← Chapters

ချောင်းကြည့်ခံရခြင်း

Vol. 4 Ch. 32

ချောင်းကြည့်ခံရခြင်း

Vol. 4 Ch. 32

ကျန်းယွဲ့လုက မေးလိုက်၏။

“ဒါဆို ဘယ်နေရာမှာ သွားစားကြမလဲ”

“ကျုပ်က ကျောက်စိမ်းနေပြည်တော်ကို မရောက်တာ အတော်ကြာပြီ… ဒီမှာရှိတဲ့နေရာတွေနဲ့ သိပ်ပြီးမရင်းနှီးတော့ဘူး… ဘယ်ကိုသွားမလဲဆိုတာ ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ… ဒါပေမဲ့ ကျေးဇူးပြုပြီး အရမ်းဈေးကြီးတဲ့ နေရာတွေကိုတော့ မရွေးပါနဲ့။ ကျုပ်မှာ ငွေကြေး သိပ်မလုံလောက်ဘူး”

အစ်မချီ၏ လွှမ်းမိုးမှုခံထားရသော ချီရွှမ်းစုသည် ကျန်းယွဲ့လုလို မိန်းမချောလေးတစ်ဦးနှင့်ပင်လျှင် ငွေကြေးများစွာ သုံးစွဲလိုစိတ်မရှိပေ။

ကျန်းယွဲ့လုက ပြုံး၍ ပြောလိုက်၏။

“ကျသင့်ငွေကို မျှရှင်းကြတာပေါ့… ကျွန်မ ရှင့်ဆီကနေ အမြတ်မထုတ်ပါဘူး”

ချီရွှမ်းစုက သူ၏ သားရေအိတ်ကို လက်ဖြင့်စမ်းရင်း ပြောလိုက်၏။

“မျှရှင်းမယ်ဆိုရင်တောင် အရမ်းဈေးကြီးတာတော့ မလုပ်ပါနဲ့… ခြိုးခြံခြွေတာရမယ်ဆိုတဲ့ တာအိုဝါဒရဲ့ သင်ကြားပြသမှုကို ကျုပ်တို့တွေ တကယ်ပဲလိုက်နာသင့်တယ်”

ထိုအခိုက်အတန့်မှာ ကျန်းယွဲ့လုသည် သူမ၏ မူလရည်ရွယ်ချက်ကို မေ့ပျောက်သွား၏။

“ရှင်က တကယ့်ကို ကပ်စေးနှဲကော်တရာပဲ… ဒီပုံစံနဲ့သာဆိုရင် ရှင်… ဘယ်မိန်းကလေးကိုမှ ပိုးပန်းနိုင်မှာ မဟုတ်ဘူး… ရတယ်လေ ဒီနေ့တော့ ကျွန်မ ကောင်းကောင်းစားပစ်လိုက်ဦးမယ်”

ချီရွှမ်းစုက အစ်မချီလောက် ကပ်စေးမနှဲချေ။ ကျန်းယွဲ့လုက ထိုသို့ပြောလိုက်သောအခါ သူက ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း မည်သည့်ချေပစကားမျှ ထွက်မလာခဲ့ပေ။

ကျန်းယွဲ့လုက ကောင်းကောင်းစားပစ်မည်ဟု ပြောသော်လည်း သူမက ချီရွှမ်းစုကို ဈေးသိပ်မကြီးမည့် တိတ်ဆိတ်ငြိမ်သက်သော စားသောက်ဆိုင်ငယ်တစ်ခုသို့ ခေါ်ဆောင်သွားသည်။

သူမက ပြောလိုက်၏။

“ကျွန်မ ဒီဆိုင်ကို မကြာခဏရောက်တယ်… ဒီက စားစရာတွေက မဆိုးဘူး… ဈေးနှုန်းလည်း သင့်တယ်”

သူတို့ စကားပြောနေစဉ်မှာပင် ဆိုင်ပိုင်ရှင်က ရောက်လာပြီး သူတို့ကို နှုတ်ဆက်လိုက်၏။

“မိန်းမပျိုထန်ထိုက်… ရောက်မလာတာတောင် နည်းနည်းကြာပြီနော်”

သူမက အရေးမကြီးသည့်ဟန်ဖြင့် ပြန်ပြောလိုက်၏။

“ကျွန်မ အစာဖြတ်ကျင့်စဉ်ကို ကျင့်နေတာ… အဲ့ဒါကြောင့် အလာကျဲသွားတာ”

“ကောင်းပါပြီဗျာ”

ဆိုင်ရှင်က သာမန် တာအိုယုံကြည်သူ တစ်ဦးဖြစ်သည်။ ကျောက်စိမ်းနေပြည်တော်မှာ ဒုတိယအဆင့်နှင့် တတိယအဆင့် တာအိုအကြီးအကဲများကလွဲလျှင် မြို့တော်တစ်ခုလုံးမှာ ရှန်းထျန်သက်ရှိများ မရေမတွက်နိုင်အောင် ရှိနေသည်။ ထို့ကြောင့် အစာဖြတ်ကျင့်စဉ်ကို ကျင့်ကြံခြင်းက သိပ်ပြီးထူးဆန်းမနေပေ။

ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ ကျင့်ကြံမှုအဆင့်ကို တိတ်တဆိတ် ခန့်မှန်းနေသောကြောင့် စကားဝင်မပြောပေ။ သူမသည် အနည်းဆုံး ယွီရှုအဆင့်မှာရှိမည်ဟု သူပုံဖော်မိသည်။ ဤအသက်အရွယ်မှာ သူမသည် အကန့်အသတ်မဲ့သော အလားအလာနှင့် အဆင့်-၅ တာအိုဆရာတစ်ဦး ဖြစ်လောက်သည်။

ကျန်းယွဲ့လုက သန့်ရှင်းသပ်ရပ်သော စားပွဲတစ်လုံးကို ရှာ၍ထိုင်ချကာ ဆိုင်ရှင်ကိုပြောလိုက်၏။

“ကျွန်မတို့ ပွဲကြီးနှစ်ပွဲယူမယ်”

“အခုချက်ချင်းပဲ ရစေမယ်ဗျာ”

ဆိုင်ရှင်က တုံ့ပြန်ပြောဆိုပြီး မီးဖိုချောင်ဘက်သို့ လှည့်ထွက်သွားသည်။

သိပ်မကြာခင် ဆိုင်ရှင်သည် အမဲသားခေါက်ဆွဲနှစ်ပွဲထည့်ထားသော လင်ဗန်းတစ်ချပ်နှင့်အတူ ပြန်ရောက်လာသည်။

ချီရွှမ်းစုက ခဏမျှ ကြောင်တက်သွားပြီးနောက် မေးလိုက်၏။

“ခင်ဗျား… ဒီမှာ မကြာခဏ လာစားတတ်တာလား”

ကျန်းယွဲ့လုက ခေါင်းညိတ်ပြလိုက်၏။

“ဘာလို့လဲ… ဒီက အစားအစာတွေကို ရှင်မကြိုက်လို့လား”

ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။

“မဟုတ်ပါဘူး… ကျုပ် ကြိုက်ပါတယ်… ကျုပ်အပြင်ဘက်မှာ ခရီးသွားနေတုန်းကဆိုရင် ကြယ်ရောင်တွေအောက်မှာလည်း အိပ်ဖူးတယ်… ကျောက်ခဲလိုမာကျောတဲ့ ရိက္ခာခြောက်တွေကိုလည်း စားခဲ့ရဖူးတယ်… တကယ်တော့ ကျုပ် အမဲသားခေါက်ဆွဲ ကြိုက်ပါတယ်… ခင်ဗျားလည်း ဒီလိုမျိုး ရိုးရှင်းတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်မယ်လို့ ကျုပ် ထင်မထားခဲ့ရုံပဲ”

“ဒါဆို… ကျွန်မက ဘာကိုကြိုက်မယ်လို့ ရှင် ထင်လို့လဲ”

ကျန်းယွဲ့လုက ချီရွှမ်းစုနှင့် ထောင့်ဖြတ်မှာ ထိုင်၍ တူတစ်စုံကို ကောက်ယူပြီး ပြောလိုက်၏။

“မင်းသမီးတွေတောင်မှ စားစရာရှိတာ စားရတာပဲ”

ချီရွှမ်းစုက ပြောလိုက်၏။

“ဒါပေမဲ့ စားစရာတွေကို အဆင့်အမျိုးမျိုး ခွဲထားတယ်လေ… ခင်ဗျားက စားကောင်းသောက်ဖွယ်တွေကို ကြိုက်နှစ်သက်မယ့် သူမျိုး... ရာသီအလိုက် စားသောက်ဖွယ်ရာတွေ ဟင်းချက်နည်းတွေနဲ့ ပန်းကန်ခွက်ယောက် အကောင်းစားတွေနဲ့ ပတ်သက်ပြီး သိမြင်နှံ့စပ်မယ့် သူမျိုးလို့ ကျုပ် ထင်နေတာ… ခင်ဗျားပုံစံက ကဗျာရွတ်ရင်း စားစရာကို ခံစားမယ့်သူမျိုးနဲ့တောင် တူတယ်”

ကျန်းယွဲ့လုက ရယ်မောကာ ပြောလိုက်၏။

“ရှင် ကျွန်မကို အမြင့်ကြီး လျှောက်တွေးထားတာပဲ… ကျွန်မလည်း ကြော့ကြော့ရှင်းရှင်း နေချင်ပါတယ်… ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ကျွန်မမှာ ဗဟုသုတနဲ့ နောက်ခံက လစ်ဟာနေတယ်”

“ဒါဆိုရင်တော့ ကျုပ်တို့ကို ဘဝတူတွေလို့ ဆိုနိုင်တာပေါ့”

ချီရွှမ်းစုက ရယ်မောကာ ပြောလိုက်သည်။

ကျန်းယွဲ့လုက သက်ပြင်းချ၍ ပြောလိုက်၏။

“ကျွန်မလည်း ဆင်းရဲတာပဲ… ကျွန်မက လစဉ် ထောက်ပံ့ကြေးရပြီး ထိုက်ရှန်အကွက်မှာ နေရပေမဲ့ ကျောက်စိမ်းနေပြည်တော်မှာ လူမှုဆက်ဆံရေးတွေက ကုန်ကျစရိတ် များလွန်းတယ်… လုပ်ဖော်ကိုင်ဖက်တွေကို ဧည့်ခံကျွေးမွေးရတာက ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ… ကျွန်မတို့ ဖီးနစ်မျှော်စင်မှာသွားပြီးစားမယ်ဆိုရင် အနည်းဆုံး ထိုက်ဖျင်ဒင်္ဂါးတစ်ပြား ကျသင့်လိမ့်မယ်… ဒါပေမဲ့ ဒီမှာဆိုရင်တော့ ခေါက်ဆွဲတစ်ပွဲမှ ရူယီဒင်္ဂါး ၁၀ ပြားပဲ… ကုန်ကျစရိတ်က တော်တော်ကို ကွာတယ်”

ချီရွှမ်းစုက စားပွဲခုံကို ခပ်ဖွဖွခေါက်ကာ ပြောလိုက်၏။

“ဒါဆိုရင်တော့… ကျုပ်အတွေးနဲ့ ကွက်တိပဲ”

ကျန်းယွဲ့လုက အနည်းငယ် အံ့အားသင့်သွား၏။

ချီရွှမ်းစုက ခဏမျှ ရပ်တန့်ပြီးနောက် ဆက်ပြောလိုက်သည်။

“ခင်ဗျားလိုမျိုး ကျုပ်ရဲ့အခက်အခဲကို နားလည်နိုင်တဲ့သူနဲ့တွေ့ရဖို့ဆိုတာ တကယ်မလွယ်ဘူး… ကျုပ်မှာ ဆင်းရဲလို့ တော်တော်ဒုက္ခရောက်နေတာ… ဒီဘက်ခေတ်မှာ ငွေကြေးက အရာရာတိုင်း နီးပါးကို ဆုံးဖြတ်ပေးနိုင်တယ်လေ… ဆင်းရဲတဲ့ လူတစ်ယောက်နဲ့ ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်ကြဘူး”

ချီရွှမ်းစု၏ မှတ်ချက်စကားမှာ ကျန်းယွဲ့လုက သဘောကျသွားပြီး သူမ၏ မူလရည်ရွယ်ချက်ကို ခေတ္တခဏ မေ့ပျောက်သွား၏။

ကျောက်စိမ်းနေပြည်တော်သို့ ကျန်းယွဲ့လု ပထမဆုံးရောက်ခဲ့စဉ်က သူမသည် အလုပ်ထဲမှ လူငယ်ပါရမီရှင်ဟု ခေါ်ဆိုသူအတော်များများနှင့် ထိတွေ့ဆက်ဆံခဲ့ရဖူးသည်။ ဤလူအများစုသည် ထင်ရှားကျော်ကြားသော မိသားစုများမှ မျိုးရိုးမြင့်အနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့သည် အပေါ်ယံမှာ ယဉ်ကျေးဖော်ရွေသည့်ပုံပေါ်သော်လည်း သူတို့သည် ကျန်းယွဲ့လုကို ဝါးမျိုခံရဖို့ စောင့်ဆိုင်းနေသည့် အသားတစ်ပိုင်းလိုသဘောထားသည့် ဆာလောင်နေသော ဝံပုလွေများ ဖြစ်ကြသည်။ သူတို့သည် သားကောင်၏ စိတ်ဆန္ဒကို ထည့်မတွက်ဘဲ သူတို့အချင်းချင်း အနိုင်ယူ၍ နောက်ဆုံး အကျိုးအမြတ်ကို ခံစားဖို့သာ စိတ်ရှိကြသည်။

ကျန်းယွဲ့လုသည် ထိုအသိုင်းအဝိုင်းကို အတော်လေးစိတ်ပျက်သွားပြီး ထိုမျိုးရိုးဂုဏ်မြင့် အနွယ်ဝင်များထဲမှ တစ်ဦးကို ပြင်းပြင်းထန်ထန် အရှက်ခွဲခဲ့ဖူးသည်။ ထိုဖြစ်ရပ်အပြီးမှာ သူမသည် ထိုသူများနှင့် တဖြည်းဖြည်း ခပ်ခွာခွာနေပြီး ပိုမို၍ ရဲတင်းလာခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျန်းယွဲ့လုသည် ချီရွှမ်းစု၏ စိတ်နေစရိုက်ကို သဘောကျသည်။ သူမသည် ချီရွှမ်းစုကို အန္တရာယ်ရှိသော လူတစ်ယောက်အဖြစ်မမြင်ပေ။ ထိုအစား သူက စိတ်ဝင်စားဖို့ကောင်းပြီး သူမနှင့် စရိုက်ချင်းတူသည်ဟု ခံစားမိသည်။ သူ၏ နောက်ခံက သံသယဝင်စရာကောင်းသော်လည်း ကြီးကြီးမားမား ပြဿနာတစ်ရပ် ဖြစ်လိမ့်မည်ဟု သူမ မထင်ပေ။ သူနှင့် မိတ်ဆွေဖွဲ့ပြီး ရံဖန်ရံခါသောက်စားမည်ဆိုလျှင် သူမကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။

တစ်ဖက်မှာ ချီရွှမ်းစုကတော့ စိတ်သက်သာစွာ သက်ပြင်းချမိ၏။

သူသည် ဤအခြေအနေကို ဟန်မပျက် ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဤအမျိုးသမီးကို ခွာထုတ်ဖို့ နည်းလမ်းတစ်ခု ကြံဆနေဆဲဖြစ်သည်။ သူမက ချောမောလှပပြီး ပေါင်းသင်းဆက်ဆံရမဆိုးသော်လည်း သူ့အတွက် အန္တရာယ်များလွန်းသည်။ သူက ဘယ်အချိန်မှာ ဟာကွက်ကို ထုတ်ဖော်မိမလဲ မသိရပေ။ ထို့ကြောင့် သူမနှင့် အခါများစွာ ထိတွေ့ဆက်ဆံခြင်းက ဉာဏ်ရှိရာ ကျလိမ့်မည်မဟုတ်ပေ။

ထိုအခိုက်အတန့်မှာ ကျန်းယွဲ့လု စဉ်းစားနေသည့် အရာကို ချီရွှမ်းစုက သတိမထားမိပေ။ သူသာ သိမည်ဆိုလျှင် သူက ဘယ်လောက်တောင် ဉာဏ်အကောင်းလွန်ပြီး တန်ပြန်ရိုက်ခတ်မှု ဖြစ်ရသည်ကို သိမည်ဆိုလျှင် ယူကျုံးမရ ဖြစ်သွားရပေလိမ့်မည်။

ဤအချိန်မှာ ထိုက်ချင်းရင်ပြင်၏ အလယ်တွင် ရှေးဟောင်းမူလတာအိုဘိုးဘေးရုပ်ထု၏ အောက်ဘက် တတိယအဆင့် အောက်ခံခုံတုံးပေါ်မှာ လူငယ်သုံးဦး မတ်တပ်ရပ်နေကြ၏။ သူတို့သည် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး လက်ရန်းကို မှီနေကြသည်။

(အလွန်တရာကြီးမားသည့် အောက်ခံကျောက်သားခုံတုံး သုံးဆင့်ကို ပြုလုပ်ပြီး တတိယအဆင့်၏ အလယ်မှာ ရှေးဦးမူလတာအိုဘိုးဘေးရုပ်တုကို တည်ထားခြင်းဖြစ်သည်။)

ဤသုံးယောက်သည် တတိယအဆင့် အောက်ခံခုံတုံးပေါ်ကို တက်နိုင်သောကြောင့် သူတို့မှာ ရိုသေလေးစားထိုက်သော အဆင့်အတန်းများ ရှိကြသည်။

အောက်ခံခုံတုံး တစ်ဆင့်ချင်းစီက ပေ ၃၀ကျော်ကျော် မြင့်မားပြီး တတိယအဆင့် အောက်ခံခုံတုံးက မြေပြင်ကနေ ပေ ၁၀၀ ခန့် မြင့်မားသည်။ ထိုနေရာမှာ မတ်တပ်ရပ်နေလျှင် သူတို့သည် ထိုက်ချင်းရင်ပြင် တစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုနိုင်၏။ ထို့ကြောင့် ထိုနေရာကို လူအများက စိတ်ဝင်စားကြသည်။ သို့သော်လည်း ဒုတိယအဆင့်နှင့် တတိယအဆင့် အောက်ခံခုံတုံးများကို အများသူငှာ တက်ရောက်အသုံးပြုနိုင်အောင် ဖွင့်လှစ်ပေးမထားပေ။ သာမန်လူများသည် ပထမအဆင့် အောက်ခံခုံတုံးမှာသာ လှည့်ပတ်သွားလာနိုင်ကြ၏။

သူတို့ထဲမှ ငယ်ရွယ်သော အမျိုးသမီးက မေးလိုက်၏။

“ကျန်းယွဲ့လု ဒီလမ်းကသွားတယ်ဆိုတာ ရှင်တကယ်ပဲ မြင်လိုက်တာလား”

အမျိုးသားက မှန်ပြောင်းတစ်လက်ကို ကိုင်ထားရင်း ပြန်ဖြေလိုက်၏။

“တကယ့်ကို အသေအချာပဲ”

လူငယ်အမျိုးသမီးက ထေ့ငေါ့လိုက်၏။

“အဲ့ဒီ နတ်သက်ကြွေအင်မော်တယ်က လက်ထောက်ခန်းမသခင်တာဝန်တွေနဲ့ အလုပ်များနေရမှာ မဟုတ်ဘူးလား… သူက ထိုက်ချင်းရင်ပြင်မှာ လေညှင်းလာခံဖို့ အချိန်ရှိသေးတယ်ပေါ့”

စောစောက လူငယ်အမျိုးသားက ပြုံး၍ ပြောလိုက်၏။

“မင်း… စကားကို ထိန်းထိန်းသိမ်းသိမ်းပြောသင့်တယ်… ဒီတစ်ခေါက် မဟာသူတော်စင်လွင်ကျစ်က သူ့ကို လက်ထောက်ခန်းမသခင်အဖြစ် ကိုယ်တိုင်ခန့်အပ်ပေးထားတာ… လက်ထောက် မဟာကြီးကဲ သုံးဦးထဲက နှစ်ဦးက သူ့ကို မြင့်မြင့်မားမား သတ်မှတ်ထားတယ်… အဲ့ဒါကြောင့် သူ့ရဲ့အနာဂတ်က တကယ့်ကို အကန့်အသတ်မဲ့ပဲ… နောင်တစ်ချိန် ငါတို့ပါ သူ့ကို ဦးညွှတ်ကောင်း ဦးညွှတ်ရလိမ့်မယ်”

အမျိုးသမီးက မဲ့ရွဲ့ကာ ပြောလိုက်၏။

“ဒါဆို… ငါသူနဲ့တွေ့ရင် သူ့ကို လက်ထောက်ခန်းမသခင်လို့ နှုတ်ဆက်ရမှာပေါ့”

တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် လူငယ်က နောက်ဆုံးမှာ ပြောလိုက်၏။

“ငါ့အထင်တော့ မိန်းမပျိုကျန်းက မောက်မာဝင့်ကြွားတာ မဟုတ်ဘူး… သူက နည်းနည်း ထူးဆန်းနေရုံပဲ”

အမျိုးသမီးက သိချင်စိတ် ဖြစ်သွားကာ မေးလိုက်၏။

“ရှင် ဘာကို ဆိုလိုတာလဲ”

ဤလူက ထိုက်ဖျင်ဂိုဏ်း၏ လုမိသားစုမှ တိုက်ရိုက်မျိုးဆက်တစ်ဦး လုရွှေဟန်ဖြစ်သည်။

သူ၏ အပေါင်းအဖော်နှစ်ဦးကလည်း သူတို့နှင့် ရွယ်တူတန်းတူများကြားမှာ ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည်။ အမျိုးသမီးကို ပိုင်ယွိရူဟုခေါ်ပြီး အမျိုးသား၏ အမည်က ကျောက်ဟွမ်ဖြစ်သည်။

လုရွှေဟန်သည် လက်ရှိမှာ အဆင့်-၅ ပညာရှိလောင်းတစ်ဦးဖြစ်ပြီး ပိုယွီယူနှင့် ကျောက်ဟွမ်ကတော့ အဆင့်-၆ အလုပ်သင် ပညာရှိများဖြစ်ကြသည်။ သူတို့သုံးဦးသည် အရင်က ကျန်းယွဲ့လုနှင့် နားလည်မှုလွဲစရာ ကိစ္စငယ်တချို့ ရှိခဲ့ကြသည်။

“သူ့ပုံစံက စိတ်ဝင်စားဖို့ ကောင်းနေရုံပါပဲ”

လုရွှေဟန်က သာမန်ကာလျှံကာ ပြောလိုက်၏။

“သူတို့ရဲ့ခေါင်းကို အမြဲတမ်းမော့ထားပြီး သူတို့ထက် နည်းနည်းလောက် နိမ့်ကျတဲ့သူတွေနဲ့ တွေ့ရင်တောင် အထက်စီးကနေကြည့်တတ်တဲ့ မောက်မာဝင့်ကြွားတဲ့ အမျိုးသမီးတွေအများကြီး ငါကြုံဖူးတယ်… ကျန်းယွဲ့လုက အဲ့ဒီမိန်းမတွေနဲ့မတူဘူး… သူက အတော်လေး ခန့်မှန်းရမလွယ်ဘူး… သူ့ကို လေးစားတဲ့သူဆိုရင် သူတောင်းစားဖြစ်နေရင်တောင် သူက ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်… ဒါပေမဲ့ သူ့ကို ပမာမခန့်ပြုရင်တော့ ဘယ်လိုလူပဲဖြစ်ဖြစ် သူက ခပ်တန်းတန်းနေလိမ့်မယ်”

ကျောက်ဟွမ်က ထပ်ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက လီမိသားစုက မျိုးရိုးဂုဏ်မြင့်အနွယ်ဝင်တစ်ဦးက ဘိုးဘေးကျောင်းတော်မှာ ကျန်းယွဲ့လုနဲ့ဆုံပြီး သူ့ကို လက်ထပ်ဖို့ မျှော်လင့်ခဲ့တယ်… ဒါပေမဲ့ ဘယ်ကဘယ်လို စလဲမသိ သူတို့က စကားအချေအတင်ဖြစ်ပြီး ကျန်းယွဲ့လုက သူ့ကို တစ်ယောက်ချင်း တိုက်ခိုက်ဖို့ စိန်ခေါ်ခဲ့တယ်… သူတို့နှစ်ယောက်က အများသူငှာရှေ့မှာ ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ပြီး အားလုံးရဲ့ရှေ့မှာပဲ လီမိသားစုက သခင်လေးက ရှုံးနိမ့်သွားတယ်… သူ့ရဲ့အရှုံးကို ဂုဏ်သိက္ခာရှိရှိလက်ခံပြီး ဘိုးဘေးကျောင်းတော်ကနေ ချက်ချင်းပဲ ထွက်ခွာသွားခဲ့တယ်… အဲ့ဒီနေ့ကစပြီး သူ ဘယ်တော့မှ ပြန်ရောက်မလာတော့ဘူး”

“ငါလည်း အဲ့ဒီအကြောင်းကို သိပါတယ်… သူ့နာမည်က လီထျန်ကျန်းပဲ… သူက ရွှမ်အရှင်မြတ်ရဲ့ သွေးဝေးမျိုးဆက်တစ်ဦးပဲ… ရွှမ်အရှင်မြတ်ရဲ့ တိုက်ရိုက်မျိုးဆက် မဟုတ်ပေမဲ့ လီထျန်ကျန်းက လီတုန်ဟွမ်ရဲ့ တိုက်ရိုက်မျိုးဆက်တစ်ဦး ဖြစ်နေတုန်းပဲ… ရွှမ်အရှင်မြတ်နဲ့ လီတုန်ဟွမ်ဆိုတာ တူညီတဲ့မျိုးဆက်က ညီအစ်ကိုတွေပဲ”

လုရွှေဟန်က လက်ရန်းကိုမှီ၍ အောက်ဘက်က စည်ကားသက်ဝင်နေသောရင်ပြင်ကို ကြည့်ကာ ပြောလိုက်၏။

“လောကီဆရာသခင်နဲ့ သူတော်စင်ချင်းဝေက လီထျန်ကျန်းကို သဘောကျတယ်လို့ ငါကြားဖူးတယ်… ကျန်းယွဲ့လုက လီထျန်ကျန်းလို လူမျိုးကိုတောင် အရှက်ခွဲပြီး သူ့ရဲ့ရာထူးကို ဆက်ထိန်းထားနိုင်တယ်ဆိုတဲ့အချက်က သူ့မှာ ယုံကြည်မှုဘယ်လောက်ရှိလဲ အများကြီး ပြောပြနေတယ်”

ပိုင်ယွိရူက ကူကယ်ရာမဲ့စွာ သက်ပြင်းချ၍ ပြောလိုက်၏။

“ဪ လူတချို့များ.. မြေကမ္ဘာဆရာသခင်နဲ့ ကောင်းကင်ဆရာသခင်ရဲ့ စိတ်အာရုံကို ရလောက်အောင် ကံကောင်းကြတာကိုး… အဲ့လိုမျိုး ဂြိုဟ်ဆိုးကို ဘယ်သူကသွားပြီး ရန်စရဲမှာလဲ”

ထိုစဉ်မှာ မှန်ပြောင်းကိုကိုင်ထားသည် ကျောက်ဟွမ်က ရုတ်တရက် အံ့အားတသင့်ပြောလိုက်၏။

“ဟိုမှာ… ကျန်းယွဲ့လု မဟုတ်လား”

“ဘယ်နေရာမှာလဲ”

ပိုင်ယွိရူက ချက်ချင်းပင် လှည့်ပတ်ကြည့်ရှုလိုက်၏။

ကျောက်ဟွမ်က ပိုင်ယွိရူထံ မှန်ပြောင်းကို ကမ်းပေးပြီး တစ်နေရာကို လက်ညှိုးထိုးပြလိုက်၏။

ပိုင်ယွိရူက မှန်ပြောင်းကိုယူ၍ ထိုနေရာကို ကြည့်လိုက်၏။ သူမက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

“တကယ်ပဲ ကျန်းယွဲ့လုကိုး… ဒါပေမဲ့ သူ့ဘေးကလူက ဘယ်သူလဲ”

ကျောက်ဟွမ်က ခေါင်းခါပြလိုက်၏။

“ငါ သူ့ကို မသိဘူး… သူက လူသစ်တစ်ယောက်ပဲ ဖြစ်ရမယ်”

အတွေ့အကြုံရှိသော လုရွှေဟန်ပင်လျှင် တစ်နည်းတစ်ဖုံ အံ့အားသင့်သွားပြီး ပြောလိုက်၏။

“တာ့ကျန်းစံအိမ်က တစ်ယောက်ယောက်များလား”

“ကျွန်မတော့ အဲ့လိုမထင်ဘူး”

ပိုင်ယွိရူက မှန်ပြောင်းကနေ မမှိတ်မသုန် စိုက်ကြည့်ရင်း ပြောလိုက်၏။

“သူက… ကျန်းယွဲ့လုရဲ့အချစ်ကလေး ဖြစ်နိုင်တယ်”

“အဲ့ဒါက… ဖြစ်နိုင်သားပဲ”

ကျောက်ဟွမ်က ရယ်မောကာ ပြောလိုက်၏။

“ကျန်းယွဲ့လုလို မိန်းမတစ်ယောက်က လွှမ်းမိုးခြယ်လှယ်တတ်လွန်းတယ်… သာမန်ယောက်ျားတွေက သူ့ကို ချိုးနှိမ်နိုင်မှာမဟုတ်ဘူး… သူက လီထျန်ကျန်းကိုတောင် နောက်ဆုတ်သွားရအောင် အနိုင်ယူခဲ့တာပဲ… တစ်ခြားဘယ်သူက သူ့နောက်ကို လိုက်ရဲဦးမှာလဲ… အဲ့ဒါကြောင့် သူက အနားမှာ လိုသလိုအသုံးချဖို့ အပျော်ကောင်လေးတစ်ယောက် ထားထားတာပဲနေမှာ”

ပိုင်ယွိရူက မှန်ပြောင်းကနေ ဆက်လက်၍ ချောင်းကြည့်ရင်း ရယ်မောကာ ပြောလိုက်၏။

ထိုစဉ် ကျန်းယွဲ့လုက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး သူမ၏ ခေါင်းကို ဆတ်ခနဲလှည့်ကာ မှန်ပြောင်းကိုင်ထားသော ပိုင်ယွိရူကို တည့်တည့်ကြည့်လိုက်၏။ ချက်ချင်းပင် ပိုင်ယွိရူသည် သူမ၏ မျက်လုံးက လောင်ကျွမ်းသွားသည့်လား ခံစားလိုက်ရပြီး နာကျင်စွာဖြင့် ခပ်စူးစူး အော်ဟစ်မိလိုက်၏။ သူမလက်ထဲက မှန်ပြောင်းကလည်း ပြုတ်ကျသွားလေသည်။

“ဘာဖြစ်လို့လဲ”

သူနှင့်အတူ လမ်းလျှောက်နေသော ကျန်းယွဲ့လုက ရုတ်တရက် ရပ်တန့်သွားသည်ကို ချီရွှမ်းစုသတိထားမိပြီး သူကလည်း ရပ်တန့်လိုက်၏။

ကျန်းယွဲ့လုက အကြည့်အတိုင်း လိုက်ပါကြည့်ရှုလိုက်သော်လည်း ငွားငွားစွင့်စွင့်မြင့်မား၍ ခံ့ညားထည်ဝါသော ရှေးဦးမူလတာအိုဘိုးဘေးရုပ်ထုကိုသာ သူတွေ့မြင်ရသည်။

ခဏနေပြီးနောက် ကျန်းယွဲ့လုက သူမ၏ အကြည့်ကို ရုပ်သိမ်း၍ ပြုံးလိုက်၏။

“ဘာရယ် မဟုတ်ပါဘူး”

ထို့နောက် သူမက ဆက်လက်၍ လျှောက်လှမ်းသွား၏။

သို့သော်လည်း ချီရွှမ်းစုသည် ဘာကြောင့်ရယ်မသိ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားသည်ဟု ခံစားလိုက်ရသည်။

All Chapters