဲ့လုက မျက်တောင်မခတ်ဘဲ ပြောလိုက်သည်။

“ဟုတ်တာပေါ့… ကျုပ်တို့က မိတ်ဆွေတွေပဲ” ချီရွှမ်းစုက မအူမလည်ဖြင့် ရယ်မောကာ ပြောလိုက်ရသည်။

All Chapters