ငါးရုပ်အဆောင်
Vol. 4 Ch. 35
ချီရွှမ်းစုသည် ထိုက်ချင်းရင်ပြင်ကနေ ဟိုက်ချန်အကွက်သို့ လမ်းပြန်လျှောက်လာသည်။ မြောက်ဘက်လမ်းကြား ဝင်တံခါးကို ဝင်ရောက်တော့မည့်ဆဲဆဲမှာ သူသည် အိမ်နီးနားချင်း တာအိုသီလရှင်စွေ့နှင့် ဆုံမိသွား၏။
ချီရွှမ်းစုက သူ၏ အတွေးများကို ပြန်လည်စုစည်းပြီး ပြုံးပြကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ… ဒေါ်လေးစွေ့”
“ကောင်လေးချီပဲ”
ဒေါ်လေးစွေ့က ချီရွှမ်းစုကို တွေ့မြင်ရချိန်မှာ အံ့အားသင့်မှင်တက်သွား၏။
“ရပ်ကွက်ရုံးက လူတစ်ယောက် မင်းကို လာရှာသေးတယ်… တစ်ယောက်ယောက်က မင်းဆီကို ပစ္စည်းပို့ထားလို့ ရုံးမှာ လာထုတ်ယူနိုင်တယ်လို့ သူတို့ ပြောသွားတယ်… မင်းအိမ်မှာမရှိတာနဲ့ပဲ သူတို့က ငါနဲ့ မင်းကို သတင်းစကားပါးခိုင်းသွားခဲ့တာ”
ချီရွှမ်းစုက အနည်းငယ် အံ့အားသင့်သွား၏။
“ကျေးဇူးတင်ပါတယ် ဒေါ်လေးစွေ့”
“ကိစ္စမရှိပါဘူးကွယ်… ငါတို့က အိမ်နီးနားချင်းတွေပဲ”
ဒေါ်လေးစွေ့က ချီရွှမ်းစုနှင့် စကားလက်ဆုံမကျလိုဘဲ နွားလှည်းနှင့်အတူ အဝေးကို ထွက်ခွာသွား၏။
ချီရွှမ်းစုက လမ်းကြောင်းပြောင်း၍ ရပ်ကွက်ရုံးရှိရာသို့ ဦးတည်လိုက်၏။
ကျောက်စိမ်းမြို့တော်မှာ စနစ်တကျသော မြို့ကွက်အခင်းအကျင်းရှိသည်။ မြို့တော်ထဲမှာ ညမထွက်ရအမိန့်များ သို့မဟုတ် လှုပ်ရှားသွားလာခြင်းကို ကန့်သတ်မှုများမရှိပေ။ ဒါ့အပြင် ကျောက်စိမ်းမြို့တော်ထဲရှိ မြို့ကွက် ၂၄ ကွက်သည် အတော်လေးကျယ်ပြန့်ပြီး ပုံမှန်ရှေးဟောင်းမြို့တော်တစ်မြို့ရှိ မြို့ကွက် ၁၀၈ ကွက်နှင့် အရွယ်အစားချင်းတူညီနေသည်။
တာအိုဂိုဏ်းတော်သည် ရပ်ကွက် ၂၄ ခုစလုံးမှာ ရပ်ကွက်ရုံးများကို တည်ဆောက်ထားပြီး အင်ပါယာမြို့တော်ရှိ အုပ်ချုပ်ရေးရုံးများနှင့် လုပ်ဆောင်ပုံချင်းတူညီသည်။ သူတို့သည် ညဘက်မှာ လမ်းများတွင် ကင်းလှည့်ခြင်း၊ လမ်းများနှင့် ရေမြောင်းများသန့်ရှင်းမှုကို ထိန်းသိမ်းခြင်းနှင့် မီးအသုံးပြုမှု တားမြစ်ပိတ်ပင်ခြင်းတို့ကို ဆောင်ရွက်ပေးသည်။
နောက်ပိုင်းမှာ ရပ်ကွက်ရုံးများ၏ အခွင့်အာဏာနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများက ကျယ်ပြန့်လာသည်။ သူတို့သည် အိမ်နီးနားချင်း ပဋိပက္ခများကို ဖြေရှင်းပေးခြင်း၊ ခိုက်ရန်ဖြစ်ပွားမှုများကို ဖျန်ဖြေညှိနှိုင်းပေးခြင်း၊ ထောက်ခံစာများထုတ်ပေးခြင်းနှင့် အခြားသောအရာများကို ဆောင်ရွက်ပေးလာကြသည်။ ဒါ့အပြင် ရပ်ကွက်ရုံးများသည် စာပို့ရုံးများအဖြစ်လည်း ဆောင်ရွက်ပေးလာသည်။ ပေးစာများနှင့် အထုပ်အပိုးများကို တာအိုဂိုဏ်းတော်၏ စာပို့လုလင်များက သက်ဆိုင်ရာရပ်ကွက်ရုံးများသို့ ပို့ဆောင်ပေးပေလိမ့်မည်။ ထို့နောက် သူတို့သည် လက်ခံမည့်သူများကို လာရောက်ယူဆောင်ရန် အကြောင်းကြားပေးပေလိမ့်မည်။
ရပ်ကွက်ရုံးသည် ဝင်းပေါက်နှစ်ခုပါသော ခြံဝင်းတစ်ခုဖြစ်သည်။ ဝင်းတံခါးကို ဖြတ်ကျော်လာပြီးနောက် ပထမဆုံးအခန်းသည် လာရောက်ယူဆောင်မည့်ပစ္စည်းများကို သိမ်းဆည်းထားရာနေရာဖြစ်သည်။ အခန်း၏ အပြင်ဘက်မှာ စားပွဲတစ်လုံးနှင့် ခုံတစ်လုံးရှိနေ၏။ တာအိုတပည့်မတစ်ဦးက စားပွဲခုံအနောက်မှာထိုင်ပြီး သရုပ်ဖော်ပန်းချီပုံများပါသည့် ဝတ္ထုတစ်အုပ်ကို စိတ်ဝင်တစားဖတ်ရှုနေကာ ချီရွှမ်းစုရောက်ရှိလာသည်ကို သတိမထားမိပေ။
ချီရွှမ်းစုက စာအုပ်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သရုပ်ဖော်ပုံသည် မြစ်ဘေး မိုးမခပင်အောက်မှာ ကြည့်ကောင်းတင့်တယ်သော အမျိုးသားတစ်ဦးနှင့် ယဥ်ကျေးသိမ်မွေ့သော အမျိုးသမီးတစ်ဦးကို သရုပ်ဖော်ရေးဆွဲထားသည်။ စာအုပ်အဖုံးကို ကြည့်ခြင်းအားဖြင့် ၎င်းသည် အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်ကို ချီရွှမ်းစု ပုံဖော်မိသည်။
သူက ခဏမျှစောင့်ဆိုင်းနေသော်လည်း တပည့်မက သူ့ကို သတိထားမိမည့်ပုံမရှိသည်ကို တွေ့ရသောအခါ မနေနိုင်တော့ဘဲ စားပွဲခုံကို လက်ဖြင့်ပုတ်လိုက်ရ၏။
တာအိုတပည့်မကက နောက်ဆုံးမှာ သတိစိတ်ပြန်ကပ်လာပြီး ချီရွှမ်းစုကို မော့ကြည့်လိုက်၏။ သူမက စာမျက်နှာနှစ်ခုကြားမှာ စာညှပ်ကို အလောတကြီးထည့်ပြီး စာအုပ်ကိုပိတ်၍ မေးလိုက်၏။
“ဟုတ်ကဲ့ပါရှင့်”
ချီရွှမ်းစုက ပြောလိုက်၏။
“ချီရွှမ်းစုအတွက် ပို့ထားတဲ့အထုပ်ကို ယူဖို့ ကျုပ်ရောက်လာတာပါ”
“ခဏလေးစောင့်ပါရှင်”
တာအိုတပည့်မက အခန်း၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်သွား၏။ သိပ်မကြာခင် သူမသည် ကျောက်မျက်ရတနာထည့်သည့် သေတ္တာတစ်လုံးအရွယ် အထုပ်တစ်ထုပ်နှင့်အတူ ပြန်ရောက်လာ၏။ ၎င်းကို ဆီစိမ်စက္ကူဖြင့် ရစ်ပတ်ထားပြီး ချိတ်ပိတ်ထားလေသည်။
သစ်စေးချောင်းကို အရည်ဖျော်ခြင်းဖြင့်ရလာသည့် သစ်စေးကို စာရွက်ပေါ်မှာ သုတ်လိမ်းထားသည်။ အထုပ်အပိုးကို တံဆိပ်တုံးထု၍ လက်ခံမည့်သူကို နာမည်ထိုးထားသည်။
တပည့်မက စားပွဲပေါ်မှာ အထုပ်ကိုတင်ပြီး ပြောလိုက်၏။
“အမှားအယွင်းမဖြစ်ရအောင်… ကျေးဇူးပြုပြီး ရှင့်ရဲ့အထောက်အထားလေး ပြပေးပါဦးရှင့်”
ချီရွှမ်းစုက သူ၏ ပုဂ္ဂိုလ်ရေးအထောက်အထားများကို ထုတ်ယူပြီး တာအိုတပည့်မထံ ကမ်းပေးလိုက်၏။ အထုပ်ပေါ်ရှိအမည်နှင့် ကိုက်ညီသလား အတည်ပြုပြီးနောက် တပည့်မက အထောက်အထားများနှင့် အထုပ်ကို ချီရွှမ်းစုထံ ပြန်ပေးလိုက်၏။ သူက ကျေးဇူးတင်စကားပြော၍ ထိုအထုပ်နှင့်အတူ ရပ်ကွက်ရုံးကနေ ထွက်ခွာလာခဲ့သည်။
တာအိုတပည့်မကက ဤကဲ့သို့ အသေးအမွှားကိစ္စကို အာရုံမစိုက်တော့ဘဲ သူမ၏ ဖတ်လက်စဝတ္ထုမှာ ဆက်လက်၍ နစ်မျောသွား၏။
အိမ်ကို ပြန်ရောက်လာပြီးနောက် ချီရွှမ်းစုသည် စာကြည့်ခန်းထဲသို့ တန်းသွားလိုက်၏။ သူသည် ချိပ်စည်းပေါ်က အမည်ကို တစ်ချက်ကြည့်ပြီး အာချီဟူသော အမည်ကို တွေ့မြင်သည့်အချိန်မှာ ရယ်မိသွား၏။
ဤအထုပ်ကို သူ့ထံ ဘယ်သူပို့လိုက်သလဲ ချီရွှမ်းစုက စဉ်းစားတွေးတောနေသော်လည်း အာချီဟူသော အမည်က သူ့၏ ထင်မြင်ယူဆချက်ကို အတည်ပြုပေးလိုက်၏။ အာချီသည် ထိုခေတ်က ငယ်ရွယ်နုပျိုပြီး မိန်းမဆန်သော နာမည်တစ်ခုဖြစ်သည်။ ချီရွှမ်းစုက သက်ပြင်းချကာ စဉ်းစားနေမိ၏။
‘အချိန်က ဘယ်သူ့ကိုမှ ချမ်းသာမပေးဘူးပဲ… တစ်ချိန်တုန်းက ငယ်ရွယ်နုပျိုခဲ့တဲ့ အာချီက နောက်ဆုံးတော့ သခင်မချီ ဖြစ်လာပြီပေါ့လေ။’
သူက အထုပ်ပေါ်က ရစ်ပတ်ထားသော စက္ကူများကို ဆုတ်ဖြဲလိုက်သည့်အခါ အထဲမှာ သော့ငယ်တစ်ခုနှင့်အတူ ကျောက်မျက်ရတနာထည့်သည့် သေတ္တာတစ်လုံး ပေါ်ထွက်လာ၏။ ဤသော့အမျိုးအစားမှာ သော့တံမပါရှိပေ။ ၎င်းသည် အပိုင်းလေးပိုင်းခွဲထားသော ကန့်လန့်ဖြတ်ဒုလုံးရှည်တစ်ခုနှင့် တူသည်။ တစ်ပိုင်းချင်းစီမှာ အပေါ်အောက်လှည့်နိုင်သည့် အက္ခရာကိုးလုံးပါဝင်သည်။ ထို့ကြောင့် အက္ခရာစုစုပေါင်း ၃၆ လုံးဖြစ်ပြီး သော့ကိုဖွင့်ဖို့အတွက် အက္ခရာလေးလုံးကို မှန်ကန်စွာတွဲပေးရမည်ဖြစ်သည်။ ကြိုးပမ်းမှုက သုံးကြိမ်ကျရှုံးသွားပြီဆိုလျှင် စက်ခလုတ်က ပွင့်သွားပြီး အထဲမှာရှိသော ပါဝင်ပစ္စည်းများကို ဖျက်ဆီးပစ်လိမ့်မည်။
ချီရွှမ်းစုက ခဏမျှစဉ်းစားကြည့်လိုက်၏။ အစ်မချီအပေါ် သူနားလည်ထားမှုကို အခြေခံ၍ ထိုက်ဖျင်ငွေဒင်္ဂါးမှာ ရေးထွင်းထားသည့်စာလုံးများအတိုင်း သော့ကို ထန်၊ ရှ၊ ထိုက်၊ ဖျင် ဟူ၍ တွဲမိသွားအောင် လှည့်လိုက်၏။
သော့က မပြောင်းမလဲရှိနေပြီး သူ၏ ပထမတစ်ကြိမ်ကြိုးပမ်းမှုက မအောင်မြင်ကြောင်း ပြပေးနေသည်။ ချီရွှမ်းစုက အနည်းငယ် အားအားသင့်သွားရ၏။ ထို့နောက် ဝူယိုရွှေဒင်္ဂါးမှာ ရေးထွင်းထားသော စာလုံးများအတိုင်း ချန်၊ ဖျင်၊ ဝူ၊ ယို ဟူ၍ဖြစ်အောင် သော့ကို လှည့်လိုက်၏။
ကံမကောင်းစွာဖြင့် တုံ့ပြန်မှုရှိမလာသေးပေ။
ချီရွှမ်းစုက အနည်းငယ် စိုးရိမ်ပူပန်မိသွား၏။ ခဏမျှစဉ်းစားပြီးနောက် သော့ကို ရူယီကြေးဒင်္ဂါးမှာ ရေးထွင်းထားသည့် စာလုံးများအတိုင်း ဖျင်၊ အန်၊ ရူ၊ ယီ ဟူ၍ဖြစ်အောင် လှည့်လိုက်လေသည်။
ချောက်ခနဲမြည်ကာ သော့က ပွင့်သွား၏။ သေတ္တာအဖုံးက သူ့ဘာသာသူပွင့်သွားပြီး အထဲမှာ အလွှာနှစ်လွှာ ထွက်ပေါ်လာ၏။ ပထမအလွှာမှာ ထျန်းယွမ်အတွက်ဟုရေးထိုးထားသည့် စာအိတ်တစ်အိတ်ပါနေသည်။ ထိုစာအိတ်မှာ အစ်မချီ၏ လက်မှတ်လည်း ပါသည်။
ချီရွှမ်းစုက စာအိတ်ကို ကောက်ယူလိုက်ပြီး ၎င်းမှာ ချိပ်စည်းမပါသည်ကို သတိထားမိလိုက်၏။ ထို့နောက် သူက စာရွက်ဆယ်ရွက်ကျော်ကို ဆွဲထုတ်လိုက်၏။
စာပေါ်ရှိ လှပသောလက်ရေးသည် အသပြာအတွက်သတ်ဖြတ်နေသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အစ်မချီဆိုသည်ထက် သမင်မျက်လုံးနှင့် ငယ်ရွယ်နုပျိုသော အမျိုးသမီး အာချီကို ညွှန်ပြနေ၏။
စာထဲမှာ အစ်မချီသည် ကိစ္စသုံးခုကို အဓိကဆွေးနွေးထားသည်။ ပထမအကြောင်းအရာသည် ဖုန်ထိုက်ခရိုင်မှ နောက်ဆက်တွဲဖြစ်သည်။ ချင်းဖျင်အသင်းတော်သည် ချီရွှမ်းစုကို အပယိကအသင်းဝင်ကနေ ပင်တိုင်အသင်းဝင်တစ်ဦးအဖြစ် တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူ၏နာမည်တုကတော့ ရွှေသွန်းဓားနှင့် ဝေဝူကွေ့ ဖြစ်နေဆဲပင်။ သူသည် ဤနေ့ဤအချိန်မှာ အကျိုးဆောင်မှတ် ၆၀၀ ကို စုဆောင်းထားခဲ့ပြီဖြစ်သည်။
အခြားသောကိစ္စနှစ်ရပ်သည် ချင်းဖျင်အသင်းတော်၏ ပင်တိုင်အသင်းဝင်တစ်ဦးအဖြစ် ချီရွှမ်းစု ရာထူးတိုးမြှင့်ခံရခြင်းနှင့် ပတ်သက်ဆက်စပ်နေသည်။
ပထမဆုံး ရာထူးတိုးမြှင့်ပေးအပြီး သူ၏ အကျိုးခံစားခွင့်များ ပါဝင်နေ၏။ မိခင်-ကလေးအဆောင်ကို တစ်နှစ်တစ်ခါအစား တစ်လတစ်ခါ သူ့အား ပေးဝေမည်ဖြစ်သည်။ ဒါ့အပြင် သူသည် ကိုးလပိုင်းမှစတင်၍ လစဉ်တိုင်း ဝူယိုဒင်္ဂါး ၁၀ ပြား၊ သွေးနဂါးဆေးလုံးတစ်လုံးနှင့် ခရမ်းရောင်ယန်ဆေးလုံးတစ်လုံးကို လက်ခံရရှိပေလိမ့်မည်။
ဒုတိယအကြောင်းအရာမှာ ချီရွှမ်းစုသည် ချင်းဖျင်အသင်းတော်၏ (ခ) အဆင့်စုဝေးပွဲများကို ပါဝင်တက်ရောက်ခွင့်ရှိသွားပြီဖြစ်သည်။ အစ်မချီရှင်းပြပုံအရ ချင်းဖျင်အသင်းတော်မှာ တာအိုဂိုဏ်းတော်ကဲ့သို့ တင်းကျပ်သောရာထူးဂုဏ်သိမ်အဆင့်ဆင့်မရှိဘဲ က၊ ခ၊ ဂ၊ ဃ ဟူ၍ အဆင့်လေးဆင့်သာရှိသည်။
အပယိကအသင်းဝင်များက (ဃ) အဆင့်မှာရှိပြီး တရားဝင်အသင်းဝင်များက (ဂ) အဆင့်မှာရှိသည်။ အဆင့်မြင့်အသင်းဝင်များက (ခ) အဆင့်မှာရှိပြီး ပင်မအသင်းဝင်များက (က) အဆင့်မှာရှိသည်။
ယခုအချိန်မှာ ချီရွှမ်းစုသည် (ဂ) အဆင့်မှာရှိသော်လည်း သူသည် (ခ)အဆင့်အစ်မချီ၏ လက်အောက်မှာရှိနေသောကြောင့် (ခ) အဆင့် စုဝေးပွဲများကို ပါဝင်တက်ရောက်ခွင့်ရသွားပြီဖြစ်သည်။
ယခုအခါမှသာ ချင်းဖျင်အသင်းတော်တွင် အသင်းဝင်နှစ်မျိုးရှိကြောင်း ချီရွှမ်းစု နားလည်သဘောပေါက်သွား၏။ သူတို့သည် ကိုယ်သဘောနှင့်ကိုယ် ဝင်ရောက်လာသော လွတ်လပ်သည့်အသင်းဝင်များနှင့် အမျိုးမျိုးသောအကြောင်းရင်းများကြောင့် ဝင်ရောက်ဖို့ ဖိအားပေးခံရသော လက်အောက်ခံအသင်းဝင်များ ဖြစ်ကြသည်။
လွတ်လပ်သောအသင်းဝင်များကလည်း သူတို့၏ အဆင့်အလိုက် သက်ဆိုင်ရာခံစားခွင့်ကိုသာ ရရှိသော်လည်း သူတို့သည် အရာရာတိုင်းမှာ ကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိကြသည်။ ချီရွှမ်းစုသည် အစ်မချီ၏ လက်အောက်ငယ်သား လက်အောက်ခံအသင်းဝင်တစ်ဦးဖြစ်သည်။
အားသာချက်မှာ သူသည် အစ်မချီ၏ ခံစားခွင့်များထဲမှ တချို့ကို ရရှိနိုင်သည်။ (ခ) အဆင့်စုဝေးပွဲများကို တက်ရောက်ခွင့်ရှိခြင်းမျိုးဖြစ်သည်။ အစ်မချီသည် အဖိုးအခယူဆောင်ခြင်းမရှိဘဲ သူ၏ နောက်ဆက်တွဲ အရှုပ်ထုပ်များကိုလည်း ရှင်းလင်းပေးပေလိမ့်မည်။ သို့သော်လည်း အားနည်းချက်မှာ အလုပ်တာဝန်ရွေးချယ်ခြင်းကဲ့သို့ လုပ်ပိုင်ခွင့်တချို့ကို ဆုံးရှုံးရခြင်းဖြစ်သည်။ ထိုအစား အစ်မချီက သူ့အပေါ်မှာ ဩဇာအာဏာအပြည့်ယူထားပေလိမ့်မည်။
ဤကိစ္စနှင့်ပတ်သက်၍ ချီရွှမ်းစုမှာ ကန့်ကွက်စရာမရှိပေ။ ဤနှစ်များအပြီးမှာ ဤစီစဉ်နေရာချမှုနှင့်ပတ်သက်၍ ထူးထူးခြားခြားဆိုးရွားနေတာ ဘာမှမရှိခဲ့ပေ။
စုဝေးပွဲများမှာတက်ရောက်ဖို့အတွက်ကတော့ သူသည် အစီအရင်ပညာရပ်တစ်ခုကို ထုတ်ဖော်ရန်လိုအပ်သည်။ အစ်မချီသည် အစီအရင်အတွက် လိုအပ်သောပစ္စည်းများကို သူ့ထံ ဘယ်လိုအသုံးပြုရမလဲ အသေးစိတ်ညွှန်ကြားချက်များနှင့် ပစ္စည်းများအတွက် ကျသင့်ငွေနှင့်အတူ ပို့ပေးထားပြီဖြစ်သည်။ ဤကုန်ကျစရိတ်များအားလုံးကို အစ်မချီထံ သူအပ်နှံထားသော ချီရွှမ်းစု၏ စုဆောင်းငွေများကနေ နှုတ်ယူပေလိမ့်မည်။ ယခုအချိန်မှာ သူ့ထံတွင် ဝူယိုဒင်္ဂါးတစ်ရာပင် မကျန်ရှိတော့ပေ။
ချီရွှမ်းစုက စာကိုအောက်သို့ချပြီး သေတ္တာ၏ ဒုတိယအလွှာကို ဖွင့်လိုက်၏။
ဒုတိယအကန့်က ပထမအကန့်ထက် များစွာပိုနက်သည်။ အထဲမှာ ဖယောင်းတိုင်နှစ်တိုင်၊ အမွှေးတိုင်တစ်ဗူး၊ သေးငယ်သောအနီရောင်ဘူးတောင်းတစ်ခု၊ ဗလာအဆောင်စက္ကူတစ်ထပ်၊ ဟင်္သပဒါးဆေးမှုန့်တစ်ဗူး၊ ဟင်္သပဒါးစုတ်တံတစ်ချောင်းနှင့် ငါးရုပ်အဆောင်တစ်ခု ပါဝင်သည်။
ငါးရုပ်အဆောင်သည် ထူးခြားသောသီးသန့်နည်းလမ်းများဖြင့် ချင်းဖျင်အသင်းတော်ကနေ ပြုလုပ်ပေးထားသည့် ချီရွှမ်းစု၏ သရုပ်သကန်တံဆိပ်ပြားဖြစ်သည်။ ၎င်းက ထူးခြားပြီး ကျောက်စိမ်းဖြူ၊ ရွှေခရမ်း၊ ငွေကြက်သွေးနှင့် ကြေးနီအစိမ်းဟူ၍ မတူညီသောအရောင်များဖြင့် ခွဲခြားထားသည်။ ချီရွှမ်းစု၏ ငါးရုပ်အဆောင်သည် ငွေကြက်သွေးရောင်ရှိပြီး ရွှေသွန်းဓားဟူသော သူ၏ အမည်ဝှက်ကို ရေးထွင်းထားသည်။
ဒါ့အပြင် ငါးရုပ်အဆောင်မှာ အခြားသောအသုံးဝင်မှုနှစ်မျိုးရှိနေ၏။ ၎င်းကို စုဝေးပွဲများတက်ရောက်ဖို့ သော့အဖြစ်နှင့် မှော်သိုလှောင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။
မှော်သိုလှောင်ပစ္စည်းဆိုသည်မှာ ၎င်း၏ အရွယ်အစားထက် ပိုမိုကြီးမားသောပမာဏကို ဝင်ဆံ့စေနိုင်သည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ ၎င်းဖြင့် ပစ္စည်းများကို လေထဲကနေ ရုတ်တရက်ဆွဲထုတ်နိုင်သည်။ အရည်အသွေးပေါ်မူတည်၍ သိုလှောင်ပစ္စည်းအတွင်း ထည့်ဝင်နိုင်သောနေရာလွတ်ကလည်း ကွဲပြားလေသည်။
ချီရွှမ်းစု၏ ငွေကြက်သွေးငါးရုပ်အဆောင်မှာ အလွန်သေးငယ်သောနေရာလွတ်တစ်ခုသာရှိပြီး သူ့ထံ အစ်မချီပို့ပေးလိုက်သည့် ကျောက်မျက်ရတနာသေတ္တာထက် များစွာပိုမိုကြီးမားလိမ့်မည် မဟုတ်ပေ။ အစီအရင်ပညာရပ်အတွက် လိုအပ်သောပစ္စည်းများ ထည့်ထားဖို့အတွက်သာ ၎င်းကိုအသုံးပြုနိုင်သည်။
စုဝေးပွဲများကို တက်ရောက်ဖို့အတွက် ဤအစီအရင်ပညာရပ်များကို လိုအပ်သည်။
ချီရွှမ်းစုသည် ညသန်းခေါင်ရောက်သည့်အထိ စိတ်ရှည်လက်ရှည်စောင့်ဆိုင်းပြီးနောက် အစ်မချီ၏ ညွှန်ကြားချက်များအတိုင်း အစီအရင်ကို စတင်ခင်းကျင်းလိုက်၏။
ပထမဆုံး အနီရောင်ဘူးတောင်းထဲကနေ မီးနဂါးသွေးတုတစ်ခွက်စာကို သွန်ချလိုက်၏။ မီးနဂါးသည် နေ့နှင့်ည၊ ဆောင်းနှင့်နွေကို ကိုယ်စားပြုသည့် ရှေးကျသော တောင်စောင့်နတ်တစ်မျိုးဖြစ်သည်။ ၎င်း၏ သွေးမှာ ထူးခြားဆန်းကြယ်သော အသုံးဝင်မှုများရှိသည်။ သို့သော်လည်း မီးနဂါးများသည် လောကီဘုံကနေ ဆိတ်သုဥ်းပျောက်ကွယ်သွားပြီဖြစ်ပြီး သူတို့၏ သွေးများကို ရှာမတွေ့နိုင်တော့ပေ။
နောက်ပိုင်းမှာ တာအိုဂိုဏ်းတော်က မီးနဂါးသွေးတုကို ဖန်တီးခဲ့ကြသည်။ ၎င်း၏ အာနိသင်သည် အစစ်အမှန်၏ ဆယ်ပုံတစ်ပုံသာရှိသော်လည်း ၎င်းသည် အလွန်တရာတန်ဖိုးကြီးမားဆဲဖြစ်ပြီး မှောင်ခိုဈေးကွက်မှာ ရွှေနှင့်ဆတူပေးဝယ်ရသည်။
ချီရွှမ်းစုသည် မီးနဂါးသွေးတုကိုသုံး၍ မြေပြင်ပေါ်မှာ ယင်ယန်အမှတ်သင်္ကေတတစ်ခုကို ရေးဆွဲလိုက်၏။ ထို့နောက် အနက်ရောင်ဖယောင်းတိုင်နှင့် အဖြူရောင်ဖယောင်းတိုင်ကို ယင်ယန်စက်ဝန်း၏ အစက်များပေါ်မှာတင်ပြီး မီးထွန်းညှိလိုက်၏။
ဤဖယောင်းတိုင်များကလည်း သာမန်မဟုတ်ပေ။ အနက်ရောင်ဖယောင်းတိုင်ကို လီလီ၏အဆီကနေ ပြုလုပ်ထားပြီး အဖြူရောင်ဖယောင်းတိုင်ကို ဖေးဖေး၏အဆီကနေ ပြုလုပ်ထား၏။ လီလီသည် ကြက်ခြေထောက်ပါသော တောဝက်တစ်ကောင်နှင့်ဆင်တူသည့် သတ္တဝါတစ်မျိုးဖြစ်သည်။ ၎င်းသည် ခွေးလိုဟောင်ပြီး မြေကြီးကိုတူး၍ မညီမညာအောင်ပြုလုပ်ခြင်းမှာ ကျွမ်းကျင်သည်။ ဖေးဖေးသည် လည်ဆံမွေးနှင့် အဖြူရောင်အမြီးပါရှိသော ဝက်ဝံတစ်ကောင်နှင့်ဆင်တူသည့် သတ္တဝါတစ်မျိုးဖြစ်သည်။ ၎င်းကို မွေးမြူခြင်းသည် စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေနိုင်သည်ဟု လူများက ယုံကြည်ကြသည်။ ဤသတ္တဝါနှစ်မျိုးက ရှားပါး၍ ထူးခြားဆန်းကြယ်သော တောကောင်များဖြစ်ကြသည်။
ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာဟု လူသိများသည့် အမွှေးတိုင်များကလည်း ထူးခြားသည်။ ခွန်လွင်အင်မော်တယ်နယ်ပယ် ဝိညာဉ်ပြန်ခေါ်သစ်ပင်တစ်မျိုး ရှိလေသည်။ ၎င်း၏ အပွင့်များနှင့် အရွက်များက သန်မာအားကောင်းသောမွှေးရနံ့ကို ဖြာထွက်ပေးပြီး မိုင်ပေါင်းရာချီကနေပင် ၎င်း၏ အနံ့ကို ရရှိနိုင်သည်။ ၎င်း၏ အမြစ်များကို ဆူပွက်အောင်ကျို၍ အရည်အဖြစ်ထုတ်ယူပြီး အမွှေးနံ့သာ သန့်စင်ပြုလုပ်ကြ၏။ ၎င်း၏ မွှေးရနံ့ကို မိုင်ပေါင်းရာချီအကွာအဝေးကပင် ရရှိနိုင်သောကြောင့် ထိုရနံ့သည် သေသူကိုပင် ပြန်ရှင်စေနိုင်သည်ဟူသော ကောလာဟလရှိထားသည်။ ထို့ကြောင့်ပင် ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာဟူသော အမည်ကို ရရှိလာခြင်းဖြစ်သည်။
ချီရွှမ်းစုထံ အစ်မချီပို့ပေးလိုက်သည့် ဝိညာဉ်ပြန်ခေါ်အမွှေးနံ့သာသည် ဤကဲ့သို့ ထူးခြားအံ့မခန်းအာနိသင်များကို ပိုင်ဆိုင်မထားပေ။ ၎င်းသည် လူတစ်ယောက်၏ ဝိညာဉ်ကို တည်ငြိမ်စေရုံသာဖြစ်၏။ သို့သော်လည်း ၎င်းသည် အလွန်တရာတန်ဖိုးကြီးမားဆဲဖြစ်ပြီး အမွှေးတိုင်တစ်တိုင်ကို ဝူယိုဒင်္ဂါးတစ်ပြား ကျသင့်သည်။
လွန်ခဲ့သည့်နှစ်ပေါင်းရာချီကဆိုလျှင် ဤပစ္စည်းများသည် ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ပေ။ သို့သော်လည်း လွန်ခဲ့သည့်နှစ်ပေါင်းရာချီက ကြီးမားသောကသောင်းကနင်းဖြစ်ရပ်တစ်ခုသည် ရှေးဟောင်းအင်မော်တယ်များနှင့်အတူ ဆိတ်သုဥ်းပျောက်ကွယ်သွားခဲ့ပြီဟု ယူဆထားသော လျှို့ဝှက်ဆန်းကြယ်သည့် တောတွင်းတိရိစ္ဆာန်ထွက်ပစ္စည်းများကို ပြန်လည်ပေါ်ထွက်လာစေခဲ့သည်။
တာအိုဂိုဏ်းတော်သည် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည့် ဤပစ္စည်းများကို တဦးတည်းမူပိုင်ထုတ်လုပ်သည်။ သို့သော်လည်း ချင်းဖျင်အသင်းတော်သည် ထိုအရာများကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ဤလျှို့ဝှက်အသင်းအဖွဲ့များကို တာအိုဂိုဏ်းတော်အတွင်း ဩဇာအာဏာရှိသော ပုဂ္ဂိုလ်များက တိတ်တဆိတ်ထောက်ပံ့ပေးထားသည်ဟူသော ကျန်းယွဲ့လု၏ စကားက မှန်ကန်ကြောင်း ပြသနေသည်။
ချီရွှမ်းစုက ငါးရုပ်အဆောင်ကို ယင်ယန်စက်ဝန်း၏ အလယ်မှာ ထားလိုက်၏။ သူက စုတ်တံကို ဟင်္သပဒါးဆေးခွက်ထဲနှစ်ပြီး အစ်မချီပေးထားသည့် ကားချပ်များအတိုင်း ဗလာအဆောင်စက္ကူများပေါ်မှာ အမှတ်သင်္ကေတများကို စတင်ရေးဆွဲလိုက်သည်။
ဟင်္သပဒါးစုတ်တံက ဝူယိုဒင်္ဂါးနှစ်ပြားထိုက်တန်သည်။ ၎င်း၏ လက်ကိုင်ကို အစက်အပြောက်ဝါးကနေ ပြုလုပ်ထားပြီး မြောက်ပိုင်းမြွေပါ၏ အမြီးမွေးကနေ ပြုလုပ်ထားသော စုတ်တံထိပ်ဖျားကတော့ အနီရောင်ဖြင့် တောက်ပနေ၏။ ၎င်းသည် အဆောင်လက်ဖွဲ့များရေးဆွဲရာမှာ သိသာထင်ရှားသော သက်ရောက်မှုရှိသည်။ ချီရွှမ်းစုက အဆောင်နှစ်ခုကို တစ်ထိုင်တည်းရေးဆွဲလိုက်၏။
နောက်ဆုံးမှာတော့ အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိ၍ အမွှေးတိုင်အိုးထဲသို့ ထိုးစိုက်လိုက်၏။ ထို့နောက် ရေးဆွဲထားသော အဆောင်စက္ကူနှစ်ရွက်ကို အနက်ရောင်ဖယောင်းတိုင်နှင့် အဖြူရောင်ဖယောင်းတိုင်ပေါ်မှာ တစ်ခုစီတင်ကာ မီးရှို့လိုက်၏။
ထို့နောက် ချီရွှမ်းစုက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး တရားထိုင်လိုက်၏။ သိပ်မကြာခင် သူ၏ စိတ်အာရုံက လွင့်မျောသွားသည်ဟု ခံစားလိုက်ရ၏။ ဖယောင်းတိုင်များက ရုတ်တရက်ငြိမ်းသေသွားပြီး မြေပြင်ပေါ်က သွေးကွက်များက တဖြည်းဖြည်းဖျော့တော့သွားသည်။ ရစ်ဝဲနေသောမီးခိုးများနှင့် အမှောင်ထဲမှာ ဖျပ်ခနဲဖျပ်ခနဲ ရဲတက်လာသည့် မီးခဲစသာလျှင် ကျန်ရစ်ခဲ့သည်။
ချီရွှမ်းစုက တင်ပျဥ်ခွေဆက်ထိုင်နေ၏။ သူ့မျက်နှာက တည်ငြိမ်၍ သူ့အသက်ရှူသံက ပုံမှန်ဖြစ်ပြီး သူက နက်နက်ရှိုင်းရှိုင်းအိပ်မွေ့ကျသွားသည်။