← Chapters

ငါအာမခံတယ်

Vol. 4 Ch. 34

ငါအာမခံတယ်

Vol. 4 Ch. 34

အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးသည် မြင့်မားသော နေရာတစ်ခုတွင် ရောက်ရှိကောင်း ရောက်ရှိနေနိုင်သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့သည် ပထမဆုံး အောက်ခြေလှေကားထစ်ကို ဖြတ်ကျော်မိရုံသာ ရှိသည်။ အင်ပါယာနန်းတော်မှာဆိုရင် တရားဝင် အရာရှိတစ်ဦး ဖြစ်ခြင်းနှင့် တူညီသည်။

အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲကနေ ပထမအဆင့် ထျန်ကျန်းတာအိုအကြီးအကဲအထိ အဆင့် ၃ ဆင့်သာ ကွာဟသော်လည်း တကယ်တမ်းမှာတော့ ထိုထက်မက များစွာပိုသည်။ ဤအဆင့် ၃ ဆင့်ကို တက်လှမ်းဖို့အတွက် ရွှေနန်းမြင့်မျှော်စင် ပါဝင်ပတ်သက်လာရန် လိုအပ်သည်။ မဟာအကြီးအကဲနှင့် မဟာသူတော်စင်တချို့ကလွဲလျှင် ရွှေနန်းမြင့်မျှော်စင်က တာအိုဂိုဏ်းတော်မှာ အမြင့်မားဆုံး ဩဇာအာဏာကို ကိုင်စွဲထားသည်။

ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများ ဖြစ်သော သူတော်စင် ၃၆ ပါးစလုံးသည် ရွှေနန်းမြင့်မျှော်စင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူတို့သည် တန်ခိုးရှင် ရွှေနန်းမြင့်မျှော်စင် သူတော်စင်များအဖြစ် ကျော်ကြားပြီး အတိုကောက်အားဖြင့် သူတော်စင် ၃၆ ပါး သို့မဟုတ် တန်ခိုးရှင်သူတော်စင်များဟု ခေါ်ဆိုကြသည်။ သူတို့သည် ကွပ်ကဲရေးအဖွဲ့ကနေ ဖြုတ်ချခံရမည်ဆိုလျှင် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများအဖြစ် သူတို့၏ အဆင့်အတန်းကို ထိန်းထားနိုင်ဦးမည် ဖြစ်သော်လည်း သူတို့သည် သာမန်သူတော်စင်များသာ ပြန်ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် တာအိုဂိုဏ်းတော်မှာ ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲ ၃၆ ပါးမက ရှိနေသည်ဟု ဆိုလိုသည်။ သို့သော်လည်း ရွှေနန်းမြင့်မျှော်စင်က တန်ခိုးရှင်သူတော်စင် ၃၆ ပါးသာလျှင် အမြင့်မားဆုံး ဩဇာအာဏာကို ကိုင်စွဲထားကြ၏။

ထိုနည်းတူစွာပင် ကောင်းကင်ဆရာသခင်၊ မြေကမ္ဘာဆရာသခင်နှင့် လောကီဆရာသခင်ဘွဲ့တို့ကို ယူထားသော ဂိုဏ်းကြီး ၃ ဂိုဏ်းမှ မဟာသူတော်စင်များသည် လက်ထောက်မဟာအကြီးအကဲများလည်း ဖြစ်ကြသည်။ သူတို့သည် သူတို့၏ နေရာကဏ္ဍကနေ အငြိမ်းစားယူမည် သို့မဟုတ် နှုတ်ထွက်မည်ဆိုလျှင် သူတို့သည် လက်ထောက်ခန့်မသခင်နေရာများကို လက်လွတ်ရလိမ့်မည် ဖြစ်သော်လည်း သူတို့၏ မဟာသူတော်စင်ဘွဲ့ကို ဆက်ထိန်းထားနိုင်ဦးမည် ဖြစ်သည်။

များသောအားဖြင့် ဂိုဏ်းတော်ကို သစ္စာဖောက်သော သို့မဟုတ် ပုန်ကန်သော ကြီးမားသည့် ရာဇဝတ်မှုများ မရှိသရွေ့ တာအိုဂိုဏ်းတော်သည် မဟာသူတော်စင် သို့မဟုတ် သူတော်စင်ဘွဲ့ယူထားသည့် တစ်ယောက်ယောက်ကို ဖြုတ်ချလိမ့်မည် မဟုတ်ပေ။

သာမန်သူတော်စင်များသည် ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့ အစည်းအဝေးများကို လေ့လာစောင့်ကြည့်ခွင့် ရှိကြသည်။ တစ်ဖက်မှာတော့ သာမန်မဟာသူတော်စင်များသည် သူတော်စင် ၃၆ပါး၏ အထက်မှာ ရှိသောကြောင့် ထိုအစည်းအဝေးပွဲများမှာ ပါဝင်တက်ရောက်ခွင့် ရှိကြသည်။

လက်ထောက်မဟာအကြီးအကဲများနှင့် မဟာသူတော်စင်များကို ခွဲခြားဖို့အတွက် သူတို့ကို ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့၏ မွန်မြတ်မဟာသူတော်စင်များဟု ခေါ်ဆိုပြီး အတိုကောက်အားဖြင့် မွန်မြတ်မဟာသူတော်စင်များ ဖြစ်ကြသည်။ သူတို့သည် လူမှုအဖွဲ့အစည်း ဟန်ချက်ညီစေရန် အများပြည်သူကို အုပ်ချုပ်ခြင်းနှင့် သူတော်ကောင်းတရားနှင့် ဓလေ့ထုံးတမ်းများ အဆက်မပြတ် သင်ကြားပို့ချပေးခြင်းတို့ကို တာဝန်ယူထားကြသည်။

အနှစ်ချုပ်အားဖြင့် တာအိုဂိုဏ်းတော်၏ အထက်ပိုင်း အကြီးအကဲများကို အတန်းအစား ၆မျိုး ထပ်မံခွဲခြားနိုင်သည်။

တစ်ခုတည်းသော အမြင့်မားဆုံး ရာထူးမှာ တာအိုဂိုဏ်းတော်၏ ခေါင်းဆောင်အဖြစ် အကြည်ညို အလေးစားရဆုံး မဟာအကြီးအကဲဖြစ်သည်။ ပြီးလျှင် ဂိုဏ်းကြီး ၃ ဂိုဏ်း၏ မဟာသူတော်စင်များလည်းဖြစ်သော လက်ထောက်မဟာအကြီးအကဲ ၃ ဦး ဖြစ်ကြသည်။ သူတို့သည် မဟာအကြီးအကဲထက် တစ်ဆင့်သာနိမ့်ပြီး လက်အောက်ငယ်သား ထောင်ချီနှင့်အတူ မြင့်မားသော ဩဇာအာဏာကို ကိုင်စွဲထားကြသည်။

လက်ထောက်ခန်းမသခင်များ၏ အောက်မှာ ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့၏ မွန်မြတ်မဟာသူတော်စင်များ ရှိကြသည်။ သူတို့ထဲတွင် တာအိုဂိုဏ်းတော်ကို စတင်တည်ထောင်ခဲ့သည့် အဖွဲ့ဝင်များ၊ ရိုသေလေးစားရသော အကြီးအကဲများနှင့် မြင့်မားသော ဩဇာတိက္ကမနှင့် တပည့်တပန်း များစွာရှိသည့် ရိုသေလေးစားထိုက်သော ပုဂ္ဂိုလ်များ ပါဝင်နေသည့်အတွက် ဤနေရာမှာရှိသော မဟာသူတော်စင်များ၏ အရေအတွက်က အတိအကျမရှိပေ။ သူတို့သည် တရားဝင်ရာထူးကနေ အငြိမ်းစားယူထားသော်လည်း သူတို့သည် တာအိုဂိုဏ်းတော်မှာ မြင့်မားသော လွှမ်းမိုးနိုင်စွမ်း ရှိနေကြဆဲဖြစ်သည်။

ပြီးလျှင် ရွှေနန်းမြင့်မျှော်စင် ကွပ်ကဲရေးအဖွဲ့၏ တန်ခိုးရှင်သူတော်စင် ၃၆ ပါး ရှိကြသည်။ ဤသူတော်စင်များသည် တာအိုအဖွဲ့အစည်း၏ ဒေါက်တိုင်များနှင့် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့သည် များသောအားဖြင့် ခန်းမကိုးဆောင်နှင့် တာအိုစံအိမ်များ၏ ခေါင်းဆောင်များ ဖြစ်တတ်ကြသည်။

နောက်ဆုံးမှာတော့ အရေအတွက် တစ်သတ်မတ်တည်းမရှိသည့် သာမန်သူတော်စင်များ ရှိနေကြသည်။ သူတို့သည် တန်ခိုးရှင်သူတော်စင် ၃၆ ပါးလောက် လွှမ်းမိုးနိုင်စွမ်း မရှိသော်လည်း သူတို့ထဲမှာ တချို့သည် အရေးပါသော နေရာကဏ္ဍများယူထားကြ သို့မဟုတ် အများသူငှာ၏ ရိုသေလေးစားခြင်းခံရသောကြောင့် သူတို့ကိုလည်း လျှော့တွက်၍ မရနိုင်ပေ။

တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲ နေရာတစ်ခု လစ်လပ်သွားမည်ဆိုလျှင် ထိုနေရာကို ဤသာမန်သူတော်စင်များဖြင့် ပြန်ဖြည့်ပေလိမ့်မည်။

ထိုရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ပထမအဆင့် ထန်ကျန်းတာအိုအကြီးအကဲများ သို့မဟုတ် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများ ကြားမှာပင် ကွဲပြားမှုများ ရှိနေကြသည်။ အားလုံး၏ အထက်မှာ ရှိနေသော မဟာအကြီးအကဲကို ဘေးဖယ်ထားလျှင် သာမန် ဒုတိယအဆင့် ထိုက်ယီတာအိုအကြီးအကဲများသည် စတုတ္ထအတန်းအစားမှာ ရှိနေကြသည်။ အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲများကတော့ ဆဋ္ဌမအတန်းအစားမှာ ရှိသည်ဟုဆိုနိုင်သည်။

အဆင့်-၄ ကျိကျိုးတာအိုအကြီးအကဲများသည် အောက်ခြေအဆင့်မှာရှိပြီး တာအိုဂိုဏ်းတော်၏ အမြင့်ဆုံးသို့ တက်လှမ်းရာလမ်းကြောင်းနှင့် ဝေးကွာနေဆဲ ဖြစ်သည်။ ထိပ်ဆုံးမှာရှိနေသော မဟာအကြီးအကဲကနေ အောက်ဆုံးအဆင့်များထိ တာအိုဂိုဏ်းတော်ကို အဆင့် ၉ ဆင့်နှင့် အတန်းအစား ၁၂ မျိုး ခွဲခြားထားသည်။

ထိုသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ လူတစ်ယောက်က အဆင့်တစ်ခုကို ရောက်ရှိလာသည်နှင့် သူတို့က ထိုအကြောင်းအရာများကို သိရပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ဤအခြေခံအချက်အလက်များကိုမှ မသိဘူးဆိုလျှင် ထိုသူက တာအိုဂိုဏ်းတော်မှာ ရှေ့ကို ဆက်တက်စရာ လမ်းမရှိတော့ပေ။

ကျန်းယွဲ့လုကို ဂုဏ်သရေရှိမိသားစုများ ကြောက်ရွံ့ကြသည်မှာ သူမ၏ ကိုယ်ပိုင်အစွမ်းအစကြောင့်သာလျှင် မဟုတ်ဘဲ သူမသည် လက်ထောက်မဟာအကြီးအကဲနှစ်ဦး၏ စိတ်အာရုံကို ရရှိထားသောကြောင့်ဖြစ်သည်။ လက်ထောက်မဟာအကြီးအကဲနှစ်ဦးက ကျန်းယွဲ့လုအပေါ် ဘယ်လောက်တန်ဖိုးထားသလဲ အပြင်လူများ မခန့်မှန်းနိုင်သော်လည်း သူတို့၏ စိတ်သဘောထား သက်သက်ကပင် မည်သည့် အနှောင့်အယှက်ကိုမဆို ဟန့်တားဖို့ လုံလောက်နေပြီဖြစ်သည်။

သို့သော်လည်း အစစ်အမှန်စွမ်းအားကို ကိုင်စွဲထားသည့် သူတော်စင်များက ကြောက်ရွံ့နေကြမည် မဟုတ်ပေ။ သူတို့သည် အမှားအမှန်ကို ခွဲခြားနိုင်သည်ဆိုသော်လည်း လူငယ်များ၏ အရေးကိစ္စများမှာ ကြားဝင်စွက်ဖက်စရာ အကြောင်းမရှိပေ။ ထျန်ကန်းခန်းမသခင်ကဲ့သို့ စွမ်းအားကြီးမားသော သူတော်စင်များပင်လျှင် ကျန်းယွဲ့လုကို ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်တစ်ဦးအနေဖြင့် ချီးကျူးရသည်။

တာအိုဂိုဏ်းတော်အတွင်းမှာ ကျန်းယွဲ့လု၏ အဆင့်အတန်းက မြင့်မားနေသည်မှာ သိသာနေသည်။

တစ်ဖက်မှာတော့ ချီရွှမ်းစုသည် နောက်လိုက်ပါမွှား အဆင့်-၇ တာအိုဆရာတစ်ဦးဖြစ်ပြီး အဆင့်-၄ ကျိကျိုးတာအိုဆရာတစ်ဦး စွန်းယုံဖုန့်ကိုပင် ရိုသေလေးစားစွာ ဦးညွှတ်ရသည်။ ချီရွှမ်းစုသည် သူနှင့်အတူထိုင်ပြီး လက်ဖက်ရည်သောက်ဖို့ပင် အဆင့်မမီပေ။

ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက သိပ်ပြီးဝေးကွာမနေပေ။ ကျန်းယွဲ့လုနှင့် မဟာအကြီးအကဲကြား ကွာဟချက်သည် ကျန်းယွဲ့လုနှင့် ချီရွှမ်းစုကြား ကွာဟချက်ထက် အဆများစွာပိုမိုကြီးမားသည်။

ထို့ကြောင့် အဆင့်-၄ တာအိုအကြီးအကဲတစ်ဦးထက် နိမ့်ကျသော မည်သည့်အဆင့်မဆို ထောက်ခံချက်များကို မှီခိုနိုင်ဆဲဖြစ်သည်။ လွှမ်းမိုးနိုင်စွမ်းရှိသော တစ်ယောက်ယောက်က သူတို့ကို ချီးကျူးစကားပြောပေးမည်ဆိုလျှင် ရာထူးတိုးမြှင့်ခံရခြင်းသည် စကားလုံးတချို့မျှနှင့် ပြီးမြောက်နိုင်သည်။ သို့သော်လည်း အောက်ခြေလှေကားထစ် အဆင့် ၄ ကို ကျော်ဖြတ်လာပြီးနောက် ၎င်းသည် ပေါင်းလဒ်သုည ကစားပွဲတစ်ခု ဖြစ်သွားသည်။

တစ်ယောက်ယောက်ကို ရာထူးတိုးမြှင့်ပေးမည်ဆိုလျှင် အခြားတစ်ယောက်က ဖြုတ်ချခံရပေလိမ့်မည်။ ဒုတိယအဆင့်ကို ရောက်ရှိလာပြီးနောက် လူတစ်ယောက် ကိုင်စွဲထားသည့် ဩဇာအာဏာက သူတို့ကို နောက်ခံပေးထားသည့် သူများအပေါ် မူတည်နေပေလိမ့်မည်။ အရာရာတိုင်းက သပွတ်အူလို ခွဲခြားမရအောင် ရောထွေးနေပြီး အနည်းငယ်မျှသော ဟန်ချက်မညီမျှမှုက စနစ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိနိုင်သည်။

လက်ထောက်မဟာအကြီးအကဲ ၃ ဦးနှင့် မဟာအကြီးအကဲ နေရာများကိုတော့ မည်သူကမျှ မျှော်လင့်မထားရဲကြပေ။

ဤသည်က မဖြစ်နိုင်သလောက်နီးပါးပင်။

ကောင်းကင်ဘုံကို တက်လှမ်းရသည်က လွယ်ကူချင် လွယ်ကူမည်၊ မဟာအကြီးအကဲဖြစ်လာဖို့က ပိုမိုခက်ခဲသည်ဟူသော ဆိုရိုးစကား တာအိုဂိုဏ်းတော်မှာရှိသည်။ မဟာအကြီးအကဲဖြစ်လာဖို့ တစ်ဘဝစာကျင့်ကြံမှုက လုံလောက်ချင်မှ လုံလောက်ပေလိမ့်မည်။

ကျန်းယွဲ့လုက မဟာအကြီးအကဲ ဖြစ်လာချင်သည်ဟု သူမ၏ စိတ်ဆန္ဒကို ဖော်ပြသည့်အခါ သူမသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး သို့မဟုတ် ပြန်ဝင်စားလာသော နတ်သမီးတစ်ပါး ဖြစ်နေမည်ဆိုလျှင်ပင် ထိုစကားက ကြွားလုံးထုတ်ရာ ကျနေပေလိမ့်မည်။

ဤစကားကိုကြားသော လူများက သူမကို ဘဝင်လေဟပ်နေခြင်းအတွက် လှောင်ပြောင်သရော်ကြပေလိမ့်မည်။

တာအိုဂိုဏ်းတော်မှာ မဟာအကြီးအကဲ၏ နေရာက ထိုကဲ့သို့ပင်ဖြစ်သည်။

မဟာအကြီးအကဲနေရာက လစ်လပ်နေခဲ့သည်မှာ အလွန်တရာ ကြာခဲ့ပြီဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ ရွှေနန်းမြင့်မျှော်စင်က ညီလာခံ ၂ ကြိမ် ပြုလုပ်ပေးခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ အဖြေမရခဲ့ပေ။ ထို့ကြောင့် လက်ထောက်မဟာအကြီးအကဲ ၃ ဦးသည် မဟာအကြီးအကဲ၏ ဩဇာအာဏာကို အလှည့်ကျ ရယူနေကြသည်။

မဟာအကြီးအကဲအဖြစ် ထမ်းဆောင်နေသည့်သူကို မဟာသူတော်စင်လွင်ကျစ်ဟူသောဘွဲ့ အပ်နှင်းထားသည်။

ဤသည်က အများသူငှာသိရှိထားသော ဗဟုသုတဖြစ်သည်။ လက်ထောက်မဟာအကြီးအကဲ ၃ ဦးသည် သူတို့လက်ဝယ် ရရှိထားသည့် ဩဇာအာဏာကို မစွန့်လွှတ်လိုသောကြောင့် မဟာအကြီးအကဲအသစ်တစ်ဦးကို အဆိုပြုတင်သွင်းခြင်းမရှိဟု ကောလာဟလများပင် ပေါ်ထွက်လာခဲ့သည်။ မဟာအကြီးအကဲအသစ်တစ်ဦး တက်လှမ်းလာမည်ဆိုလျှင် ထိုသူက ပြန့်ကျဲနေသည့် ဩဇာအာဏာများကို မလွဲမသွေ ပြန်လည်စုစည်းပေလိမ့်မည်။

ထိုအခါ လက်ထောက်မဟာအကြီးအကဲ ၃ ဦးသည် အလှည့်ကျ အာဏာကျင့်သုံးခွင့်ကို လက်လွတ်ဆုံးရှုံးရမည်သာမက ခေါင်းဆောင်အသစ်၏ အမိန့်ကိုပါ နာခံရပေလိမ့်မည်။ ထို့ကြောင့် လက်ရှိအဆင့်အတန်းကို ထိန်းသိမ်းထားခြင်းက သူတို့အတွက် ပို၍အကျိုးရှိနေသည်။ ဤကောလာဟလများက နောက်ပိုင်းမှာ ပိုမိုပြင်းထန်ကြမ်းတမ်းလာပြီး လက်ထောက်မဟာအကြီးအကဲ ၃ ဦးသည် ယခင်မဟာအကြီးအကဲကို လျှို့ဝှက်ပူးပေါင်းကာ လုပ်ကြံခဲ့သည်ဟူသော ပြောဆိုမှုများပင် ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ကောလာဟလ သတင်းအမှား ဖြန့်သည့်သူများကို ဖမ်းဆီးရန် ဘိုးဘေးကျောင်းတော်က အမိန့်ထုတ်ပြန်ခဲ့ရသည်။

သို့သော်လည်း ဤကောလာဟလများက အတော်လေး ပျံ့နှံ့သွားခဲ့ပြီဖြစ်၏။ ဘိုးဘေးကျောင်းတော်ကနေ နှစ်ပေါင်းများစွာ အဝေးကို ရောက်နေသော်လည်း ချီရွှမ်းစုသည်ပင် ဤကောလာဟလများကို ကြားဖူးထားသည်။ ချီရွှမ်းစုအတွက်တော့ ဤကောလာဟလများသည် အတော်လေး သံသယဝင်စရာကောင်းပြီး ဘိုးဘေးကျောင်းတော်အတွင်း အာဏာလုပွဲများနှင့် ပတ်သက်ဆက်နွယ်နေနိုင်သည်။ တစ်ယောက်ယောက်က ဤကောလာဟလများကို တမင်ဖြန့်ပြီး မဟာအကြီးအကဲအသစ်တစ်ပါး တတ်နိုင်သမျှမြန်မြန် ရွေးချယ်တင်မြှောက်ရန် လက်ထောက်မဟာအကြီးအကဲ ၃ ဦးကို ဖိအားပေးနေခြင်း ဖြစ်နိုင်သည်။

လက်ထောက်မဟာအကြီးအကဲ ၃ ဦးထဲ မည်သူကမှ မဟာအကြီးအကဲ ဖြစ်မလာနိုင်သည်မှာ မဟာအကြီးအကဲအသစ်ကို တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲကနေသာ ရွေးချယ်တင်မြှောက်ရမည်ဟူသော တာအိုဂိုဏ်းတော်၏ အတိအလင်း ထုတ်ဖော်မထားသော ထုံးတမ်းစဉ်လာ စည်းကမ်းကြောင့် ဖြစ်သည်။ ယင်းသည် ညီအစ်ကိုများထံ ထီးနန်းမလွှဲဘဲ အဖေကနေ သားကို တိုက်ရိုက်ဆက်ခံစေသည့် နန်းတွင်းထီးနန်းလွှဲပြောင်းပုံနှင့် ဆင်တူသည်။

လက်ထောက်မဟာအကြီးအကဲ ၃ ဦးက ဤထုံးတမ်းကို ချိုးဖောက်ချင်သည်ဆိုလျှင်ပင် သူတို့အချင်းချင်းကြားမှာ သဘောတူညီမှု ရလိမ့်မည် မဟုတ်ပေ။

သူတို့သည် ဟန်ချက်ကို ဖိုခနောက်ဆိုင်ထိန်းထားပြီး မဟာအကြီးအကဲဖြစ်ချင်သူ မည်သူမဆို အခြားနှစ်ယောက်နှင့် ဆန့်ကျင်ဘက် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲမှ တစ်ဦးကသာလျှင် မဟာအကြီးအကဲအဖြစ် အဆိုပြုခံရနိုင်သည်။ မဟာအကြီးအကဲနေရာကို ရဖို့အတွက် လိုအပ်ချက်များကလည်း အလွန်တရာမြင့်မားသည်။ ထိုသူတော်စင်သည် ငယ်ရွယ်သော သူတော်စင်များအားလုံး၏ ရိုသေလေးစားမှုကိုရရှိဖို့ အနည်းဆုံး အသက် ၆၀ အရွယ်မှာ ရှိနေရမည်ဖြစ်သည်။

သူတော်စင်ထျန်ကန်းက ယခုအချိန်မှာ အသက် ၆၀ကျော် ဖြစ်သည်။ သူ့အသက်သည် သူတော်စင်များကြားတွင် သာမန်သာဖြစ်နိုင်သော်လည်း လက်ထောက်မဟာအကြီးအကဲ ၃ ဦးနှင့် ယှဉ်လျှင် အတော်လေး ငယ်ရွယ်သေးလေသည်။ ထိုနည်းတူစွာပင် အသက် ၃၀အရွယ် တာအိုဆရာတစ်ဦးကို အဆင့်-၇ မှာ အသက်ကြီးသည်ဟု ဆိုနိုင်သော်လည်း အဆင့်-၅မှာဆိုလျှင် ငယ်ရွယ်လေသည်။ ကျန်းယွဲ့လုက ယခုအချိန်ထိ အသက် ၂၅ မပြည့်သေးပေ။

ပျမ်းမျှ ၅ နှစ် တစ်ကြိမ် ရာထူးတိုးမြှင့်ပေးသောစနစ်အရ သူမသည် အသက် ၃၀ မှာ တတိယအဆင့်၊ အသက် ၃၅ မှာ ဒုတိယအဆင့်သာမာန်သူတော်စင်၊ အသက် ၄၀မှာ ဒုတိယအဆင့် တန်ခိုးရှင်သူတော်စင်နှင့် အသက် ၄၅မှာ ပထမအဆင့် မွန်မြတ်မဟာသူတော်စင်အဖြစ် တက်လှမ်းနိုင်ပေလိမ့်မည်။ သူမသည် လက်ထောက်မဟာအကြီးအကဲဖြစ်ဖို့ဆိုလျှင် အသက် ၅၀ ပြည့်သည်အထိ စောင့်ရပေမည်။

တကယ်တမ်းမှာတော့ ၅ နှစ်တိုင်း ရာထူးတိုးမြှင့်ခံရဖို့က မဖြစ်နိုင်ပေ။ သူတော်စင်ထျန်ကန်းသည် အသက် ၅၀ ပြည့်မှသာ သူတော်စင် ၃၆ ပါးထဲမှတစ်ပါး ဖြစ်လာခဲ့သည်။ ၁၀ နှစ်ကြာပြီးနောက် သူသည် တူညီသော ရာထူးမှာ ဆက်ရှိနေဆဲဖြစ်၏။ နေရာကဏ္ဍတချို့ ပြောင်းလဲခဲ့သည်က လွဲလျှင် သူတော်စင်ထျန်ကန်းသည် တူညီသော အဆင့်မှာ ရပ်တန့်နေဆဲဖြစ်သည်။ ကံအားလျော်သော ပြောင်းလဲမှုများမရှိဘဲ သူသည် နောက် ၁၀ စုနှစ်တစ်ခု ကြာပြီးလျှင်လည်း တူညီသောရာထူးမှာ ဆက်ရှိနေပေဦးမည်။ သူ့အသက် ၈၀ ပြည့်ပြီးမှသာ မွန်မြတ်မဟာသူတော်စင်အဖြစ် တက်လှမ်းနိုင်ပေမည်။

ဤရှုထောင့်ကနေ ကြည့်မည်ဆိုလျှင် အသက် ၆၀ အရွယ် လက်ထောက်မဟာအကြီးအကဲက ငယ်ရွယ်သည်ဟု ဆိုနိုင်သည့်။

ချီရွှမ်းစု၏ တစ်ဘဝစာအိမ်မက်က ဉာဏ်ပညာဓားကို ကိုင်စွဲ၍ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ဖို့ဖြစ်သည်။ သူက တန်ခိုးရှင်သူတော်စင်တစ်ပါး ဖြစ်မလာနိုင်ဘဲ သာမန်သူတော်စင်တစ်ပါးမျှသာ ဆိုလျှင်ပင် ကျေနပ်ပေလိမ့်မည်။

သို့သော်လည်း သူ့အနေဖြင့် ထိုအဆင့်ကိုရောက်ဖို့ကပင် အင်မတန် ခဲယဉ်းနေ၏။ ထို့ကြောင့်ပင် ၎င်းကို သူ၏ အိမ်မက်ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။

အခြားတစ်ဘက်မှာတော့ ကျန်းယွဲ့လုသည် သူတော်စင်တစ်ပါးဖြစ်လာဖို့ သေချာသလောက်နီးပါး ဖြစ်သည်။ အနိမ့်ဆုံး သူမသည် ဉာဏ်ပညာဓားကိုကိုင်စွဲသည့် သာမန်သူတော်စင်တစ်ပါး ဖြစ်လာပေလိမ့်မည်။ အရာရာက ချောမွေ့နေမည်ဆိုလျှင် သူမသည် တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲမှ တစ်ပါး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သူမ၏ စိတ်ကူးယဉ်အိမ်မက်က မဟာအကြီးအကဲဖြစ်လာဖို့ပင်။ ချီရွှမ်းစု ပြင်းပြင်းပြပြ လိုချင်နေသည့်အရာသည် ကျန်းယွဲ့လုအနေဖြင့် သူမ၏ ရည်မှန်းချက်ပန်းတိုင်ကို တက်လှမ်းဖို့ စမှတ်တစ်ခုသာ ဖြစ်နေသည်။

ချီရွှမ်းစုက အရူးမဟုတ်ပေ။ ကျန်းယွဲ့လု၏ ပင်ကိုယ်စရိုက်နှင့် စကားလုံးများထံမှာ ဤအချက်အလက်ကို သူက အကဲခတ်မိသည်။

ခဏကြာအောင် နှစ်ယောက်စလုံးက နှုတ်ဆိတ်သွားကြ၏။

သူတို့သည် ပထမဆုံးတွေ့ဆုံစဉ်က အတူသောက်စားခဲ့သည့် သူစိမ်းများသာဖြစ်ခဲ့ပြီး နောက်တစ်ကြိမ် တွေ့ဆုံချိန်မှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်ခဲ့ကြ၏။ သူတို့နှစ်ယောက် အာရုံမစိုက်ခဲ့သည့် ကိစ္စတချို့က ယခုအချိန် သူတို့ကြားမှာ မမြင်ရသော အဟန့်အတားတစ်ခုကို တဖြည်းဖြည်း ဖြစ်ပေါ်လာစေသည်။

ကျန်းယွဲ့လုအပေါ် ချီရွှမ်းစု တိမ်းညွှတ်ခဲ့သည့် စိတ်ကူးယဉ် အတွေးတချို့ကလည်း ထိုအခိုက်အတန့်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူက လွတ်လပ်ပေါ့ပါးစွာ လှည့်ပတ်သွားလာနေသူတစ်ဦး သို့မဟုတ် စည်းမဲ့ကမ်းမဲ့ ပျက်စီးနေသူတစ်ဦး မဟုတ်ပေ။ သူသည် တာအိုဂိုဏ်းတော်၏ ရာထူးဂုဏ်သိမ်အဆင့်ဆင့်တွင် အောက်ဆုံးအဆင့်မှာ ရုန်းကန်နေရသည့် တာအိုဆရာတစ်ဦးမျှသာ ဖြစ်သည်။

ထို့ကြောင့် အသက်ရှင်သန်ဖို့အတွက် သူသည် အဆင့်အတန်းများကို လစ်လျူရှုခြင်း သို့မဟုတ် သူ့ကံကြမ္မာသူ စီရင်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်ခြင်းကဲ့သို့ တရားလွန် မည်သည့်အရာကိုမှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ထိုစိတ်ကူးယဉ်အတွေးများက လွတ်လပ်ပေါ့ပါးပြီး သဘောကျစရာ ကောင်းသော်လည်း လက်တွေ့မှာမဖြစ်နိုင်ပေ။ အနည်းဆုံး လက်ရှိအချိန်မှာ လုံးဝမဖြစ်နိုင်ပေ။

ကျန်းယွဲ့လုကလည်း သူတို့နှစ်ယောက်ကြား ပြောင်းလဲသွားသောလေထုကို အာရုံခံမိသွား၏။ သူမက ရပ်တန့်၍ ပြောလိုက်သည်။

“ကျွန်မတို့ရဲ့ ဒီနေ့ဆုံတွေ့မှုကို ဒီနေရာမှာ အဆုံးသတ်ရတော့မယ်နဲ့ တူတယ်”

“ဒီနေ့ ဆုံတွေ့မှုလား…”

ချီရွှမ်းစုက ကျန်းယွဲ့လု၏ စကားလုံးရွေးချယ်ပုံကို သတိထားမိလိုက်၏။

ကျန်းယွဲ့လုက ရှေ့ဖြစ်ဟောသည့် ဗေဒင်ဆရာတစ်ဦးလို လျှို့ဝှက်ဆန်းကြယ်သယောင် လေသံဖြင့်ပြောလိုက်၏။

“ဒီလအတွက်တော့… ကျွန်မတို့ရဲ့ကံကြမ္မာက အဆုံးမသတ်သေးဘူး… နောက်တစ်ခါ ပြန်တွေ့ကြရလိမ့်မယ်”

ချီရွှမ်းစုက စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်၏။

“ခင်ဗျားက ထျန်ကန်းခန်းမမှာ အလုပ်အတူတူ လုပ်ရလိမ့်မယ်လို့ ဆိုလိုတာလား… ဒါပေမဲ့ ကျုပ်က အခုအချိန်ထိ ဝင်ရောက်ခွင့်ရဖို့ မသေချာသေးဘူး”

ကျန်းယွဲ့လုက ချီရွှမ်းစုကို မမှိတ်မသုန်စိုက်ကြည့်ပြီး ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်၏။

“ထျန်ကန်းခန်းမကို ရှင်ဝင်ရောက်နိုင်လိမ့်မယ်လို့ ကျွန်မ အာမခံတယ်… စွန်းယုံဖုန့်တောင်မှ အဲ့ဒါကို ကန့်ကွက်နိုင်မှာ မဟုတ်ဘူး”

ချီရွှမ်းစုက လှုပ်ခတ်သွားပြီး အကဲစမ်းမေးမြန်းလိုက်၏။

“ကျုပ်သိရသလောက်ဆိုရင် အသစ်ခန့်အပ်ထားတဲ့ လက်ထောက်ခန်းမသခင်က ခင်ဗျားနဲ့ အသက်အရွယ် သိပ်မကွာလောက်ဘူး… မိန်းမပျိုထန်ထိုက် ခင်ဗျားက လက်ထောက်ခန်းမသခင်ကျန်းနဲ့ အသိကျွမ်းတွေလား… ခင်ဗျား ကျုပ်အတွက် ကူပြောပေးမလို့လား”

ကျန်းယွဲ့လုက လှည့်မကြည့်ဘဲ အဝေးကိုလျှောက်သွားရင်း ပြောလိုက်၏။

“ဒီမှာ မောင်လေးထျန်းယွမ်… ထျန်ကန်းခန်းမကို နင်ဝင်ရောက်နိုင်မယ်လို့ ငါပြောရင် နင်အဲ့ဒီမှာ နေရာတစ်ခု သေချာပေါက်ရလိမ့်မယ်။”

ချီရွှမ်းစုက ထွက်ခွာသွားသော ကျန်းယွဲ့လု၏ ပုံရိပ်ကို ငေးကြည့်ရင်း နေရာမှာတင် ငိုင်နေမိသည်။

All Chapters